❝ ကြယ်မြည်သံ ❞
( ရှဉ့်ညိုလေး )
ဇာတ်လမ်းကို အဆုံးသတ်သင့်ပြီ မဟုတ်လား ။ ရှေ့ဆက်မရတော့သည့် ဇာတ်လမ်းတစ်ပုဒ်ကို သူရပ်တန့်ခဲ့တာ ကြာပြီပဲလေ ။ ပိတ်လှောင်နေသည့် အခန်းထဲကနေ အပြင်ကို ချောင်းကြည့်ဖို့ ပြတင်းပေါက်ကြီးကြီး မလိုပါ ။ လှောင်ပိတ်နေသည့် ခံစားချက်ကနေ လွတ်မြောက်ဖို့ ဆိုလျှင်တော့ ဒီအခန်းထဲက ခေတ္တခဏ ထွက်သွားဖို့ လိုတယ် မဟုတ်လား ။
အတွေးနှင့် အတူ ညနေစောင်းတုန်းက နေစူး၍ စေ့ထားသည့် ပြတင်းပေါက်ကို တွန်းဖွင့်လိုက်သည် ။ သုတ်ခနဲ ဝင်လာသည့် လေအေးနှင့်အတူ ပြတင်း တစ်ချပ်က ပြန်ပိတ်လာ သဖြင့် လက်နှင့် တွန်းထုတ်လိုက်ရသည် ။ ပြန်ပွင့်သွားသည့် ပြတင်းတံခါးနှင့်အတူ အပြင်မှာ မြည်နေသည့် ပိုးကောင်မွှားကောင်တို့၏ အသံကို သတိပြုမိတော့ သည် ။ ခပ်လှမ်းလှမ်းမှ ကျစ် ... ကျစ် ... ကျစ် .. ကျစ်နှင့် မြည်နေသော အသံကို ဟိုးကလေး ဘဝတုန်းက ကြယ်မြည်သံဟု မည်သူမျှ မပြောဘဲနှင့် ထင်မြင်ခဲ့ဖူးသည် ။ ကြယ်တွေ အသံမြည်တတ်ပါသလား ။ အသံမမြည်တတ်ဟု ဆိုလျှင် ဝေးလွန်း၍ မကြားခြင်းသာ ဖြစ်မည်ဟု စောဒကတက်လိုပါသည် ။ တကယ်တော့ သူသည် ကြယ်မြည်သံကို မကြားဖူးပါ ။ ကလေး ဘဝတုန်းကတော့ ကြယ်မြည်သံဟု ထင်သည့် အသံကို ကြားမိခဲ့ခြင်းသာ ဖြစ်သည် ။ ကြယ်မြည်သံကို ကြားနိုင်ရန် အတွက် ပကတိနားကောင်းဖို့ မလိုပါ ။ ခံစားနိုင်သည့် ၊ ခံစားတတ်သည့် နှလုံးသားရှိဖို့သာ လိုပါသည် ။
ယခုအခါတွင် ပိတ်လှောင်နေသည့် အခန်းထဲမှ စိတ်အိုက်မွန်းကျပ်မှုများကို ပြတင်းတံခါးတစ်ချပ် ဖွင့်ရုံနှင့် လွတ်မြောက်ခဲ့ပြီ ဖြစ်သည် ။ သို့သော် ...
••••• ••••• •••••
“ ဘယ်လောက်အထိ ချစ်နိုင်သလဲ မင်းသိသင့်တယ် ။ ဘယ်သူ့ကြောင့် ရူးတာလဲ ဆင်ခြင်ပါကွယ် ။ ရွှေဘုံနန်းစည်းစိမ်တွေ မရှိဘူး ကိုယ့်မှာ ။ ဒီခြေနဲ့ လက်တစ်စုံပဲ အားကိုးပြီးကွာ လိုက်နိုင်မလား ”
ရုတ်တရက် မြည်လာသည့် ဖုန်းသံကြောင့် တစ်ဦးတစ်ယောက်ထံမှ ဖုန်း ထင်မိ လိုက်သော်လည်း မဟုတ်နိုင်မှန်း သိ၍ သီချင်းသံကို နားထောင်နေလိုက်သည် ။ ဖုန်းစကရင်ကို ကြည့်လိုက်တော့ လဲ့ ထံမှ ဖုန်း ဖြစ်နေသည် ။ ပြီးမှ ကောက်ကိုင်လိုက်ရင်း -
“ ဟယ်လို ”
“ ဟင် ... ဖုန်းထူးသံကြီးကလည်း ၊ ကို ဘယ်သူနဲ့ ကျူနေတာလဲ ”
“ ဘာတွေ ရစ်နေတာလဲကွာ ၊ ရေချိုးခန်း ဝင်နေလို့ ။ ခု အဝတ်အစားတောင် မလဲရသေးဘူး ”
“ သိပါဘူး ၊ ချက်ချင်း မကိုင်တော့ တစ်ယောက်ယောက်နဲ့ ချက် ( Chat ) နေတာလားလို့ ”
“မင်း ကိုယ့်ကို ဘယ်အချိန်ထိ သံသယ ဝင်နေဦးမှာလဲ လဲ့ ၊ ဘယ်အချိန်အထိ စော်ကားနေဦးမှာလဲဟင် ”
“ ဆောရီး ကိုကို ၊ လဲ့ အဲလို မရည်ရွယ်ပါဘူး ။ ဒီနေ့ ကိုကို ဖုန်းမခေါ်သေးတာရယ် ၊ ပြန်လာရင် သမီးလေး မှာလိုက်တာလည်း မေ့နေမှာစိုးလို့ သတိပေးရင်း အဟင်း ... လဲ့ လည်း ကိုကို့ကို သတိရလို့ ”
လဲ့ က ဟိုတုန်းကလို ကိုကို ဟု ဆိုကာ ပျာပျာသလဲ ဖြေရှင်းတော့ သူ့ရင်မှာ အနည်းငယ် ကျေနပ်သွားသလိုတော့ရှိသည် ။ ဟိုတုန်းက သူခရီးထွက်လျှင် ကားရပ်နားတိုင်း လဲ့ ထံသို့ ဖုန်းဆက်သည် ။ နောက်တော့ တစ်နေ့ နှစ်ကြိမ်ခန့်တော့ အနည်းဆုံး ဖုန်းဆက်သည် ။ ခုနောက်ပိုင်းတော့ သူ့ ထံသို့ ဖုန်းစ,ဆက်သူ မှာ လဲ့ ဖြစ်နေတတ်သည် ။ ဒီနေ့ သူ လဲ့ ထံသို့ ဖုန်းမခေါ်ရသေးတာ သတိရသွားသည် ။
“ အေးပါကွာ ၊ မမေ့ပါဘူး ။ လဲ့ အတွက်ရော ဘာဝယ်ခဲ့ရမလဲ ။ ဒီမှာ ဒူးရင်းသီးတွေ အရမ်းမိုက်တယ်နော ... ”
“ အဲဒါဆို လဲ့ အတွက် ဒူးရင်းသီး ဝယ်ခဲ့ ၊ ကိုလည်း သူများတွေနဲ့ Chat မနေနဲ့နော် ”
ဒီတစ်ခါတော့ လဲ့ ကို သူ မအော်ဖြစ်တော့ ။ အသံက ပျော့ပျော့ပျောင်းပျောင်း နှင့် တောင်းပန်ဟန် ပေါက်နေသောကြောင့်ဖြစ်သည် ။ နောက်ပြီး လူမှုကွန်ရက်ကို သူ မသုံးတော့သည်မှာ ကြာပြီ မဟုတ်လား ။
“ အေးပါကွာ ၊ အဲဒါတွေက ပြီးသွားခဲ့ပါပြီ ။ ဒါပဲနော် ၊ ခဏနေ ဘော့စ်နဲ့ ဒင်နာသွား ရတော့မှာမို့ ”
လဲ့ ဖုန်းချသွားပြီဆိုတော့မှ သူ့ ဖုန်းကို ခုတင်ဘေး စားပွဲငယ်လေးပေါ်သို့ တင်လိုက်သည် ။ ထို့နောက် အဲကွန်းရီမုဒ်ကို ယူကာ အဲကွန်းကို အမြင့်ဆုံးသို့ မြှင့်လိုက်သည် ။ ဒင်နာ သွားရန် အချိန်လိုသေးသဖြင့် သူ အိပ်ရာပေါ်သို့ လှဲလိုက်သည် ။ မျက်လုံးတွေက မှိတ်ကာ အစာဝ,နေသည့် မြွေတစ်ကောင်လို ငြိမ်သက်ထားလိုက်သည် ။ ပထမဆုံး အာရုံတွင် ပေါ်လာသည်က “ မ ” ။ သူ၏ “ မ ” ဖြစ်နေသည် ။ နောက် သမီးလေး၏ မျက်နှာ ။ လဲ့ ၏ ပုံရိပ် ။ ခန္ဓာကိုယ်က ငြိမ်သက်နေသော်လည်း စိတ်အစဉ်က အတွေးနှင့်အတူ လှိုင်းခတ်နေသည် ။ အရာအားလုံး၏ အပြစ်သည် သူ့ကြောင့်ပင် မဟုတ်ပါလား ။
••••• ••••• •••••
တကယ်တော့ သူသည် သူဌေး၏ လူယုံ ဖြစ်သည် ။ ဒရိုင်ဘာလည်း ဖြစ်သည် ။ သူဌေး၏ PSO ထက်ပင် သူ က သူဌေး နား နေခွင့်ရသူ ၊ နေရသူဖြစ်သည် ။ ကုမ္ပဏီ၏ စူပါဗိုက်ဇာနှင့် သူ့လစာ တူသည်ကို သိသည် ။ လကုန်သွား၍ စာရင်းချုပ်ကြည့်မည် ဆိုလျှင်တော့ သူ့တစ်လဝင်ငွေကို မျက်စောင်းထိုးမည့်သူ များပေလိမ့်မည် ။ ထို့ကြောင့် ကုမ္ပဏီ၏ ရုံးလုပ်ငန်းပိုင်းတွင် မဝင်တော့ဘဲ သူဌေး သွားရာ လိုက်ကာ စာရင်းအင်းများကို ဝိုင်းကူလုပ်ပေးသည် ။ ကားမောင်းရသည့် အခါ မောင်းသည် ။ သူ၏ သူဌေးက ကိုယ်တိုင် မောင်းရသည်ကို နှစ်သက်သည် ။ ခြွင်းချက်အနေဖြင့် သူ မောင်းသည် ကိုလည်း စိတ်ချသည် ။ သို့နှင့် သူဌေးလုပ်ငန်းကိစ္စ ခရီးသွားလျှင် သူပါသည် ။ ကမ်းခြေ သွားလျှင် သူပါ သည် ။ KTV သွားလျှင် ... ။ Massage သွားလျှင် ... ။ သူ မပါသည်က ခပ်ရှားရှား ဖြစ်သည် ။ တစ်ခါတစ်ရံတော့ Body guard တာဝန်ကိုလည်း ယူရသေးသည် ။
သူခရီးသွားတိုင်း အိမ်မှာ ကျန်နေသည့် လဲ့ ထံသို့ ဖုန်းခေါ်သည် ။ နောက်တော့ သူနှင့် လဲ့ ဘဝထဲသို့ သမီးလေး ရောက်လာသည် ။ ထိုအခါ ခရီးသွားတိုင်း ဖုန်းပိုဆက်ဖြစ်သည် ။ နောက်တော့ ရောက်သည့်နေရာ ထူးထူးဆန်းဆန်း ရောက်တိုင်း ဖေ့စ်ဘွတ်ခ်တွင် တင်သည် ။ လမ်းတွင် ကားပျက်လျှင်တောင် ကားပျက်ကြောင်း တင်သည် ။ အိမ်မှာ ကျန်ရစ်နေသည့် လဲ့ သိစေရန် ၊ အပျင်းပြေစေရန်အတွက် ဖြစ်သည် ။
ဖေ့စ်ဘွတ်ခ် ဆိုသည်က သိသည့်အတိုင်းပင် ။ သူငယ်ချင်းများ၏ Like များ ၊ Comment များကြောင့် သူ ဖေ့စ်ဘွတ်ခ် သုံးရသည်ကို ပျော်လာသည် ။ နောက်တော့ သူ “ မ ” နှင့် ဆုံသည် ။ သူ တင်သည့် စာသားများ ၊ ဓာတ်ပုံများ အောက်တွင် ပေးလာသည့် “ မ ” ၏ မှတ်ချက်လေးများကြောင့် “ မ ” ကို သတိထားမိသွားခြင်း ဖြစ်သည် ။ နောက် “ မ ” ၏ Wall ကို သွားကြည့်သည့် အခါ “ မ ” ကို မော်ဒယ်တစ် ယောက် ဖြစ်ကြောင်း သိသွားသည် ။ ဟိုးတုန်းက မော်ဒယ် ဖြစ်သော်လည်း ယခုအခါ တွင် “ မ ” က စားသောက်ဆိုင် တစ်ဆိုင်ကို ဦးစီးဖွင့်နေသူ ဖြစ်သည် ။ ရိုးသားစွာ ပြောရမည် ဆိုလျှင် “ မ ” သည် သူ့ထက် အသက်ကြီးသော် လည်း ကောက်ကြောင်းလှသူ ဖြစ်သည် ။ Chat Box မှ နေ၍ စကားလာပြောသည့်အခါ သူ လိုလိုလားလား ပြန်ပြောဖြစ်သည် ။ နောက်တော့ ဆက်သွယ်ရေး ကတ်တွေ ပေါများနေသည့် ခေတ်တွင် နေထိုင်သူပီပီ “ မ ” နှင့် ဖုန်းအဆက်အသွယ် ရှိလာသည် ။ သို့နှင့် ။
••••• ••••• •••••
“ မ ” က သူ အိမ်ထောင်ရှိသည်ကို သိသည် ။ နောက်ပြီး “ မ ” က သူ့ထက် ငါးနှစ်ကြီးသည် ။ သူက လဲ့ ထက် ငါးနှစ် ကြီးသည် ။ “ မ ” က သူ့ကို စတင် သဘောကျသူဖြစ်ပြီး သူက လဲ့ ကို စတင် သဘော ကျခဲ့သူ ဖြစ်သည် ။ လဲ့၏ မိဘများ သဘောမတူသည့်တိုင် သူက လဲ့ ကို သူ့နောက်သို့ အပါ ခေါ်နိုင်ခဲ့သူ ဖြစ်သည် ။
ယခု “ မ ” က သူ့ကို အပါ ခေါ် ဖို့ ကြိုးစားနေသည် ။ သူ၏ အလှနှင့် ၊ သူ၏ ဓနနှင့် ဖြစ်သည် ။ သူ တွေဝေလာသည် ။ ဟုတ်ကဲ့ ပြောနေရသည့် နေရာမှ ဟုတ်ကဲ့ အပြောခံရသည့် ဘဝကို နေချင်လာသည် ။ ကိုယ်တိုင် မောင်းနေရသည့် ကားသည် ကိုယ့်ကား ဖြစ်လိုလာသည် ။ သုံးပွင့်ဆိုင် ဇာတ်လမ်းကို သပ်ရပ်သေသပ်စွာ သူ က နေ သော်လည်း အမှန်တရားသည် စောစီးစွာ ရောက်လာခဲ့လေသည် ။ “ မ ” ၏ ဇာတ်ကွက်ကြောင့် ဖြစ်သည် ။ သူနှင့် Chat Box တွင် ပြောထားသည် များကို Screen Short ရိုက်ကာ လဲ့ ထံသို့ ပို့လိုက်ခြင်းဖြစ်သည် ။ လဲ့ နှင့် သူ ပြဿနာ အကြီးအကျယ် တက်သည် ။ လဲ့ ကို ဖုန်းဖြင့် နောက်ဆုတ်ပေးရန်နှင့် လျော်ကြေးကိစ္စများ အကြောင်း စကားစ လာသည့်အခါမှာတော့ လဲ့ အိမ်ပေါ်မှ ဆင်းသွားသည် ။ သူ လည်း စိတ်ရှုပ်ထွေးစွာ ၊ ဝေခွဲရ ခက်စွာနှင့် အလုပ်မှ ခွင့်ယူကာ သူ့မိဘများ ရှိရာ မြို့သို့ ပြန်လာခဲ့သည် ။ ထိုမြို့တွင် သူ၏ ရင်ဖွင့်ဖော် သူငယ်ချင်း တစ်ယောက် ရှိသည် ။ သူ အခြေအနေ အားလုံးကို ပြော ပြလိုက်သည် ။
“သူငယ်ချင်းရေ ... ငါက သူငယ်ချင်းကောင်းတစ်ယောက် မဟုတ်ဘူး ။ သူငယ်ချင်း ဆိုတာ မကောင်းတာ ၊ မသင့်တာ လုပ်နေရင် တားမြစ်ရမှာ မဟုတ်လား ။ နောက်ဆုံး အမုန်းခံပြီးတော့ကို တားရပြောရမှာလေ ။ ငါ ကတော့ ဒီလို မဟုတ်ဘူး ”
“ အင်း ... ဆိုစမ်းပါဦး ”
သူတို့ ထိုင်နေကြသည်က သူတို့ မြို့ငယ်လေးရှိ စားသောက်ဆိုင်တစ်ခုတွင် ဖြစ် သည် ။ ဘီယာခွက်တွင် သီးထနေသည့် ရေစက်လေးများကို ကြည့်ရင်း -
“ဒီလိုကွာ ၊ ဆေးလိပ် မကောင်းဘူး ၊ အရက် မကောင်းဘူး ဆိုတာ ငါတို့ သိတယ် ။ ခု တို့ ထိုင်နေတာ စားသောက်ဆိုင် ကွာ ။ မကောင်းတာ မသိလို့ ထိုင်တာမှ မဟုတ်တာ ။ ဟုတ်တယ် မဟုတ်လား ။ စဉ်းစားသင့်တယ် ထင်တာလေးတွေကိုတော့ မင်းကို ပြောပြမယ် ”
“ မင်းတောင် တိုးတက်နေမှပဲ ပြော ... ပြော ”
“ မင်းကို မှီခိုနေတဲ့ ဘဝ နှစ်ခု ရှိတယ် ။ မလဲ့ ရယ် ၊ သမီးလေးရယ်ပေါ့ ။ နောက်ထပ် ဘဝတစ်ခုကို မင်း ဖန်တီးတော့မယ် ဆိုပါစို့ ။ နောက် တစ်ခုမှာလည်း ကလေးဆိုတာ ရောက်လာမှာပဲ ။ ဘဝလေး တစ်ခု ဖြစ်သွားပြီ ။ ကလေးတစ်ယောက်က ဖခင် မဲ့သွားမယ် ၊ တစ်ယောက်က သူ့ ဖခင်ရဲ့ အချစ်ကို ဝေမျှ ခံစားရတယ်လို့ ထင်မယ် ။ မင်း မိန်းမတစ်ယောက်ကို ဖက်အိပ်နေချိန်မှာ ကျန် တစ်ယောက်က ဒေါသနဲ့ အလူးလူး အလှိမ့်လှိမ့် ဖြစ်နေလိမ့်မယ် ။ မင်း ကလေး တစ်ယောက်ကို ထွေးပိုက်ထားချိန်မှာ ကျန်ကလေး တစ်ယောက်က ဖခင် ရှိလျက်နဲ့ ဝမ်းနည်းအားငယ် နေရလိမ့်မယ် ”
ထိုရက်က သူ ညဉ့်နက် မှ အိမ်သို့ ပြန်ခဲ့လိုက်သည် ။ မူးယစ်ရီဝေ နေသော်လည်း သူ့သူငယ်ချင်း စကားသံက နားထဲတွင် ပဲ့တင်ထပ်နေသည် ။ “ မလုပ်သင့်တာကို လုပ်ရင် လူယုတ် ၊ လုပ်သင့်တာကို မလုပ်ခဲ့ရင်လည်း လူယုတ်ပဲ ” ဆိုသော စကား ဖြစ်သည် ။ မြို့ကလေးမှ သူ ပြန် လာသည့် အခါမှာတော့ ဆုံးဖြတ်ချက်တို့ မကျသေးသည့်တိုင် ဇွတ်တိုးတော့မည့် သူ ၏ အစီအစဉ်တို့ ဝေဝါးလာ သည် ။ သူ “ မ ” ထံသို့ ဖုန်းမဆက်တော့ ။ ဖုန်းမဆက်သည့်တိုင် ဝင်လာသည့် ဖုန်းတို့က ရှိသေးသည် ။ တစ်ကြိမ်မှာတော့ သူ ရှောင်မနေတော့ဘဲ “ မ ” ကို ရှင်းရှင်းပြတ်ပြတ်ပင် ပြောလိုက်တော့သည် ။ တစ်ဖက်မှ စွပ်စွဲလာမည့် လူယုတ်မာ ဆိုသော စကားကို မျှော်လင့်ထားသော်လည်း ငိုရှိုက်သံတို့သာ သူ ကြားခဲ့ရသည် ။ ထို့နောက်မှာတော့ ဖုန်းခေါ်သံတို့ ကျဲပါးသွားသည် ။ မြည်နေသည့် ဖုန်းကို အဓိပ္ပာယ်မဲ့ စိုက် ကြည့်နေခဲ့ရသည် ကလည်း ရင်မှာ နာကျင်ရပါသည် ။ နှုတ်မှ ဖွင့်မအန်မိသော်လည်း ရင်မှာ မြည်ဟည်းခဲ့သည့် မေးခွန်းကတော့ တစ်ခုတည်းသာ ဖြစ်သည် ။
“ ဘဝမှာ အချစ်ဟာ အကြိမ်ကြိမ် သီးပွင့်တတ်ပါသလား ”
••••• ••••• •••••
ဇာတ်လမ်းကို အဆုံးသတ်ခဲ့ပြီ မဟုတ်လား ။ ရှေ့ဆက်မရတော့တဲ့ ဇာတ်လမ်း တစ်ပုဒ်ကို သူ ရပ်တန့်ခဲ့တာ ကြာပြီပဲလေ ။
ပိတ်လှောင်နေတဲ့ အခန်းထဲကနေ အပြင်ကို ချောင်းကြည့်ဖို့ ပြတင်းပေါက်ကြီးကြီး မလိုပါဘူး ။ လှောင်ပိတ်နေတဲ့ ခံစားချက် ကနေ လွတ်မြောက်ဖို့ဆိုရင်တော့ ဒီအခန်းထဲက ခေတ္တခဏ ထွက်သွားဖို့ လိုတယ် မဟုတ်လား ။ သူ့ဘဝတွင် အမိုက်မှောင်ကျခဲ့ဖူးသည် ။ မိုက်မှားမှန်း သိနေသော်လည်း ခံစားမှု နောက်ကို လိုက်ကာ မိုက်မဲဖို့ ကြိုးစားခဲ့ဖူးသည် ။ မိုက်မှားဖို့ လွယ်သလောက် အမှားကို ပြင်ဖို့ ခက်သည်ကို သိသည် ။ သူ ရုန်းထွက်ရန် ခက်ခဲသည့် အမှားကို ရုန်းထွက်နိုင်ခဲ့ပါသည် ။ ကတိကဝတ် များစွာနှင့် လဲ့ ကို သူ့ မိဘထံမှ သူ ပြန်ယူနိုင်ခဲ့သည် ။ သို့သော် ... ။
သူ မှားခဲ့သည်က တစ်ကြိမ်တည်းသာ ဖြစ်သည် ။ သို့သော် တခြားသူများ၏ အတွေးတွင် အကြိမ်ကြိမ်မှား သည် ။ အမှားထဲမှ သူ ရုန်းနိုင်ခဲ့သော်လည်း အခြားသူများ ၏ အတွေးတိမ်တိမ်လေးထဲမှာတော့ သူ အကြိမ်ကြိမ် နစ်ခဲ့သည် ။ နစ်ခဲ့ရသည် ။ နစ်နေဆဲဖြစ်သည် ။ အတွေးနှင့်အတူ မွန်းကျပ်လာသည် ။ ညနေစောင်းတုန်းက နေစူး၍ စေ့ထားသည့် ပြတင်းပေါက်ကို အားစိုက်တွန်းဖွင့်လိုက်သည် ။ သုတ်ခနဲဝင်လာသည့် လေအေးနှင့်အတူ ပြတင်းတစ်ချပ်က ပြန်ပိတ်လာသဖြင့် လက်နှင့် တွန်းထုတ် လိုက်ရသည် ။ ပြန်ပွင့်သွား သည့် ပြတင်းတံခါးနှင့်အတူ အပြင်မှာ မြည်နေသည့် ပိုးကောင်မွှားကောင်တို့၏ အသံ ကို သတိပြုမိတော့သည် ။ ခပ်လှမ်းလှမ်းမှ ကျစ် ... ကျစ် ... ကျစ် ... ကျစ်နှင့် မြည်နေသော အသံကို ဟိုး ကလေးဘဝတုန်းက ကြယ်မြည်သံဟု မည်သူမျှ မပြောဘဲနှင့် ထင်မြင်ခဲ့ဖူးသည် ။
ကြယ်တွေ အသံမြည်တတ်ပါသလား ။ အသံ မမြည်တတ် ဟု ဆိုလျှင် ဝေးလွန်း၍ မကြားခြင်းသာ ဖြစ်မည်ဟု စောဒကတက်လိုပါသည် ။ တကယ်တော့ သူသည် ကြယ်မြည်သံကို မကြားဖူးပါ ။ ကလေးဘဝတုန်းကတော့ ကြယ်မြည်သံဟု ထင်သည့်အသံကို ကြားမိခဲ့ခြင်းသာ ဖြစ်သည် ။ ကြယ်မြည်သံကို ကြားနိုင်ရန် အတွက် ပကတိ နားကောင်းဖို့ မလိုပါ ။ ခံစားနိုင်သည့် ၊ ခံစားတတ်သည့် နှလုံးသား ရှိဖို့သာ လိုပါသည် ။
ကြယ်တွေ မြည်နေခြင်းသည် နာကျင်၍ ငိုကြွေးနေခြင်းလည်း ဖြစ်သည် ။ သို့မဟုတ် တစ်ဦးတစ်ယောက်၏ မလွတ်မြောက်နိုင်မှ အတွက် မြည်တမ်းညည်းတွားနေခြင်းလည်း ဖြစ်နိုင်ပါသည် ။
ယခုအခါတွင် ပိတ်လှောင်နေသည့် အခန်းထဲတွင် စိတ်အိုက်မွန်းကျပ်မှုများကို ပြတင်းတံခါးတစ်ချပ် ဖွင့်ရုံနှင့် လွတ်မြောက်ခဲ့ပြီ ဖြစ်သည် ။ သို့သော် အတိတ်မှ စိတ်အိုက် မွန်းကျပ်စရာကိစ္စများမှ သူ မလွတ်မြောက်နိုင်သေးသည်မှာ သေချာသည် ။ နာရီတွေ ၊ ရာသီတွေ လည်ပတ်နေသရွေ့ ကိန်းဂဏန်း တစ်ခုကိုတော့ တစ်နေ့ နှစ်ကြိမ် ဖြတ်သန်း နေဦးမှာပဲ ဖြစ်သည် ။ အဘယ့်ကြောင့်ဆိုသော် နာရီလက်တံများသည် “ တစ်ဆယ့်နှစ် ” ပြီးသည်နှင့် “ တစ် ” ကို ရောက်သွားသည် မဟုတ်လား ။
အပြင်တွင် ကြယ်တွေ မြည်နေပြီ ဖြစ်သည် ။
▢ ရှဉ့်ညိုလေး
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
ဧပြီ ၊ ၂၁၁၉

No comments:
Post a Comment