Showing posts with label ခင်လေးမူ. Show all posts
Showing posts with label ခင်လေးမူ. Show all posts

Tuesday, February 10, 2026

အဝေးဆုံး


 

❝ အဝေးဆုံး ❞
  ( ခင်လေးမူ )

အိပ်စက်နေသူ၏ မျက်နှာမှာ ငြိမ်းချမ်းခြင်းကို ဆောင်နေသည် ။ အပြစ် ကင်းစင်ခြင်းနှင့် ငြိမ်းချမ်းခြင်းတို့ ပေါင်းစပ်ထားသည့် အသရေကို သည်မျက်နှာမှာ တွေ့ နိုင်သည် ။ အသားအရေတို့၏ ဖြူစင်ချောမွေ့ခြင်းနှင့် ဆံပင်များ၏ သန်စွမ်း နက်မှောင်ခြင်းကို ပြေပြစ် လိုက်ဖက်သည့် ဖွဲ့စည်းမှု တစ်ရပ်ဟု မြင်သည် ။ မှေးမှိတ်ထားသော မျက်လွှာများ အောက်မှာ တစ်ဖက်သားအား အလွယ်တကူ နားလည် တတ်သည့် နူးညံ့သော မျက်ဝန်းပြာများ ရှိနေမည်ကို အလိုလို သိနိုင်သည် ။

တစ်စုံတစ်ရာကို လှုပ်ရှားခြင်း မရှိပေမယ့် သူ နှစ်ခြိုက်စွာ အိပ်စက်နိုင်ခြင်း မရှိသည်မှာ သေချာပါသည် ။

ကြည့်ပါလား ... ပန်းရောင် သန်းမြဲ ပိရိသေသပ်သည့် သူ့ နှုတ်ခမ်းလွှာများ ပြုံးမယောင် ပွင့်ဟ လာသည်ကို တိုးညင်း ချိုလွင်သော ရယ်သံသဲ့သဲ့ ပင် ကြားလိုက်မိသည် ထင်သည် ။

ယခင်က ဆိုလျှင် သည်လို ရယ်သံမှာ မည်မျှ ကြည်နူးဖွယ်ရာ ဖြစ်စေမည်လဲ ။

“ ညက အိပ်မက်ထဲမှာ ဘယ်သူတွေပါလဲ ပြော ” လို့ မျက်နှာထားနှင့် မေးမည် ။ မျက်မှောင် ညို့ကာ စဉ်းစားဟန် ပြုနေမည့် သူ့ကို “ ဘယ့်နှယ်လဲ ၊ မောင် မဖြေနိုင်ဘူး မဟုတ်လား ။ အင်းလေ ... မိန်းကလေး တစ်ယောက်ရဲ့ နာမည် ဆိုတော့ နည်းနည်း အပြောရ ခက်မှာပေါ့ ။ ဟုတ်ဘူးလား ” ဟု ပြုံးမျက်စနှင့် ရိဦးမည် ။

ထိုအခါ “ နီ့ နာမည်က လွဲလို့ မြိန်မြိန်ရှက်ရှက် ခေါ်ရမယ့် နာမည် မရှိပေါင်ဗျာ ” လို့ လွတ်လပ်စွာ ရယ်မောကာ အခိုင်အမာ သူ ပြောနိုင်လိမ့်မည် ။

ခုအချိန်မှာ ချစ်သူ၏ အိပ်မက်စဉ် အပြုံးများ သည်ပင် ထိုစဉ်ကနှင့် အဓိပ္ပာယ် ခြားနားခဲ့ပြီကို လက်မခံချင်၍ မရအောင် အစွမ်းကုန် ပွင့်လင်းခဲ့ကြပြီး ဖြစ်လျက် သူ့ရဲ့ ပြုံးနှုတ်ခမ်းမှ “ မသက်သက် ရယ် ” ဆိုသော ယောင်ယမ်း ရေရွတ်သံကို နှလုံးသားက ကောင်းစွာ ခံနိုင်ရည် ရှိသေးဟန် မတူ ။

ကြည့်စမ်းပါကွယ် မှန်ထဲ က မောင့်မယား မေထားနီ ကို ... ။

လေးဆယ်စွန်းစ ရင့်ကျက်သော အလှသည် မိမိ နည်းတူ အတော်အတန် အသက် ရလာသည့်တိုင် စွဲမက်ဖွယ်ရာ ဆွဲဆောင်နိုင်မြဲ ဖြစ်သော မောင့်ရဲ့ တင့်တယ် ခံ့ညားခြင်းများနှင့် လိုက်ဖက်နိုင်ခြင်း မရှိတော့ပြီကား ။

အခြယ်အသ ကင်းလျက် ချောမွေ့ မြဲ သည်မျက်နှာကို ဘယ်သူက လေးဆယ်ကျော် မိန်းမတစ်ယောက် လို့ ပြောနိုင်မှာလဲ ။ အရေးအကြောင်း ကင်းကာ ရှင်းသန့်မြဲ နုအသား ကဉ္စန ကို ပြည့်တင်းစိုပြည်ခြင်း မရှိတော့ပါဘူးလို့ ဘယ်သူက ငြင်းနိုင်မှာလဲ ။

“ ရင်ခုန်သံများကို ပိုင်စိုးတဲ့ တန်ခိုးရှင် မနီ ” လို့ မောင်တို့ အသိုင်းအဝိုင်းက ကဗျာဆန်စွာ အခါခါ စာဖွဲ့ ခဲ့ကြဖူးသည့် မောင့်မယား မေထားနီ ဟာ မောင့် အိပ်မက်တွင် မပါဝင် နိုင်ခဲ့တာ ကြာပြီနော် ။

မေထားနီ ရဲ့ အလှနှင့် ပျိုရွယ်ခြင်းများဟာ သည်မျှ စောစီးစွာ အဓိပ္ပာယ် ကင်းမဲ့ရလိမ့်မည်လို့ ဘယ်မှာ မျှော်လင့်ခဲ့ပါ့မလဲ ။

မိန်းမတစ်ယောက်၏ လှပပျိုရွယ်ခြင်း ဆိုသည် ယောက်ျား တစ်ယောက်ကို ထာဝရ ဖွဲ့နှောင် ထားနိုင်သည့် အထက်မြက်ဆုံး စွမ်းအားများ မဟုတ်နိုင်သည်ကို လက်မခံသည့် အညံ့စား မိန်းမတွေ ထဲမှာတော့ နီ မပါဝင်ဘူးပေါ့လေ ။ မေထားနီ ဆိုသော မိန်းမသား အပေါ် လုံးဝ နီးပါး နားလည်သူမှာ ဤကမ္ဘာ၌ တစ်ယောက် တည်းသာ ရှိနိုင်ပါသည် ။ မေထားနီ ဆိုသည်မှာ ယောက်ျား မိတ်ဆွေ များပြားသော ၊ ရင်းနှီး ယုံကြည်ခဲ့လျှင် ရုပ်ရှင် လည်း အတူ ကြည့်လေ့ ရှိသော မိန်းကလေး တစ်ယောက်ပါပဲ ။ ဒါနှင့်ပင် မောင်က ရိုးသားသူဟု သတ်မှတ် ခဲ့သည့်အတွက် ထာဝရ ကျေးဇူးတင်နေမည်သာ ဖြစ်ပါသည် ။

မိမိမှ လွဲ၍ မည်သူ့အားမျှ မထိခိုက်သော ပျော်ရွှင်ခြင်းဖြင့် လွတ်လပ်စွာ လူ ဖြစ်ကျိုး နပ်လိုသော နီ့ အပေါ်  အလေးအနက် ထားခဲ့ခြင်း အတွက် ထပ်တူထပ်မျှ တုံ့ပြန် ပေးအပ်ခဲ့သည်ပဲ ။

အတက်အကျ မရှိနိုင်သည် အထိ အမြင့်မားဆုံး ချစ်မိပါသည် ဆိုသော ချစ်သူ၏ စကားသံမှာ ဤကမ္ဘာ၌ အချိုမြဆုံးသော ဂီတသံ အဖြစ် မှတ်ယူဆဲပါပဲ လို့လည်း သူ့ဘက်က အခိုင်အမာ ပြောနိုင်ပါသေးသည် ။

မိမိ ပေးအပ်နိုင်သမျှ အပြည့်အဝ ခံစားမွေ့ပျော် စေလိုသည်မှာ တစ်ယောက်တည်းသာ ဖြစ်ပါသည် ။ ခုတော့ သူ့ အတွက် မိမိ ပေးဆောင်နိုင်သမျှတွေ ဟာ အချည်းအနှီး ဖြစ်ရပြီပေါ့နော် ။ တစ်လျှောက်လုံး သူ့ရဲ့ အလေးအနက် ရှိခဲ့ သမျှသည် သူ့အတွက် မဟုတ်တော့ဘူးပေါ့နော် ။ ဒါတွေဟာ လုံးဝ ကုန်ဆုံးသွားတာ မဟုတ်လျှင် တောင်မှ တချို့ တစ်ဝက် ဆုံးရှုံးသွားတာ သေချာပါသည် ။

အရှုံးကို တွက်ချက်ခြင်း မှာ အယူခံ မဟုတ်ကြောင်းတော့ သူ သိပါလိမ့်မည် ။ ရှင်သန်ရဦးမည့် ဘဝ များစွာအတွက် အရာရာကို ပြန်လည် ဆန်းစစ် ကြည့်ရန်မှာ အရေးတကြီး လိုအပ်ချက် ဟု ထင်ပါသည် ။

စီးဆင်းလည်ပတ်မြဲ လောကနိယာမများသည် မရင့်မာသူ အတွက် ကြေကွဲဖွယ်ရာ ဖြစ်နေမည် ။ နောက်ဆုံးမှာ အမြင့်မားဆုံး တန်ဖိုး ထားအပ်သော ယောက်ျား တစ်ယောက် ဘဝ၌ မိမိ ပေါင်းစပ်ပါဝင်ခဲ့သည့် အချိန် အတိုင်းအတာကို ကံကြမ္မာက သည်မျှသာ ခွင့်ပြုသည်ဟု နားလည်ရပေမည် ။ ဆုံးခန်း မတိုင်သေးသည့် ဘဝ၏ အချိန်များစွာမှာ အချစ်က နောက်ဆုံး ပေးအပ်ခဲ့သော အလွမ်း လက်ကျန်များကို အသည်းခိုက်မျှ ခံစားတာ ရှည်ရပေတော့မည် ။

နောက်ဆုံးတော့ သည် တစ်ခု နှင့် ရောင့်ရဲရတော့မှာ ပေါ့နော် ။

အချစ် ဆိုသော အရာကို အဘယ်မည်သော အရာ ဖြင့် နှောင်ဖွဲ့ ထားနိုင်မည်လဲ ။ အချစ် ဆိုသည်မှာ ဘယ်ရွေ့ ဘယ်မျှ အထိ ယုံကြည်ထိုက်သော အရာပါလဲ ။ ဘယ်လောက် အထိ ခိုင်မာစွဲမြဲနေမည်ဟု ဘယ်သူက တာဝန် ယူရဲပါသလဲ ။ လောက သုံးပါးမှာ မဆွေးမြည့်နိုင်သော အရာ ၊ မဟောင်းအိုနိုင်သော အရာ ၊ မပြောင်းလဲနိုင်သော အရာ ဆိုတာ ရှိနိုင်လို့လား ။

ဘယ်လောက် အထိ မြဲမြံမည်ဟု မမှန်းဆ နိုင်သော်လည်း ရာသက်ပန် သို့မဟုတ် ထိုမျှနီးပါး ရှည်ကြာမည့် ကာလ တစ်ခု အထိ ယုံကြည်မျှော်လင့်ကာ တည်ဆောက်မှု တစ်ခုကို အတူ ပြုခဲ့ကြသည် မဟုတ်ပါလား ။

ယင်း တည်ဆောက်မှု၌ စာချုပ်စာတမ်းများ ၊ အသိ သက်သေများ မပါဝင်ခဲ့ကြ ။ စာချုပ်စာတမ်း ဆိုသော အရာဝတ္ထုဖြင့် လူ တစ်ယောက်၏ နှလုံးသား ကို ထာဝရ နှောင်ဖွဲ့ ထားနိုင်မှာမို့လား ။ အသိသက်သေ ဆိုသည့် လူတွေကလည်း တည်ဆောက်မှု တစ်ခု မပြိုကွဲစေဖို့ ၊ ပြိုကွဲပျက်စီးသည့် အခါ ဘယ်လိုများ အကူအညီ ပေးနိုင်မှာတဲ့လဲ ။ နီ့ အတွက် တစ်စုံတစ်ရာ ရရှိဖို့ အတွက် အကျပ်ကိုင်ရန် သို့မဟုတ် အသနားခံရန် စက္ကူ တစ်ရွက်ကို တရိုတသေ သိမ်းဆည်းထားဖို့ရန် မလိုအပ်ပါ ။

အသိသက်သေ ဆိုသော ပုဂ္ဂိုလ်ကိုလည်း ကာယကံရှင် ကိုယ်တိုင် ထက် ပို၍ ယုံကြည်အားထား ထိုက်သည့် အထောက်အထား အဖြစ် ဘယ်လို နည်းနှင့်မျှ လက်မခံနိုင်ပါ ။

သည်လိုသည်ပုံ ဖွဲ့စည်းပေါင်းစပ်မှုမှပင် ကြည်နူးခြင်း အတိဖြင့် ပြီးပြည့်စုံသည့် ခံစားမှုပုံရိပ်များ ၊ တပ်မက်ယစ်မူးဖွယ် ချိုမြိန်သော ရသသစ်နှင့် အချစ်နေ့ များစွာ မွေးဖွား လာခဲ့သည်ပဲ ။

“ တို့နှစ်ယောက် တစ်ဦးနဲ့ တစ်ဦး အချစ် ကုန်ဆုံး ခဲ့ရင် ဒါမှမဟုတ် တို့ ဘဝမှာ တစ်ယောက်ယောက် ရှိနေဖို့ မလိုအပ်တော့ရင် နားလည်စွာ နှုတ်ဆက် ခွဲခွာကြမယ် ။ အမုန်းအမျက် မရှိစေရ ”

အရာရာတိုင်းသည် မပျက်စီး မကွယ်ပျောက်မီ အချိန်အထိသာ သက်တမ်း ရှိနိုင်ပါလိမ့်မည် ။

အချစ် ဆိုသည်ကို ဟို မမြင်နိုင်သော သံသာလေ ကမ်းတိုင် သယ်ဆောင် သွားရန်မှာ ကဗျာဆရာတို့၏ တာဝန်သာ ဖြစ်လိမ့်မည် ။

ဘဝကြမ္မာဟု ဆိုနိုင်သော ဖြစ်ရိုးဖြစ်စဉ် တစ်ခုကို တုန်လှုပ်ခြင်း ကင်းစွာ ခံနိုင်ရည် ရှိစေဖို့နှင့် တစ်ယောက်ရဲ့ နှလုံးသား လိုအင်ကို ထာဝရ ချုပ်နှောင် မထားမိစေဖို့ နှစ်ဦးသဘောတူ နားလည် ခံယူခဲ့ကြပါသည် ။

ခုခါမှာ ဘဝ ဆိုသည်မှာ နှလုံးသား၏ အလိုဆန္ဒကို စောင့်ထိန်းရန်သာ တာဝန် တစ်ရပ် မလွဲမသွေ ရှိနေပါသည် ဟူသော အကြောင်းပြချက်ဖြင့် တစ်ခါက ယုံကြည်မှုကို ချေဖျက်နိုင်စွမ်း ရှိလိမ့်မည် ထင်ပါသည် ။

အလွယ်တကူ နှုတ်ကျွံ ခဲသော အမျိုးကောင်းသား တစ်ယောက်အား ကိုယ်ရော စိတ်ပါ မွန်းနစ်တိမ်းပါးစေခဲ့သော ဆယ်စုနှစ် နှစ်စုနီးပါး မဖောက်ပြားသော အချစ်နှင့် ရွှင်လန်းထက်သန်သော အပြုံးနုကလေးများ ၊ တောက်ပကြည်လင်သော မျက်ဝန်းကလေးများနှင့် ချစ်စဖွယ်စကား ဆိုတတ်သော ကလေးငယ်တို့၏ မေတ္တာရိပ်များ အပေါ် ဖြတ်လျှောက် လွှမ်းမိုးနိုင်သော ‘ သက် ’ ဆိုသည်မှာ ဘယ်လောက်များ အင်အား ကြီးမားနေပါ သလဲ ။

အိုကွယ် .. ပယောဂ ကင်းကင်းနဲ့ သန့်ရှင်းစွာ ချစ်မိကြတာတဲ့လား ။ အတန်တန် စောင့်စည်းလျက်နဲ့ ပေါက်ကွဲ ပွင့်အန် သွားကြရသတဲ့လား ။

ဝန်ခံခြင်း ဆိုသည်မှာ ဝေမျှခြင်းသာ ဖြစ်လို့ သည်ကလည်း ခံစားရတာပါပဲ ။

အများအမြင်မှာ ဘာမျှ ထူးခြားသည်ဟု မဆိုနိုင် သော သန့်စင်ကြည်လင်သော မျက်နက်ဝန်းများနှင့် မိန်းကလေးသည် ဂျာမန် ၊ ပြင်သစ်ဘာသာများ ကိုပင် ကျွမ်းကျင်တတ်မြောက်ထားသည် ဆိုတော့ မီလ်တန် ၊ ရှယ်လီ ၊ ဘိုင်ရွန် တို့လောက်သာ ရင်းနှီးခဲ့ပြီး ယနေ့ နိုင်ငံတကာ ကဗျာနှင့် အတော်လေး အလှမ်း ဝေးနေသည့် သူ့ထက် စာလျှင် မောင် နှင့် အကောင်းဆုံး စကား ပြောဖော် ဖြစ်နိုင်သည် ။

“ အင်း ... နီ လည်း ခိုင်ထူးရဲ့ အဝေးဆုံးကို သိပ်ကြိုက်တာ ”

“ နီ့ ကို မိုက်ကယ်ဂျက်ဆင်ရဲ့ သရီးလားကို နားထောင်ခိုင်းရဦးမယ် ”

“ သား မမွေးခင်က နီ သီချင်း ပြန်ဆိုဖို့ပဲ ၊ သားက နည်းနည်း ချူချာတာနဲ့ ”

“ နန္ဒာသိန်းဇံ ရဲ့ ဘဝအဓိပ္ပာယ် နှင့် ဘဝသစ္စာ ကိုတောင် မနည်း တိုက်တွန်းရတာ ”

“ နီ လေ သူ သိပ်ကြိုက်တဲ့ တေးရေးသမား စိုင်းခမ်း လိတ်ရဲ့ သီချင်းတွေတောင် ပြန်နားမထောင် ဖြစ်တာ ကြာပြီတဲ့ ” စသည်ဖြင့် သူတို့ နှစ်ဦးရဲ့ ရောက်တတ်ရာရာ စကားစုတွေမှာ နီ ဆိုရင် မကြာမကြာ ပါကောင်း ပါလိမ့်မည် ။

သူတို့ နှစ်ယောက် စာအုပ်အဟောင်းဆိုင်တွေမှာ အတူ ရွေးချယ် ဝယ်ကြလိမ့်မည် ။ ခပ်ညံ့ညံ့ စားသောက်ဆိုင် တစ်ခုမှာ ရယ်ကာမောကာ မြိန်ရှက်စွာ ညစာစား ဖြစ်မည် ။ သူက မိန်းကလေး၏ လော်လီခြင်း ကင်းသော ဆင်ယင်ထုံးဖွဲ့မှု ၊ ပွင့်လင်းရွှင်ပျသော ရယ်မောသံ ၊ လျှို့ဝှက်မှု မရှိသော ၊ ရဲရင့်သော မျက်ဝန်းများကို မကြာခဏ နှစ်လိုစွာ ကြည့်မိသည် ။

အတူတကွ ရှိနေခြင်းဖြင့် စိတ်ဝင်စားဖွယ် ၊ ယစ်မူးဖွယ် ၊ မွေ့လျော်ဖွယ်များကို အမှတ်မထင် တွေ့ရှိလာသည့်အခါ အနည်းနှင့် အများ သတိ မေ့လျော့တတ်လာ မှာပဲပေါ့ ။

လောကအမြင် ၊ ဘဝအမြင်တွေကို ပွင့်လင်းစွာ ငြင်းခုံ ဆွေးနွေးကြရခြင်းဖြင့် ( ဘဝဒဿန များစွာကို ရင်မှာ မြှုပ်နှံပြီး စကား မပြောဖြစ်ကြတာထက် စာရင် ) အပြန်အလှန် အထင်ကြီးစရာများကို မွေးဖွားစေနိုင်ပါလိမ့်မည် ။

အင်းလေ ... အချစ် ဆိုသည်မှာ အကြိမ်ကြိမ် မွေးဖွားနိုင်သော အရာပင် မဟုတ်ပါလား ။ သူရဲဘော နည်းသည် ဖြစ်စေ ၊ ရဲရင့်ဝံ့စားသည် ဖြစ်စေ နှလုံးသားတိုင်းမှာ အချစ် ဆိုတာ ဖြစ်တည်လာနိုင်ပါသည် ။

သည်လိုနှင့် တစ်စ တစ်စ ရင့်မာလာမည် ဖြစ်သည့် အချစ် တစ်ခုကို သက်ဆိုင်သူတို့ အတွက် အလွယ်တကူ မေ့ပျောက် သွားမည့် မတော်တဆ တစ်ခု အဖြစ် လုံးဝ စိတ်မချရနိုင် ။

နှစ်ပေါင်းများစွာ ကိုယ်ရော စိတ်ပါ အရင်းနှီးဆုံး ဖြစ်ခဲ့သော လူ နှစ်ဦးကိုပင် ဝေးကွာ သွားစေနိုင်သော နှောင်ဖွဲ့မှု ကို လျှော့တွက်၍ ရမလား ။ မိန်းမသား တစ်ဦး၏ နှလုံးသားထဲက အချစ်ကို သေးနုတ်သော အရာဟူ၍ ပြက်ရယ်ပြုရမှာ ၊ အကြိမ်ကြိမ် ချစ်တတ်သည့် ချစ်သူ၏ နှလုံးသားကို အပြစ် ဆိုရမှာ ဝန်လေးလှပါသည် ။

ကြွေသက်ဆဲ မျက်ရည်စက်များ ၊ ပွင့်ထွက်လာသည့် ရှိုက်သံများ တုန်ခါနေသည့် နှလုံးသည်းပွတ်က တမ်းဆွတ်ဖွယ် သံစဉ်များကို ဘယ်မှာ ဝှက်ထားရမှာလဲကွယ် ။ မိမိ ရင်ထဲက နာကျင်ထိခိုက်မှုများကို သူသိလျှင် အားနာနေမှာ စိုးပါသည် ။

သုံးခွင့်ပြုမည် ဆိုလျှင်ဖြင့် နီ့ အတွက် “ အချစ် ” ဆိုသော စကားလုံးကိုပင် ဆက်လက် သုံးစွဲလိုပါသေးသတဲ့ ။

အချစ် ဆိုသော အရာကို ဝေဖြာ လန်းဆန်းအောင် ၊ ရှင်သန်ပွားများအောင် ပြုစုမှုအားနည်း ညံ့ဖျင်းခဲ့ခြင်းအတွက် နှစ်ဦးစလုံး၌ တာဝန် မကင်း ရှိနေပါလိမ့်မည် ။

ဒါအတွက် ငဲ့ညှာ ထောက်ထားခြင်းကို ‘ အချစ် ’ လို့ ကင်ပွန်းတပ် ပြောရဲလျှင် သူ့ ထံမှ လျော့ပါးခန်းခြောက် ခဲ့သည်များကို စိတ်ရှည်လက်ရှည် စောင့်စားရဦးမည်ပေါ့ ။ တစ်ကြိမ်တစ်ခါ ပျက်ပြားခဲ့တာတောင်မှ တစ်ဖန် ပြန်လည် ဖြစ်တည်နိုင်သေးဖို့ မိုက်မဲစွာ သို့မဟုတ် သဘောထားကြီးစွာ ယုံကြည်မျှော် လင့်ရဦးမည်ပေါ့ ။ ဆင်ခြင်တုံတရားဖြင့် စောင့်စည်းနိုင်ဖို့ ကူညီ ခေါ်ဆောင်ကာ လိမ္မာရေးခြား ရှိရဦးမည်ပေါ့ ။

နေ နှင့် နွေ တို့ မောင်နှမ သဘာဝကျစွာ လူလား မြောက်စေဖို့ အတွက် သံယောဇဉ် အစွယ်အပွားများနှင့် တစ်ဖန် ပြန်လည်နှောင်ဖွဲ့ နိုင်ဖို့ သိက္ခာမဲ့စွာ မြူဆွယ်ခြင်း ပြုရဦးမည်ပေါ့ ။ အတ္တ အသီးသီးကို ခြေရင်းမှာ ပုံချပြီး ရွှေရတုသဘင် ဆင်ယင်နိုင်ဖို့ တစ်လောကလုံးကို ယဉ်ကျေးစွာ လိမ်ညာ ကြရဦးမည်ပေါ့ ။ ဒီလို သရုပ်ဆောင်ခြင်းကိုလည်း အားလုံး အတွက် အကောင်းဆုံး လုပ်ရပ်အဖြစ် တစ်ထစ်ချ ယုံကြည်လိုက်ရတော့မည် ပေါ့ ။

ဒီလိုဆိုတော့ သူ့ ခမျာမှာလည်း စုစည်းရရှိသမျှ သံယောဇဉ်ကြွင်းများဖြင့် ကရုဏာသက် လက်များဖြင့် ထွေးဖက် ရတော့မှာပေါ့နော် ။ လူမှုစည်းကမ်းများနှင့် အံဝင်စေရေး အတွက် နောက်ဆုံး ထွက်သက် အထိ မျက်လုံးများ စုံမှိတ်ကာ အနီးကပ်ဆုံး ဝေးကွာခြင်းဖြင့် ဇနီးသည်၏ နှလုံးသားကို ပွန်းရိစေတော့မှာပေါ့နော် ။

သည်အခါ မှာ တစ်လျှောက်လုံး သနားစဖွယ်ဟု သူ ခံစားနေမိတော့မှာ ဖြစ်သော တစ်ခါက ချစ်လှစွာသော နီ ၏ ကြုံလှီစ လက်ချောင်းကလေးများကို အသာအယာ ဖျစ်ညှစ် နှစ်သိမ့်ရမည် ။ ရှောင်လွှဲနေမည့် ဇနီးသည်၏ မျက်ဝန်းများကို တွေ့ ဆုံနိုင်ဖို့ မရမက ကြိုးစားမည် ။ တစ်ကြိမ်တစ်ခါ သေဆုံးခဲ့ခြင်း အတွက် တစ်ဖန် ပြန်လည် အသက်သွင်းဖို့ ကြိုးစားမည် ။

စောင့်စည်းရမည့် ဂုဏ်သိက္ခာ အတွက် တစ်သက်လုံး တာဝန်ယူ သွားရမည် ဖြစ်သော ၊ အနည်းငယ် ကျန်းမာရေး ချို့တဲ့နေမည် ဖြစ်သော ၊ မာန် တင်းကာ မျက်ဝန်းများ ရွှန်းလက်နေမည် ။ ဒါမှမဟုတ် အားနွဲ့ နွမ်းမှီ နေမည့် မပြတ်စဲ ဖြစ်သည့် နီ့ ကို အားတောင့်အားနာ ကြည့်မိမည် ။ ဘယ် နှုတ်ခမ်းထောင့်မှ သွားစွယ်ချွန်ကလေး ပေါ်အောင် ဖွင့်ဟကာ တိုးညင်းစွာ ရယ်သံပြုမည် ။

ခြောက်ကပ်ကပ် သူ့ ရယ်သံကို သူ ကိုယ်တိုင် မယုံကြည်နိုင်စွာ မကျေမချမ်း ဖြစ်ကာ မျက်နှာပြင်မှာ အနည်း ငယ် အနီရောင် သမ်းလာမည် ။ သင်္ချာ တွက် မရ၍ မျက်နှာ ညို နေမည့် သမီးကြီး နွေ ကို ကြာမြင့်စွာ ပစ်ပယ်ထားခဲ့ ခြင်းအတွက် အထူး စိတ်ရှည်စွာ အလျော် ပြန်ပေးဖို့ ကြိုးစားမည် ။ ခပ်စိမ်းစိမ်း ကြည့် တတ်လာမည် ဖြစ်သော သားငယ် ‘ နေ ’ ၏ အိပ်စက်နေသော မျက်တောင်များကို ဖွဖွ နမ်းကာ တိတ်ဆိတ်စွာ တောင်းပန်မည် ။

မခွဲခွာသော ကွဲကွာခြင်းဖြင့် ရင်းနှီးဆဲ ‘ နီ ’ အား ဝေဒနာ စွန်းထင်းဆဲဟု မယိုးစွပ်သာအောင် ပိရိသည့် အမူအရာဖြင့် သတိကြီးစွာ ချဉ်းကပ်မည် ။

အရာခပ်သိမ်း ပုံမှန် လည်ပတ်ပြီဟု စိတ်ချရပြီ ထင်သည့်အခါ ဗေသိုဗင်၏ ‘ ငွေလရောင် ’ ကို သူ နားထောင်မည် ။ တရွေ့ရွေ့ လွင့်ပါးနေသည့် စီးကရက်အငွေ့အမျှင်ထဲမှာ အပြုံး မပျက် ကြေကွဲနေမည် ဖြစ်သော မိန်းကလေး တစ်ယောက်၏ မျက်နှာကို မြင်ယောင်နေမည် ။ ချောက်ချားဖွယ် ဖမ်းစားနိုင်သော လရောင်ရွှန်းမြသည့် ညမျိုး မှာ ‘ တစ်နေရာရာက ကိုယ့်အချစ်ရယ် ’ သီချင်းကို ဆွေးမြည့်စွာ ဆိုညည်းကာ သတိလက်လွတ် ငေးမောနေမည် ။ အနားမှ သူ့အတွက် အရေးတကြီး တစ်စုံတစ်ယောက်ကို မေ့လျော့ကာ သက်ပြင်းအခါခါ ရှိုက်နေမည် ။ စီးကရက် မီးခိုးငွေ့များကို အဓိပ္ပာယ် ကင်းမဲ့စွာ သူ မှုတ်ထုတ်မိသည့် အခါမှာ ထွက်ပေါ်လာသည့် အသံကို တစ်ခါက သူတို့ချင်းသာ နားလည်ခဲ့သည့် ဘာသာစကား တစ်ခု အဖြစ် ပြန်လည် နားစွင့်မိနေမည် ။

စောင့်စည်းထိန်းချုပ်ရခြင်းများနှင့် အတူ အားလုံးကို တောင်းပန်ခဲ့ရပြီးနောက် သည်မိန်းကလေးကို အထူးတလည် တောင်းပန်ရန် ဆန္ဒ ရှိနေမည် ။ မိုက်မဲသည်ဟု ဆိုနိုင်သော အချစ်က လွဲ၍ ဘာတစ်ခုမှ မတောင်းဆိုသော သိက္ခာ ပျက်ယွင်းမှုနှင့် ထိခိုက် ကြေကွဲခြင်းများကိုသာ တစ်သက်တာ အတွက် ပေးလိုက်နိုင်ခဲ့သော ချစ်ကံခေရှာသည့် မိန်းကလေးကို မဖော်ပြနိုင်သည့် တမ်းတမှုဖြင့် အဆုံးမရှိ ကြင်နာနေမည် ။

သည်ကလည်း ‘ နေ ’ နှင့် ‘ နွေ ’ မောင်နှမ၏ ကိုယ်စိတ် လုံခြုံမှုဖြင့် မနက်ဖြန် များစွာ အတွက် သူ့ရဲ့ အလျှော့ပေး လိုက်လျောမှုများ တွန့်ဆုတ်အေးစက်သော အနမ်းများ ၊ တစ်ခါတစ်ရံမှာ လှောင်ပြောင်သော မျက်ဝန်းများနှင့် တိတ်ဆိတ်သော ရန်လိုခြင်းများကို မသိကျိုးကျွန် ပြုရမှာပေါ့နော် ။ ကွဲရှခဲ့သော အတ္တ၏ အစိတ်အပိုင်းများကို ပြန်လည် ဆက်စပ် မကြည့်မိဖို့ ခဲယဉ်းစွာ အားထုတ်ရမှာပေါ့နော် ။

‘ နေ ’ တို့ ၏ ဘဝ ပြုစုပျိုးထောင်ဖို့ အရေးမှာ သူ  အတူတကွ ပါဝင်ရေးဟာ သည်မျှ အရေးကြီးသလား ။ သူ့ အနေနဲ့ ထောက်ထားစရာများ အတွက် တစ်သက်တာ အားနာ နေရမှာထက် စာရင် အနည်းငယ် သို့မဟုတ် သိသိသာသာ ဣန္ဒြေ ပျက်ကောင်း ပျက်မှာ ဖြစ်ပေမယ့် အသက်ညှာဆုံး အနေအထားနဲ့ ခွဲခွာချန် ထားနိုင်ဖို့ လိုလားပေလိမ့်မည် ။

နီ့ အဖို့မှာလည်း မိမိ အမည်ကို အခြား နာမည် တစ်ခုနှင့် အခါခါ မှားယွင်း ခေါ်နေမှာထက် စာရင် မိမိ ဘဝ အစိတ်အပိုင်း အဖြာဖြာမှာ သူ ပါဝင်ပတ်သက်နေရခြင်းနှင့် နှစ်ဦးနှစ်ဖက် ဝန်လေးပင်ပန်းနေကြရမှာထက် စာရင် သူ့ကို အမုန်းအမျက် ကင်းစွာ ၊ နားလည်ခွင့်လွှတ်စွာ ၊ ပြီးတော့ သူ မသိစေအောင် ရင်နင့်စွာနှင့်ပေါ့ကွယ် ။ သည့်ထက်မက အကောင်းဆုံး ဖြစ်နိုင်ဖို့ကိုတော့ အလေးအနက် ပြန် စဉ်းစားကြည့်ချင်ပါသည် ။

အချစ်နှင့် အဝေးဆုံးမှာပင် အရာခပ်သိမ်း အတွက် တာဝန်ကျေဖို့ ခွန်အားများစွာ ကျန်ရှိနေနိုင်သေးသည်လို့ ယုံကြည်စွာ ရှင်သန်ချင်ပါသည် ။

⎕  ခင်လေးမူ
📖 ဟန်သစ် မဂ္ဂဇင်း
      ၁၉၉၀ ၊ သြဂုတ်လ

Friday, March 4, 2022

မဝါနု တို့ အမေ


 မဝါနု တို့ အမေ 

 

 ဒေါ်အေးချုံ သည် ဈေးဗန်း ထဲ မှ ငါးအညှိအချွဲများ ဖြင့် ညစ်ပေနေသည့် ရေများ ကို သူ့ နေရာ ၏ နောက်ဘက်ရှိ ရေမြောင်း ထဲသို့ လှည့် သွန်လိုက်သည် ။ ဒေါ်အေးချုံ ၏ ဈေးဗန်းမှာ အနားဘောင် တပ်ထားသည့် အလျားရှည်သော လေးထောင့် သွပ်ပြား စသာလျှင် ဖြစ်လေသည် ။  ရေသွန်စဉ် မြောင်း ၌ ဂါဝန်ညစ်ညစ်ကို ခါးလယ်ထိမကာ မစင် စွန့်နေသော လေးနှစ်ရွယ် နှပ်ချေး တွဲလောင်းနှင့် ကလေးမလေး သည် စအိုဝ တွင် သံကောင် တန်းလန်း ထွက်လျက်က  မြောင်းကို ခြေကားရားခွကာ ကုန်းကုန်းကွကွနှင့် နေရာရွှေ့သွားသည် ။ ဒေါ်အေးချုံ သည်  တံတွေး ကို ဗျစ်ခနဲ မြည်အောင် ထွေးပစ်လိုက်သည် ။ 

 

 ထို့နောက် ယနေ့အဖို့ ဈေးသိမ်းလေတော့သည် ။ ချိန်ခွင် ၊ အလေး ၊ အိမ်ဖို့ ဟင်းစား ချန်ထားသည့် ငါး ၊ ငါး နှင့် ရောချက်ဖို့ ဝယ်ထားသည့် ချဉ်ပေါင်ရွက် စုပြုံ ထည့်ထားသော တောင်း ကို ရွက်ပြီး သွပ်ပြားဗန်း ကို လက်တစ်ဖက် က ဆွဲကာ အိမ် ပြန်ခဲ့သည် ။ အိမ် နှင့် ဈေး ကား ဝေးလှသည် မဟုတ် ။ မဝေးဆို ဈေး က ရပ်ကွက် ထဲ မှာပင် ။ 

 

 နံနက် ၆ နာရီ ခန့် မှ ၉ နာရီခန့် အထိသာ ကြာ တတ်သည့် ရပ်ကွက်ဈေးကလေး မှာ သားငါး ၊ ဟင်းသီးဟင်းရွက် ၊ မုန့်ပဲသရေစာ မှအစ ချဉ်ဖတ်စုံနှင့် ခေါင်းလျှော်ရည် အထိ အမျိုးအမည် အစုံအလင် ရနိုင်သည် ။ ထို ဈေးကလေး မရှိခင်ကတော့ ရပ်ကွက် ထဲက လူများ သည် အနီးအနားရှိ အလုံဈေး ၊ မော်တင်ဈေး စသည့် ဈေးများမှာ သွားဝယ်ရသည် ။ ဒေါ်အေးချုံ တို့  ရပ်ကွက်ကလေး ကား သင်္ဘောကျင်း အလုပ်သမား ၊ ဆိပ်ကမ်း ကုန်တင် ကုန်ချ အလုပ်သမား ၊ သစ်စက် အလုပ်သမား ၊ ဆိုက်ကားသမား ၊ ပျံကျဈေးသည် ၊ မှောင်ခို အစ စသည် စသည် လူဦးရေ  သိပ်သည်းလှသည့်အလျောက် ရပ်ကွက် ထဲမှာ ဈေးကွက်ကလေး ဖြစ်လာသည် ။ 

 

 ဒေါ်အေးချုံ သည် ပင် အစက ငါးသည် မဟုတ် ။ အိမ်အနီးမှာ မူလတန်းကျောင်းကလေး ရှိနေ၍ ရာသီစာ မုန့်ပဲသရေစာ ရောင်းသည် ။ အိမ် မှာ ကလေးက များ၍ မုန့်ရောင်းသည့် အလုပ်နှင့် မကိုက် ။ ခုတော့မူ တငုတ်တုတ်တုတ် ထိုင် ရောင်းနေရသည့် မုန့်သည် အလုပ်ထက် နံနက်စောစော ကမ်းနား ဆင်းရ၍ အိပ်ရေးပျက်သည့် အလုပ် ၊ ငါးစိမ်းသည် ဟူသော အမည်ဆိုးနှင့် အကုသိုလ် အလုပ် ကိုပင် အမြတ် မြန်မြန် ပေါ်သည့်အတွက် ဒေါ်အေးချုံ အသားကျ နှစ်ခြိုက်နေလေပြီ ။ 

 

 သည်ကနေ့တော့ ဒေါ်အေးချုံ ဈေးသိမ်း နောက်ကျသည် ။ ခါတိုင်းဆို အိမ်နား က မူလတန်းကျောင်း မုန့်စား မလွှတ်ခင် အိမ် ပြန်ရောက်သည် ။ ကလေးတို့ မုန့်စားလွှတ်ချိန်မှာ ၉  နာရီ ဖြစ်သည် ။ ယနေ့ ဒေါ်အေးချုံ အိမ် ပြန်ရောက်တော့ ၉ နာရီ ခွဲ၍ မုန့်စားကျောင်းပင်  ပြန် တက်သွားလေပြီ ။ 

 

 ဒေါ်အေးချုံ အိမ်ပြန် ရောက်တော့ သမီးကြီး မဝါနု သည် ဒေါ်အေးချုံ ၏ မြေး ၊ ပုခက်ထဲရှိ သူမ ၏ သား ပိန်တာရိုးကလေး ကို တေးသီချော့လျက် ရှိသည် ။ မဝါနု သည် ပုခက် အနီးတွင် ပက်လက် လဲလျောင်းလျက်က ပုခက်ကြိုး ကို ခြေမဖြင့် ညှပ်၍လွှဲကာ မျက်လုံး မှိတ်လျက်က တစ်ပုဒ် မှ အစအဆုံး ရသည် မဟုတ်ဘဲ ပါးစပ်မှတွေ့ကရာ သီချင်းတွေ ကို တစ်ခု နှင့် တစ်ခု မဟုတ်က ဟုတ်က ဆက် ဆိုနေခြင်း ဖြစ်လေသည် ။ 

 

 “ မိဝါနု ထမင်း ချက်ပြီးပြီလား ” ဟူသော အမေး ကို မဝါနု က “ ဟင့်အင်း မချက်ရသေးဘူး ”ဟု  မျက်လုံး မှိတ်လျက်က မပွင့်တပွင့် ဖြေလိုက်၍ ဒေါ်အေးချုံ သည် လျှာဖျားတွင် တရွရွ တက် လာသော အဆဲ မျိုးစုံဖြင့် ပယ်ပယ်နယ်နယ် ဆဲ ပစ်လိုက်သည် ။ 

 

 ဈေးဗန်း ကို မဝါနုအား ဆေးခိုင်းမည် စိတ်ကူး လာသော်လည်း ၊ လှဲနေရာမှ လွန့်ပင် မလွန့်သော မဝါနု ကို မြင်ရသည်နှင့် မျက်စောင်း တစ်ချက် ပစ်ခဲရင်း ဈေးဗန်း ကို ကိုယ်တိုင်ပင် သယ်မကာ အိမ်ထဲ ဝင်လာသည် ။ မီးဖိုခန်း ထဲ ရောက်လျှင် ဈေးဗန်း ကို ခပ်ဆောင့်ဆောင့် ပစ်ချလိုက်ပြီး စဉ့်အိုး ထဲ မှ ရေတစ်ခွက် ခပ်ကာ ဆေးကြောမည် ဟန်ပြင်စဉ်မှာပင် အိမ်ခန်းထဲမှ ‘ ဂွမ် ဂလွမ် ’ ဟူသော သံပန်းကန်ပြား လွတ်ကျသံ ၊ ကလေးနှစ်ယောက် အော်သံ ဆူသံ ၊ ကြမ်းပြင် တဒုန်းဒုန်း မြည်သံ ၊ ဝုန်းဒိုင်းကြဲသံကို ကြားရလေသည် ။ 

 

 “ ကျောင်းပြန်တက်သွားတာ ကြာလှပြီ ၊ အမေ့သား ခုထိ ထမင်းစားလို့ မပြီးသေးဘူး ၊ အပြင်ထွက် စားဆိုတာ ပြောလို့လည်း မရဘူး ” 

 

 အိမ်ရှေ့ မှ မဝါနု က လှမ်းတိုင်သည် ။ 

 

 သည်နှစ်မှ ကျောင်းထားစ ၅ နှစ်သား ရဲမြင့် သည် ခဏခဏ အိမ် ပြန်ပြေးလာလေ့ ရှိသည် ။ အရိုက်ခံရလည်း မမှတ် ။ 

 

 ရဲမြင့် ၏ “ ခွေးမသား ၊ ခွေးမသား ” ဟူသော ဆဲသံသည် ဒေါ်အေးချုံ ၏ “ ဟဲ့ - တိရစ္ဆာန်လေး ပါးစပ်ပိတ်စမ်း ၊ ဘာလို့ ခုထိ ကျောင်း မသွားသေးလဲ ၊ ခွေး ဖြစ်မယ့် အကောင် ” ဟူသော အသံ အောက်တွင် နစ်မြုပ်သွား၏ ။ “ အမေ့ သားလေးက ကျွန်တော့် ဆီက လာလုတယ် ၊ ကျွန်တော်က အငယ်မို့ ညှာတာ ခွေးသားလေး ” ဟူသော အသံ ထပ် ပေါ်လာသည်နှင့် ဒေါ်အေးချုံ သည် ထင်းစတစ်စ ဆွဲကာ အိပ်ခန်းထဲ ဝင်လာသည် ။ 

 

 အိုးမည်း လူးနေသောသံပန်းကန်ပြားသည် အိပ်ရာထဲတွင် မှောက်လျက်သား ဖြစ်နေကာ ၊ ထမင်းစေ့တွေ ပြန့်ကြဲနေ၏ ။ ဘာအရောင်မှန်း ပြောမဖြစ်သည့် ကြေးအထပ်ထပ် ညစ်ပတ်နေသည့်  မခေါက်ရသေးသော စောင်တွေ ၊ သွားရည်ကျ၍ အကွက်ထသော အစွပ်မရှိသည့် ခေါင်းအုံးတွေမှာ ဆေးတို့ပတ်နံ့ ၊ သေးနံ့တွေ ထုံမွှန်နေသည့် အခန်းထဲ၌ ပိုးလိုးပက်လက် လန်နေသည် ။ မကြာသေးမီကမှ အဟောင်းထည် ရောင်းသော ကပ္ပလာဝါလား ကုလားအဖိုးကြီးထံမှ ဝယ်ယူခဲ့ပြီး ၊ ရက်ပိုင်းအတွင်း မီးခိုးမှိုင်းများ ဖြင့် မည်း ညစ်နေပြီ ဖြစ်သည့် ပိတ်ခြင်ထောင် ၏ ကြိုးစ နှစ်စမှာ လျော့ရဲရဲ ချည်လျက်သား ၊ ကျန် ကြိုးနှစ်စမှာ ဖြုတ်ထားပြီးသား ဖိုးရိုးဖားရား တွဲလောင်းကျလျက် ။ 

 

 မှောက်လျက်သား ပန်းကန်အနားတွင် ရဲမြင့် နှင့် အငယ်ဆုံးကောင် ရဲထွတ် တို့သည် ဝုန်းဒိုင်းကြဲအောင် နပန်း လုံးနေကြသည် ။ ဒေါ်အေးချုံ သည် ပါးစပ်မှ တဗျစ်ဗျစ် မြည်တွန်တောက်တည်းကာ အကြီးကောင် ကို ထင်းစဖြင့် ခပ်စပ်စပ် တွယ် လိုက်သည် ။ အရိုက် မခံရ၍ စပ်ဖြဲဖြဲ လုပ်ကာ အကြီးကောင် အား လျှာထုတ် ပြောင်ပြနေသော  အငယ်ကောင် ကိုလည်း ထိပ် ကို နှစ်ချက် ဆင့် ခေါက်ပစ်လိုက်သည် ။ ပြီးတော့ ပြန့်ကျဲနေသော ထမင်းစေ့တွေ ကို သုတ်သင်ကာ မခေါက်သိမ်းရသေးသည့် စောင်တွေ ခြင်ထောင်တွေ ကို  ရှင်းရပြန်သည် ။ 

 

 အိပ်ခန်းထဲမှ ကိစ္စပြီးသည်နှင့် မီးဖိုထဲ ပြန်ဝင်ကာ ချဉ်ပေါင်ရွက် ၊ ဆူးပုပ်ရွက် ၊  ခရမ်းကျွတ်သီး တွေ ကို နှုတ်ခမ်း ပြုတ် ထွက်နေသည့် ဆန်ခါထဲ ထည့်လိုက်ကာ ငါးတွေ ကိုတော့  အိုးမဲထုတက်နေသည့် ဒန်အိုးတစ်လုံးထဲ ပစ် ထည့်လိုက်သည် ။ ချိုးများ ကပ်နေသော ထမင်းအိုး ထဲ ရေထည့်ကာ ထမင်းချိုးများကို ခွာဖြစ်နေစဉ် ၊ မီးဖိုခန်း နောက်ဘက် ကပြင်ရှိ ရေအိုးထဲ ဝုန်းခနဲ  ရေဖြည့်သံနှင့်အတူ “ ထမင်းချက် မလို့ အမေရေ … ရေဘုံဘိုင် က လူ ကျပ်လိုက်တာ အရမ်းပဲ ၊ အကြာကြီး စောင့်နေရတာနဲ့ ”ဟူသော သမီးငယ် တရုတ်မ ၏ အသံကို ကြားရလေသည် ။ 

 

 “ ဇီးကွက် မကလည်း အလုပ်မသွားခင် ထမင်းကလေး တစ်အိုးမှ ချက် မသွားဘူး ၊ သူ ထမင်း မထည့်သွားဘူးလား ” 

 

 ဇီးကွက် မသည် အမှုန့်ကြိတ်စက် မှာ အလုပ်လုပ်သော မဝါနု အောက် အငယ် ဖြစ်သည် ။ 

 

 “ ထမင်းကြမ်းပဲ ထည့်သွားမှာပေါ့ ၊ အမေ့သမီးက အပျင်းပဲဟာ ” ဟု ၁၂ နှစ်အရွယ် တရုတ်မ က ကြီးကြီးကျယ်ကျယ် ဆိုပြီးနောက် “ ပြည်သူ့ဆိုင် သွားမယ် အမေ ၊ ဒီနေ့  ဆန်ထုတ်ရမယ်လေ ၊ သကြားလည်း ပေးမယ် တဲ့ … ၊ တစ်ယောက် ( ၁၀ ) သား တဲ့ ၊ တစ်ခါတည်း ရောင်းခဲ့မယ်နော် အမေ ” ဟု တစ်ဆက်တည်း ပြောသည် ။ ပြည်သူ့ဆိုင် နှင့် ပတ်သက်လျှင် ဒီ အိမ်မှာ တရုတ်မက တာဝန်ခံပင် ။ 

 

 ကိုယ်တိုင် ထမင်းအိုးပြင်၍ တည်လိုက်ကာ မီးဖိုထဲ မလှုပ်တလှုပ်နှင့် ဝင်လာသော မဝါနု ကို ချဉ်ပေါင်ရွက် ခြွေခိုင်းပြီး ဒေါ်အေးချုံ ငါးခုတ်သည် ။ တစ်မနက်လုံး ဘာသရေစာ မှ မစားရသေး ။ မောမောနှင့် သုတ်သုတ် လုပ်ပစ်လိုက်သည် ။ သန့်ရှင်းဖို့ သပ်ရပ်ဖို့ ဂရုမစိုက် ။ မြန်မြန်ပြီး အေးရော ။ 

 

 “ ပေး … ပေး … မဝါနု ၊ အမေ ချဉ်ပေါင်ရွက် ခြွေလိုက်မယ် ၊ ဆီ နှစ်ကျပ်ခွဲသား ငရုတ်သီး အရောင်တင်မှုန့်ရယ် ၊ အချိုမှုန့်ရယ် ဝယ်ချေစမ်း ၊ ကြက်သွန်ရော ရှိသေးလား ၊ ကြည့်လိုက်ဦး ၊ မရှိရင် တစ်ခါတည်း ဝယ်ခဲ့ ၊ တစ်မတ်ဖိုးလောက် ” 

 

 “ အမေကလည်း အလုပ်တစ်ခု လုပ်လို့ မပြီးသေးဘူး ၊ နောက်တစ်ခု ခိုင်းပြန်ပြီ ” လို့ မဝါနု က မျက်လုံးကြီး လှန်ကာ ဆိုလျှင် ဒေါ်အေးချုံ က ထဘီစွန်တောင်ဆွဲပြီး “ ဟဲ့ … ဒီလောက်ကလေး လုပ်ရတာ ပင်ပန်းသလား ၊ နင့် ကို ဘုရားစင်ပေါ် တင် ကိုးကွယ်ထားရမလား ၊ နင် သူများတွေ လို ပိုက်ဆံ ထွက် ရှာရသလား ၊ ပြောစမ်းပါဦး … ” လို့ စိတ်တိုတို နှင့် ရမောင်းတင်ပစ်လိုက်သည် ။ မဝါနု ကတော့ နှုတ်ခမ်းစူကာ မအေ လှမ်းပေးသော ပိုက်ဆံကို ဇက်ခနဲ လှမ်းယူပြီး ဆောင့်ကြီးအောင့်ကြီး လှည့်ထွက်သွားလျှင် “ ဟဲ့ …ဟဲ့ … ဆီပုလင်း ယူသွားဦးလေ ” လို့  လှမ်းအော်ရပြန်သည် ။ 

 

 “ တော်တော်လာတဲ့ အရူးမ ” 


 ဒေါ်အေးချုံ သည်လိုပဲ ရေရွတ်မိသည် ။ မဝါနု ကတော့ ပါးစပ်က ပွစိ ပွစိ ပြောကာ  ထွက်သွားလေသည် ။ 


□ 

 

 အရပ်ထဲက လူတွေက မဝါနု ကို အရူးအပေါ တစ်ယောက် လို့ အသိအမှတ် ပြုထားကြသည် ။ 

 

 တကယ်တော့ မဝါနု သည် မိဘ ကို ဒုက္ခပေးဖို့သက်သက် လူ ဖြစ်လာသည် လို့ ဒေါ်အေးချုံ ထင်သည် ။ မဝါနု လူ ဖြစ်နေသည့် ၁၈ နှစ် မျှသော ကာလအတွင်း ဒေါ်အေးချုံ သည် သင်း ၏ ဒဏ် ကို ခါးစည်း အံကြိတ် ခံခဲ့ရ၏ ။ သူသေသေ ကိုယ်သေသေ တစ်ယောက်ယောက် သေလျှင် ဒုက္ခငြိမ်းမည် ။ ဒါပေမဲ့ တစ်ယောက် မျှ မသေ ။ 

 

 သားသမီး ၇ ယောက် အနက် ဝိသေသအထူးဆုံး သမီးကြီး မဝါနု သည် အသားဝင်းဖန့်ဖန့် ၊ မျက်ခုံး မျက်လုံး နှာတံ အလှဆုံး ။ ဗုဒ္ဓဟူးသမီးမို့ ကင်ပွန်းတပ် မင်္ဂလာ ကျင်းပစဉ် က ဘိသိတ်ဆရာ က ‘ မဝါနု ’ တဲ့ ။ လူ ကတော့ သုံးမရ ။ ငယ်ငယ်ကတည်းက စားဖို့ဆို ပါးဖြဲနားဖြဲ ။ တစ်နေ့ ထမင်းလေးထပ် စားနေကျ ။ သူ့ ဗိုက်ပြည့် ပြီးရော ။ အိမ် မှာ ရှိသည့် စားစရာလည်း ခိုး ၊ ပိုက်ဆံလည်း ခိုး ၊ တွေ့ကရာ လူ ထံ လက်ဖြန့် ပိုက်ဆံတောင်းကာ အကုန် မုန့် ဝယ်စားပစ်သည် ။  ဒေါ်အေးချုံ က ‘ ဗိုလ်ဆောင် ’ ဟု နောက်ကွယ်တွင် ချစ်စနိုး ခေါ်လေ့ရှိသည့် သူ့ အဖေ ဦးခင်ဆောင် က မဝါနု အား တိုင်မှာ ကြိုးချည်ကာ “ ခိုးဦးမလား ၊ လူတကာ ဆီမှာ  ပိုက်ဆံ တောင်းဦးမလား ” ဟု မေးမေးပြီး ခါးပတ်မာမာကြီး ဖြင့် လှိမ့်၍ ရိုက်သည်မှာ ဒေါ်အေးချုံ မကြည့်ရဲ ။ တွေ့ရာနှင့် ကောက်ပေါက်၍ ခေါင်းပေါက် ၊ သွေးထွက်သံယိုဖြစ် ၊ မျက်စိများပင် ဖူးယောင် ။ ဒေါ်အေးချုံ ကိုယ်တိုင်က “ မရိုက်ပါဘူးလေ ” ဟု လျှော့ထားရက်က အသည်းယားပြီး ရိုက် မိ ခေါက် မိသည်ချည်း ။ 

 

 မဝါနု ကို ကျောင်း ထား၍လည်း မရ ။ သွားချင်သည့် အချိန် သွား ၊ ပြန်ချင်သည့် အချိန် ပြန်လာ ၊ ဘာတစ်လုံးမျှလည်း မတတ် ။နောက်ဆုံးတော့ သူ့ အဖေ ဗိုလ်ဆောင် လည်း  လက်လျှော့ လိုက်ရပါ၏ ။ 

 

 အပျိုပေါက် ဖြစ်လာသော မဝါနု သည် ပို လှလာပေမယ့် ၊ ခိုးစားမြဲ စားလိုက် ၊ အိပ်လိုက်နှင့် ။ သူ့မှာ အပူအပင် မရှိ ၊ အတော် ဟန်ကျသည် ။ အိမ်အလုပ် ကူ လုပ်ဖို့ နေနေသာသာ  အင်္ကျီကြယ်သီးပင် မှန်အောင် မတပ်တတ် ။ တွယ်ချိတ် ကို နေရာမှန်အောင် မချိတ်တတ် ။ မမြင်အပ်သည့် နေရာရယ်လို့ ရှက်ရကောင်းမှန်း မသိ ။ ဘာဆို ဘာမျှ မသိ ။ ငါးပြားစေ့ ဆယ်ပြားစေ့ မတ်စေ့ပင် ခွဲခြား မသိ ။ တစ်ကျပ် ပြည့်အောင် မရေတတ် ။ ပြားသုံးဆယ် ကနေ ဆယ်ပြား ပြန်ရောက် ၊ ငါးမူး ကနေ တစ်မတ် ပြန်ရောက် ။ 


တစ်ဖက်အိမ်မှ ကိုးတန်းကျောင်းသူလေး အပြုံး ကတော့ ဒေါ်အေးချုံ အား  “ တစ်ကျပ်ပြည့်အောင် မရေတတ်တာ စိတ်မနှံ့တဲ့ လက္ခဏာဆိုပဲ အဒေါ်ရဲ့ ၊ ကျွန်မ စာထဲမှာ ဖတ်ဖူးတယ် ၊ ဆေးရုံ သွား ပြကြည့်ပါလား ” ဟု ပြောဖူးသည် ။ 

 

 အပြုံး ပြောတာကို သူ့ ခင်ပွန်းသည် ဦးခင်ဆောင် အား ပြန်ပြောတော့ မျက်ထောင့်နီကြီးနှင့်  “ အလကား မဟုတ်မဟတ် ”ဆိုကာ သူ့ကိုပင် ဟောက်လိုက်သေးသည် ။ ပြီးတော့ “ မင်း သမီး အရူး ဆိုရင် တခြား အရူးတော့ ဟုတ်မှာ မဟုတ်ဘူး ၊ လင်တရူး ပဲ ဖြစ်လိမ့်မယ် ”တဲ့ ။ 

 

 အင်း … ဗိုလ်ဆောင် ပြောတာလည်း သိပ်မလွန် ။ ‘ အရူးမ ’ ဟု အများတကာ နှုတ်ကျိုးနေသော မဝါနုသည် စားဖို့ အိပ်ဖို့အပြင် သိလာတာတွေ ရှိသေး၏ ။ ပိုက်ဆုံခိုးပြီး နှုတ်ခမ်းနီ ၊ ပေါင်ဒါ ဝယ်ရသည်မှာ အမော ။ ယောက်ျားလေးတွေ နှင့် စကား ပြောလျှင် “ အစ်ကို ”  “ အစ်ကို ” နှင့် နှုတ်ခမ်းနီ ဖြင့် ရဲနေသော နှုတ်ခမ်း နှစ်လွှာ ကို မစေ့တော့ပေ ။ ရုပ်ရည်သန့်ပြန့်သော  ယောက်ျားကလေးများ ဆို ပြောင်တစ်မျိုး ၊ ကွယ်ရာမှာ တစ်မျိုး ချောင်း ကြည့်တတ်လွန်း၍  ထိပ်ခေါက်ခံရပေါင်း များပေမဲ့ ခေါင်းရေကျိန်းပုံမရ ။ သူများ အတို့အဆိတ် ခံရသည်ကို စော်ကားခံရသည် မထင် ။ တစ်ခါတလေ သူ့ထဲမှာ ဘယ်က ရမှန်းမသိ ပိုက်ဆံ လေး ငါးကျပ် အထိ တွေ့ရ၏ ။ သူ့ အပြောတော့ “ ဟို အစ်ကို က ပေးသည် ၊ သည် အစ်ကို က ပေးသည် ”နှင့် ။ မတော်တရော် ဖြစ်မည်ကို အမျိုးမျိုး တွေးပူရပေမင့် ၊ ဒေါ်အေးချုံ သည် တစ်ခါတလေ ဈေးသုံးပြတ်လျှင် မဝါနုထံ မှပင် တောင်း သုံးခဲ့ရဖူးသေး၏ ။ 

 

 ဟိုတစ်နှစ် သင်္ကြန်တုန်း က သင်္ကြန် အကျနေ့ မှာပေါ့ ။ မဝါနု ပျောက်လို့ ရှာလိုက်ရတာ  ဒေါင်းတောက်မတတ် ။ ရဲဌာန ပြေးတိုင်ရကောင်းနိုးနိုး ၊ မယ်မင်းကြီးမက ည ၉ နာရီမှ  ပြန်ရောက်လာသည် ။ သူ့ လက်ထဲမှာ ငွေ ၁၅ ကျပ် ။ ကောင်လေးတွေ က ခေါ်သွားလို့ ပဲခူး  လိုက်သွားသည်တဲ့ ။ သူ့ အပြောကတော့ ရပ်ကွက်ထဲက ဒန်ပေါက် တို့ ၊ ကံလှ တို့ ကလေကချေ  ကလေးတစ်သိုက်ပင် ။ “ နင့်ကို ဘာမှ မလုပ်ဘူးလား ” ဟု ချော့ကော ချောက်ကာ အစ်အောက် မေးသည် ။ မဝါနု ကတော့ ဘူး ခံသည် ။ ဒေါ်အေးချုံ မှာ ရင် တထိတ်ထိတ် ။ 

 

 သည်လိုနှင့် မဝါနု ကို ရွာမှ ဒေါ်အေးချုံ နှင့် ဆွေရိပ်မျိုးရိပ် မကင်းသော ဒေါ်စိန်ရုံ စပ်ဟပ်ပေးသည့် မိဘမဲ့ တစ်ကောင်ကြွက် သူရင်းငှားလေး မောင်ကျော်လဲ့ နှင့် ပေးစားဖြစ်ခဲ့သည် ။ ကောင်လေး ရဲ့ အမည်ရင်းမှာ ‘ ကျော်လဲ့ ’ ဖြစ်ပေမယ့် မဝါနု က ‘ အစ်ကိုကျော်နက် ’ လို့ ခေါ်သမို့ ၊  ဘယ်သူကမှ ပီသမှန်ကန်အောင် ကြိုးစားပမ်းစား ခေါ်မနေကြ ၊ အာလုံးက ‘ ကျော်နက် ’ ပဲ ။ 

 

 မဝါနု မင်္ဂလာဆောင်မှာ သူ့ အဖေ ဗိုလ်ဆောင် က သူ့ မှာ ရှိသည့် အကောင်းဆုံး ဝတ်စုံ ဖြစ်သော သုံးပတ်နွမ်း ရွှေဖလားရောင် ဘန်ကောက်လုံချည် ၊ ဝါညစ်ညစ် ရှပ်လက်ရှည် ၊ နဂိုရောင်လော ၊ ချေးတင်နေသော ခန့်မှန်းရန် မလွယ်သည့် ပင်နီတိုက်ပုံကို စတိုင်ကျကျ ၊  ဝတ်စားကား အိမ်ဦးခန်း၌ အမြိုင့်သား ။ 

 

 “ သည်ကလေးမက ဘုန်းနဲ့ ကံနဲ့ဗျ ၊ ငယ်ငယ်ကလည်း သူတစ်ယောက်တည်း ဘိသိတ်သွန်းပြီး ကင်ပွန်း တပ်ရတာ ၊ မုန့်ဟင်းခါး နဲ့ ဧည့်ခံတယ်လေ ၊ ကျန်တဲ့ ကောင်တွေ သူ့လို ကင်ပွန်း တပ်ရတာ မဟုတ်ဘူး ၊ ခု ကြည့်လေ လူ တွေကသာ အရူး အရူး နဲ့ ခေါ်နေပေမယ့် ဘုန်း ကတော့ မရူးဘူးဗျို့” သည်လို အာဘောင်အာရင်းသန်လျက် ရှိလျှင် အနားရှိ လုပ်ဖော်ကိုင်ဖက် အလုပ်သမားကြီး ဦးအောင်ဇံ ၊ အနှိပ်သည် အဘိုးကြီး ဦးကျော်ရိုး မှာ  ခေါင်းတညိတ်ညိတ် ။ 

 

 ဒေါ်အေးချုံ ကမူ ဗိုလ်ဆောင် အား မျက်စောင်း ချီကာ ချီကာ “ သူက ဘုန်းရှင် ကံရှင်လုပ်နေ ၊ သည်အရူးမ ကို အစွံ ထုတ်ဖို့အရေး မိအေးချုံ ဘယ်လောက် ဘေးကျပ် နံကျပ်  ဖြစ်ရတယ်ဆိုတာဖြင့် မသိဘဲနဲ့ ” 

 

 သမက် ကလေး မောင်ကျော်နက် မှာ ဆွေမဲ့မျိုးမဲ့ တစ်ကောင်ကြွက် မို့ တောမှ သူရင်းငှား အလုပ်ကို စွန့်လွှတ်ပြီး ယောက္ခမအိမ်မှာ အတူနေကာ ၊ ဆိပ်ကမ်း ကုန်တင် ကုန်ချ  အလုပ်သမားအဖြစ် အားကြိုးမာန်တက် လုပ်ကိုင်ရှာသည် ။ 

 

 မဝါနု ကသာ အရူးအနှမ်းမို့ မသိတတ်တာ ၊ သမက် ကလေးကတော့ အတော်ရှာသား ။ ခမျာ ကမ်းနားမှာ တပင်တပန်း ထမ်းပိုးပြီး ရသည့်ငွေအနက် တစ်နေ့ ငွေ ၁၀ ကျပ်ကို မဝါနု စားစရိတ်အတွက် ပေးသည် ။ သူ ကတော့ ကမ်းနားမှာပဲ ဖြစ်သလို စားသည် ။ တစ်နေ့လျှင် ၅ ကျပ် ၁၀ စသည်ဖြင့် သတ်သတ် စုဘူးထဲ ထည့်စေသည် ။ ငယ်ကတည်းက စားနေကျ ကြောင်ဖားပေမို့ မဝါနု ကတော့ ကိုယ့်စုဘူးကိုယ် အလွတ်မပေး ။ ခိုး ဖောက်လိုက်သေး၏ ။ သည်ကြားထဲမှပင် တက်ထရွန်နှင့် ၊ ဖော့နှင့် ၊ ဆွဲကြိုးလက်ကောက်နှင့် ဖြစ်လာသည် ။ ရွှေနှင့် ငွေနှင့် ဆိုတော့ ဒေါ်အေးချုံ တို့ အိမ်မှာ မင်္ဂလာကျက်သရေ တိုးသည်ပင် ။ 

 

 သို့ပေမယ့် မဝါနု ၏ ရွှေရောင်လွှမ်းသော ရက် များကား သက်တမ်း မရှည်ခဲ့ရှာ ။ အိမ်ထောင်ကျပြီး ၇ လ အကြာ၌ ဖွားမြင်လာသော မောင်ကျော်နက် နှင့် မဝါနု တို့၏ သားအမြွှာညီနောင်အား အားပါးတရ အသံဝါကြီးဖြင့် တေးသီချော့မြူလေ့ရှိသော ကျော်နက် ၏ သားချော့တေးသံ မှာလည်း လ အနည်းငယ်လောက်သာပဲ ညံနိုင်ခဲ့ရှာ၏ ။ အဝတ်  လတ်လတ်ကလေးများကို အကြော့သား ဆင်ကာ ၊ လင်ရှိရာ ကမ်းနားသို့ အလုပ်မရှိ အလုပ်ရှာ  လိုက်သွားလေ့ရှိသော မဝါနု သည် တစ်ညနေတွင် လုံးဝ အိမ်ပြန် မလာတော့ ။ မဝါနု ပျောက်သည့် သတင်းများ တစ်ရပ်ကွက်လုံး ဟိုးလေးတစ်ကျော် ။ နှစ်ရက် အကြာမှာ မဝါနု သည် ကမ်းနားငါးဒိုင် မှ  လူပေါ်ကြော့ တစ်ယောက်နှင့် လိုက်ပြေးကြောင်း ခိုင်လုံသော သတင်း ရသည် ။ တစ်ပတ် ကြာတော့ မဝါနု အိမ်ပြန် ရောက်လာသည် ။ သူ ဝတ်ဆင်သွားသည့် နားကပ် ၊ ဆွဲကြိုး ၊  လက်ကောက်တွေအစား ကြီးမားသော အခေါင်းပွ ရွှေအတုများ ပါလာသည် ။ မဝါနု ကတော့ ပန်းပန်လျက်ပင် ။ သူ နှင့် လိုက်သွားသော လူ ၏ အမည် ကား ‘ ချစ်ကိုကို ’ ဆိုလား ။ ဘယ်ရောက်၍ ဘာဖြစ်မှန်းတော့ တစ်ခုမှ မေးလို့မရ ။ 

 

 ကျော်နက် ကတော့ အိမ်မှ ဆင်း သွားပေပြီ ။ တော ကိုလည်း ပြန်ရောက်သည်မကြား ။ ဘယ်ရပ်ဌာနေ စံလေသည် မသိ ။ ဘာသတင်း အစအနမှလည်း မရ ။ ကျော်နက် ဆင်းသွားပြီး မကြာမီ အမြွှာညီနောင် အနက် မှ တစ်ကောင်သည် အပြင်း ဖျားပြီး ကိစ္စ ချောလေရာ ၊ ဒေါ်အေးချုံ မှာ ဖွ မပြောကောင်းပြောကောင်း ဝမ်းပင်သာမိရှာလေ၏ ။ 


သားတစ်ကောင် နှင့် တို့လိုတွဲလဲ မဝါနု ကတော့ ဘာတစ်ခုမျှ ပုံစံ မပြောင်း ။ ခေါင်းကျိန်းရသူက ဒေါ်အေးချုံ ပင် ။ မဝါနု တို့ သားအမိ ဝန်တာ ၊ အိမ်မှာ ကလေး က ၆ ယောက် ။ 

 

 မဝါနု အောက် ဇီးကွက်မ ကလည်း မဝါနုနဲ့ ပိန်မသာလိမ်သာ ။ ဘာထူးမလဲ ။ သည်ပုတ်ထဲက သည်ပဲ ။ အတန်း ၁ တန်းမှာ ၂ နှစ်လောက်နေပြီး ၄ တန်းမှာ တဖုန်းဖုန်း ကျနေ၍ ကျောင်းနုတ်ကာ သူ့အဖေ ဗိုလ်ဆောင် လုပ်ပေးသော ဖင်ထိုင်ခုံကလေးများကို ကီလီဈေးမှာ သွားရောင်းစေ၏ ။ ပျာပျာရှပ်ရှပ်မို့ ပစ္စည်းပျောက် ငွေကွာ ပြဿနာပေါ်မြဲ ။ ခုတော့ အမှုန့်ကြိတ်စက် မှာ တစ်နေ့ ၆ ကျပ်နှင့် အလုပ် သွင်းထားလိုက်သည် ။ 

 

 ဇီးကွက်မ ရဲ့ ခုံရောင်းတာဝန်ကို ယူသူကတော့ မွေးနီ ပင် ။ သူ့ ကျတော့ အလှည့်အပတ် အကြံအဖန် များလွန်းသည် ။ မလွှဲသာ၍ ဈေးရောင်းခိုင်းရပေမဲ့ ငွေရေးကြေးရေးမှာ ယုံစား၍ မရ ။ 

 

 မွေးနီ အောက် မှာ တရုတ်မ ၊ သန်းထိုက် ၊ ရဲမြင့် ၊ ရဲထွတ် ၊ကြီးစဉ်ငယ်လိုက် အစီအရီ ။  မအေ နှင့် ငါးဒိုင် လိုက်နေကျ တရုတ်မ ကိုတော့ ကျောင်း မထားတော့ ။ ဖြစ်ထွန်းမှာလည်း မဟုတ် ။ တစ်တန်းရောက်ပြီ ဖြစ်သော သန်းထိုက်ကိုလည်း ရှေ့ တစ်နှစ်လောက်ဆို ကျောင်းနုတ်ပြီး အရက်ဆိုင်မှာ စီးကရက် ရောင်းခိုင်းဖို့ စိတ်ကူးထားသည် ။ 

 

 တစ်နေ့တစ်နေ့ သည် ကလေးတွေနှင့် အသက်လု ရှူနေရဆဲ ။ အသက် ၄၂ ရှိပြီ ဖြစ်သည့်တိုင် ကိုယ်ဝန် ဆောင်ရဆဲ ။ ဗိုက် နှင့် လူ ပြတ်လပ်သည် မရှိ ။ ခုလက်ရှိ ကိုယ်ဝန် ကပင် ( ၅ ) လ ။ အင်း … ဒီတစ်ယောက် မွေးပြီးရင်တော့ ဗိုလ်ဆောင် တို့ အလုပ်သမား ဆေးခန်း က ဆရာဝန်ဆီမှာ ထောက်ခံစာ တောင်းပြီး ကိစ္စပြတ်အောင် လုပ်တော့မှ ။ 


□ 

 

 ဒေါ်အေးချုံ ထမင်းပြင်ပြီးသည်နှင့် ဗိုလ်ဆောင် တို့ အလုံသင်္ဘောကျင်း အလုပ်ဝင်းမှ ၁၁ နာရီ ဥဩ ဆွဲလေသည် ။ ပြည်သူ့ဆိုင်က ပြန်လာသော တရုတ်မ ၊ ဈေးရောင်းကာ ပြန်လာသည့် မွေးနီ ၊ အလုပ်က ပြန်လာသော ဗိုလ်ဆောင် ၊ အငယ်ဆုံးကောင် ရဲထွတ်တို့ ထမင်းပွဲဝင်သည် ။  မရှေးမနှောင်းမှာပင် ကျောင်းက ပြန်လာသည့် သန်းထိုက် ၊ ရဲမြင့် တို့လည်းဝရုန်းသုန်းကား ဝင်စားကြသည် ။ 

 

 ထိုစဉ်မှာပင် ဧည့်သည် ရောက်လာသည် ။ မဝါနု ကိစ္စမှာ အကျိုးတော်ဆောင်ကြီးမို့  ဒေါ်အေးချုံ ၏ ကျေးဇူးရှင်တစ်ပါး ဖြစ်သည့် ဒေါ်စိန်ရုံ ။ အငယ်ဆုံးကောင် ရဲထွတ် သည်  မိုးပြာရောင်လုံချည် ၊ ပန်းနုရောင်ဇာအင်္ကျီနှင့် နှင်းဆီနီနီ တစ်ပွင့်ပန်ကာ မြို့သူနှင့် မခြား  သားနားလျက်ရှိသော ဒေါ်စိန်ရုံ ၏သမီး မလှဆင့်ကို ရှေ့တည့်တည့်မှ စိမ်းစိမ်း ကြည့်နေ၏ ။ 

 

 “ မစိန်ရုံ တစ်ခါတည်း ထမင်းဝင်စားလေ ခူးလိုက် မယ် ”  


ဒေါ်အေးချုံ က လောကွတ်ပျူငှာ ဆိုရသော်လည်း ရန်ကုန် ရောက်တိုင်း ဒေါ်အေးချုံ ထံ အလည်အပတ် ရောက်လာလေ့ ရှိပေမယ့် သူတို့ ဒီ အိမ် မှာ ဘယ်တုန်းကမှ ထမင်း စားလေ့ မရှိ ။ မလှဆင့် က ဆို ရေပင် မသောက် ။ အေးလေ … ကိုယ့် အိမ်ကလည်း စားချင် သောက်ချင်စရာ မရှိပါဘူး ။ 

 

 ကြည့်ပါလား ထမင်းဝိုင်း ကို ။ ကလေးငါးယောက် လူကြီးနှစ်ယောက် ဝိုင်းမဆံ့၍ ရဲမြင့် နှင့် ရဲထွတ် ကို ဟင်းပုံပေးပြီး အပြင် ထွက်စားစေသည် ။ မဝါနု ကတော့ ဟင်းကျက်ကတည်းက ဦးဦးဖျားဖျား ပွဲတော် တည်ပြီးပြီ ။ ဟင်း ပုံပေးထားသော ကလေးတွေကလည်း ဟင်းကို အရင် ကျုံးစားပစ်ပြီး တစ်ယောက်တစ်လှည့် ဟင်း ထပ်တောင်းကြပြန်သည် ။ ထမင်းပွဲမှာ  ဘယ်လက်ရော ညာလက်ရော ရှုပ်နေသည် ။ ဘယ်လက် သုံး သူမှာ တရုတ်မ တစ်ယောက်တည်း ။ ဇွန်း ကို ဘယ်လက်နှင့် ကိုင်ရမည် ဟူသော အသိကြောင့် မဟုတ် ။ တရုတ်မ သည် ဘယ်သန်  ဖြစ်သောကြောင့်ပင် ။ ဒေါ်အေးချုံ တို့အိမ်မှာ ဘယ်သူမှ ဇွန်း ကို ဘယ်လက်နှင့် မကိုင်ကြ ။  လက်တွေမှာ ထမင်းလုံးဖွေးဖွေး ။ ငါးပိခွက်ကို ဇွန်း တပ်ထားသော်လည်း အားမရ၍ တို့စရာကို ငါးပိခွက်ထဲ မြှုပ်ကာ ကလော်ယူလိုက်သည် ။ ထမင်းစားပွဲပေါ်တွင် ခရမ်းသီးအညှာ ၊ ဆူးပုပ်ရိုးတံ ၊ ငါးရိုး ၊ ထမင်းလုံးနှင့် ဖွေးဖွေးလှုပ်နေသည် ။ ရဲမြင့် နှင့် ရဲထွတ် တို့ ထမင်းစားရာ နေရာနှင့် ထမင်းစားပွဲ မှာ ထမင်းလုံးလမ်းကြောင်းကြီး တန်းနေသည် ။ မဝါနု ၏ သားငယ် မှာ ကြမ်းပြင်မှ ထမင်းလုံးများ ကို လိုက် ကောက်စားနေ၏ ။ 

 

 မလှဆင့် သည် သိုက် မြိုက်လှသော ထမင်းပွဲ ကို ကြည့်ကာ သူ့ အမေ ကို လက်ကုတ်၍  “ ပြောစရာရှိတာ ပြောလေ အမေရယ် … ပြန်ရအောင် ” ဟု မျက်နှာ ရှုံ့မဲ့မဲ့နှင့် ပြောလေသည် ။ 

 

 ဒေါ်စိန်ရုံ သည် ပါးစပ်၌ ကွမ်းသီးငုံလျက် ခေါက်ချိုး ချိုးထားသော ကွမ်းရွက်ပေါ်  ထုံးတို့ရင်းက “ တို့ သရက် လာရောင်းတာ မအေးချုံ ရဲ့ ၊ ဟိုတစ်ခါက ငါ ပြောဖူးသားပဲ ၊  တော လိုက်ခဲ့ပါလား ၊ တို့က မနက်ဖြန် ပြန်မှာ ဘယ့်နှယ်လဲ ”ဟု မေးသည် ။ 

 

 သရက်ချိန်တွင် ခြံသမား တို့ သည် ခူးပြီး သရက် များ သမ္ဗာန်ထဲ ရောက်သည်အထိ လူငှား လိုသည် ။ ထို့ကြောင့် သရက်ချိန် တွင် ဒေါ်အေးချုံ အား တော လိုက်ခဲ့ရန် ဒေါ်စိန်ရုံ က တစ်ခါက ခေါ်ဖူးသည် ။ 

 

 “ လိုက်ချင်တာပေါ့ မစိန်ရုံ ရယ် ၊ အရင်းမစိုက် လှေထိုးလိုက် ဆိုသလို အရင်း မကုန်ဘဲ ပိုက်ဆံ ရမယ့်ဥစ္စာ ၊ ဒါပေမဲ့ ဒီမှာ ကြည့်လေ ၊ ကျွန်မ မရှိလို့ ဘယ်လိုလုပ် ဖြစ်မလဲ ၊ မနက် ကမ်းနားပြေး ၊ ဈေးရောင်းပြီး ပြန်လာတဲ့ အထိ ထမင်း တစ်အိုးတောင် ချက်ထားကြတာမှ မဟုတ်တာ ” 

 

 “ မဝါနု ကို ခိုင်းပေါ့အေ ၊ သူ့မှာ ဘာ အလုပ်ရှိတာ မှတ်လို့ ” 


 “ အမယ်လေး … သူ့ ယုံစားလို့ ဖြစ်မလား … မစိန်ရုံ ရယ် ” 


 ဒေါ်စိန်ရုံ က မဝါနု ဘက် လှည့်ကာ “ မဝါနု က အရင်လိုပဲလားကွဲ့ ၊ လိမ်လိမ်မာမာ နေမှပေါ့ တူမရဲ့ ” ဟု ဆုံးမနေသည် ။


ဗိုလ်ဆောင် က “ ကိုယ့်သွေးကိုယ့်သားမို့ လူကြား မကောင်းမှာစိုးလို့သာ ကြည့်နေရတာ ၊ သူ့လို ဟာမျိုး အသေ ရိုက်သတ်ဖို့ ကောင်းတာ ” ဟု ဝင်ပြောသည် ။ မဝါနု ကတော့ နိုင်တူး အမည်ရှိ သူ့ သားငယ် နှင့် ပလူးပလဲ ကျီစယ်လျက်က သွားချေး ဗရစ်ပျစ်နှင့် သွားဖုံးပေါ်အောင် ပြုံးကျဲကျဲ လုပ်နေ၏ ။ 


□ 

 

 မနက်စာ စားပြီးတိုင်း ဒေါ်အေးချုံ တစ်ရေးတမော အိပ်လေ့ ရှိသည်ပင် ။ မနက် ၃ နာရီ  ကမ်းနား ဆင်းရတော့ ၊ ထမင်းစားပြီးသည်နှင့် မျက်လုံးတွေ က ဖွင့် မရချင်တော့ ။ တစ်ရေး အိပ်ရာထလျှင်မူ သူငယ်ချင်းကောင်း ယောက် မ တစ်သိုက်နှင့် ရေနွေးဝိုင်းဖွဲ့ကြစမြဲ ။ 

 

 “ သူ့ လင်ငယ် ကုလားက ပံ့ပိုးထားလို့ နည်းနည်း ပြောင်လာတာ အေရဲ့ ၊ အစက သူ့ လင် တရုတ်ကြီး ဝက်ခေါင်းသုပ် ရောင်းတဲ့ လုပ်စာကလေးနဲ့ ကလေး တစ်ပြွတ်ကြီးနဲ့ အသက်တောင်  အနိုင်နိုင် ရှူနေရတာ ၊ ခုတော့ တယ် ရယ်စရာ ကောင်းလိုက်တာ ၊ အငယ်ဆုံးလေးကလေး မြင်တယ် မဟုတ်လား ၊ မည်းလိုက်တာ တူးလို့ ၊ တစ်ကိုယ်လုံးလည်း အမွေးချည်းပဲ ၊ အကြီးတွေနဲ့ ဘာဆိုင်လို့တုံး ၊ ဒါနဲ့များ ကောင်မ က ပြောလိုက်သေး ၊ သူ့ ကလေးတွေဟာ ငယ်ငယ်က ဒီလိုပဲ မည်းကြသတဲ့ ၊ ကြီးလာမှ ဖြူလာတာတဲ့ ” 

 

 “ ညည်း စိန်လှ သတင်းရော ကြားပြီးပြီလား ၊ သီတင်းကျွတ် ရင် မိကြည် နဲ့ ယူတော့မလို့တဲ့ ၊  မောင်းခတ်နေတယ်လေ ၊ သူ့ ဟာမလေးအကြောင်း မသိတာ မှတ်လို့ ၊ အဲဒီ ကောင်မလေး က ဒါမျိုးနဲ့  စားလာတာ အံခွနေပြီ ၊ သူ့ အရင် ဟို ရွှေဘော် ဆိုတဲ့ ကောင်လေး တုန်းကများ ထဘီ လျှော်ပေးမတတ် ၊ အဲဒါတောင် ကန်ထုတ်ပစ်လိုက်တာ ” 

 

 အေးစု နှင့် ရွှေခင် ၏ ပလုပ်ပလောင်း မြိန်ရေရှက်ရေ သတင်းစကားတို့မှာ ခါတိုင်းလို ဒေါ်အေးချုံ အား စိတ်ဝင်တစား မဖြစ်စေခဲ့ ။ တစ်ရေးနိုး အိပ်ရာထ ကတည်းက ဒေါ်အေးချုံ ခေါင်းထဲ သိပ်မရှင်း ။ ကိုယ်ထဲကလည်း ပူရှိန်းရှိန်းနှင့် ။  

 

 သည်မနက် ခါတိုင်းထက် ကသီသွားသည် ။ ဒေါ်အေးချုံ ဝယ်နေကျ ဈေးခွေးကလေး နီတွတ်က “ အဒေါ် ခဏစောင့်ဦး ၊ ကျွန်တော် အမေ့ဆီ သွားလိုက်ဦးမယ် ”ဆို၍ စောင့်နေရာ ၊  အချိန် အတော် လင့်သွားသည် ။ ဒေါ်အေးချုံ မှာ ဟိုက သည်က ငွေဆွဲ ဈေး ရင်းရသူမို့ ဒိုင် မှ များများစားစား ဝယ် မရောင်းနိုင် ။ သည်လို ဈေးသူခိုးလေးတွေ ဆီက အချောင်စောင့်ရမြဲ ။  ကမ်းနားမှာကတည်းက အဆင်မပြေတော့ ဈေးသိမ်း နောက်ကျ ၊ အလုပ်သမား ထမင်းစားမီရန် အလောတကြီး ချက်ပြုတ် ၊ ချွေးမတိတ်ခင် ရေချိုးလိုက်မိသည် ။ ချွေးငုပ်သွားတာနဲ့ တူပါရဲ့ ။ 

 

 အေးစု ယူလာသည့် လက်ဖက်သုပ်ပန်းကန်မှ ရှားရှားပါးပါး ကြက်သွန်ကြော် တစ်ဖတ်ကို ယူမြုံ့ရင်း နာမည်သာ ရွှေခင် ၊ ရွှေကိုမူ မဆင်နိုင်ဘဲ ရွေးလိုက် ပေါင်လိုက်နှင့်မို့ ဟောင်းလောင်းဖြစ်နေရှာသည့် ရွှေခင် နားပေါက် ကို ငေးကြည့်နေမိသည် ။ 


“ ရွှေခင် ရေ … ညည်းကလေး ပုခက်ထဲက လိမ့်ကျလို့ ” ဟူသော ရွှေခင် တို့ အိမ်ခေါင်းရင်းမှ ဒေါ်သီ ၏ အော်ခေါ်သံကြောင့် ရွှေခင် စကားဖြတ်ကာ ကမန်းကတန်း ပြန်ပြေးသွားသည် ။ 

 

 အေးစု သည် ထရံတွင် ခေါင်းမှီရင်း မျက်စိမှိတ်ကာ မှိန်းနေသော ဒေါ်အေးချုံ အား အသေအချာ ကြည့်လျက် “ အဒေါ် အိပ်ရေး မဝဘူးလား ” ဟု မေးလိုက်သည် ။ 

 

 “ ခေါင်းကိုက်နေတယ်ကွယ် ၊ ဖျားချင်လား မသိဘူး ” 


 “ ဘတ်စပလို သောက်ပြီး ချွေးထုတ်လိုက်ပေါ့ အဒေါ်ရဲ့ ၊ ကလေးတစ်ယောက်ယောက်  ဝယ်ခိုင်းလိုက်ပါလား … ” 


 ခိုင်းမည်ကြံကာမှ ကလေးတွေ တစ်ယောက် မှ အနားမှာမရှိ ။ ခိုင်းမဖြစ်သည့် အငယ်ဆုံးကောင် ရဲထွတ် ကသာ အမေ့ ဗိုက် ကို တအား ကျုံးကျုံးဖက်ပြီး “ ညီလေး … ညီလေး ” ဟု ခေါ်နေသည် ။ လူကြီးတွေ မြိန်ရေရှက်ရေ အတင်းပြောနေတုန်း ကလေးတွေ က  ကျီးကန်းတောင်းမှောက် မျက်လုံးတွေနှင့် လက်ဖက်ခွက် ကို တစ်ယောက် တစ်လက် နှိုက်ကြ၏ ။  လက်ဖက်ခွက် လည်း ပြောင်ရော ကလေးတွေ လည်း အိမ် မကပ်ကြတော့ ။ 

 

 မွေးနီ ကား တခေါခေါနှင့် အိပ်မောကျနေ၏ ။ လုံချည်ကား ပေါင်ရင်းအထိ လှန်လျက် ။ ပါးစပ်မှ သွားရည်ကြောင်းနှင့် ။ မွေးနီ၏ မဖြီးမသင် ဂျပ်ခဲ ဖြစ်နေသော ခေါင်း ကို ကြည့်ပြီး ဒေါ်အေးချုံ ခေါင်း ထဲ ပိုနောက်လာ၏ ။ 

 

 “ မဝါနု … အမေ့ ကို ဘတ်စပလို ဝယ် ပေးစမ်း” 

 

 မဝါနု သည် သည်တစ်ခါတော့ ရှောရှောရှူရှူပင် ပိုက်ဆံ ကို လှမ်းယူကာ ကလေးအား နို့တစ်ဖက်တည်း သန်သလို တိုက်တတ်၍ တစ်လုံးက ပြားကပ်ကာ ချက်နားအထိ ရှည်ကျနေသော  မနောနွယ်နို့တစ်လုံး ကို အင်္ကျီထဲ ပြန် မသွင်းဘဲ ဗိုးလိုးဗတ်လတ် နှင့်ပင် သွက်သွက် ထွက် သွားသည် ။ 

 

 ဆော့ရာမှ ပြန်ရောက်လာသည့် နို့ညှာ ရဲမြင့် က မအေ့ အား ပွတ်သီးပွတ်သပ် လုပ်ကာ  ပိုက်ဆံ ကပ်တောင်းသည် ။ အိတ်ထဲမှာ အကြွေ ၁၅ ပြား နှိုက် ပေးလိုက်လျှင်မူ ၊ အိမ် ထဲမှ တစ်ဟုန်ထိုး ပြေးထွက်သွားသည် ။ 

 

 ထမင်း ချက်တော့မည် ဆိုကာ အေးစု ပြန်သွားလျှင် ဒေါ်အေးချုံ ညစာအတွက် ဟင်းစပ်ကို ခေါင်းပူအောင် စဉ်းစားရသည် ။ ပဲဟင်းကျဲကျဲတစ်ခွက် ၊ အာပြဲခြောက်ကလေး ဆီပူထိုး ၊ တစ်ယောက် တစ်ဖတ် နှစ်ဖတ် မျှစားရမှာပဲ ။ အင်း … ဆီတောင် ဝယ်ရဦးမှာပါလား ။ 

 

 မဝါနု ဝယ်လာသော ဆေး ကို ရေနွေးနှင့် မျိုကာ အိပ်ရာမှ နိုးလာသည့် မွေးနီ နှင့် ဘယ်က  ပြန်ရောက်လာမှန်းမသိသည့် တရုတ်မ အား ညစာချက်ဖို့ တာဝန်ပေးလိုက်သည် ။ ပြီးတော့ အိပ်ခန်းထဲ ဝင်ကာ စောင်ခြုံကွေးနေလိုက်သည် ။ 


ခြုံထားသော စောင် ရဲ့အငွေ့အသက်က ဒေါ်အေးချုံ ၏ ခေါင်းကို ပိုကိုက်လာစေသည် ။ အခန်းထဲရှိ အောက်သိုးသိုးနှင့် ချဉ်စုပ်စုပ်အနံ့ နှစ်မျိုးပေါင်းကို ရှူရှိုက်နေရသည် ။ မဝါနု က ကလေး ချေးပါလျှင် တွေ့ရာ အဝတ် နှင့် သုတ်ပြီး ချောင် ထိုးထားတတ်သည် ။ အနံ့ မခံနိုင်ပေမယ့်  ထပ် မရှာနိုင်တော့ ။ ခေါင်း မထူချင် ။ 

 

 ခဏကြာလျှင် အပြင်ခန်းမှ တဒုန်းဒုန်း ပြေးလာသံတွေ ကြားရ၏ ။ ငရဲသားလေးတွေ ကစားမြူးတူးရာက ပြန်လာကြပြီ ။ မဝါနု သား က တက်မတတ် စူးစူးရှရှ အော်လိုက်သည် ။  တက် အနင်းခံရပြီလား မသိ ။ မကြာခဏ အထိအခိုက် အနင်းအနယ် ခံရဖန်များ၍  သည်ကလေးလည်း ဘယ်နေ့ ချေးထွက်မည် မသိ ။ နှစ်ခါလည်ခါနီးပြီ ဖြစ်ပေမယ့် လမ်း မလျှောက်နိုင်သေးသော ကလေးငယ် မှာ ကြုံလှီချည့်နဲ့သော ကိုယ်နှင့် ၊ သေးကွေးလှသည့် အရိုးငေါက်ငေါက် ခြေချောင်း လက်ချောင်းကလေးများနှင့်မို့ လူ နှင့်ပင် မတူ ။ 

 

 မီးဖိုထဲမှ အိုးသံ ခွက်သံနှင့်အတူ တစ်ယောက်နှင့်တစ်ယောက် တွက်ကပ်သံတွေကို ကြားနေရသည် ။ ဒါပေမဲ့ ည စာ ကိုတော့ ဗိုလ်ဆောင် အပြန် မမီမှာ မပူရ ။ အလုပ်ဆင်းချိန်မှာ  ‘ အောင်သပြေ ’ ကိုသွားဖို့က ဗိုလ်ဆောင် ရဲ့ ပဓာန  ဝတ္တရား ။ တစ်ယောက်ယောက် ဆီက မရမက ချေးပြီး သောက် ချင် သောက် ၊ အိမ်ပြန်လာပြီး ဒေါ်အေးချုံ ဆီက ၊ ဒါမှမဟုတ် ခုံရောင်းပြီး ပိုက်ဆံ  ကစ် ထားတတ်သည့် မွေးနီ ဆီက ကုတ်ကတ်တောင်းကာ သူ အိမ်က ပြန်ထွက်စမြဲ ။ 

 

 သင်္ဘောကျင်း မှာ သူ့ လုပ်သက် အနှစ် ၂၀ ကျော်ပြီ ။ ပထမအဆင့် အလုပ်သမား  တစ်ယောက် အနေဖြင့် သူ့ လခ ၂၅၀ ကျော် ။ လ ကုန်လျှင် ချေးငွေအသီးသီး ဖြတ်ငွေ ၊ သူ့ အရက်ဖိုး အကြွေးဆပ် ငွေ ၊ အလီလီ နုတ်လျှင် အိမ်ပါလာသည်က ၁၀၀ အနိုင်နိုင် ။ ပါလာသည့်ငွေမှာ စားကြွေး သောက်ကြွေး ၊ ဟိုက သည်က ချေးထား လှည့်ထားတဲ့ ကြွေးတွေအတွက် ပေးရတဲ့ အတိုး စေ့ငှအောင်ပင် မဆပ်နိုင် ။ ကနေ့ လခထုတ် ၊ နောက်နေ့ရင်းဖို့ ညတွင်းချင်း ငွေ ချေးရသည် ။ ပုတ်ပြတ်ကလေး ထုတ်သည့် အခါတွေမှာ အရင်း တချို့တစ်ဝက် ကို လှည့် ဆပ်ဖြစ်၏ ။ ဒါပေမဲ့ သိပ်မကြာ ၊ ထပ်ယူရပြန်သည် ။ အကြွေးတွေ … အကြွေးတွေ ။ 

 

 ဒီအကြွေးတွေ ဘယ်လိုက ဘယ်လို တက်လာပါလိမ့် ။ အချိန်ကာလ ကို မှန်းဆ မရ ။ တရိပ်ရိပ် တက်ပြီး လုံးလည်လိုက်ခဲ့တဲ့ အဖြစ် ။ ကိုယ်ကများ ဟော့ဟော့ရမ်းရမ်း သုံးခဲ့မိသလား ။  ဘယ်တုန်းကမှလည်း အကောင်း မစားခဲ့ရ ။ ထဘီနွမ်း အင်္ကျီနွမ်းကလေး နှစ်ထည် သုံးထည် နှင့် လူ လုပ်ခဲ့ရသည့် အဖြစ် ။ အဝတ်သစ် ကို မမြင်ဖူးသည်မှာ ကြာပြီ ။ အိမ်က  ပရိသတ်တွေအတွက်လည်း ဖောက်သည် ကပ္ပလာဝါလားဆီကပဲ ။ 

 

 အတွေးတွေ ထွေးလုံးရစ်ပတ်ဖြစ်နေရမှ သတိရလာချိန်မှာ ပူညံပူညံ အသံတွေ ကို ကြားရ၏ ။ မည်းတူးအောင် ဖြစ်နေသော အာပြဲခြောက်ကြော်ကို ခွင်ပေါ်မှ မချနိုင်အားဘဲ ၊ တရုတ်မနှင့် မွေးနီသည် တစ်ယောက်နှင့် တစ်ယောက် မီရာကို လှမ်းကုတ်ဆွဲနေစဉ် ၊ ဗိုလ်ဆောင် ပြန်ရောက်လာ၏ ။ ဒယီးဒယိုင် အနံ့ တသင်းသင်း ။ 


ငါးခြောက်ကြော် မည်းမည်းကို အကြောင်းပြု၍ ဆူစဆဲစ ပြုလျှင် မဝါနု က သူ့ ကလေး သူ ချီကာ အပြုံး တို့ အိမ်သို့ သုတ်သုတ် ထွက်သွား၏ ။ တရုတ်မ ကား အချောမကိုင်ရသေးသည့် သစ်သားစ တစ်စဖြင့် မြှောက်ကာ တွယ်နေသည့် ဗိုလ်ဆောင် အား မျက်လုံးကြီး  ကလယ်ကလယ် ပြုကာ ကြည့်လျက် နောက်သို့ ဖင်ရွှေ့ ဖင်ရွှေ့ဖြင့် “ ကြောက်ပါပြီ အဖေရဲ့” ဟု အသံပြဲနှင့် အော်နေ၏ ။ 

 

 ဗိုလ်ဆောင့် အချစ်တော် သန်းထိုက် က အဖေ့ ဘက် က စစ်ကူကာ “ မှတ်ပြီလား ဟေ့ ” ဟု ဖြဲ ချောက်နေ၏ ။ အငယ်ကောင် တွေ ကလည်း မိုးဦးကျဖားတွေ လို အတိုင်အဖောက်လုပ်ကာ  သံပြိုင် အော်ကြသည်မှာ ပွက်လောရိုက်နေ၏ ။ 

 

 ထမင်းဝိုင်းမှာ သန်းထိုက် က ကျွမ်းခြစ်နေသည့် အာပြဲခြောက် မည်းမည်း ကို အဖေ့ ပန်းကန်ထဲ ထည့်ကာ “ ရော့ … အဖေ့ဖို့ ကြက်သား … ” ဟု ကျီစားချွတ်စားပြုလျှင် ဗိုလ်ဆောင် က “ မင်း တို့ အမေ က အဖေ့ ကို မေတ္တာ မရှိလို့ မကောင်းတာ ချက် ကျွေးတာကွ ” ဟု  အာလေးလျှာလေးဖြင့် ရိစပြု၏ ။ ဒေါ်အေးချုံ သည် အဆီပြောင်လက်နေသော ပွယောင်းယောင်း ဗိုလ်ဆောင် မျက်နှာ ကို အော်ဂလီဆန်သလို ရှိဆဲမှာပင် ဒေါ်တုတ် အိမ် က ကြက်သားဟင်း နှစ်ကျပ်ဖိုး ပြေးဝယ်ကာ ကျွေးချင်သော စေတနာ ဖြစ်ပေါ်နေသည် ။ 

 

 ပြားကပ်နေသော ဘော်လီအိတ် ကို အသာ နှိုက်စမ်းကြည့်ရာ ၅ ကျပ်တန် နှစ်ရွက် ၊ ကျပ်တန် လေးရွက် နှင့် ငွေအကြွေ အနည်းငယ် ထွက်လာသည် ။ ဒေါ်အေးချုံ သည်  သက်ပြင်းတစ်ချက် ကို ပြင်းပြင်းထန်ထန် ရှိုက်လိုက်သည် ။ 

 

 လွန်ခဲ့သော သုံးရက် လောက်ကမှ ငွေ ၃၀ ကျပ် ကို နေ့ပြန်တိုးနှင့် ဆွဲ၍ ဈေးရင်းခဲ့သည် ။ တတိ တတိ နှင့် ပဲ့ပါသွား၍ မနက် ကတော့ ရင်းစရာ ၂၀ ကျပ် သာ ရှိတော့ရာ ၊ အမြတ် အဖြစ် ဟင်းစား နှင့် ငွေကလေး တစ်ကျပ် သာ ကျန်သည် ။ မွေးနီ ခုံရောင်းရသည့် အမြတ်က ၈ ကျပ် ၊ သကြား ရောင်းရသည့် အမြတ် က ၆ ကျပ် ၊ နေ့ပြန်ဆပ်ငွေ ၊ ဆန်ထုတ်ငွေ ၊ ညစာ ဟင်းဖိုး ၊ ဆီဖိုး ၊ ကလေး မုန့်ဖိုးနှင့်ဆိုတော့ ဈေးရင်းဖို့ ချေးထားတဲ့ ငွေ ထဲက ထပ် ပဲ့သွားရပြန်ပြီ ။ 

 

 “ အေးချုံ … နင့် သမီး ဇီးကွက် မ ပြန် မရောက်သေးပါလားဟ ” အမူးသမားက အမှတ်ရစွာ မေးခိုက် ၊ ၅ နှစ်သား ရဲမြင့် က ‘ ကမ်းနားကြက်မ ’ ဟူသော ဝေါဟာရကို သံနေသံထားဖြင့်  သီချင်းလုပ် ဆိုနေ၏ ။ တင်းကျပ်လျက် ရှိသော ဒေါ်အေးချုံ ၏ ရင်မှာ ပူလောင်လာလေသည် ။  အမှုန့်ကြိတ်စက် မှာ အလုပ်ဆင်း သွားသော ဇီးကွက်မ ပြန်ရောက်ဖို့ ကောင်းပြီ ။ 

 

 မိုးသံဖြောက်ဖြောက်နှင့်အတူ လေတိုးလိုက်၍ မှန်အိမ်၏ ဝါကျင့်ကျင့် မီးညွန့်သည် ယိမ်းထိုးသွားကာ ပြောင်းထိပ်မှာ မှိုင်းများ ပိုမိုထူထပ်လာသည် ။ 

 

 “ ငါ သေရင် အေးမှာပဲ ” ခါတိုင်းလို ဆုတောင်းမိပြန်၏ ။ အကျင့်ပါနေသော ရေရွတ်မြဲ အသံမှာ လေးနက်သော အဓိပ္ပါယ်ကိုတော့ မဆောင်ချေ ။ 


အရပ်ထဲမှ ဗေဒဝိဇ္ဇာ ဆရာထွန်း က ဒေါ်အေးချုံ အား ကောင်းစားဦးမည် လို့  ဟောချက် ထုတ်ဖူးသည် ။ ကောင်းစားဖို့များ မျှော်လင့်ချက် ရှိပါသေးသလား ။ အို ... ကံသေကံမ  ဘယ် ပြောနိုင်ပါ့မလဲ ။ လူမသေ ငွေမရှား ။ လှံထမ်းတာသာ မြင်ရမည် ။ ကံထမ်းလာတာ မြင်ရမှတ်လို့ ။ 

 

 တကယ့် အကျဉ်းအကျပ် ကျတော့လည်း အသက်ရှူပေါက် ကို ကြံကြံဖန်ဖန် တွေ့ရတတ်သည်ပင် ။ သမက် ကလေး ကျော်နက် အိမ်မှ ဆင်းသွားပြီးနောက် နိုင်ဝမ်း အမည်ရှိ  အမြွှာအကြီးလေးဟာ တပိန်ပိန် တလိမ်လိမ်ကနေ အပြင်းအဖျားဝင်လာသည် ။ အဲဒီရက် မှာမှ  ဒေါ်အေးချုံ ကလည်း အသည်းအသန် မမာမကျန်း ဖြစ်၍ ဈေးပင် မရောင်းနိုင် ။ မဝါနု ခမျာ သူ့လင် ဆင်ခဲ့သမျှ ရှိမဲ့စုမဲ့ တက်ထရွန် ဖော့အထည်ကလေးများကို ပေါင်းနှံရောင်းချ ဆေးကုပေမယ့်  နိုင်ဝမ်းကလေး အား ကု၍ မရတော့ ။ ကလေးမသာကို ၇ ရက် ၇ လီ ဖဲဝိုင်းခံ၍ ရသည့်  အကောက်ငွေများ ၊ အများသူငါရဲ့ ကူငွေကလေးများ ကို စာရင်းချုပ်လိုက်တော့ ၊ လက်ထဲမှာ ငွေ  ၂၀၀ လောက် အဖတ် တင်လိုက်သေး ။ ဒါလေးနှင့်ပင် ဒေါ်အေးချုံ နာလန် ထခဲ့ရလေသည် ။ 

 

 စားစရာ မရှိကာမှ နေရော ၊ သေတွင်းက လွတ်မြောက်လာသည်ကို ဝမ်းမြောက်ဝမ်းသာ မဖြစ်ဘဲ မနေနိုင် ။ တကယ်တော့ ဒေါ်အေးချုံ မသေချင်သေး ။ သည်လင် သည်သားသမီးတွေ၏  အော်သံဆူသံတွေမှာ ဒေါ်အေးချုံ၏ ဘဝပင် ။ 

 

 ဒေါ်အေးချုံ သည် ဘဝ အဓိပ္ပါယ် ကို ဆန်းစစ်ရှာဖို့ လူ ဖြစ်လာခြင်း မဟုတ် ။ မွေးဖွားခဲ့ပြီးသော ဘဝကို ရှင်သန်အောင် အားထုတ်ရုန်းကန်ဖို့ လူ ဖြစ်နေခြင်းသာ ဖြစ်လေ၏ ။ 


◾ ခင်လေးမူ 


📖 ရှုမဝမဂ္ဂဇင်း 

      ၁၉၇၉ ၊ နိုဝင်ဘာလ 


www.facebook.com/aung.naingoo.3726613


.