Saturday, November 29, 2025

အာလူး နှင့် ပွိုင်

 ❝ အာလူး နှင့် ပွိုင် ❞

        ( ပုံပြင် )


ရှေးသရော အခါက နီဟောင်းကျွန်းကလေးပေါ်၌ ဘီလူးကြီး တစ်ကောင် ရှိလေ၏ ။ သူ့နာမည်ကို ငကူး ဟု ခေါ်သည် ။ ဘီလူးကြီးငကူးသည် အကောင်အထည် အလွန်ကြီးသည် ။ ဟာဝေယံကျွန်းစု၌ ဘီလူးများစွာ ရှိကြသည့် အနက် ငကူး သည် အကြီးဆုံး ဖြစ်လေသည် ။ ငကူး သည် လမ်းလျှောက်လေ့ ရှိသည် ။ သူသည် အားလုံးထဲ၌ အကောင်အထည် အကြီးဆုံး ဖြစ်နေသည်ကို ဂုဏ်ယူသည် ။ သူ လမ်းလျှောက်သည့်အခါ၌ နေရောင်တွင် ကျနေသော အရိပ်မည်းမည်းကြီးကိုကြည့်ကာ အလွန် သဘောကျလေသည် ။ ငကူး သည် လမ်းမလျှောက်သည့်အခါ များ၌ အာလူး စိုက်နေတတ်သည် ။ သူသည် အာလူးကိုသာ တစ်သက်လုံး စားခဲ့သည် ။ အာလူး မှာ သူအကြိုက်ဆုံး အစာလည်း ဖြစ်သည် ။ သူ့အတွက် အာလူးများကို ဧကများစွာ စိုက်ထားရလေသည် ။


ကောက်အိုင်ကျွန်းမှ ရေလက်ကြား တလျှောက်ကို ကြည့်လိုက်လျှင် “ မန်နာ ” ဆို သော ကျွန်းကလေး တစ်ကျွန်းကို တွေ့ရမည် ။ ထို မန်နာကျွန်းကလေး ၌လည်း ဘီလူးကြီး တစ်ကောင် ရှိလေ၏ ။ ထိုဘီလူးကြီး၏ နာမည်မှာ ဟန်နို ဖြစ်လေသည် ။ ဟန်နို သည်လည်း ငကူး ကဲ့ သို့ ထွားကျိုင်းသန်မာသည် ။ ငကူး ကဲ့သို့ပင် ဟန်နို သည် သူ့ကိုယ်သူ ဂုဏ်ယူတတ်သည် ။ သူသည် မန်နာကျွန်းစပ် မှနေ၍ သူ့ကိုယ်သူ ဟန်ရေးပြရင်း “ ငါ့လောက် ကြီးထွားသန်မာတဲ့သူ ဒီ ဟာဝေယံကျွန်းစုမှာ ရှိသေးရဲ့လား ” ဟုဆိုကာ ကြွားလေ့ရှိသည် ။ ဟန်နို သည် ပွိုင်မုန့် ကိုသာ စားလေသည် ။ သူကြိုက်သော ပွိုင်မုန့်များကို လုပ်ရသော “ တာရို ” ပင်များကို သူကိုယ်တိုင် စိုက်သည် ။ တာရိုပင်များကို ဧကပေါင်းများစွာ စိုက်ထားရသည် ။ တာရိုမြစ်များကို ထုချေ၍ ပွိုင်မုန့် လုပ်ရသောကြောင့် သူ စားလောက်ရန် ဧကပေါင်းများစွာ စိုက်ရခြင်းဖြစ်လေသည် ။


တစ်နေ့သ၌ နီဟောင်းကျွန်း မှ ဘီလူးကြီး နှင့် မန်နာကျွန်း မှ ဘီလူးကြီးတို့သည် သွားရင်းလာရင်း လှမ်း၍ တွေ့မြင်လိုက်ကြ၏ ။ သူတို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်နေ ကြသည် ။ ငကူး က စတင်၍ “ ဟေ့ ... မင်း ဘယ်သူလဲကွ ” ဟု မေးလိုက်သည် ။ မန်နာကျွန်း ဘက်မှ ဘီလူးဟန်နို ကလည်း ပြန်၍ “ ဟေ့ ... ငါက ဒီမန်နာကျွန်းက ဘီလူးကြီး ဟန်နို ဆိုတာ မင်း မသိဘူးလား ၊ မင်းက ငါ့ထက် အရပ်နည်းနည်း မြင့်ပေမယ့် ငါ မင်းနဲ့ ပြိုင်ချင်တယ်ကွာ ” ဟု အော်၍ ပြောလိုက်လေ၏ ။ ငကူး ကလည်း မခံနိုင်ဘဲ “ ဟား ... ဟား ... ဟား ... ဟား ” ဟုအော်၍ ရယ်မောလိုက်သောအခါ သူ့အနီးက သစ်ပင်များ လှုပ်ခါသွားလေသည် ။ ငကူး က ဆက်၍ “ အောင်မယ် ... မင်းကလား ပြိုင်ချင်တယ် ဆိုတာ ၊ မင်း ငါ့အကြောင်းကို မကြားသေးဘူးထင် တယ် ၊ ငါဟာ နီဟောင်းကျွန်းတင် မကဘဲ ဒီ ဟာဝေယံကျွန်းစုမှာ အကြီးဆုံးဘီလူးပေါ့ ၊ မပြိုင်ချင်စမ်းပါနဲ့ကွာ ” ဟု ပြောလေ၏ ။ ဟန်နို လည်း မခံနိုင်ဘဲ “ မင်းကလား အကြီးဆုံး ဆိုတာ ၊ ရယ်စရာ ကောင်းလိုက်လေကွာ ၊ ဟေ့ ... ဒီမှာ ငါအခုနေ ကုန်းအော် လိုက်လို့ ရှိရင် တစ်ကမ္ဘာလုံးက ငါ့အသံကို ကြားသွားကြမှာကွ ၊ သိလား ” ဟု ပြောလိုက်သည် ။ ငကူး လည်း ပို၍မခံနိုင်ဘဲ “ ဟေ့ မင်း အသံသေး အသံကြောင်ကို မအော်ချင်စမ်းပါနဲ့ကွာ ၊ မင်းကို ငါ ဟောဒီလိုပဲ ပစ်သ,တ်လိုက် ချင်တယ် ” ဟု ပြောပြောဆိုဆို ငကူးက သူ့ နောက်ကျောဘက်မှာ ရှိသော တောင်ကြီးကို ခွဲ၍ ဟန်နို ရှိရာ မန်နာကျွန်း ဘက်သို့ ပစ်ပေါက်လိုက်လေ၏ ။ ဟန်နို လည်း ငကူး ပစ်လိုက်သော ကြောင့် ပို၍ စိတ်ဆိုး လာပြီးလျှင် သူ့အနီးမှာ ရှိသော ကျောက်တောင်ကြီးကို လက်ဖြင့်ကုတ်၍ ကျောက်တုံးကြီး တစ်တုံးကို ယူလိုက်ပြီးလျှင် ငကူး ရှိရာ နီဟောင်းကျွန်း ဘက်သို့ ပစ်သွင်းလိုက်လေ၏ ။ ငကူးမှာ ဟန်နို ပစ်လိုက်သော ကျောက်တုံးကြီး ဘေးမှ လွတ်သွားသော်လည်း ငကူး ပစ်လိုက်သော မြေစိုင်မြေခဲကြီးလည်း ဟန်နို့ ကို ထိမှန်ကာ ဟန်နို သေဆုံးသွားလေ၏ ။ ထိုနေရာ ယခုတိုင်အောင် မြေပုံကြီးသည် တောင်တစ်ခု အဖြစ် တည်နေလျက်ရှိလေ၏ ။


ဟာဝေယံကျွန်းမှ လူတို့သည် ဘီလူးကြီး ငကူး နှင့် ဟန်နို တို့ကို ကြည့်ကာ မည်သူမျှ အင်အား မသေးကြောင်းကို သိလိုက်ကြရသည် ။ ဘီလူးကြီးတို့သည် တစ်သက်ပတ်လုံး အာလူး နှင့် ပွိုင်မုန့် ကိုသာ စားကြသည် ။ ထို့ကြောင့် ဘီလူးကြီးငကူး နှင့် ဟန်နို ကဲ့သို့ အင်အား ကောင်းစွာဖြင့် ကျန်းမာစေသည် ။ ဟာဝေယံကျွန်းသူကျွန်းသား အားလုံးသည် အာလူး နှင့် ပွိုင်မုန့်ကို အစဉ်အမြဲ မှီဝဲလျက် ရှိကြခြင်းဖြစ်လေသည် ။


( ဘာသာပြန် ) 


〇 နုယဉ်

📖ရှုမဝ မဂ္ဂဇင်း

     ၁၉၆၂ ၊ မတ်

No comments:

Post a Comment