❝ ကောက်ရိုး ၊ မီးသွေးခဲ နှင့် ပဲစေ့ကလေး ❞
( ပုံပြင် )
တရံရောအခါ ရွာတစ်ရွာ၌ အဘွားအို တစ်ယောက် ရှိလေ၏ ။ တစ်နေ့သ၌ အဘွားအိုသည် ပဲစေ့များကို ကောက်လာပြီးလျှင် ချက်မည်ပြုလေ၏ ။ သူသည် ပဲစေ့များကို ချက်ရန် အိုးထဲသို့ လောင်းချလိုက်သောအခါ ပဲစေ့တစ်စေ့သည် အိုးအပြင် ဘက်သို့ စင်ထွက်သွားလေ၏ ။ အဘွားအိုသည် အိုးကို မီးဖိုတွင် တည်ပြီးလျှင် မီးတောက်လာစေရန် ကောက်ရိုး တစ်ဆုပ်ကို ယူ၍ မီးဖိုထဲသို့ ထည့်လိုက်လေ၏ ။ ထိုအခါ ကောက်ရိုးဆုပ် ထဲမှ ကောက်ရိုး တစ်ချောင်းသည် မီးဖိုထဲသို့ မကျဘဲ အပြင်ဘက်သို့ လွင့်ထွက်လာလေ၏ ။ ထို့နောက် မီးဖိုထဲသို့ ထည့်ထားသော ကျောက်မီးသွေး တစ်ခဲကလည်း အပြင်ဘက်သို့ ခုန်ထွက်လာပြန်လေ၏ ။
ပဲစေ့ ၊ ကောက်ရိုး နှင့် မီးသွေးခဲ တို့သည် အပြင်ဘက်၌ တွေ့ဆုံကြ၍ ပဲစေ့က “ မိတ်ဆွေတို့ ၊ ကျုပ်တော့ အဘွားအိုရဲ့အိုးထဲမှာ အပူမခံရတော့ဘူး၊ ကျုပ်မိတ်ဆွေ ပဲစေ့များ မှာတော့ မီးပူခံရလို့ သူတို့ အရေခွံတွေ အားလုံး ကွဲအက်ပြီး သေကုန်ကြရတော့မှာပဲ ၊ ကျုပ်သာ ကံကောင်းလို့ လွတ်ထွက်လာရတာ ” ဟု ပြောလေ၏ ။ မီးသွေး ကလည်း “ ကျုပ်လည်း ခင်ဗျားလိုပါပဲ၊ မီးဖို ထဲမှာ နေရင် တစ်ခါထဲ ပြာဖြစ်ပြီး လွင့်ရမှာ၊ အခုတော့ ကံကောင်းတာပဲ ” ဟု ပြောလေ၏ ။ ထိုအခါ ကောက်ရိုးကလည်း “ ဟုတ်တာပေါ့ ၊ ကျုပ်လည်း အဘွားအိုရဲ့ မီးဖိုထဲမှာ မီးအမြိုက် မခံရဘဲ လွတ်လာခဲ့တယ် ၊ ကဲ ... ကျုပ်တို့ သုံးယောက် ကံတူအကျိုးပေး ဖြစ်ကြလို့ စုပေါင်းပြီး သွားကြရင် ကောင်းမယ်၊ လာ သွားကြပါစို့ ” ဟု ဆိုကာ ခရီး ထွက်လာခဲ့ကြလေ၏ ။
သူတို့သည် လျှောက်လာကြရာ မကြာမီ လမ်းကို ဖြတ်၍ စီးဆင်းနေသော ချောင်းကလေး တစ်ချောင်းကို မြင်ကြလေ၏ ။ ထိုအခါ သူတို့သည် ချောင်းကို မည်ကဲ့သို့ ဖြတ်ကူးရမည်ကို မသိ၍ တိုင်ပင်ကြလေ၏ ။ ကောက်ရိုးသည် သူ၏ မိတ်ဆွေများအား “ မိတ်ဆွေတို့ အတွက် ကျုပ်ကပဲ ချောင်းကို ဖြတ်ပြီး တံတားအဖြစ် လုပ်ပေးပါ့မယ် ” ဟု ဆိုကာ သူ့ကိုယ်ကို ချောင်း တစ်ဖက်ကမ်းမှ တစ်ဖက်ကမ်းသို့ ဖြတ်၍ တံတား အဖြစ် လှဲပေးလိုက်လေ၏ ။ ထိုသို့ ပြုလုပ်ပေးသဖြင့် ရှေးဦးစွာ မီးသွေးခဲသည် အလောတကြီးဖြင့် ကောက်ရိုးတံတားပေါ်သို့ နင်းဖြတ်၍ လျှောက်လာရာ အလယ်သို့ ရောက်လာလေ၏ ။ သူသည် တံတား အလယ်သို့ ရောက်သောအခါ တံတား အောက်၌ စီးနေသော ရေအလျဉ်ကို မြင်ရလေ၏ ။ သူသည် ရေစီးနေသည်ကို မြင်ရ၍ ကြောက်လန့် လာပြီးလျှင် ကောက်ရိုးတံတား ပေါ်မှ အောက်သို့ လိမ့်ကျ သွားလေ၏ ။ ထိုအခါ ကောက်ရိုး ကလည်း မီးသွေးခဲ နှင့် အတူပင် ရေထဲသို့ ထိုး၍ ကျကာ ရေစီးထဲတွင် မျောပါသွားလေ၏ ။
ထိုသို့ မိတ်ဆွေနှစ်ဦး ရေထဲသို့ ရုတ်တရက် လိမ့်ကျသွားသည်ကို တစ်ဖက်ကမ်းမှ တွေ့မြင်လိုက်ရသော ပဲစေ့သည် သူတို့ ကဲ့သို့ ကြောက်လန့်ခြင်း မဖြစ်လာဘဲ ရယ်ချင်စိတ်ဖြစ် ပေါ်လာ၍ ပြင်းထန်စွာ ရယ်လေ၏ ။ ထိုသို့ မရပ်မနား ရယ်နေရာ မကြာမီ သူ့ကိုယ်မှ အရေခွံတို့သည် ကွဲအက်လာလေ၏ ။ ထိုသို့ ပဲစေ့ကလေး ရယ်မော၍ အရေခွံ အက်နေသည်ကို လမ်းလျှောက် လာနေသော လူတစ်ယောက်က မြင်ရလေ၏ ။ ထိုလူလည်း ပဲစေ့ကလေး အနီးသို့ ရောက်လာ၍ သေချာစွာ ကြည့်လိုက်ရာ အရေခွံ အက်နေသည်ကို သိရလေ၏ ။ သူသည် အပ်ချုပ်သမားတစ်ယောက် ဖြစ်လေ၏ ။ ထို့ကြောင့် သူ၏ အပ်ဖာကလေး ထဲမှ အပ်ချည် နှင့် အပ်ကို ထုတ်လိုက်ပြီးလျှင် အက်နေသော ပဲစေ့၏ အရေခွံကို ပြန်၍ စေ့ကာ ချုပ်ပေးလိုက်လေ၏ ။
ထိုနေ့မှစ၍ ပဲစေ့များတွင် အပ်ချုပ်သည် ချုပ်ပေး လိုက်သော အကြောင်းအစင်း ကလေးများ ပါရခြင်းသာ ဖြစ်လေသတည်း ။
( ဘာသာပြန် )
〇 နုယဉ်
📖ရှုမဝ မဂ္ဂဇင်း
၁၉၆ဝ ၊ အောက်တိုဘာ
No comments:
Post a Comment