Sunday, November 9, 2025

မည်သူ့ကို အပြစ်တင်ရမည်နည်း


 

❝ မည်သူ့ကို အပြစ်တင်ရမည်နည်း ❞
         ( မြင့်မောင်မောင် )

၁ ။

“ ကံ့ကော်နံ့လည်း မသင်း ၊ သစ်ပုပ်ပင်တို့ ၊ အဓိပတိလမ်းတို့ ၊ ဦးချစ်ဆိုင်တို့ အကြောင်းလည်း မပါတဲ့ တက္ကသိုလ်က ဇာတ်လမ်းမျိုးတော့ မဟုတ်ဘူးပေါ့ကွာ ။ ဒါပေမဲ့ ”

တင်ဝင်းက စကားကို ဆက်မပြောဘဲ ရပ်ထားသည် ။ ကျွန်တော့်မျက်နှာကို စေ့စေ့ကြည့် နေ၏ ။ သူ စကားနာထိုးနေသည်လား ၊ ရိနေသည်လား ၊ သရော်သည်လား ကျွန်တော် မဝေခွဲနိုင် ။ သို့သော် သူ့ဘဝဇာတ်လမ်းကလေး ကို ကြားသောအခါ ကျွန်တော် ရင်နင့်သွားသည် ။ သူနှင့် ကျွန်တော်သည် ဒေသစိတ် ကုန်သွယ်ရေးတစ်ခုတွင် အတူတကွ အမှုထမ်းဖူးသည် ။

ကြက်တောင်လက်ရွေးစင်များ အဖြစ် ကုန်သွယ်ရေး လူသစ်တန်းတွင် ဆုများ ရဖူးသည် ။ ထို့နောက် လူချင်းကွဲ သွားကြပြီး သူ ပင်စင်ယူသွားသည် ဟု ကြားလိုက်ရသည် ။ နောက် နယ်သို့ ပြောင်းသွားသည်ဟု ကြားရပြန်သည် ။ တစ်နှစ်လောက် အကြာတွင် သူ စီးပွားရေး အခြေအနေ ကောင်းနေကြောင်း ကြားရသည် ။ ကုန်သည် ပေါက်စကလေး ဖြစ်နေကြောင်း သိလာသည် ။

ထို့နောက် လေးငါးနှစ် ကွဲကွာသွားပြန်၏ ။ ယခုပြန် တွေ့တော့ သူ့ကို အိမ်ထောင်ပျက် တစ်ယောက်အဖြစ် တွေ့ရသည် ။ အောင်မြင်သော စီးပွားရေးသမားတစ်ယောက် ဖြစ်လာလေမှ ၊ သားသမီးများလည်း အရွယ်ရောက်ကြလေမှ စိတ်ဝမ်းကွဲပြား ခွဲခွာလိုက်ကြသည် ဆိုတော့ -

“ မင်းက ဖောက်ပြန်တာပဲ ဖြစ်ရမယ် ”

“ မဟုတ်ပါဘူး ကိုမြင့်ရာ ၊ နင် ငါ့အကြောင်း သိပါတယ် ”

ထို့နောက် သူ့အကြောင်းများကို ဆက်ပြောသည် ။ သောက်နေရသော အရက်က မမူးဘဲ သူ့ဝေဒနာများက ပို၍ မူးလာစေသည် ။ ခေါင်းညိတ်နားထောင်ရင်းက သက်ပြင်းများ သာချနိုင်ခဲ့သည် ။ ကံနဖူးစာရေစက် မင်ရေကျဲခဲ့လေခြင်း ဟုသာ ပြောရမတတ် ရှိတော့သည် ။ သူ ပြောသမျှကား သူ့ဘက်က အကောင်းချည်းသာ ။

“ ဒါနဲ့ မင်းရော နောက်ထပ် အိမ်ထောင်မပြုဘူးလား ။ လေးဆယ် ဆိုတာ အခုမှ ဘဝကို စတာကွ ”

“ တော်ပါပြီကွာ ၊ သမီးတွေ သားတွေ အတွက် နောက်ထပ် မိထွေးတစ်ယောက် မပေးချင်တော့ပါဘူး ။ အောင်မြင်တဲ့ စီးပွားရေးသမား တစ်ယောက်ဖြစ်အောင် ငါ ကြိုးစားနေတယ် ”

တင်ဝင်း စကားကြောင့် သာဓု တစ်ခွန်း စိတ်ထဲက ခေါ်လိုက်ရသည် ။ သူ့ကြည့်ရသည် မှာ အခါတိုင်းနှင့်တော့ မတူ ။ ပို၍ တည်ငြိမ်လာ၏ ။ ခါတိုင်းတွေ့နေကျသူကား တက်ကြွ ဖျတ်လတ်လျက် ၊ ဆဲဆိုရယ်မောလျက် ။

“ အေးကွာ ကြားရတာ စိတ်တောင်မကောင်းဘူး ။ မိစန်းကို အိမ်ထောင်ရှင်မ
ကောင်း တစ်ယောက်အနေနဲ့ ငါ အမြဲတမ်း လေးစားနေခဲ့ကာကွ ။ အေးလေ ”

ကျွန်တော် ဆက်မပြောနိုင် ။ နောက်တော့လည်း သူ့လာရင်းကိစ္စဖြစ်သော အသုံးလုံးကျေ အောင်ပွဲအတွက် စာစောင် ထုတ်ဝေရေး ၊ ပြီးတော့ ကျွန်တော့်ထံမှ စာမူ တောင်းလေသည် ။

သူသည် ရန်ကုန်တွင် တစ်ပတ်ခန့်ကြာ နေထိုင်ပြီး ရေး သို့ ပြန်သွားလေသည် ။ ကျွန်တော့် စာမူအတွက် ကျေးဇူးစကား ဆိုသွားလေ၏ ။

“ မင်းကို အရင်ကအတိုင်း တွေ့ရကာ ငါဝမ်းသာတယ် သူငယ်ချင်း ။ ပြီးတော့ ကံ့ကော်နံ့ မသင်း ၊ တက္ကသိုလ် လွမ်းချင်း မဟုတ်တဲ့ လူထဲက ငါ့ဘဝ ဝတ္ထုလေး တစ်ပုဒ်ကိုလည်း မင်း ရေးကြည့်ပါဦးကွာ ”

သူ သည်သို့ ပြောကာ မချိပြုံး ပြုံး၍ ကျွန်တော့် လက်ကို တင်းတင်းဆုပ်ထားသည် ။ သူ့ မျက်လုံးက ရီဝေနေ လေသည် ။

သို့နှင့် ကျွန်တော်သည် မေ့လျော့စွာပင် နေခဲ့သည် ။ သုံးလေးလအကြာတွင် သူ့ထံက စာတစ်စောင် ရောက်လာ၏ ။ လူကြုံနှင့် ပေးလာခြင်းဖြစ်သည် ။ အသုံးလုံးကျေအောင်ပွဲ စာစောင်ကော်မတီမှ လက်ဆောင်အဖြစ် ရင်ထိုး တံဆိပ် ၊ ဦးထုပ် ၊ လွယ်အိတ် ၊ လက်ဆွဲအိတ်တို့ ပေးလာ၏ ။ ကျွန်တော်က ပွဲပြီးမီးသေ သဘောမျိုး ထားခဲ့သော်လည်း သူသည် အာရုံစွဲလျက်ရှိသည်  ။
          ကိုမြင့်
          နင်ကတော့ မေ့ချင် မေ့လျှော့နေမယ် ။ ငါ ကတော့ မမေ့နိုင်သေးဘူး ။ ငါ့အကြောင်း မရေးဖြစ်သေးဘူးလား ။
          ဘာလဲကွ နှုတ်ခမ်းနီ ပါးနီမလေးတွေက မကြိုက်မှာ စိုးလို့လား ။ မင်းရေးမယ့်နေ့ကို စောင့်ပြီးတော့ ငါဖတ်မယ်ကွာ ။ ငါ့ဆီလည်း လာခဲ့ဦး ။
                   မင်းရဲ့
                   တင်ဝင်း

••••• ••••• •••••

၂ ။

တင်ဝင်း တစ်ယောက် ပင်စင်ယူတော့မည်ဟု ဆုံးဖြတ်သောအခါ စန်းစန်းတစ်ယောက် အတန်တန် တားမြစ်ခဲ့သည် ။

“ စဉ်းစားပါဦး ကိုဝင်းရယ် ။ ဒီမှာ အခြေချခဲ့တာပဲ ကြာလှပြီ ။ ကိုယ့်အိုးကိုယ့်အိမ် ၊ ကိုယ့် ပတ်ဝန်းကျင် ကိုလည်း တွယ်တာနေပြီ မဟုတ်လား ၊ ကလေးတွေက ရန်ကုန်မှာ နေပြီးတော့ မှ တောမြို့ကလေးကို ဘယ်ပြောင်းချင်မှာလဲ ။ ပြန်စဉ်းစားပါဦး ကိုဝင်းရယ် ”

စန်းစန်း ကိုယ်တိုင်လည်း ရန်ကုန်မြို့ကို မခွာနိုင် ။ သည်မှာက လက်လုပ်လက်စား ဆိုသော်လည်း အစစ ငြိမ်းချမ်းသည် ။ ပျော်စရာ ရွှင်စရာ အပန်းဖြေရာတွေက အပြည့် ။ ရုပ်ရှင် ကြည့်မလား ၊ တီဗွီ ကြည့်မလား ၊ စတေ့ချ်ရှိုး ကြည့်မလား ၊ ဇာတ်သဘင်ကြည့်မလား ၊ နောက်ဆုံးပေါ် အဝတ်အစား ဝယ်မလား အကုန်ရသည်  ။

“ ကိုယ်စဉ်းစားပြီးပြီ စန်း ။ အထက်တန်းစာရေး ဘဝနဲ့တော့ လူမွှေး ပြောင်စရာ အကြောင်း မရှိဘူး ။ အရောင်းအဝယ် လုပ်ဖို့ ကိုယ်ဆုံးဖြတ်ပြီးပြီ ။ ဂရက်ဂျူတီရယ် ၊ ပင်စင်ရယ် ပေါင်းလိုက်ရင် ကိုယ်တို့ အတွက် အရင်းအနှီးတော့ ရမှာပဲ ။ သားတွေ သမီးတွေ နောင်ရေးပါ စန်း ။ ရွှေကျောင်း ပြောင်ပြောင် ဝမ်းဟောင်ဟောင် ဘဝမျိုးက ရုန်းထွက်စရာ ဒီတစ်နည်းပဲ ရှိတယ် ”

တင်ဝင်း က ခိုင်မာမြဲမြံသော သန္နိဋ္ဌာန်ဖြင့် ပြောနေသောအခါ စန်းစန်းတစ်ယောက် စောဒက မတက်သာတော့ ။

“ အင်းလေ ကိုဝင်း ကောင်းမယ်ထင်တာသာ လုပ်ပါ ။ ဟိုမှာလည်း အမျိုးတွေ ရှိတာပဲ ။ ဒုက္ခ ဖြစ်စရာ အကြောင်းတော့ မရှိပါဘူး ၊ တစ်ခုတော့ ရှိတာပေါ့လေ ။ ပုံမှန်ဝင်ငွေတော့ မရှိဘူးပေါ့ ”

တင်ဝင်းက တည်ငြိမ်စွာ ရှိနေသည် ။ သူ့မျက်နှာသည် ယုံကြည်မှုဖြင့် ရင့်ကျက်နေ၏ ။ စန်းစန်းသည် လင်သားဖြစ်သူ၏ စိတ်အား ထက်သန်မှုကို မတားဆီးချင်တော့ ။

“ ပုံမှန်ဝင်ငွေထက် ပိုလာစရာအကြောင်း မရှိတော့မယ့် အတူတူ ကိုယ်တို့ စွန့်စားကြည့်ရအောင်လား စန်း ။ ကိုယ်ဈေးထဲမှာ ဆိုင်ခန်းလေး တစ်ခန်းလည်း ဝယ်ဖို့ စီစဉ်ထားတယ် ။ ကုန်မျိုးစုံဆိုင်ကလေး တစ်ဆိုင်စပြီး ဖွင့်ကြည့် တာပေါ့ကွာ ။ နောက် အလုပ်လုပ်ရင်းက အမြင်ကျယ်လာမှာ ပါ ။ အဲဒီတော့လည်း အခြေအနေအရ တစ်မျိုးလုပ်ကြတာပေါ့ ”

သားနှင့် သမီးက ကန့်ကွက်ချင်ကြသော်လည်း ဖခင် မျက်နှာထားကြောင့် မည်သည့် စကားမျှ ဝင်မပြောကြတော့ ။ သူတို့ ပြောင်းရွှေ့မည့် မြို့ကလေးမှာ ရန်ကုန် - မော်လမြိုင်သွား မီးရထားလမ်းမှ ဘီးလင်းမြို့နယ် အတွင်းရှိ မြို့ကလေး တစ်မြို့ဖြစ်သည် ။ သူ့ ဆုံးဖြတ်ချက်ကို သူ့သူငယ်ချင်းများက ဖျက်ကြသေးသော်လည်း သူ မပြင်တော့ ။ နောက်ဆုံး အိမ်ကလေး ရောင်း ချလျက် ပြောင်းရွှေ့ခဲ့ကြသည် ။ တစ်ရွာမပြောင်း သူကောင်းမဖြစ် ဟူသော ထုံးကို နှလုံး မူခဲ့လေသည် ။

နှင်းပုလဲမြို့ကလေးသည် ရန်ကုန် - မော်လမြိုင် မီးရထား လမ်းတစ်လျှောက်တွင် ထမင်း ဟင်း ကောင်းသောကြောင့် ခရီးသွားများ ပါးစပ်ဖျားတွင် ရေပန်းစားခဲ့သည် ။ တင်ဝင်းတို့ မြို့ကလေးသို့ ရောက်ခါစတွင် အနည်မထိုင် သေးသောကြောင့် နေရထိုင်ရသည်မှာ အဆင်မပြေသေး ။ မြို့ကြီးပြကြီးမှ တောမြို့ကလေးသို့ ပြောင်းလာကြသူများ ထုံးစံအတိုင်း အစစ ကွဲပြားခြားနားလျက် ရှိသည် ။ စန်းစန်း တစ်ယောက် ကျိတ်၍ မျက်ရည်ကျသည်  ။ သားနှင့် သမီးကလည်း တငြူငြူ တစူစူ ။

သို့သော် ခြောက်လမှ တစ်နှစ်ကျော် ကြာသောအခါ တင်ဝင်း၏ စီးပွားရေးလာဘ်မြင်မှု ၊ နှုတ်ချို၍ ဆက်ဆံရေးကောင်းမှုတို့ကြောင့် ကုန်မျိုး စုံဆိုင်ကလေးမှာ တစ်နေ့တခြား ကြီးကျယ်လာ၏ ။ ဈေးထဲတွင်လည်း သူ၏ “ ချ စ်မိတ်ဆွေ ” ဆိုင်ကလေးမှာ မသိသူ မရှိသလောက် ဖြစ်လာ၏ ။ အထည် ၊ ဆေးဝါး ၊ ကုန်ခြောက် ၊ အလှကုန် စုံစီနဖာပင် တင်၍ ရောင်းသည် ။ စီးပွားရေး အဆင်ပြေလာသော အခါ စန်းစန်းတို့ ရွှေတွဲလဲ ငွေတွဲလဲ ဖြစ်လာပြ န်သည် ။ အမှုထမ်းမယား ဘဝထက် ပို၍ စိုပြည် ဝဖြိုးလာ၏ ။

တစ်နေ့တွင် တင်ဝင်း က စန်းစန်း ကို လုပ်ငန်းတိုးချဲ့ရန် ဖွင့်တိုင်ပင်၏ ။

“ စန်းရေ ၊ ကိုယ်နောက်ထပ် ဆိုင်ခန်းလေး တစ်ခန်း ဝယ်မလားလို့ ”

“ ကိုဝင်းတော့ လောဘကြီးနေပြီ ”

“ မဟုတ်ဘူးကွ ။ ဆိုင်ခန်းက ဈေးလည်း ချိုတယ် ။ အကွက်အကွင်းလည်း ကောင်းတယ် ။ ပြီးတော့ အဲဒီဆိုင်မှာ အလှကုန်ပစ္စည်းတွေ ချည်းပဲ တင်ရောင်းမယ်ကွာ ။ စန်း အဲဒီမှာ ဦးစီးပြီးလုပ် ။ ကဲ မကောင်းဘူးလား ။ ကိုယ်တို့ အရွယ်ရှိတုန်း စီးပွားရှာထားကြရအောင် ”

တင်ဝင်း ပြောသည်မှာ လမ်းကျသောကြောင့် စန်းစန်း မငြင်းသာ ။ သို့သော် လင်သား အတွက် ဝတ္တရား ပျက်မှာလည်း စိုးမိသည် ။

“ ဆိုင်မှာ အချိန်ပြည့် လုပ်နေရရင် ကိုဝင်းအတွက် ဝတ္တရား ပျက်နေပါ့မယ်ကွယ် ”

“ ကိစ္စမရှိဘူးလေ ။ သမီးတို့လည်း ရှိသားပဲ ။ ကိုယ်နားလည်ပါတယ် စန်းရယ် ။ စန်း ဦးစီးပြီး လုပ်နိုင်ဖို့သာ အရေးကြီးတယ် ”

“ ကိုဝင်း ဆန္ဒဆိုရင် စန်းလုပ်ပါ့မယ် ”

စန်းစန်း ခေါင်းညိတ်ခဲ့သည်  ။ မကြာမီ ဈေးထဲတွင် စန်းမေတ္တာ အလှကုန်ဆိုင်ကလေး သားသားနားနား ပေါ်လာ၏ ။ စန်းစန်းက နှုတ်ချိုရုံမျှမက မျက်နှာလည်း ချိုသည် ။ တစ်ဖက်သားကို စကားပြောလျှင် ထာဝစဉ် ပြုံးရယ်လျ က် ပြောတတ်သည် ။ စန်းမေတ္တာ သို့ ဝင်လာသူသည် ပစ္စည်းတစ်ခု ဝယ်ပြီးမှ ပြန်ထွက်သွားရမည် ။ ရံဖန်ရံခါ ဖောက်သည် ဖြစ်သွားစေရန် အရင်းအတိုင်း ရောင်းချလိုက်သည်များပင် ရှိတတ်သည်  ။

တစ်နှစ်အတွင်းမှာပင် စန်းမေတ္တာအလှကုန်ဆိုင်သည် တိုးတက်ကြီးပွား လာလေတော့သည် ။ စန်းစန်း နားတွင် စိန်နားကပ်တစ်ရန် က ဝင်းခနဲရောက်လာ၏ ။ သားတွေသမီးတွေမှာလည်း ရွှေမရှား ၊ ငွေမရှား ။

တင်ဝင်း ကမူ သူ့ဆိုင်ကို သားသမီးများနှင့် လွှဲကာ မော်လမြိုင်နှင့် ကူးချည်သန်းချည် ရှိနေသည် ။ အပေါင်းအသင်းနှင့် တွေ့လျှင် မိတ်ဖြစ်ဆွေဖြစ် သောက်စားတတ်လာသည် ။ ထိုအခါ စန်းစန်းနှင့် ကတောက်ကဆတ် စကားများတတ်၏ ။

“ ကိုဝင်း အရက်သောက်တာ လွန်နေပြီ ”

“ ကိုယ် လူမှန်းသူမှန်း မသိအောင် ဘယ်တုန်းက မူးဖူးလို့ သဲ ၊ ရပ်ထဲရွာထဲမှာ အရှက်တကွဲ အကျိုးနည်းအောင် ရုပ်ပျက်ဆင်းပျက် ဖြစ်ဖူးသလား ။ ပြောစမ်းပါဦး ၊ ကိုယ်တို့ ကုန်သည် အလုပ်ဆိုတာ သောက်ရင်းစားရင်း လုပ်ငန်းအကြောင်း ပြောကြရတာကွ ”

“ အင်း ဒါတော့ စန်း မသိဘူး ။ အခု ကိုဝင်း ဆိုင် ဘယ်အခြေအနေ ဖြစ်နေသလဲ ၊ ဒါကော ကိုဝင်း သိလား ”

တင်ဝင်း ငိုင်သွား၏ ။ ဈေးထဲတွင် သူ့ဆိုင်သည် အရောင်းအဝယ် မကောင်းတော့သလောက် စန်းစန်းဆိုင်ကား ကြီးကျယ်သည်ထက် ကြီးကျယ်လာ၏ ။ တိုးတက်အောင်မြင်လာ၏ ။ သို့တိုင် သူ ဝန်မခံချင် ။ ပြီးတော့ စန်းစန်း က သူ့ကို နင်ပဲငဆ ပြောလာရသည် အထိ ဖြစ်ရသည် ကို သူ မစဉ်းစားတတ် ၊ ထို့ပြင် စန်းစန်း တစ်ယောက် လုပ်ငန်းအောင် မြင်လာသည်နှင့်အမျှ လက်မထောင်လာသည်ကို သူ သတိထားမိသည် ။ သူတို့ အိမ်ထောင်စုကို စန်စန်း ကပင် ဦးဆောင် နေသယောင် အပြောအဆိုများ ကြားလာရသည် ။ စန်းစန်း ဆွေမျိုးများကလည်း မြှောက်ထိုးပင့်ကော် လုပ်ပေးလာကြသည် ။

“ နင်ကတော့ ဈေးထဲမှာ ဖင်ဂျွတ်တက်အောင် ထိုင်ပြီး ပါးစပ်က အမြှုပ်ထွက်အောင် ပြောလိုက် ၊ ဆိုလိုက် ၊ ရောင်းလိုက်ရတာ ။ နင့် ယောက်ျားကတော့ အရက်ကလေး တမြမြ ၊ ရထားပေါ်မှာ မှောင်ခိုမလေးတွေနဲ့ အကြည်ကို ဆိုက်လို့ ။ မိစန်းနော် နောက်တော့သာ မပြောဘူး မရှိစေနဲ့ ။ တော်ကြာ ဒူးနဲ့ မျက်ရည်သုတ်နေရမယ် ”

သည်လို စကားများက စန်းစန်း၏ မာနကို လှုပ်ခါသွားစေ၏ ။

“ အို သူလည်း စီးပွားရှာတာပဲ ။ ငါလည်း ငါ့ခြေထောက် နှစ်ချောင်းအပေါ် ရပ်ပြီး စီးပွားရှာနိုင်တာပဲ ။ ဒင်းက သစ္စာဖောက်တော့ကော ငါ က ကြောက်ရမှာလား ”

စန်းစန်းစိတ်ထဲ သည်ကဲ့သို့ အတွေးဝင်လာ၏ ။ သည်တော့ တင်ဝင်း အပေါ်တွင် ဆက်ဆံရေးက အထစ်အငေါ့ ဖြစ်လာသည် ။ လင်နှင့် မယား ဟူ၍ မေတ္တာနွေးနွေးထွေးထွေး အကြင်နာပေးရမည့် အစား ဥပေက္ခာဖြင့် အေးစက်လာသည် ။ မျက်နှာချင်း ဆိုင်ရမည့် အစား တစ်ယောက်နှင့် တစ်ယောက် မျက်နှာချင်း မဆိုင်မိအောင် ရှောင်လာကြသည်  ။

တင်ဝင်း စိတ်ထဲတွင်မူ နောက်ကျိရှုပ်ထွေးလျက် ရှိသည် ။ လင်တစ်ထမ်း မယားတစ်ရွက် အဖြစ် စီးပွားဖက် အဖြစ် အလုပ်လုပ်ခဲ့ကြသည် ။ ယခုမူ သူ့ခြေသူ့လက် စီးပွားရေး အကွက်မြင်သူ ဖြစ်လာသော အခါကျမှ သူ့အပေါ်အမြင် ရိုင်းလာသည် ။ အကြင်နာ စိမ်းလာသည် ။ အယုအယ ပေါ့တန်လာသည် ။ အစားအသောက်က အစ သူ့အတွက် ဦးစားပေးခြင်း မရှိတော့  ။ အဝတ်အစားက အစ မီးပူကျ ခေါက်ရိုးမကျိုး ချင်တော့ ။ ရံဖန်ရံခါတော့လည်း မယားဖြစ်သူ၏ အယုအယကို တမ်းတလာသည် ။ စန်းစန်း ကမူ သူ့အလုပ်နှင့် သူ ဂျင်ခြေလည်နေသောကြောင့် သူ့ကို ဖုတ်လေသည့် ငါးပိ ရှိသည်ဟု မထင်တော့ ။

တင်ဝင်း စီးပွားရေးအရ အောင်မြင်သူတစ်ယောက် ဖြစ်လာသော်လည်း အိမ်ထောင်ရေးတွင် ရှုံးနိမ့်မှန်းမသိ ရှုံးနိမ့် လာလေသည် ။

သူသည် အတိတ်ကို လွမ်းဆွတ်လာ၏ ။

••••• ••••• •••••

၃ ။

“ ကိုဝင်းရေ ၊ ဒီမှာ ကိုဝင်း ကြိုက်တတ်တဲ့ ပုစွန်တုပ်ကြီးတွေ ။ သမီးတွေ ၊ သားတွေ အတွက်တော့ ဘဲဥချဉ်ရည် နော် ”

စန်းစန်းက သူ့အကြိုက်ကို တခုတ်တရ တမြတ်တနိုး ချက်ပြုတ်ကျွေးမွေးတတ်၏ ။ သူမနှင့် သားသမီးတွေ အတွက်မူ တော်ရိလျော်ရိပင် ။ အဝတ်အစား ဆိုလျှင်လည်း ခေါက်ရိုးမကျိုး စေရ ။ ရုံးသွားခါနီး ရေမွှေး ကိုယ်တိုင် ဆွတ်ပေးလိုက်သေးသည် ။ ထမင်းစားလျှင် အနားတွင် ထိုင်လျက် ယပ်ခတ်ပေးနေတတ်သည် ။ ငါး ဆိုလျှင် သူက အရိုးများ ပါက မစားတတ် ။ စန်းစန်းက အရိုးထွင်ပေးရသည် ။ လင့်တစ်မျက်နှာ တစ်ရွာ ထင်နေသော စန်းစန်းသည် ဘယ်တွင် သေဆုံးသွားပြီနည်း ။ အယုအယ အကြင်နာတို့သည် ကျောက်ဖြစ်ရုပ်ကြွင်းများ ဖြစ်ခဲ့လေပြီ ။

သူသည် အဘိုးအဘွားများ လက်ထက် ၊ မိဘလက်ထက်က စီးပွားဖက် အိမ်ထောင်သည် ဘဝများကို တွေးတောကာ တမ်းဆွတ်မိ၏ ။ အဘိုးက စီးပွားရှာသည် ။ အဘွားက အိမ်ထောင် ထိန်းသည် ။ သားသမီးများသည်လည်း အိမ်ထောင်ဦးစီး ဝင်ငွေပေါ်တွင် မှီခိုနေနိုင်၏ ။ အမိအဘများ လက်ထက်တွင် လည်း သည်အတိုင်း ။ တစ်လင်တစ်မယားစနစ် ချစ်ချစ်ခင်ခင် ရှိသည် ။

ယခု သူတို့ခေတ် ကျတော့ လင့်လုပ်စာကို အိမ်ထောင်တစ်ခုလုံး မှီခိုစားသောက်နိုင်ခြင်း မရှိတော့ ။ မယားကလည်း တရွက်တပိုး အားကိုးစီးပွားရှာရ၏ ။ အရင်း စစ်ကြည့်သောအခါ ကုန်ဈေးနှုန်းသည် တရားခံ ဖြစ်၏ ။ တင်ဝင်းသည် တရှည်တမျောကြီး စဉ်းစားနေမိသည် ။ စိတ်က ပို၍ မောပန်းနွမ်းနယ်လာ၏ ။ ဆင်းရဲသော ဒဏ်ကို ခံနိုင်သည် ။ ချမ်းသာသည့် ဒဏ်ကို မခံနိုင်ဟူသော လူကြီးသူမတို့ ၏ စကားကို ကြားယောင်လာ၏ ။ ရန်ကုန်တွင် စာရေးကလေးဘဝဖြင့် မရှိအတူ ၊ ရှိအတူ အေးအတူ ပူအမျှ နေခဲ့ရသော ဘဝကလေးကို တမ်းတနေမိသည်  ။

စန်းစန်းကို အိမ်ထောင်ထိန်းသိမ်းသူ အိမ်ရှင်မ ဘဝမှ စီးပွားရေးသမား တစ်ယောက် အဖြစ် သွတ်သွင်းပေးမိသော မိမိအမှားကိုလည်း မြင်ယောင်သိတတ်လာ၏ ။ မိန်းမနှင့် ယောက်ျား စီးပွားရှာကြစတမ်း ဆိုလျှင် ယောက်ျားက လက်ဖွာသည့်နှင့် အမျှ ယိုပေါက်များသည် ။ မိန်းမ ခြစ်ကုတ် စုဆောင်း ထိန်းသိမ်းတတ်ကြသည် ။

ယခုပင် ကြည့်လေ ။

နှစ်နှစ် ၊ သုံးနှစ်အတွင်း သူသည် စီးပွားရေး တိုးသင့် သလောက် မတိုး ။ စန်းစန်းက စိန်ရွှေ သီးရုံမျှမက စန်းမေတ္တာ အလှကုန်ဆိုင်တွင် ကာလပေါ်အထည်များ  ၊ နိုင်ငံခြားဖြစ် အဝတ်အစားများက အစ တင်ရောင်းကာ သူ့ ကိုပင် ကျောသွားလေပြီ ။ ပြီး ထိုကြားထဲ သူသည် မော်လမြိုင်ဘက်သို့ သွားပြီး အပိုင်ဝယ်ခဲ့သော ပစ္စည်းနှစ်သောင်းကျော်ဖိုးခန့် အဖမ်းခံလိုက်ရသေးသည် ။ စန်းစန်းက မဲ့ရွဲ့ကာ ရှိနေတော့၏ ။

“ အိမ်မှာ အေးအေး ထိုင်စား ၊ ကုန်သည်လိုလို ဘာလိုလိုနဲ့ မှောင်ခိုမကလေးတွေနဲ့ ပလူးနေတာလည်း မသိဘူး မထင်နဲ့ ။ မိစန်းတို့ လင်တစ်ယောက်ကို အလှကြည့်ပြီး လုပ်ကျွေးနိုင်တယ် ”

မကြားတကြား ပြောသော စကားများ ဖြစ်သည် ။ တင်ဝင်း ဆုံးရှုံးသည့် ငွေများ ပြန်ရအောင် ကြိုးစားသော်လည်း ကုသိုလ်ကံက မလိုက် ။ ကြာတော့လည်း ကိုယ့်လိပ်ပြာ ကိုယ်ရှက်လာ၏ ။ အိမ်တွင်လည်း စန်းစန်းနှင့် မျက်နှာချင်း မဆိုင်မိသည်မှာ လနှင့် ချီ၍ ကြာမြင့်ခဲ့ပြီ ။ သူစိမ်းများ နှယ် ဖြစ်ခဲ့ပြီး တစ်အိပ်ရာစီ ခွဲအိပ်ခဲ့သည် မှာပင် တစ်ရာသီ ကျော်ခဲ့ပြီ ။ စန်းစန်းဆွေမျိုးများကလည်း အိမ်သို့ ဥဒဟို ဝင်ထွက်ခဲ့ကြသည် ။ သူတို့ ရယ်မောသံ များက သူ့ကို လှောင်သည်သို့ ရှိသည် ။ သူတို့၏ အပြုံးများက သူ့ကို သရော်နေသည်ဟုပင် ထင်ခဲ့သည် ။

သည် ကြားထဲ အကုသိုလ်က အလုံးအရင်းနှင့် ဝင်သည်ဟု ခေါ်ရမည်လားမသိ ။ တစ်နေ့တွင် အမျိုးသမီး တစ်ယောက် အိမ်သို့ ရောက်လာ၏ ။ သူရော စန်းစန်း ပါ ရှိနေကြသည် ။

“ ကိုဝင်း ရှိပါသလားရှင် ”

“ ရှိပါတယ် ။ ဖေဖေရေ ဧည့်သည် လာတယ် ”

သမီးကြီး၏ မရှေးမနှောင်း အသံနှင့် အတူ အမျိုးသမီး တစ်ယောက် အိမ်ပေါ် ရောက်လာ၏ ။

“ ဪ ခိုင် လာထိုင် ”

ခိုင်သည် ငယ်သည် ။ ချောသည် ။ သို့သော် မှောင်ခိုမယ်ကလေး တစ်ယောက် ဖြစ်သည် ။ သူနှင့် အလွန်ရင်းနှီးဖူးသည် ။ ခိုင်က ဧည့်ခန်းရှိ ဆက်တီတွင် သူနှင့် မျက်နှာချင်းဆိုင် ဝင်ထိုင်သည် ။

“ ခုတလော ကိုဝင်း ငြိမ်နေပါလား ”

“ ကိုယ် အချီကြီး ထိသွားတာ ခိုင်လည်း သိသားပဲ ”

“ အင်း ခိုင်လည်း အရင်းပြုတ်သွားပြီ ကိုဝင်း ”

စန်းစန်း က မနီးမဝေးတွင် ထိုင်ရင်း နားထောင်နေသည် ။ ခိုင့်ကို တစ်ချက် အကဲခတ် ကြည့်ပြီး မျက်နှာ လွှဲသွား၏ ။

“ အခြေအနေတွေ ကတော့ သိပ်မကောင်းဘူး ခိုင် ။ အဖမ်းအဆီးတွေကလည်း တော်တော် များနေတယ် ”

“ ကိုဝင်းက ကိစ္စ မရှိဘူးလေ ။ ခိုင်တို့မှာက ဆုပ်လည်း စူး စားလည်း ရူးပဲ ။ အမေတို့ အားလုံးက ခိုင့်အပေါ် မှီခိုနေတာ ဆိုတော့ နားနေလို့ မရတော့ဘူး ။ ငွေမျောရင် ငွေနဲ့ လိုက်ရတော့မှာပဲ ကိုဝင်း ”

“ အင်း ဒီတော့ ကိုယ်ဘာလုပ်ပေးရမလဲ ခိုင် ။ ကိုယ်လည်း အခြေအနေတော့ မကောင်းဘူး ။ ခိုင်သိပါတယ်လေ ”

ခိုင်က စန်းစန်းကို မျက်လုံးဝေ့ကြည့်သည် ။ တင်ဝင်း သက်ပြင်းရှိုက်မိသည် ။ ခိုင့်အပေါ် တွင် သူ သနားရာက အကူအညီပေးရင်း သံယောဇဉ်ကား ဖြစ်မိသည်ပင် ။

“ ခိုင့်ကို ငွေတစ်ထောင်လောက် လှည့်ပါဦး ကိုဝင်းရယ် ”

တင်ဝင်း ဘာမှ မပြောတော့ ။ ငွေတစ်ထောင် ယူပေးလိုက်သည် ။ စန်းစန်း၏ မျက်စောင်းတစ်ခုကို သူ ရရှိလိုက်၏ ။

“ ကိုဝင်း ကျေးဇူးတွေကို ခိုင် ဘယ်နည်းနဲ့ ဖြစ်ဖြစ် ဆပ်ပါ့မယ် ကိုဝင်းရယ် ။ ခိုင် သွားတော့မယ်နော် ။ အိမ်ကိုလည်း လာခဲ့ပါဦး ။ အမေတို့ ကတောင် မေးနေသေးတယ် ”

“ အင်း အင်း ”

ခိုင်တစ်ယောက် ပြန်သွားသောအခါ စန်းစန်း ထံမှ စကား တစ်ခွန်းထွက်လာ၏ ။

“ အင်း တယ်လည်း ရင်းနှီးနေကြပါလား ။ တစ်ယောက်ကလည်း ခိုင်တဲ့  ၊ တစ်ယောက်က လည်း ကိုဝင်းတဲ့ ”

စကားနာထိုးမှန်း သိလိုက်ပါ၏ ။ သို့သော် သူ မကြားချင်ယောင် ဆောင်နေလိုက်ရသည် ။ ခိုင်သည် မုဆိုးမမိခင်ကြီးကို နဖူးမှ ချွေး ခြေမ ကျအောင် စွန့်စားလုပ်ကိုင် ကျွေးမွေးနေသူ ဖြစ်သောကြောင့် စာနာမိသည် ။

“ ငွေတင်မကပါ ၊ လူပါ လိုက်သွားပြီး လုပ်ကျွေးဖို့ ကောင်းတယ် ”

စန်းစန်းက ထိုသို့ ထပ်ပြောသောအခါ သူ သက်ပြင်း ချရသည် ။ စကားအချေအတင်လည်း မပြောချင် ။ သို့သော် ထိုအကြောင်းအရာသည် စန်းစန်း အသိဉာဏ်ထဲတွင် လိပ်ခဲတည်းလည်း ဖြစ်တော့မည်ကိုကား သိလိုက်ပြီ ။ ပြီး မိမိ နှင့် စန်းစန်း အခြေအနေကလည်း တစ်အိမ်တည်း နေပြီး စီးပွားခွဲ ထားသကဲ့သို့ ဖြစ်နေ၏ ။

သည်ကြားထဲ မိဘနှစ်ပါး အဆင်မပြေသော ဂယက်က သားသမီးများကိုပါ ကူးစက်သွား၏ ။ သမီးကြီး ဆိုလျှင် သိတတ်သော အရွယ်သို့ ရောက်ပြီ ။ ၁၇ နှစ် ဟူသော အရွယ်သည် အရာရာကို စူးစမ်းနားလည်တတ်ပြီ ။ သားသမီး သိမ်ငယ်မှုကိုကား သူ အစိုးရိမ်ဆုံး ။ ထို့ကြောင်ပင် အိမ်ကို မခင်တွယ်တော့သော်လည်း အိမ်သို့ကား ပြန်ဖြစ်အောင်ပြန်သည် ။ အိမ်တွင် နံနက်စာ မစားသည်မှာတော့ ကြာပြီ ။ စန်းစန်း ကလည်း မမေးတော့ ။ သူ ကလည်း စကားဟဟ မပြောတော့ ။ သူသည် ဈေးထဲမှ သူ့ဆိုင်ခန်းကို ရောင်းပစ်လိုက်သည် ။ မာနဖြင့် ကုန်သည် လောကသို့ အားကြိုးမာန်တက် တိုးဝင်သည် ။ သူသည် မီးရထားပေါ်တွင် လည်းကောင်း ၊ စက်လှေပေါ် တွင် လည်းကောင်း ၊ ကုန်ကားများ ပေါ်တွင် လည်း ကောင်း အနေများခဲ့သည် ။ တစ်လတွင် အိမ်၌ တစ်ပတ် ပြည့်အောင် မနေခဲ့ ။ အိမ်တွင် နေရသည်မှာလည်း အိမ်ထောင်ဦးစီးနှင့် မတူ ၊ ဧည့်သည် တစ်ယောက်နှင့် တူနေသည် ။

“ ဖေဖေရယ် သမီးတို့ကို မချစ်တော့ဘူးလားလို့ ။ မောင်လေးကဆို ဖေဖေတို့ကို မချစ်တော့လို့ အိမ်ပြန်မလာ တာပေါ့လို့ အမြဲတမ်းပြောတယ် ”

သမီးကြီးက သူ စိတ်ကောင်းဝင်နေသည်နှင့် ကြုံလျှင် ပြောတတ်သည် ။

“ သမီးတို့ကို ချစ်လို့ ဖေဖေ ပြန်လာသေးတာပေါ့ သမီးရယ် ။ ဘဝမှာ သမီးနဲ့ သား မရှိတော့ဘူးဆိုရင် .. ”

သူ စကားဆက်နိုင် ။ မျက်ရည်လည်နေ၏ ။ သမီးသည်လည်း မျက်ရည်လည်နေလေသည် တကား ။ သားကမူ သူ့ကို မျက်တောင်မခတ် ကြည့်နေ၏ ။ တောင်းပန် တိုးလျှိုးသော မျက်လုံးများမှန်း သူသိသည် ။

“ မေမေကလည်း ဘာမှန်းမသိဘူးနော် ”

သူ ရယ်နေမိသည် ။ ပြီးတော့ မဟော်သဓာ ဇာတ်ထဲက ဝိဒေဟရာဇ်မင်းကြီးနှင့် ပုတ်သင်ညိုကို သွားသတိရလေသည်  ။

“ သမီး မဟော်သဓာဇာတ်တော် ဖတ်ဖူးတယ် မဟုတ်လား ”

“ ဟုတ်ကဲ့ ဖတ်ဖူးပါတယ် ”

“ ပုတ်သင်ညိုကို ကြေးနီပြားကလေးတွေ လည်မှာ ဆွဲပေးလိုက်ရော ဘာဖြစ်သွားလဲ သမီး ”

“ အင်း ၊ ပုတ်သင်ညိုက ဝိဒေဟရာဇ်မင်းကြီး ကို အလေးမပြု ၊ အရိုအသေ မပေးတော့ဘူးလေ ”

“ အေး ... ငါလည်း ဓနရှင် ပဲဆိုပြီး တုပဂုဏ်ပြိုင်ပြီး ဂုဏ်မောက်တာပေါ့ သမီးရယ် ။ သမီးမေမေလည်း ဒီအတိုင်းပဲ ။ သူလည်း အလုပ်လုပ်ရတယ် ဆိုပြီး ဖေဖေ့အပေါ်မှာ မယားဝတ္တရားတွေ ပျက်တာပေါ့ကွယ် ”

သူ ရှေ့ဆက် မပြောချင်တော့ပေ ။ စန်းစန်းသည် ခေတ်ပညာလည်း မတတ် ၊ ငွေသည် သူမအား ဂုဏ်မာန အဖြစ် သွေးဆောင်ဖျက်ဆီးခဲ့ပေပြီ ။ သမီးသည် သူ့စကားကို နားထောင်ရင်း သက်ပြင်းချ၏ ။

“ သမီးတို့ ရှိပါသေးတယ် ဖေဖေရယ် ”

သူသည် သမီး၏ ဆံပင်များကို လက်ဖြင့် ဖွ ကစားကာ ပြုံးလိုက်မိလေသည် ။ ရင်ထဲတွင်ကား သောကသည် နွေဖြစ်နေသတည်း ။

••••• ••••• •••••

၄ ။

ဝိရောဓိကာလများကား ဆုံးခန်းတိုင်ခဲ့လေ ပြီ ။ စန်းစန်းက သူ နှင့် ခိုင့်ကို သမုတ်သည် ။ စန်းစန်း၏ ဆွေမျိုးများကလည်း မြှောက်ထိုးပင့်ကော်ပြုကြ၏ ။

“ ကျွန်မ ရှင့်ကို စိတ်ကုန်လာတာ ကြာပြီ ကိုတင်ဝင်း ။ ကျွန်မကိုလည်း မငဲ့နဲ့  ၊ သားသမီးတွေ မျက်နှာကိုလည်း မထောက်နဲ့တော့ ။ အကောင်းဆုံးကတော့ ရှင်နဲ့ ကျွန်မ ကိုယ့်လမ်း ကိုယ် သွားကြတာ အကောင်းဆုံးပဲလို့ ကျွန်မ ထင်တယ် ”

စန်းစန်း ပါးစပ်က ထိုစကားများ ထွက်လာသောအခါ သူ တအံ့တဩ မဖြစ်တော့ ။ တောင်ကျရေကို ကျူရိုးနှင့် အဘယ်သို့ တားမည်နည်း ။ ပုဆိန်မိုးကြီးကို ကြာဖက်နှင့် အဘယ်သို့ ကာမည်နည်း ။ လေမုန်တိုင်းကို ဇာပဝါနှင့် အဘယ်သို့ တားဆီးမည်နည်း ။

“ ရှင်လည်း ရှင့်ခိုင် နဲ့ ရှင် အိမ်ထောင်သစ် ထူချင်ထူတော့ ။ ကျွန်မ ကိုလည်း လွတ်လပ်ခွင့်ပေး ဒါပဲ ။ သားနဲ့ သမီး အတွက်တော့ ကျွန်မ လုံးဝတာဝန်ယူတယ် ”

မာနနှင့် အာဃာတတွင် သန္ဓေတည်ကာ ပြောလိုက်သော စကားများမှန်း သိလိုက်သည် ။ ခိုင်နှင့် ယိုးစွပ်သည့် အတွက်မူ သူ ရင်နာသွားသည် ။ သူ၏ ဖြူစင်သော စေတနာတို့သည် စကားအမနာပတို့ ဖြင့် စွန်းထင်းကုန်လေပြီ ။

“ မင်း ဆုံးဖြတ်ပြီးပြီလား စန်းစန်း ”

“ ကျွန်မ ဆုံးဖြတ်ပြီးပြီ ”

“ အေး ကောင်းတယ် ။ မင်း စိတ်ချမ်းသာစေရမယ် ။ မင်း စိတ်တိုင်းကျ ဖြစ်စေရမယ် ”

သူသည် နေရာမှ ထကာ ဗီရိုထဲတွင် သူ သိမ်းထားသော ငွေစုစာအုပ်နှစ်အုပ်ကို ယူလိုက်၏ ။ သမီးအမည်နှင့် တစ်ခု ၊ သားအမည်နှင့် တစ်ခုဖြစ်သည် ။ ငွေစုစာအုပ် တစ်အုပ်စီတွင် ငွေကျပ် တစ်သောင်းစီ ထည့်ပေးထား၏ ။

“ ကဲ ရော့ ဒါကို မင်းသိမ်းထား ။ သားနဲ့ သမီး အသက်ပြည့်တဲ့ အခါ ထုတ်ပြီးပေးလိုက် ။ သူတို့ နောင်ရေးအတွက်ပေါ့ကွာ ။ ဒီအိမ်ရယ် ၊ အို အားလုံးဆိုပါတော့ ။ မင်း တို့ သားအမိတွေ ယူထားလိုက် ။ သားနဲ့ သမီးက ငါနဲ့ တွေ့ချင်တယ် ဆိုရင် ဒါမှမဟုတ် ငါက တွေ့ချင်ရင် တွေ့ခွင့်ပေးပါ ။ ဒါပဲ ငါ တောင်းဆိုချင်တယ် ”

သူ့ပါးစပ်က စီကာစဉ်ကာပင် ထွက်သွား၏ ။ စန်းစန်း မျက်နှာအိုသွားရာက နှုတ်ခမ်းကို တင်းစေ့လိုက်၏ ။ မျက်နှာကို တစ်ဖန် ပြန်တင်းလိုက်၏ ။ သူပေးသော ငွေစု စာအုပ်နှစ်အုပ်ကို ကြည့်ရုံသာ ကြည့်သည် ။ မယူ ။ သူသည် စားပွဲကလေးပေါ်တွင် တင်ထားလိုက်ရသည် ။ ထိုညဘက်တွင် ကောင်စီရုံး၌ ကွာရှင်းပြတ်စဲကြောင်း လက်မှတ် ရေးထိုးကြသည် ။ သမီးကြီး နှင့် သားက ငိုယိုလျက်တားသည် ။

“ ဟဲ့ မငိုနဲ့  ၊ မသာအိမ် မဟုတ်ဘူး ”

“ တောက် ”

သူသည် တက်ခေါက်မိသည် ။ စိတ်ကို ပြန်ထိန်းလိုက်ရ၏ ။ သမီးနှင့် သားကို ဝအောင် နမ်းမိသည် ။ သမီးက သူ့ကို ဖက်၍ ကျူကျူပါအောင် ငိုနေလေသည် ။

“ တိတ် သမီး မငိုနဲ့ ။ သမီးရော သားရော စာကြိုးစား ၊ ဖေဖေလည်း သေသွားတာမှ မဟုတ်ပဲ ။ သမီးတို့ တွေ့ချင်ရင် ဖေဖေလာခဲ့မယ် ။ ဖေဖေရှာဖွေလို့ ရသမျှ သမီးတို့ အတွက်ချည်းပဲမှတ် ။ လူဆိုတာ ခံနိုင်ရည် ရှိရတယ် သမီးရ ။ ဆင်းရဲတာကိုလည်း ခံနိုင်ရတယ် ။ ချမ်းသာတာကိုလည်း ခံနိုင်ရည်ရှိရတယ် ။ အစ်ကိုကြီးတို့လည်း ကျွန်တော့် သားသမီးတွေကို စောင့် ရှောက်ပါ ။ မိဘတွေအဖြစ် ကျွန်တော် အပ်ပါ တယ် ”

စန်းစန်းနှင့် သမီးတို့ သားတို့ ပြန်သွားသည် အထိ သူ ကောင်စီရုံးတွင် ငူငူကြီးကျန်ခဲ့၏ ။ အားလုံးက နှစ်သိမ့်စကား ဆိုသည်ကို သူ မကြား ။ နောက်ဆုံး သူမျက်လုံးအိမ်ထဲမှ မျက်ရည်များ စီးကျလာသည်ကိုသာ သတိထားမိ တော့သည် ။

သူ့ငယ်ချစ် စန်းစန်းကို လက်လွှတ်ခဲ့ရပြီ ။ ပြီးတော့ သမီးနှင့် သားနှင့် ဝေးကွာခဲ့ပြီ ။ ဘယ်သူမပြု မိမိမှုပင် ဖြစ်သည် ။ အပ်နှင့် ထွင်းသင့်သည်ကို မထွင်းဘဲ နေခဲ့ရာက အနာရင့်ကာ ပုဆိန်နှင့် ထွင်းခဲ့ရလေပြီ ။ အသက်လေးဆယ်ကျော်၍ ဘဝကို ပြန်ကြည့်သောအခါ ခြေနှင့် လက်သာ ကျန်တော့သည် ဟူသည် မျိုး ဖြစ်၏ ။

နောက်ဆုံး သူ့ဘဝတစ်ခုလုံးကို စီးပွားရေးထဲတွင် နှစ်မြှုပ်ထားလိုက်၏ ။ မော်လမြိုင် ၊ ရေး ၊ မြိတ် ၊ ထားဝယ် ၊ ကော့သောင်တို့တွင် သူ ကျင်လည်ခဲ့၏ ။ ဝိသမလောဘသမား မဟုတ်သော်လည်း မခံချင်စိတ်ဖြင့် အဖန်ဖန်တလဲလဲ ကြိုးစားရှာဖွေခဲ့သည် ။ စီးပွားလည်း ဖြစ်ပါ၏ ။ အထီးတည်း နေရသော အခါ သမီးနှင့် သားကို လွမ်းသည် ။

ကျွန်တော်သည် တင်ဝင်း ဘဝကို တစ်မျှော်တစ်ခေါ် တွေးနေမိသည် ။ လူနေမှုစနစ်ကြီးကို အပြစ်တင်ရမည်လား ။ ကံမခိုင်ပါဘဲလျက် ဆောက်မိသည့် သံတိုင်ပင်လျှင် ကံ မှောက်က ကျိုးသည်တဲ့  ။ ကံကြမ္မာကို အပြစ် တင်ရမည်လား ။ လူသာ အဓိကဆိုလျှင် လူကို အပြစ်တင်ရမည်လား ။

မည်သို့ပင်ဖြစ်စေ ယနေ့အထိ တင်ဝင်း ရော စန်းစန်း ပါ အထီးကျန်အဖြစ် ဆက်လက် ရပ်တည်နေကြခြင်း ကိုကား တစ်နည်း ဝမ်းသာမိလေသည် ။

ကျွန်တော်၏ ဤဝတ္ထုကို ဖတ်မိ၍ သူတို့ ဘဝကံကြမ္မာ အလှည့်အပြောင်းကို သံသရာအတွက် ငဲ့စောင်းကြည့်၍ သဘောပေါက် နားလည်ကာ ဆီခန်းမီးစာတို ၊ ဘဝ အိုလျှင် ၊ မငြိုမငြင် ၊ ဖြူစင်မငြူစူ ၊ ဖိုးသူတော် တောင်ဝှေး ဘဝကလေးမျိုး တစ်ဖန် မွေးဖွားပါစေသတည်းဟု ... ။

▢  မြင့်မောင်မောင်

📖 ပေဖူးလွှာ မဂ္ဂဇင်း
      အမှတ် - ၁၇
      အောက်တိုဘာလ ၊ ၁၉၈၂

📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      အမှတ် - ၂၅ဝ
      စက်တင်ဘာလ ၊ ၂၀၁၀ ပြည့်နှစ်  

No comments:

Post a Comment