❝ သူ့အကျိုးဆောင် ကိုယ့်အကျိုးအောင် ❞
( ပုံပြင် )
ရှေးသရောအခါ တရုတ်ပြည်ကြီး၏ ရွာတစ်ရွာတွင် အဘိုးအို တစ်ယောက်ရှိ၏ ။ ထို အဘိုးအိုတွင် သားသုံးယောက် ရှိ၏ ။ မောင်ကြီး ၊ မောင်လတ် တို့သည် အလွန် ယုတ်မာကောက်ကျစ်စဉ်းလဲကြ၏ ။ သို့သော် မောင်ငယ်မှာ အလွန် ရိုးသားဖြောင့်မတ်၍ တစ်ပါးသူကို ကူညီ ရိုင်းပင်းတတ်၏ ။ အစ်ကို နှစ်ယောက်တို့သည် မောင်ငယ်အား လူနုံလူအ ဟု ပြောင်လှောင်ကြ၏ ။ စင်စစ်မှာမူ မောင်ငယ်သည် လူနုံလူအ မဟုတ်ပေ ။ ရိုးသားမှု အရင်းခံသော စိတ်သဘောရှိသည့် လူငယ်ဖြစ်၏ ။ မောင်ကြီးနှင့် မောင်လတ် တို့သည် မောင်ငယ်အား နှောင့်ယှက်အနိုင်ကျင့်ကြ၏ ။ မောင်ငယ် မည်သို့ပင် ကောင်းသောအလုပ်ကို လုပ်စေကာမူ သူတို့က မနှစ်မြို့မနာလိုကြပေ ။
တစ်နေ့သောအခါ ခရီးသည် တစ်ယောက်၏ ငွေအိတ် ကျကျန်ရစ်ခဲ့သည်ကို မောင်ငယ် ကောက်ရမိသဖြင့် မြင်းကို လျင်မြန်စွာ စီး၍ ဥစ္စာရှင်ကို နေဝင်သည် အထိ လိုက်လံရှာဖွေ၍ ပြန်ပေး၏ ။ အစ်ကို နှစ်ယောက်တို့ သိကြသောအခါ မောင်ငယ်အား သူ့လောက် နုံအသောသူ လောက၌ မရှိ ။ ကောက်ရသော ငွေကိုပင် မယူဘဲ မိမိနှင့် မြင်းကိုပါ အမောခံ၍ ပြန်ပေးရသလော ဟု ဆဲဆိုကြသေး၏ ။ သို့သော် မောင်ငယ်ကား ဂရုမစိုက် ။
နောက်တစ်ကြိမ်၌မူ သူခိုးတစ်ယောက်သည် သူတို့အိမ်သို့ လာခိုးရာ မောင်ငယ်က သူခိုးကို ဖမ်းမိလေ၏ ။ ထိုသူခိုးလည်း တုန်ရီစွာဖြင့် ဒူးထောက်ပြီး ...
“ ကျွန်တော့်ကို ချမ်းသာပေးပါဗျာ ၊ ကျွန်တော် ခိုးချင်လို့ ခိုးတာ မဟုတ်ပါဘူး ၊ ကျွန်တော်တို့ တစ်အိမ်သားလုံး ငတ်ပြတ်နေလို့ မလွှဲသာဘဲ ... ” ဟူ၍ စကားပင် ပြောမဆုံး သေးမီ မောင်ငယ်က “ ကဲ ... ကဲ ... ဒီတစ်ခါတော့ လွှတ်လိုက်မယ် ၊ နောက်ကိုလည်း ဒီလို မလုပ်နဲ့ တော့ ” ဟု သနားကရုဏာသက်မိသဖြင့် သူခိုးကို လွှတ်လိုက်လေ၏ ။
မောင်ကြီးတို့ သိကြသောအခါ မောင်ငယ်အား ဝိုင်းရိုက်ကြပြီး “ မင်း အခုချက်ချင်း ထွက်သွား ၊ တို့ မင်းနဲ့ ရေရှည် ပေါင်းမနေနိုင်တော့ဘူး ။ မင်းက သူခိုးနဲ့ ပေါင်းပြီး တို့ကို ကြံတာ မဟုတ်လား ” ဟု မဟုတ်တရား ယိုးစွပ် အော်ငေါက်ဆဲရေး၏ ။
ဖခင်အိုကြီးသည် မောင်ကြီး ၊ မောင်လတ်တို့၏ အော်ငေါက် တိုင်းထွာသံကို ကြားသဖြင့် ဒေါသကို မချုပ်ထိန်းနိုင်တော့ဘဲ တဲထဲမှ ထွက်လာပြီး သားငယ်အား ...
“ သား ၊ ငါ့သား ဘယ်မှ ထွက်မသွားနဲ့ ၊ သား နေစရာ ဒီတဲက လွဲရင် ဘယ်မှာ ရှိဦးမလဲ ၊ သူတို့ကိုလည်း ငါ့သား ဂရုမစိုက်နဲ့ ၊ တိရစ္ဆာန်တွေ ” ဟု ဖျောင်းဖျ၏ ။ သို့သော် မောင်ငယ်က ဖခင်ကြီးအား ...
“ ကျွန်တော့်အတွက် မပူပါနဲ့ အဖေရယ် ၊ ဒီအိမ်က ကျွန်တော် ထွက်သွားချင်တာကြာပါပြီ ၊ အနောက်ဘက်က တောင်ကြီးပေါ်မှာ နတ်မင်းကြီးတစ်ပါး ရှိတယ်လို့ ပြောကြတယ် ၊ ကျွန်တော် အဲဒီ သွားပြီး နတ်မင်းကြီးကို ကျွန်တော် ဘာဖြစ်လို့ ဒါလောက် ဆင်းရဲရသလဲ ၊ ဘယ် လိုလုပ်ရင် ချမ်းသာနိုင်မလဲ ” လို့ သွားမေးမယ် ၊ စကားဆုံးသည်နှင့် မောင်ငယ်သည် ဖခင်ကို အရိုအသေပြု၍ ကြာရှည်ခံနိုင်သော ဂျုံနှင့် ပြုလုပ်ထားသည့် မုန့်ခြောက်အနည်းငယ် ရှာဖွေယူကာ နှုတ်ဆက်ထွက်သွားလေတော့၏ ။
မည်မျှကြာအောင် လျှောက်၍ မည်မျှ ခရီးပေါက်လာသည် မသိ ။ ရွာတစ်ရွာသို့ ရောက် သောအခါ ထိုရွာ၏ သစ်ပင်ပန်းပင်တို့မှာ အရွက်ပင် မရှိ ။ သစ်ကိုင်းတို့သည် ခြောက်သွေ့ ဝါရော်ပြီး နွား ၊ ဆိတ် စသည့် သတ္တဝါတို့သည်လည်း မျက်စိစင်း၍ မြေပေါ်၌သာ တုတ်တုတ်မျှ မလှုပ်ဘဲ လှဲနေသည့်ပြင် ရွာသားတို့ မှာလည်း အင်အားမရှိ ချိနဲ့သော ကိုယ်ခန္ဓာနှင့် အလုပ် မလုပ်နိုင်ဘဲ ရှိနေသည်ကို တွေ့ရ၏ ။ မောင်ငယ်သည် ရွာသားတို့ စုဝေးနေသည့် နေရာသို့ သွားကာ ဒီရွာမှာ ဘယ်လို ဒုက္ခနဲ့ ကြုံတွေ့နေရပါသလဲ ခင်ဗျာ ” ဟု မေး၏ ။ ရွာသားတို့သည် အားနည်းသော မျက်နှာနှင့် အသံတိမ်ကလေးဖြင့် “ ဒီရွာက စမ်းရေတွေ ခမ်းခြောက်ပြီး ရေဘေးနဲ့ တွေ့နေလို့ အသက် ကုန်ကြပါတော့မယ် ” ဟု ဖြေကြား၏ ။ ထိုသို့ကြားသိရသဖြင့် မောင်ငယ်သည် များစွာ ဝမ်းနည်းသွား၏ ။ ထို့နောက် မိမိသည် အနောက်ဘက် တောင်ကြီးပေါ်ရှိ နတ်မင်းကြီးထံ သွားမည်ဖြစ်ကြောင်း ၊ ကြုံကြိုက်သဖြင့် ဤရွာ၏ ဒုက္ခကို အဘယ်ကဲ့သို့ ကယ်ဆယ်ရမည်နည်းဟု မေးပေးမည် ဖြစ်ကြောင်း ကတိပေးခဲ့၏ ။
မောင်ငယ်သည် ရှေ့သို့ ခရီးဆက်ပြန်၏ ။ နေလည်း အတော် စောင်း၍ ခြေလည်း အတော် ညောင်းလာ၏ ။ သို့နှင့် တောင်ကမူကလေး တစ်ခုသို့ ရောက်လာ၏ ။ ထိုတောင်ကမူစာ ကလေးပေါ်တွင် တဲအိမ်ကလေး တစ်ခုရှိ၏ ။ ထိုတဲထဲမှ မိန်းမပျို တစ်ယောက် ထွက်လာ၏ ။ ၎င်း နောက်မှ မုဆိုးမကြီး တစ်ယောက် လိုက်ပါလာ၏ ။ မောင်ငယ်သည် နတ်မင်းကြီး အကြောင်း စုံစမ်းလိုသည်နှင့် ရှေ့သို့ ပြေးတက်၍ မိန်းမပျို ရှေ့တွင် ရပ်ကာ အရိုအသေပြုသောအားဖြင့် ခါးကိုကိုင်းလိုက်၏ ။ သို့သော် မိန်းမပျိုသည် အလေးမပြု ဂရုမစိုက်ဘဲ မှန်မှန်ဆက်လျှောက် သွား၏ ။ နောက်မှ မိန်းမကြီးသည် “ သူငယ် ၊ မယ်မယ့် သမီးကို ဗွေမယူပါနဲ့ကွယ် ၊ သနားစရာ ကလေးပါ ၊ မွေးကတည်းက မျက်စိစုံကွယ်ပြီး အလင်း မမြင်ခဲ့ရဘူး ” ဟု အားငယ်စွာ ပြောဆို ငိုချလိုက်၏ ။ မောင်ငယ် လည်း ကရုဏာ သက်မိပြီး အမယ်ကြီးအား နှစ်သိမ့်၏ ။ “ အားမငယ်ပါနဲ့ မယ်မယ် ၊ ကျွန်တော် အနောက်ဘက်က နတ်မင်းကြီး ဆီ သွားမလို့ ၊ မယ်မယ့်သမီး အတွက် ကုစားနည်း မေးပေးပါ့မယ် ” ထို့နောက် မောင်ငယ်သည် အမယ်ကြီးအား နတ်မင်းကြီး အကြောင်း သိပါသလားဟုမေးရာ “ မသိပါဘူးသူငယ် ” ဟု ဖြေကြားသဖြင့် နှုတ်ဆက် ထွက်ခွာခဲ့ရပြန်၏ ။
သို့နှင့်သာ ရက်အတော် ညောင်းခဲ့လေပြီ ။ မောင်ငယ်သည် မောလျှင်အိပ် ၊ နိုးလာ လျှင် တဖန် ခရီးဆက် ၊ ဆာလာလျှင် ပါလာသော ဂျုံဖြင့် ပြုလုပ်ထားသော မုန့်ခြောက်ကို စား ၊ သို့မဟုတ် သစ်သီးသစ်ဖုကို ခူးစား၍ ရေငတ်လျှင် စမ်းရေကို သောက်ရ၏ ။ မောင်ငယ်သည် စိတ်ပျက်စ ပြုလာ၏ ။ ယခုထက်တိုင် ဘယ်နတ်မင်း ကိုမှ မတွေ့ရသေး ။ ဘယ်တော့မှ တွေ့လိမ့် မည်နည်း ။ လှည့်ပြန်ရန်လည်း စိတ်ကူးမိ၏ ။ သို့သော် ရှေးလူကြီးများ၏ “ အနာခံမှ အသာစံရမည် ” ဟူသော စကားကိုလည်း သတိရလာသဖြင့် “ ဒါနတ်မင်းကြီးက ငါ့ကို ဇွဲရှိမရှိ စမ်းသပ်တာပဲ ” ဟုတွေးမိပြန်ကာ အားအင် အသစ်တဖန် တိုးလာပြီး လှဲနေရာမှ ထလိုက်ပြန်၏ ။
တောတောင်ကြီး ထဲတွင်ကျောက်ဆောင်ကျောက်ကမ်းပါးများ ထူထပ်လှ၏ ။ တစ်ခါတရံ တောတိရစ္ဆာန်တို့ ပြေးလွှား သွားသည် ကိုလည်း တွေ့ရသေး၏ ။ ထိုအချိန်မှာပင် ဖြူဖွေးသော မုတ်ဆိတ်မွေး ၊ ပါးသိုင်းမွေးများ ရှိသည့် အဘိုးအိုတစ်ဦးကို ရုတ်တရက် ခပ်လှမ်းလှမ်း၌ တွေ့သောအခါ မောင်ငယ် အားတက်သွား၏ ။ ထိုအဘိုးအိုသည် မောင်ငယ်အား “ ဒီလောက် နက်တဲ့ တောတောင်ကြီးထဲ ဘာကိစ္စနဲ့ လာသလဲ သူငယ် ” ဟု မေး၏ ။ မောင်ငယ်သည် “ ဧကန္တ ဒါ နတ်မင်းကြီးပဲ ” တွေးမိသည်နှင့် “ ရွာတစ်ရွာ က စမ်းချောင်းဟာ အလိုလို ခမ်းခြောက် သွားပြီး ရွာသားတွေ ရေဘေးဒုက္ခနဲ့ တွေ့နေတယ် ၊ နောက် မိန်းမပျို တစ်ယောက် မွေးကတည်းက မျက်စိ ကွယ်နေတယ် ၊ သူတို့ကို ဘယ်လို ကယ်ဆယ်နိုင်ပါသလဲ ” ဟု ရိုသေစွာမေး၏ ။ နတ်မင်းကြီး က “ ရေတွေကို အလိုလို ခမ်းခြောက်သွားတာကတော့ စမ်းရေ စီးဆင်းတဲ့ လမ်းတလျှောက် ကို သွားစစ်ဆေးကြည့် ၊ မိန်းမပျိုရဲ့ ကွယ်နေတဲ့ မျက်စိတွေ ကိုတော့ သူမရဲ့ ခင်ပွန်းလောင်းက သူမရဲ့ ဘယ်လက်ကို ထိတွေ့လိုက်ရင် သူမ အလင်း မြင်လာနိုင်ပါတယ် ။ တကယ်လို့ အခု ဖြေကြားတဲ့ စကားတွေကို မနက်ဖြန် နေမဝင်ခင် သူတို့ သိကြနိုင်မယ် ဆိုရင် ချမ်းသာရာရကြ မှာပဲ ” ဟု စိတ်ရှည်လက်ရှည်စွာ ဖြေကြားပြသ၏ ။ မောင်ငယ်သည် ထိုဒုက္ခသည်များ အချိန်မီ သိရှိနိုင်ရန်မှာ မိမိ တာဝန်ရှိကြောင်း သိ၏ ။ ထို့ကြောင့်ပင် နတ်မင်းကြီး ဖြေကြားပြီးသည်နှင့် တစ်ပြိုင်နက် မောင်ငယ်သည် ဝမ်းသာလွန်းသဖြင့် ကျေးဇူးတင်စကား ပြောကြားရန်ကိုပင် သတိ မရတော့ဘဲ အရှေ့ဘက်သို့ ဦးတည်၍ ပြေးလေ၏ ။ နောက်မှ “ ဟေ့ ... သူငယ်လိမ္မာ ၊ ဒီလောက် ဝေးတဲ့ ခရီးကို မင်း ဘယ်လိုလုပ် အချိန်မီ သွားနိုင်မလဲ ၊ မင်းကို ငါ မြင်းကောင်း တစ်ကောင် မစမယ် ” ဟူသော နတ်မင်းကြီး၏ စကားကြားမှ သတိရ လာပြီး လှည့်ကြည့်လိုက်ရာ နတ်မင်းကြီးကို မတွေ့ရတော့ဘဲ လျှပ်တစ်ပြက် အတွင်း သန်မာထွားကျိုင်းသော မြင်းဖြူကြီး တစ်ကောင် သူ့ရှေ့မှောက်သို့ ရောက်လာ၍ သူ့လက်ကို လျှာနှင့် လျက်နေလေ၏ ။ မောင်ငယ် လည်း လျင်မြန်စွာ မြင်းပေါ်သို့ ခုန်တက်၍ ခရီးပြင်း နှင်လေ၏ ။ ခရီးမည်မျှ နှင်မိသည် မသိလိုက် ၊ ရုတ်တရက် မောင်ငယ်သည် သူ့နဖူးကို လက်ဝါးနှင့် တစ်ချက် ရိုက်၍ ခေါင်းကို ငိုက်ချလိုက်၏ ။ အလွန် ဝမ်းနည်းသော အမူအရာလည်း မျက်နှာတွင် ပေါ်လာ၏ ။ အကြောင်းမှာ မူလ ထွက်လာခဲ့စဉ်က မိမိ အတွက် နတ်မင်းကြီးအား မေးရန် ဖြစ် သော်လည်း ယခုမူ မိမိ မေးလိုသည်ကို မေးရန် သတိမရ ။ မမေးလိုက်ခဲ့ခြင်းဖြစ်၏ ။ နောက်ပြန်လှည့်၍ နတ်မင်းကြီးကို ရအောင် ရှာပြီး မေးရန် ကြံသော်လည်း နတ်မင်းကြီး၏ ဖြေကြားသော စကားတို့ကို မျက်မမြင်ဒုက္ခ ဒုက္ခိတသည်မနှင့် ရေငတ်ပြတ် နေသော ရွာသားတို့အား အချိန်မီ သတင်း မပေးနိုင်မည် ကိုလည်း အလွန်စိုးရိမ်၏ ။ ထို့ကြောင့် “ သူတစ်ပါးကို ကယ်ဆယ်ဖို့ အရေးကြီးပါတယ်လေ ” ဟု တွေးကာ မြင်းကို တောင်ကမူစာကလေးသို့ ရောက်သည်အထိ ဒုန်းစိုင်းပြန်၏ ။
အခန့်သင့်ပင် အမယ်ကြီး သားအမိတို့နှင့် တွေ့၏ ။ မောင်ငယ်က “ မယ်မယ့်သမီးရဲ့ ဘယ်လက်ကို သူ့ခင်ပွန်းလောင်းက ကိုင်တွယ် ထိတွေ့လိုက်ရင် အလင်း မြင်လာနိုင်ပါလိမ့်မယ် ခင်ဗျား ” ဟု ဝမ်းသာအားရစွာ ပြောပြ၏ ။ နောက်မှ ရေတမှုတ် တောင်း၍ သောက်လိုက်၏ ။ အမယ်ကြီးသည် သူ့သမီး၏ ဘယ်ဘက်လက်ကို ဗြုန်းခနဲ ဖြစ်၍ ကြောင်တောင်တောင် ဖြစ်နေ၏ ။ ထို့ကြောင့် မောင်ငယ်ကပင် “ ဒီဘက်လက်က ဘယ်လက်ပေါ့ မယ်မယ် ” ဟု မိန်းမပျို၏ ဘယ်လက်ကို ကိုင်ပြလိုက်သည်နှင့် တစ်ပြိုင်နက် မိန်းမပျိုသည် “ ကျွန်မ မြင်ပြီ ၊ ကျွန်မ သာယာလှတဲ့ လူ့လောကကြီး ကို သေသေချာချာ မြင်နိုင်ပါပြီ ” ဟု ဝမ်းသာအယ်လဲ အော်ပြောလိုက်၏ ။ အမယ်ကြီးနှင့် မောင်ငယ်တို့သည် အံ့ဩခြင်းနှင့် ဝမ်းသာခြင်း အဘယ်ကဲ့သို့ ခံစားရမည်ကို မသိတော့ ။ နောက်မှ အမယ်ကြီးသည် သဘောပေါက် သွားသည်နှင့် မောင်ငယ်အား ဝမ်းသာ စွာဖြင့် “ သူငယ် ၊ သူငယ်ဟာ သူ့ခင်ပွန်းလောင်း ဧကန် ဖြစ်နေပြီ ၊ တို့တတွေနဲ့ပဲ အတူ နေရစ်ခဲ့ပါလားကွယ် ၊ တို့မှာ အိမ်တွေယာတွေ ရှိပါတယ် ” ဟု ကြည်ဖြူစွာ ဆို၏ ။ သို့သော် မောင်ငယ်သည် ကိုယ့်အရေး ထက် သူတစ်ပါး အရေးကို ဦးစားပေးသူ ဖြစ်သည်နှင့်အညီ ခေါင်းခါ လက်ကာ၍ “ ကျွန်တော် နေခဲ့လို့ မဖြစ်သေးဘူး မယ်မယ် ၊ ကျွန်တော့်မှာ အရေးကြီးတဲ့ ဆောင်ရွက်စရာ ကိစ္စ တစ်ခု ရှိသးတယ် ၊ အကောင်းဆုံး ကတော့ မယ်မယ်တို့ ကျွန်တော့် တဲကို ပြောင်းနှင့်ပါ ၊ မကြာခင် ကျွန်တော်လည်း ပြန်လာပါလိမ့်မယ် ” ဟု ဆိုပြီး မြင်းကိုပါ မိန်းမပျိုအား လက်ဆောင် အဖြစ်ဖြင့် ပေးကာ နှုတ်ဆက် ထွက်ခွာသွား၏ ။
များမကြာမီ မောင်ငယ်သည် ရေဘေးနှင့် တွေ့နေသော ရွာသို့ ရောက်လေ၏ ။ ရွာသားတို့အား “ မိတ်ဆွေတို့ ခင်ဗျာ ၊ စမ်းရေ စီးဆင်းတဲ့ လမ်းကြောင်းအတိုင်း လျှောက်ကြည့်ရင် အကြောင်းရင်းကို သိရပါလိမ့်မယ် ၊ ဒီနောက် ဒီဒုက္ခကြီးက လွတ်ကင်းကြပါလိမ့်မယ် ” ဟု ဝမ်းမြောက်ဝမ်းသာ ပြောပြ၏ ။ သို့သော် ရွာသားတို့က ...
“ ကျွန်တော်တို့ လဲရာက တောင် မထနိုင်ပါဘူး ခင်ဗျာ ” အသံတိမ်နှင့် ပြောကြရှာ၏ ။ မောင်ငယ်လည်း “ ပို့မယ့်ပို့ ကူးတို့ ရောက်အောင်ပို့ ” ဟူသော စကားကို သတိရလာသဖြင့် တောင်ပေါ်သို့ လျင်မြန်စွာ ပြေးတက်လေ၏ ။
တောင်ထိပ်သို့ ရောက်သည်နှင့် ဆင်သေ တစ်ကောင်၏ နှာမောင်းသည် စမ်းချောင်း ရေစီးရာ လမ်းကို ပိတ်ဆို့ နေသည်ကို တွေ့ရ၏ ။ ထိုသို့ လမ်းပိတ်ဆို့ နေသဖြင့် ရေလမ်းကြောင်း ပြောင်းသွားသည် ကိုလည်း သဘောပေါက် သွား၏ ။ မောင်ငယ်သည် ကုန်ခမ်းပြီးသော အားအင်ကို ရေနှင့် ပြန်ဖြည့်၏ ။ ရေကို ဝအောင် သောက်ပြီး လေးလံသော ဆင်သေကောင်ကြီးကို အားစိုက်ခွန်စိုက်ရွှေ့ပစ်လိုက်၏ ။ ရေသည်လည်း မူလ လမ်းအတိုင်း စီးဆင်းသွားတော့၏ ။
မောင်ငယ်သည် အရှေ့ဘက်သို့ ဦးတည်၍ ပြန်ခဲ့လေ၏ ။ မြစ်ကမ်းနား တစ်ခုသို့ ရောက်သောအခါ ရေစပ်နှင့် မလှမ်းမကမ်း တစ်နေရာတွင် ရွှေငါးကလေး တစ်ကောင်သည် တဖတ်ဖတ် ခုန်နေသည်ကို တွေ့ရ၏ ။ မောင်ငယ်သည် ရွှေငါးကလေးကို အသာအယာ ယူပြီး မြစ်ကြီးထဲသို့ လွှတ်လိုက်လေ၏ ။ ထို့နောက် မောင်ငယ်သည် ရေငုံ့သောက်၏ ။ ခေါင်းမော် လိုက်သောအခါ ရေပေါ်တွင် ကြော့ရှင်းလှပသော မိန်းမပျိုကလေးတစ်ယောက်ကို တွေ့ရ၏ ။ မောင်ငယ်သည် အံ့ဩထိတ်လန့်သွား၏ ။ သို့သော်မိန်းမပျိုက ...
“ မကြောက်ပါနဲ့ ကျေးဇူးရှင်ကြီးရယ် ၊ ကျွန်မက ရှင် ခုနက ကယ်လိုက်တဲ့ ရွှေငါးဘုရင်မကလေးပါ ၊ ရှင့်ကို ကျေးဇူး ဆပ်ပါရစေ ” မောင်ငယ်သည် ကြောက်အားပြေသွားသော်လည်း ရုတ်တရက် စကား မပြောနိုင်သေးပေ ။ မိန်းမပျိုက တဖန် ဆက်လက်၍ ... “ ရှင့်ကို ကျွန်မ တစ်သက်လုံး ပြုစုပါရစေလားရှင် ၊ ရှင်ဟာ အင်မတန် ရိုးသားပြီး တစ်ဖက်သားကို သနားကြင်နာတတ်တဲ့အပြင် ကိုယ့်အကျိုးကို ဦးစား မပေးဘဲ သူတစ်ပါးကို ကယ်ဆယ်တတ်တဲ့သူမို့ ကျွန်မက အိမ်ထောင်ဖက် အနေနဲ့ ရွေးတာပါ ” ဟု ရှက်စနိုးပြော၏ ။ ချက်ချင်းပင် မောင်ငယ်က ..
“ မဖြစ်ပါဘူး ခင်ဗျာ ၊ ကျွန်တော့်မှာ အိမ်ထောင်ဖက် အဖြစ် ရွေးထားတဲ့ မိန်းကလေး ရှိပြီးပါပြီ ၊ ကျေးဇူးတင်လှပါတယ် ” ဟု ဝမ်းမြောက်စွာ လက်ခံရမည့် အစား ငြင်းပယ်လိုက်၏ ။ တဖန် မိန်းမပျိုက ...
“ သစ္စာရှိလှပါပေတယ် ၊ ဒီအထုပ်ကလေးတော့ ယူသွားစေချင်ပါတယ်ရှင် ” ဟူ၍ ပိုး အဝတ်ဖြင့် ထုပ်ထားသော အထုပ်ကို အတင်းအဓမ္မ ပေး၍ ပျောက်သွားတော့၏ ။ မောင်ငယ်က ပြန်ပေးချင်သော်လည်း မိန်းမပျိုကလေး မရှိတော့သဖြင့် ဖြေကြည့်ရန်ပင် စိတ်မကူးတော့ဘဲ အရှေ့ဘက်သို့ ပြန်ခဲ့လေ၏ ။
မောင်ငယ်၏ ဇနီးလောင်းနှင့် အမယ်ကြီးမှာ ခရီးဦးကြို ပြု၏ ။ မောင်ငယ်က ဖခင်ကြီး နှင့် အစ်ကို နှစ်ယောက် အကြောင်းကို မေး၏ ။ လက်ထဲမှ အထုပ်ကိုလည်း မိန်းကလေး လက်ထဲသို့ အပ်လိုက်၏ ။ မိန်းကလေးက ..
“ အဖေက ရှင် ထွက်သွား ကတည်းက အိပ်ရာပေါ် လဲနေတယ်လို့ ပြောတယ် ၊ ရှင့် အစ်ကို နှစ်ယောက် ကတော့ အိမ်က ရှိစုမဲ့စု ပစ္စည်းကလေးတွေ ခိုးပြီး ရှင့်မြင်းဖြူကြီး နဲ့ ထွက်ပြေးကြပြီ ၊ ဒါက ဘာထုပ်ကလေးလဲ ” ဟု မေး၏ ။ အိမ်ထဲသို့ ဝင်မိသည်နှင့် ဖခင်ကြီး မောင်ငယ်ကို မြင်လိုက်သောအခါ ချက်ချင်းပင် အိပ်ရာပေါ်မှ ပြေးဆင်းပြီး သားငယ်ကို ဖက်လိုက်၏ ။ မိန်းကလေးသည် လက်ထဲမှ အထုပ်ကလေး ဖြေလိုက်သည်နှင့် တစ်ပြိုင်နက် “ ဟယ် ” ဟူသော အာမေဋိတ်အသံ ကြားသဖြင့် အထုပ်ကလေးကို ဝိုင်း၍ လှမ်းကြည့်လိုက်ကြသောအခါ အားလုံးပင် အံ့ဩသွားကြ၏ ။ အကြောင်းမူ အထုပ်ကလေးမှာ ပုလဲထုပ်ကလေး ဖြစ်ခြင်းကြောင့်ဖြစ်၏ ။ ဖခင်ကြီးက ...
“ သား ... ဒါတွေ ဘယ်က ယူလာခဲ့သလဲ ၊ မတရား ရတာများလား လူလေးရယ် ” ဟု စိုးရိမ်စွာ မေး၏ ။ မောင်ငယ်လည်း ပုလဲထုပ်ကလေးမှန်း မသိကြောင်းဖြင့် ဖြစ်ပျက်ခဲ့သော ဇာတ်စုံကို ပြောပြလိုက်၏ ။
များမကြာမီ မောင်ငယ် နှင့် မိန်းကလေးတို့သည် ခမ်းနားစွာ လက်ထပ်ထိမ်းမြားပြီး ချမ်းသာစွာ နေကြရ၏ ။ ထိုထိမ်းမြားသော နေ့၌ပင် မြင်းဟီသံ ကြားရသဖြင့် ထွက်ကြည့်ရာ မိမိ မြင်းဖြူကြီး ဖြစ်နေသဖြင့် ဝမ်းသာစွာ ပြေး၍ မြင်း၏ လည်ပင်းကို ဖက်လိုက်၏ ။ မြင်းဖြူကြီး ကလည်း မောင်ငယ်၏ လက်ကို လျှာနှင့် လျက်၏ ။
မြင်းဖြူကြီး ပြန်လာပြီးသည့် နောက် သုံးရက် ကြာသောအခါ မောင်ကြီး နှင့် မောင်လတ် တို့သည် ညစ်ပေစုတ်ပြဲသော အဝတ်အစားများနှင့် ပြန်လာသည်ကို တွေ့ရ၏ ။ အစ်ကို နှစ်ယောက်တို့ မောင်ငယ်ထံ ဝန်ချ တောင်းပန်သဖြင့် မောင်ငယ်က လက်ခံ ထားလိုက်၏ ။ သို့သော် ဖခင်ကြီးက ဝါရင်းတုတ်ကြီး တစ်ချောင်းဖြင့် မောင်ကြီး နှင့်မောင်လတ် တို့ကို ဘယ်ပြန် ညာပြန် ရိုက်၏ ။ ပါးစပ်မှလည်း ...
“ ခွေးတိရစ္ဆာန်တွေ ၊ ကိုယ့်ဖို့သာ ကြည့်တဲ့ အကောင်တွေ ” ဟု တတွတ်တွတ် ဆဲဆို ကြိမ်းမောင်း၏ ။ နောက်မှ “ အေး ... ဒီတစ်ခါတော့ မင်းတို့ကို ပြန်လက်ခံထားမယ် ၊ ဒါပေမယ့် မသေမချင်း မှတ်ထား ၊ လူတစ်ယောက်ဟာ အသက်ရှင်နေတဲ့ ကာလပတ်လုံး ကိုယ်ကျိုး အတွက်သာ မကြည့်ဘဲ တစ်ဖက်သားကို အနစ်နာခံပြီး ကူညီမှ ကိုယ့်အကျိုးအောင်မယ် ၊ နားလည်လား ” ဟု ဆုံးမလေသတည်း ။
ဤပုံဝတ္ထုကလေးသည် ကျွန်ုပ်တို့အား မည်သည့် အလုပ်ကို မဆို လုပ်ကိုင်ဆောင်ရွက်သောအခါ ကိုယ်ကျိုးကိုသာ မျှော်ကိုးပြီးမလုပ်ဘဲ သူတစ်ပါး အကျိုးကို ဦးစားပေးသင့်ကြောင်းဆုံးမထားလေသည် ။
မြန်မာလူမျိုးတို့ တွင်လည်း “ သူ့အကျိုးဆောင် ကိုယ့်အကျိုးအောင် ” ဟူသော စကားပုံ ရှိသည် မဟုတ်ပါလော ။
( ဘာသာပြန် )
〇 ရိုကွန်း
📖ရှုမဝ မဂ္ဂဇင်း
၁၉၆ဝ ၊ ဇူလိုင်
No comments:
Post a Comment