❝ ဆွေဆွေအောင် နှင့် တွေ့ဆုံပေးခြင်း ❞
ပေဖူးလွှာမဂ္ဂဇင်း ရဲ့ “ တွေ့ဆုံပေးခြင်း ” ကဏ္ဍမှာ ဒီလ အလှည့်ကျလာသူ ကတော့ စာရေးဆရာမ ဆွေဆွေအောင် ပဲ ဖြစ်ပါတယ် ။ သားအဖ စာရေးဆရာ ၊ သားအမိ စာရေးဆရာ ၊ မိသားစုစာရေးဆရာ အုပ်စုတွေထဲမှာ ဆွေဆွေအောင် ကတော့ ညီအစ်မ စာရေးဆရာ အဖြစ် စာဖတ်သူများ သိပြီး ဖြစ်ပါတယ် ။ ဆွေဆွေအောင် ၊ ဝေဝေအောင် ရယ်လို့ ညီအစ်မ နှစ်ယောက်စလုံး အချစ်ဝတ္ထု ရေးတဲ့ စာရေးဆရာမတွေ အဖြစ် အောင်မြင်ထင်ရှားကြပါတယ် ။ တပ်မတော်အမှုထမ်း ( အငြိမ်းစား ) ဦးတင်အောင် ( မော်ကွန်းဝင် ) နဲ့ ဒေါ်တင်နွဲ့ တို့က မွေးဖွားခဲ့တဲ့ ဆွေဆွေအောင် ဟာ ကျောက်မြောင်း အစိုးရ အထက်တန်းကျောင်း ( ယခု အထက ( ၁ ) တာမွေ ) မှာ တက္ကသိုလ်ဝင်တန်း အထိ ပညာ သင်ကြားခဲ့ဖူးပါတယ် ။
••••• ••••• •••••
🅦Ⓝ ဆရာမ စာရေးတာ ဘယ်အရွယ်လောက်က စပြီး ရေးခဲ့တာလဲ ။
🆂🆂🅰 ငယ်ငယ်ကလေး ကတည်းက ရေးပါတယ် ။ ခြောက်တန်း ၊ ခုနစ်တန်းလောက်က စပြီးတော့ပေါ့ ။ ဒါပေမဲ့ အမှိုက်ခြင်းထဲ ရောက်သွားတာ များပါတယ် ။ ကျောင်းစာထက် အနုပညာ ဖြစ်တဲ့ သီချင်းဆိုတာတို့ ၊ ဝတ္ထုရေးတာတို့ကို ပိုပြီး စိတ်ကူး သန်ခဲ့ပါတယ် ။
🅦Ⓝ ဒါဆို ငယ်ငယ် ကတည်းက စာရေးဆရာမ ဖြစ်ချင်တဲ့ ရည်ရွယ်ချက် ရှိခဲ့တာပေါ့ ။
🆂🆂🅰 ဟုတ်ကဲ့ ရှိပါတယ် ။ ကျွန်မ ရင်ထဲမှာ ငါ တစ်နေ့ စာရေးဆရာမ ဖြစ်ရမယ်ဆိုတဲ့ အာသီသ အမြဲ ရှိခဲ့ပါတယ် ။ ဘယ်သူကမှ အရေးတယူ မရှိခဲ့ပေမဲ့ ကိုယ့် တစ်ယောက်တည်း ဟိုဟာမြင်ရင် မှတ် ၊ ဒီဟာ မြင်ရင် မှတ်နဲ့ စိတ်ကူးထဲမှာ မြင်သမျှတွေဟာ ဝတ္ထုလေးတွေ ဖြစ်နေတတ်ပါတယ် ။ ပတ်ဝန်းကျင်ကိုပဲ ကြည့်ကြည့် ၊ လူတွေကိုပဲ ကြည့်ကြည့် ဝတ္ထု ရေးချင်စရာတွေချည်းလိုပဲ မြင်လာတယ် ။
ကျွန်မတို့ ငယ်ငယ်တုန်းက ဖေဖေက စစ်မှုထမ်းဆိုတော့ တပ်ပြောင်းသမျှ အမြို့မြို့ အနယ်နယ်ကို ရောက်ဖူးခဲ့သမျှ မြင်ကွင်းလေးတွေဟာလည်း ဒီကနေ့ ဝတ္ထုစာသား လေးတွေအဖြစ် အသုံးချလို့ ရခဲ့ပါတယ် ။
🅦Ⓝ ဆရာမ ပထမဆုံး ဝတ္ထုက ... ။
🆂🆂🅰 ရှင့်ကို ကျွန်မမုန်းတယ် ဆိုတဲ့ လုံးချင်း ဝတ္ထုရှည်ပါ ။ အဲဒီ ဝတ္ထုကို ကျွန်မ ၁၉၇၄ ခုနှစ် လောက် ကတည်းက ရေးခဲ့ပေမဲ့ ဝတ္ထုတစ်ပုဒ် အဖြစ် ခရီးရောက်အောင် ထုတ်ပေးမယ့်သူ မရှိခဲ့လို့ စာမူဘဝနဲ့ပဲ ထုတ်ဝေသူတွေ လက်မှာ ကြာညောင်းနေခဲ့ပါတယ် ။ နောက်ဆုံး ဖေဖေ့ သူငယ်ချင်းရဲ့သား ဆရာဆွေဦးလှိုင် ကို အကူအညီ တောင်းတော့မှ မြင့်သီတာစာပေ ကနေ ထုတ်ဖြစ်သွားပါ တယ် ။
🅦Ⓝ ဘယ်နှခုနှစ်ကပါလဲ ။
🆂🆂🅰 ၁၉၇၈ ခုနှစ် ၊ ဧပြီလမှာ ထွက်ပါတယ် ။
🅦Ⓝ ပထမဆုံးဝတ္ထု မထွက်ခင်ကာလ ၊ ဆရာမ ကြိုးစားနေဆဲကာလ အတွေ့အကြုံကလေးတွေ ပြောပြပါဦး ။
🆂🆂🅰 လူတစ်ယောက်ဟာ နာမည် မရခင်မှာ အလွန် မျက်နှာငယ်ပြီး သနားစရာ ကောင်းတဲ့ အဖြစ်မျိုးတွေနဲ့ ရင်ဆိုင်ရစမြဲပါ ။ ကမ္ဘာမှာပဲ ကြည့်ကြည့် ၊ မြန်မာမှာပဲ ကြည့်ကြည့် အောင်မြင်ကျော်ကြားတဲ့သူ တော်တော်များများဟာ တစ်ချိန်က စိတ်ဆင်းရဲမှုတွေ ၊ ခံပြင်းမှုတွေ ၊ မျက်ရည်တွေနဲ့ နပန်းလုံးပြီး ဘဝနာခဲ့သူတွေ များပါတယ် ။
ရှင့်ကို ကျွန်မမုန်းတယ် ၊ လေရူးမလေး ၊ ချစ်စိတ်တဝေဝေ ဝတ္ထုသုံးအုပ် ထွက်ပြီးတဲ့ အချိန်အထိ ပင့်သက်ဖြာ နေရတဲ့ ကာလတွေပါပဲ ။ ဝတ္ထုတိုလေးတွေ ရေးပြီး မဂ္ဂဇင်း တွေကို ခပ်ငယ်ငယ်က ပို့ဖူးပါတယ် ။ တစ်ခါက နှစ်ခါ ပါမလာတော့ စာပေပိုး နည်းနည်း ငြိမ်သွားတယ် ။ ဒါပေမဲ့ ဝါသနာတို့ ၊ ဗီဇတို့ ဆိုတာ ဘယ်တော့မှ ဖျောက်ဖျက်လို့ မရပါဘူး ။ စာပေဝါသနာ အနုပညာပိုးကတော့ တစ်အိမ်လုံးမှာ ရှိပါတယ် ။ ဖေဖေဟာ စာပေနဲ့ ပတ်သက်ပြီး စာအုပ်စာတမ်း ၊ စာအုပ် ၊ ဖောင်တိန် က စပြီး စာရေးနိုင်အောင် ၊ စာရေးနေတုန်းမှာ ပြင်ပ အနှောင့်အယှက် ကင်းအောင် ၊ စိတ်မဆင်းရဲရအောင် ဂရုတစိုက် စောင့်ရှောက်ပေးပါတယ် ။
🅦Ⓝ ဝတ္ထုတစ်ပုဒ် ရေးတော့မယ် ဆိုရင် ဆရာမ အနေနဲ့ ဇာတ်အိမ်ကို ဘယ်လို ဖန်တီးယူပါသလဲ ။
🆂🆂🅰 ဇာတ်အိမ် ဖန်တီးမှုနဲ့ ပတ်သက်ပြီး ပြောရရင်တော့ ဝတ္ထုဆိုတဲ့ အကြောင်းကနေ စရမှာပဲ ။
ဝတ္ထု သို့မဟုတ် ဇာတ်လမ်းတစ်ခုမှာ လူ့ဘဝ လူ့အဖြစ်အပျက်ဟာ အရေးကြီးတဲ့ အရင်းခံ အကြောင်းပါပဲ ။ ဝတ္ထုတိုင်းဟာ လူသားတွေ ရဲ့ အကြောင်းကို ဖွဲ့စည်းထားတာပါ ။ လူသားတွေရဲ့ ဘဝ တစ်လျှောက်မှာ ဖြစ်ပြီး ကြုံပြီးခဲ့တဲ့ အကြောင်း ၊ ဖြစ်နေဆဲ အကြောင်း ၊ ဖြစ်လတ္တံ အကြောင်းကို အခြေခံပြီး စာဖတ်သူ နားလည်အောင် စ - လယ် - ဆုံး စီကာပတ်ကုံး ရေးသားထားတာကို ဝတ္ထုလို့ ဆိုပါတယ် ။
ဝတ္ထုတစ်ပုဒ်မှာ ( ၁ ) ဦးတည်ချက် ( Theme ) ၊ ( ၂ ) ဇာတ်လမ်းကျောရိုး ( Plot ) ၊ ( ၃ ) စရိုက် ( Character ) ၊ ( ၄ ) ဇာတ်လမ်း နောက်ခံကားနှင့် နေရာကာလ ( Setting ) ၊ ( ၅) ရေးဟန် ( Style ) ဆိုပြီး အချက် ငါးချက် ရှိပါတယ် ။
စာရေးဆရာ တစ်ယောက်ဟာ ဝတ္ထု စ,ရေးတော့မယ် ဆိုရင် အကြောင်းအရာ တစ်ခုခုကို ဦးတည်ပြီး ရေးရမှာပါ ။ လူမှုရေး ၊ ပညာရေး ၊ အချစ်ရေး ၊ ရာဇဝတ်ဘေး ၊ ဘယ်အကြောင်းအရာကိုပဲ ရေးရေး ၊ အကျိုးတရား တစ်ခုခုကို ရည်ရွယ်ပြီး ပြတ်သားရှင်းလင်းအောင် တင်ပြနိုင်ဖို့ လိုပါတယ် ။
ဝတ္ထုတစ်ပုဒ်ကို ရေးတဲ့ နေရာမှာ ဇာတ်အိမ်ဟာ အရေးအကြီးဆုံးပါပဲ ။ အချစ်ဇာတ်လမ်းပဲဖြစ်ဖြစ် ဟာသ ၊ အချစ် ၊ လျှို့ဝှက် ၊ လောကကြီးကို လှောင်တဲ့ ဝတ္ထုပဲ ဖြစ်ဖြစ် ကိုယ် ဖွဲ့တဲ့ ဇာတ်အိမ်ကို ကိုယ် နိုင်အောင် ကိုင်ရမှာပါပဲ ။
ဝတ္ထုထဲမှာ အလွမ်းမင်းသမီး အဖြစ် ဖန်တီးထားရင် မင်းသမီး အတွက် လွမ်းစရာ ကောင်းတဲ့ အချိန်ကာလ နေရာဒေသ ကိုရော ၊ ပတ်ဝန်းကျင် ကိုပါ ဖန်တီး ထားရမှာပါပဲ ။
အကြမ်းမင်းသမီး အဖြစ် ဖန်တီးထားရင် မင်းသမီးကို ကြမ်းတမ်းတဲ့ အသွင် ၊ အပြောအဆို ၊ အမူအရာ ၊ အဆင်အပြင် တွေပါ ဖန်ဆင်းထားရမှာပါပဲ ။ သူ နေလာတဲ့ ပတ်ဝန်းကျင်ကြောင့် သူဟာ လူကြမ်းမလေး အဖြစ် ရပ်တည် နေနိုင်မှာပါပဲ ။ ဆင်းရဲရင် ဆင်းရဲတဲ့ အသွင် ၊ ချမ်းသာရင် ချမ်းသာတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးရမှာပါပဲ ။ ကျွန်မ ဝတ္ထု ရေးရင်တော့ ဇာတ်အိမ်ကြီးတာ ၊ ကျယ်တာ ၊ ရှုပ်တာမျိုးကို ပိုကြိုက်တယ် ။ ဒါကြောင့်လည်း ဇာတ်ကောင်များများနဲ့ပဲ ဖွဲ့တယ် ။ ဇာတ်ကောင် နည်းရင် ကျွန်မ ရေးရတာ ပျင်းတယ် ။ ကျွန်မ ကိုယ်တိုင် ပျင်းနေရင် ကျွန်မစာအုပ် ဖတ်တဲ့သူတွေ အကုန် အိပ်ပျော်ကုန်လိမ့်မယ် ။
ဒါကြောင့် ကျွန်မ စာရေးရင် ပျော်စရာကောင်းတာ ၊ ရယ်စရာကောင်းတာ ၊ ဘုဘောက်ကျတာကို အရေး များပါတယ် ။ အချို့က ပြောတယ် ။ ကျွန်မရဲ့ မင်းသမီးတွေ ဟာ စွာတယ်တဲ့ ။ ဟုတ်ပါတယ် ။ ကျွန်မ ကိုယ်တိုင်လည်း အရင်က တော်တော်စွာခဲ့ပါတယ် ။ မဟုတ်တာ ၊ အမြင်မတော်တာ ဆိုရင် ကိုယ့်ထမင်း ကိုယ်စားပြီး အမုန်းခံ ပြောတတ်ပါတယ် ။ စာရေးဆရာ တစ်ယောက်ရဲ့ စရိုက်ဟာ ဝတ္ထုထဲမှာ တစ်နည်း မဟုတ် တစ်နည်း လွှမ်းမိုး နေမှာပါပဲ ။
ကျွန်မက ဝတ္ထုကို ဇာတ်လမ်းကောင်းပြီး ဇာတ်ကောင်တွေ သွက်နေမှ ကြိုက်တယ် ။ ဝတ္ထု အစက အဆုံး ပရိသတ် လက်က မချချင်မှ ဝတ္ထုကောင်း တစ်ပုဒ်လို့ ခေါ် ကြပါတယ် ။ ဝတ္ထုကောင်း တစ်ပုဒ် အဖြစ် မရေးနိုင်သေးရင်တောင် အစ ၊ အလယ် ၊ အဆုံး ပရိသတ် စိတ်ဝင်စားအောင် အမြဲ ကြိုးစားခဲ့ပါတယ် ။ ဉာဏ်ကစား သွားပါတယ် ။
🅦Ⓝ ဇာတ်ကောင်စရိုက်နဲ့ ပတ်သက်လို့ ဘယ်လို ဖန်တီးပါသလဲ ။
🆂🆂🅰 ဝတ္ထုဇာတ်လမ်း ထဲမှာ ပါသမျှ လူအားလုံးကို ဇာတ်ကောင်လို့ ဆိုကြပါတယ် ။ အဓိက နေရာက ပါဝင်တဲ့ လူကို ဇာတ်လိုက်မင်းသား ၊ ဇာတ်လိုက်မင်းသမီးလို့ ခေါ်ကြတယ် ။ ဒုတိယနေရာမှာ ပါဝင်သူကို ဇာတ်ပို့ ၊ တခြား မထင်မရှား ဟိုတစ်ကွက် ၊ ဒီတချို့ ပါဝင်သူတွေ ကို ဇာတ်ရံ ၊ လူကြမ်း ၊ လူရွှင်တော်လို့ ခေါ်ပါတယ် ။
ဝတ္ထုထဲမှာ အဲသလို နေရာ အသီးသီးက ပါဝင်တဲ့ သူတွေကို သူတို့ ပါဝင်ရမယ့် အခန်းကဏ္ဍမှာ သူတို့နဲ့ လိုက်ဖက်မယ့် အပြောအဆို ၊ အနေအထိုင် ၊ အဝတ်အစား ၊ အသွားအလာ အားလုံး သူတို့နဲ့ လိုက်ဖက်အောင် ရေးသားရမှာပါပဲ ။
ဝတ္ထုဇာတ်လမ်း တစ်ပုဒ်မှာ အဆွေးဆို အဆွေး ၊ အလွမ်းဆို အလွမ်း ၊ ဟာသဆို ဟာသ ၊ ပီပြင်အောင် မဖော်ပြနိုင်ရင် ၊ ဇာတ်ကောင်စရိုက် လှုပ်ရှားမှုများ ပေါ်လွင်မှု မရှိရင် ဝတ္ထုဇာတ်လမ်းကောင်း တစ်ပုဒ် ဖြစ်လာမှာ မဟုတ်ပါဘူး ။
🅦Ⓝ ဇာတ်ကောင်စရိုက်နဲ့ ပတ်သက်ပြီး ဆရာမ ရေး ခဲ့တဲ့ “ လေရူးလေး ” ဝတ္ထုထဲက ဇင်ဇင်ရဲ့ စရိုက်က လွန်ကြူးတယ်လို့ ဝေဖန်ကြတယ် ။ ဆရာမ ဘယ်လိုသဘော ရပါသလဲ ။
🆂🆂🅰 ဒါဟာ စရိုက်ပဲပေါ့ ။ ဇင်ဇင့် စရိုက်ကိုက မကောင်းတဲ့ ဘက်က လွန်ကြူးနေတာကိုး ။ ဇင်ဇင်တို့ အိမ်က မိသားစုရဲ့ ဆိုးသွမ်းပုံကို ပီပြင်အောင် ကွင်းကွင်းကွက်ကွက် မြင်အောင် ရေးသားနိုင်လို့ လွန်ကြူးတယ်လို့ အပြော ခံရတာပါပဲ ။ လွန်ကြူးအောင် ဖွဲ့ဆိုထားတဲ့ ဇာတ်လမ်းကို လွန်ကြူးတယ်လို့ အဝေဖန် ခံရတာ သဘာဝကျပါတယ် ။ ကျေနပ်ပါတယ် ။
တစ်ခု ပြောချင်တာ ကတော့ လေရူးမလေး လို ၊ ဇင်ဇင့် လို ဇင်ဇင်တို့ မိသားစုလို အိမ်ထောင်စုမျိုးတွေ အပြင်မှာ တကယ် ရှိမနေဘူးလား ။ ဇင်ဇင်တို့ မိသားစုထက် ဆိုးတဲ့ အဖြစ်အပျက်တွေကို ကျွန်မတို့ လူ့ပတ်ဝန်းကျင်မှာ နေ့စဉ် တွေ့ကြုံ ၊ မြင်တွေ့ နေရတာပဲ မဟုတ်လား ။
သားသမီးတွေကို ချစ်လို့ မပြောရက် ၊ မဆိုရက် အလိုလိုက်ထားမိတဲ့ မိဘတွေကို သင်ခန်းစာ ပေးတဲ့ စာအုပ်မို့ ကျွန်မ နှစ်သက်ပါတယ် ။ သားသမီးယုံ စုံလုံးကန်း ဆိုတဲ့ စကားပုံလေးကို သတိရစေချင်တဲ့ သဘောပါပဲ ။ ကျွန်မတို့ မိသားစုမှာ ဆိုရင် ဖေဖေဟာ စည်းကမ်း ကြီးတယ် ။ သားသမီး ချစ်တာနဲ့ စည်းကမ်းရှိတာ ရောမပစ်ပါဘူး ။ ချစ်တာ တခြား ၊ စည်းကမ်း တခြားပါ ။ ဒါကြောင့်လည်း ခုချိန်ထိ မိဘ အရိပ်အာဝါသ အောက်မှာပဲ ဥမကွဲ သိုက်မပျက် ပျော်ရွှင်နိုင်ကြတာပါပဲ ။
🅦Ⓝ ဆရာမ ဟာသနဲ့ လျှို့ဝှက် ရေးတာလည်း ဖတ်လိုက်ရဖူးပါတယ် ။ နောက်ကော အဲဒါမျိုး ရေးဖို့ အစီအစဉ် ရှိသေးလား ။
🆂🆂🅰 ကျွန်မ အချစ် ၊ ဟာသ ၊ လျှို့ဝှက်ရယ်လို့ လိုင်း သုံးမျိုး ခွဲရေးပါတယ် ။ အချစ်ဝတ္ထုက ရေးရတာ လွယ်တယ် ။ သွက်တယ် ။ ရှာဖွေစရာ ကုန်ကြမ်း ဆိုလည်း ကိုယ့် အသည်းနှလုံး တစ်ခုလုံး သုံးလို့ ဖြုန်းလို့ မကုန်ဘူး ။ ဟာသကတော့ တကယ် မရယ်ရဘဲ ကလိထိုးပြီး ရယ်ခိုင်းတာမျိုးကြီး ဆိုရင် ဘယ်ကောင်းမလဲ ။ ရယ်စရာတွေ ပြောတတ်တဲ့ ဗရုတ်ကျပြီး နောက်ပြောင်တတ်တဲ့ ကျွန်မလို မိန်းမမျိုးတောင် တစ်ခါတစ်ခါ ဟာသဉာဏ်တွေ ခန်းသွားတတ်ပါတယ် ။ လေး ၊ ငါး ၊ ခြောက်နှစ်လောက် စုဆောင်းမှ သဘာဝကျတဲ့ ဟာသလေးတွေ ခပ်များများ ရပါတယ် ။
ဒါကြောင့် ရယ်စရာတွေ သိပ်မများသေးလို့ ဟာသကို နည်းနည်း “ ချို ” ထားတာပါ ။ ဒါပေမဲ့ အခု ရေးပြီးသွားတဲ့ ကိုကိုလေယာဉ်မှူး ထဲမှာတော့ ဟာသလေးတွေ ထည့်ထားပါတယ် ။ လျှို့ဝှက် ဇာတ်လမ်းလည်း အချစ်ဝတ္ထုနဲ့ ညှပ်ပြီး ရေးသွားဦး မှာပါပဲ ။ မပြည့်စုံတာလေးတွေ ရှိနေသေးလို့ပါ ။
အသက်အရွယ် ကြီးရင့်လာလေ ဘဝ အတွေ့အကြုံရလေမို့ နောက်ပိုင်း ကျွန်မ ရေးမယ့် ဝတ္ထုတွေဟာ ပိုပြီး ကောင်းမွန် လာရပါမယ်လို့ ပြောချင်ပါတယ် ။
🅦Ⓝ အချစ်ဝတ္ထုတွေကို အပျော်ဖတ်စာပေလို့ သတ်မှတ်ကြတာနဲ့ ပတ်သက်ပြီး အချစ်ဝတ္ထု အရေး များတဲ့ စာရေးဆရာမ တစ်ယောက်အနေနဲ့ ဘယ်လိုများ သဘောရပါသလဲ ။
🆂🆂🅰 စာပေလောကမှာ အချစ်ဝတ္ထုတွေကို အခု ကိုဝင်းငြိမ်း မေးသလိုပဲ အပျော်ဖတ်ဝတ္ထု ၊ အပျင်းပြေဖတ်ဝတ္ထု ၊ အပေါစားဝတ္ထုလို့ သတ်မှတ်ထားကြပါတယ် ။ အဲဒါ ဟိုးရှေးရှေးက စာဆိုတွေကိုရော ၊ အရင်ခေတ်က စာရေးဆရာတွေကိုပါ စော်ကားတာနဲ့ အတူတူပါပဲ ။
ဒီခေတ်ကျမှ အချစ်ဝတ္ထု ၊ အချစ်အကြောင်း ၊ အချစ်လင်္ကာတွေ ပေါ်ပေါက်လာတာ မဟုတ်ပါဘူး ။ ခေတ်အဆက်ဆက် ကတည်းကပါ ။ စွယ်စုံကျမ်းမှာ ကြည့်မလား ၊ မှန်နန်း ရာဇဝင်မှာ ကြည့်မလား ၊ ရှိတ်စပီးယားမှာ ကြည့်မလား အချစ်နဲ့ မကင်းပါဘူး ။
တစ်ကမ္ဘာလုံး အချစ်အကြောင်း ရေးနေတာကို မေ့ပြီး ကျွန်မတို့ မြန်မာ စာရေးသူတချို့ကို ဘာဖြစ်လို့ ပြစ်တင် ဝေဖန်ချင်နေကြတာပါလိမ့် ။ အဲဒီလို အချစ်ဝတ္ထုကို အပျော်ဖတ်ဝတ္ထုလို့ ဝေဖန်တဲ့ လူတွေရော မချစ်ခဲ့ဘူးလား ၊ မချစ်တတ်ဘူးလား ၊ မချစ်တတ်ဘူး ဆိုတဲ့ လူဟာ ညာတာ ။
ကျွန်မကတော့ အချစ်ဝတ္ထု ရေးတဲ့သူ ဆိုတော့ အချစ်ဝတ္ထု ရေးတဲ့ သူတွေဘက်က ရှေ့နေလိုက်ရမှာပါပဲ ။ “ အချစ်ရှေ့နေ ” ပေါ့ ။ တစ်ခါလာလည်း အချစ် ၊ တစ်ခါလာလည်း အချစ် ။ ဒါတွေပဲ ရေးနေတာပဲ ။ စာဖတ် ပရိသတ်ဆီက ပိုက်ဆံ ညာယူတာ ။ လူငယ်တွေ အတုခိုး မှားကုန်မယ် ။ ဘယ်မယ် ညာမယ်နဲ့ ဝတ္ထု ပေးမဖတ်တာ တွေလည်း ရှိတယ် ။
အဲဒါ အစိုးရိမ်လွန်တာပဲလို့ ကျွန်မ ထင်ပါတယ် ။ တကယ်တော့ စာရေးဆရာတွေ အနေနဲ့ မြန်မာပြည်မှာ ရှိတဲ့ အမြို့မြို့ အနယ်နယ်က တိုင်းရင်းသားတွေ စားသောက်နေထိုင်မှုတွေကို ကိုယ်တိုင် မသွားနိုင်တဲ့ လူတွေအတွက် ၊ မရောက်ဖူးတဲ့ လူတွေအတွက် တစ်ထိုင်တည်းနဲ့ ကိုယ်တိုင် မြင်တွေ့ရသလို ကွင်းကွင်းကွက်ကွက် မြင်အောင် ၊ ဗဟုသုတရအောင် ရေးနေကြပါတယ် ။ မြန်မာစာကို မြန်မာရေးတယ် ။ မြန်မာဖတ်တယ် ။ နားလည်တယ် ။ တော်ပြီပေါ့ ။
ဝတ္ထုတစ်ပုဒ် ဖြစ်လာအောင် စာရေးဆရာက စေတနာအပြည့်နဲ့ ရေးထုတ်လိုက်တာပါ ။ ဘယ်သူမဆို ကိုယ့်ဝတ္ထုကို ကောင်းအောင် ရေးတာပဲ ။ ချာတူးလန်အောင် ဘယ်သူမှ မရေးပါဘူး ။ တစ်အုပ်ထက် တစ်အုပ် ကောင်းအောင် ၊ ဇာတ်လမ်း မထပ်အောင် ၊ စရိုက် ကွဲအောင် ရေးကြတာပါပဲ ။
ကျွန်မတို့ ရေးပြီးသား စာမူတွေကို လက်နှိပ်စက်နဲ့ ရိုက် ၊ သက်ဆိုင်ရာကို တင် ၊ စက္ကူထုတ် ၊ စာပုံနှိပ်စက်နဲ့ရိုက် ၊ အလီလီ အလာလာ စိစစ်ပြင်ဆင်ပြီးမှ စာဖတ်သူ လက် ရောက်တာ မဟုတ်လား ။ မသင့်တော်တာ ၊ မကောင်းတာ ဖြတ်တောက် ပြင်ဆင်ပြီးသားပါ ။
အချစ်ဝတ္ထုတွေကို ပုတ်ခတ်နေတဲ့ စာရေးဆရာတွေ ရှိသေးတယ် ။ ကိုယ့်လောကသားချင်း ဘာမှ ပုတ်ခတ်နေစရာ မလိုပါဘူး ။ ကိုယ့်လိုင်းနဲ့ ကိုယ် ရေးတာပဲ ။ လောကမှာ တစ်ယောက်တည်း နေလို့ မရပါဘူး ။ ဇာတ် တစ်ခုကို တစ်ယောက်တည်း က,လို့ ရသလား ။ ရုပ်ရှင်ရော တစ်ယောက်တည်း ရိုက်လို့ ရသလား ။
အားလုံး အဖွဲ့အစည်း ပေါင်းစုံ အင်အားနဲ့ ဖြစ်လာတာပါ ။ တစ်ယောက်တည်း မင်းမူလို့ မရပါဘူး ။ လူအမျိုးမျိုး ၊ စိတ်အမျိုးမျိုး ရှိပါတယ် ။ မိသားစုတစ်စု တည်းမှာတောင် တစ်ယောက်က ဖြူတယ် ၊ နောက်တစ်ယောက်က မည်းတယ် ။ ပုတယ် ၊ ရှည်တယ် ၊ ပိန်တယ် ၊ ဝတယ် ။ လိမ္မာတယ် ၊ ဆိုးသွမ်းတယ် ။ စိတ်ဓာတ်လည်း မတူကြဘူး ။ တစ်မိသားစု တည်းမှာတောင် စရိုက် အမျိုးမျိုး ရှိကြပါတယ် ။ တစ်ယောက်က ငါးကြိုက်တယ် ၊ နောက်တစ်ယောက်က ပုစွန်ကြိုက်တယ် ။
ပွင့်လန်းနေတဲ့ ပန်းမျိုးစုံထဲက ကိုယ်ကြိုက်တာ ကိုယ် ရွေးပန်ကြတယ် ။ တစ်ခါတလေလည်း အပြောင်းအလဲလေး ဖြစ်အောင် နှင်းဆီ ကနေ စံပယ် ပြောင်းပန်တယ် ။ အဝါရောင်က အနီရောင် ပြောင်းပန်တယ် ။ အင်္ကျီ အဝတ်အစား ဆိုလည်း အရောင်အမျိုးမျိုး ပြောင်းဝတ်ကြတယ် ။ ဟင်းတစ်မျိုးတည်း နေ့တိုင်း ချက်စားနေရာက တခြားဟင်း ပြောင်းချက်ရင် အဲဒီနေ့ ထမင်းစား ပိုမြိန်တတ်ပါတယ် ။ ဟင်းပြောင်းဟင်းလွဲကိုး ။
ဒီလိုပဲပေါ့ ။
ကလေးတွေကို ကြည့် ။ ကျောင်းစာချည်းပဲ လုပ်နေရတော့ ကာတွန်း ၊ ရုပ်ပြကလေး ဖတ်ချင်လာတယ် ။ စိတ်ထဲမှာ အပြောင်းအလဲလေး ဖြစ်ပြီး စာကျက်ရတာ မပျင်းတော့ဘူး ။ လူလတ်ပိုင်း ၊ လူကြီးပိုင်းတွေလည်း ဒီလိုပါပဲ ။ ကျောင်းအားတဲ့ ရက် ၊ အလုပ်အားတဲ့ ရက်တွေ မှာ ဝတ္ထုဖတ်တယ် ။ စာအမျိုးမျိုး ဖတ်တယ် ။
ဘယ်စာမဆို အကြာကြီး ဖတ်ရင် ငြီးငွေ့လာတာ ထုံးစံပါပဲ ။ ( ရည်းစားစာက လွဲရင်ပေါ့လေ ) သီချင်း တစ်ပုဒ်ကို အခေါက်ခေါက် အခါခါ နားထောင်ရရင် ကြာတော့ မကြားချင်လောက်အောင် ရိုးအီသွားတတ်ပါ တယ် ။ နောက်တစ်မျိုးကို ပြောင်းပြီး နားထောင်ယူရတယ် ။
စာဖတ်တဲ့ နေရာမှာ အချစ်ဝတ္ထု ထက် ဗဟုသုတ ၊ ပညာပေးတွေကို ဖတ်ဖို့ တိုက်တွန်းကြတာ ၊ ရေးသားကြတာ နေ့စဉ်လိုပဲ တွေ့မြင်နေရတယ် ။ စာဖတ်သူ အမျိုးမျိုး ရှိကြတဲ့အနက် အချစ်ဝတ္ထုတောင် နည်းနည်း ပျင်းရင် “ ဖုတ် ” ခနဲ ပစ်ချတဲ့သူ ရှိသလို ၊ ဗဟုသုတတွေ ၊ ပညာပေးတွေချည့် ရေးထားတဲ့ စာအုပ်ကိုလည်း ဟိုလှန် ဒီလှန် လုပ်ပြီး ပစ်ချသွားတာကို ကျွန်မ ကိုယ်တွေ့ ၊ ကျွန်မတို့ စာအုပ်ဆိုင်မှာ လက်တွေ့ပါ ။
ကျွန်မ ဝတ္ထုရေးရင် ဘယ်တော့မှ လက်လွတ်စပယ် မရေးဘူး ။ တစ်ခုခုတော့ ဗဟုသုတ ရအောင် ၊ ပညာ ရအောင် ရေးစမြဲပါ ။ တချို့ကတော့ ကူးကြ ၊ မှတ်ကြ ၊ ဖတ်ကြပါတယ် ။ တချို့ကတော့ ကျော်ဖတ်သွားတယ် ။
ဘာပဲဖြစ်ဖြစ် စာပေနယ်မှာ စာရေးဆရာ အဖြစ် ဆက်လက် လှုပ်ရှားနိုင်ဖို့အတွက် စာဖတ်ပရိသတ်ဟာ အဓိကပါ ။ ဖတ်တဲ့လူ ရှိမှ ရေးနိုင်မှာပါ ။ စာဖတ်ပရိသတ် လက်မခံတဲ့ စာရေးဆရာဟာ ဘယ်လောက် တော်တော် ၊ ဘယ်လောက် ကောင်းကောင်း စာပေလောကက ပျောက် သွားမှာပါပဲ ။ ဒါကြောင့် “ သူ့အလို ကိုယ့်အကြိုက် ” လိုက် ပြီး ရေးရမှာပါပဲ ။ ဒီတော့မှ ကလောင်တစ်ချောင်း ကိုင် ပြီး စာဆက်ရေးနိုင်မှာပါ ။
တိုင်းပြည်တစ်ပြည်မှာ လွတ်လပ်ရေးရတာ ပြည်သူပြည်သားတွေ စည်းလုံးညီညွတ်လို့ ဖြစ်ပါတယ် ။ ကျွန်မတို့ စာပေလာကမှာလည်း အဲဒီလိုပဲ နားလည်မှုရှိကြဖို့ လိုပါတယ် ။ တစ်ယောက် မကောင်းကြောင်း တစ်ယောက် ပြောခြင်းထက် စေတနာနဲ့ ဝေဖန်အားပေးကူပံ့ပေးဖို့ လိုပါတယ် ။ သေးသိမ်တဲ့စိတ် မွေးခြင်း ၊ ဝန်တိုခြင်း ဆိုတာ ရှက်ဖို့ အလွန်ကောင်းတဲ့ အလုပ်တစ်ခု ၊ ကိုယ့်ပေါင် ကိုယ် လှန်ထောင်းတဲ့ အလုပ် ၊ ညံ့ဖျင်းသေးသိမ်တဲ့ အလုပ်လို့ ကျွန်မတော့ မြင်မိပါတယ် ။
လူတွေဟာ ဘာနဲ့ တူသလဲဆိုတော့ “ ကဏန်း ” လိုပဲ ။ ကဏန်းကောင်တွေ ထည့်ထားတဲ့ ပလိုင်းကို အဖုံးပိတ်ထားစရာ မလိုဘူးတဲ့ ။ ဘာလို့လဲ ဆိုတော့ တစ်ကောင် ပလိုင်းပေါက်ဝ တက်သွားရင် တစ်ကောင်က မနာလို ဖြစ်ပြီး ဆွဲချရင်းနဲ့ ဘယ်အကောင်မှ အောင်အောင်မြင်မြင် ပလိုင်းပေါက်ဝက ရုန်းမထွက်နိုင်ခဲ့ဘူး ။
အဲဒီ ပုံစံအတိုင်းပါပဲ ။ ကျွန်မတို့ စာပေလောကမှာ စာရေးဆရာ တစ်ယောက် နည်းနည်း နာမည်ရလာရင် ၊ ပရိသတ် မြှောက်စားလာရင် အဲဒီ စာရေးဆရာကို ဇာတ်တူသားတွေက လက်ဖက်ရည်ဆိုင် ထိုင်ပြီး ရက်ရက်စက်စက် ပုတ်ခတ်ဝေဖန်တော့တာပါပဲ ။ ဒါ “ ကဏန်း ” တွေလို ဆွဲချတာပဲ မဟုတ်လား ။
🅦Ⓝ ခုတလော စာရေးဆရာ နှစ်ယောက်တွဲ ထုတ်တာတွေ တော်တော် များလာပါတယ် ။ ဆရာမ ဘယ်လို ယူဆပါသလဲ ။
🆂🆂🅰 တချို့က ဆွေဆွေအောင် ရေးတာကို ကြိုက်ပေမဲ့ တချို့က ဝေဝေအောင် ရေးတာကို ကြိုက်ချင် ကြိုက်မယ် ။ အကြိုက်ချင်း မတူနိုင်ကြဘူးလေ ။ လူအမျိုးမျိုး အကြိုက်အမျိုးမျိုးမို့ အချို ၊ အငန် ၊ အချဉ် ၊ အစပ် အရသာ မျိုးစုံ ဖတ်နိုင်အောင် စာရေးဆရာ အသစ်တွေ လက်တွဲခေါ် ယူခဲ့ပါတယ် ။ ကျွန်မ အနေနဲ့ “ ဝေဝေအောင် ” နဲ့ “ မသက်ဇွန် ” ဆိုတဲ့ ကလောင်ရှင် နှစ်ဦးကို အောင်မြင်စွာ ဖော်ထုတ်နိုင်ခဲ့ပါတယ် ။ နောက်ထပ် စာရေးဆရာမ အသစ် တစ်ယောက် ကိုလည်း အပျိုကြီးမမ ဆိုတဲ့ ဝတ္ထုမှာ တွဲထုတ် ထားပါတယ် ။
🅦Ⓝ ညီအစ်မ နှစ်ယောက် တစ်အိမ်တည်းမှာ စာရေးကြတယ် ဆိုတော့ ဇာတ်လမ်း ၊ ဇာတ်ကွက်နဲ့ ပတ်သက်ပြီး တိုင်ပင်နှီးနှောမိတာ ရှိသလား ။
🆂🆂🅰 ညီမအရင်း ဖြစ်ပေမဲ့ သူ့အမြင် ၊ သူ့အတွေးအခေါ်နဲ့ သူရေးပါတယ် ။ တိုင်းရေး ၊ ပြည်ရေး ၊ ဗဟုသုတ ဆွေးနွေးချိန်က လွဲရင် သူက တစ်နေရာ ၊ ကျွန်မက တစ်နေရာ ။ သူ့ စာအုပ်စင်နဲ့ သူ ၊ ကိုယ့် စာအုပ်စင်နဲ့ ကိုယ်ပါ ။
🅦Ⓝ ရှဲဒိုးလို့ ခေါ်နေကြတဲ့ Ghost Writer ကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လို လုပ်သင့်တယ်လို့ မြင်ပါသလဲ ။
🆂🆂🅰 ကျွန်မတို့ စာပေလာကမှာ ဒီပြဿနာ တော်တော်တက်နေပါတယ် ။ ဘယ်သူတွေ လုပ်နေသလဲတော့ ကျွန်မတို့ မသိဘူး ။ ကျွန်မတို့ကတော့ ဝတ္ထုစာရေး ကတည်းက ကိုယ်တိုင် စာရေးဆရာမ ဖြစ်ချင်လို့ ကိုယ့် လက်ရေးနဲ့ ကိုယ် ၊ ကိုယ့်အတွေးနဲ့ ကိုယ် ၊ ကိုယ့်မာနနဲ့ ကိုယ်မို့ ရှဲဒိုးကိစ္စ စိတ်မဝင်စားပါဘူး ။ ရှဲဒိုးကိစ္စကြောင့် စာရေးဆရာအစစ်တွေ သိက္ခာကျပါတယ် ။ ဒါကြောင့် စာရေးဆရာ စစ် ၊ မစစ် သိရအောင် စာပေလုပ်သားအဖွဲ့က ဦးစီးပြီး ကိုယ်တိုင် စာ တကယ် ရေး ၊ မရေး သိရလေအောင် အရည်အချင်းစစ် စာမေးပွဲလေး လုပ်ပြီးမှ စာပေလုပ်သားကတ် ထုတ်ပေးပါလို့ အကြံပေးချင်တယ် ။ ဒါဆို ရှဲဒိုးကိစ္စ ရှင်းသွားမှာပါ ။
🅦Ⓝ ဆရာမ စာပေဟောပြောပွဲတွေကိုရော ဘယ်လို မြင်ပါသလဲ ။
🆂🆂🅰 စာပေဟောပြောပွဲနဲ့ ပတ်သက်ပြီး ပြောရရင်တော့ စာရေးသူနဲ့ စာချစ်သူတွေ တွေ့ဆုံပွဲမို့ ဝါသနာပါ သူတွေအတွက် လုပ်သင့်လုပ်ထိုက်တဲ့ပွဲပါ ။ ဒါပေမဲ့ စာရေးဆရာတိုင်း အပြော မကောင်းပါဘူး ။ ဟောပြောပွဲ ဆိုတာ အပြော မကောင်းရင် အဆဲခံရဖို့ များပါတယ် ။ ချစ်ခင်နေရာကနေ မုန်းတီးသွားမှာ စိုးရိမ်ရပါတယ် ။ “ အမုန်းမခံဝံ့သူမို့ ” စာပေဟောပြောပွဲတွေ မလိုက်တော့ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ် ။ နောက်တစ်ချက်က ပါးစပ်မှာ စကား သိပ်မပြောနိုင်လောက်တဲ့ ဝေဒနာတစ်ခု ခံစားနေရလို့ပါပဲ ။
🅦Ⓝ ကျွန်တော် မေးချင်တာတွေတော့ ပြည့်စုံပါပြီ ။ ဆရာမ ဖြည့်ချင်တာများရှိရင် ... ။
🆂🆂🅰 ကျွန်မဟာ ဘဝကို ရုန်းကန်လှုပ်ရှားနေရတဲ့ လူသားတွေထဲက သာမန်လူသား တစ်ယောက်ပါ ။ ဘဝရဲ့ ပျော်ရွှင်စရာ ၊ ဝမ်းနည်းစရာတွေကို ခံစားတဲ့နေရာမှာ အများနည်းတူ မွေးကတည်းက ပါလာတဲ့ အသည်းနှလုံးနဲ့ ခံစားခဲ့တာပါပဲ ။ ခံစားရဖန်များတော့ နဂိုဗီဇအခံလေး ရှိတော့ ငိုရင်လည်း ဝတ္ထု ၊ ရယ်ရင်လည်း ဝတ္ထု ၊ မုန်းရင်လည်း ဝတ္ထု ၊ ချစ်ရင်လည်း ဝတ္ထု ၊ မခံချင်တာတွေဟာ လည်း ဝတ္ထုဖြစ်လာပါတယ် ။
ဝါသနာအရ ရေးတဲ့သူမို့ ကြီးကျယ်ခမ်းနားတဲ့ အတွေ့အကြုံမျိုးတွေ ဘာတစ်ခုမှ မရှိခဲ့ပါဘူး ။ တစ်အုပ်မှလည်း ရုပ်ရှင် မရိုက်ရသေးပါဘူး ။ စာပေဆုလည်း မရ ဖူးပါဘူး ။ နိုင်ငံခြားဘာသာပြန်ဖို့လည်း ရွေးချယ် မခံရသေးပါဘူး ။ တက္ကသိုလ်က ပေးတဲ့ ဘွဲ့လည်း မရှိပါဘူး ။ ဒါကြောင့် ပေဖူးလွှာက တွေ့ဆုံပြီးသမျှ စာရေးဆရာတွေ ထဲမှာ ကျွန်မဟာ အညံ့ဆုံး ၊ အဖျင်းဆုံး စာရေးဆရာမ တစ်ယောက်ပါပဲလို့ ယူဆပါတယ် ။ ဒီလို စာရေးဆရာမ တစ်ယောက်ကို လာရောက် ဆွေးနွေးတဲ့ ပေဖူးလွှာမဂ္ဂဇင်း နဲ့ ကိုဝင်းငြိမ်း ကို ကျေးဇူးအများကြီးတင်ပါတယ် ။ ပြီးတော့ ကျွန်မ နောက်ဆုံး ပြောချင်တာ ကတော့ ရှေ့ဆက်ပြီး စာပေရေးသားခြင်းနဲ့ ပတ်သက်ပြီး ဆထက်ထမ်းပိုး ကြိုးစားသွားပါမယ် ။ မိတ်ဆက်အကြံပေးလွှာတွေကို အားလုံး တစ်စောင်ချင်း မပြန်ကြားနိုင်တဲ့ အတွက် ခွင့်လွှတ်ကြပါလို့ ဒီတွေ့ဆုံခန်းက တစ်ဆင့် တောင်းပန်လိုက်ပါရစေ ။
🅦Ⓝ ကျေးဇူးတင်ပါတယ် ဆရာမ ။ ဒီကဏ္ဍမှာ စိတ်ဝင်တစား ပါဝင် ကူညီပေးတဲ့အတွက် ပေဖူးလွှာ စာတည်းအဖွဲ့နဲ့ ဆရာမရဲ့ စာဖတ်ပရိသတ် ကိုယ်စား ကျေးဇူးတင်စကား ကျွန်တော်ကပဲ ပြောခဲ့ပါရစေ ။
▢ ဝင်းငြိမ်း
📖 ပေဖူးလွှာ မဂ္ဂဇင်း

No comments:
Post a Comment