❝ ဆီလျော်သော ခေါင်းစဉ်တပ်ပါ ❞
( ဇော်ဇော်အောင် )
( ၁ )
“ လူဆိုသည် မှာ
အေးစက်သော လေထဲတွင်
ဝေ့ဝိုက်လွှင့်တင်ခြင်း ခံရသော
စက္ကူစုတ်များ ဖြစ်၏ ။ ”
အဲလရော့
( ၂ )
မြောက်ဥက္ကလာပမြို့အဝင် တစ်ခုသောနေရာတွင် ဆိုက်ကားဆရာ မောင်ဇော်မြင့် နေသည် ။ သူ့တွင် သားသမီး ခြောက်ယောက် ရှိသည် ။ အငယ်ဆုံးကလေးသည် အသက်ခြောက်လကျော်ကျော် ရှိပြီ ။ ထိုအိမ်ထောင်စုကို ဆိုက်ကားနင်းခြင်းဖြင့် မောင်ဇော်မြင့် ရှာကျွေးသည် ။ သူ့မိန်းမသည် အဝတ်လျှော်ခြင်းအတတ်ပညာကို မတတ်ကျွမ်းခဲ့သော အိမ်ထောင်စုများသို့ လိုက်လံ အဝတ်လျှော်ခြင်းဖြင့် တစ်ဖက်က ဝင်ငွေ ကူရှာရသည် ။
( ၃ )
ဆိုက်ကားဆရာ မောင်ဇော်မြင့်တွင် ထူးဆန်းသော ဝါသနာ တစ်ခုရှိ၏ ။ ထိုဝါသနာကား ဆိုက်ကား ရပ်ထားစဉ် အနီးအပါး၌ တွေ့ရသော စက္ကူစုတ်များကို ကောက်ယူကြည့်တတ်သော ဝါသနာ ဖြစ်၏ ။ ဝါသနာ ဆိုသည်မှာ တစ်ခါတရံ အတော် အပြောရခက်သည် ။
( ၄ )
တနင်္ဂနွေနေ့က စက္ကူစုတ် တစ်ခုကို ကောက်ယူ ကြည့်မိ၏ ။ အင်္ဂလိပ် လို ရေးထားသောကြောင့် မောင်ဇော်မြင့် မဖတ်တတ် ။ ဟိုဘက်ဒီဘက် နှစ်ခါလောက် လှန်ကြည့်ပြီး နားမလည်သောကြောင့် လွှင့်ပစ်လိုက်သည် ။ ထိုစာရွက်ကို မောင်ဇော်မြင့် နားမလည်သော်လည်း ဤဝတ္ထုရေးသူ ဇော်ဇော်အောင်သည် အင်္ဂလိပ်လို ဖတ်တတ်သောကြောင့် နားလည်၏ ။ ထိုစာရွက်သည် ဟိုတယ်ကြီး တစ်ခုမှ ဘောက်ချာစာရွက် ဖြစ်၏ ။ Swing ဝီစကီနှစ်ပတ် ၊ ခြောက်ဆယ့်ကိုးကျပ် ။ ပုတ်(က)ချော့(ပ) ဝက် သားစင်း ကောကြော် ၊ နှစ်ဆယ့်ရှစ်ကျပ် ပြားရှစ်ဆယ် ၊ ဒိန်ခဲပွဲကြီး ၊ ဆယ့်ရှစ်ကျပ် ၊ နောက်ထပ် Swing ဝီစကီနှစ်ပက် ၊ ခြောက်ဆယ့်ကိုးကျပ် ၊ မာတီနီ (အချို ) နှစ်ခွက် ၊ သုံးဆယ့်ခြောက်ကျပ် ။ ချစ်ကင်းအင်သဲဘတ်(စ)ကတ် ၊ ကြက်ကောင်ကြော် ၊ သုံးဆယ့်ခြောက်ကျပ် ။ စုစုပေါင်း နှစ်ရာ့ငါးဆယ့် ခြောက်ကျပ် ပြားရှစ်ဆယ်ဖိုး သောက်စားထားသော ငွေရပြေစာ တစ်စောင် ဖြစ်သည် ။ ( ထိုစာရွက်ကို စာရေးသူ ဇော်ဇော်အောင် ဘယ်ကဲ့သို့ တွေ့ရှိ ဖတ်မိသွားသနည်း ဆိုသော မေးခွန်းသည် အဖြေ မရနိုင်သော မေးခွန်း ဖြစ်၏ ။ ) သို့သော် ထိုစာရွက်သည် ဟိုတယ်ကြီး တစ်ခုမှ ငွေရပြေစာ ဖြစ်သည်မှာ သေချာပါသည် ။
( ၅ )
တနင်္လာနေ့က မောင်ဇော်မြင့် စက္ကူစုတ် တစ်ခုကို ကောက်ယူကြည့် မိပြန်သည် ။ အင်္ဂလိပ်လို ရေးရုံမျှမက ဂျပန်စာလား ၊ တရုတ်စာလား ၊ ရှုပ်ရှုပ်ယှက်ယှက်စာတွေလည်း ပါ၏ ။ မောင်ဇော်မြင့် မဖတ်တတ် ။ လွှင့်ပစ်လိုက်ပြန်သည် ။ ထိုစာရွက်သည် နိပွန်အီလက်ထရစ်ကုမ္ပဏီမှ တယ်လီဗီးရှင်း ရုပ်မြင်သံကြားစက်အကြောင်း ရေးထားသော လက်စွဲစာအုပ်ငယ်မှ စာမျက်နှာ တစ်မျက်နှာ ဖြစ်၏ ။ ဂျပန်လို ရေးထားသည့် စာသား က များသည် ။ ( စာရေးသူ ဇော်ဇော်အောင်သည် အင်္ဂလိပ်စာသာ တတ်၍ ဂျပန်စာမတတ်သောကြောင့် တယ်လီဗီးရှင်း ကုမ္ပဏီ၏ အမည်ဖြစ် သော NEC စာလုံး သုံး လုံးသာ ဖတ်တတ်သည် ။ သို့သော် တယ်လီဗီးရှ င်း လက်စွဲစာအုပ်မှ ပါသော စာသား မှန်းတော့ သိ၏ ။ )
( ၆ )
အင်္ဂါနေ့က မောင်ဇော်မြင့် စက္ကူစုတ်တစ်ခုကို ကောက်ယူကြည့်မိသည် ။ စာတွေက အင်္ဂလိပ် လို ၊ မနေ့က တွေ့သော စာရွက်ထဲက စာမျိုး ( ဂျပန်စာ ) တွေလည်း ပါ၏ ။ မောင်ဇော်မြင့် မဖတ်တတ် ။ သို့သော် ဒီတစ်ခါတော့ လွှင့်မပစ် ။ အဘယ်ကြောင့် ဆိုသော် ထိုစက္ကူစုတ်တွင် မော်တော်ကားပုံ လှလှကလေး တစ်ပုံ ပါသောကြောင့် ဖြစ်၏ ။ ထိုကားပုံမျိုးကို မောင်ဇော်မြင့် မြင်ဖူးသလိုလိုတော့ ရှိ၏ ။ သိတော့ မသိ ။ မောင်ဇော်မြင့် သည် သူတို့ ဆိုက်ကားရှေ့ခုံ ကူရှင်ကို လှန်လိုက်၏ ။ အတွင်းက သစ်သားခင်း ။ သစ်သားခင်းမှ ပျဉ်တစ်ချပ်ကို လှန်လိုက်၏ ။ အတွင်းက တိုလီမိုလီ ထည့်သော အံ ၊ မော်တော်ကားရုပ် ပါသော စက္ကူစုတ်ကို သေချာ ဖြန့်သပ်၍ ထိုအံထဲ ထည့်သည် ။ အံကို ပြန်ပိတ် ။ ကူရှင်ကို ပြန်ချ ။ အိမ်ရောက်လျှင် သူ့ခေါင်းရင်း ကျူထရံမှာ အလှကပ်ထားရန် မောင်ဇော်မြင့် ရယ်ရွယ်၏ ။ ထိုမော်တော်ကား၏ အမျိုးအမည်ကို မောင်ဇော်မြင့် မသိသော်လည်း စာရေးသူ ဇော်ဇော်အောင် သိ၏ ။ ထိုကားသည် မစ်ဆူဘီရှီဂဲလင့် ဆစ်(ဂ)မာ ငွေရောင်ကားကြီးဖြစ်သည် ။
( ၇ )
ဗုဒ္ဓဟူးနေ့ ၊ ကြာသပတေးနေ့ ၊ သောကြာ သုံးရက် မောင်ဇော်မြင့် ဖျား၍ ဆိုက်ကား မထွက် ။ အုံနာ ဦးကျင်းဟိုက် က ဘုမ္မာလမ်းသွယ်ထဲမှ စိန်မြင့် ဆိုသော သူငယ်ကလေးကို ဆိုက်ကား ပေး၍ အထွက်ခိုင်းသည်ဟု သိရ၏ ။ ဖျားရုံမျှ မက ကိုယ်လက်တွေပါ ကိုက်ခဲနာကျင်လှသောကြောင့် အတော် ခံလိုက်ရသည် ။ ကိုးပါးဆေးနှင့် ပျောက်၍ စနေနေ့ ဆိုက်ကား ပြန်ထွက်သည် ။ အနည်းငယ် မောနေသည် ။
( ၈ )
စနေနေ့က မောင်ဇော်မြင့် စက္ကူစုတ်တစ်ခု တွေ့ပြန်သည် ။ ကောက်ယူကြည့်ပြန်၏ ။ မြန်မာလို ရေးထားသောကြောင့် မောင်ဇော်မြင့် ဖတ်တတ်၏ ။ ဖတ်၏ ။ ဘာမှ သူနားမလည် ။ ဖတ်တတ်သော်လည်း နားမလည်သော စာများ ရှိပါသေးသလားဟု သူစဉ်းစားမိ၏ ။ လေးငါးကြောင်းလောက် ဖတ်ပြီး လွှင့်ပစ်လိုက်ပြန်၏ ။ ထိုစာကို မောင်ဇော်မြင့် နားမလည်သော်လည်း စာရေးသူ ဇော်ဇော်အောင် နားလည်၏ ။ ထိုစာကို ဤသို့ ဖြစ်၏ ... ။
..... ဆယ့်ကိုးရာစုနှစ် ရုရှားစာပေလောကတွင် အိတ်ဇစ်တင်ရှယ်လစ်ဇင်း အရိပ်အငွေ့ သန်း သော ဂန္ထဝင်မြောက် လက်ရာနှစ်ခု ပေါ်ခဲ့၏ ။ ယင်းတို့မှာ အိုင်ဗင်အိလိရစ် ကွယ်လွန်ခြင်း ဟူသော တော်လစတွိုင်း၏ ဝတ္ထု နှင့် ဖခင်နှင့် သားများ ဟူသော တာဂျီနက်၏ ၀တ္ထုတို့ပင် ဖြစ်သည် ။ သို့သော် ကျွန်ုပ် သဘောအရ ပြောရလျှင် အကြီးကျယ်ဆုံး အိတ်ဇစ်တင်ရှယ်လစ် စာရေးဆရာကြီးမှာ ဒေါ့စတိုယက်စတီး ( ၁၈၂၁ - ၈၁ ) ပင် ဖြစ်သည် ။ ဆရာကြီး၏ ကာရမာဇော့ ညီအစ်ကိုများ နှင့် မြေအောက်မှ မှတ်စုများ ဟူသော လက်ရာ နှစ်ပုဒ်တွင် အိတ်ဇစ်တင်ရှယ်လစ်ဇင်းကို ... ။
( ထိုစာသားကို ဇော်ဇော်အောင် နားလည်သော်လည်း မသိ ။ )
( ၉ )
ဘယ်နေ့ဟု မမှတ်မိ ။ လူနှစ်ယောက်ကို နှစ်ကျပ်ခရီး တစ်နေရာ လိုက်ပို့ရာတွင် ငွေအစိတ် ရလိုက်၏ ။ ဒီကိစ္စလည်း သိပ်မဆန်း ။ မကြာခဏ ဤသို့ မတန်တဆ ရတတ်၏ ။ မောင်ဇော်မြင့် အိမ် အစောကြီးပြန်သည် ။ လမ်းထိပ်မှာ စက်ဘီးပေါ်တွင် တင်၍ ရောင်းသော ထီဆိုင်ကို တွေ့၏ ။ စက်ဘီး ကယ်ရီယာပေါ်မှာ တင်ထားသော ကက်ဆက်က သီချင်းသံ ထွက်နေ၏ ။ မွေးနေ့မင်္ဂလာ ၊ မွေးနေ့မင်္ဂလာ ၊ မွေးနေ့ လက်ဆောင်သီချင်းပင် ဖြစ်လိမ့်မည် ။ ရွှေသူဌေး ထီဆိုင်မှ ထီတစ်စောင် ထိုးခဲ့၏ ။ အတိတ် ဘာရေးရမှန်း မသိ၍ ဒီအတိုင်း ယူလာသည် ။ ထီလက်မှတ်နှင့်အတူ စိတ်ကူးများကို ပါ ယူလာခဲ့သည် ။
( ၁၀ )
မောင်ဇော်မြင့် အိမ်ပြန်ရောက်၏ ။ အငယ်ဆုံးသမီးကလေး တဝါးဝါး ငိုနေသည် ။ ဗိုက်နာတာလား ၊ သံထိုးလို့လား ၊ မအေ ဘာအစား မှားသလဲ ။ ညနေကျမှ လမ်းထိပ် ဆေးခန်းသွားပြမည် ။ သူ့မှာ ငွေနှစ်ဆယ့်သုံးကျပ် ရှိ၏ ။ သမီးကို လှမ်းကြည့်၏ ။ မည်းမည်းပိန်ပိန် ၊ ဗိုက်ပူနံကားကလေး နှင့် ထီဆိုင်တုန်းက သီချင်းသံကို သူသတိပြန်ရ၏ ။ မွေးနေ့မင်္ဂလာ ၊ မွေးနေ့မင်္ဂလာ ။ နာမည် မပေးရသေးသော သူ့သမီးလေး မွေးနေ့မင်္ဂလာပွဲ လုပ်မည် ။ တစ်ရပ်ကွက်လုံး ဒန်ပေါက်ထမင်း ကျွေးမည် ။ ဒူးယားနှင့် ရေခဲမုန့်ပါ ပါဦးမည် ။ နာမည် ။ ဒီကောင်မကို အခုထိ နာမည် မပေးရသေး ။ နာမည် ။ နာမည် ။ နာမည် ကောင်းကောင်းလှလှ ခေတ်ဆန်ဆန် ပေးရမည် ။ နာမည် ကြားဖူးသမျှ ဗဟုသုတရှိ သမျှ ၊ နာမည် ၊ နာမည် ။
( ၁၁ )
မောင်ဇော်မြင့်သည် သူ့သမီးလေးကို မမသူဇာဖြူပြာကလျာနွဲ့နှင်းဖြူ ... ဟု စိတ်ထဲက နာမည်ပေးလိုက်၏ ။
( ၁၂ )
ဒါပဲ တတ်နိုင်တယ် သမီးရယ် ။
▢ ဇော်ဇော်အောင်
📖 ဝတ္ထုတိုပေါင်းချုပ် ( အပိုင်း - ၁ )

No comments:
Post a Comment