❝ ဆက်ထုံးတို့၏ သမိုင်း ❞
( ခင်သန္တာ )
အခန်း ( ၁ )
“ အငယ်မရေ မနက်အစောကြီး တို့အိမ် မျက်နှာကြက်က ကွာကျလာလို့ ဟယ် ၊ ငါ အိမ်သာထဲက အထွက်နဲ့ ကွက်တိနော် ကံသီလို့ လွတ်တာဟေ့ ”
မနက်အစောကြီး မမကြီးဆီမှ ဖုန်းဝင်လာတိုင်း မငယ် တစ်ယောက် လန့်သွားရစမြဲ ။ အသက်အရွယ် ရနေပြီဖြစ်သည့် အမေ့ကျန်းမာရေး ဘာများ ထ,ဖြစ်လေမလဲဆိုသည့် အတွေးတို့ကြောင့် ဖြစ်သည် ။ ယခုတော့ မျက်နှာကြက် ပြိုကျသည်တဲ့ ။ အမေ ရိပ်သာဝင်နေသည့်အချိန် ဖြစ်နေသဖြင့် အိမ်ရှိ လူငယ်များ အတွက်တော့ သိပ်မပူပင်မိ ။
“ လူတွေ မထိရင် တော်သေးတာပေါ့ ၊ အဲဒီတော့ ဘယ်လို လုပ်ကြမလဲ ”
“ မျက်နှာချင်းဆိုင်အခန်း ဖြစ်တုန်းက ဘယ်လို လုပ်လိုက်တယ် မသိဘူး ။ ငါ မေးကြည့်လိုက်ဦးမယ် ”
“ ဟင် မျက်နှာချင်းဆိုင် အခန်းကလည်း အဲ့သလိုပဲ ကွာကျဖူးတာလား ”
“ အမယ်လေး တစ်တိုက်လုံး မကွာကျဖူးတဲ့ အခန်း မရှိ သလောက်ပဲဟေ့ ။ လှေကားနံရံတွေလည်း အက်ကြောင်းကြီးတွေ အကြီးကြီး ဖြစ်နေတာ ။ ဘယ်နေ့ တိုက်အလုံးလိုက် ပြိုကျသွားမလဲလို့ ရင်ထိတ်နေရတာ ”
မမကြီး၏ ပြောစကားကြားမှ အမေတို့ တိုက်တန်းလျားကို မျက်လုံးထဲ မြင်ယောင်သွားရသည် ။ နဝတ အစိုးရ လက်ထက်တွင် ပထမဦးဆုံး ဆောက်လုပ်ခဲ့သည့် တိုက်တန်းများက မြို့တော်ကြီးတစ်ခုစာ တည်ရှိနေသည် ။ ဆောက်စဉ် အခါက သောက်သုံးရေ မကောင်းမွန် ၊ လိုင်းကားများ အရောက်အပေါက် နည်းသေးသဖြင့် စိတ်ဝင်စားသူ နည်းပါးလှသည် ။ မငယ်အဖေ ပင်စင်ယူခါနီးတွင် ထိုခေတ်အခါက ဂျီ အက်စ်အမ် ဖုန်းမဲပေါက်သည် ။ ပြန်လည် ရောင်းချပြီး အမြတ်ရငွေဖြင့် ကျောချစရာ တစ်နေရာ ဖြစ်လျှင်ပြီးပြီဟု တွေးကာ လေးလွှာကို ဝယ်ယူခဲ့ကြခြင်းဖြစ်သည် ။ ယခု ပြန်တွက်လျှင် အနှစ်နှစ်ဆယ် ကျော်လေပြီ ။ အရည်အသွေးပြည့်မီလှသည့် တိုက်တန်းများ မဟုတ်သည်ကတစ်ကြောင်း ၊ နှစ်ကာလကြာမြင့်သည်က တစ်ကြောင်းမို့ သက်တမ်းကုန်တိုက်များ ဖြစ်နေပြီ ။
“ အေးပါ မမကြီး မေးပြီး ဘယ်လိုလုပ်ရမလဲ ၊ ဘယ်လောက် ကုန်ကျမလဲ အကြောင်းပြန်ပေးဦး ”
နှစ်ရက်ကြာသည် အခါ မမကြီး ဆီမှ အကြောင်း ပြန်လာပါသည် ။ သစ်သားဒေါက်တိုင်များဖြင့် လေးဖက်လေးတန် ကာရံပြီး ငါးထပ်သား အလွှာများဖြင့် အုပ်မိုးကာရံထားခြင်းသည် ဘေးကင်းလုံခြုံခြင်းနှင့် အကုန်ကျ အသက်သာဆုံး ဖြစ်သည်ဟု ဆိုသည် ။ မျက်နှာကြက်တွင် ပေါ်နေသည့် သံချောင်းများအား ဘိလပ်မြေ ၊ အင်္ဂတေတို့ ဖြင့် တို့ထိ မွမ်းမံကြည့်ဖူးကြသော်လည်း အင်္ဂတေ မမြဲဘဲ ပြန်ကွာကျလာသည်ဟု အတွေ့အကြုံ ရှိဖူးသူတို့က ဆိုကြသည် ။
ထို့ကြောင့် မမကြီး အစီအမံဖြင့် သစ်သားမျက်နှာကြက် လုပ်လိုက်ကြသည် ။ တစ်လခန့်အကြာတွင် အမေ့အခန်းသို့ အလည်ရောက်သွားရသည် ။ တိုက်ခန်းပေါ်သို့ မတက်မီမှာပင် တိုက်တန်းလျားကြီးတစ်ခုလုံး စောင်းနေသည်မှာ သိသာလှသည် ။ အမေ့အခန်းသို့ တက်ရဖို့ပင် မငယ်မှာ ဝန်လေးနေမိသည် ။ အမေ့ကို ကန်တော့ရန် ရောက်လာသဖြင့် ရောက်အောင်တော့ တက်ခဲ့လိုက်ရသည် ။ မမကြီး ပြောသလို ပင် လှေကားနံရံများ၏ အက်ကြောင်းကြီးများ ကွဲနေသည်မှာ အသည်းယားဖွယ်ပင် ။ တိုက်တန်းရှိ အခန်းတိုင်းလိုလိုက အကူအထောက်အပံ့များဖြင့် ကျားကန်ထားပြီး နေနေကြသည်ကို တွေ့ရ သည် ။ ယာယီ မှေးထားရသည့် အမေ့အခန်းက မျက်နှာကြက်ကို မော့ကြည့်ရင်း တစ်ခုခု လုပ်မှဖြစ်တော့မည်ဟု မငယ် တွေးမိသည် ။
••••• ••••• •••••
အခန်း ( ၂ )
အဖေ ပင်စင်ယူပြီးစ အချိန်တွင် ဝယ်ယူထားသည့် ယုဇနတိုက်ခန်းသို့ ပြောင်းရွှေ့ဖို့ ပြင်ဆင်ကြသည် ။ အဖေတို့နှင့် အတူနေ မမကြီးတို့ မိသားစုကပါ လိုက်ပါပြောင်း ရွှေ့ဖို့ ပြင်သည် ။ မမကြီး၏ အမျိုးသားကလည်း ဝန်ထမ်းဘဝမှ ထွက်ပြီး အငှားကား မောင်းဖို့ ဆုံးဖြတ်ထားသဖြင့် အဖေတို့ အနီးနားမှာပင် တိုက်ခန်းငှားလိုက်ကြသည် ။ ထိုအချိန်မှာမှ ကံကြမ္မာ အလှည့်အပြောင်းဟု လွှဲချရမည်လား ၊ အသက်ကြီးမှ ဒုက္ခ ရောက်ချင်လို့လား မသိ ၊ အဖေသည် အမျိုးသမီးတစ်ယောက်နှင့် ပတ်သက်မိကာ လူသိရှင်ကြား ယူဖို့ထိ ဆုံးဖြတ်လာသည် ။
မိသားစု အဆုံးအဖြတ် အဖြေကိုပင် မစောင့် ၊ အဖေက ထွက်ခွာလေတော့ ၊ စိတ်ချမ်းသာသလို နေပါစေတော့ ဟု လက်လွှတ်လိုက်ကြသည် ။ မမကြီး ကတော့ ယခုလက်ရှိ တိုက်ခန်းသည် အဖေ့အမည်ပေါက် ဖြစ်နေသဖြင့် နောက်နောင် ပတ်သက်လာမည့် အရှုပ်အရှင်းကိစ္စများအတွက် ကြိုတင်လုပ်ဆောင် ထားချင်သည် ။ အဖေနှင့် အဆက် အသွယ်ရှိသည့် မငယ် ကပင် တိုက်ခန်းကိစ္စ ပြောသည့်အခါ အဖေသည် ကြည်ဖြူစွာပင် အမေ့အား လွှဲပြောင်းမည်ဟု ဆိုသည် ။ စာချုပ်စာတမ်းများဖြင့် တကယ် လွှဲသည့်အခါတွင် အဖေသည် အဘယ်ကဲ့သို့ စိတ်ပေါ်လာသည် မသိ ။ စာချုပ်ပေါ်တွင် ကြိုးဖုန်းနှင့် တိုက်ခန်းကို အမေ့အား မေတ္တာဖြင့် အပြီးအပိုင် လွှဲ ပြောင်းပေးပါသည်ဟု ရေးထားသည် ။ အသိသက်သေအဖြစ် မမကြီး၏ အမျိုးသား နှင့် မငယ်တို့က လက်မှတ်ထိုးကြသည် ။
အမေ သည်လည်း တရားရိပ်သာတွင် အပူသောကများ လျှော့ချရင်း အမှန်တကယ် ပျော်မွေ့လာပုံရသည် ။ သားသမီးများ ကြည့်ရှု ကန်တော့ငွေဖြင့် လက်ကျန်ဘဝကို အေးချမ်းစွာ ဖြတ်သန်းနေသည်ကို တွေ့ရသည့်အခါ မငယ်တို့လည်း စိတ်ချမ်းသာရသည် ။ အဖေ စွန့်ခွာသွားခဲ့သည့် အစောပိုင်း အချိန်များဆီက နှစ်သုံးဆယ်ကျော် ပေါင်းသင်းလာသည့် ငယ်သံယောဇဉ် ရှိသော်ငြား နောက်ပိုင်းတွင်တော့ အမေ့ဘက်က တည်ငြိမ်ပြတ်သားလာနိုင်သည်ကို တွေ့ရပြီ ။ အဆင်ပြေလှသည် မဟုတ်သည့် ဘဝသစ်တွင် ရုန်းကန်နေရသော အဖေ့ထက် စာလျှင် ၊ အမေသည် အိုဇာတာကောင်းလေစွဟု မောင်နှမများ ဆုံတိုင်း ပြောမိရသည် ။ စွန့်ထားခံဆိုသည့် မလုံခြုံသည့် စိတ်မရှိစေရန် အမေ့အတွက်သာလျှင် ဦးစားပေးထားကြသည် ။
အမေ့အခန်းမှ ပြန်လာပြီး နှစ်လအကြာ ၊ အမေ အိမ်မှာရှိနေစဉ် ဧည့်ခန်းမျက်နှာ ကြက်မှ အင်္ဂတေအချို့ ကွာကျလာသည်ဟု မမကြီးက ဖုန်းဆက်လာသည် ။
“ မမကြီးရေ နင်တို့ အဲ့သည့် အခန်းက ပြောင်းမှဖြစ်တော့မယ်နော် ၊ တော်ကြာ တစ်တိုက်လုံး ပြိုကျရင် ခက်ရချည့် ၊ အမေ့ကိုပြော အခန်းကို ရောင်းကြည့်ကြရအောင် ”
“ ရောင်းတော့ ငါတို့ ဘယ်နေရာ သွားနေကြမလဲ ”
ယခုနောက်ပိုင်းတွင် မမကြီးတို့ မိသားစုသည် အခန်း ငှားမနေတော့ဘဲ အမေ နှင့် အတူနေကြသည် ။ မငယ် နှင့်က ရန်ကုန်တွင် အတူနေကြသည် ဆိုသော်လည်း အမေတို့ အနောက် ဆိုလျှင် မငယ် နေသည်က အရှေ့ အရပ် ဖြစ်နေသည် ။ မမကြီး အမေးကို မငယ်လည်း ရုတ်တရက် မဖြေနိုင် ။ ခဏအကြာမှ တုံ့ဆိုင်းဆိုင်း ဖြေလိုက်မိသည် ။
“ ငှားနေရမှာပေါ့ဟာ ”
“ ဒီအနား ဝန်းကျင်ဆိုရင် တိုက်တန်းတွေ အကုန်လုံး အတူတူပဲလေ ”
“ ငှားနေမှတော့ အဲ့ဒီဧရိယာမှာ နေရမလားဟယ် ၊ နင်ကလည်း ”
“ ငါသိပါတယ် နင်ကသာ သိမနေတာပါ ၊ အမေက သူ နေမကောင်းဖြစ်ရင် ဒီရပ်ကွက်က ဆရာဝန်မ ကုမှ ပျောက်တာလို့ စိတ်က စွဲနေတာ ၊ ရိပ်သာမှာ နေမကောင်း ဖြစ်ရင်တောင် ဒီကို လာပြန် ပြတာနော် ”
“ ရိပ်သာနဲ့ နီးနီးနားနား အထူးကုဆေးခန်းတွေ ရှိနေတာကို အမေကလည်း .. ”
မငယ်က ဆိုညည်းတော့ -
“ အမေ့ကို နင့်ဘာသာ လာပြောလှည့် ၊ ငါတို့ ပြောရင် မရ ၊ သိတဲ့အတိုင်း အမေက ငါ့ဆို ငယ်နိုင်ရယ် ”
အမေ့နားတွင် နီးနီးကပ်ကပ် နေရသည့် မမကြီး သည် ယခုနောက်ပိုင်းတွင် အမေ့၏ အစွဲလွန်မှုအချို့ အတွက် စိတ်ညစ်သည်ဟု ညည်းလေ့ရှိသည် ။
“ အေးပါ ဒီတစ်ပတ် ပိတ်ရက် အမေ အိမ်မှာ ရှိချိန် ငါလာခဲ့ပါဦးမယ် ”
မငယ်သည် မမကြီး ပြောလာသည့် အချိန်တွင် ပူပင်သည့်စိတ်ဖြင့် ချက်ချင်း ဆောင်ရွက်တော့မလို ဖြစ်တတ်သော်လည်း အလုပ်အပူ ၊ သားသမီးအပူများဖြင့် တစ်ဖန် မေ့လျော့သွားပြန်သည် ။ အမေ့ဆီလည်း မရောက်ဖြစ်နေသည်မှာ ကြာသွားခဲ့ရသည် ။
••••• ••••• •••••
အခန်း ( ၃ )
ရန်ကုန်မြို့တွင် အင်အား အနည်းငယ် ပြင်းသည့် ငလျင်လှုပ်ခတ်သွားခဲ့သည် ။ တောင့်တောင့်တင်းတင်းနှင့် အသစ်သာ ရှိသေးသည့် မငယ်တို့ တိုက်ခန်းသည် ပင် ယိမ်းထိုးသွားရသည် ။ ငလျင်အပြီး အလန့်တရားတို့ ငြိမ်သွားသည့် အချိန်တွင် အမေတို့ တိုက်ခန်းကို သတိရသွားသည် ။ မမကြီးဆီ ဖုန်းခေါ် ကြည့်လိုက်သည် ။
“ မမကြီးရေ နင်တို့တိုက်တန်း အခြေအနေ ပြောပါဦး ၊ အမေလည်း ရိပ်သာ ဝင်ရက် မဟုတ်တော့ အိမ်မှာ ရှိနေတာမလား ၊ ကြောက်မနေဘူးလား ”
“ ဘယ်ပြောကောင်း မလဲဟယ် ၊ ငလျင်စ , လှုပ်ကတည်းက ငါတို့ တိုက်တန်းက လူတွေ တိုက်အောက် အကုန် ဆင်းပြေးကြတာ အခုထိ ပြန်မတက်ကြသေးဘူး ။ စကားထိုင်ပြောနေကြတယ် ”
“ အမေရော တော်တော် ကြောက်သွားလားဟယ် ၊ သနားပါတယ် ”
“ အခုတော့ ကြောက်ပုံ မရတော့ပါဘူး ။ ရယ်ရယ်မောမော စကားပြောနေလေရဲ့ ၊ အမေနဲ့ ပြောဦးမလား ”
“ နေပါစေ မပြောတော့ဘူး ။ ငလျင်အပြီး မမကြီး တိုက်တန်းလျား အခြေအနေ ပြောပါဦး ”
“ အဲ့ဒါပဲ ပြောပြီး ရယ်နေကြတာလေ ၊ ငလျင်လှုပ်လိုက်တာ ငါတို့ တိုက်တန်းလျား ပြန်တည့်သွားသလိုပဲလို့ ”
မမကြီးက သူ့ဘာသာ ပြောရင်း သဘောတကျရယ်လေသည် ။
“ ဟယ် မဟုတ်တာ ၊ အတည်ပြောပါ မမကြီးရဲ့ ”
“ အတည်ပြောနေတာ အခန်းထဲတော့ တက်မကြည့်ရသေးလို့ မပြောတတ်ဘူး ။ ထပ်ကွာကျစရာ မျက်နှာကြက်လည်း မရှိလောက်တော့ပါဘူးဟယ် ”
မမကြီးနှင့် ဖုန်းပြောပြီးသည့်အခါ တစ်ညလုံး မငယ် ကောင်းကောင်း အိပ်မပျော်တော့ ။ အမေနှင့် မမကြီး အား သနားသည့် စိတ်ဖြင့် အပူတပြင်း တစ်ခုခုလုပ်ပေးမှ ရတော့မည်ဟု ဆုံးဖြတ်လိုက်သည် ။ အတူလာနေဖို့ ခေါ် လျှင်လည်း အမေသည် သူ့ အိမ်မှာသာ လွတ်လပ်သည်ဟု ဆိုဖူးသည် ။ မငယ်အိမ်သို့ အလည်လာလျှင်ပင် ည အိပ်ဖို့ ခေါ်ထားလို့ မရတတ်သူ ။ တိုက်ခန်းချင်းအတူတူ မငယ် အခန်းက ပိုကျယ်ဝန်း ၊ ပိုခိုင်ခံ့သော်လည်း အမေသည် စိတ်ကျဉ်းကျပ်သည်ဟု ဆိုသည် ။ အိမ်ခန်းငှားပေးလျှင်လည်း တစ်နှစ်စာ စာချုပ်ချုပ်ရမည် ။ ပြီးလျှင် အမေသည် အိမ်ငှားဘဝဖြင့် မနေလိုဟု ဆိုပြန်သည် ။ တိုက်ခန်းတစ်ခန်းအသစ် ဝယ်ပေးရလောက်အောင်လည်း မငယ်တို့ မောင်နှမများသည် ငွေကြေး မပိုလျှံကြ ။
နောက်ဆုံးတွင် ဘဏ်များဖြင့် ချိတ်ဆက်ပြီး တိုက်ခန်း အရစ်ကျပေးသွင်းသည့် စနစ်ဆိုလျှင် မဆိုးဟု မငယ် အဖြေရှာတွေ့သွားရသည် ။ ဘဏ်သို့ သုံးဆယ်ရာခိုင်နှုန်း အရင် ပေးသွင်းရမည် ၊ ပြီး လျှင် ကိုယ်ပေးသွင်းနိုင်သည့် ပမာဏကို နှစ်ကာလဖြင့် စားလိုက်လျှင် တစ်လ ပေးသွင်းရမည့် ငွေကြေးသည် မငယ်တို့ မောင်နှမများ ပေးနိုင်သည့် အတိုင်းအတာ ဖြစ်နိုင်သည် ။ ဘဏ်သို့ ပေးသွင်းရမည့် သုံးဆယ်ရာခိုင်နှုန်းအတွက် အမေ့အခန်းကို ရောင်းမှရမည် ။ ထိုသို့ တွေးမိတော့ စိတ်အနည်းငယ် သက်သာသလို ဖြစ်သွားသည် ။ သည်တစ်ခါတော့ ချက်ချင်း အကောင်အထည် ဖော်မှ ဖြစ်တော့မည် ။
နောက်တစ်နေ့ မနက်တွင် မမကြီးနှင့် လှမ်းတိုင်ပင်ကြည့်တော့ အမေ့ကို နင် ကိုယ်တိုင်လာပြော ဟုဆိုသည် ။
••••• ••••• •••••
အခန်း ( ၄ )
အမေ့အား အကျိုး အကြောင်း အကုန်ရှင်းပြပြီးသည့်အခါ သဘောမတူချင် ။ မမကြီး က ဘယ့်နှယ်ရှိစ ဆိုသည့်ပုံဖြင့် မငယ်အား မျက်စပစ်ပြသည် ။
“ ရာသီတွေက ဖောက် လွဲဖောက်ပြန် သိပ်များလာနေတာ အမေရယ် ၊ နောက်တစ်ကြိမ် ငလျင်ထပ်လှုပ်လို့ လူတွေက အသက်ဘေးက လွတ် ခဲ့ရင်တောင် တိုက်ခန်းပြိုကျပျက်စီးသွားရင် ဘာမှ လက်ဆုပ်လက်ကိုင်မရ ဖြစ်နေပါ့မယ် ”
“ နင်တို့ ရောင်းတော့ရော ဘယ်သူက ဝယ်ကြမှာတုံး ၊ ဒီတိုက်ခန်းတွေအကြောင်း မြင်နေ ၊ သိနေကြတာကို ”
အနည်းငယ် လက်ခံလာသလို အမေက ပြောလာသည် ။
“ မျက်မြင် အခြေအနေတိုင်း ပြရောင်းမှာပဲလေ ၊ ဈေးကို သက်သာအောင် လျှော့ ပေးလိုက်ရင် ဝယ်သူပေါ်လာနိုင်ပါတယ် ။ ငယ်ရွယ် ဖျတ်လတ် ပြေးနိုင်လွှားနိုင်ကြတဲ့ အရွယ်တွေ ဝယ်ချင် ဝယ်မှာပေါ့ ”
“ မမကြီး တိုက်ခန်းရောင်းမယ်လို့ ပွဲစားတွေကို ပြောထားတော့ ၊ ကိုယ်တိုင်လည်း စပ်ပေါ့ဟယ် ။ တေ့တေ့ဆိုင်ဆိုင် ဝယ်မယ့်သူလာရင် တို့ဘက်ကလည်း လျှော့ပေးကြမယ် ။ အမြန်ရောင်း ထွက်ချင်တာပဲ ”
သည်နောက်တော့ မိသားစုစကားဝိုင်းဆီ ရောက်သွားကြပြီး အခန်းအရောင်းအဝယ်အကြောင်း ဆက်မပြောဖြစ်ကြတော့ ။ အမေ့ဆီမှ ပြန်ခါနီးတွင် မျက်နှာချင်းဆိုင် အိမ်မှ အန်တီကြီး က ရောက်လာသည် ။ မမကြီးက အခန်း ရောင်းမည့်အကြောင်း သတင်း စ , ချလေသည် ။ ထိုအခါ နယ်မှာနေသည့် သူတို့ ချွေးမက ဝယ်ချင်နေတာဟု ဆိုသည် ။ ချက်ချင်းပင် စပ်ကြ ဟပ်ကြနှင့် ဈေးစကား ပြောကြသည် ။ မမကြီး တောင်းသည့် ဈေးကို သူ့ချွေးမထံသို့ ဖုန်းဆက်ပြောကြသည် ။ ဈေးကို အလျှော့အတင်းလုပ် ညှိနှိုင်းနေကြသည် ။
မငယ်သည် သူတို့ပြောနေတာ နားထောင်ရင်း အခန်း အမြန်ရောင်းထွက်လိုစိတ်က ပေါ်လာသည် ။ ထိုအခါ စကားဝိုင်းသို့ ဝင်ပြောမိတော့သည် ။
“ အန်တီ့ချွေးမကို စဉ်းစားခိုင်း ၊ မမကြီး ပြောတဲ့ ဈေးအတိုင်း ပေးရင် ၊ အခုရှိ နေတဲ့ ဆက်တီ ၊ ခုတင်တွေနဲ့ အိမ်ထောင် ပရိဘောဂတွေပါ အကုန်ပေးထားခဲ့မှာလို့ ”
အမေ့အိမ်မှ ဆက်တီ ဆိုသည်မှာ မငယ်တို့ ငယ်ငယ် နယ်မြို့လေးမှာ နေစဉ် ကတည်းကဖြစ်သည် ။ ထမင်းစားပွဲသည် ဖိုက်ဘာ ပလတ်စတစ်ခုံများဖြစ်ပြီး ခုတင် ဆို သည်မှာလည်း အကောင်းစားသစ်များ မဟုတ် ၊ ခုတင်ပေါင်အတွင်းသို့ သစ်သား ဒေါက်တိုင်များ ထည့်ပြီး ပျဉ်ပြားများကို အချပ်လိုက် တင်ထားရခြင်းဖြစ်သည် ။ အဖေတာဝန်ဖြင့် တစ်မြို့မှ တစ်မြို့သို့ ပြောင်းရွှေ့ရပြီဆိုလျှင် ခုတင်နံပါတ် အလိုက် ပျဉ်ချပ်များပေါ်တွင် မြေဖြူဖြင့် စာရေးမှတ်သား ထားကြရသည် ။ ပြန်တပ်စဉ်လို့ အချပ်အမှတ်စဉ် မှားလျှင် အခက်တွေ့ကြရ၍ ဖြစ်သည် ။ နွေအခါ နေပူလာလျှင် ပျဉ်ချပ်များက စောင်းလိမ် ထကြွလာတတ်သေးသည် ။ အိမ်ထောင် ပရိဘောဂများ ပေးထားခဲ့မည်ဟု မက်လုံးပေးလိုက်လျှင် ဈေးမဆစ်ဘဲ ဝယ်လိမ့်မည်ဟု မငယ် တွေးမိသွား၍ ဖြစ်သည် ။ မမကြီးကလည်း မငယ် အတွေးကို သဘောပေါက်သည် ။
“ ဆက်တီတွေ ၊ ခုတင်တွေ မရှိဘဲ နေရာအသစ်မှာ ဘာနဲ့ နေရမလဲ ဟဲ့ ”
အမေက လက်မခံ ဝင်ရောက် ကန့်ကွက်သည် ။
“ အသစ် ဝယ်ပေးမှာပေါ့ အမေရဲ့ ၊ ဆွိတီးဟုမ်းက တစ်ယောက်အိပ် သံခုတင်တွေ ပေါ့ပါးပြီး ဖြုတ်ရတပ်ရလည်း လွယ်ပါ့ ။ ဈေးလည်း သင့်တင့်တယ် ။ ဆက်တီကလည်း မလိုတော့ပါဘူး အမေ ရာ ။ အိမ်မှာ ဧည့်သည် လက်ခံတွေ့တဲ့ ခေတ်က ကုန် နေပြီ ။ အပြင်စားသောက်ဆိုင်တွေမှာပဲ ချိန်းဆိုနေကြပြီကို ”
“ ထမင်းစားခုံ တွေနဲ့ တီဗွီစင်ကြီးကရော ၊ ပြီးတော့ ဘုရားစင် ၊ အဲ့ဒါတွေက အကုန် ကျွန်းတွေချည်းနော် အငယ်မ နင် အလွယ်မပြောနဲ့ ”
“ ဘုရားစင်တော့ သယ်သွားမယ်လေ ၊ တီဗွီစင်ကလည်း ကြိတ်သားစင်လေးတွေ လှမှလှ ၊ နေရာလည်း မယူဘူးနော် ”
“ ငါ့ပစ္စည်းနဲ့ ငါ အသား ကျနေတာကို မရှည်ကြနဲ့ ”
အမေက မကျေမနပ် ဆိုရင်း အိပ်ခန်းထဲသို့ ဝင်သွားတော့သည် ။ အန်တီကြီး ကလည်း ရှိနေသေးသဖြင့် ထို့ထက် ပိုပြီးလည်း ရှင်းပြလို့ မဖြစ် ။ အမေကတော့ မငယ် ပြန်သည်ထိ အခန်း ထဲမှ ထွက်မလာတော့ ။ ပြန်တော့မယ်ဟု နှုတ်ဆက်သည် ကိုပင် အိပ်ချင်ယောင်ဆောင်ပြီး ကောက်ကျန်ခဲ့လေသည် ။
မမကြီးနှင့် မငယ်က တော့ အခန်းရောင်းထွက်ရေးသည်သာ အဓိက ဖြစ်လေသည် ။ ယခုနေရာနှင့် မနီး မဝေးနေရာတွင် ဆောက်လုပ်ပြီးစ တိုက်ခန်းအသစ်များ ရှိ နေသည် ။ ဘဏ်အရစ်ကျ စနစ်ဖြင့် ဝယ်ယူလို့ ရသည့် အချက်အလက်နှင့် လည်း ပြည့်စုံနေသည် ။ တိုက်ခန်း ရောင်းရငွေဖြင့် ပထမအရစ် သုံးဆယ်ရာခိုင်နှုန်း သွင်းပေး ပြီးလျှင် တိုက်ခန်းအသစ်ပေါ်တက်နေလိုက်ရုံသာ ဖြစ်သည် ။ မငယ်တို့ အစီအစဉ်ကို အစ်ကိုများအား ပြောပြသည့်အခါ အမေ သဘောတူရင် လုပ်ကြလေဟု ဆိုသည် ။
“ အမေကတော့ သဘောတူလှတယ် မဟုတ်ဘူးလေ ၊ တိုက်ခန်းအခြေအနေက ဘယ်တော့ အသက်လု ပြေးရမလဲ သတိဆွဲ နေနေရတာကို ။ အသက်လည်း ကြီးပြီ ၊ တက်ရတဲ့ အထပ်ကလည်း မြင့်တယ် ။ တို့တွေက အမေ့အတွက် အကောင်းဆုံး ဖြစ်မှာကို လုပ်ပေးကြတာပဲ ။ သူ ပြနေကျဆေးခန်းနဲ့ မဝေးရအောင် ဒီအနီးနားမှာပဲ ပြန်ဝယ်ပေးကြမှာပါ ”
••••• ••••• •••••
အခန်း ( ၅ )
အခန်းရောင်းထွက်မည့် အခြေအနေကို မမကြီးဆီသို့ နေ့စဉ် ဖုန်းဆက်မေးနေမိသည် ။
“ အမေက ခက်တယ်ဟာ အန်တီကြီးချွေးမက အိမ်ထောင်ပရိဘောဂတွေပါ ထားခဲ့မယ်ဆိုလို့ စိတ်ဝင်စာ တယ်ဟ ။ ဈေးတည့်ခါနီးဖြစ်နေတာကို သူ့ဆက်တီခုံတွေကို နယ်မြို့လေးမှာ နေတုန်းက ဝက်မွေးဖက်ပေးပြီး ရတဲ့ ပိုက်ဆံနဲ့ ဝယ်ထားရလို့ မထားခဲ့နိုင်ဘူးတဲ့ ”
“ အဲ့ဒါဆိုလည်း ဆက်တီတော့ မပါဘူးလို့ ပြန်ပြောလိုက် ”
“ နေဦး ခုတင်တွေကလည်း နင်တို့ ငယ်ငယ်တုန်း ကတည်းက နယ်မှာ လက်သမားဆရာကို ကိုယ်တိုင် ခိုင်းပြီး လုပ်ထားတာတဲ့ ။ အခုထိ ခိုင်ခံ့ပြီး အိပ်ရတာ အဆင်အပြေဆုံးတဲ့ ။ ရိပ်သာက ခုတင်တွေနဲ့တောင် မတူဘူးဆိုပဲ ၊ တီဗွီစင်နဲ့ ဘုရားစင်လည်း မထိနဲ့နော်တဲ့ ။ ထမင်းစားစားပွဲက ဒီအခန်း ပြောင်းတော့မယ်ဆိုမှ ဝယ်ထားတာ ဖြစ်လို့ ဒီအခန်းနဲ့ သက်တမ်း တူတူပဲတဲ့ ”
မမကြီး ပြောနေသည်များကို နားထောင်ပြီး မငယ် စိတ်ညစ်သွားရသည် ။ အခန်းအသစ်အတွက် ရောင်းချပေးမည့် ကုမ္ပဏီနှင့် မငယ်က စကားပြောဆိုထားပြီး ဖြစ်သည် ။
“ ဒါဆိုလည်း ပရိဘောဂတွေ မပေးတော့ဘူး အခန်းဈေးကို လျှော့ပေးလိုက်တော့မယ် ၊ သုံးဆယ်ရာခိုင်နှုန်း သွင်းစရာရရင် ပြီးရောဟာ မမကြီး ပြောလိုက်တော့ ”
“ အေးပါ နင်လည်း အမေ့ဆီ တစ်ခေါက်လောက် လာထပ်ပြောပေးဦးဟာ ၊ အခန်းရောင်းမယ် ဆိုကတည်းက ငါတို့ သားအမိတွေကို စကားကောင်းကောင်း မပြောတော့တာ ၊ ရိပ်သာက ပြန်လာနားတဲ့ လေးရက်လေးကို သူ့ဘာသာတွေ ဟင်းချက်စားနေလို့ ငါ့မှာ မနည်းချော့ ကျွေးနေရတယ် ။ မနေ့က အစ်ကိုကြီး အိမ်ကို လာတော့ နင်နဲ့ ငါ့အကြောင်းတွေ တိုင်နေတယ်နော် ”
“ အစ်ကိုကြီးက ပါးစပ်လေးနဲ့ပဲ နှစ်သိမ့်နေတာကို အမေက ကျေနပ်နေ ၊ တကယ်ဆို သူ အကြီးပဲ ၊ အခု အခန်းကိစ္စမှာ သူ ဦးဆောင်လုပ်ပေးရမှာလေ ”
ထိုညက မငယ် အိပ်မပျော်တော့ပြန်ပါ ။ အခန်း ရောင်းမထွက်လျှင် သုံးဆယ်ရာခိုင်နှုန်း ပေးသွင်းရန် မဖြစ်နိုင်တော့ ။ သည်တစ်ခါ ငလျင်ထပ်လှုပ်ခဲ့လျှင် ဆိုသည့် အတွေးက ရင်ကို ဗလောင်ဆူစေသည် ။ မငယ် နောက်ဆုံး တစ်ခေါက် ရောက်ခဲ့စဉ်က လှေကားအဆင်း နံရံများကို ပြန်မြင်ယောင်လာသည် ။
“ မဖြစ်ပါဘူး ၊ ရတဲ့ဈေးနဲ့ အမြန်ရောင်းခိုင်းမှပါ ”
••••• ••••• •••••
အခန်း ( ၆ )
မနက်အစောကြီး မမကြီး ထံမှ ဖုန်းဝင်လာသည် ။ တိုက်ခန်းအခြေအနေများလား ဟု ရင်ခုန်သွားသည် ။
“ အငယ်မ အမေ နေသိပ်မကောင်းဘူး ၊ နင် ဒီနေ့ လာခဲ့ပါလား ”
“ ဟင် ... တော်တော် မကောင်းဖြစ်နေလား ၊ ဆေးခန်း မပြကြဘူးလား ”
“ မနေ့ညက ပြထားပြီးပါပြီ ၊ အဖျားသွေးလည်း မများပါဘူး ။ သွေးပေါင်ချိန်လည်း ပုံမှန်ပါပဲ ။ အဓိက အစားမစားတာ အဲ့ဒီတော့ အားမရှိသလို ဖြစ်သွားတာနေမှာ ။ တစ်ပတ်လောက်ရှိပြီ ၊ သူကြိုက်တတ်တာလေးတွေ ငါချက်ကျွေးတာကို ထိတောင် မထိဘူး ”
မငယ် အမေ့ဆီ ရောက်သွားသည့်အချိန်တွင် အစ်ကိုကြီးက ရောက်နှင့်နေသည် ။ အမေက နှစ်ယောက်ထိုင် ဆက်တီခုံရှည်ပေါ်တွင် တစောင်းလှဲအိပ်နေသည် ။ ကြမ်းပြင်ပေါ်တွင် မမကြီးနှင့် အစ်ကိုကြီးက ထိုင်နေကြသည် ။
“ အမေ ဘယ်နှယ် ဆက်တီခုံပေါ်ကြီး လှဲနေရတာတုံး ၊ မသက်သာလိုက်တာ ။ ခုတင်ပေါ် သက်သောင့်သက်သာ လှဲအိပ်နေလေ ”
“ ရတယ် အခုလို နေရတာလည်း သက်သာပါတယ် ”
အမေသည် လေသံပျော့လေးဖြင့် မငယ်ကိုမကြည့်ဘဲ ဖြေသည် ။ အမေ့လက် ကောက်ဝတ်ကို စမ်းကြည့်တော့ ကိုယ်ပူမနေ ။ စိတ်အနည်းငယ် သက်သာသွားရ သည် ။ ဘာမှ မပြောကြဘဲ အမေ့နားတွင် ငြိမ်နေကြသည့် အစ်ကိုကြီး နှင့် မမကြီး ကို ကြည့်ပြီး မငယ် စိတ်ကသိကအောက် ဖြစ်သွားသည် ။ ငြိမ်သက်မှုကို မငယ်က ဖြိုခွင်းလိုက်ဖို့ စကားစ,လိုက်သည် ။
“ မမကြီး အခန်းကိစ္စ ပြောပါဦး ၊ သူတို့ ပြောတဲ့ ဈေးနဲ့ ရောင်းပေးလိုက်ကြမယ် ၊ ဝယ်သူရှိတုန်း ရောင်းပါမှ ထွက်မှာနော် ၊ မဟုတ်ရင် ကိုယ့်လက်ထဲ အပျက်ပုံကြီးပဲ ကျန်ခဲ့လိမ့်မယ် ”
မမကြီးက စကားမပြန် ၊ မလှုပ် ၊ ငုတ်တုတ် ။
“ ဘယ်ဈေးနဲ့ ရောင်းကြမယ် ပြောထားကြလို့လဲ ”
မထင်မှတ်သည့် အမေ့ ဆီမှ အသံထွက်လာသဖြင့် မငယ် အားတက်သွားသည် ။
“ သမီးတို့က ခြောက်ဆယ်လောက် ခေါ်ထားတာ အမေ ၊ သူတို့က လေးဆယ့်ငါးလောက်ပဲ ပေးချင်နေကြတာ ။ သမီး သဘောကတော့ လေးဆယ့်ငါး ဆိုလည်း ဟို ဘက်အခန်းသစ် အတွက် သွင်းရမယ့် သုံးဆယ်ရာခိုင်နှုန်း ရလို့ လျှော့ပေးလိုက်စေချင်ပြီ ။ မဟုတ်ရင် လုံခြုံမှု စိတ်မချရတဲ့ ဒီနေရာမှာ အမေတို့ နေနေကြတာ စိတ်ပူရလွန်းလို့ ”
အမေ့ဆီမှ အဖြေစကား ပြန်မကြားရ ။
လက်ခံမည့် အခြေအနေ ရှိပြီဟု မှန်းဆမိသဖြင့် ဆက်ပြောလိုက်သည် ။
“ အမေလည်း ရိပ်သာတွေ ဝင်နေတာပဲ ၊ တရား ထိုင်နေတာပဲ မမြဲခြင်းသဘောကို နားလည်မှာပါ ။ ဘာမှ အစွဲထားမနေနဲ့ ကိုယ့်အသက် လုံခြုံဖို့လောက် ဘယ်အရာမှ အရေးမကြီးဘူးနော် အမေ ”
အမေသည် လှဲနေရာမှ ထ ထိုင်လိုက်ပြီး ၊ စားပွဲပေါ်တွင် တင်ထားသည့် စာအိတ် အညိုအရှည်ကြီးထဲမှ စာချုပ် တစ်စောင်ကို ဆွဲထုတ်လိုက်သည် ။ အခန်းစာချုပ်ဖြစ်ရမည်ဟု မငယ် သိလိုက်ပြီ ၊ သည်တစ်ခါတော့ အမေ စိတ်လျှော့လိုက်ပြီထင်သည် ။
“ မေတ္တာဖြင့် အပြီးအပိုင် လွှဲပေးလိုက်သည် ဆိုတဲ့ တန်ဖိုးကို ဘယ်ဈေးနဲ့ ဖြတ်ရောင်းကြမလို့တုံး ”
အမေသည် ထိုစကား တစ်ခွန်းသာ ဆိုပြီး အိပ်ခန်းထဲသို့ ဝင်သွားတော့သည် ။ မမကြီး နှင့် အစ်ကိုကြီးတို့က မငယ် ကို ကြည့်နေကြသည် ။
မငယ်ကတော့ အက်ကြောင်းကြီးများ ထနေသည့် ဧည့်ခန်းနံရံများကိုသာ စိုက်ကြည့်နေမိတော့သည် ။
▢ ခင်သန္တာ
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
ဇွန် ၂၀၂၀

No comments:
Post a Comment