❝ နာရေး ❞
( ကျော်စွာထက် )
“ ကျွီ ... ဝုန်း ”
“ ဟာ .. ကားတိုက်ပြီ ”
“ ဒေါ်စံမယ်ကြီးတဲ့ ဒေါ်စံမယ်ကြီး ”
“ ကားသမားဘယ်မှာလဲ ... မပြေးစေနဲ့ ၊ ဖမ်းထားကြ ”
ဖြုန်းကနဲ ဆူညံသွားတယ် ။ စောစောက ကျုပ်ဆိုင်မှာ ထိုင်ပြီး စကားပြောနေ ကြတဲ့ လူတွေအားလုံး ကားတိုက်တဲ့ဆီ ပြေးသွားကြတယ် ။ ကျုပ်နားမှာ ထိုင်ပြီး ကွမ်းသီးစိတ်နေတဲ့ ကျုပ်မိန်းမတောင် ဘယ်တုန်းက ထသွားလိုက်လဲ မသိဘူး ။ ခုကြည့်လိုက်တော့ ကျုပ်နားမှာ မရှိတော့ဘူး ။
ကားနားမှာတော့ လူတွေ ဝိုင်းအုံနေပြီး တစ်ယောက်တစ်ပေါက် ပြောကြဆိုကြပဲ ။ လမ်းဘေးအိမ်တွေကလည်း လူတွေ ပြေးထွက်လာကြတယ် ။ လမ်းပေါ်မှာ သွားနေတဲ့ လူတွေကလည်း ကားဆီကို ဝိုင်းအုံလာပြီး ရပ်ကြည့်ကြသည် ။ အဲဒီလိုနဲ့ ကားတိုက်တဲ့ နေရာမှာ လူအုပ်ကြီး ဖြစ်လာတယ် ။ လူတွေက ဝိုင်းအုံကြည့်ပြီး တစ်ယောက်တစ်ပေါက် ပြောကြဆိုကြပဲ ။ ခပ်ရမ်းရမ်းလူငယ်တစ်စုကတော့ ကားသမားကို ရိုက်မယ် နှက်မယ် တကဲကဲ လုပ်နေလို့ အနားက လူကြီးတွေက ဆွဲထားရတယ် ။ နို့မို့ဆိုရင်တော့ ကားသမား မလွယ်ဘူး ။ အဲဒီနေရာတင် ပွဲချင်းပြီးသွားနိုင်တယ် ။
တိုက်တဲ့ ကားသမားက ဆိုးတော့ မဆိုးရှာပါဘူး ။ တိုက်တယ် ဆိုတာနဲ့ ကားကို ရပ်ပေးတယ် ။ သူများ ကားသမားတွေဆို ဘယ် ဒီလို ရပ်ပေးလိမ့် မလဲ ။ နောက်မှ ဖြစ်ချင်ရာဖြစ် ။ မောင်းပြေးမှာပေါ့ ။
ကားတိုက်ခံရတဲ့ ဒေါ်စံမယ် ကို လူတွေ ဝိုင်းပွေ့ပြီး ကားပေါ်တင်လိုက်ကြတာ မြင်ရတယ် ။ နောက်လူလေးငါးယောက်လောက် ကားပေါ် တက်လိုက်ပြီး ကားထွက်သွားတယ် ။ ဆေးရုံပို့တာ နေမှာပေါ့ ။
အဲဒီနောက် ကားတိုက်တဲ့ နေရာမှာ လူစုကွဲသွားတယ် ။ အိမ်ထဲက ထွက်လာကြသူတွေလည်း အိမ်ထဲ ပြန်ဝင်သွားတယ် ။ လမ်းသွားရင်းက ရပ်ကြည့်တဲ့ လူတွေလည်း ကိုယ့်ခရီးကိုယ် ဆက်သွားကြတယ် ။ ကျုပ်ဆိုင်ရှေ့ ခုံတန်းက ထသွားတဲ့ လူတွေလည်း ကျုပ်ဆိုင်ကို ပြန်လာကြတယ် ။ အားလုံး ကျွတ်စီကျွတ်စီပဲ ။
“ ဆေးရုံတော့ ခေါ်သွားကြလေရဲ့ ။ ကျုပ်တော့ သိပ်မထင်ပါဘူးတော် ။ သုံးတန်ကားကြီးနဲ့ ခါးဖြတ်တိုက်တာပဲဥစ္စာ ”
မျက်မြင်ကိုယ်တွေ့ကြည့်ခဲ့တဲ့ ကျုပ်မိန်းမက ရောက်ရောက်ချင်း ဖောက်သည်ချလိုက်တယ် ။
“ သေမှာပါဗျာ ။ သွေးတွေရဲနေတဲ့ဥစ္စာ ။ နောက်ပြီး အသက်အရွယ်ကလည်း ကြီးပြီ ဆိုတော့ ပိုဆိုးတာပေါ့ ”
ကျုပ် ဆိုင်က မီးရှို့ထားတဲ့ အုန်းဆန်ကြိုး ကနေ ဆေးလိပ်မီး တို့နေတဲ့ ဆိုက္ကားသမားကိုဖိုးအောင် က ပြောလိုက်တယ် ။
“ သနားတော့ သနားပါတယ် ။ အနေဆင်းရဲ ၊ အသေဆင်းရဲ ဆိုတာ ဒါမျိုး နေမှာပဲ ။ အင်းပေါ့လေ ၊ ဝဋ်တော့ ကျွတ်သွားတာပေါ့ ”
ကျုပ်မိန်းမ စုတ်သပ်ပြီး ကောက်ချက်ချလိုက်တယ် ။
စောစောက ကျုပ်ဆိုင်ရှေ့က ထိုင်ခုံရှည်မှာ ထိုင်နေတဲ့ ကောင်လေးတွေ ပြန်ရောက်လာကြပြီး စောစောတုန်းကလိုပဲ စကားဝိုင်းဖွဲ့ကြပြန်တယ် ။ စောစောတုန်းကတော့ ရောက်တတ်ရာရာ ပြောကြဆိုကြ ၊ ကျောင်းကပြန်လာတဲ့ ကောင်မလေးတွေကို ဟေးလားဝါးလားနဲ့ နောက်ကြပြောင်ကြလုပ်ကြပေမယ့် ခုတော့ ဒေါ်စံမယ်ကြီး ကားတိုက်တဲ့ အကြောင်းပဲ ပြောတာကြားရတော့တယ် ။
အားလုံးလိုလိုကတော့ ဒေါ်စံမယ်ကြီး ကို သနားကြတာပါပဲ ။ ကျုပ် လည်း ဘယ်စိတ်ကောင်းပါ့မလဲ ။ ကျုပ် တင် မဟုတ်ပါဘူး ။ ဒေါ်စံမယ်ကြီး အကြောင်းကို သိတဲ့သူတိုင်း သူ့ကို သနားကြမှာပါပဲ ။
တကယ်တော့ ဒေါ်စံမယ်ကြီး ဘဝက သနားစရာပါ ။ ဘယ်သူကမှ ကျွေးမယ့်မွေးမယ့်လူ မရှိလို့ ရပ်ကွက်ထဲမှာ တောင်းရမ်းစားသောက်နေရတယ် ။ အစကတော့ ဒီရပ်ကွက်ထဲက ကိုသိန်းတိုး ဆိုတဲ့လူ အိမ်မှာ နေတယ် ။ ကိုသိန်းတိုး က ကျွေးမွေးထားတယ် ဆိုပါတော့ ။ ကိုသိန်းတိုး နဲ့ ဒေါ်စံမယ် က တူဝရီးတစ်ဝမ်းကွဲ တော်သေးတယ်လို့ ပြောကြတယ် ။
ကိုသိန်းတိုး တို့ လင်မယားက တရုတ်တန်းဈေးမှာ အဝတ်စတွေ ၊ အထည်တွေ ရောင်းတဲ့သူပါ ။ ဆိုင်က သိပ်ကြီးကြီးကျယ်ကျယ် မဟုတ်လို့ ပိုပိုလျှံလျှံကြီး မရှိလှပေမယ့် စားနိုင်သောက်နိုင်သူတွေပါပဲ ။ ဒေါ်စံမယ်ကြီး ကို သနားလို့ ကျွေးထားမယ် ဆိုရင် တင်ကျွေးထားနိုင်တဲ့ သူတွေပေါ့ ။
ဒါပေမမယ့် ကိုသိန်းတိုး မိန်းမ မစိန်ဌေး က အစကတည်းက သိပ်ကြည်ဖြူတာ မဟုတ်ဘူး ။ အဘွားကြီးကို ဝတ်ကြီးဝတ်ငယ်ပြုစုရတာကို စူအောင့်စူအောင့်နဲ့ ။ မစိန်ဌေး လို မိန်းမမျိုးက ယောက္ခမအရင်းတောင် မဖြစ်ရင်သာ ပြုရမှာ ။ ခုလို ကိုသိန်းတိုး နဲ့ တူအရီးတစ်ဝမ်းကွဲလောက် ကိုတော့ ဘယ် ဂရုစိုက်လိမ့်မလဲ ။ ဒီအထဲက အဘွားကြီးက အသက်ကလေး နဲနဲ ရလာပြီး သူငယ်ပြန် သလိုလို ဖြစ်လာတော့ ပိုဆိုးတယ် ။ အဲဒီလိုနဲ့ အဘွားကြီးလည်း နောက်တော့ ရပ်ကွက်ထဲမှာပဲ သူ့ဘာသူ ဆင်းဆင်းရဲရဲ တောင်းရမ်းစားရတယ် ။ အိပ်တော့ ရပ်ကွက်ဓမ္မာရုံ ထဲမှာပဲ ။
ဒီဒုက္ခတွေကို သိလို့ ကျုပ်မိန်းမက ...
“ သေသွားလည်း ဝဋ်ကျွတ်သွားတာပေါ့လေ ” လို့ ပြောခဲ့တာ နေမှာပါ ။
ဒါပေမယ့် ကျုပ်ကတော့ မသေစေချင်ပါဘူး ။ ဝဋ် ဆိုတာ မကျွတ်တာ နောက်ထား ။ သေရမှာတော့ လူတိုင်း ကြောက်ကြတာချည်းပဲ ။ မဟုတ်ဘူးလား ။
••••• ••••• •••••
( ၂ )
ကနေ့ မနက် ဆိုင်ဖွင့်ဖို့ ကျုပ် အိမ်က ထွက်ခဲ့တော့ လမ်းမှာ ကိုသိန်းတိုးတို့ လင်မယားကို ဆိုက္ကားနဲ့ တွေ့လိုက်တယ် ။ ဒေါ်စံမယ်ကြီး ကို ပြုစုဖို့ ဆေးရုံသွားကြတာနေမှာပဲလို့ တွေးမိတယ် ။ ကျုပ် ဆေးရုံကို မရောက်ဖြစ်သေးလို့ လူနာ အခြေအနေ မေးရဦးမယ်လို့ စိတ်ကူးမိလိုက်တယ် ။
ဒါပေမယ့် သူတို့ ကြည့်ရတာ ဆေးရုံကို သွားတဲ့ပုံမျိုး မဟုတ်ဘူး ။
ကိုသိန်းတိုး ရော သူ့မိန်းမ ရော ဝတ်စားထားတာ ကြော့မော့နေတာပဲ ။ သူ့မိန်းမ မစိန်ဌေး မျက်နှာမှာ လိမ်းထားလိုက်တဲ့ သနပ်ခါးကလည်း ဖွေးလို့ ၊ သူတို့ ဘာသာသူတို့ ဆိုင်ဖွင့်ဖို့ သွားကြတာ ဖြစ်မယ် ။ ဆိုက္ကားပေါ် မှာလည်း အင်္ကျီ ပိတ်စတွေ ထည့်ထားတဲ့ အထုပ်တွေနဲ့ ။
ဟုတ်ပါပြီ ။ သေချာပါတယ် ။ သူတို့ ဆိုင်ဖွင့်ဖို့ သွားတာပဲ ။
ကြည့်စမ်း ... ဘယ်လောက် ရွံမုန်းစရာ ကောင်းလိုက်သလဲ ။
သူတို့မှာ မေတ္တာတရား ၊ အကြင်နာတရားဆိုတာ ရှိမှ ရှိသေးရဲ့လား လို့လည်း တွေးမိတယ် ။ ဒီလောက် ကရုဏာတရား ခေါင်းပါးပြီး လူမဆန်တဲ့ သူတွေကို ကျုပ် မတွေ့ဖူးသေးဘူး ။
သူတို့က ဆိုက္ကားနဲ့ ၊ ကျုပ်က ခြေကျင် ။ မျက်နှာချင်းဆိုင် တွေ့ကြပေမယ့် နှုတ်မဆက်ချင်တော့တာနဲ့ ကျုပ်လည်း နှုတ်မဆက်တော့ပါဘူး ။ အစကတော့ “ လူနာ အခြေအနေ ဘယ့်နှယ်လဲ ၊ ဘယ်လို နေသေးသလဲ ” လို့ မေးမလို့ပါ ။ ဒါပေမယ့် သူတို့ ကိုယ်တိုင်က ဆေးရုံကို ရောက်ဖို့ နေနေသာ ဒေါ်စံမယ်ကြီး ကားတိုက်တဲ့ကိစ္စ သူတို့ ခေါင်းထဲ လုံးဝ မရှိတဲ့ပုံ ဆိုတော့ မေးနေ လည်း အပိုပဲ ။
တမင် တွေးနေတာ မဟုတ်ပေမယ့် တစ်လမ်းလုံး ကျုပ်ခေါင်းထဲမှာ သူတို့ အကြောင်းပဲ ရှိနေတယ် ။ ကိုယ့်အဒေါ် တစ်ယောက်လုံး နေ့သေမလား ညသေမလား ဖြစ်ပြီး ဒဏ်ရာကြီးနဲ့ လဲနေတဲ့ အချိန်မှာတောင် ဒီလောက် ရက်ရက်စက်စက် လျစ်လျူရှုထားနိုင်တာကို ကျုပ် ဖြင့် အံ့သြလို့ မဆုံးဘူး ။ ဒေါ်စံမယ်ကြီး ကို သနားတာနဲ့ အမျှ ကိုသိန်တိုး တို့ လင်မယား အပေါ် ဒေါသဖြစ်လာမိတယ် ။
ကျုပ် ဆိုင်မှာလည်း ဒီအကြောင်းပဲ ပြောနေကြတာပဲ ။ ကျုပ်ဆိုင်က ကွမ်းယာဆိုင် ဆိုတော့ လူစုံတယ် ။ အရပ်ထဲက လူတော်တော်များများဟာ အားနေရင် ကျုပ် ဆိုင်ရှေ့က ခုံတန်းမှာ လာထိုင်ပြီး စပ်မိစပ်ရာတွေ ပြောကြတယ် ။ မနက်ပိုင်းနဲ့ ညနေပိုင်း ဆိုရင် လူငယ်လူရွယ်တွေ အလာများပြီး နေ့လည်နေ့ခင်း ဆိုရင် လူကြီးတွေ လာထိုင်ကြတယ် ။
ကျုပ် ဆိုင်က လမ်းထိပ်မှာ ဖွင့်ထားတာ ဆိုတော့ ဆိုက္ကားဂိတ်လည်း ဟုတ်တယ် ။ ဒါကြောင့် ကျုပ် ဆိုင်မှာ လူစုံသလို စကားလည်း စုံတယ် ။ ရပ်ကွက်ထဲမှာ တစ်ခုခု မဖြစ်လိုက်နဲ့ ဖြစ်လိုက်ပြီ ဆိုတာနဲ့ သတင်းက ရောက်လာပြီ ။ သတင်းကလည်း အစုံပဲ ။ ရပ်ကွက်ထဲမှာ ဘယ်အိမ်က ဘုရားပွဲကြေး မထည့်တာက အစ ၊ ဘယ်သူ့သမီး လင်နောက် လိုက်ပြေးတာ အလယ် ၊ ဘယ်သူ့ မိန်းမ ဘယ်အဝှာနဲ့ ဖောက်ပြန်နေတယ် ဆိုတာ အဆုံး ။ မကြားချင် အဆုံးပဲ ။
ကနေ့တော့ အားလုံး ဒေါ်စံမယ်ကြီး ကားတိုက်တဲ့ အကြောင်းကိုပဲ ပြောနေသံ ကြားရတယ် ။ အားလုံးလိုလိုကတော့ ဒေါ်စံမယ်ကြီး ကို သနားတာ နဲ့အမျှ ကိုသိန်းတိုးတို့ လင်မယားကို စက်ဆုပ်ရွံရှာကြတာပါပဲ ။ လူနာရှင် ကိုသိန်းတိုး တို့ကသာ ဆေးရုံကို မရောက်ပေမယ့် ဒေါ်စံမယ်ကြီး ကို သနားတာ နဲ့ ရပ်ကွက်ထဲက လူအချို့ကတော့ ဆေးရုံ ရောက်ကြတယ် ။ ဒေါ်စံမယ်ကြီး အခြေအနေ ကတော့ မကောင်းလှဘူးတဲ့ ။ သတိပြန်မလည်သေးဘူး ဆိုပဲ ။
ညနေမှာပဲ ဒေါ်စံမယ်ကြီး ဆုံးပြီ ဆိုတဲ့ သတင်းကို ကြားရတယ် ။
ဒီသတင်းကို မျှော်လင့်ထားပြီး ဖြစ်ပေမယ့် တကယ်တမ်း ကြားရပြီ ဆိုတော့ ကြားရတဲ့ သူတိုင်း စုတ်တသပ်သပ်နဲ့ ဒေါ်စံမယ်ကြီး အတွက် စိတ် မကောင်းကြဘူး ။ မသေခင်ကလည်း ဆင်းဆင်းရဲရဲ ၊ သေတော့လည်း ဆင်းဆင်းရဲရဲမို့ သနားကြတယ် ။ လူမဆန်တဲ့ ကိုသိန်းတိုး တို့ လင်မယားကိုပဲ အကြင်နာတရား ခေါင်းပါးလွန်းလှတယ်ဆိုပြီး အပြစ်တင်ကြ ၊ နှာခေါင်းရှုံ့ကြတယ် ။
ကျုပ် မိန်းမကတော့ မနေ့က သူပြောခဲ့တဲ့ အတိုင်းပဲ ကနေ့လည်း ပြန်ပြီး ကောက်ချက်ချတယ် ။
“ အင်းလေ ... ကြီးတောင့်ကြီးခါမှ အစားဆင်းရဲ ၊ အနေဆင်းရဲနဲ့ ဒုက္ခ ခံနေရတာနဲ့စာရင် သေသွားတာက ဝဋ်ကျွတ်သွားတာပေါ့ ”
••••• ••••• •••••
( ၃ )
မနေ့ညနေက ဒေါ်စံမယ်ကြီး ဆုံးတယ်ဆိုတဲ့ သတင်းကြားရပေမယ့် ယနေ့ညနေ အထိ အလောင်းကို ဆေးရုံက ပြန်သယ်လာတာ မတွေ့သေးဘူး ။ ဒေါ်စံမယ်ကြီးကို သနားလို့ အသုဘရှု သွားချင်တဲ့သူတွေ ၊ သတင်းမေးချင်တဲ့ သူတွေတောင် ဘယ်သွားလို့ သွားရမယ် ၊ ဘယ်မေးလို့ မေးရမယ် မသိဘူး ။ ကိုသိန်းတိုးတို့ လင်မယား ကြည့်တော့လည်း ဘာသိဘာသာပဲ ။ အလုပ် မပျက် ၊ အကိုင် မပျက် ။
ကျုပ်အနေနဲ့လည်း အသုဘ လောက်တော့ လိုက်ပို့ချင်ပါသေးတယ် ။ ဒေါ်စံမယ်ကြီး ကားတိုက် မခံရခင်ကဆို ကျုပ် ကွမ်းယာဆိုင်ကို နေ့လယ်တိုင်း ပိုက်ဆံ တောင်းနေကျ ။ ကျုပ်လည်း ကျုပ် တတ်နိုင်သလောက် ဆယ်ပြား ၊ တစ်မတ် ထည့်လိုက်တာပဲ ။ နေ့တိုင်း တွေ့မြင်နေကျမို့ ကျုပ်လည်း သူ့အတွက် ဘယ်စိတ်ကောင်းနိုင်ပါ့မလဲ ။ နောက်ပြီး အသုဘပို့တယ် ဆိုတာ ကျန်ရစ်သူတွေက သေတဲ့သူ အတွက် နောက်ဆုံး ပို့ဆောင် နှုတ်ဆက်ရတဲ့ အလုပ် မဟုတ်လား ။
ဒါပေမယ့် တစ်ညနေ ကုန်လို့ ဒီနေ့ မနက်သာ ရောက်လာတယ် ။ ဘာသတင်းမှ ထူးမကြားရဘူး ။ အရပ်ထဲက တခြားသူတွေ အသုဘ လို အသုဘရှု ဖိတ်စာ ဆိုတာကတော့ ဝေးပါသေးတယ် ။
“ ကွမ်းယာ နှစ်ယာလောက်ဗျာ ...”
တွေးနေတုန်း ဆရာလေးကိုအေးဖေ ကျောင်းသွားရင်း ကွမ်းယာဝင် ဝယ်တာနဲ့ ကျုပ်အတွေးစ ပြတ်သွားတယ် ။ ဆရာလေးကိုအေးဖေ ဆိုတာ ကျုပ်တို့ အရပ်ထဲကပါပဲ ။ မူလတန်းပြ ဆရာပါ ။ ကွမ်းကြိုက်တတ်လို့ ကျုပ် ဆိုင်ကနေ နေ့တိုင်း ကွမ်းယာ ဝယ်စားနေတဲ့ ကျုပ်ဖောက်သည် တစ်ယောက် ဆိုပါတော့ ။ ရပ်ရေးရွာရေး စိတ်ဝင်စားပြီး ဦးဆောင်ဦးရွက် ပြုတတ်တဲ့သူပါ ။
“ အလောင်းက ရင်ခွဲရုံမှာ ထားလို့ နေမှာပေါ့တော် ။ တချို့လည်း အိမ်ပြန် သယ်မနေဘဲ အဲဒီကနေ သင်္ချိုင်း တန်းချကြတာပဲ မဟုတ်လား ။ လိုက်ပို့ချင်တဲ့ သူတွေ အဲဒီကနေ လိုက်ပို့ပေါ့ ”
ဆရာလေးကိုအေးဖေကို ကွမ်းယာ ယာပေးနေတုန်း ဆိုင်ကို ဆေးလိပ် လာဝယ်နေတဲ့ မိန်းကလေး တစ်ယောက်နဲ့ ကျုပ်မိန်းမတို့ ပြောနေတာကို ကြားရတယ် ။
“ ဘာလဲဗျ ၊ ဒေါ်စံမယ်ကြီးလား ”
ကျုပ် ကမ်းပေးလိုက်တဲ့ ကွမ်းယာယူရင်း ဆရာလေးကိုအေးဖေက ကျုပ် မိန်းမဘက် မေးဆက်ပြီး မေးလိုက်တယ် ။
“ သူ့အလောင်းက တာဝန်ယူပြီး ချမယ့် ပိုင်ရှင် မရှိလို့ ဆေးရုံကနေ တစ်ဆင့် ဆေးကျောင်းကို လွှဲပေးလိုက်တယ်ဗျ ။ ဆေးကျောင်းသားတွေ ခွဲစိတ်လေ့လာဖို့ပေါ့ဗျာ ။ အဘွားကြီးအလောင်းက ပိုင်ရှင်ကို မရှိဘူး ။ ကိုသိန်းတိုး ကလည်း တာဝန်မယူဘူးလေ ”
ဆရာလေးကိုအေးဖေ က ပြောလိုက်တယ် ။ သူကတော့ ကျောင်းဆရာ ဆိုတော့ မျက်စိကျယ် ၊ နားကျယ်တယ် မဟုတ်လား ။ ကျုပ်တို့ ထက် အကြားအမြင် ဗဟုသုတ များတာပေါ့ ။
“ ဟင် ... အဲဒီလိုဆို သရဏဂုံလေး ဘာလေးတောင် မတင်ရတော့ဘူးပေါ့ ။ ကိုယ့်တူသား တစ်ယောက်လုံး ရှိပါရက်နဲ့ သေတာတောင်မှ လူလို မသေရဘဲ ခွေးသေဝက်သေ သေရသေးတယ်နော် ”
ဆေးလိပ် လာဝယ်တဲ့ မိန်းမကြီးက စုတ်တသပ်သပ်နဲ့ ပြောတယ် ။
“ အေးပေါ့ဗျာ ၊ လောဘမောဟတွေ ပိတ်ဖုံး နေတော့လည်း လူတွေမှာ အကြင်နာတရားတို့ ၊ ကရုဏာတရားတို့ မရှိကြတော့ဘူးပေါ့ ။ ဒီလောက်ထိ မြင်နေဖို့တော့ မကောင်းဘူးပေါ့ဗျာ ။ ကိုယ့်အဒေါ် တစ်ယောက်လုံးပဲ ဥစ္စာ ၊ အသုဘကိစ္စ လောက်ကတော့ မသာအိမ်ဖဲဝိုင်း ထောင်တာနဲ့ ရပါတယ် ”
ဆရာလေးကိုအေးဖေ ထွက်သွားပြီး အထိ ကျုပ်တို့ ဒီအကြောင်းပဲ ဆက်ပြောဖြစ်ကြတယ် ။ ကိုသိန်းတိုးတို့ လင်မယားကို တစ်ရပ်ကွက်လုံးက အော့နှလုံး နာနေကြတယ် ။
“ မသကာဗျာ ၊ အသုဘစရိတ် ကုန်မှာမို့ သူ မချချင်တောင် အလောင်းပိုင်ရှင်အမည်ခံပြီး ဆေးကျောင်း လှူလိုက်ရင် ဖြစ်တဲ့ဥစ္စာ ။ ဒါဆို ဘယ်သူက ကဲ့ရဲ့မှာလဲ ။ အဲလို လှူလိုက်ရင် သတင်းစာထဲတောင် ပါချင် ပါဦးမှာ ။ ခုဟာက အလောင်းပိုင်ရှင်အမည်တောင် မခံဘူး ။ ဒီလူက တကယ့် ကို အတ္တသမားဗျ ။ သူ့အတွက် အကျိုး မရှိရင် ဘာမှမလုပ်ဘူး ”
ကျုပ်ဆိုင်ဘေး ဗာဒံပင်ရိပ်မှာ ဆိုက္ကားထိုးထားတဲ့ ဆိုက္ကားဆရာ ကိုဖိုးအောင် က ပြောလိုက်တယ် ။ ဟုတ်တယ် ။ တကယ်လည်း ကိုသိန်းတိုး တို့ လုပ်ပုံ လူမှ မဆန်ဘဲ ။
••••• ••••• •••••
( ၄ )
ပြန်မထတာ ကြာပြီဖြစ်တဲ့ လေနာရောဂါ ပြန်ထလို့ ညက မအိပ်ရဘူး ။ ဘယ်လူးညာလိမ့်နဲ့ တစ်ညလုံး လှိမ့်အော်နေရတယ် ။ ဂျဲလမက် ဆေးပြား နှစ်ပြား သောက်လိုက်မှ တစ်ဖြည်းဖြည် သက်သာလာပြီး နေသာ ထိုင်သာ ရှိလာတယ် ။ လမ်းထိပ်ကင်းတဲဆီက မနက်သုံးနာရီ သံချောင်းခေါက် ပြီးမှ မှေးကနဲ အိပ်ပျော် သွားတယ် ။ ဒါကြောင့် ဒီနေ့မနက် ကျုပ် နိုးတော့ ဆယ်နာရီတောင် ထိုးပြီးနေပြီ ။ နေလည်း ခပ်ကျဲကျဲ ပူနေပြီ ။ ကျုပ်မိန်းမ တောင် ဆိုင်သွားဖွင့်ပြီမို့ မရှိတော့ဘူး ။ ဒါကြောင့် ကျုပ်လည်း ခပ်သုတ်သုတ် မျက်နှာသစ်ပြီး ဆိုင်ဘက် ထွက်လာခဲ့တယ် ။
ကျုပ် လမ်းပေါ် ရောက်တော့ ကိုသိန်းတိုး တို့ အိမ်မှာ လူတွေ ရုတ်ရုတ် သဲသဲနဲ့ ဆူညံနေတာ တွေ့ရတယ် ။ အိမ်ရှေ့မှာလည်း အလောင်းကို ခုတင် တစ်လုံးနဲ့ ပြင်လို့ ။ အရပ်ထဲက လူငယ်တစ်ချို့က မဏ္ဍပ်ထိုးဖို့ တိုင်စိုက်ရအောင် အိမ်ရှေ့မှာ ကျင်းတူး နေကြတယ် ။
ရုတ်တရက် ကျုပ် မျက်စိကို တောင် ကျုပ် မယုံသလိုဖြစ်ပြီး ပွတ်ကြည့်မိတယ် ။ ကျုပ် ကိုသိန်းတိုးတို့ အိမ်ရှေ့ အရောက် “ အောင်မလေး ... အရီးရဲ့ ကျုပ်တို့ကို ပစ်သွားပြီလား .. အရီး ဆင်းဆင်းရဲရဲ သေသွားရတာ ကျုပ်တို့ကြောင့် ဟောဒီ အမိုက်မကြောင့် ... ဟီး ဟီး ” ဆိုတဲ့ အော်ငိုသံကို ကြားလိုက်ရတယ် ။ ကိုသိန်းတိုးမိန်းမ မစိန်ဌေး ရဲ့ အသံပါ ။
ရုတ်တရက် ကျုပ် နားမလည်နိုင်အောင် ဖြစ်သွားတယ် ။ အဖြစ်အပျက် အပြောင်းအလဲတွေက မြန်ဆန်လွန်းလှတော့ ဘယ်လိုလုပ်ပြီး ကျုပ် နားလည်တော့မှာလဲ ။ မနေ့ကမှ သူတို့က တာဝန်မယူနိုင်ဘူးဆိုလို့ ဆေးရုံက ဆေးကျောင်းကို လွှဲပြောင်းပေးလိုက်ရတယ်လို့ ဆရာလေးကိုအေးဖေက ပြောသွားတယ် မဟုတ်လား ။
“ ဒေါ်စံမယ်ကြီးအလောင်း ပြန်သယ်လာပြီလေ ... တွေ့ခဲ့တယ် မဟုတ်လား ”
ဆိုင်ရောက်ရောက်ချင်းပဲ ကျုပ်မိန်းမက ဆီးမေးတယ် ။ ကျုပ် သိချင်တာတွေ မေးမယ် အလုပ်မှာ ကျုပ်မိန်းမက ဆက်ပြောလိုက်တယ် ။
“ ဆေးကျောင်းကို လွှဲပေးပြီးလို့ ဟိုက ပြန်ယူခွင့် မပေးဘူးတဲ့ ။ အဲဒါ မနည်းတောင်းပန်ပြီး ယူခဲ့ရတယ်လို့ ပြောတယ် ”
“ နေပါဦး ။ အစတုန်းက သူတို့ပဲ တာဝန်မယူလို့ ဆေးကျောင်းကို ပို့လိုက်ရတာ မဟုတ်လား ။ ခုမှ ဘယ်လိုဖြစ်တာလဲ ”
ကျုပ် အသိချင်ဆုံး မေးခွန်းကို မေးလိုက်တယ် ။ ကျုပ် နားမလည်နိုင်တာက ဒါပဲ ။ ဟိုတုန်းကတော့ လုံးဝ ပစ်ထားပြီးမှ ဒီလောက် မြန်မြန်ဆန်ဆန်ကြီး ပြောင်းလဲသွားတာကို အံ့သြမိလို့ပါ ။
“ သူတို့လဲ စိတ်ပြောင်းသွားလို့ နေမှာပေါ့တော် ... ။ ဘေးပတ်ဝန်းကျင်က အားလုံး ဝိုင်း ကဲ့ရဲ့ကြတော့လည်း သူသူကိုယ်ကိုယ် ဘယ်နေသာ ပါတော့မလဲ ။ လူမြင် ကောင်းအောင်တော့ လုပ်တော့တာပေါ့ ။ သူတို့ကိုက လိုလို့ပါတော် ။ ဒီအသုဘ စရိတ်ကလေးကို မြင်နေလို့ ။ ဆရာလေးကိုအေးဖေ မနေ့က ပြောသလို အသုဘစရိတ်လောက်ကတော့ မသာအိမ် ဖဲဝိုင်းထောင်ရုံနဲ့ ရပါတယ် ”
ဒေါ်စံမယ်အသုဘကို နှစ်ရက်ထားတယ် ။ အများ မျှော်လင့်ထား သလို ဖဲဝိုင်းမခံပါဘူး ။ အရပ်ထဲက တချို့တလေက အသုဘစရိတ် ရအောင် ဖဲဝိုင်းခံဖို့ ကိုသိန်းတိုး ကို ဝိုင်းတိုက်တွန်းကြတာတောင် ကိုသိန်းတိုး က ငြင်းလိုက်တယ်လို့ ကြားရတယ် ။ “ ဖဲဝိုင်းခံလို့ ရတဲ့ ငွေနဲ့တော့ ကျုပ်အရီးလေးကို မသင်္ဂြိုဟ်ချင်ပါဘူးဗျာ ” လို့တောင် ပြောတယ်ဆိုပဲ ။
ဖဲဝါသနာပါတဲ့ လူတစ်ချို့ကိုတောင် ကိုသိန်းတိုး က ဝိုင်းမဖွဲ့ဖြစ်အောင် တောင်းပန်ထားတယ်တဲ့ ။ အကူမခံဘူး လုပ်နေလို့တောင် ဒီလောက်တော့ လက်ခံပါလို့ ဝိုင်းပြောကြတယ်ဆိုပဲ ။
အပြောင်းလဲကြီး ပြောင်းလဲသွားတဲ့ ကိုသိန်းတိုး ကို အားလုံးက ဝိုင်းပြီး ချီးမွမ်းကြတယ် ။ အသုဘ လာမေးကြတဲ့ မိန်းမအချင်းချင်းတောင် လက်တို့ပြီး “ ဒီလို ဆိုတော့လည်း မဆိုးရှာပါဘူးအေ ” လို့ ပြောယူရတယ်တဲ့ ။
အသုဘချတော့လည်း စည်စည်ကားကားပါပဲ ။ တစ်ရပ်ကွက်လုံးက ဒေါ်စံမယ်ကြီးကို သနားနေကြတာ ဆိုတော့ တော်တော်များများ လိုက်ပို့ ကြတယ် ။ ကားတန်းကြီးကို အရှည်ကြီးပဲ ။ ကျုပ်တို့တောင် အဲဒီနေ့က ညနေပိုင်း ဆိုင်ပိတ်ပြီး လင်ရောမယားရော လိုက်ပို့ဖြစ်ကြတယ် ။ ဒေါ်စံမယ်ကြီးရဲ့ နောက်ဆုံး ခရီးလည်းဖြစ် ၊ “ မသာ တစ်ခေါက် ကျောင်း ဆယ်ခေါက် ” ဆိုသလို တရားသံဝေဂလေးလည်း ယူရင်း ဆိုပါတော့ ။
••••• ••••• •••••
( ၅ )
ခုတော့လည်း ဒေါ်စံမယ်ကြီး ဆုံးတာ ရှစ်လ ကျော်ပါပြီ ။
“ ဗမာဆေးနဲ့ ကွမ်းနှစ်ယာလောက်ဗျာ ”
ဆရာလေးကိုအေးဖေ ကျောင်းက အပြန် ကွမ်းယာဝယ်တာနဲ့ ယာပေးနေတုန်း ကျုပ်ဆိုင်ရှေ့က လူတစ်ယောက် ဆိုင်ကယ် တဘုတ်ဘုတ် စီးသွားတာနဲ့ လှမ်းကြည့်မိတယ် ။ ကျုပ်တို့လို ဆင်ခြေဖုံးရပ်ကွက်မှာ ဆိုင်ကယ် စီးတဲ့ လူက ရှားတာကိုး ။ နောက်ပြီး ခုဆိုင်ကယ်က တော်တော်သစ်သေးတဲ့ “ ဟွန်ဒါ ” အရောင်ခပ်လတ်လတ်ရှိသေးတယ် ။ စီးသွားတဲ့ လူကို မြင်လိုက်တော့ ကျုပ် ပိုအံ့သြသွားတယ် ။
“ ဆိုင်ကယ်သံ ကြားလို့ ဘယ်သူများလဲလို့ အောက်မေ့တယ် ။ ကိုသိန်းတိုး ကိုး ဆရာ ရဲ့ ။ ဒီလူ့ အထည်ဆိုင်လေးက ကြည့်တော့သာ ဘာမှ မဟုတ်တယ် ၊ ဆိုင်ကယ်တွေ ဘာတွေတောင် စီးလို့ပါလား ”
ကျုပ် တအံ့တသြ ပြောလိုက်မိတယ် ။
ကျုပ် ကသာ တအံ့တသြ ပြောလိုက်ပေမယ့် ဆရာလေးကိုအေးဖေ ကတော့ အံ့သြတဲ့ပုံ မရှိပါဘူး ။ သူ ပြန်ပြောလိုက်တဲ့ စကားကြောင့်သာ ကျုပ် ပါးစပ် အဟောင်းသားနဲ့ “ ဟင် ” ခနဲ ဖြစ်သွားရတယ် ။
“ ဆိုင်ကယ်နဲ့ ဘာနဲ့ ဖြစ်မှာပေါ့ဗျာ ။ ဒေါ်စံမယ်ကြီး ကားတိုက်လို့ ဆုံးသွားတာနဲ့ ပတ်သက်ပြီး အစိုးရဆီက အသက်အာမခံကြေး တစ်သောင်း ရလိုက်တယ်လေ ။ တိုက်တဲ့ ကားသမားဆီကလည်း လျော်ကြေးငွေ ရှစ်ထောင် ရလိုက်သေးတယ် ။ ဒီလူက ဒါတွေ မြင်လို့ ဆေးကျောင်း ရောက်ပြီးမှ ဒေါ်စံမယ်ကြီး အလောင်းကို အတင်း ပြန်ယူပြီး အသုဘပိုင်ရှင် လုပ်လိုက်တာ ဗျ ။ နို့မို့ဖြင့် ဝေးပါသေး ”
▢ ကျော်စွာထက်
📖 သဘင် မဂ္ဂဇင်း
၁၉၈၅ ၊ ဧပြီလ
No comments:
Post a Comment