❝ သူရဲကောင်းလေး ဂိုဇင် ❞
( ပုံပြင် )
ဟိုရှေးလွန်ခဲ့သော နှစ်ပေါင်း ခုနစ်ရာကျော်က တူရကီလူမျိုးတွေဟာ ခရစ်ယာန်တွေကို စစ်ဖက်လို့ စစ်ကြီး အကြီးအကျယ် ဖြစ်ပွားခဲ့တယ် ။ ခရစ်ယာန်တွေဟာ သူတို့ရဲ့ ဘူမိနက်သန် မည်တဲ့ ပါလက်စတိုင်းနယ်မြေကတောင် တိုက်ထုတ် ခံခဲ့ရရှာတယ် ။ ဒီတော့ ခရစ်ယာန်တွေဟာ သူတို့ရဲ့ဘာသာကို ကိုယ်စားပြုတဲ့ အလံတော် အတွက် အဖွဲ့လိုက် စုပေါင်းလာကြရတယ် ။ စိန့်ဂျုန်းသူရဲကောင်းအဖွဲ့လည်း ပါတာပေါ့ ။ ဒီစိန့်ဂျုန်းသူရဲကောင်းတွေဟာ မြေထဲပင်လယ် အရှေ့ပိုင်း ရုဒ် ( စ ) ကျွန်းငယ်လေးပေါ် ဆုတ်ခွာပြီး အဲဒီမှာ ခံတပ်တွေ ၊ ဆေးရုံတွေ ၊ တိုက်လှေ ၊ တိုက်သင်္ဘောတွေ ၊ သင်္ဘောဆိပ် ဆောက်လို့ ခုခံ တိုက်ခိုက်နေသတဲ့ ။
တူရကီတွေ ကလည်း မြေပေါ်မှာ အနိုင်ကျင့် ရတာပဲ အားမရဘူး ။ ရေထဲ အထိ ပင်လယ်ဓားပြ အသွင်ပြောင်း ဆိုးသွမ်း နေကြတယ် ။ ခရစ်ယာန်သင်္ဘောသားတွေ ဖမ်းသ,တ် ၊ ကျွန်ပြုနဲ့ပေါ့ ။ ဒါကို စိန့်ဂျုန်းသူရဲကောင်းတွေက ဘာသာကို ကိုယ်စားပြုတဲ့ အဖျားချွန်ရှစ်ခုနဲ့ ကြက်ခြေတံဆိပ်ပါ အလံဆောင်ပြီး ထွက်ရောက် ကူညီကယ်တင် နေလိုက်ရတာ ပင်လယ်တွင်းမှာ ဒီအလံကို မြင်ရတယ် ဆိုရင်ပဲ အတိုက်ခံနေရတဲ့ ခရစ်ယာန်တွေဟာ ကယ်တင်ရှင်ကြီး လာပြီ ရယ်လို့ အားရဝမ်းသာ ဖြစ်လာရတဲ့ အထိပဲ ကျော်ကြားလာရသတဲ့ကွယ် ။
ဒါပေမယ့် ရုဒ် ( စ ) ကျွန်းလေးမှာ ရှိတဲ့ သူရဲကောင်းတို့ကို အုပ်ချုပ်ရာ ဘိုးတော်ရဲ့နန်းမ ကနေ သုံးမိုင်ကွာ စိန့်စတီဖင် တောင်ကုန်း အောက်ရှိ နောက်ကျိနေတဲ့ အိုင်တစ်အိုင်မှာ သောင်းကျန်းနေတဲ့ သတ္တဝါဆိုးကြီးဟာ ဒီကျွန်းနေ ခရစ်ယာန်တွေရဲ့ သိုး ၊ ဆိတ်တွေကိုသာ ဖမ်းဆီး စားသောက်နေတာ မဟုတ်ဘူး ။ ဆိတ်တွေ ရေချလာတဲ့ လူကြီးသူငယ်တွေကိုပါ မကြာခဏ ကိုက်ခဲ စားသောက်ပစ်သတဲ့လေ ။
နှိမ်နင်းသတ်ဖြတ်ပစ်ဖို့ကလည်း သတ္တဝါဆိုးကြီးရဲ့ ကျောရေပြားက သံတွေခဲလို မာနေလို့ ဓားနဲ့ ထိုးခုတ်မရနိုင်ဘူး ။ သူ့အမြီး တစ်ချက်နဲ့ပဲ လူတွေလည်း စင်ပြီး ပြတ်သ,တ်ကိုက် စားခံရတာပဲတဲ့ ။ ဘယ်လို မိကျောင်းမျိုး ဆိုတာကို မသိကြဘူး ။ သေနတ်လည်း မပေါက်နိုင်ဘူးတဲ့ ။
သူရဲကောင်းတွေက ဒီသတ္တဝါဆိုးကြီးကို သ,တ်ရမယ့် အစား သတ္တဝါဆိုးကြီး ကပဲ နှိမ်နင်းလာတဲ့ သူရဲကောင်းတွေကို တစ်ယောက်ပြီး တစ်ယောက် သ,တ်ဖြတ် စားသောက်ပစ် လိုက်တာ စိန့်ဂျုန်း သူရဲကောင်းတွေတောင်တော်တော် ဆုံးပါးကုန်ပြီပေါ့ ။
စိန့်ဂျုန်းသူရဲကောင်းများ အကြီးချုပ် ဘိုးတော် ကတောင် သူရဲကောင်းတွေဟာ မိကျောင်းကြီး နှိမ်နင်းရန် မဟုတ်တော့ တူရကီများ ကိုသာ တိုက်ရတော့မည်လို့ မိန့်မှတ်လိုက်ရတော့တယ် ။
ဒါကြောင့် မှီတင်း နေကြတဲ့ လူအများဟာ နေ့စဉ်နဲ့အမျှ ကလေးများ နဲ့ သိုး ၊ ဆိတ်တွေ ကိုက်စား ခံနေရလို့ စိတ်မကောင်းနိုင် ဖြစ်နေရသော်လည်း အကြီးချုပ် ဘိုးတော် ရဲ့ အမိန့် ကို မလွန်ဆန်နိုင်ကြဘူး ။ သူရဲကောင်း အဖြစ် ဝင်ရောက်ပြီးတဲ့ လူတွေကလည်း အကြီးချုပ် ဘိုးတော်ရဲ့ အမိန့်ကို နာခံရမှာအဓိက ၊ နာခံပါမည်လို့ သစ္စာအခိုင်အမြဲ ဆိုထားရတော့ ခက်နေတာပေါ့ ။ နှိမ်နင်းမယ့်သူ ဘယ်သူမှ မရှိတော့ဘူးပေါ့ ။
ဒီတော့ သတ္တဝါဆိုးကြီးကို တစ်ခါ နှိမ်နင်းခွင့် ရသော်လည်း မထိရောက်ခဲ့တဲ့ အပြင် ကိုယ့်အသက် ကိုပင် ကိုယ် အတော် ရုန်းလာခဲ့ရတဲ့ ဒွိုက်ဒုန်းဒီဂိုဇင် လို့ခေါ်တဲ့ စိန့်ဂျုန်းအဖွဲ့ဝင် သူရဲကောင်းလေးဟာ ရှက်လာတယ် ။ သတ္တဝါဆိုးကြီးကို ဒုတိယအကြိမ်မြောက် နှိမ်နင်းခွင့် လိုချင်လာတယ် ၊ အကြီးတော်ချုပ်ကြီး ကလည်း ခွင့်မပြုဘူး ။ နာခံမှုတရား ရှိရမယ် ဆိုတာ ကိုလည်း သူ သိပါတယ် ။ ဒါပေမယ့် သူသာ ဒီသတ္တဝါဆိုးကြီးကို နှိမ်နင်းသ,တ်ဖြတ်ပစ်နိုင်မယ်ဆိုရင် အကြီးတော်ချုပ်ကြီးက သူ့ကို အမျက်တော် ထားမှာ မဟုတ်ဘူးလို့ သူထင်သတဲ့ ။
တကယ်လည်း ဂိုဇင် က သူ့ဆန္ဒကို မဖော်ဘဲ ခဏခေတ္တ အနားယူနေနိုင်ရန် ပြင်သစ် ပြည် ပြန်ခွင့် တောင်းခဲ့တယ် ။ အကြီးတော်ချုပ်ကြီး ကလည်း ခွင့်ပြုလိုက်တယ် ။
သူ့အိမ် ပြန်ရောက်တော့ မိကျောင်းသတ္တဝါကြီးရဲ့ကျောဟာ မာကျောလှပေမယ့် မြေနဲ့ ကပ်နေတဲ့ ဝမ်းဗိုက် ကတော့ ပျော့နေမယ် ဆိုတာ တွေးမိနေသတဲ့ ။ အမှန်လည်း ဗိုက်က မြေနဲ့ တိုက်ကပ်နေလို့သာ ဓားကို ထိရောက်စွာ မသုံးနိုင်တာပါပဲ ။ ဒီဗိုက်ကို ထိုးခုတ်တိုက်ခိုက် နိုင်မယ့်နည်းကို နေ့ပေါင်း အတော်ကြာအောင်ပဲ ဂိုဇင် စဉ်းစားကြံဆ နေခဲ့ရတယ် ။ ကြံတဲ့အတိုင်းလည်း နောက်တော့ အကြံရလာတာပါပဲ ။
သူရဲကောင်းဂိုဇင်လေးဟာ သူ့အကြံ အတိုင်း သူ့ဖခမည်းတော်နဲ့ အစေအပါးတွေကို ခေါ်ပြီး သတ္တဝါဆိုးကြီးရဲ့ သဏ္ဌာန်အတိုင်း နွားသားရေများနဲ့ ပုံသွင်း ချုပ်လုပ်ဖို့ ညှိနှိုင်းတိုင်ပင် ပြောဆိုကြတယ် ။ ချုပ်ပြီးတော့ သတ္တဝါဆိုးကြီးနဲ့ တစ်ထေရာတည်း တူညီအောင် အစိမ်းရင့်ရောင်များ ဆိုးလိုက်တယ် ။ အတွင်းမှာတော့ သစ်သားတွေ ၊ မြက်တွေ ထည့်လို့ပေါ့ကွယ် ။ အဲဒါ တွေ ပြီးစီးတော့ ဝမ်းဗိုက် နေရာကို ခွဲပြီး အမဲသားတွေထည့် ချုပ် သတဲ့ကွယ် ။ ဒီနောက်တော့ သူ့ ခွေးနှစ်ကောင်နဲ့ အတူ သတ္တဝါကြီးကို တိုက်ဟန် နေသားကျအောင် လေ့ကျင့်သတဲ့ကွယ် ။ သူ့ မြင်း ကိုလည်း သတ္တဝါကြီး မြင်ရင် မကြောက်အောင် ၊ သူ့ ခွေးနှစ်ကောင် ကိုလည်း အသား ထည့်ထားတဲ့ သတ္တဝါကြီးရဲ့ ဝမ်းရေပြား နေရာကို ကိုက်ဖြတ်တတ်အောင်ပေါ့လေ ။ ရက်ပေါင်း အတော်ကြာအောင် နေ့တိုင်းလေ့ကျင့်လာလိုက်တာ မြင်းလည်း သတ္တဝါကြီးဟာ ကြောက် စရာ မဟုတ်ဘူးလို့ နားလည်လာတယ် ။ ခွေးတွေ ကလည်း သတ္တဝါကြီးရဲ့ဝမ်းရေပြားကို မိအောင် ကိုက်ရင် အသားစားရတယ်လို့ သိလာတယ်တဲ့ ။ ဒီတော့မှ သူရဲကောင်းလေး ဂိုဇင်က အခါသင့်ပြီလို့ ဆိုကာ သူ့မိဘတွေကို နှုတ်ဆက်ပြီး သောင်းကျန်းနေတဲ့ သတ္တဝါကြီးကို တိုက်ခိုက်နှိမ်နင်းဖို့ထွက်လာတော့တယ်ကွယ့် ။
သူဟာ အကြီးတော်ချုပ် ဘိုးတော် ဆီလည်း မသွားဘူး ။ မြို့ထဲ ကိုလည်း မဝင်ဘူး ။ စိန့်စတီဖင် တောင်ကုန်းတောင်ခြေ မှာပဲ ဘယ်သူမှ မမြင်သိအောင် သတ္တဝါဆိုးကြီးအား တိုက်စစ်ဆင်ဖို့ ဆုံးဖြတ်လိုက်တယ် ။ ဒါကြောင့် သူ့ အစေအပါးတွေနဲ့ အတူ စိန့်စတီဖင် တောင်ခြေ ရောက်လျှင်ရောက်ခြင်း ရပ်လိုက်တယ် ။ နောက် သူ့အစေအပါးတွေကို ထားခဲ့ပြီး မြင်းစီးလို့ ခွေးနှစ်ကောင် ခေါ်ကာ သူတစ်ယောက်တည်း သတ္တဝါဆိုးကြီး အောင်းနေရာကို ဆင်းခဲ့တယ် ။
ဆင်းလာတဲ့ သူရဲကောင်း ဂိုဇင်လေးတို့ အသံကို ကြားရတယ် ဆိုရင်ပဲ မိကျောင်းမျိုး သတ္တဝါဆိုးကြီးဟာ အောင်းနေရာက တစ်ခါတည်း ထ လာတော့တယ် ။ သူရဲကောင်းလေး ရှိရာသို့ ပါးစပ်ကြီး ဖြဲလို့ အာသာငမ်းငမ်း စိတ်ကြမ်းကြမ်းနဲ့ ပြေးထွက်လာတော့တာပဲ ။ သတ္တဝါဆိုးကြီး ရဲ့ ပါးစပ်ပြဲကြီးနဲ့ ချွန်ထက်လှတဲ့ သွားတွေ မြင်မိတာနဲ့ တစ်ပြိုင်နက် မြင်းကလည်း ဥပဒ် မကင်းမှန်း သတိ ဝင်လာတယ် ။ ကြောက်ကြောက်နဲ့ နောက်ပြန် ရုန်းတော့တာပေါ့ကွယ် ။ ဒါကြောင့်မို့ ဂိုဇင်ဟာ ဆုတ်ကန်ဆုတ်ကန် ဖြစ်နေတဲ့ သူ့ မြင်းပေါ်က ဆင်းပြီး အလျင်ထိုးဖို့ ဟန် ပြင်ရတော့တယ် ။ ဒါကို သတ္တဝါဆိုးကြီးက မြင်တော့ တစ်ချက်တည်း မာန်ဖီပြီး ဂိုဇင်ဆီ ပြေးဝင်လာတယ် ။ ရွှီးခနဲ ဂိုဇင်ကို အမြီးနဲ့ ရိုက်လှဲလိုက်တယ် ။
တောင်ထိပ်ဆီက ရပ်စောင့်ကြည့် နေတဲ့ ဂိုဇင်ရဲ့ အစေအပါးတွေဟာ သူတို့ဆရာလေး မြေပေါ်ပုံ လဲသွားတာ တွေ့တာနဲ့ သေပြီ ။ သတ္တဝါဆိုးကြီးရဲ့ပါးစပ်ထဲ ကျရောက်သွားပြီလို့ မှတ် သတဲ့ ။ ဒါပေမယ့် ဂိုဇင်ရဲ့အဖို့ကတော့ တစ်ခဏချင်း ရလိုက်တဲ့ အခွင့်လေးကို လက်မလွတ်တမ်း သုံးကာ သတ္တဝါဆိုးကြီးရဲ့ ဗိုက်ကို မြေက မြှောက်လှန် လိုက်မိပြီ ။ ဒီအခါမှာ ခွေးနှစ်ကောင်ဟာ ဗိုက် ကိုက်ရင် အသားစားရတယ် ဆိုတဲ့ လေ့ကျင့်ခန်းကိုသတိရပြီး ဖွေးခနဲ ပေါ်လာတဲ့ မိကျောင်း သတ္တဝါကြီးရဲ့ ဗိုက်ကို တစ်ခါတည်း ပြေးကိုက်လိုက်ကြတာ ခွေးစွယ်ခွေးသွားတွေက ထက် မိကျောင်းကြီး ဝမ်းရေပြားကလည်း ပျော့ပါး ဆိုတော့ ပေါက်ပြဲပြတ်သ,တ် ကုန်တာပေါ့ ။ ဒါဟာ သူရဲကောင်းလေးကို ကယ်လိုက်တာပေါ့ကွယ် ။ မဟုတ်ရင် သူရဲကောင်းလေး သေပြီ ။ ခုတော့ သူရဲကောင်းလေးဟာ မြေပေါ် လှဲချ တွန်းလှန်လိုက်ရာက အချိန်ရရုံသာမက ခွေးတွေနဲ့ အတူ မိကျောင်းသတ္တဝါဆိုးကြီးရဲ့ ဗိုက်ကို ထိုးခုတ်သ,တ်ဖြတ်နိုင်တဲ့ အထိရောက်ခဲ့တယ် ။
သူရဲကောင်းလေးရဲ့ အစေအပါးတွေက သူရဲကောင်းလေးဆီ စိုးရိမ်တကြီး ပြေးရောက်လာတော့ သတ္တဝါဆိုးကြီးဟာ သေနေပြီ ။ ဒါကြောင့် သူတို့ဟာ မောလည်း မော နေတဲ့ သူရဲကောင်းလေးကို ထူမပြီး ရေပေး နှိပ်နယ်ပြုစုလို့ အမောပြေစေတယ် ။ သူရဲကောင်းလေး အမောပြေတော့ မြိုကို ဝင်ကြတာပေါ့ကွယ် ။ ဝင်လာတဲ့ သူတို့ဟာ စိန့်ဂျုန်းသူရဲကောင်းများ ရဲတိုက် မရောက်မီမှာဘဲ ပျော်ရွှင်အားရစွာ အော်ဟစ် ကြိုဆိုနေတဲ့ လူထုကြီးကို တွေ့ရသတဲ့ ။
လူထုကြီးဟာ မိကျောင်းဆိုးကြီး သေပြီ ဖြစ်တဲ့ အကြောင်း ဘယ်ချောင်က ချောင်းကြည့် နေကြတယ် မသိဘူး ၊ သိနေကြပြီကိုး ။ ကလို့ခုန်လို့ပေါ့လေ ။ သူရဲကောင်းလေးကို အကြီးတော်ချုပ် ဘိုးတော် ရှိရာ နန်းတော် အရောက် လိုက်ပို့ကြသတဲ့ ။
ဒီနေရာမှာ သူရဲကောင်းလေးဟာ မိကျောင်းဆိုးကြီး သ,တ်မိတဲ့အတွက် ကြောက်သလို ရှိလာပြန်တယ် ။ ငါ ဘိုးတော်အမိန့် လွန်ဆန်ပြီး မိကျောင်းဆိုးကြီး သ,တ်မိပြီ ။ ဘိုးတော် ဘယ်လို မိန့်မှတ်လိမ့်မလဲ ။ မိကျောင်းဆိုးကြီးရန် ငြိမ်းပြီရယ်လို့များ ကောင်းချီးပြုလေမလားပေါ့လေ ။
မိကျောင်းဆိုးကြီးနဲ့ သ,တ်ရာမှ ပိန်လိန်သွားတဲ့ ဒိုင်း ၊ သွေးစွန်း ပြဲစုတ်နေတဲ့ အင်္ကျီနဲ့ အတူ သူရဲကောင်းများ တစ်ဖက်တစ်ချက်စီ နေသည့် ကြား လမ်းပေးထားတဲ့ နေရာကနေ ဘိုးတော်ကြီး တည်ကြည်ခန့်ငြားစွာ ထိုင်နေတဲ့ နေရာထိ သူ လျှောက်သွားတယ် ။ ဒါပေမယ့် ဘိုးတော် နေရာထိ သူ လျှောက်သွားခွင့် မရဘူး ။ “ ရပ်တော့ ” ဆိုတဲ့ ဘိုးတော်အသံနဲ့အတူ ...
“ သားတော် ၊ သင်ဟာ တကယ် ရဲရင့်တဲ့ သတ္တိရှိတဲ့ သူရဲကောင်းပါပဲ ၊ သင့်ထက် သန်မာ ထွားကျိုင်းပြီး စစ်မှုရေးရာ နားလည်တဲ့ သူရဲကောင်းကြီးများကိုတောင် အစိတ်စိတ် အမြွာမြွာ ကိုက်ဖြတ်သ,တ်စားသွားတဲ့ မိကျောင်းဆိုးကြီး မှန်ပေမယ့် သင် အခု ဒီမိကျောင်းဆိုးကြီးကို သ,တ်နိုင်ခဲ့ပြီ မဟုတ်လား ၊ ကောင်းပါတယ် ၊ ပြည်သူလူထုတွေ သိပ်ရွှင်အားရနေကြပြီ ၊ ဒါပေမယ့် ဘိုးတော် ဝမ်းမသာနိုင်ဘူး သားတော် ၊ သင်ဟာ စိန့်ဂျုန်းသူရဲကောင်းအဖွဲ့ဝင်တစ်ယောက် မဟုတ်လား ”
“ ဟုတ်ပါတယ် ”
“ အိမ်း ... ဒါဖြင့် သာသနာ့ အလံတော် အတွက် တိုက်ချင်တဲ့ သူရဲကောင်းများဟာ ဘာကို ပထမဆုံး ထမ်းဆောင်ရမယ့် တာဝန်ရှိတယ် ဆိုတာ သင် ဒီအဖွဲ့ဝင်တုန်းက ဆိုခဲ့တဲ့ သစ္စာတရားကို အမှတ်ရရ ပြန် စဉ်းစားပြီး ပြောပြစမ်းပါ ”
သူရဲကောင်းလေးဟာ ဘိုးတော်ကို အသံတိုးလေးနဲ့ “ သာသနာ့အလံတော် အတွက် တိုက်ချင်တဲ့ သူဟာ ပထမဆုံး အမိန့်ကို နာခံတတ်ရပါမယ် ” လို့ ပြန်ဖြေလိုက်တယ် ။ ဒီတော့ ဘိုးတော်က
“ ဟုတ်ပြီ ၊ သင် ဆိုခဲ့တဲ့ သစ္စာကို သင် ဖောက်ဖျက်ခဲ့ပြီ သားတော် ၊ သင်ဟာ မိကျောင်း သတ္တဝါဆိုးကြီးကို သ,တ်ခဲ့တာ မှန်တယ် ၊ ဒါပေမယ့် ဒီ မိကျောင်းဆိုးကြီး ထက် ဆိုးတဲ့ သင့်ရင်ထဲက သင့်နှလုံးသား ထဲက သတ္တဝါဆိုးကြီး ကိုတော့ သင် မသ,တ်ခဲ့ဘူး ။ မနာခံတတ်ခြင်းဟာ မင်း အတွက် အဆိုးဆုံးပဲ ။ တို့အဖွဲ့ကြီး ဖွဲ့လိုက် ကတည်းက တို့သူရဲကောင်းတွေဟာ အမိန့်တို့ ၊ စည်းကမ်းတို့ကို နှုတ်တုန့်မလှန် ၊ မေးခွန်း မပြန်ဘဲ နာခံတတ်ဖို့ ဖြစ်တဲ့ တာဝန်ကြီးကို ဦးစွာ လေ့ကျင့်ရတယ် ၊ သင်ယူရတယ် ၊ ဒါဟာ အခက်ဆုံး သင်ခန်းစာပဲ ၊ သူ့ထက်ခက်တာ မရှိဘူး ၊ ဒီနေရာမှာ မလိုက်နိုင်ရင် ခရစ်တော်ရဲ့ အလံတော်ကို ဆောင်ခွင့် မရှိဘူး ၊ သင့်လက်က ဓားကိုချ ၊ သာသနာ့ အလံတော် တံဆိပ် ပါတဲ့ သင့်ကိုယ်က အင်္ကျီကို ချွတ်လိုက်ပါ ၊ ဒီနေရာကသာ သင် သွားပါတော့ ”
ဘိုးတော်ရဲ့ မိန့်သံကို သူရဲကောင်းလေးက ဝမ်းနည်းစွာနဲ့ နာခံလိုက်ရတယ် ။ ဓားကို ချ ၊ အင်္ကျီကို ချွတ်လိုက်ရတယ် ။ ပြီးမှ ဘိုးတော်အား ရှေးရှုဦးနှိမ်တဲ့ကာ ...
“ နာခံပါတယ် ဘိုးတော် ၊ ဘိုးတော် ပြောတာတွေဟာ အမှန်ချည်းပါ ၊ ကျွန်တော် မှားတယ် ၊ ဟုတ်တယ် ၊ ကျွန်တော် ဒီက ခွာရမယ် ၊ ကျွန်တော့်မှာ သူရဲကောင်း ပီသတဲ့ သတ္တိ မပြည့်စုံသေးဘူး ၊ ကျွန်တော့် အတွက်သာ မေတ္တာပို့ပါတော့ ”
သူရဲကောင်းလေးဟာ သူရဲကောင်း ဆိုတဲ့ အရေကျွတ်ပြီး သာမန် ဂိုဇင်လေး အဖြစ်နဲ့ ဘိုးတော်ကို ဦးတိုက် ထွက်ခွာခဲ့တယ် ။
တခြား သူရဲကောင်းတွေလည်း ဘာမှ မပြောနိုင်ကြဘူး ။ ဂိုဇင်လေး အတွက်သာ စိတ် ဝမ်းမသာ ရှိနေရတယ် ။ နာခံတတ်မှု တာဝန်က ကြီးလေးတယ် မဟုတ်လား ။ ဘိုးတော်ဟာ ဂိုဇင်လေးကို နှင်မထုတ်သင့်ဘူးလို့တော့ သူတို့ ယူဆတာပေါ့ ။ ဒါပေမယ့် နာခံခြင်းတရားက ရှိသေးလို့ နန်းမ တံခါးဝဆီ ထွက်သွားတဲ့ ဂိုဇင်လေးကို ဝမ်းနည်းစွာ ကြည့်နေလိုက်ကြရတယ်တဲ့ကွယ် ။
ဒါပေမယ့် ဂိုဇင်လေး တံခါးဝ မရောက်ခင်မှာဘဲ တည်ငြိမ်သော ဘိုးတော်ရဲ့ အသံကို ကြားလာရပြန်တယ် ။
“ သားတော်မောင် ”
ဂိုဇင်ဟာ ဆွဲလှည့် ခံရသလို ဘိုးတော်ရဲ့ အသံ လာရာသို့ ချာခနဲ ပြန်လည်လာတယ် ။
“ ပြန်ခဲ့တော့ သားတော်မောင် ၊ သင်ဟာ သူရဲကောင်း ပီသပါပေတယ် ၊ ငါ့အမိန့်ကို သင် နှုတ်တုန့်မပြန်ဘဲ နာခံသွားတာဟာ နာခံခြင်းအတတ်မှာ သင် ကြေလည်ပြီ ဖြစ်ကြောင်း ပြတာပဲ ၊ သင့်စိတ်နှလုံးထဲက အဆိုးဆုံးသော သတ္တဝါဆိုးကြီးကို သင် အပြီးတိုင် သ,တ်ပြီးပါပြီ ၊ သင့်ဓားကို ယူ ၊ သင့်သာသနာ့အလံတော်တံဆိပ်ပါ အင်္ကျီကို ပြန်ဝတ်ပါတော့ ။ သင်ဟာ တကယ့် အောင်နိုင်ခြင်းကို ရပါပြီ ”
ဒီလို ဘိုးတော်ရဲ့ အဆုံးအဖြတ်လည်း ကြားရော တစ်ခန်းလုံးဟာ ဘိုးတော်ရဲ့ ကောင်းမြတ်ခြင်းကို နားလည်လာပြီး သူရဲကောင်း အပေါင်းရဲ့ ကောင်းချီးထောပနာသံတွေနဲ့ လျှံသွားတယ် ။ ဂိုဇင်လေးလည်း ဝမ်းသာအားရနဲ့ ဘိုးတော် ရှေ့မှာ ဒူးထောက်လို့ သူရဲကောင်း အဖြစ်ကို ပြန်လည်ခံယူလိုက်ရတော့တယ်တဲ့ကွယ် ။
( ဘာသာပြန် )
〇 ပုသိမ်ချစ်ခိုင်
📖ရှုမဝ မဂ္ဂဇင်း
၁၉၆၁ ၊မေ
No comments:
Post a Comment