Saturday, November 22, 2025

ကောက်အိုင်ကျွန်းမှ ဘီလူးကြီးများ

 

❝ ကောက်အိုင်ကျွန်းမှ ဘီလူးကြီးများ ❞
             ( ပုံပြင် )

ရှေးသရောအခါ ကောက်အိုင်ကျွန်းကြီး၏ အနီးရှိ နီဟောင်းကျွန်းကလေး၌ အလွန် ဆိုးသွမ်းသော ဘီလူးကြီးနှစ်ကောင် နေထိုင်လျက်ရှိလေ၏ ။ နီဟောင်းကျွန်းကလေးသည် ကောက်အိုင်ကျွန်းကြီး၏ အနောက်မြောက်ဘက်တွင်ရှိ၍ အလွန် ခြောက်သွေ့ကာ လူသူ မနေရဲအောင် ဖြစ်နေလေ၏ ။ ထိုကျွန်းပေါ်၌ ဘီလူးကြီးတို့သည် အနားသို့ ရောက်လာသော ကောက်အိုင်ကျွန်းမှ တံငါသည်များကို လိုက်လံသတ်ဖြတ်ကာ စားသောက်လေ့ ရှိကြလေသည် ။ နီဟောင်းကျွန်း အနီးသို့ ရောက်သွားသော တံငါသည်တို့သည် မိမိတို့ ရပ်ရွာသို့ပြန်လမ်း မရှိတော့ချေ ။ ထို့ကြောင့် တံငါသည်တို့သည် နီဟောင်းကျွန်း အနီးသို့ ငါးရှာရန် မလာဝံ့ကြတော့ချေ ။

ထိုသို့ လူအများ မသွားဝံ့ ဖြစ်နေရသောကြောင့် ကောက်အိုင်ကျွန်းမှ စစ်သည်တော် တို့သည် ကျွန်းပေါ်ရှိ ဘီလူးများရန်ကို တိုက်ဖျက်ရန် ရောက်လာကြလေ၏ ။ ဘီလူးကြီးတို့သည် ရောက်လာသော စစ်သည်တော်တို့ကို ရက်စက်စွာပင် သတ်ဖြတ်စားသောက်ပစ်လိုက်ကြလေ၏ ။ ထိုအခါမှ ထိုကျွန်း အနီးသို့ မည်သူမျှ မသွားဝံ့ကြတော့ ။ ကျွန်းကလေးမှာ လူမနေသော ကျွန်းအပို သာလျှင် ဖြစ်နေရလေသည် ။

တစ်နေ့သ၌ ကောက်အိုင်ကျွန်းမှ သူကြီးသားလုလင်ပျိုကလေး အူမီး သည် ကျွန်းပေါ်ရှိ ဘီလူးများ ရန်ကို ဘယ်ကဲ့သို့ တိုက်ဖျက်ရမည်ကို စဉ်းစားနေလေ၏ ။ သူသည် ဘီလူးကြီးများကို နိုင်အောင် တိုက်ဖျက်ပစ်မည်ဟု မနားမနေ စဉ်းစားရာ မကြာမီ အကြံတစ်ခု ရလာလေ၏ ။ အူမီးသည် ကောက်အိုင်ကျွန်း ပေါ်၌ ပေါက်သော လီဟောပင်ကြီးများကို လိုက်၍ ခုတ်လှဲနေ လေ၏ ။ ခုတ်ပြီးသောအခါ သူသည် လီဟောသစ်သားများကို လူရုပ်ဖြစ်ရန် ထွင်းထုနေလေ၏ ။ လီဟောသားသည် မာကျောသဖြင့် အရုပ်ထွင်းထုရန် မလွယ်ချေ ။ အူမီးသည် လူနှင့် ရွေး၍ မရ နိုင်အောင်ပင် တူလှသော အရုပ်ကြီး လေးရုပ်ကို ထုလုပ်ပြီးသောအခါ ပုလဲကြီး ရှစ်လုံးကို ရှာ၍ မျက်လုံးတပ်ပေးလေ၏ ။ မကြာမီမှာပင် အူမီး သည် လှေကလေးကို ရေတွင် ချ၍ သူ့အဘိုး အမွေပေးထားခဲ့သော တင်းပုတ်ကြီးကို ယူပြီးလျှင် အရုပ်ကြီးများကို တင်ဆောင်လျက် လှော်ထွက်လာခဲ့လေ၏ ။ အူမီး သည် လှေကလေးကို နီဟောင်းကျွန်း ဘက်သို့ လှော်လာခဲ့ရာ မကြာခင် ရောက်လုနီးလာလေ၏ ။

နီဟောင်းကျွန်း ပေါ်မှ ဘီလူးကြီးတို့လည်း အစာ ရှာဖွေနေကြသည် ဖြစ်၍ တရွေ့ရွေ့ လာနေသော လှေကလေးကို မြင်ကြရလေ၏ ။ တစ်ယောက်သော ဘီလူးကြီးက “ ဟေ့ ... ဟို မှာ ငါးမန်းကြီး တစ်ကောင် ကူးလာနေတယ် ၊ ငါတို့ စားကြရအောင် ၊ မင်း သွားဖမ်းချေပါ ” ဟု ခိုင်း လေ၏ ။ ထိုအခါ ကျန် ဘီလူးက သေချာစွာ ကြည့်ပြီးလျှင် “ အို ... ဘယ်ကလာ ငါးမန်း ဟုတ်ရမှာလဲ ၊ လှေတစ်စင်း လာနေတာပါ ၊ အသာနေ ၊ ငါတို့ ဒီကနေ့မှာ လူသား စားကြရလိမ့်မယ် ၊ လာ ... ငါတို့ ချောင်းကြရအောင် ” ဟု တိုင်ပင်ကာ တောင်ပူစာကလေး နောက်ကွယ်မှ နေ၍ ချောင်းနေကြလေ၏ ။ အူမီးသည် ကျွန်းကလေး ပေါ်သို့ ရောက်သောအခါ ဘီလူးကြီးများ နေထိုင်သော အိမ်ကို လိုက်၍ ရှာပြီးလျှင် ပါလာသော အရုပ်ကြီးများကို ထမ်း၍ တင်လေ၏ ။

ဘီလူးကြီးတို့လည်း သူတို့ အိမ်ထဲသို့ လူများကို ထမ်း၍ တင်နေသည်ဟု ထင်မှတ်ကြ ကာ အသာပင် စောင့်ကြည့် နေကြလေ၏ ။ သူတို့သည်လူသားကို ညအခါမှ အသာ စောင့်ဖမ်း၍ စားကြရတော့မည်ဟု တွေးကာ ဝမ်းသာနေကြလေ၏ ။ အူမီး ကလည်း လူရုပ်ကြီးများကို ထမ်း၍ တင်ပြီးသောအခါ မောမောနှင့် သူ့မှာ ပါလာသော ငါးပြုတ်နှင့် ပွိုင်မုန့်များကို အေးအေးဆေး ဆေး ထိုင်၍ စားသောက် ပြီးလျှင် တရေးတမော အိပ်နေလိုက်လေ၏ ။ ညအချိန်သို့ ရောက်သော အခါ ဘီလူးကြီးတို့သည် အူမီး ထောင်ထားသော အရုပ်ကြီးများမှ ပုလဲလုံးကြီးများကို ကြည့်ကာ တလက်လက် တောက်ပနေသည်ကို မြင်ရ၍ လူများ မအိပ်ကြသေး ။ အားလုံး အိပ်ပျော်သောအခါမှ အသာကိုက်၍ စားကြမည်ဟု ကြံစည်ပြီးလျှင် အရုပ်ကြီးများ အိပ်ရန်ကိုသာ စောင့်ကြည့် နေကြလေ၏ ။ အူမီးလည်း တရေးနိုးသောအခါ သူ၏ အရုပ်ကြီးများကို ထောင်ထားရာမှ အသာ လှဲသိပ်ထားလိုက်လေ၏ ။

စောင့်ကြည့် နေကြသော ဘီလူးကြီးတို့ ကလည်း လူများ အိပ်ကုန်ကြပြီဟု ထင်ကာ အချင်းချင်း တိုင်ပင်ကြပြီးလျှင် ပထမ တစ်ယောက်သော ဘီလူးက လှဲထားသော အရုပ်ကြီး၏ ဂုတ်ကို ကိုက်၍ သတ်မည်ပြုလေ၏ ။ ဘီလူးကြီးသည် အရုပ်ကြီး၏ ဂုတ်ကို ကိုက်လိုက်သောအခါ အလွန် မာကျောသော လီဟောသားကို ပေါက်အောင် မကိုက်နိုင်တော့ဘဲ သွားများ ကျွတ်ထွက်ကုန်လေ၏ ။ ဘီလူးကြီး ကလည်း အလွန် အံ့ဩစွာဖြင့် ထပ်၍ ကိုက်လိုက်ရာ သွားများ ကျွတ်ကုန်ကြပြန်လေ၏ ။ အူမီး သည် ထရံကာ နောက်မှ နေ၍ ချောင်းကြည့်နေရင်း သွားများ ကျွတ်ကာ နာကျင်နေသော ဘီလူးကြီးကို အသင့် ကိုင်ထားသော တင်းပုတ်ကြီးဖြင့် တအား ထုနှက်လိုက်လေ၏ ။ ဘီလူးကြီးသည် တစ်ချက်တည်း ထုလိုက်သည်နှင့်ပင် သေဆုံးသွားလေ ၏ ။ ထိုအခါ ကျန်သော ဘီလူးတို့သည် စိတ်ဆိုးမာန်ဆိုးဖြင့် ပြေးလာကြလေ၏ ။ အူမီး ကလည်း သတိပြုကာ လာသမျှသော ဘီလူးတို့ကို တင်းပုတ်ဖြင့် တအားထု၍ သ,တ်နေလေ၏ ။ ကြာသော် ကျွန်းပေါ်မှ ဘီလူး အားလုံးသည် အူမီး၏ တင်းပုတ်ချက်ဖြင့် သေကုန်ကြလေ၏ ။ ဘီလူးများ သေကုန်ကြသောအခါ အူမီးသည် ကျွန်းပေါ်၌ လိုက်၍ ကြည့်လေ၏ ။ ထိုအခါ မကြာသေးမီက ဘီလူးကြီးများ ဖမ်းကာ လှောင်ထားသော ကောက်အိုင်ကျွန်းမှ တံငါသည် အချို့ကို တွေ့ရလေ၏ ။ အူမီး သည် ထိုသူတို့ကို ကယ်ဆယ်လေ၏ ။ အူမီးသည် ဘီလူးအလောင်း များကို ရေထဲသို့ မျှောပစ်လိုက် ပြီးလျှင် တံငါသည်တို့ကို သူ၏ လှေကလေးနှင့် တင်ကာ ကောက်အိုင်ကျွန်း ဘက်သို့ ခေါ်လာခဲ့လေ၏ ။ ထိုနေ့မှစ၍ နီဟောင်းကျွန်းကလေးသည် ဘီလူးကြီးများ ဘေးရန် လွတ်မြောက်ကာ လူများ နေထိုင်လာကြသည် ။ ယခုအခါ၌ မူကား နီဟောင်းကျွန်းကလေးသည် ပျော်ရွှင်သော လူများဖြင့် စည်ကားစွာ ရှိနေသည်ကို တွေ့မြင်နိုင်လေသည် ။

( ဘာသာပြန် )

〇 နုယဉ်
📖ရှုမဝ မဂ္ဂဇင်း
     ၁၉၆၁ ၊ ဒီဇင်ဘာ

No comments:

Post a Comment