❝ ကိုရွှေထန်း ❞
ချင်းပြည်နယ်မှာ ရှိတဲ့ နတ်မတောင်ကို တက်ပြီး ပြန်ဆင်းလာခဲ့တော့ တောင်ခြေစခန်းမှာ အထမ်းသမားခေါင်းဆောင် ကိုရွှေထန်း ကို ကျွန်တော် တွေ့ပါတယ် ။
ကျွန်တော်က တောင်ခြေစခန်း မှာ ရှိတဲ့ အထမ်းသမားတွေ ၊ လမ်းပြတွေ ၊ ကားသမားတွေကို စပ်စပ်စုစု စကား သွားပြောတယ် ။ ကျွန်တော် သုံးယောက်မြောက် စကားပြောမိသူက ပြင်သစ် ဧည့်သည်တွေနဲ့ ပါလာတဲ့ ကိုရွှေထန်း ပါပဲ ။ သူ့ရဲ့ ခိုင်ခံ့တဲ့ မေးရိုးနဲ့ မျက်နှာသွင်ပြင်ရယ် ၊ လေသံဝဲဝဲရယ်က ချင်းတိုင်းရင်းသား တစ်ဦးမှန်း သိသာစေတယ် ။
ကိုရွှေထန်း က အသက် ၃၈ နှစ်ရှိပြီ ။ နတ်မတောင်ကို တက်ခဲ့တဲ့ အခေါက်ပေါင်းက ခေါက်ရေ ၅ဝဝဝ ကျော်လောက် ရှိပြီတဲ့ ။ ပထမဆုံး အခေါက် တက်ခဲ့တဲ့ အကြောင်းကို မေးတော့ သူ့အသက် ၁၅ နှစ် အရွယ်မှာ သစ်ခွပန်း ရှာရင်းနဲ့ ရောက်သွားတာလို့ ဆိုတယ် ။ ကျွန်တော်က သူနဲ့ ပိုပြီး ရင်းနှီးလာအောင် -
“ သစ်ခွပန်းက ရောင်းဖို့လား ၊ ကောင်မလေး ပေးဖို့လား ”
မေးတော့ သူက ရယ်တယ် ။
“ ရောင်းတာပါ ။ တရုတ်တွေက ဝယ်တယ် ။ ကောင်မလေးကတော့ ကျွန်တော့် အသက်က ငယ်သေးတော့ မပေးတတ်သေးဘူး ”
ပြောပြီး သူ ရယ်နေတယ် ။
အဆင်ပြေချင်တော့ သူ့ဧည့်သည် ပြင်သစ်တွေ ကလည်း ကျွန်တော် တည်းတဲ့ နတ်မတောင် တောင်တက်လမ်း ဘေးက Pine Wood Villa ( ထင်းရှူးတောရိပ်သာ ) ဟိုတယ်မှာပဲ တည်းနေတာမို့ ညနေ အလုပ်ပြီးချိန်မှာ စကားပြောရအောင်လို့ ကိုရွှေထန်း ကို ကျွန်တော် ချိန်းဆို လိုက်တယ် ။
သူ ပြန်ရောက်လာတော့ ဟိုတယ်ရှေ့က သစ်ခွပန်းရုံကလေးဘေးမှာ ကျွန်တော်တို့ ထိုင်ကြတယ် ။ ရာသီဥတုက အေးမြပြီး နှင်းမှုန်တွေ တဖွဲဖွဲ ကျနေပါတယ် ။ တောင်ခြေလမ်းကလေးလေးမှာ ထင်းရှူးပင်တွေကို နှင်းဖြူဖြူတွေ ဖုံးအုပ်စပြုပြီ ။
သူ့နားမှာ နားပေါက်တွေ တွေ့လို့ -
“ ငယ်ငယ်က နားကပ် ပန်ခဲ့တာလား ”
ကျွန်တော်က မေးတော့ -
“ အေး နားကပ်က တုတ်ချောင်းလေးတွေနဲ့ ပြောင်းဖူးရိုး ထည့်တဲ့အခါ ထည့်တယ် ”
လို့ ပြောပြီး သူ ပြုံးနေတယ် ။ ကျွန်တော်က သူ့မိသားစု ဘဝကို စမေးတယ် ။
“ ကျွန်တော့် အဖေက ဦးနိုင်းရွှေ ၊ အမေ့ နာမည်က ဒေါ်လောလီ ။ မင်းတပ်မြို့နယ် မရှိသောအုပ်စု ရှင်းရွာမှာ ကျွန်တော် မွေးတယ် ။ ရွာက မင်းတပ် နဲ့ ၁၂ မိုင်ဝေးတယ် ”
ရာသီဥတုက အေးတော့ ကျွန်တော်တို့ နှစ်ယောက် စကား ပြောလိုက်ရင် နှုတ်ဖျားက အငွေ့တွေ မှုတ်ထုတ်သလို ထွက်နေတယ် ။ သူက ဟိုအဝေးက ထင်းရှူးတော စိမ်းမြမြကို ငေးကြည့်ရင်း သူ့ဘဝ အကြောင်းကို ပြောပြတယ် ။
“ အဖေက တောင်ယာ စိုက်ပျိုးရေးလုပ်တာ ။ အဖေက မိန်းမယူတာ များတော့ ကလေးတွေက များတယ် ။ ၂၃ ယောက် ရှိတယ် ။ အဖေက မိန်းမသုံးယောက် ယူတယ် ။ အမေက ဒုတိယမိန်းမ ။ ကျွန်တော်က အမေ မွေးတဲ့ သားသမီးတွေ ထဲမှာ နံပါတ်လေး ။ အဖေက ဟိုသွား ဒီသွားနဲ့ ၊ အမေ ကပဲ ကျွန်တော့် အတွက် အဓိကကျတယ် ”
“ ကျောင်းနေတော့ကော ”
“ ကလေးတွေ များတော့ ကျွန်တော် ခုနစ်နှစ်မှ ကျောင်းစ နေရတာ ။ ရွာကျောင်းမှာ လေးတန်း အထိ နေတယ် ။ လေးတန်း အောင်တော့ မင်းတပ်မြို့ကျောင်းမှာ ဆက်နေရတယ် ။ အမေက တောင်ယာလုပ်တယ် ။ သောကြာနေ့ ညနေ ကျောင်းဆင်းပြီ ဆို ရွာကို အပြေးပြန် ၊ စနေနေ့မှာ အမေ့ တောင်ယာလုပ်ငန်းတွေ ကူလုပ်တယ် ။ တနင်္ဂနွေနေ့ကျ ပြောင်းဖူးတွေ ထောင်းရတယ် ။ တနင်္ဂနွေနေ့ ညဆို ကျောင်းနေဖို့ မင်းတပ် ပြန်ရတယ် ”
“ ကျောင်းစရိတ်ကော ”
“ အဖေက လိမ္မော် ၊ ပန်းသီးရောင်းတဲ့ အချိန်ကျ ပေးတယ် ။ အမေက ကြက် တအား မွေးတယ် ။ ကြက်ဥတွေ ရောင်းပြီး ပေးတယ် ”
“ နတ်မတောင် ကို စတက်ခဲ့တဲ့ အကြောင်း ပြောပါဦး ”
“ တောင်ခြေကို ရွာက မုဆိုးတွေနဲ့ လိုက်သွားဖူးတယ် ။ သူတို့ တောလိုက်တဲ့ အခါ လိုက်သွားတာ ။ ငှက်တွေ ဘာတွေက အဲဒီဘက်မှာ ပေါတာ ။ ကျွန်တော့် အစ်ကိုက ကန်ပက်လက် စိုက်ဘဏ်မှာ အကြီးတန်းစာရေး ဖြစ်ပြီး လခက ကိုးရာကျော် ရတယ် ။ လခနဲ့ မလောက်တော့ သစ်ခွပန်း ရှာတယ် ။ သစ်ခွပန်းကို တရုတ်တွေ လာဝယ်တယ် ။ မန္တလေးက လာဝယ်တာ ။ တစ်ပိဿာ အခုအချိန် ( ကျပ် ) ၂၀၀၀၀ တန်တွေက အဲဒီအချိန်မှာ တစ်ပိဿာ ( ကျပ် ) ၅၀ ပဲရှိတယ် ။ ဒီဇင်ဘာ ကျောင်းပိတ်ရင် သွားကူရတာ ။ တတ်နိုင်တဲ့ဘက်က အစ်ကိုကို ကူမယ် ဆိုပြီး ဝိတိုရိယတောင် ( နတ်မတောင် ) ကို ကျွန်တော် ၁၅ နှစ်သားလောက်မှာ စရောက်တာ ။ မင်းတပ်နဲ့ မိုင်အစိတ် ( ၂၅ မိုင် ) ကျော် ဝေးတယ် ”
သူတို့ဒေသက နတ်မတောင်ကို ဟိုရှေးက အခေါ် ဝိတိုရိယတောင် ဆိုတာပဲ နှုတ်ကျိုးနေတာ တွေ့ရတယ် ။
“ ကျွန်တော် ကိုးတန်းနှစ် ၊ ၁၉၉၂ ခုမှာ အမေဆုံးတယ် ။ ကျွန်တော် ကိုးတန်းစာမေးပွဲ ဖြေပြီးတော့ မိုင်းရှူးကို အလုပ်သွားလုပ်တယ် ။ ကျောက်သွားတူးတာ ။ ကျွန်တော်က မိုင်းရှူး သွားချင်တယ် ပြောတော့ အဖေက နွားနောက် တစ်ကောင် ရောင်းပြီး ပေးလိုက်တာ ။ မိုင်းရှူးမှာ နှစ်နှစ် နီးပါးလောက် ကြာတယ် ”
“ အဆင်ပြေခဲ့လား ”
“ မပြေဘူး ။ နွားနောက်မကြီး တစ်ကောင် ( ကျပ် ) ၅၀၀၀ တုန်းက ၂၀၀၀ လား မသိဘူး ။ ကျောက်ရတာနဲ့ ကျွန်တော်မင်းတပ် ပြန်ခဲ့တယ် ။ လမ်းမှာ ဓားပြတိုက်တာပဲ ။ လဲချားဟိုဘက်မှာ ကားတွေကို တန်းစီပြီး ဓားပြတိုက်တာ ။ ကံကောင်းချင်တော့ ရတနာမွန် မဂ္ဂဇင်းထဲမှာ ကျွန်တော်ဖတ်ဖူးတဲ့ ဂါထာ ၊ ဗုဒ္ဓံသရဏံဂစ္ဆာမိ အဲဒါ ပြောင်းပြန် ရွတ်ရမယ် ဆိုတာ ဖတ်ဖူးတာနဲ့ တစ်ချိန်လုံး အဲဒါပဲ ရွတ်နေတာ ”
“ ဓားပြလက်က လွတ်သလား
“ ဓားပြက ရွှေကြိုးတွေ လက်စွပ်တွေ ပါတာ မှန်သမျှ ချွတ်ယူတယ် ။ လယ်သာဂျာကင်လို အင်္ကျီအကောင်းတွေကို ချွတ်ယူတယ် ။ ကျွန်တော်က ပိုက်ဆံကို ခြေအိတ် ထဲမှာလည်း ဝှက်ထားတယ် ။ ပိုက်ဆံတွေ တစ်ကိုယ်လုံးမှာ နည်းနည်း နည်းနည်း ခွဲဝှက်ထားတာ ။ ဒါကြောင့် ဓားပြလက်ထဲ ပါမသွားဘူး ”
“ မင်းတပ် ပြန်ရောက်တော့ ဘာဆက် လုပ်သလဲ ”
“ အိမ်ပြန် ရောက်တော့ အဖေ့ကို CASIO နာရီတစ်လုံး ဝယ်ပေးတယ် ။ ( ကျပ် ) ၉၀၀ လားမသိဘူး ပေးရတယ် ။ ပြီးတော့ ကိုးတန်း ပြန်တက်တယ် ”
“ ကိုးတန်း မအောင်ဘူးလား ”
“ ကျွန်တော်က ပိုက်ကျော်ခြင်း ခတ်တာလည်း နည်းနည်း များသွားတယ် ။ မိဘက အဆင်မပြေတော့ ပေတဲ့ နေရာ နည်းနည်း ပါသွားပြီး ( ပြုံးလျက် ) ကိုးတန်း ကျတယ် ။ ဒါနဲ့ မိုင်းရှူးက ပြန်လာတော့ ကိုးတန်းတစ်နှစ် ပြန်နေရတယ် ။ ကိုးတန်း အောင်တော့ ဆယ်တန်း ဆက်တက်တယ် ”
“ နတ်မတောင်နဲ့ ပတ်သက်ပြီး အလုပ်လုပ်ဖြစ်ပုံလည်း ပြောပါဦး ”
“ ကျွန်တော် ဒီလုပ်ငန်းကို လက်ဝှေ့ ထိုးတတ်လို့ရတာ ။ အမျိုးသမီးနဲ့ အိမ်ထောင်ကျတာလည်း လက်ဝှေ့ထိုးတတ်လို့ပဲ ။ ဟာသတော့ နည်းနည်း ဆန်တယ် ”
“ ပြောပြပါဦး ”
“ ကျွန်တော် လက်ဝှေ့ထိုးတယ် ။ အသက် ၂၇ နှစ်မှာ နည်းပြဖြစ်တယ် ။ ၂ဝဝ၁ ခုနှစ်မှာ ဝိတိုရိယ လက်ဝှေ့ကလပ်အသင်းကို ထူထောင်တယ် ။ ကျွန်တော့် ယောက်ဖလောင်း ၊ သူ့အစ်ကိုက လက်ဝှေ့ သင်ချင်တယ်တဲ့ ။ ကျွန်တော် လက်ဝှေ့သာ မကစားခဲ့ဘူးဆိုရင် ခုအချိန်အထိ အိမ်ထောင်မှ ကျပါ့မလားမသိဘူး ။ လက်ဝှေ့ ဖူးစာပေါ့ ”
သူက ပြောရင်း ရယ်ပါတယ် ။
“ ကိုယ်က ဆရာ ဆိုတော့ သူ့အိမ်မှာ ထမင်းစား ၊ သောက်လည်း သောက်တတ်တော့ ခေါင်တွေဘာတွေ ထည့်ပေး ။ နီးစပ်တော့ ရယ်စရာလိုလို ဘာလိုလိုနဲ့ နောက်ဆုံးကျ ရဖြစ်သွားတာပေါ့ ”
“ လုပ်ငန်းအကြောင်းကော ”
“ ၁၉၉၈ ခုမှာ ဆိုင်းထရာဗဲလ်ကို လမ်းပြလုပ်ပေးတယ် ။ လုပ်ရည်ကိုင်ရည်နဲ့ သဘောကျပြီး သူတို့က ကွန်ပျူတာ တတ်သလား မေးတယ် ။ ကွန်ပျူတာကို ဗီဒီယို ထဲမှာတော့ တွေ့ဖူးတယ်လို့ ။ အင်္ဂလိပ်စကား ရသလားတဲ့ ၊ အေတူဇက် တော့ ရတယ်လို့ ပြောလိုက်တယ် ။ မေးတဲ့လူကြီးက ကရာတေးသမား ။ အားကစား ဘာဖြစ်လဲ မေးတော့ ပြည်နယ်တိုင်း လက်ဝှေ့ လက်ရွေးစင်ပဲ ပြောတော့ မင်းရဲ့ လုပ်ရည်ကိုင်ရည် သဘောကျတယ် ၊ ရန်ကုန် ရောက်ရင် လာတွေ့ပါတဲ့ ။ ၁၉၉၈ - ၉၉ မှာ လက်ဝှေ့နဲ့ ရန်ကုန် သွားရင်း သွားတွေ့တော့ ဘိုးတော်က တစ်လ သုံးထောင်နဲ့ ခြောက်လ ခန့်တယ် ”
“ ဘာတာဝန်လဲ ”
“ အထမ်းသမား ခေါင်းဆောင်ပေါ့ ၊ ထမ်းစရာတော့ မလိုဘူး ။ ကြိုးစားတော့ လခစား ခန့်တယ် ။ ဘိုးတော်တို့ ကျေးဇူးအများကြီး တင်တယ် ”
ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အမှောင်ရိပ်က လွှမ်းမိုးလာတယ် ။ ဟိုတယ်က မီးစက်မောင်းပြီး မီးတွေ ထွန်းတယ် ။ မီးသီးလုံးလေးတွေ နှင်းမှုန်ကြားမှာ ဝေဝေဝါးဝါး လင်းနေပါတယ် ။
“ ကျွန်တော် ပိုက်ဆံရလာတော့ ဒဏ်မခံနိုင်လို့လား မသိဘူး ၊ တော်တော်ကို ပျက်စီးသွားသေးတယ် ”
“ ဘာတွေ လုပ်သလဲ ”
“ ပိုက်ဆံ ရှိလာတော့ မင်းတပ်မှာ တည်းခိုခန်း တစ်လုံး ဆောက်တာ ၊ ပြီးခါ နီးနေပြီ ။ ဘိုထိုင်အိမ်သာ ၁၀ လုံး တည်းခိုခန်းမှာ တပ်ဖို့ အသစ်ဝယ်လာတာ ။ တအား အရက် သောက်တတ်လာတော့ ဘိုထိုင် အိမ်သာတွေကို ပြန်ရောင်း ၊ တည်းခိုခန်းပါ ပြန်ဖျက်ရောင်း ၊ ပျဉ်တွေတိုင်တွေပါ ပြန်ဖျက်ရောင်း ။ ပျဉ်က ဆယ်တန် ၊ အချောင်းလိုက် ပြန် ရောင်းပြီး အရက်သောက် ပစ်တာ ။ ဘဝကို သုညအဆင့် ရောက်အောင် ကျွန်တော် ပြန်နေတာ ”
ကိုရွှေထန်း က ပြောရင်း ရယ်တယ် ။
“ ကျွန်တော်က ရတဲ့ ပိုက်ဆံ အိမ်ယူ မသွားဘဲ သူငယ်ချင်းတွေနဲ့ သောက်စား ၊ သုံးဖြုန်းနေတာ ။ တစ်ညမှာ ကစားရင်း ငွေလိုလို့ သူငယ်ချင်း တစ်ယောက်ဆီက ချေးတယ် ။ သူက သူများ ချေးဖို့မပါဘူး ။ ငါ့ အိမ်အတွက် ဆန်ဝယ်ဖို့တော့ ပါတယ်တဲ့ ”
သူက ပြောလက်စ စကားကို ရပ်ပြီး အမှောင်ထုထဲကို ငေးကြည့်နေတယ် ။ ကျွန်တော်တို့ ရောက်နေတဲ့ ထင်းရှူးတောရိပ်သာဟိုတယ်က ကန်ပက်လက်မြို့ အထက် လေးမိုင်လောက် ဝေးတဲ့ တောင်ပေါ်လမ်းကလေး နံဘေးမှာ ရှိတယ် ။ အသံတွေက တိတ်ဆိတ် နေပါတယ် ။ ပုရစ်အော်သံလို အသံတောင်မှ မကြားရဘဲ ပကတိ တိတ်ဆိတ်မှုသာ ကြီးစိုးနေတယ် ။
“ ကျွန်တော့်ကို အယုံအကြည် မရှိလို့ ပိုက်ဆံ မချေးတာ ။ စိတ်ဓာတ်ကျပြီး မိန်းမကို သိမ်းခိုင်းထားတဲ့ ငွေတစ်သိန်း ပြန်တောင်းတယ် ။ ခြောက်ရက်နဲ့ ခြောက်ည လုံးလုံး အပြင်မထွက်ဘဲ သူငယ်ချင်းတွေနဲ့ အရက်ကို အသေသောက်တယ် ။ ခြောက်ရက်ပြည့်တဲ့ နေ့က စပြီး အရက်ကို အေးအေးဆေးဆေး ရှောင်ပစ်လိုက်တာ ”
“ ဘယ်ဆိုးလို့လဲ ”
“ ခုတော့ ကလေးတွေလည်း ရှိလာတာ တစ်ပိုင်း ၊ အသက်အရွယ်လည်း ပြန်ချိန်တော့ မနက်ဖြန် သန်ဘက်ခါလည်း လူက သေနိုင်တာ တစ်ပိုင်းမို့ ဆင်ခြင်ရပြီလေ ”
“ ခုကော အဓိက အလုပ်က ဘာလဲ ”
“ ဖော်ရိန်နာတွေကို လမ်းပြပေးတယ် ။ နောက်ပြီး ခြေလျင်နဲ့ တောင်တက် အသင်းတွေ လာရင်လည်း ကျွန်တော်ပဲ လမ်းပြပေးတယ် ”
“ ဖော်ရိန်နာတွေနဲ့ ပတ်သက်ပြီး အမှတ်ရနေတာ တစ်ခုလောက် ပြောပါဦး ”
“ မင်းတပ် ခေါ်နူးရိပ်သာမှာ ဖော်ရိန်နာက ပစ္စည်း မေ့ကျန်ခဲ့တာ ။ ဝိတိုရိယ ( နတ်မ ) တောင်ခြေ ရောက်မှ သတိရတယ် ။ အဲဒီညက တောင်ပေါ်မှာ အိပ်မှာ ၊ နောက်နေ့ ညောင်ဦးကို ဆင်းမယ် ၊ သန်ဘက်ခါဆို ဘန်ကောက် ပြန်ထွက်မှာတဲ့ ။ အချိန်မီဖို့ မလွယ်တော့ဘူး ။ ဒါနဲ့ အသွားအပြန် နာရီခြောက်ချက် နဲ့ မင်းတပ် ကို ပြေးယူ ပေးမယ်လို့ ”
“ နာရီခြောက်ချက် ဆိုတာ ခြောက်နာရီလား ”
“ ဟုတ်တယ် ။ ခြောက်နာရီနဲ့ အသွားအပြန် မာရသွန် ပြေးပြီး ယူပေးတာ ။ ( ရယ်လျက် ) သေးပေါက်ချင်ရင်တောင် လမ်းလျှောက်ရင်းနဲ့ ပေါက်ရတာ ။ ည ၁၂းဝဝ နာရီ တောင်ပေါ် ပြန်ရောက်ပြီး သူ့ပစ္စည်းကို ပေးနိုင်တယ် ။ အဲဒါ ပထမဆုံး အခေါက် အခက်အခဲ ရှိသူကို ကူညီတာပဲ ”
⎕ ကျော်ရင်မြင့်
📖ဘဝဇာတ်ခုံ အဖုံဖုံ

No comments:
Post a Comment