❝ သမီး အမေ ❞
[ Miss ရွေးပွဲ တစ်ပွဲမှာ အကဲဖြတ်ဒိုင် လုပ်ပေးဖို့ ကျွန်တော့်ကို ကမ်းလှမ်းပါတယ် ။ Miss ရွေးတာ ကျွန်တော် ကျွမ်းကျင်တဲ့ ကိစ္စ မဟုတ်ပါဘူး ။ ဒါကြောင့် မလုပ်နိုင်ကြောင်း ငြင်းလိုက်ပါတယ် ။
Miss တွေ ၊ မယ်တွေ ၊ မော်ဒယ်တွေနဲ့ ရင်းနှီးကျွမ်းဝင်တဲ့ ဓာတ်ပုံ ကိုဇော်ဇော် ( ဘိုအဖွဲ့ ) က ကျွန်တော့် ငြင်းပယ်ချက်ကို ထောက်ခံတယ် ။ Miss ရွေးပွဲမှာ ဒိုင်လုပ်ရတာ တော်တော်လည်း ခက် ၊ နာမည်လည်း ပျက်တတ်ပါသတဲ့ ။ ပြိုင်ပွဲဝင်သူ ၁ဝဝ လောက်မှာ ဆုရတာက သုံးယောက် ။ ဆုမရသူ အများစုက ဒိုင်ညစ်တယ်လို့ ထင်တတ်တယ်တဲ့ ။ ဆုမရတဲ့ အချို့သူတွေက ဆုရသူနဲ့ ဒိုင်တွေကို အမနာပ စကားတွေ ပြောတတ်သတဲ့ ။
ပြိုင်ပွဲမှာ ဒိုင်မလုပ်ပေမဲ့ Miss တွေ ၊ မယ်တွေ ၊ မော်ဒယ်တွေကို ကိုဇော်ဇော် ရဲ့ ဓာတ်ပုံစတူဒီယိုမှာ မကြာခဏ တွေ့ဖူးတယ် ။ အချို့နဲ့ မျက်မှန်းတန်းမိတယ် ။ အဲဒီ မိန်းကလေးတွေ ထဲမှာ ထိုက်ဆုဝင်း လည်း ပါတယ် ။ ထိုက်ဆုဝင်း က မန္တလေးတိုင်း ကာယအလှမယ် ၊ ပြည်နယ်နဲ့တိုင်း ကာယအလှမယ် ၊ ရတနာပုံမယ် ၊ အိုလံပစ်မယ် ၊ MUFL မယ် ၊ Miss 78 ၊ Miss ICON ၊ Miss MTI ဆိုတာတွေ ဖြစ်သလို ဒါရိုက်တာ ဆရာမောင်ယဉ်အောင် ရိုက်နေတဲ့ နာကျင်သောလှိုင်း ၊ ကြင်နာသောကမ်း ဗီဒီယိုကား မှာလည်း သရုပ်ဆောင်ဖြစ်တယ် ။ ဒါရိုက်တာ အေဝမ်း သန်းထွဋ် ရိုက်တဲ့ ပန်းမွေ့ရာခင်း မှာလည်း သရုပ်ဆောင်တယ် ။ သီချင်းဗီစီဒီတွေ မှာလည်း သရုပ်ဆောင်တယ် ။
သူ့အရွယ်နဲ့ သူ့နယ်ပယ်မှာ ကြိုးစားနေတာ ကျွန်တော့် အနေနဲ့ ထူးထူးထွေထွေ ပြောစရာ မရှိပါဘူး ။
ကျွန်တော် စိတ်ဝင်စားတာက လျှောက်လမ်းပေါ်မှာ ဟန်ရေးပြနေတဲ့ မိန်းမပျို လေးတွေရဲ့ စိတ်ထဲမှာ ဘာတွေ ရှိသလဲ ။ လျှောက်လမ်း ပေါ်က မိန်းကလေးတွေကို ကြည့်နေတဲ့ ပရိသတ်ရဲ့ အတွေးထဲမှာ ဘာတွေ ရှိသလဲ ။ မျက်လုံး ကျွတ်ထွက်မတတ် စူးစိုက်ကြည့်နေတဲ့ ပုရိသပရိသတ်အချို့ရဲ့ မျက်လုံးအောက်မှာ လျှောက်လှမ်းလာတဲ့ မိန်းကလေးရဲ့ အမေ့ ရင်ထဲမှာ ဘာတွေ ရှိသလဲ သိချင်တယ် ။
ဓာတ်ပုံကိုဇော်ဇော်ရဲ့ စတူဒီယိုမှာ ထိုက်ဆုဝင်း နဲ့ သူ့မိခင် ဒေါ်နွယ်နီထွန်း ကို တွေ့ရချိန်မှာ စကားတွေ ပြောဖြစ်ကြပါတယ် ။ ]
••••• ••••• •••••
ထိုက်ဆုဝင်း ။ ။ သမီးဖေဖေက စစ်မှုထမ်းဆိုတော့ နယ်ပေါင်းစုံပြောင်းရွှေ့ နေခဲ့ရတယ် ။ ဆွာမြို့ ၊ ဗထူးမြို့ ၊ မန္တလေးမြို့မှာ နေခဲ့ရတယ် ။ မွေးတာက ပြင်ဦးလွင် ။ သမီး ငယ်ငယ် ကတည်းက ကျောင်းကပွဲတွေမှာ ဝင်ပြီး ကတယ် ၊ လှုပ်ရှားတယ် ။ ဒါပေမဲ့ သရုပ်ဆောင် ဖြစ်ချင်တယ် ၊ မင်းသမီး ဖြစ်ချင်တယ်လို့တော့ မပြောဖူးဘူး ။ နှစ်တန်းလောက်မှာ ကျောင်းကပွဲ စင်ပေါ်ကို စတက်ခဲ့တာပဲ ။ ရှစ်တန်းမှာ ပြဇာတ် ကရမယ် ။ အိတ်ချ်အိုင်ဗီ ၊ အေအိုင်ဒီအက်စ် ပညာပေး ပြဇာတ် ။ အမေတို့က ခွင့်မပြုဘူး ။ ပြဇာတ်ထဲမှာ သမီးက အမေလုပ်ရမှာ ။ အိမ်ကလည်း ခွင့်ပြုမထားတော့ သူငယ်ချင်း တစ်ယောက်ရဲ့ အမေဆီက အဝတ်တွေ ယူဝတ်တာ ။
ဒေါ်နွယ်နီထွန်း ။ ။ သူ လုပ်ချင်တာက ရှိုးလျှောက်ချင်တာ ။ ကျွန်မက ရှိုးတစ်ပွဲ တက်ရင် မယ်တစ်ပွဲ ဝင်ပေးလို့ အပေးအယူ လုပ်ထားတယ် ။ ကျွန်မက ကျန်းမာရေး လည်း ဦးစားပေးတယ် ၊ ခန္ဓာကိုယ် အလှလည်း ဦးစားပေးလို့ မယ်လိုင်းကို လျှောက်ကြည့်ဖို့ တိုက်တွန်းတယ် ။ မယ်အခွင့်အရေး ရရင် မယ်ပြိုင်တယ် ။ Miss အခွင့်အရေး ရရင် Miss ပြိုင်တယ် ။ ပညာရေး အားနည်းသွားမှာ စိုးလို့ အစ်မတွေက ဟန့်တယ် ။ သူတို့ အဖေ မရှိတဲ့ နောက်ပိုင်းမှာ အားပျက်မှာစိုးလို့ ကျွန်မ အားပေးခဲ့တယ် ။
ထိုက်ဆုဝင်း ။ ။ သမီး second year ရောက်မှ Miss တို့ ၊ မယ်တို့ လုပ်ဖြစ်တာ ။ အဲဒီအချိန်မှာ ဖေဖေ မရှိတော့ဘူး ။
ဒေါ်နွယ်နီထွန်း ။ ။ Miss လိုင်းကို ကျွန်မ သိပ်နားမလည်ပါဘူး ။ မယ် ကတော့ ကျွန်မတို့ ငယ်ငယ် ကတည်းက ပြည်ထောင်စုမယ် ခင်သန်းနု ၊ ဖျာပုံမယ် တင်တင်အေး တို့နဲ့ ရင်းနှီးနေတော့ သမီးလေးကို မယ်တစ်ခုခု ဖြစ်စေချင်ခဲ့တာ ။ မန္တလေးတိုင်း ကာယအလှမယ်ပြိုင်ပွဲကို ၂၀ဝ၇ ခုမှာ ဝင်ပြိုင်တော့ ဒုတိယ ရတယ် ။ ပြည်နယ်နဲ့တိုင်း ပြိုင်ပွဲဆက်ပြိုင်တော့ best ten ဝင်သွားတယ် ။ တော်တော် အားရတယ် ။ ပြိုင်ပွဲကို ကျွန်မ ဗီဒီယိုရိုက်လာပြီး သူ့ကို ပြတယ် ။ လေ့ကျင့်ခိုင်းတယ် ။ နောက်နှစ်မှာ မန္တလေးတိုင်း ပထမ ရတယ် ။ ပြိုင်ပွဲတစ်ခု ဝင်တဲ့အခါ ဆုရအောင်တော့ ကြိုးစားရမယ် ၊ ဆုမရလို့ ကြူကြူပါအောင် ငိုတာတို့ ၊ ရုပ်ပျက်ဆင်းပျက် ခံစားတာတို့ မလုပ်ရဘူး ။ ဟိုလူ မကောင်းဘူး ဒီလူ မကောင်းဘူး ပြောတာတို့ ကျွန်မ လုံးဝ လက်မခံဘူး ပြောထားတာ ။
ကိုဇော်ဇော် ။ ။ မယ်ပဲ ဖြစ်ဖြစ် ၊ Miss ပဲ ဖြစ်ဖြစ် ၁ဝဝ ထဲက နောက်ဆုံး ဆယ်ယောက် ရွေးတယ်ဆိုရင် ပြုတ်သွားလို့ ကိစ္စမရှိဘူး ။ ဆန်ခါတင် ၁၀ ယောက် တင်ပြီး အဲဒီထဲက သုံးယောက်ပဲ ရွေးတာ ။ တတိယဆို ထုတ်လိုက်တယ် ။ ဒုတိယဆို ထုတ်လိုက်တယ် ။ ပထမဆို ထုတ်လိုက်တယ် ။ မပါတဲ့ ခုနစ်ယောက်က ပြုံးပြီး လက်ခုပ်တီးဖို့ရာ မလွယ်ဘူး ။ ရှေ့မှာ ပြုတ်ခဲ့ရတာမှ ပိုကောင်းသေး ဆိုတဲ့ အချိန်ပဲ ။ စင်ပေါ်မှာ ရှိတဲ့ ကိုယ့်ကို သနားတဲ့ အကြည့်နဲ့ ဝိုင်းကြည့်နေကြတာ ။
ထိုက်ဆုဝင်း ။ ။ ရန်ကုန်မှာ ပြည်နယ်နဲ့တိုင်း ပြိုင်ပြီး ပြန်လာတော့ ရွှေမန်းမယ် ဝင်ပြိုင်တယ် ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ ဝင်ပြိုင်တာ ဒုတိယပဲ ရတယ် ။
ဒေါ်နွယ်နီထွန်း ။ ။ သူ့မျက်နှာကို ကြည့်လိုက်တော့ ဒုတိယပဲ ရလို့ သူ ငိုတော့မယ် ဆိုတာ ကျွန်မ သိတယ် ။ မျက်တောင် အတုကြီးတွေနဲ့ ငိုချလိုက်တာ ။ ကျွန်မက မငိုနဲ့လို့ ပြောတဲ့ကြားက မျက်ရည်တွေ ပေါက်ပေါက် ပေါက်ပေါက်ကျတယ် ။ မျက်ရည်တွေ ပြန်သုတ်လိုက်တော့ မျက်တောင်တုက မည်းမည်းတွေက မျက်နှာပေါ် မှာ ။ နောက်ပွဲတွေမှာ မေမေ ဒါမျိုး မမြင်ချင်ဘူးလို့ ကျွန်မ ပြောတယ် ။
ထိုက်ဆုဝင်း ။ ။ Miss မိုးယံမှာ နောက်ဆုံး ဆယ်ယောက်ထဲ သမီး ပါတယ် ။ နောက်ဆုံး လေးယောက် အထိလည်း ပါသေးတယ် ။ ရွေးလိုက်တော့ သမီးက စတုတ္ထ ။ ဆုရတဲ့ အထဲ မပါဘူး ။ ဒါပေမဲ့ အေးဆေးပါပဲ ။ သမီး အပြုံးမပျက်ဘဲ ဆုရတဲ့သူတွေ ကို လက်ခုပ်တီးနိုင်ပြီ ။
ဒေါ်နွယ်နီထွန်း ။ ။ မုဒိတာပွားဖို့ ပြောရတယ် ။ သူများတွေပျော်တာကို ကိုယ် ဝမ်းသာနိုင်ရမယ် ။
ကိုဇော်ဇော် ။ ။ အဲဒါ မလွယ်ဘူး ။ တတိယလည်း ငိုတယ် ၊ ဒုတိယလည်း ငိုတယ် ။
ဒေါ်နွယ်နီထွန်း ။ ။ သူ စင်ပေါ် တက်တော့မယ် ဆိုရင် ကျွန်မ သူ့အနားကို မကပ်တော့ဘူး ။ သူ့ကိုယ်သူ ထိန်းရမယ် ၊ သူ့အလှ သူ ထိန်းရမယ် ။ ဒီအလုပ် သူ လုပ်မယ် ဆိုမှတော့ ကိုယ့်တာဝန် ကိုယ်ယူရမယ် ။ သူ စင်ပေါ် တက်တာနဲ့ ကျွန်မ ပရိသတ်ထဲ ပတ်တယ် ။ ပရိသတ် နောက်ပိုင်းကို ပတ်ရတာ ဝါသနာပါတယ် ။ သမီးကို လှမ်းကြည့်လို့ ဝတ်တာစားတာ နေတာထိုင်တာ အဆင်ပြေနေပြီ ဆိုရင် သူ့ကို သိပ်မကြည့်တော့ဘဲ ပရိသတ်ကိုပဲ ကြည့်တယ် ။ မိန်းကလေးတွေ ကတော့ အားကျတဲ့ အကြည့်နဲ့ ကြည့်မယ် ၊ မကျေနပ်ရင်လည်း မကျေနပ်တဲ့ အသံထွက်မယ် ။ သူတို့ ဘာပြောသလဲ ဆိုတာ ကျွန်မ မှတ်ထားတယ် ။ ပြုပြင်ရမဲ့ အချက် ဖြစ်တယ် ။ အချိန်ရတယ်ဆိုရင် သမီးကို သွားပြင်ပေးလိုက်တယ် ။ ယောက်ျားလေးတွေက သဘောကျလို့ စင်စင်ကြယ်ကြယ်နဲ့ လက်ခုပ်တီးပြီး အားပေးတာမျိုး တွေ့ရရင် ကျွန်မ ကျေနပ်တာပေါ့ ။ ဒါပေမဲ့ သမီးတွေရဲ့ အမေ ဖြစ်လာပြီဆိုတော့ ကိုယ့်သမီးကို ကိုယ်က လေ့ကျင့်ပေးသေးတာ ၊ ကိုယ်ကိုယ် တိုင်လည်း ခံနိုင်ရည် ရှိရတော့မယ် ။ သူတို့ ဘယ်လို မျက်လုံးနဲ့ပဲ ကြည့်ကြည့် ကျွန်မ သည်းခံနိုင်တယ် ။ သမီးကို တောင်မှ လေ့ကျင့်ရဦးမယ့် အမေလေ ။
ကိုဇော်ဇော် ။ ။ ပြိုင်ပွဲတွေမှာ ဆုမရရင် အချို့ မအေတွေက အမနာပ ပြောတတ်တယ် ။ ဆုရတဲ့ ကလေးရဲ့ အားနည်းချက်ကို ရှာပြီး ပြောလေ့ရှိတယ် ။ သမီးတွေက မအေကို အတုယူပြီး အဲဒီလို ပြောတတ်လာတယ် ။ ကလေးတွေပါ အဲဒီ စိတ်ဓာတ် ပါလာတယ် ။ မအေတွေ သွန်သင်မှ သိပ်အရေးကြီးတယ် ။
ဒေါ်နွယ်နီထွန်း ။ ။ သမီးတွေ ထိန်းရတာ လွယ်တယ်ပြောရင် ကျွန်မ မုသား ပြောရာကျမယ် ။ လူတိုင်းမှာ ပင်ကိုစရိုက် ရှိတယ် ။ ကျွန်မသမီး လေးယောက်လုံးရဲ့ ပင်ကိုစရိုက် လေးမျိုးလုံးကို ကျွန်မ အကဲခတ်ရတယ် ။ အိမ်မှာ ကြီးစဉ်ငယ်လိုက် လေးစားရတယ် ။ အကြီးဆုံးသည် အကြီးဆုံး ။ မိဘမရှိရင် သူ မိဘပဲ ။ ဒုတိယကို တတိယ နဲ့ စတုတ္ထက လေးစားရမယ် ။ မှားမှားမှန်မှန် စောင်မကြည့်ရဘူး ။ အကြီး မှားရင် ကျွန်မက ဆုံးမတယ် ။ အဲဒီလို နည်းနဲ့ သမီး လေးယောက်လုံးကို ကျွန်မ ထိန်းပါတယ် ။ သမီးတွေကို သမီးတို့ဖေဖေ မရှိတော့တဲ့ အတွက် သမီးတို့ အနေအထိုင် မှားခဲ့ရင် လက်ညှိုးပေါင်းစုံ ထိုးတဲ့ဒဏ်ကို မေမေ အရင်ဆုံး ခံရမှာ ။ အမေကို ဒုက္ခရောက်အောင် မလုပ်ကြပါနဲ့လို့ ပြောထားလို့ အဆင်ပြေပါတယ် ။ သမီးတွေရဲ့ သိက္ခာနဲ့ ပတ်သက်လို့ ၊ အနေအထိုင်နဲ့ ပတ်သက်လို့ ခုထိတော့ ဘာတစ်ခုမှ မဖြစ်ဖူးပါဘူး ။
⎕ ကျော်ရင်မြင့်
📖ဘဝဇာတ်ခုံ အဖုံဖုံ

No comments:
Post a Comment