Saturday, November 29, 2025

ဒဿဂီရိအချစ်


 

❝ ဒဿဂီရိအချစ် ❞
( သန်းမြင့်အောင် )

အချစ်ဟာ စွန့်လွှတ်ခြင်း အနစ်နာခံခြင်း ဆိုတာ တကယ် မချစ်တတ်တဲ့ လူတွေ ပြောတဲ့ စကား ။

တို့ အတွက်တော့ အချစ်ဆိုတာဟာ ရယူခြင်း ၊ ပိုင်ဆိုင်ခြင်းပဲ .. ။ ဒဿဂီရိလို စွန့်စားတဲ့ သတ္တိရှိတဲ့ အချစ်မျိုးကို တို့ ကြိုက်တယ် ။

••••• ••••• •••••

စကော့ဈေးရှေ့မှာ ... ။

မိုနာလီဇာ ပန်းချီကားလေး ကိုယ့်ရှေ့ကို ဖုတ်ခနဲ ပြုတ်ကျလာတယ် ။

“ ကျေးဇူးတင်ပါတယ် ” 

“ ဘယ်သူ့ကိုလဲ ”

“ ယူကိုပေါ့ ”

“ တို့ ကို ၊ ဘာလို့ ”

“ ယူ့ ကားပေါ် ခဏ တက်ခွင့်ပြုပါလား ၊ တို့ အခက်အခဲကို ကူညီပါနော် ” 

နားဝေတိမ်တောင်နဲ့ ကားတံခါးကို ဖွင့်ပေးလိုက်တယ် ။ မိုနာလီဇာလေး ကိုယ့်အပါးမှာ အယိုင်လိုက် ။

ပဲရစ်နံ့လေး သင်းသွားတယ် ။

“ မောင်းလေ ယူရဲ့ ” 

ဒီတစ်ခါ တို့ မကြောင်တော့ ၊ အခြေအနေကို နားလည်လိုက်ပြီမို့ ကားကို အသာလေး မောင်းထွက်လိုက်တယ် ။

စကော့ဈေး ရှေ့မှာ ဘဲနှစ်ပွေ ပေကတ်ကတ် ရပ်လို့ ၊ ဘီးလှိမ့်ပြီး ညက်ညက်ညောညောလေး ထွက်သွားတဲ့ ကိုရိုလာလေးကို ကြည့်ပြီး ကျန်ခဲ့တယ် ။

“ ကျေးဇူးတင်လိုက်တာ ယူရယ် ၊ ဈေးလာဝယ်ရင်းနဲ့ လေ ဟို ”  

“ တို့ သိပါတယ် ဘဲလိုက်ခံရတယ်ပေါ့ ”

“ သိပ်ဣန္ဒြေပျက်တာပဲ ၊ တို့ လည်း ကြံမိကြံရာ ယူ့ ကားဆီ ပြေးလာတာ ”

“ အဲသလို အလိုက်မခံရချင်ရင် နောက်ကို တစ်ယောက်တည်း မလာနဲ့ ”

“ သူငယ်ချင်းတွေကလည်း ဒီနေ့မှ ”

“ သူငယ်ချင်းပါလည်း လိုက်မှာပဲ ”

“ ဒါဖြင့် ဘယ်သူနဲ့ လာရမလဲ ”

“ အတွဲနဲ့ ပေါ့ ”

“ သူ အခု ဩစတြေးလျ ရောက်နေတယ် ”

“ ဪ ”

ဝေဒနာလေးတစ်ခု ခြွေချပေးတယ် ။

“ ယူ့ နာမည် ဘယ်လို ခေါ်သလဲဟင် ”

“ အောင်ခိုင်လတ် ”

“ ယူ့ကို တို့ သူငယ်ချင်း တော်လိုက်ပြီနော် ၊ ယူ့ကို လတ်လို့ပဲ ခေါ်မယ် ”

“ သူငယ်ချင်း လတ်ပေါ့ ”  

“ ကြိုက်သလိုခေါ် ”

“ တို့ နာမည် နီမာ ”

“ မိုနာလီဇာ မဟုတ်ဘူးလား“ ”

“ ယူကလည်း ပေါက်ပြန်ပြီ ”

“ မိုနာလို့ ခေါ်ချင်တယ် ၊ ခေါ်ရမလား ”

“ ယူ့ သဘော ”

“ မိုနာကို ဘယ်အထိ ပို့ရမလဲ ”

“ လတ် အချိန်ရရင် အဆောင်ထိ ပို့လေ ”

••••• ••••• •••••

“ လတ်ရေ လတ် ”

“ ဪ .. မိုနာ ” 

“ လတ်က ဒိုင်လျှိုတယ်ကွာ ”  

“ ဘယ်လို ”

“ လတ် ၊ အခု လာလည်တဲ့ လီလီထွန်းက တို့ သူငယ်ချင်း သိလား ။ လီလီ့ ဘဲကို ကြည့်ချင်လို့ လာချောင်းတာ ၊ လက်စသတ်တော့ သူကိုး ”

“ ဪ မိုနာရယ် ”

••••• ••••• ••••• 

ရဲရင့်ရုံ .. ။

“ ကိုကို ”

“ ဟင် ”

“ ဂျူးလီးယက် နေရာမှာ သဲမာ ဆိုရင် ကိုကို ရိုမီယို လို လိုက်သေရဲပါ့မလား ”

“ ဒါက ရုပ်ရှင်ပဲ ”

“ ဟင့်အင်း ရုပ်ရှင်ဆိုတာ ဖြစ်တတ်တဲ့ သဘာဝကို ပြတာပဲ ၊ ကိုကို့ အတွက် ဆိုရင် သဲမာတော့ လိုက်သေမှာ ပဲ ”

“ အလကား ရူးနေတယ် ”

••••• ••••• •••••

အင်းလျားကန်စောင်း ... ။

“ မောင် ခုတစ်လော သိပ်မှိုင်တာပဲ ”

“ ထင်လို့ ပါ ”

“ မောင် မမအေးကို စိတ်ဆိုးနေလားဟင် ”

“ ဆိုးစရာ ဘာအကြောင်း ရှိလို့လဲ ”

“ မောင် ဘာကို အလိုမကျ ဖြစ်နေလဲ ၊ ဘာလိုချင်လဲကွယ် ပြောပါ ”

“ ဘာမှ မဖြစ်ပါဘူး မမရဲ့ ၊ မမ မောင့်ကို ဘယ်လောက် ချစ်သလဲလို့ မူကြည့်တာ ”

“ သွား လူဆိုးလေး ၊ သိပ်ဆိုး ”

“ ဟော ... မိုနာ ”

“ ဟင် လတ်တို့ ပါလား ”

“ မိုနာတို့ လမ်းလျှောက်ထွက်သလား ”

“ ဟုတ်တယ် လတ်ရေ ၊ တို့ တစ်တွေ ဘူးသီးကြော် သွားစားကြမလို့ ၊ လီလီတော့ မပါဘူး ၊ သွားမယ်နော် ”

“ မောင် သူက ဘယ်သူလဲဟင် ”

“ နီမာတဲ့ ၊ မောင့်သူငယ်ချင်းလေ ”

“ မိုနာလို့ ကြားလိုက်မိလားလို့ ”

“ ဒါက မောင်တစ်ယောက်တည်း ခေါ်တဲ့ နာမည် ”

••••• ••••• •••••

“ လတ်က ချောတယ်နော် ”

“ မိုနာလည်း လှပါတယ် ”

“ ဒါပေမဲ့ လတ်က မျက်နှာများတယ် ”

“ မိုနာ သိတယ်လား ”

“ တို့ က တို့ သူငယ်ချင်းကို သစ္စာရှိစေချင်တယ် ”

“ တို့လည်း ဘယ်သူ့ကိုမှ သစ္စာမမဲ့ရသေးပါလား ”

“ မဟုတ်ဘူးလေ ၊ လတ် လက်ထပ်နိုင်မယ့် မိန်းကလေး တစ်ယောက်ကို ရွေးလိုက်ပါလား ”

“ ရွေးပြီးပြီ ”

“ ဒါဆိုလည်း တခြား မိန်းကလေးတွေကို ဒုက္ခမပေးနဲ့ တော့ပေါ့ ”

“ တို့ ကြိုးစားနေပါတယ် ”

“ ဟွန်းဖြေပုံက အားမရစရာ တို့များလို တစ်ပြည်တစ်ရွာဆီ ခွဲနေရရင် ခက်မယ် ”

“ မိုနာရယ် မကြွားပါနဲ့ “  ”

“ သူများလို ကြွားပြစရာတွေ အများကြီး မထားပါဘူး ၊ မိုနာတို့ က တစ်ယောက်ဆို တစ်ယောက်တည်း ၊ နှစ်ယောက် မတွဲဘူးဆိုတဲ့ အကြောင်း ပြောတာပါ ”

“ တော်ပါတော့ မိုနာရယ် ”

••••• ••••• •••••

“ ဟဲလို - အမိန့်ရှိပါ ”

“ လတ်လား ၊ မိုနာပါ ” 

“ ဘာကိတ် ”

“ ဝမ်းသာစရာသတင်း လတ်ရေ ဩစတြေးလျက မိုနာရဲ့ ကိုလေ ”

“ ဘာလဲ ဟိုမှာပဲ အပြီးအပိုင် နေတော့မယ်တဲ့လား ”

“ လတ်ကလည်းကွာ မဦးမချွတ် ၊ မနက်ဖြန် ပြန်ရောက်မယ်တဲ့  ၊ တို့ သွားကြရမှာ ပေါ့ ၊ မိုနာ့ကို အဆောင်မှာ လာခေါ်ပြီး လေဆိပ်ကို ပို့ပေးဦးနော် ”

“ ......... ..........”

“ လတ် ... ဟေ့ ... လတ် ”

“ ပြောပါ မိုနာ ၊ ကိုယ် နားထောင်နေပါတယ် ”

“ မိုနာ့ကို ပို့ပေးနိုင်မယ်လားဟင် ၊ တို့နှစ်ယောက် သွားကြိုရအောင်ပါနော် ”

“ လတ် လာခေါ်ပါ့မယ် ၊ မနက်ဖြန်နော် ”

“ အေး .. မနက်ဖြန် ဆက်ဆက်နော် ၊ ဒါပဲ ”

“ ဪ .. မိုနာ ”

“ လတ် ဘာလဲ ”

“ မိုနာ သိပ်ပျော်နေလားလို့ ”

“ ဟာ ... လတ်ကလည်း ”

••••• ••••• •••••

“ ဟေ့ကောင် အောင်ခိုင်လတ် သောက်လှချေလားကွ ”

“ ငါ မူးချင်တယ် ”

“ မင်း ဘာဖြစ်နေလဲ ၊ ပြောစမ်း ”

“ အချစ်အတွက် ဆိုပါတော့ကွာ ”

“ မင်းလိုကောင်က ဆိုသေးလား ”

“ တကယ်ပါ ၊ ငါ အခု တကယ်ချစ်တတ် လာပြီ ၊ သူ့ကို ဆုံးရှုံးရမှာ ကြောက်တယ်ကွာ ”

“ ဘယ်သူလဲ လီလီထွန်းလား ”

“ ဟင့်အင်း ”

“ ဟို ပညာရေးက အစ်မကြီးလား ၊ ဘာတဲ့ မမအေး ဆိုလား ”

“ ဟုတ်ပါဘူးကွာ ”

“ ဒါဖြင့် သဲမာ ”

“ နိုးနိုး ”

“ ဒါဆို မေသူပေါ့ ”

“ မေသူက မိဘချင်း သဘောတူတာ ၊ သူနဲ့ ငါ ဘာမှ မဖြစ်ဘူး ” 

“ မင်းဟာကလည်းကွာ ၊ ဒါဆို မင်းချစ်သူက ဘယ်သူလဲ ”

“ သူက ငါ့ကို မချစ်ပါဘူး ၊ သူ့မှာ ချစ်သူ ရှိတယ် ”

“ မင်းကလည်းကွာ ၊ မိန်းမရှားသလား ”

“ ဝင်းအောင်ကို ”

“ ဟေ ... ”

“ ဆဒ္ဒန်ဆင်မင်းဇာတ်မှာ စူဠသုဘဒ္ဒါကို မင်း ဘယ်လို မြင်သလဲ ” 

“ အချစ်ကြီးလွန်းသူ ၊ အချစ်ရဲ့ ကျေးကျွန်လို့ မြင်တယ် ”

“ အေး ... မင်းနဲ့ ငါ အမြင်ချင်းတူတယ် ၊ ရာမဇာတ်မှာရော ”

“ လက္ခဏာ ကိုလား ”

“ ဟင့်အင်း ... ဒဿဂီရိ ကို ”

“ သူများ အချစ်ကို ဝင်ခိုးတဲ့ ဘီလူးပဲ ၊ အဲဒါ ကြာကူလီပေါ့ ”

“ ဟေ့ကောင် ဝင်းအောင်ကို ”

“ ဘာလဲကွ ၊ မင်းပဲ မေးပြီးတော့ ”

“ ဒဿဂီရိက မယ်သီတာကို တကယ် ချစ်တာကွ ၊ လက်လွတ်ဆုံးရှုံးရမှာ ကြောက်လွန်းလို့ အခက်အခဲ အမျိုးမျိုးကြားမှာ စွန့်စွန့်စားစား ခိုးယူရတာ ၊ အဲဒါ အထွတ်အမြတ် ထားပြီး ချစ်လွန်းလို့ကွ ၊ အပျော်လုပ်တာ မဟုတ်ဘူး ”

“ ဒါက မင်းအမြင်ကိုး ၊ မတရားတာလည်း ထည့်ပြောဦးမှ ပေါ့ ” 

“ အချစ်နဲ့ စစ်မှ တရားတယ် မတရားဘူး မရှိပါဘူးကွာ ”

“ နောက်ဆုံး သူ ရှုံးတယ်လေကွာ ”

“ မင်း ငါ့ကို ရန်စတာလား ”

“ အောင်ခိုင်လတ် မူးရင် ပြန်စို့ ”

“ ငါမှ သိပ်မသောက်ရသေးတာ ”

“ ဘာလဲ ၊ မင်းက စည်ပိုင်း ကိုင်းတပ်ပြီး သောက်ချင်လို့လား ”

“ အရက်ချက်စက်ရုံကြီးပါ မျိုပစ်လိုက်ချင်တယ်ကွာ ”

“ သောက်ရူး ”

••••• ••••• ••••• 

“ ဟယ် ... လတ် စောလှချည်လား ”

“ မိုနာ့စိတ်က ပိုစောနေမှာ ပေါ့ ၊ ဟုတ်ဖူးလား ”

“ လတ်နော် မစနဲ့ ”

“ တို့ နှစ်ယောက်တည်း သွားမှာလား ”

“ ဒါပေါ့ မိုနာ့ကိုက သဝန်မတိုတတ်ပါဘူး လတ်ရဲ့ ”

“ တို့ ဘယ်လောက် ချောတယ် ဆိုတာ သူ မသိသေးလို့ နေမှာပါ ” 

“ သိပါတယ်ရှင် ၊ မိုနာက အမြဲတမ်း စာထဲ ထည့်ရေးတာ ၊ လတ်က ချောသလောက် ပွေတယ် ၊ မိုနာ့ကိုလည်း တကယ်ခင်တယ် ၊ သူငယ်ချင်းကောင်း ပီသတယ် ဆိုတာ ”

“ ဘာလို့ ဒီလို ရေးရတာတုံး ”

“ မိုနာက ချစ်သူ မသိဘဲ ဘာမှ မလုပ်တတ်ဘူးလေ ၊ နောက်ပြီး မိုနာ့သူငယ်ချင်းကို သူကလည်း ခင်စေချင်လို့ပေါ့ ”

“ သူက မိုနာ့ကို လတ်နဲ့ မပေါင်းရဘူးလို့ မပြောဘူးလား ”

“ မပြောတဲ့ အပြင် သူ့ကို လာကြိုရင် လတ်ကိုပါ ခေါ်ခဲ့ပါတဲ့ ”

“ တကယ် သဘောထားကြီးတဲ့ လူပဲ ”

“ လက်လည်း အတုခိုးထား ”

“ သူက လွဲရင် မိုနာ ဘယ်သူ့ကိုမှ မချစ်တော့ဘူးလားဟင် ” 

“ လတ်တို့လို ဟောတစ်ယောက် ဟောတစ်ယောက် မချစ်တတ်ဘူး ” 

“ လတ်က အခု တစ်ယောက်တည်းကိုပဲ ချစ်တတ်နေပြီ ”

“ တကယ် ”

“ အကယ် တစ်သိန်း ”

“ ဝမ်းသာပါတယ်တဲ့ရှင် ၊ ဟင် ... လတ်တို့ ကား ဘယ်ဘက် ရောက်လာတာတုံး ”

“ ............ ”

“ ဟေ့ ... လတ် ၊ မေးနေတာ မကြားဘူးလား ၊ ဘာတွေ လုပ်နေလဲ ၊ ဘယ်သွားမလို့လဲ ”

“ လတ် မိန်းမ ခိုးလာတာ ”

“ ဘာ ... ဘယ်သူ့ကိုလဲ ” 

“ မိုနာ့ကိုပေါ့ ”

“ လတ် မနောက်နဲ့နော် ၊ တကယ် ပြောနေတာလား ”

“ အကယ်တစ်သန်း ”

မိုင်ခွက်ပြ အိမ်မြှောင်လေးက မိုင်နှုန်း ၄၅ နဲ့ ၅ဝ ကြား ကစားနေတယ် ၊ လမ်းလေး ရှုခင်းလေးတွေ ရိပ်ခနဲ ရိပ်ခနဲနဲ့ ကျန်ခဲ့တယ် ။

“ ကြည့်စမ်း ... လတ် မကောင်းဘူး ၊ သစ္စာမဲ့တယ် ၊ ယုတ်မာတယ် ” 

“ ချစ်တာကိုး ”

“ ဘာချစ်တာလဲ ၊ မိုနာ့ကို ဒီလို လုပ်လို့ မရဘူး ၊ ရပ်ပေး ၊ ခုရပ်ပေး ” 

“ လတ်ကို မချစ်ဘူးလား ”

“ မချစ်ဘူး ၊ ဘာလို့ ချစ်ရမှာလဲ ၊ ကားရပ်ပေး ”

“ မရပ်ပေးဘူး ၊ မိုနာ့ကို လက် ချစ်နေတာ ကြာပြီ ၊ မခွဲနိုင်ဘူး ” 

“ လတ် အရမ်းမမောင်းနဲ့  ၊ ရှေ့မှာ ကား ... အား .. အမယ်လေး ”

••••• ••••• ••••• 

မြင်ကွင်းက ဝိုးတဝါး ။

မိုနာလီဇာ ပန်းချီကားလေး သွေးပင်လယ်မှာ နစ်နေတယ် ။

လတ် အတင်းပြေးပြီး ရင်ခွင်ထဲမှာ ပွေ့လိုက်တယ် ။

ကားချပ်ကလေး အသက်ဝင်မလာဘူး ၊ လက်ထဲက ဖုတ်ခနဲ ပြန်ပြီး ပြုတ်ကျသွားတယ် ။ လတ် မျက်စိထဲ ကြယ်ကလေးတွေ လင်းခနဲ လက်ခနဲ ပြေးဝင်လာပြီး ကားချပ်ကလေးပေါ် ယိုင်နဲ့ ပြီး ကျသွားတယ် ။

••••• ••••• ••••• 

ရာမမင်းက လေးစကြာကြီး ချိန်ပြီး ကိုယ့်ဆီ လာနေတယ် ။ ကြောက်တော့ မကြောက်ဘူး ။ တစ်မျိုးပဲ ။

ပုံပြင်ထဲက ဒဿဂီရိက မယ်သီတာကို မသတ်ဘူး ။

တို့ရဲ့ မယ်သီတာက ဘာလို့ သေရတာလဲ ။

ရာမက မကျေဘူးပေါ့ ၊ တအား ကျုံးအော်ပစ်လိုက်တယ် ။

“ မယ်သီတာကို ငါမသတ်ဘူး ၊ ချစ်လို့ ခိုးတာ ”

အခန်းထဲမှာ အနီတွေ အပြာတွေ ရှုပ်ယှက်ခတ်နေတာပဲ ၊ ကိုယ့် ဘေးမှာလည်း လူတွေက တအားများတာပဲ ၊ ဘယ်သူတွေမှန်းလည်း မသိဘူး ၊ သူတို့ကို ကြည့်ရတာလည်း ပီပီပြင်ပြင် မရှိဘူး ၊ ရှည်သွားလိုက် ၊ လုံးသွားလိုက် ၊ ချွန်းသွားလိုက်နဲ့ အိုလေ စုံနေတာပဲ ။

ဒီကြားထဲ ဝတ်ရုံဖြူ ဖားဖားကြီးနဲ့ လူက တို့ ဘေးက အဘိုးကြီးကို လာပြောပြနေတယ် ။

“ စိုးရိမ်စရာတော့ မရှိဘူး ၊ သူ့ကို နေကောင်းရင် စိတ္တဇဆေးရုံကို ပို့ထားရမယ် ၊ အခုတော့ သူ ဘာကိုမှ မသိဘူး ဖြစ်နေတယ် ”

အောင်မယ် ... လာလာချေသေး ၊ သူကများ ငါ့ကို ၊ ဘာလို့ မသိရမှာလဲ ၊ သိလွန်းလို့ မှ အဲ .. အခုလို မျက်စိလေး မှိတ်ထားကြည့်စမ်း ၊ မျက်စိထဲလည်း မြင်နေရတယ် ၊ နားကလည်း ကြားနေရတယ် ။

“ လတ်လို့ ခေါ်မယ်နော် ၊ သူငယ်ချင်း လတ်ပေါ့ ”

“ လတ်က ချောတယ် ”

“ ဒါပေမဲ့ လတ်က မျက်နှာများတယ် ”

“ သူများ အချစ်ကို ဝင်ခိုးတဲ့ ဘီလူးပဲ ၊ အဲဒါ ကြာကူလီ ”

“ နောက်ဆုံး သူ ရှုံးတယ်လေကွာ ”

“ မိုနာက တစ်ယောက်ဆို တစ်ယောက် ၊ နှစ်ယောက် မတွဲဘူး ”

“ လတ် လက်ထပ်နိုင်မယ့် တစ်ယောက်ကို ရွေးလိုက်ပါလား ”

“ လတ် သစ္စာမဲ့တယ် ၊ ယုတ်မာတယ် ” 

“ လတ် အရမ်းမမောင်းနဲ့  ၊ ရှေ့မှာ ကား ... အား ... အမယ်လေး ”

“ အား ... ”

“ သား ကိုလတ် .. ကိုလတ် ”

ပန်းပွင့်ကလေးတွေပေါ်မှာ ယင်တွေ အုံနေတယ် ။

စမ်းချောင်းလေးထဲမှာ လည်း မီးတောက်တွေနဲ့ ။

အနိဋ္ဌာရုံတွေကို မျက်နှာလွှဲလိုက်တယ် ။

မကြည့်ချင်ဘူး ။

မမြင်ချင်ဘူး ။

မလိုချင်ဘူး ။

ကိုယ် လိုချင်တာက မိုနာ တစ်ယောက်တည်း ။

▢  သန်းမြင့်အောင်
📖 ဝတ္ထုတိုပေါင်းချုပ်

No comments:

Post a Comment