Wednesday, November 26, 2025

တမ်းချင်းရာကို


 

❝ တမ်းချင်းရာကို ❞
    ( ပြေ - ဆေး၂ )

မနက်စောစော သုံးနာရီလောက်ဆို အိပ်ရာက ထပြီး ရေအိမ်တက် ၊ မျက်နှာသစ် ၊ သွားတိုက် ၊ ပြီးတာနဲ့ ပုတီးစိပ် ၊ တရားထိုင်တာ ခြောက်နာရီခွဲ ခုနစ်နာရီ ဆိုရင် ပြီးပြီ ။

မိုးတွင်း ဆောင်းအစ ဆိုရင် မနက်ခင်းက အေးစိမ့်နေတယ် ။ မိုးတောင်မှ ကောင်းကောင်း မလင်းချင်သေးဘူး ။ ဘောင်းဘီ လဲလိုက်တာနဲ့ ကိုယ့်ခုတင် အောက်မှာ ကွေးနေတဲ့ ဘိုဖြူ က တစ်ခါတည်း ပြေးထွက်လာတယ် ။

အံဆွဲထဲက ပိုက်ဆံယူ ၊ ဦးထုပ်ဆောင်း ၊ တုတ်ကောက်ဆွဲ ၊ အိမ်တံခါးသော့ ရှာရတယ် ။

ဘိုဖြူ ကတော့ အမြီး တနန့်နန့်နဲ့ ကိုယ့်နောက်က ထက်ကြပ်မကွာ လိုက်တယ် ။ တံခါးမကြီး ဖွင့်လိုက်တာနဲ့ သူ တစ်ခါတည်း အပြင်ကို ပြေးထွက်သွားတယ် ။

အိမ်ရှေ့ ပလက်ဖောင်း ဘေးက ဓာတ်တိုင်ကို ခြေကန်ပြီး သေးပန်းတော့တာပဲ ။ ကိုယ်က အိမ်တံခါး သော့ခတ်ပြီး ထွက်လာတော့ သူ နောက်က ပြေးလိုက်လာတယ် ။ အပြင်မှာ ပိုအေးတယ် ။ နှင်းစွက်လေက ပါးပြင်ကို ဖြတ်တိုက်သွားတာ ကျဉ်ခနဲ နေတယ် ။

ကိုယ့်အမြင်က ဝေနေလို့ ၊ မြူတွေက ဂွမ်းထုပ်ကြီးတွေ လိုပဲ ။ ဂျပန်ဒါရိုက်တာကြီး ကူရိုဆာဝါး ရိုက်ကူးတဲ့ Dream ရုပ်ရှင်ကားထဲက ဗန်ဂိုးပန်းချီကားထဲ ၀င်သွားရသလိုပဲ ။ အဖြူရောင်တွေ ကြားထဲ ရောက်နေတယ် ၊ တိမ်တွေလို ။

လမ်းမပေါ်မှာ ကားတစ်စီး ၊ ဆိုင်ကယ်တစ်စီး အသွားအလာ မရှိ ။ တုတ်ကောက် တဒေါက်ဒေါက်နဲ့ ပလက်ဖောင်း ... ၊ အနိမ့်အမြင့် ၊ အဆင်းအတက် ၊ အပေါက်အကျွံ ၊ အချွန်အတက် ၊ အလိမ့်အကျ သတိထားရတယ် ။

မီးပွိုင့်လမ်းဆုံလေးကို ကံ့ကော်လမ်းခွဲလို့ အမည်ပေး ထားတယ် ။ ကံ့ကော်ပင် လည်း မရှိ ။ လွမ်းစရာလည်း မရှိ ။ လမ်းဆုံလေးက ငြိမ် ကုပ်နေတယ် ။ မီးပွိုင့် နောက်မှာ ရှိတဲ့ လက်ဖက်ရည်ဆိုင် လေးမှာက ရှမ်းခေါက်ဆွဲ ၊ တိုဟူးပျော့ ၊ ဆီချက် ၊ တရုတ် မြီးရှည် ရတယ် ။ လက်ဖက် ရည်ချိုနဲ့ ပလာတာ ၊ အီကြာ ကွေးလည်း ရတယ် ။

ကိုယ်က ဒီဆိုင်မှာ တိုဟူးပျော့ ဆန်ခေါက်ဆွဲနဲ့ တိုဟူးကြော် စားတယ် ။

ကိုယ် စားနေချိန်မှာ ဘိုဖြူ က ဘေးမှာ ထိုင်စောင့် နေတယ် ။ မနက်စောစော ဆိုတော့ ဆိုင်ထဲမှာ စားတဲ့သူ မရှိဘူး ။ ဒီဆိုင်မှာ အမွေးစုတ်ဖွားနဲ့  ရှိစု အပျိုမလေး တစ်ကောင်ရှိတယ် ။ ငယ်ငယ်လေး ။ ဘိုဖြူ က ဆယ့်တစ်နှစ် ရှိပြီ ဆိုတော့ အဘိုးကြီး ဖြစ်နေပြီ ။

သူက ကောင်မလေးကို ဣန္ဒြေမပျက် ခပ်တည်တည်ပဲ ရီဝေဝေ ငေးနေတယ် ။ ကောင်မလေးက ရှက်ကိုးရှက်ကန်းနဲ့  ဟိုထောင့်ပြေးကပ် ၊ ဒီထောင့် ပြေးကပ်နဲ့ နောက်ဆုံးတော့ ဆိုင်နောက်ဖေးဘက် ပြေးဝင်သွားတော့တယ် ။

ဘိုဖြူ က အညောင်းဆန့် ပြီး ဆိုင်ပြင်ဘက် ထွက်သွားတယ် ။ အညောင်းပြေ အညာပြေ လမ်းလျှောက်နေပုံပဲ ။ တကယ်တော့ ဘိုဖြူ ဟာ ဖြူလုံး ဆုံးပြီး ကတည်းက အထီးကျန်နေခဲ့တာ ။

နှစ်နှစ်ကျော်ပြီ ။ သူက အမျိုးကောင်းသား ၊ American bull-pit terrier မျိုး ၊ အကောင်သေး အပုစား ။ သူ့လိုအမျိုး အကောင်ကြီးက ရန်ကုန် အင်းယားလိတ်ဟိုတယ်မှာ နှစ်ကောင် ရှိတယ် ။ လူကို ကိုက်တဲ့အခါ မျက်နှာနဲ့ လည်မျိုကို ဆွဲတတ်တယ် ။အသေပဲ ။

ဘိုဖြူ ခမျာမှာ ကိုယ် အပြင်ထွက်မှ သူ ထွက်ရတယ် ။ အခုဆို အိမ်မှာက ဖြူလုံး လည်း မရှိ ၊ အိမ်နားနီးချင်းတွေက သူ့ဘော်ဒါတွေလည်း မရှိကြတော့ ရှားရှားပါးပါး မြို့ခံ ဆရာဝန်လေး အိမ်မှာသာ သူ့ဘော်ဒါ တစ်ကောင်သာ ရှိတော့တယ် ။

အဲဒီကောင်ကလည်း ရှိစု အကြီးစား ၊ အမွှေးဗရပွ ၊ ပေတူးညစ်ပတ် ၊ ပလက်ဖောင်းပေါ်မှာ ခေါင်းငိုက်စိုက်ချပြီး ဦးတည်ရာမဲ့ လျှောက်သွား နေတတ်တယ် ။ တစ်ခါတလေ အိမ်ရှေ့ရောက်လာရင်း ဘိုဖြူနဲ့ ခဏတစ်ဖြုတ် ရပ်ပြီး ငေးနေတတ်တယ် ။

တစ်ယောက် နဲ့ တစ်ယောက် အသံတိတ်ပဲ ။ နှုတ်ဆက်ကြတယ် ။ ပြီးရင် ခေါင်းငိုက်စိုက်နဲ့ ထွက်သွားပြန်ရော ။ ဒီကောင်က ဒီဘက်ကို သိပ်လာလေ့ မရှိဘူး ။ ကိုယ့်အိမ်ဘေးနားက တီဗွီပြင်ဆိုင်မှာ ဝဲကျော် ဆိုတဲ့ သိုးထိန်းခွေးမလေး ရှိတယ် ။ သူ ရှိနေတုန်းကတော့ ဒီကောင်က လာလာ ဝိုက်တယ် ။ ဝဲကျော်မကို ပလက်ဖောင်း ပေါ်ကနေ ငေးတယ် ။ ဟိုဘက် မီးသတ်တံခါးနား ကနေ ချောင်းတယ် ။

ပလက်ဖောင်းအုတ်ခုံမှာ ဝပ် ငမ်းတယ် ။ ဝဲကျော်မ ကတော့ ကော့လန်ကော့လန် နဲ့ ဖင်လေး လိမ်လိမ်ပြီး ရှိုးပြတယ် ။ အကပ်တော့ မခံဘူး ။ ဘိုဖြူ လည်း ဝဲကျော်မနား ကပ်လို့ မရပါဘူး ။ ဝဲကျော်မ က ငယ်ပေမဲ့ ဒေါင်ကောင်းတယ် ။ သူ့အမွေးလေးတွေက ဖွဖွဖွာဖွာ နုနုပါးပါးလေး တကယ်လှတယ် ။

ဖြူလုံး ရှိစဉ်အခါကတော့ ဘိုဖြူရယ် ၊ ဖြူလုံး ရယ် ၊ ဝဲကျော်မရယ် သုံးယောက်ကို ကိုယ်က ကားပေါ်တင်ပြီး မြို့ပြင်က ဟာစကီကွင်းဘက် ထွက်တယ် ။ သူတို့တွေနဲ့ လမ်းလျှောက်ကြတာပေါ့ ။

တစ်နေ့မှာ ဝဲကျော်မလေး ကားတိုက်ခံရပြီး ဆုံးသွားတယ် ။ သူ ဆုံးပြီး တစ်နှစ် အကြာ ဖြူလုံး ဆုံးတယ် ။

မဆုံးခင်က ဆိုရင် သူတို့ သုံးယောက်နဲ့ မြို့ထဲက ပလက်ဖောင်းပေါ်မှာ ညနေ တိုင်ဆို လမ်းလျှောက်ကြတယ် ။ ကိုယ်က ခွေးကြီးတွေရန် ကာကွယ်ဖို့ ဝါးရင်းတုတ်တစ်ချောင်း ၊ သူတို့ ပါတဲ့ ချေးကျုံးဖို့ ထိုးဆေးကတ်ဘူးခွံ ၊ တစ်ရှူးလိပ် ၊ ကြွပ်ကြွပ်အိတ် သယ်ရတယ် ။

ဒီအချိန်ဆိုရင် သုံးယောက်သား ခုန်ပေါက်မြူးထူးပျော်ရွှင်နေကြရော ။ သူတို့ သုံးယောက် လမ်းလျှောက် ထွက်ချိန်ဆိုရင် အိမ်တွေမှာ ရှိတဲ့ ခွေးမလေးတွေ ၊ ခွေးထီး လေးတွေက အိမ်ပေါက်ဝတွေမှာ စောင့်ကြိုနေတတ်ကြ တယ် ။

ဘိုဖြူတို့ ဖြတ်သွားရင်း ခြံတံခါးပိတ်ထားတဲ့ အိမ်ထဲက ခွေးလေးတွေ ဆို ဟိုဘက် ပြေး ၊ ဒီဘက်ပြေးနဲ့ ပျောကလတ် ဆန်နေကြတယ် ။ ခွေးမလေးတွေ ဆိုရင် အမြီးလေး တနန့် နန့်နဲ့ ဖင်လေးတယမ်းယမ်း ပေါ့ ။

‘ အံမယ် ’ ကိုယ့်ကောင်က ခပ်တည်တည်နဲ့ အရေး မလုပ်ဘူး ။ ဒါပေမဲ့ ခြံအုတ်တံတိုင်းကိုတော့ ခြေကန်ပြီး သေးပန်း သွားတယ် ။ သေးပန်းပြီးတော့ နောက်ခြေနှစ်ချောင်းကို နောက်ပြန်ကန် မြေကြီးတွေနဲ့ ဖုံးပေါ့ ။

အခုတော့ သူတစ်ယောက်တည်း ။ ကိုယ်က လည်း မျက်အကြည့် မွဲလာတော့ ညနေတိုင်ဆို လမ်း လျှောက် မထွက်နိုင်တော့ဘူး ။ ဟိုးအရင်ကတော့ ညနေ လေးနာရီလောက်ဆို ဖြူလုံး နဲ့ ဘိုဖြူ ကို ကားပေါ်တင် ၊ ဝီဘဲ လမ်းကြားဝင် ၊ သူတို့ အတွက် အမဲလုံးဝယ် ၊ ဆန်းမောင်ကျော်ဆိုင်မှာ ကားရပ်တယ် ။

သူတို့ကို ကားပေါ်မှာ ထားခဲ့ပြီး ဆန်းမောင်ကျော် စာအုပ်ဆိုင်က ဂျာနယ် ၊ ဝတ္ထု ၊ မဂ္ဂဇင်း ဝယ်ရတယ် ။ ပြီးတာ နဲ့ ကားကို တိရစ္ဆာန်ဆေးကု ဆရာဝန်အိမ်ရှေ့က မြင့်မြင့်အေးအကြော်ဆိုင်ရှေ့မှာ ရပ်တယ် ။ သူတို့ကို ကားပေါ်က နေ အောက်ကိုချ ၊ အကြော် ဆိုင်မှာ အကြော်ငါးရာဖိုး မှာ ခဲ့ပြီး ရဲစခန်းဘက် ပလက် ဖောင်းပေါ်မှာ လမ်းလျှောက် ကြတယ် ။

ရဲစခန်းရှေ့မှာက မြက်ခင်းစိမ်းစိမ်းနုနုလေးတွေလည်း ရှိတယ် ။ သူတို့က ဆေးအဖြစ် နဲ့ မြက်နုလေးတွေကို စားကြ တယ် ။ စားပြီးလို့ ပြန်လှည့် လာတဲ့အခါ ပလက်ဖောင်း ဘေးက အေးစိမ့်နေတဲ့ ညောင်ပင်ရိပ်မှာ ထိုင်နားကြ တယ် ။ တစ်ခါတလေတော့လည်း မြို့အထွက်က ဆုံမှတ် လက်ဖက်ရည်ဆိုင်မှာ ကား ရပ်တယ် ။ ကားပေါ်က ဆင်းပြီး လမ်းလျှောက်ကြ ။ မော တော့မှ ဆိုင်ထဲ ဝင်ကြတယ် ။ ဖြူလုံး နဲ့ ဘိုဖြူတို့ အတွက် ဒင်ဆမ်း ၊ ဝက်နံရိုးပေါင်း တစ်ပွဲစီ ကျွေးတယ် ။ မဝ, ကြသေးရင် တစ်ပွဲစီ ထပ်ကျွေးရတယ် ။ ဖြူလုံး မရှိတဲ့ နောက်ပိုင်း မသွားဖြစ်တာ ကြာပြီ ။

ကိုယ်တို့က ဒီနယ်စပ် မြို့ကလေးကနေ ရန်ကုန်ကို တစ်နှစ်တစ်ခေါက် ပြန်ကြတယ် ။ ပြန်တဲ့အခါ ကားတစ်စီး ၊ လူနှစ်ယောက် ၊ ခွေးနှစ်ယောက်ပေါ့ ။ ဖြူလုံးက တရုတ်ဘုရင်တွေ နန်းတော် ထဲမှာ မွေးရတဲ့ တော်ဝင် ပီကင်းဂျီးစ်မျိုး ဖြစ်လို့ ၊ အမွေးပွမျိုးလည်း ဖြစ်လို့ အပူဒဏ်ကို မခံနိုင်ရှာဘူး ။ ဘိုဖြူ ကတော့ အမွေးပါးလို့ ဖြူလုံး လောက် မဆိုး ။ ကိုယ့်ဗင်ကားလေးက အမြန်လမ်းပေါ်မှာ နေပြည်တော် ကျော်တာနဲ့ အဲကွန်း ဖွင့်ရတာပဲ ။

လေကပါ ပူလာလို့ ဖြူလုံးမှာ လျှာတစ်လစ်ထွက် ၊ တဟဲဟဲ ဖြစ်နေတော့တယ် ။ ပန်းနာသမားလို အသက်ရှူ လည်း ကျပ်လာတယ် ။ အဲဒီတော့ လမ်းဘေးအရိပ် တစ်နေရာမှာ ကားကို ရပ်ပြီး သူတို့ အမေက ဆေးထိုးပေးရတယ် ။ နည်းနည်း သက်သာသွားပြီ ဆိုမှ ကားထွက်ကြရတယ် ။

အဲကွန်းကလည်း ကြာကြာဖွင့်ထားရင် Heat တက် လာရော ။ ဒါနဲ့ ဖွင့်လိုက် ၊ ပိတ်လိုက် သွားရတယ် ။ ဖြူလုံး ခမျာမှာ မောလိုက် ၊ ကျပ်လိုက် ၊ လျှာထွက်လိုက်နဲ့ နေရ တယ် ။ ရန်ကုန် စဝင်ပြီ ဆိုရင် ပိုဆိုးလာရော ။ အိမ်မရောက်မချင်း သူ့အတွက် ကတော့ ငရဲပါပဲ ။

အိမ် ရောက်တာနဲ့ အဲကွန်း ဖွင့်ထားတဲ့ အိမ်ထဲ အမြန်သွင်းရတယ် ။ ဒီတော့မှ သူ အသက်ရှူ ချောင်ရှာတော့ တယ် ။ ဘိုဖြူ ကတော့ နန့်ဖတ်ကာ ကွတ်ခိုင် ကြား တောင်အလုံးသုံးဆယ် ပတ်တက်ရတဲ့ လမ်းတွေမှာ အန် တော့တာပဲ ။ ဒီကောင်က ကားမူးတတ်တယ် ။ မနက် ကား မထွက်ခင် ကတည်းက သူ့ အဖေကိုယ်တိုင် B6 နဲ့ Siloxogin တိုက်ထားသေးတယ် ။ သူ အန်တဲ့အခါ ကားကို လမ်းဘေးမှာရပ် ၊ အန်ဖတ်တွေကျုံး ၊ ဆေးတစ်ခါ တိုက်ရပြန်တယ် ။

ဖြူလုံး ကို ဒီလို မောကျပ်နေတာ တွေ့ရလို့ ဖြူလုံး အတွက် ဟိုင်းဝေးလမ်းမှာ အဲကွန်းနိုင်တဲ့ CRV Honda ကားကို ပြောင်းဝယ်ရတယ် ။ CRV နဲ့ကျတော့ အေးစိမ့်နေလို့ ၊ ကားကလည်း ကျယ်လို့ ၊ အောက်ကြမ်းပြင်မှာ ဇိမ်နဲ့ အိပ်လိုက်လာရတယ် ။ မောတာ ၊ ကျပ်တာ မရှိတော့ဘူး ။ ဘိုဖြူ ကလည်း မအန်တော့ဘူး ။ ဇိမ်နဲ့ နှပ်နေတာပဲ ။ ရန်ကုန် အဝင်လည်း အေးဆေးပဲ ။ နေပြည်တော် ကျော်လည်း အေးဆေးပဲ ။

ဖြူလုံး မဆုံးခင်တစ်နှစ် မှာပဲ ကိုယ့်မျက်ကြည့်တွေ ဝေဝါးလာတယ် ။ ကားလည်း မမောင်းနိုင်တော့ဘူး ။ ရန်ကုန်ကနေ နယ်စပ်မြို့လေးကို ဗင်ကားတစ်စီး ငှားပြီး ပြန်ရတယ် ။ CRV ကို ရန်ကုန်မှာ ထားခဲ့ရတယ် ။ မြို့လေး ပြန်ရောက်တော့ မြို့ထဲ ဟိုနား ဒီနားသွားဖို့ ဖိုးဝှီး ဟွန်ဒါဖစ်လေး တစ်စီး ပြန်ဝယ်ရတယ် ။ အဲကွန်းကတော့ ပတ်ကားပဲ ။ ဒီကားလေးနဲ့ ဘိုဖြူ ၊ ဖြူလုံး ၊ ဝဲကျော် သုံးယောက် ကို တင်ပြီး မြို့ပြင်ထွက် ၊ ဂေါက်ရိုက်ကျင့်တဲ့ ကွင်း ဘက်ထွက် ၊ ဆေးဆိုင်သွား ၊ ဈေးသွား ၊ အမဲလုံးဆိုင်သွား ၊ စာအုပ်ဆိုင်သွား ၊ အကြော်ဆိုင်သွား ၊ ဆုံမှတ်သွား ။

မြို့လေးထဲမှာ ကားတစ်စီး ၊ လူတစ်ယောက် ၊ ခွေးသုံးယောက် လှည့်ပတ်နေကြ တယ် ။ အခုတော့ ကိုယ့်မျက် ကြည့်က အတော်ဆိုးလာလို့ မြို့ထဲတောင် ကားမမောင်း နိုင်တော့ ။ ဘိုဖြူ မှာလည်း တစ်ယောက်တည်းသာ ကျန် တော့တယ် ။ တစ်ခေါက် ရန်ကုန် ဆင်းတုန်းက ကိုယ်တို့ မိသားစု ငပလီကို သုံးညအိပ် ၊ လေးရက်ခရီး လေယာဉ်နဲ့ သွားကြတယ် ။

အိမ်ထဲမှာ ဘိုဖြူ တစ်ယောက်တည်း တံခါးပိတ် ထားခဲ့တယ် ။ ခြံထဲက ဟို ဘက်အိမ်မှာ ရှိတဲ့ သူ့အမေ ညီမကို ဘိုဖြူ အတွက် နေ့ တိုင်း ထမင်းပို့ဖို့ မှာခဲ့တယ် ။ ပြဿနာပဲ ။ ကိုယ်တို့ လေး ရက် ပြန်မလာတာကို သူ့ကို ပစ်ထားခဲ့ပြီ ထင်နေပုံရတယ် ။

အစားလည်း မစား ၊ အိမ် ထဲလည်း လူဝင် မခံ ၊ မာန်ဖီ နေတော့တယ် ။ ကိုယ်တို့ ပြန် ရောက်တော့ ချေးတွေလည်း နေရာအနှံ့ ပါထားတယ် ။ နံစော်လို့ ။ ကိုယ်တို့ကို မြင်မှ သူ့ခမျာ ပျော်သွားရှာတယ် ။ အမှန်ကတော့ ဖြူလုံး မရှိလို့ ပိုပြီး အထီးကျန်ဆန်နေပုံပဲ ။

ဖြူလုံး သေတဲ့ နေ့ကပေါ့ ။ ပက်လက်ကုလားထိုင် ပေါ်မှာ စောင်လေးတွေ ခင်းပြီး ဖြူလုံးကို တင်ထားတယ် ။ ဖုန်းထဲက ပရိတ်တရားလည်း ဖွင့်ပေးထားတယ် ။ ကိုယ်က ဘေးမှာ ထိုင်နေတယ် ။ ကိုယ့်ဘေးမှာ ဘိုဖြူ ထိုင်နေတယ် ။ ပရိတ်တရား ဆုံးလို့ အမျှ ... အမျှ ... အမျှ အသံလည်း ထွက်လာရော ဖြူလုံးက ခေါင်းထောင်ပြီး ကိုယ့်ကို လှမ်းကြည့်တယ် ။ ကိုယ်က ဘာလဲ သမီးလို့ မေးလိုက်တော့ သူ့ ခေါင်းလေး ဘုတ်ဆို ပြုတ်ကျသွားတယ် ။ ထ,ပြီး သူ့ ရင်ဘတ်ကို စမ်းလိုက်တော့ နှလုံး မခုန်တော့ဘူး ။ ညခုနစ် နာရီလောက်ပေါ့ ။

ဖြူလုံးလေးကို စောင်လေးနဲ့ ထုပ်ပိုးပြီး ကတ်ဘူးလေးထဲမှာ ထည့်တယ် ။ ကိုယ်နဲ့ သူ့အမေ အဲလို လုပ်နေတာကို ဘိုဖြူ က အောက်ကနေ ငေးကြည့်နေတယ် ။ မျက်လုံးတွေက ရီဝေဝေ ။ ခဏနေတော့ ဆက်မကြည့်တော့ဘဲ အိမ်ရှေ့ကို ထွက်ချသွားတယ် ။ ဖြူလုံး ဆုံးတာ သူ သိသွားပုံရတယ် ။ ရန်ကုန် အိမ်မှာ သူတစ်ယောက်တည်း ဆိုတော့ ငေါင်စင်းစင်း ဖြစ်နေတယ် ။ ခြံထဲက အပြင်လည်း မထွက်ရတော့ ပျင်းနေရှာတယ် ။ တစ်ရက်မှာတော့ ဘာစိတ်ကူးပေါက်တယ် မသိ ၊ ကိုယ်တို့ အလစ်မှာ ခြံတံခါးမကြီး အောက်ကနေ ဝပ်လျှိုပြီး အပြင်ကို ထွက်သွားတယ် ။

သူ့စိတ်ထဲ ဒီကနေ နယ်စပ်မြို့လေးကို ပြန်မယ်လို့များ ဆုံးဖြတ်လေသလား မသိ ။ ဝင်္ကပါလမ်းမ အတိုင်း မြောက်ဘက်ကို ထွက်သွား တယ် ။ ကိုယ်တို့က ရုပ်ရှင်အစည်းအရုံးမှာ ရှိတဲ့ Moming Star လက်ဖက်ရည်ဆိုင်မှာ သွားစားရင် သူ့ကို ခေါ်သွားတတ်တယ် ။ ဒီလမ်းထဲက မြန်မာခွေးကြီး လေး ၊ ငါး ၊ ခြောက်ကောင်က အင်မတန် ဆိုးတယ် ။ ကိုယ်တို့ ပါလို့သာ ဘိုဖြူကို ဝိုင်းမဆွဲကြတာ ။ တဝုန်းဝုန်းနဲ့ပေါ့ ။

ဘိုဖြူထွက်သွားတာကို အပင်မျိုးစေ့ ရောင်းတဲ့ ဆိုင်က လူတစ်ယောက် မြင်လိုက်လို့ အိမ်ကို လာပြေးပြောတယ် ။ သူ့အမေမှာတော့ အူယားဖားယားနဲ့ ဘိုဖြူ နောက် ကို ပြေးလိုက်တာ ဖိနပ်တောင် မပါဘူး ။ လိုက်တာ နည်းနည်း စောသွားပေလို့သာပေါ့ ။ နောက်သာကျခဲ့ရင် ဘိုဖြူ သေပြီ ။

လမ်းချိုး အကွေ့လေးမှာ ဘိုဖြူ ကို ခွေးကြီး တစ်ကောင်က ကုပ်ဆွဲကိုက်နေတယ် ။ ခွေးသုံးကောင်က ဝိုင်းထားတယ် ။ လူတွေက ဝိုင်းခြောက်ပေးကြလို့ ဘိုဖြူ လွတ်သွားတယ် ။ သူ့ခမျာ ကြောက်အားလန့်အားနဲ့ ရှေ့ ကို ခြေကုန်သုတ် ပြေးထွက် သွားတယ် ။ ချေးတွေတောင် ထွက်လို့ ။

သူ့အမေက “ ဘိုဖြူ ၊ ဘိုဖြူ ” လို့ အသားကုန် အော်မှ သူကြားပြီး နောက်ပြန်ပြေးလာတယ် ။ တစ်ကိုယ်လုံးလည်း တုန်လို့ပေါ့ ။ အဲဒီ နောက်ပိုင်း ဘိုဖြူ အပြင်ကို မထွက်တော့ဘူး ။ ကိုယ်နဲ့ နှစ်ယောက်သား အတူ လမ်းလျှောက် ထွက်ကြတယ် ။

ညနေ ငါးနာရီလောက် ဆိုရင် သူက သူ့လက်ကလေး နဲ့ ကိုယ့်ခြေထောက်ကို လာလာကုတ်တယ် ။ လမ်းလျှောက်ချိန် ကျပြီပေါ့လေ ။ အခုတော့ ဂျပန်သံရုံးရှေ့က ပလက်ဖောင်း တစ်လျှောက် ကနေ ချပ်ထရီယံဟိုတယ် ဘက်ထိ လျှောက်တယ် ။ အရင်တုန်းကတော့ ဖြူလုံး ပါတာပေါ့ ။

ဂျပန်သံရုံး ရှေ့မှာလည်း မြန်မာခွေးဝဲစားကြီး တစ် ကောင်ရှိတယ် ။ ဒီကောင်ကြီးက ဘိုဖြူတို့ လာရင် ဒေါသတကြီးနဲ့ ထထဟောင်တယ် ။ ဘိုဖြူ ကတော့ ခပ်တည်တည်ပါပဲ ။ ဖြူလုံး ကလည်း အရေးမလုပ် ၊ လှည့်တောင် မကြည့် ။

ကိုယ့်မှာသာ လက်ထဲက တုတ်နဲ့ ယမ်းယမ်းပြီး ခြောက်ရတယ် ။ အဲဒီကတည်းက လမ်းတစ်ဝက် လောက် ရောက်ရင် ဖြူလုံး က ဆက်မလျှောက်နိုင်တော့ဘူး ၊ ဝပ်နေရှာတယ် ။ သူ့အမေက ဖြူလုံးကို ကောက်ချီခဲ့ရတယ် ။ ဘိုဖြူ က တစ်ယောက်တည်း ဆိုပေမဲ့လည်း သူ့ဘာသာသူ ပျော်အောင် နေရှာပါတယ် ။

သစ်ပင်လေးတွေ တွေ့ ရင် ဟိုနမ်းသည်နမ်း လုပ် ၊ မြက်နုလေးတွေစား ၊ အပေါ့အပါးသွား ၊ မြို့ကလေးပြန် ရောက်တဲ့အခါ သူ့အဖို့ လမ်းလျှောက်ထွက်စရာ မရှိတော့ဘူး ။ ငယ်တုန်းကတော့ တစ် ယောက်တည်း မြို့ရိုးကိုး ပေါက် လျှောက်သွားနေတာပဲ ။

မနက်ငါးနာရီလောက် ဆိုရင် အိမ်တံခါးကို တဂျီးဂျီး ကုတ်သံ ကြားရတယ် ။ ဒီ အခါဆိုရင် ဘိုဖြူ က တံခါး ဖွင့်ပေးဖို့ ဟောင်တော့တာပဲ ။ ကိုယ်က အောက်ထပ် ဆင်း ၊ တံခါးမကို အသာ ဟ ကြည့်လိုက်တဲ့အခါ တံခါးကြားထဲ ကနေ လက်မည်းမည်းကြီး တစ်ချောင်း ဝင်လာတယ် ။ တံခါးလည်း ဖွင့်လိုက်ရော လက်မည်းကြီးက အယ်လ်ဇေးရှင်းကြီးရဲ့လက် ဖြစ်နေတယ် ။ ဘိုဖြူ က အပြင်ကို ပြေးထွက်သွားတယ် ။ သဘောကတော့ ဘိုဖြူကို လာခေါ်တယ်ပေါ့ ။ ကိုယ် အပြင်ထွက် ကြည့်လိုက်တဲ့ အခါ “ အားပါးပါး ” ဆယ် ကောင်မက ရှိတဲ့ ခွေးအုပ်ကြီး ဖြစ်နေတယ် ။

ခွေးတွေက အမျိုးကောင်းသားတွေ ။ အယ်လ်ဇေးရှင်း ၊ အင်းခွေး ၊ ဒိုဘာမင် ၊ သိုးထိန်းရှီစု ၊ ခွေးဘီလူး ၊ ရှမ်းခွေး ၊ အကောင်အကြီးအသေး အရွယ် စုံတယ် ။ ဒီကောင်တွေ သူတို့ အိမ်တွေကနေ ဘယ်လို များ ခိုးထွက်လာကြပါလိမ့် ။ သိန်းကျော်တန် ခွေးတွေချည်းမို့ ရန်ကုန်မှာဆို အတော်အဖိုး တန်မယ် ။

ဒီမြို့လေးမှာတော့ အိမ်တွေက မွေးထားကြပြီး ပစ်ထားကြလို့ ညစ်စုတ်စုတ် ၊ လမ်းသရဲပုံနဲ့ လမ်းတွေပေါ် မှာ လျှောက်သွား နေတတ်ကြတယ် ။ ညနေပိုင်းဆိုရင် မြို့လယ် နာရီစင် လမ်းပေါ်မှာ ခွေးလေးတွေ အုပ်စုဖွဲ့ သွားနေကြတာပဲ ။

အခု မနက်စောစော အုပ်စုဖွဲ့ ထွက်လာကြပြီး ဘိုဖြူ ကို ဝင်ခေါ်တာ အလကား မဟုတ်ဘူး ။ ဒီအုပ်စုကြီးကို အယ်လ်ဇေးရှင်းကြီးက ခေါင်းဆောင်ပြီး ချီတက်သွားတာ ။ သူတို့ ပစ်မှတ်ကတော့ ဈေးထဲက အမဲသားတန်း ၊ ဆိတ်သားတန်းကိုပဲ ။

လမ်းမပေါ် ချီတက် သွားကြတဲ့ ခွေးအုပ်စုကို ကိုယ်လှမ်းကြည့်လိုက်တော့ ဘိုဖြူက အကောင် အသေးဆုံး ၊ အငယ်ဆုံး ဖြစ်နေတယ် ။ ခေါင်းလေးတမော့မော့ ၊ အမြီးလေး တထောင်ထောင်ပေါ့ ။ ကြွကြွရှိတယ် ။ မကြာပါဘူး ။ မနက် ခြောက်နာရီလောက်မှာ ဘိုဖြူ ၊ အိမ်ပြန်လာတယ် ။ မျက်နှာ တစ်ပြင်လုံးလည်း သွေးတွေ ရဲပတောင်းထ,လို့ ၊ မျက်နှာမှာလည်း ပေါက်ပြဲလို့ ။ ကြည့်ရတာ ဈေးခွေးတွေနဲ့ ဖိုက်လာခဲ့ပုံပဲ ။ ဒီတော့လည်း သူ့အမေက ဆေးကုပေးရတော့တာပါပဲ ။

အခု ဘိုဖြူ က အသက် ကြီးလာပြီမို့ သိပ်ဝေးဝေးလံလံ မသွားတော့ ။ ကိုယ်တို့ ညစာ ဆယ်နာရီလောက် စားပြီးချိန်မှာ ဘိုဖြူ အတွက် အပေါ့အပါး သွားဖို့ တံခါး ဖွင့်ပေးရတယ် ။ ဒီအချိန်ကျမှပဲ အိမ်ရှေ့ လမ်းမပေါ်မှာ အုပ်စုလိုက် ချီတက်သွားကြတဲ့ သူ့ဘော်ဒါတွေကို ငုတ်တုတ် ထိုင်ရင်းက ငေးသာ ကြည့်နေနိုင်တော့တယ် ။

အခု အုပ်စုက လူငယ် မျိုးဆက်သစ်အုပ်စု ။ ဘိုဖြူ ဘော်ဒါတွေက သေကုန်ကြပြီ ။ သူ့ခမျာ ရသေ့စိတ်ဖြေ မျက်စိတစ်ဆုံး ငေးနေတတ်တယ် ။ ပလတ်စတစ်အိတ် ကောက်တဲ့သူ ၊ ဘိန်းစား ၊ အရက်သမား ၊ သူခိုးပုံ ၊ စုတ် စုတ်ပြတ်ပြတ် ၊ ညစ်တီးညစ် ပတ်ပုံ ၊ လူတစ်ယောက်စ နှစ် ယောက်စ ဖြတ်သွားရင် ဟောင်နေတတ်တယ် ။

လမိုက်ည ဆိုရင် ကောင်းကင် မည်းမည်းကြီးကို သူ မော့ပြီး ငေးနေတယ် ။ တစ်ခါတစ်ခါ ဆွေးဆွေးမြည့်မြည့် ဟောင်တယ် ။ လူစိမ်း တွေ့လို့ ဟောင်တဲ့ အသံမျိုး မဟုတ်ဘူး ။ ဝမ်းနည်းကြေကွဲ ရင်ထဲ ဆို့နင့်နေတဲ့ အသံမျိုး ။ သူ့ ကြည့်လိုက်ရင်လည်း မလှုပ်မယှက် ၊ အရုပ်လိုပဲ ။ ဖြူလုံး ဆုံးပြီး နောက်ပိုင်း သူ အစာကို ဟုတ်တိပတ်တိ မစားတော့ ဘူး ။ အစာခွက် မြင်ရင် ကျော ပေးထားတယ် ။ သူ့ရှေ့ ချပေးရင်လည်း သူက ထ, ထွက်သွားတယ် ။

ဒီလိုနဲ့ တပိန်ပိန် တလိမ်လိမ် ဖြစ်လာတယ် ။ ဒါနဲ့ သူ့ အမေက ကွေကာကို ဇွန်းနဲ့ ခွံ့ပေးတယ် ။ ကြက်ရိုးပြုတ်ရည်နဲ့ ခနောဆန်ပြုတ် ရောကျိုပြီး ဇွန်းနဲ့ ခွံ့ရတယ် ။ ကိုယ်က ညမအိပ်ဘဲ စာရေး ၊ မနက်ကျမှ အိပ်တယ် ။

မနက် ကိုယ် မထ, မချင်း ဘိုဖြူ လည်း မထဘူး ။ ကိုယ့်ကိုလည်း ဘိုဖြူ က မျက်စိ အောက်က အပျောက်မခံဘူး ။ အိမ်ရှေ့ သွား အိမ်ရှေ့လိုက် ၊ နောက်ဖေးဝင် နောက်ဖေးလိုက် ။ နောက်က တကောက်ကောက် လိုက်နေတော့တယ် ။ သူ့ ဘဝကလည်း သနားစရာ ။ တကယ်တော့ ဘိုဖြူဟာ တရုတ်နိုင်ငံ ယူနန်နယ် ရွှေလီမြို့က ဖြစ်တယ် ။

သူ့ကို သူ့သခင်က ကောင်းကောင်းကျွေး ၊ ကောင်းကောင်းမွေးထားပုံ ရတယ် ။ သူ သုံးလသား အရွယ်လောက်မှာ ဒီဘက် နိုင်ငံက တရုတ်ခွေးသူခိုး တစ်ယောက်က ဘိုဖြူကို ရွှေလီ ကနေ ခိုးလာခဲ့တယ် ။ ဒီဘက် မြို့ကလေးမှာ လိုက်ရောင်းတော့ ဝယ်မယ့်သူ မရှိလို့ ကိုယ့်အိမ်နားက အိမ်တစ်အိမ် မှာ အလကား ပေးသွားခဲ့တယ် ။ အဲဒီမှာ ဘိုဖြူ ဒုက္ခ ရောက်တော့တာပဲ ။ အိမ်က ကလေးတွေ ကလည်း များတယ် ၊ ကလေးတွေက ခွေး မချစ်တတ်ကြဘူး ။ ဘိုဖြူ ကို မြင်ရင် ပိတ်ပိတ်ကန်ကြတယ် ။

ဘိုဖြူ မှာ ဒီကလေးတွေကို ကြောက်နေရတယ် ။ အစာစားရတော့လည်း အိမ်က လူတွေ စားသောက်ပြီးမှ ဟင်းကျန် ၊ ထမင်းကျန်တွေကို နယ်ပြီး ကျွေးတယ် ။ ဘိုဖြူ မစားနိုင်ရှာဘူး ။ အိပ်ရတော့လည်း မီးဖိုချောင် တံခါးထောင့်မှာ မီးသွေးထည့်တဲ့ ဂုန်နီအိတ်ပေါ်မှာ အိပ်ရတယ် ။

ကိုယ်က ညနေတိုင် ဖြူလုံး နဲ့ လမ်းလျှောက် ထွက်တော့ ဖြူလုံး က ခြောက်လသားလောက်ရှိပြီ ။ ဘိုဖြူတို့ အိမ်ရှေ့ ဖြတ်သွားတဲ့အခါ ဘိုဖြူက ဖြူလုံးကို ငေးကြည့် နေတတ်တယ် ။ နောက်ပိုင်းတော့ ကျွန်တော်နဲ့ ဖြူလုံး လမ်းလျှောက် ထွက်တဲ့အခါ ဘိုဖြူက နောက်ကနေ မသိမသာ လိုက်လာတယ် ။ ဖြူလုံး ကို လာလာပြီး နမ်းရှုပ်နေတယ် ။

ဒီလို တဖြည်းဖြည်းနဲ့ ကျွန်တော်တို့ အိမ်ပြန်တဲ့ အခါ ဘိုဖြူ လည်း တစ်ခါတည်း ပါလာတယ် ။ ကျွန်တော်တို့ အိမ်ရှေ့မှာ နှစ်ကောင်သား ဆော့ကြတယ် ။ ဖြူလုံး ကို အစာကျွေးတော့ ဝက်အူ ချောင်း ၊ အမဲခြောက် ၊ ဆိတ် သားခြောက် ၊ ကြက်သား ကြော် ၊ ချိစ် ၊ ကိတ်မုန့်တွေ ကျွေးတယ် ။ ဘိုဖြူ အတွက်ပါ တစ်ခါတည်း ထည့်ပေးတယ် ။ ဒီလိုနဲ့ ဘိုဖြူက ညကျတော့ အိမ်မပြန်တော့ဘဲ ကိုယ်တို့အိမ်မှာပဲ နေတော့တယ် ။ ညရှစ်နာရီ ထိုးတဲ့ အခါ သူ့ကို ပွေ့ချီပြီး သူ့အိမ် ပြန်ပို့ပေးတယ် ။ ဒါလည်း မရပါဘူး ။ သူက ကိုယ်တို့ အိမ်ကို ပြန်လာပြီး ပိတ်ထားတဲ့ တံခါးပေါက်ရှေ့မှာ တစ်ညလုံး ငုတ်တုတ်ထိုင် နေရှာတယ် ။ နောက်တစ်နေ့ မနက်ကျ အိမ်နားနီးချင်းတွေ ပြောမှ သိရတာ ။ ဘိုဖြူအိမ်ကလည်း ဘိုဖြူ ကို အပိုင်မွေးဖို့ ပေးလိုက်တော့တယ် ။

ဒီလိုနဲ့ ဘိုဖြူ က ကိုယ်တို့ အိမ်သား ဖြစ်လာတယ် ။ သူ့အတွက် အဝတ်အစား ကောင်းကောင်း ဝတ်ပေး ၊ အိပ်ဖို့ ကတ္တီပါဖုံ ၊ စောင် အသစ်ကလေးတွေ ခင်းထား ပေးတယ် ။ ခေါင်းအုံးအသေး လေးတောင် ပါလိုက်သေး ။

ဒီတော့မှ ဘိုဖြူ က သူ့အိပ်ရာလေးမှာ အချိန်တန်ရင် ဝင်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်တော့တယ် ။ ဖြူလုံး ကို ကျွေးသမျှ အစာကို ဘိုဖြူ စားရတယ် ။ ဘိုဖြူကို အိမ်မှာ ခေါ်ထားလို့လည်း ဖြူလုံး က မငြိုငြင် ၊ အေးဆေးပါပဲ ။ တကယ်လို့သာ ဖြူလုံး က လက်မခံရင် ၊ မောင်းထုတ်ရင် ဘိုဖြူ နေလို့ရမှာ မဟုတ်ဘူး ။

ဒါကြောင့် ဘိုဖြူ က ဖြူလုံး ကို ကျေးဇူးတင်နေပုံ ရပြီး နေရာတိုင်းမှာ သူကသာ အနွံအတာ ခံရှာတယ် ။ ဘာပဲ စားစား ဖြူလုံး ကို ဦးစားပေး တယ် ။ ဖြူလုံး မစားမှ သူ စားတယ် ။ ဖြူလုံး က ဘိုဖြူ အပေါ် အရာရာ ခွင့်လွှတ် တတ်ပေမဲ့ ဖြူလုံး ရေချိုးတဲ့ အခါတော့ ဘိုဖြူ ကို ရေပေး မချိုးစေချင်ပါ ။

ဘိုဖြူကို ရေချိုးပေးရင် ဖြူလုံး က ဒေါသတကြီး ဟောင်နေတော့တယ် ။ ဖြူလုံး ကို ကြိုးချည် ထားရတယ် ။ ဘိုဖြူကို ရေသုတ် ၊ ဟဲဒရိုင်ရာနဲ့ မှုတ်ပြီး လွှတ်လိုက်တဲ့ အခါ ဖြူလုံး က ဘိုဖြူ နောက် ကို တစ်ဟုန်ထိုး ပြေးလိုက်တော့တာပဲ ။ ဘိုဖြူ ကလည်း စ ချင်လို့ ကြောက်တဲ့ပုံနဲ့ ပြေး ပြတယ် ။ မိတဲ့ အခါကျတော့ လည်း ဖြူလုံး က တကယ် မကိုက်ပါဘူး ။ ရေချိုးပြီးခါစ ဆိုရင် သန့်ပြန့် လန်းဆန်း မြူးကြွနေကြတယ် ။

ဒါတွေကို ဘိုဖြူ သတိရနေပုံပဲ ။ နေ့လယ်ခင်းဆို အိမ်ရှေ့မှာ ဝပ်ပြီး လမ်းမဘက် ငေးနေတတ်တယ် ။ အခု ပိုဆိုးတာက မြို့လေးမှာ ဘိုဖြူ နဲ့ ရွယ်တူ ဘော်ဒါတွေ တစ်ကောင်တလေတောင် မရှိကြတော့တာပဲ ။ အသက်လည်း ကြီးလာပြီ မဟုတ်လား ။

ဘိုဖြူက ပျိုတိုင်းကြိုက် တဲ့ နှင်းဆီခိုင်ပဲ ။ လမ်းလျှောက် ထွက်တဲ့အခါ ဘယ်နေရာ ရောက်ရောက် သူ့ အရွယ်တူ ခွေးမလေးတွေက ဘိုဖြူ မို့ မတွေ့လိုက်နဲ့ တွေ့ လိုက်တာနဲ့ တစ်ခါတည်း အမြီးတခါခါ ၊ ဖင်တလှုပ်လှုပ် ဖြစ်နေကြတော့တာပဲ ။ ရွှေဘိုမင်းကြိုက် ဒေါင်ကောင်းကောင်း ခွေးမကြီးတွေ ကလည်း မနေနိုင် ။

ဘိုဖြူ ဆို ဖင်လေး နန့် ပြ ၊ ခါပြ လုပ်တယ် ။ ဒါ ကြောင့် ခွေးထီး ငနဲကြီးတွေက ဘိုဖြူကို မကြည်ကြဘူး ။ လစ်တာနဲ့ တွယ်ချင်နေကြတယ် ။ ဘိုဖြူက မြာစွံတဲ့ ခွေးမင်းသားပဲ ။ အယ်လ်ဇေးရှင်း ခွေးကြီးတစ်ကောင် ဆိုရင် အိမ်လာလာပြီး ဘိုဖြူကို နမ်းရှုပ်နေတာပဲ ။

အကောင်သေးပေမဲ့ သတ္တိကတော့ မသေးဘူး ။ ခွေးကြီးတွေနဲ့ ပြိုင်ကိုက်တယ် ။ ဘိုဖြူ တို့ မျိုးနဲ့ရိုးနဲ့ ကိုက ကိုက်တတ်တဲ့အမျိုး ။ အမေရိကန် ၊ အင်္ဂလန် ၊ ဩစတြေးလျ ၊ ဥရောပ ဆယ့်တစ်နိုင်ငံမှာ ဘိုဖြူတို့ အမျိုးကို အိမ်မွေးတိရစ္ဆာန် အဖြစ် မွေးခွင့်မပြုဘူး ။ သူတို့ကို စစ်တပ်မှာ ဗုံးရှာ ၊ မူးယစ်ဆေးဝါး ရှာတဲ့ အခါမှာ သုံးတယ် ။ ဘိုဖြူ က ဖြူလုံး ကို ချစ်တာလည်း မပြောနဲ့လေ ။

ညည အိပ်ခါနီး ဆိုရင် ဖြူလုံး က ဘိုဖြူ မျက်နှာကို သူ့လျှာနဲ့ လျက်ပြီး သန့်ရှင်းပေးတယ် ။ တစ်ကိုယ်လုံးလည်း လျှာနဲ့ လျက်ပေးတယ် ။ ဘိုဖြူ က မှိန်းပြီး ဇိမ်နဲ့ ခံတယ် ။ သူတို့နှစ်ယောက် ရှစ်နှစ်လောက် အတူတူ နေခဲ့ကြပေမဲ့ ဖြူလုံးက သေသာသွားရော အပျိုကြီးပဲ ။ ဒီကောင်မက ယောက်ျားလျာ စိတ်များ ဝင်နေသလား မသိဘူး ။ သူကပဲ တစ်ပြန် ဘိုဖြူ ကို လုပ်ချင်နေတယ် ။

အခုတော့လေ မနက်ဆိုလည်း ဘိုဖြူ တစ်ယောက်တည်း အိမ်ရှေ့ထွက်ထိုင် ၊ လမ်းမဘက်ကို ငေးနေတတ်တယ် ။ နေ့လယ်ဆိုလည်း ကုလားထိုင်ပေါ် တက်ဝပ်ပြီး လမ်းမဘက်ကို ငေးနေတတ်တယ် ။ ညနေ နေဝင်ဆည်းဆာချိန်ဆိုရင် သူ အိမ်ရှေ့ ထွက်သွားတယ် ။ ပန်းပင် နားမှာ ငုတ်တုတ်ထိုင်ပြီး လမ်းမဘက်ကို ငေးနေတတ်တယ် ။

ခဏလေးနေတော့ သူ့ ရင်ဘတ်ထဲက လာတဲ့ ဆွေးနင့်ကြေကွဲ လွမ်းလျ တမ်းတ နေတဲ့ လေးလေးပင်ပင် ဆွဲဆွဲ ငင်ငင် အသံနဲ့ အမှောင်ထဲကို တဝုတ်ဝုတ် အော်နေလိုက်တာ ဆက်တိုက် တောက်လျှောက် ၊ ညမှောင်တဲ့ အထိပဲ ။

သူ့ မျက်ဝန်းတွေက မျက်ရည်ကြည်လေးတွေ စို့နေတယ် ။

“ ဖြူလုံးရေ ... နင် ဘယ်လျှောက်သွားနေလဲ ။ အိမ်ပြန်ခဲ့ပါတော့ ”

ဖြူလုံးရေ ... ဖြူလုံးရေ ... ဖြူလုံးရေ လို့ အော်နေတယ် ထင်ပါရဲ့ ။

ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက် အမှောင်ထုကျနေတယ် ။

အမှောင်ထဲမှာ ဘိုဖြူ ထိုင်နေတယ် ။

⎕ ပြေ ( ဆေး -၂ )
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
     မေ ၊ ၂၁၁၉

No comments:

Post a Comment