❝ ကတ်ဆူတိုယို နှင့် တစ္ဆေ ❞
( ပုံပြင် )
တရံရောအခါ ဂျပန်ပြည်တွင် လက်ရုံးရည်နှင့် ပြည့်စုံသည့် များစွာသော သူရဲကောင်းတို့၏ အရှင်သခင် ဘုရင်မင်းမြတ်တစ်ပါး ရှိခဲ့ဖူးလေသည် ။ ဘုရင်ကြီး၌ လက်ရုံးရည်နှင့် ပြည့်စုံသော သားတော်တစ်ပါး ထွန်းကားသဖြင့် ဘုရင်မင်းမြတ်သည် များစွာ မြတ်နိုးတော်မူလေ၏ ။ မြတ်နိုးတော်မူသည်နှင့် လျော်ညီစွာ သားတော်အား တတ်သင့် တတ်အပ်သော စစ်ပညာရပ်များကို နန်းတွင်းသူရဲကောင်းများထံ၌ပင် သင်ကြားစေလေသည် ။ သားတော်၏ အမည်မှာ ကတ်ဆူတိုယို ဖြစ်၏ ။
ကတ်ဆူတိုယိုသည် ဖခင် လိုလားသည့် အတိုင်း ရင်အုပ်ကောင်းနှင့် လက်မောင်းတိုကလေး ဖြစ်လာကာ အရွယ်လည်း ရောက်လာပေ၏ ။ သို့သော် ဖခင်သည် လက်ထပ်ထိမ်းမြားပေးခြင်းလည်း မပြုချေ ။ ဘုရင်ကြီးသည် သားတော်အား ချစ်မြတ်နိုးတော်မူလှသဖြင့် နန်းတော်တွင်း၌ ချုပ်ချယ်၍ ထားပြီး ပျင်းရိ ငြီးငွေ့သည့်အခါ အထိန်းတော်များ ထံမှ စုန်းကဝေ ၊ တစ္ဆေ ၊မှော် ၊ ဥစ္စာစောင့် စသည့် နာနာဘာဝ ပုံပြင်များ ကိုသာ နားထောင်စေ၏ ။ ထို့ကြောင့် သားတော် ကတ်ဆူတိုယိုသည် ကမ္ဘာလောကကြီးအကြောင်း များစွာ နားလည်လှခြင်း မရှိဘဲ နန်းတော်တွင်းရှိ ခြွေရံသင်းပင်းများနှင့်သာ ပျော်ရွှင် နေထိုင်ခဲ့ရလေသည် ။
တစ်နေ့သ၌ ကတ်ဆူတိုယိုသည် နန်းတော်မှ မည်သူမျှ မသိအောင် တိတ်တဆိတ် ထွက်လာခဲ့လေသည် ။ နန်းတော်ကြီးမှ ထွက်ခွာလာခဲ့ပြီးသည့်နောက် သူစုံမက်သော ဝါသနာမှာ ငါးမျှားခြင်း ဖြစ်လေသည် ။ ကတ်ဆူတိုယိုသည် ပါလာသော ငါးမျှားတံနှင့် ငါးမျှားရန် အကြံရသဖြင့် နေရာကောင်းကို ရှာဖွေရင်း အချိန်များစွာ ကုန်လွန်ပြီး ကောင်းကင်ပြင် တစ်ခုလုံး မိုး သားများ ဖုံးအုပ်လာသည်ကို တွေ့ရလေသည် ။
ကတ်ဆူတိုယိုသည် တောင်ကြားရေကန်ဘေးရှိ သစ်ပင်ရိပ်တွင် ခိုဝင်ရင်း မည်းမှောင်နေသော ကောင်းကင်မှ မိုးသားများကို ကြည့်ရှုနေမိလေသည် ။ မကြာမီ တောင်ကြား ကွေ့ဘက်ဆီမှ မိန်းမပျို တစ်ယောက်၏ ရုပ်သဏ္ဌာန်ကို မသဲမကွဲ မြင်လိုက်ရလေသည် ။
ကတ်ဆူတိုယိုသည် နန်းတော်၌ တွေ့ရသော မင်းသမီးများထက် လှပသော မိန်းမပျိုကို ဤလို နေရာမျိုး၌ တွေ့ရသဖြင့် အလွန် အံ့ဩမိလေသည် ။ ငယ်စဉ်က ကြားဖူးခဲ့သော အရိုး၌ စွဲထင်နေသည့် ဥစ္စာစောင့်များ အကြောင်းကိုလည်း ပြန်လည် စဉ်းစားမိ၏ ။ ထိုမိန်းကလေး၏ အမည်ကား မိုရီယိုဗာ ဟု ခေါ်၏ ။ ဆင်းရဲသော အမျိုးအနွယ်မှ ဆင်းသက်လာသဖြင့် တောတွင်း၌ နေထိုင်ရလေသည် ။ ကတ်ဆူတိုယိုသည် ငိုနေရှာသော မိုရီယိုဗာ အား ကူညီလိုစိတ်များ ပေါ် လာ၏ ။ သို့သော် မိုရီယိုဗာ အား စူးစိုက်၍ ကြည့်ကာ မတင်မကျ ဖြစ်နေလေသည် ။
“ ကျွန်မဟာ ဒီ တောင်ကြားထဲက အိမ်ကလေးမှာ မိထွေးနဲ့ နေထိုင်ရပါတယ် ၊ ကျွန်မ ကိုမိထွေး နှိပ်စက်လို့ ထွက်ပြေး လာရပါတယ် ။ ကျွန်မကို ကယ်နိုင်ရင် ကယ်ပါ အရှင်မင်းသား ”
ကတ်ဆူတိုယိုသည် မိန်းမပျို၏ မျက်နှာကို ကြည့်ရင်းကြမ်းကြုတ်ခက်ထန်လာလေသည် ။
“ မင်းတို့လို မကောင်းဆိုးဝါး နာနာဘာဝတွေဟာ လူတွေကို အင်မတန် အန္တရာယ် ပေးတတ်တယ် ဆိုတာ လူတိုင်းပဲ သိပါတယ် ၊ ငါ့ကို ပညာသင်ပေးတဲ့ ဆရာ အဆက်ဆက်ဟာလည်း မင်းတို့လို မကောင်းဆိုးဝါးတွေရဲ့အန္တရာယ်ဟာ အင်မတန် ဆိုးတယ်လို့ ပြောကြတယ် ၊ မင်းကို ငါ ကယ်တယ်မယ့် အစား လူတွေ ဘက်ကနေ လက်စားချေရပါလိမ့်မယ် ၊ ငါ့အတတ်ပညာနဲ့ ငါ့ဆရာတွေရဲ့ကိုယ်စား သုတ်သင်ရမှာက ငါ့တာဝန်ပဲ ”
ရုတ်တရက် ကတ်ဆူတိုယို ၏ ဓားသည် ဝင်းခနဲ လက်၍ သွားလေသည် ။ ဝင်းခနဲလက် ၍သွားသော ကတ်ဆူတိုယို၏ ဓားသွားသည် မိုရီယိုဗာ၏ လှပသော လည်တိုင်အား အညှာတာ ကင်းမဲ့စွာ ဖြတ်တောက်ပစ်လိုက်၏ ။ မိုရီယိုဗာ ၏ ခန္ဓာကိုယ်သည် မြေသို့ လဲကျသွားလေတော့၏ ။ ၎င်းနောက် ကတ်ဆူတိုယို သည် နန်းတော်သို့ ထွက်ပြေးလေတော့၏ ။ နန်းတော်သို့ ရောက်သောအခါ ကတ်ဆူတိုယို ၏ ဖခင်သည် မျက်နှာ တစ်ပြင်လုံး သွေးဆုတ်လျက် ရှိလေသည် ။
“ မင်းဟာ ဆာမူရိုင်း ဖြစ်တဲ့ ငါတို့ရဲ့အနွယ်ကို ဂုဏ်ပျက်အောင် ပြုမူခဲ့တာကိုး ၊ ငါတို့ အမျိုးအနွယ်ဟာ ရဲစွမ်းသတ္တိနဲ့ ပြည့်စုံပြီး အားနည်းတဲ့ လူတွေကို ကူညီစောင့်ရှောက်ကြရတယ် ဆိုတဲ့ စည်းမျဉ်းကို မင်းဟာ ဖောက်ဖျက်လိုက်တာပဲ ၊ ဒါကြောင့် မင်းကို အပြစ်ပေးရတော့မယ် ”
ထိုအခါ ကတ်ဆူတိုယို သည် မိန်းမပျိုလေး၏ အလောင်းကို သွားရောက် ကြည့်ရှုပါရစေဟု ခွင့်ပန်ကာ ညတွင်းချင်းပင် မတ်စောက်သော တောင်ကြား ဆီသို့ ထွက်ခဲ့ပြန်လေသည် ။ သို့သော် သနားစရာ ကောင်းသော မိန်းမပျိုလေးသည် ကတ်ဆူတိုယို ထင်မှတ် ရိုးစွဲခဲ့သော နာနာဘာဝ အမျိုးအစား မဟုတ်သဖြင့် ပုံမှန် အနေထားမပျက် ဓားဒဏ်ရာဖြင့် တွေ့ရ၏ ။
နောက်တစ်နေ့ နံနက်၌ မိန်းမပျိုလေး သေဆုံးရာ တောင်ကမ်းပါးယံ တစ်ဝိုက်တွင် ဗိုလ်ခြေ မြောက်မြားစွာ စုဝေးလျက် ရှိနေသည်ကို တွေ့ရ၏ ။ သူတို့သည် ဆိတ်ငြိမ်စွာ ချီတက်လာကြသော နန်းတော်မှ သူရဲကောင်းများနှင့် ကတ်ဆူတိုယို၏ အနွယ်တော်များ ဖြစ်လေသည် ။ တချို့သည် ဝမ်းနည်းစွာ ညည်းညူလာကြ၏ ။ တချို့မှာလည်း တီးတိုး ရေရွတ်လာကြ၏ ။ အကြောင်းမှာ ကတ်ဆူတိုယိုသည် ရာဇဝတ်မှု ကျူးလွန်သောသူ ဖြစ်သဖြင့် အပြစ်ပေးရမည်ကို လူတိုင်း သိရှိထားသောကြောင့် ဖြစ်၏ ။ သူတို့သည် ငိုယို၍ ကတ်ဆူတိုယို အား မြှုပ်နှံမည့် မြေတွင်းသို့ လိုက်ပို့ကြခြင်းလည်းဖြစ်လေသည် ။
“ ကျွန်တော်ဟာ နာနာဘာဝတွေကို ကြောက်တတ်ခဲ့တယ် ၊ နာနာဘာဝတွေဟာ လူသူ အရောက်အပေါက် နည်းတဲ့ နေရာတွေက နေပြီး လူတွေကို ခြောက်လှန့် ဖမ်းစားတတ်တယ်လို့ နားလည်ခဲ့တယ် ၊ ဒါပေမယ့် ကျွန်တော် သ,တ်တာ နာနာဘာဝ မဟုတ်ပါဘူး ၊ ကြီးကျယ် ခမ်းနားတဲ့ မြို့ကြီးတွေမှာ မနေနိုင်လို့ တောကြိုအုံကြားထဲမှာ နာနာဘာဝတွေလို နေရတဲ့ ဆင်းရဲသူမကလေး ဖြစ်ပါတယ် ၊ ဒါကြောင့် ကျွန်တော့်မှာ အပြစ် ထင်ရှားနေပါတယ် ” ဟု ကတ်ဆူတိုယို မသေမီ သွေးရူးသွေးတမ်း အော်လိုက်၏ ။
ဤသို့ဖြင့် ဘုရင်ကြီးသည် အလွန် ချစ်မြတ်နိုးသော သားတော် ကတ်ဆူတိုယို အား သေစားသေစေ အပြစ်ပေး လိုက်ရလေသည် ။
ထိုနေ့မှစ၍ နိုင်ငံတော်၌ လူများအား သတ္တိခေါင်းပါးစေသော ပုံပြင်ဒဏ္ဍာရီများကို တားမြစ် ပိတ်ပင်လိုက်ပြီး ရဲစွမ်းသတ္တိ နှင့် ဦးနှောက် ထက်မြက်စေသော အတတ်ပညာ အမျိုးမျိုးကို သင်ကြားစေသော ဟူ၏ ။
( ဘာသာပြန် )
〇 ကိုလေးမောင်
📖ရှုမဝ မဂ္ဂဇင်း
၁၉၆ဝ ၊ ဇူလိုင်
No comments:
Post a Comment