Wednesday, November 26, 2025

အကြည့်


 ❝ အကြည့် ❞ 

  ( ရဲသျှမ်း )


၁ ။


“ တောင် ” ခနဲ မြည်သံနဲ့ အတူ သူ့ဆမ်ဆောင်း S10 လေးရဲ့ ယာဘက်ထိပ် မက်ဆင်ဂျာ နေရာလေးမှာ 1 ဂဏန်းလေး ပေါ်လာတာမို့ မက်ဆင်ဂျာထဲ ဝင်လိုက်တော့ မင်းချစ် ပို့လိုက်တဲ့ ပုံတွေ ။ Wing Road လေး ။ သူတို့ ကားလောက အခေါ်မှာတော့ ဝင်းဂလုပ် အနက်ရောင်လေးက ဘေးတိုက် ၊ ရှေ့ ၊ အတွင်း ၊ နောက်ပုံတွေ အပြင် မော်ဒယ် ၊ နံပါတ် ၊ လိုင်စင်သက်တမ်းတွေပါ ရေးထားတာ တွေ့ရတယ် ။ ဈေးကလည်း မဆိုး ။ သူ့ဆီကို မေးထားတဲ့ နည်းပညာ တက္ကသိုလ်က ပါမောက္ခ တစ်ယောက် လိုချင်တဲ့ အဆင်လေး ။


အိုကေ ... သူ လက်ဖြောက် တစ်ချက်တီးလိုက်ပြီး မင်းချစ်ရဲ့ mpt နံပါတ်ကို ဖုန်းချိတ်လိုက်တယ် ။ 


“ သားရီး ... မက်ဆင်ဂျာမှာ ပို့ထားတဲ့ အတိုင်း သေချာရင် ကြိုက်ပြီ ။ သည်နေ့ ငါ ထွက်ခဲ့မယ် ၊ မင်း သေသေချာချာ ချိတ်ထား ။ ငါ မနက်ဖြန် ရောက်မယ်လေ ။ ပွဲစားတန်း မချိန်းနဲ့ ၊ အိမ်လာကြည့်မယ် ပြောထား ၊ လျှော့နိုင်သလောက် လျှော့ဖို့ မင်း နှဲ့ထားပေးဦး ၊ အိုကေ ... ဆီးယူ တူမောရိုး .... ”


ဒါဆို သူ သည်ည မန္တလေး ဆင်းရမယ် ။ ဘာနဲ့ သွားမလဲ ။ သူ ပတ်ထားတဲ့ နာရီ ကြည့်တော့ အချိန်က နှောင်းချင်နေပြီ ။ အိတ်စပရက် နောက်ဆုံးကားတောင် သွားလောက်ပြီ ။ ညနေ ၅ နာရီက နောက်ဆုံးကား ။ အခုပဲ ၆ နာရီခွဲနေပြီ ။ ရထားနဲ့ သွားဖို့ ဆုံးဖြတ်လိုက်တယ် ။ ရထားက ည ၇ နာရီ ၂၀ လားပဲ ။ သေချာတယ် ရထားမီမယ် ။


လက်ဆွဲအိတ်ထဲ အဝတ် ၂ စုံ ၊ ၃ စုံထည့် ၊ ဘဏ်စာအုပ် ၊ ခရက်ဒစ်ကတ် ၊ မှတ်ပုံတင် ၊ ကားလိုင်စင် ပါ,မပါ စစ်ပြီးတော့ သူ ခရီးထွက်ဖို့ အဆင်သင့်ဖြစ်ပြီ ။


“ အမေရေ .. မန္တလေးကို ကားတစ်စီး သွားကြည့်လိုက်ဦးမယ် ၊ အမေ့မြေး ကျူရှင် ပြန်လာရင် ကျွန်တော့် မတွေ့လို့ ကောက်နေဦးမယ် ၊ ကား အဆင်ပြေရင် ချက်ချင်း မောင်းပြန်လာမှာနော် အမေ ”


မီးဖိုချောင်ထဲ ရောက်နေတဲ့ အမေ့ကို အိမ်ရှေ့ကနေ အသိပေးရုံလောက်နဲ့ သူ ခရီး ထွက်လာတာကို အမေက အသိအမှတ် ပြုပြီးသားပဲ ။ အဲ တတိယတန်း ကျောင်းသူ သမီးက သူ့အမေ မရှိတော့တဲ့နောက် အဖေ့ကို တွယ်ကပ်ချင်တယ် ။ အင်းလေ ... သမီးအမေ ကျောက်ကပ်ရောဂါနဲ့ ဆုံးတာ ၁ နှစ်တောင် မပြည့်သေးတော့ သမီးလည်း အမေကို ဘယ်မေ့နိုင်မလဲ ။ အမေ အစား အဖေကိုပဲ အမေ လုပ်နေရတာ ဆိုတော့ အဖေကို အပျောက် မခံချင်တာပဲပေါ့ ။ သူ့ဖုန်းစကရင် ကာဗာက သမီးပုံလေးကို နမ်းမိသွားသေးတယ် ။ မျက်ဝန်း ရွှန်းလဲ့လဲ့နဲ့ ချစ်စရာ သမီးလေးလို့ သူ့နှုတ်က ရွတ်မိပြီး သူ ပြုံးမိပြန်တယ် ။


••••• ••••• •••••  


ဘူတာရောက်တော့ အထက်တန်းလက်မှတ် ကုန်ပြီတဲ့ ။ အထာလား ဆိုပြီး လက်မှတ်ရောင်း စာရေးကို အမျိုးမျိုးပြော ၊ ချဉ်းကပ် ကြည့်တော့လည်း လုံးဝ ကုန်နေလို့ပါတဲ့လေ ။ ရိုးရိုးတန်းတောင် နောက်ဆုံးတန်းခုံ ၊ သူ့ရှေ့လည်း ဘာခုံမှ မရှိ ။ သူ့ဘေးလည်း ဘာခုံမှ မရှိ တဲ့ အိမ်သာချောင်ဘက်က ခုံ ။ ဒါတောင် ပြတင်းဘက်က မဟုတ် ၊ အတွင်းခုံပဲ ရတော့မယ် ။ သူ စိတ်ပျက်သွားတယ် ။ ကျွတ်ခနဲ သူ့ပါးစပ်က ထွက်တယ် ။ လက်မှတ်ရောင်း စာရေးလေးက မကြည်မလင် ကြည့်ရင်းက သိပ်စိတ်မရှည်တော့ဘူးထင်တယ် ။


“ ကဲ ... ဘရားသား ယူမှာလား ၊ ရထားထွက်ဖို့ အချိန် သိပ်မကျန်တော့ဘူး ”  


နောက်ဆုံးတော့ အဲဒီ လက်ကျန်ခုံပဲ လက်မှတ် ဖြတ်လိုက်ရတယ် ။ တစ်ညလုံး မသက်မသာ စီးရတော့မှာလားလို့ တွေးမိပြီး စိတ်က အီလေးသွားတယ် ။ ခက်တာက မသွားလို့လည်း မဖြစ်ဘူး ။ မင်းချစ် ပေးတဲ့ ဒေတာအတိုင်း မှန်ရင် ၁ဝ ပုံးလောက်တော့ သူ့အတွက် ကျန်နိုင်တယ် ။ လက်လွတ်လို့ မဖြစ်ဘူး ။ အခုတလော အရောင်းအဝယ် အေးနေတုန်း ဝင်းဂလုပ်က ဝယ်လက်လည်း ရှိ ၊ ဈေးကြမ်းလည်း လှနေ ၊ ကားကလည်း ချောတယ် ။ သည်အခွင့်အရေး လွှတ်လိုက်ရင် လင်းထက်တို့ မိုက်ရာကျ မှာပေါ့လို့ သူတွေးပြီး ပြုံးမိ တယ် ။


စီးရမယ့် တွဲ ရောက်တော့ သူ တွဲပေါ်မတက်သေးဘဲ ရူဘီတစ်လိပ်ထုတ် သောက်နေလိုက်ရင်း သူနဲ့ တွဲလျက်ခုံပေါ်မှာ ဘယ်သူ ကျမလဲ သိချင်စိတ်နဲ့ တွဲ ပြတင်းဘက် လှမ်းကြည့် တော့ “ ဝိုး ” လို့ သူ အော်မိမတတ် ဖြစ်သွားလေရဲ့ ။ ပါးမှာ သစ်ရွက်ပုံ ပါးကွက်ကလေးနဲ့ နှုတ်ခမ်းဖူးဖူးလေး ၊ မျက်လုံးတောက်တောက်ကလေးပါလား ။ ၂၀ ကျော်လောက်ပဲ ရှိမယ်ထင်တယ် ။ သိပ်အလှကြီး မဟုတ်ပေမဲ့ လန်းတာတော့ လန်း တယ်လို့ သူက စိတ်ထဲကနေ မှတ်ချက်ပေးမိသေး ။ သူ ပျော်သလိုတောင် ဖြစ်သွားမိ ။ ဆိုင် မဆိုင် မသိ ၊ လက်မှတ်ရောင်းစာရေးတောင် ကျေးဇူး တင်လိုက်မိတယ် ။ 


ဂါတ်ဗိုလ်ကြီး ဝီစီမှုတ်တော့မှပဲ သူ ရထားတွဲပေါ် တက်လိုက်တယ် ။ သူ့ခုံဘေး ဝေ့ခနဲ ကြည့်လိုက်တော့ စောစောက ပျော်သလိုလေးက ပျောက်ချင်ချင် ။ သစ်ရွက်ကလေး ဘေးမှာက မူကြိုအရွယ် သမီးကလေးတစ်ယောက် ထိုင်လျက် ။ သူ လက်ဆွဲအိတ်ကို ပစ္စည်းတင် တန်းလေးပေါ် တင်လိုက်တော့ -


“ သမီး အမေ့ပေါင်ပေါ် ထိုင် ၊ အခုထိုင်တဲ့ နေရာက အဲဒီ ဦးဦး နေရာ ” တဲ့ ။ 


သစ်ရွက်ကလေးက ပြုံးလိုက်ပေမဲ့ သူ ပြန်ပြုံးဖို့ စက္ကန့်ပိုင်း နောက်ကျသွားတယ်လို့ ထင်မိတယ် ။ ဟုတ်တယ် ၊ သူ့စိတ်က သေရောလို့ တွေးနေတာဖြစ်မယ် ။ 


“ ရပါတယ် ညီမလေး ၊ အစ်ကို့ကို အားမနာနဲ့ ၊ ကလေး လွတ်လွတ်လပ်လပ် နေပါစေ ”


သူ အလိုက်သင့် ပြောလိုက်ပေမဲ့ သူ့နေရာ ကလေး ထိုင်မှတော့ သူက ကြမ်းပြင်ပေါ် ငုတ်တုတ်ဖြစ်သွားမှာပေါ့ ။ သစ်ရွက်ကလေးက ကလေးကို ပေါင်ပေါ်တင် လိုက်တာမို့ သူလည်း ဝင်ထိုင်လိုက်ရင်း သစ်ရွက်ကလေးဘက် ငဲ့ကြည့်မိပြန်တယ် ။ ထက်အောက်တူ ပါတိတ်ရင်စေ့လေးက နည်းနည်း ပိုဟိုက်တဲ့ အတွက် ရင်ညွန့် ဝင်းအိအိလေးကို မြင်လိုက်ပြီး သူ့ရင်က ဖျတ်ခနဲ ခုန်သွားပါရောလား ။ 


ရထား အရှိန်ရလာ တော့ သစ်ရွက်ကလေးနဲ့ သူ သူ့အကြောင်း ကိုယ့်အကြောင်း အပြန်အလှန်တွေ ပြောဖြစ် ကြတယ်ဆိုပေမဲ့ သူ့မှာ သမီးလေး ရှိကြောင်းတော့ ချန်ထားလိုက်တယ် ။ ဇနီး ဆုံးသွားတာကိုတော့ ပြောဖြစ်အောင် ပြောရတာပေါ့ ။ ဒါကြောင့်လည်း “ အို... စိတ်မကောင်းလိုက်တာ ၊ အစ်ကို သိပ်ခံစားနေရ မှာပေါ့နော် ” ဆိုတဲ့ အကွက် ဝင်လာတာ မဟုတ်လား ။ သစ်ရွက်ကလေးက ဘာလဲ ၊ ကလေးအဖေ ရဲဒုတပ်ကြပ်က ဆေးမှုနဲ့ ထောင်ကျသွားပြီဆိုတာ အမှန်ပဲလား ။ သစ်ရွက်ကလေး တစ်ရွက်လို ဝေ့ဝေ့ဝဲဝဲလား ။ ဘာပဲဖြစ်ဖြစ် သူ ရင်ခုန်နေဖို့ အဓိကပဲလေ ။ ရေအိမ်ဘက် ရောက်လာတဲ့ ၊ ဟိုဘက်သည်ဘက် တွဲကူးနေတဲ့ ဈေးသည်လေးတွေက သူတို့ကို မိသားစုလေးလို့ ထင်နေမလား မသိ ။ ဒါလည်း ကောင်းတာပဲလို့ တွေးမိပြီး သစ်ရွက်ကလေးဘက် အသာ ခိုးကြည့်တော့ မျက်နက်ကလေး ထောင့်ကပ်ရင်း နှုတ်ခမ်းဖူးဖူးလေးကို စူတူတူလေး လုပ်ပြတော့ သူ အသည်းတောင် ယားသွားပြီလေ ။ ချေမနဲ့ ပဲခင်း တွေ့တာလား ၊ ရေနဲ့ လှေနဲ့ ငြိတာလား ။


••••• ••••• •••••


၂ ။


ည ၁ဝ နာရီ လောက်မှာတော့ ရထား တစ်တွဲလုံး ငြိမ်ကျသွားပြီ ။ အိပ်ကြပြီပေါ့ ၊ ငိုက်ကြပြီပေါ့ ။ သူတို့နှစ်ယောက် ကြားက သမီးလေးလည်း ကြမ်းခင်းမှာ ခင်းထားတဲ့ ပလတ်စတစ်ဖျာလေးပေါ်မှာ ကွေးကွေးလေး အိပ်နေရှာပြီ ။ သူနဲ့ သစ်ရွက်ကလေးလည်း အသားချင်း ထိသွားပြီ ။ သူ အသက်ရှူသံတွေ ကျယ်လောင်နေလောက်အောင် စိတ်လှုပ်ရှားသွားတော့ ဖျတ်ခနဲမှာပဲ ယာဘက် ပါးထက်က သစ်ရွက်ကလေးဆီ သူ့ပါး အပ်မိသွားတယ် ။ ရထားကပဲ ယိမ်းခါ သွားသယောင်ယောင်မျိုး အမှတ်တမဲ့ လိုလို ။ အိုကေ .. တုံ့ပြန်မှုက အငြိမ် ။


“ မင်း အိပ်ချင်ရင် ကိုယ့်ပခုံးကို မှီလိုက်လေ ”  


နောက်ထပ် ပစ်ချက် ။ ပစ်မှတ်ကို ကွက်တိ ။ ပခုံးကို မှီတာထက် ပိုတဲ့ တစ်ကိုယ်လုံး ပြိုဆင်းလာတာမျိုး ။ သူ အသာပဲ ပွေ့ထားလိုက်တယ် ။ သူ တစ်ချက် စွန့်ကြည့်ဖို့ စိတ်ကူးပြီး သစ်ရွက်ကလေးရဲ့ နှုတ်ခမ်းဖူးဖူးဆီ သူ့နှုတ်ခမ်းကို ... ။


••••• ••••• •••••


သူ မရတော့ဘူး ... အလွန်ပဲ တင်းကျပ်နေပြီ ။ ဖြေလျှော့မှ ရတော့မယ် ။ ရင်ခွင်ထဲ ရောက်နေတဲ့ သစ်ရွက်ကလေးကို ဖေးထူလိုက်ပြီး ထိုင်ခုံက ထ,တယ် ။ သစ်ရွက်ကလေး ဆီက အကြည့်စူးစူးကို မျက်စိတစ်ဖက် မှိတ် ပြန်တုံ့ပြန်တော့ နှုတ်ခမ်းဖူးလေးကို စူပွပွလေး ပြန်လုပ်ပြပြန်တယ် ။


“ အိမ်သာ ဝင်မလို့ ”


သူက လက်ညှိုး လက်ခလယ် လက်နှစ်ချောင်းပူးထောင်ပြပြီး လက်နှစ်ချောင်းကို ပူး ၊ ခွာပြတော့ “ အို ... လူဆိုး ” တဲ့လေ ။


တကယ်တော့ သူလည်း အဲဒီလောက် မစွန့်စား ရဲပါဘူး ။ မန္တလေး ရောက်မှ တည်းခိုခန်း တစ်ခုခုဆီ သွားလိုက်ရင် ကောင်းမလားလို့ပဲ တွေးမိတယ် ။ လောလောဆယ် တင်းနေတဲ့ အကြောအခြင်တွေကိုတော့ သူ လျှော့မှ ဖြစ်တော့မယ် ။ သူ ရေအိမ်က ပြန်ထွက်လာတော့ သမီးလေး ခုံပေါ် အိပ်နေပြီး သစ်ရွက်ကလေး က ကြမ်းပြင် ပလတ်စတစ် ဖျာလေးပေါ်မှာ ။ နေရာ ပြောင်းသွားပြီ ။ သူလည်း သက်သောင့်သက်သာလား ၊ ရဲရဲတင်းတင်းလား မသိ ဝင်လှဲလိုက်တယ် ။ သစ်ရွက်ကလေးက စောင်ပါးလေး ဆွဲခြုံလိုက်တော့ စောင်ခြုံ အောက်မှာ နည်းနည်း လုံခြုံသလို ခံစားမိပြီး သူ့လက်တွေက ကင်းခြေများ တစ်ကောင်လို ဖြစ်သွားပြီ ။ လျော့ကျနေတဲ့ အကြောအခြင်တွေလည်း ပြန်တင်းကျပ်လာပြန်တယ် ။ ရေငတ်သလို အာခေါင်တွေ ခြောက်လာတော့တယ် ။ သူ ခုံထောင့်မှာ ရှိတဲ့ ရေဘူးကို ယူဖို့ လှည့်လိုက်တော့ ... ။


အို ... ထိုင်ခုံပေါ်က သမီးလေး ဘယ်အချိန် ကတည်းက နိုးနေသလဲ မသိ ။ သူနဲ့ မျက်လုံးချင်း ဆုံမိတယ် ။ ဟာ ... သွားပြီ ။ ကလေးမလေး မျက်လုံးထဲမှာ အရောင်တွေ ၊ အရိပ်တွေ ။ အော့နှလုံး နာစရာ ကောင်းလိုက်တာ ဆိုတဲ့ စကားလုံးတွေ မျက်လုံးထဲ ကနေ ထွက်ကျနေတယ် ထင်ရတယ် ။


သူ တုန်လှုပ် သွားပြီး ချက်ချင်းပဲ ထ ၊ တွဲတံခါးဘက် ထွက် ၊ ပိတ်ထားတဲ့ တံခါးကို ကျောမှီပြီး မျက်စိကို စုံမှိတ်ထားလိုက်တော့တယ် ။ စီးကရက်တစ်လိပ် ကုန်တော့ ဖားဖိုကြီးလို ဖြစ်နေတဲ့ သူ့ရင်ဘတ်က နည်းနည်း ငြိမ်စပြုပြီ ။ အိတ်ကပ်ထဲက ဆမ်ဆောင်းလေး ဆွဲထုတ်ပြီး ဖုန်းစကရင် ဖွင့်လိုက်တော့ သမီး ။ သူ့ သမီးလေး ။ မျက်လုံးလေး ကိုက ရယ်နေတာလို့ သူ အမြဲ ပြောတဲ့ သူ့ သမီးလေးရဲ့ မျက်လုံးအရောင်က ၊ အရိပ်က ... ။ 


ဟာ ... ခုံပေါ်က သမီးလေးရဲ့ မျက်လုံးနဲ့ တစ်ထေရာတည်း ဖြစ်လို့နေပါရောလား ။ ဘယ်လိုလုပ် ပြောင်းသွားတာလဲ ။ သူ အမြင် မှားတာလား ။ သေချာ ပြန်ကြည့် တယ် ။ မျက်လုံး အကြည့်က လုံးဝ ချွတ်စွပ် ။ စကားလုံးတူတွေလည်း ထွက်အန်ကျ လာသလိုပါပဲလား ။ 


“ တောင်းပန်ပါတယ် သမီးလေးတို့ရယ် ... ” 


••••• ••••• ••••• 


၃ ။


သူ ဆုံးဖြတ်လိုက်တယ် ။ ရှေ့ရထားရပ်တဲ့ ဘူတာမှာ ဆင်းကျန်ခဲ့လိုက်တော့မယ် ။


 ▢  ရဲသျှမ်း

📖 ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း 

      ဇွန် ၂၀၂၀

No comments:

Post a Comment