Monday, November 3, 2025

ကျွန်မက ပုဂံသူပါမောင်


 ❝ ကျွန်မက ပုဂံသူပါမောင် ❞

( အောင်ဖြိုးကျော် - ပခုက္ကူ )


၁ ။


ကံအကြွေးချတဲ့ ဘဝလေးခဏမှာ ဂုဏ်ကလေးကြွ ဟန်ကလေးပြဖို့ ဒီဘဝကို ကျွန်မ ရွေးချယ်ခဲ့တာ မဟုတ်ခဲ့ဘူး မောင် ။


 ••••• ••••• •••••  


၂ ။


ဆည်းဆာက အနောက်ဘက် တူရွင်းတောင်တစ်ရိုးမှာ ပုစွန်ဆီရောင်အသွေးနဲ့ လှရေးကြွယ်စပြုပြီ မောင် ။


တစ်နေ့တာအတွက် ခရီးဆက်ခဲ့တဲ့ နေဝန်းက တစ်ညတာ နားခိုဖို့ မောင်နှမတောင်ထိပ်ဖျားမှာ တစ်ဝက်တိတိ ခိုနားခဲ့ပြီ ။ ခဏနေရင် လောကတစ်ခွင်ဟာ မှောင်ရိပ်ဆင်တော့မှာပေါ့ ။ 


မောင် လာမှာပါ ။ 


ကျွန်မ မျှော်လင့်ချက်တွေ အတောမသတ်သေးဘူးလေ ။ တစ်ဘဝစာ ဝေးကွာခြင်း မဟုတ်ပေမဲ့ တစ်ခဏတာ ခွဲခွာခြင်းမှာ မောင့်ကို နားလည်စေချင်တာ ။ ပြီးတော့ ကျွန်မ မောင်နဲ့ ဝေးကွာခြင်းကို ခံစားနိုင်ဖို့ မောင့်ဆီက အင်အားလေးကို မျှယူ သွားချင်တာ ။ ပုဂံ - ညောင်ဦး - ကျောက်ပန်းတောင်း ကားလမ်းပေါ်က ပေါ်လာမယ့် မောင့်အရိပ် ။


ဟုတ်တယ် ၊ ကျွန်မ အားတင်း စောင့်နေဆဲပဲ ။ ဝေးဝေးက ပေါ်လာတဲ့ ဆိုင်ကယ်ကို မြင်တာနဲ့ အဲဒါ မောင် လို့ ကျွန်မ နှလုံးသားက သိနေခဲ့တယ် ။ ဆိုင်ကယ် အနား လာရပ်တော့ ခရီးဦးကြိုတဲ့ ကျွန်မ အပြုံးက နွမ်းနယ် နေမှာလည်း သိပါရဲ့ ။ 


“ မနက် ဘယ်အချိန် သွားမှာလဲ ” 


ဆိုင်ကယ်ပေါ်က မဆင်းဘဲ မေးလာတဲ့ မချိုမြတဲ့ မောင့်စကား အစဟာ ကျွန်မ အတွက်တော့ သံယောဇဉ် လက်ကျန်ပျပျလေးလို့ ကိုယ့် ကိုယ်ကို အားပေးမိရဲ့ ။ 


“ အစောဆုံးကား မောင် ” 


“ လိုက်မပို့တော့ဘူး ။ ဒါက မင်း ခေါင်းမာတာ ခိုင် ၊ N.G.O မှာ အလုပ်ဝင်ဖို့ ငါ အကုန်စီစဉ်ပြီးပြီ ။ လစာ သုံးသိန်းကျော် ၊ ပြီးတော့ ကိုယ့်မြို့နယ်ထဲ ။ မင်းကို ငါ တကယ်နားမလည်ဘူး ”  


ဝေ့လာတဲ့ မျက်ရည်ဝဲ မလာခင် ကျွန်မ အကြည့်တွေကို မြေပြင်ဆီ ငိုက်ချထား လိုက်မိတယ် ။ “ လိုက်မပို့တော့ဘူး ၊ ရောက်တာနဲ့ ဖုန်းဆက် ”  ရပ်ကတည်းက စက် မသတ်ထားတဲ့ ဆိုင်ကယ်က အပြင်းဆုံး အရှိန်နဲ့ ကျွန်မ အနားက ထွက်ခွာ အသွားမှာ အနက်ရောင် ကတ္တရာလမ်းပေါ် မျက်ရည်တစ်စက် ကြွေ သက်သွားခဲ့တာတော့ မောင် မမြင်ခဲ့တော့ဘူးပေါ့ ။


 ••••• ••••• •••••  


၃ ။


ကန်ရေသောက် မြက်ခြောက်စားပဲ ပြောပြော ၊ ကျောပူ မှ ဝမ်းအေး ရတဲ့ ဘဝ လို့ပဲ ဆိုဆို မွေးရပ်မြေ လူ့ဘဝဟာ ကျွန်မ အတွက်တော့ အမြဲ ဂုဏ်ယူချင်စရာ ကောင်းနေ ပြန်ရော ။ ဘိုးဘွား ၊ အဘီအဘေ ဟောဒီ အမိမြန်မာ နိုင်ငံ ဖြစ်တည်ရာ ပေါက္ကံရာမ ရွာထဲက အနောက်ကို မျှော်ကြည့်တာနဲ့ နေအညို တူရွင်းတောင် ခင်တန်းအစပ်မှာ အနော်ရထာ နဲ့ စုက္ကတေး တို့ စီးချင်းထိုးရာမြေ ။ 


ကျွန်မကို ပထမ မြန်မာနိုင်ငံမြေပေါ်မှာ မွေးခဲ့တာ မောင် ။


အဖေနဲ့ အမေကို ဦးချ ၊ ညောင်ဦးကားဂိတ် ကနေ စ , ခဲ့တဲ့ ကျွန်မ ခရီးက ကျောက်မဲ ဆိုတဲ့ ရှမ်းပြည်နယ် ထဲက မြို့ကလေးမှာ ခဏ အစသတ်ခဲ့ရတာပေါ့ ။ လာကြိုတဲ့ စီနီယာ အစ်မနှစ်ယောက်နဲ့ ကားတစ်ဆင့် ပြောင်းပြီး ဒုတိယမြောက် ခရီးအစက မန်ပင့်ဆို တဲ့ ရွာလေးမှာ တစ်ထောက် နားရပြန်တယ် ။ လမ်းက ကားပေါ်မှာ “ မိုးမရွာပါစေနဲ့ ” လို့ စီနီယာအစ်မ ဆုတောင်းသံ တိုးတိုးလေးကို ကျွန်မ နားမလည်ပေမဲ့ သိပ်မကြာခင်မှာ လက်တွေ့ သဘောပေါက်ခဲ့ရပါတယ် ။


၃၃ မိုင်လောက် ဝေးတဲ့ ခရီးတစ်ဝက်မှာ စီနီယာအစ်မ ဆုတောင်းလေးကို မိုးက ဖွဖွလေး ခြွေချသွားလိုက်တာ ဂိတ်ဆုံး ရောက်တဲ့ အထိပေါ့ ။ အသက် ၂ဝ အရွယ် ကျောင်း ပြီးစ ဗမာမလေးရဲ့ ဝန်းကျင်ဟာ ခုတော့ ဗမာစကားပြောသံတွေ လုံးဝ ပျောက်ရှခဲ့ပြီပေါ့ ။


ကျွန်မ လုံးဝ နား မလည်တဲ့ ဘာသာစကားတွေ ကြားမှာ အားကိုးရာက လာကြိုတဲ့ စီနီယာ အစ်မနှစ်ယောက် ။ ကားပေါ်က ဆင်းတော့ မန်ပင့်က တရုတ်ရွာ ဆိုတာ စ,မှတ်သားရတယ် ။


“ ကိုင်း ... ညီမရေ လမ်းစ,လျှောက်ကြစို့ ” 


စကားအဆုံးမှာ အပြုံးနွမ်းနွမ်းနဲ့ စ,လှမ်းတဲ့ ခရီးလမ်းက ရွာခံ ဈေးဝယ်ပြန်တွေပါ ပါတာမို့ တစ်မျိုးတော့ ဆန်းပါရဲ့ ။ 


“ မိုးရွာရင် တောင်ပေါ် ရွာကို ဆိုင်ကယ် တက်မရဘူးတဲ့ ” 


ဒါကြောင့် ကြိုခိုင်းထားတဲ့ ဆိုင်ကယ်တွေ ဆင်းမလာ ကြဘူးလေ ။ ယုံကြည်ရာလို့ ကျွန်မ သတ်မှတ်ခဲ့တဲ့ တတိယ အကြိမ်မြောက် သုံးနာရီကြာ လမ်းလျှောက်ရတဲ့ ခရီးဟာ ကျင်ကိုင် ဆိုတဲ့ ရွာကလေးမှာ အစသတ်တော့ တောင် ခုနစ်လုံးလောက် ကျွန်မ ကျော်ခဲ့ရပြီပေါ့ ။


ကံကောင်းထောက်မစွာ မိုးက ရပ်ပေးထားခဲ့ပေမဲ့ ဝန်းကျင်ကတော့ မြူမစင်ပေဘူး ။ ခရီးတစ်ထောက် အနားမှာ တောင်ကြားထဲက မြို့ကလေးကို စီနီယာအစ်မက လက်ညှိုးထိုးပြီး “ အဲဒီမှာတော့ စစ်တပ် ရှိတယ် ” ဆို ပြတာပေါ့ ။ ကားလမ်းရေးရေးပါ မြင်ရတော့ တူရွင်းတောင်ကြီးကို လွမ်းပြီး မျက်ရည်တွေ စို့လာမိတယ် ။ တူရွင်းတောင်ပေါ်ကနေ မြင်ရတဲ့ မြင်ကွင်းမျိုး ။ တောင်စဉ် အထပ်ထပ်ရဲ့ ခါးပန်းက ဖွေးလတ်အုံ့မှိုင်း နေတဲ့ မြူတံတိုင်းကွပ်ကွပ် ၊ အဲဒီကြားက လက်ဖက်ခင်းတွေ ၊ တိုင်းရင်းသားမြေက ရှုခင်းတွေက ကျွန်မကို အကြာကြီး ဖမ်းစားထားခဲ့တယ် မောင် ။ နားခိုရာ အရောက်မှာ လုပ်ဖော်ကိုင်ဖက်တွေဆီက “ မင်္ဂလာပါ ” လို့ နှုတ်ဆက်တာတောင် ကျွန်မ ပြန်အသံထွက်ပြလို့ မရခဲ့ပါဘူး ။ 


ကျွန်မရဲ့ ခပ်ယဲ့ယဲ့အပြုံး နွမ်းနွမ်းကို သူတို့ အပြုံးတွေနဲ့ စာနာခဲ့ကြလို့သာပေါ့ ။ 


“ N.G.O မှာ စ , ပေး လစာ သုံးသိန်းကျော်တယ် ၊ ပြီးတော့ ကိုယ့် မြို့နယ်ထဲ ၊ မင်း ခေါင်း အရမ်းမာတယ် ခိုင် ”  


မောင့် စကားသံသဲ့သဲ့ဟာ ကျွန်မရဲ့ လက်ကျန် ခွန်အားလေးကို ဝါးမျိုအပြီးမှာ ရင်နင့်စရာ ကျွန်မတို့ ဇာတ် လမ်း ခြေကုန်လက်ပန်းနဲ့ ကျွန်မကို လဲကျသွားစေတဲ့ အထိ စွမ်းပါရဲ့ ။


••••• ••••• ••••• 


၄ ။


ကလေးတွေက ဖြူဖြူဖွေးဖွေး ချစ်စရာလေးတွေပါ မောင် ။ ဒါပေမဲ့ အဝတ်အစား တွေကတော့ဖြင့် နွမ်းပါးပါပေ့ ။ ညှဉ်းသိုးသိုး ဆံပင်ရှည်ရှည်တွေကို ဖြတ်ပေး ၊ ရှည်နေတဲ့ ခြေသည်းလက်သည်းတွေ ဖြတ်ပေး ၊ ပေလွန်းတေလေးတွေကို ရေချိုးသန့်စင် ပေးရင်း ရင်းနှီးမှုရလာကြပေမဲ့ သူတို့လေးတွေထဲက ကျွန်မ စီနီယာတွေကို ခေါ်နေကျ အမည်နာမက လွဲရင် သူတို့လေးတွေ ပြောသမျှ ကျွန်မ နားမလည်တာတွေက များ လှပါတယ် ။ ကမ္ဘာသုံးစကားပေါ့ မောင် ၊ အပြန်အလှန် ခြေဟန်လက်ဟန်နဲ့ စပြီး ဆက်သွယ်ကြရတာပေါ့ ။ 


သေချာတာ တစ်ခုက ကျွန်မ ရောက်နေတာ တိုင်းတစ်ပါး မဟုတ်ပါဘူး ။ 


“ စိုင်းထူးလျန်း ”  


“ စိုင်းလောင်လျန်း ”  


“ စိုင်းစီခေး ” 


“ နန်းမို့ဆိုင် ”   


“ နန်းဖွန်ဆိုင် ”  


“ နန်းမွေဖောင် ”  


ကျွန်မ သူတို့လေးတွေ နာမည်ကို အဲဒီလို ခေါ်လေတိုင်း ကြည်လင်တောက်ပတဲ့ အပြုံးမျက်ဝန်းနက်တစ်စုံ ၊ မှုန်ရေးရေးထင်တဲ့ အပြုံးနုနုနဲ့ “ အောတို့ ” ၊ “ အောခါး ” ဆို ပြန်ထူးကြတယ် ။ အပြစ်ကင်းစင်လိုက်ကြပုံများ ။ အဲဒီ အခြေအနေ ကြား ကျွန်မ လုံးဝနစ် မြုပ်ပျော်ဝင်သွားခဲ့မိတယ် မောင် ။ ကျွန်မတို့ အထက်နားက ဘုန်းတော်ကြီးကျောင်းကို ရောက်တော့ သဘာဝ တောင်စဉ်တောင်တန်းတွေရဲ့ အလှမှာ နစ်မြောနေတုန်း စီနီယာအစ်မက တောင်ကြော တစ်နေရာကို လက်ညှိုးညွှန်ပြပြီး “ အဲဒီဘက်မှာ RCSS စခန်းရှိတယ် ” ဆိုတဲ့ စကား အဆုံး ကျွန်မ လန့်သွားပုံက ပုံပျက်လွန်းတာပေါ့ ။ 


“ မပူပါနဲ့ ခိုင်ရဲ့ RCSS က NCA မှာ လက်မှတ် ထိုးပြီးသား ”  


“ အောင်မယ်လေး အစ်မရယ် ”  


လို့ ရင်ဘတ်ဖိပြီး ကျ သွားတဲ့ ကျွန်မ အပူသောက , က စီနီယာအစ်မရဲ့ မပူပါနဲ့ ဆိုတဲ့ သင်ခန်းစာအသစ် ၊ စာမေးပွဲစစ်မယ့် နေ့တစ်နေ့က မမျှော်လင့်ဘဲ ကျွန်မရှေ့ ရောက်လာခဲ့တာပေါ့ ။ အဲဒီနေ့က ... ။


 ••••• ••••• ••••• 


၅ ။


အဲဒီအချိန်တုန်းက တစ်သိန်းခွဲ မကျော်သေးတဲ့ ကျွန်မတို့ လစာလေးအတွက် ရွာက ဆန် တော့ ထောက်ပံ့ကြပါတယ် ။ ရွာထဲက အိမ်ဆိုင်မှာ လိုတာလေးတွေ ဝယ်ဖို့ နန်းမိုဆိုင်လေးရယ် ၊ ကျွန်မရယ် ဈေးဝယ်နေတုန်း ဆိုင်ရှင် ဦးလေးကို လှမ်းပြောတဲ့ သူ့ အမျိုးသမီးအသံ အဆုံးမှာ ကျွန်မ လှမ်းပေးတဲ့ ငွေကို မယူဘဲ အရေးတကြီးပုံစံနဲ့ ထ,ထွက်သွားတော့ ကျွန်မ လက်ကို လာဆုပ်တဲ့ နန်းမိုဆိုင်ရဲ့ လက်ကလေးက ဆတ် ဆတ်တုန်လို့ပေါ့ ။ 


မော့ကြည့် လာတဲ့ ကလေးငယ် တစ်ယောက်ရဲ့ မျက်ဝန်းမှာ ကျွန်မ မြင်နေကျ အပြစ်ကင်းစင်တာတွေ ပျောက်ရှလို့ ။ ဝိုင်းလည်နေတဲ့ မျက်ဝန်းမှာ အကြောက်တရား ဆိုတာထက် အများကြီး ပိုတဲ့ ထိတ်လန့် တုန်လှုပ်မှုတွေကို မြင်လိုက်ရပါတော့တယ် ။ ဆိုင်ရှင်အစ်မက နန်းမိုဆိုင်ကို  လှမ်းပြောတဲ့ စကား ကျွန်မ နားမလည်ပေမဲ့ “ ဆရာမ ကျောင်းကို မြန်မြန်ပြန်ပါ ”  ဆိုတာတော့ ဗမာစကားမို့ နားလည်မိပါရဲ့ ။


ကျွန်မ လက်ကို တင်းတင်း ဆုပ်ထားတဲ့ မိုဆိုင်း လက်ကလေးတွေ ပြေလျော့ကျပြီး ပြေးထွက်ရာက ဆတ်ခနဲ ရပ်ရင်း ကျွန်မကို ပြန် ကြည့်နေပြန်ရော ။ အို ... လှ လိုက်တဲ့ အကြည့် ။ ကျွန်မ တစ်သက် မေ့ရက်စရာ မရှိတဲ့ သံယောဇဉ်အကြည့် ။ ကျောင်းကို ကျွန်မတစ် ယောက်တည်း ပြန်လွှတ်ဖို့ စိတ်မချတဲ့ ပူပင်သောကတွေလေ ။ နန်းမိုဆိုင်လေးက ကျွန်မဆီ ပြန်ပြေးလာပြီး ကျောင်းနား ရောက်တဲ့အထိ သူပြောတဲ့ စကားတွေကို လမ်းတစ်လျှောက်လုံး ကျွန်မ မသိပေမဲ့ ကျောင်းထဲ အဝင်မှာ အစိမ်းရောင်ယူနီဖောင်းဝတ်များစွာရဲ့ ရင်ဘတ်ပေါ်က စာတန်းကို ကြည့်ပြီး ကျွန်မ သေချာသိလိုက်ပါပြီ ။


ရုပ်ရှင်ထဲက လိုတော့ မဟုတ်ပါဘူး မောင် ။


သူတို့ ကျွန်မတို့ ကိုတော့ တန်ဖိုးထား လေးစားကြပါ တယ် ။ ဗိုလ်တွေ ကလည်း ငယ်သားတွေကို ဆရာ ၊ ဆရာမတွေ နှောင့်ယှက်ရင် အပြစ် ပေးမယ်လို့ ကျွန်မတို့ ရှေ့မှာ ပဲ အမိန့်ပေးခဲ့တာပါ ။ သူတို့ကတော့ အေးအေးဆေးဆေးပါပဲ ။ ခဏနေတော့ ရဲဘော် လေးတစ်ယောက် ကျွန်မတို့ ရှေ့ ရောက်လာပါတယ် ။ 


“ ဆရာမတို့ အတွက် ငါတို့ ထမင်း ပိုချက်ပေးရမလား ” 


ဗမာစကား မပီမသ သူ့ လျှာဖျားက ထွက်လာသံရယ်လေ ။ တစ်မျိုးချစ်စရာ ကောင်းနေပြန်ရော ။ ရဲဘော်လေး အသက်က အိမ်က ကျွန်မ မောင်အငယ်ဆုံးလောက် ပဲ ရှိရှာမှာပါ ။ စီနီယာအစ်မက “ ရပါတယ် သားရေ ကျေးဇူးပါ ” လို့ ပြောလိုက်ပေမဲ့ ချက်ပြုတ်ပြီးတော့ ထမင်းတွေ ၊ ဟင်းတွေ လာပို့ကြတာပါပဲ ။ 


ဘယ်လို မျိုကျပါ့မလဲ မောင် ။ ထမင်းပို့လာတဲ့ ရဲဘော်လေး ပြောပုံက - 


“ ဆရာမတို့ မကြောက်ပါနဲ့ ။ ကျောင်းကို သူတို့ရော ငါတို့ရော မပစ်ကြဖို့ ပြောထားပြီးသား ။ အချိန်မရွေး တိုက်ပွဲဖြစ်နိုင်တယ် ။ ဒီမှာပဲ နေပေးပါ ” တဲ့ ။


 ••••• ••••• •••••  


၆ ။


အဲဒီနေ့က မိုးလည်း မရွာ ၊ မြူလည်း မရှိ ။ နှင်းငွေ့ လည်း မသီ ။ ဒါပေမဲ့ ရွာပြင် မှာ အခိုးအငွေ့မြူတွေ မှိုင်းကျ သွားခဲ့တယ်မောင် ။ ပေါက်ကွဲ ဆူညံနေတဲ့ အသံတွေဟာ ရွာပြင် တောထဲကနေ ရွာကလေး ဆီကို အဆက်မပြတ် အသံတွေ ပေးနေတယ် ။ ကျွန်မတို့ အားလုံး သူတို့ တူးပေးထား တဲ့ ကျင်းထဲ ဆင်းနေရပေမဲ့ အံ့သြဖို့ ကောင်းတာက နေ့ခင်း ထမင်းစားချိန်မှာ သူတို့ ပြန်လာနားကြတယ် ။ ထမင်း စားနားကြတာတဲ့ ။ ထိတ်လန့်တကြား အပြေးအလွှားစားရ တဲ့ ထမင်းတစ်နပ်ဟာ ဘယ်လိုများ အရသာ ရှိနိုင်မှာလဲ မောင် ။


ညနေကျတော့ တိုက်ပွဲ တစ်ခါ ပြန်ဖြစ်ကြပြန်တယ် ။ ရွာထဲမှာ အမျိုးသားတွေ တစ်ယောက်မကျန် ထွက်ပြေးသွားကြပေမဲ့ မပြေးနိုင်တဲ့ အမျိုးသမီးတွေနဲ့ ကလေးတွေရယ် ၊ စာသင်ကျောင်းလေးရယ် ။ ညနေဘက် ရောက်တော့ ထမင်းစား နားကြပြန်ရော ။ တိတ်ဆိတ်ငြိမ်ကျသွားတဲ့ ပေါက်ကွဲသံတွေ အဆုံးမှာ ဒဏ်ရာရ လူနာတွေ ဆီက ညည်းညူသံ တစ်စွန်းတစ်စနဲ့ ညဟာ အကျည်းတန်လို့ ။ ရွာမှာ ကျွန်မတို့ ငယ်ဘဝက စစ်တိုက်တမ်း ကစားကြ သလိုပါပဲ ။ တိုက်ချိန်ကျ ရွာပြင်ထွက် တိုက်လိုက် ၊ စားချိန်ကျ ရွာထဲ ပြန်စားလိုက် ၊ ပြီး ပြန်ထွက်တိုက်လိုက်နဲ့ ။ ပေါက်ကွဲသံတွေသာ ကြား မနေရရင် စစ်ဖြစ်တယ် ဆိုတာ ယုံနိုင်စရာ မရှိလှပေဘူး ။ 


ဒါပေမဲ့ ဒုတ်ဒုတ် ဒိုင်းဒိုင်း အသံတွေက ကျွန်မတို့ ငယ်ငယ်ကလို ပါးစပ်က ထွက်ကျလာတာ မဟုတ်လေဘူး မောင် ။


••••• ••••• •••••  


၇ ။


ဆက်သွယ်ရေးလိုင်းလေး ကောင်းတဲ့ ခဏ မောင့် ဆီက ပြည်မကို ပြန်လာဖို့ ၊ မောင်လုပ်နေတဲ့ အလုပ်တွေ အတူ ပြန်လာလုပ်ဖို့ မကြာခဏ ဝင်လာတတ်တဲ့ မက်ဆေ့ချ်လေးတွေကို တစ်နှစ် တည်းနော် မောင်လို့ ချွေးသိပ် နှစ်သိမ့်ရင်း ဒီနှစ်ပိုင်းမှာ မောင့် ဆီက စာတွေ အဝင်ကျဲလာခဲ့တာ ကျွန်မ သတိထားမိပါရဲ့ ။


နေရောင် မမြင်ရတဲ့ နှင်းဖုံးတောင်တန်းတွေရဲ့ ဆောင်းရာသီကို ကျွန်မ ကျော်ဖြတ်ခဲ့တာ လေးကြိမ်သာခဲ့ပြီပေါ့ ။ သည်းထန်တဲ့ မိုးရာသီကြားမှာ သီတာခုနစ်တန် တောင်စဉ် အထပ်ထပ်ကို ဖိနပ်မပါ ခြေဗလာနဲ့ ကျွန်မ ခြေလျင်တက်ခဲ့တာလည်း စတုတ္ထအကြိမ် သာခဲ့ပြီ မောင် ။ 


ရာထူးတိုးနဲ့ ဆက် မနေလိုလျှင် ပြည်မ တစ်နေရာကို ပြောင်းရွှေ့မိန့်လည်း ကျွန်မ ရကောင်းရနိုင်တဲ့ အချိန် ရောက်ခဲ့ပြီမို့ ဒီနွေဟာ မောင်နဲ့ ကျွန်မ အနာဂတ်ခရီးကို ဆွေးနွေးကြမယ်လို့ အားခဲမိရဲ့ ။ တစ်ရွာလုံးမှာ ၁ဝ တန်းအောင် ဆိုလို့ ၂၀၁၃ ရောက်မှ တစ်ယောက် ပေါ်လာတဲ့ ရွာကလေး သံယောဇဉ်ကလည်း မသေးလှဘူး မောင် ။ အချိန်တန်လို့ အရွယ်ရောက်တာနဲ့ ထိုင်း ဘက်ကို ရောက် ၊ ကျွန်မတို့ လစာ သုံးဆလောက် ရှိရာ ဘက်ကို ကျွန်မ တပည့်တွေ အရွယ်ရောက်ပြီး ထွက်သွားမှာကို ကျွန်မ အရမ်းကြောက်တယ် ။


“ စာတတ်လို့ရော ဘာထူးမှာလဲ ဆရာမရယ် ”  


ဆိုတဲ့ အယူအဆတွေက ကပ်ရောဂါလို တွယ်ငြိ နေကြတုန်းလေ ။ စိုင်းထူးလျန် တို့ ၊ စိုင်းလောင်လျန်း တို့ ၊ စိုင်းစံခေး တို့ကို ကျွန်မ ဆံပင်ဖြတ်ပေးချင်သေးတယ် ၊ လက်သည်း ညှပ်ပေးချင်သေးတယ် ၊ နန်းမိုဆိုင်တို့ ၊ နန်းဖွန်ဆိုင်တို့ ၊ နန်းမွေဖောင်တို့ကို ရေချိုးပေး ချင်သေးတယ် ။ 


သူတို့လေးတွေ အရွယ်ရောက်ရင်ရော ကျောင်းဆက် နေကြမှာလား ။ 


ကျွန်မ ပူပန်လှတယ် ။ ဒီနှစ် နွေကျောင်းပိတ်ရက်ဟာ ကလေးတွေနဲ့ မောင့် ကြား ဗျာအများရဆုံး နှစ်ပေါ့ ။ တူးရွင်းတောင်ခြေမှာ နေညိုနေပြီ မောင် ။ ဆည်းဆာဟာ အကျည်းတန်သူ ကိုတောင် လှစေသတဲ့လား ။ ဟိုအဝေးက အရိပ်က မောင် လေလား ။ ဒီတစ်ခါ အလျှော့ပေးရမှာက ကျွန်မ ဖြစ်ရတော့မှာပေါ့ ။ 


အသံမြည်လာတဲ့ ဟန်းဆက်ဟာ အတွေး အိပ်မက်တွေထဲက ကျွန်မကို လန့်နိုး စေခဲ့တာပေါ့ ။ 


“ ဟလို ” ဝေးကွာခြင်း အတိုင်းအဆတွေဟာ မောင် နဲ့ ကျွန်မ ကြား မရှိစေရဘူး မောင် ။


“ လာလေ မောင် ၊ ခိုင် စောင့်နေတယ် ” 


ကျွန်မ အသံက ပျော်ရွှင်ကြည်နူးမှုတွေ အဖျားခတ်နေတာ မောင် သိပါစေပေါ့ ။


“ မလာတော့ဘူး ခိုင် ၊ အသိပေးစရာပဲ ရှိတော့တယ် ။ မေလ ထဲမှာ လုပ်ဖော်ကိုင်ဖက် အင်ဂျင်နီယာ တစ်ယောက်နဲ့ ကျွန်တော် လက်ထပ်တော့မယ် ” 


ဖုန်းက တိခနဲ ပြတ်ကျသွားတာဟာ လိုင်းကြောင့် မဟုတ်ဘူး ဆိုတာ ကျွန်မ သိပေမဲ့ ထိတ်လန့်တုန်လှုပ်မှုကြောင့် ဖြစ်လာတဲ့ အသက်ရှူနှုန်းဟာ ကျွန်မကို ယာယီ သေဆုံးစေခဲ့ပြီပေါ့ ။ တောင်တန်းတွေ ကြားမှာ ဆည်းဆာဟာ တစ်စတစ်စ ညှိုးကျပြီး အလှပြယ်သွားတဲ့အထိ ။ 


ကျွန်မ မလှုပ်မယှက် ရပ်နေမိတယ် ။


အသက်ကင်းမဲ့ နေသူ တစ်ယောက်လို ရပ်နေမိတယ် ။ 


အကြာကြီး ရပ်နေမိတယ် ။


ဟန်းဆက်က အသံ ထွက်လာပြန်ပြီ ။ မောင် ကျွန်မကို စ,နေတာလား ။ ဟုတ်တယ် ၊ ရံဖန်ရံခါ အတည်ပေါက်နဲ့ မောင် စ,တတ် နောက်တတ်တာရော ။ ဖုန်းကို ဖြည်းဖြည်း လေးဖွင့်ပြီး ကျွန်မ မျက်ဝန်းအစုံကို မှိတ်ပစ်လိုက်မိတယ် ။ 


“ ဆရာမ ”  


နားစည်ကို တိုးဝင်လာတဲ့ အသံက မပီကလာနဲ့ နုနုလေး ။ မိုဆိုင် ။ နန်းမိုဆိုင် ။ မြန်မာစကား သင်ပေးတာ ဦးဆုံး တတ်တဲ့ ကလေး ၊ သူ့ဆီ ရှမ်းစကား ပြန်သင်ယူရ တဲ့ ကျွန်မ ဆရာမ ။ ကျွန်မ အသံကို မတုန်အောင် မနည်း သတိထားလိုက်ရတယ် ။ 


“ ပြော နန်းမိုဆိုင် ”  


“ ဟင် ... ဆရာမ ငိုနေတာလား ”  


သတိထားတဲ့ ကြားက ဟန်ချက် ပျက်သွားတဲ့ အသံကို ကလေးတောင် သိပါပေါ့လား မောင် ။ “ မငိုပါဘူး မိုဆိုင်ရယ် ... ပြော ” လို့ အားယူ ပြန်ပြောရတာလည်း ပင်ပန်းလှပါတယ် ။


“ ဆရာမ ပြန်မလာသေးဘူးလား ”


ဒီတစ်ခါ ထွက်လာတဲ့ အသံက စိုင်းစံခေး ။ ဘေးနားမှာ စုစုဝေးဝေး စာအံနေတဲ့ အသံလေးတွေက ကျွန်မရင်ထဲ ခွန်အား တစ်ခုလို တိုးဝင်လာခဲ့ပါရဲ့ ။


“ လာမှာပေါ့ ကလေးရဲ့ ”


“ ဘယ်တော့လဲဟင် ဆရာမ ”


“ မနက်ဖြန် ”  


ဆူညံသွားတဲ့ ရှမ်း စကားသံသေးသေးလေးတွေဟာ ကျွန်မ ပြန်လာတော့မယ် ဆိုတဲ့ အကြောင်း နန်းမိုဆိုင် ဘာသာပြန်ပြနေတာက လွဲလို့ တခြား မဖြစ်နိုင်တော့ပါဘူး ။ နှုတ်ဆက်ခဲ့ပါတယ် မောင် ။ နေရောင် မမြင်ရတဲ့ နှင်းဖုံးတောင်တန်းတွေ အောက် စာသင်ခန်းလေး ဆီ ပြန်ခဲ့တဲ့ အပြန်လမ်းမှာ နှလုံးသား တစ်စုံ ကွဲအက်ဖို့ ကြုံခဲ့တဲ့ အကြောင်း ။ ယမ်းငွေ့တွေ ကြားမှာ မြေဖြူ တစ်ချောင်းကို ကျစ်ကျစ်ပါအောင် ဆုပ် ပြီး ... ။


••••• ••••• •••••


၈ ။


အခွင့်ကြုံရင်တော့ အကြွေးကျန် စကားတစ်ခွန်း ခပ်တင်းတင်း ပြောချင်ရဲ့ ။ ကံ အကြွေးချတဲ့ ဘဝလေး ခဏမှာ ဂုဏ်ကလေးကြွ ဟန်ကလေးပြဖို့ ယုံကြည်ရာ ဆို တာကို ကျွန်မ ရွေးချယ်ခဲ့တာ မဟုတ်ပါဘူး မောင် ။ 


ကျွန်မက ပုဂံသူပါ ။


 ▢  အောင်ဖြိုးကျော် ၊ ပခုက္ကူ ၊

📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း 

      ဩဂုတ်  ၊ ၂ဝ၂ဝ

No comments:

Post a Comment