Wednesday, November 12, 2025

တောင်ခေါင်းထဲက နဂါးကြီး

 

❝ တောင်ခေါင်းထဲက နဂါးကြီး ❞
           ( ပုံပြင် )

တရံရောအခါ အလွန် ဝေးသော တိုင်းပြည်၌ နဂါးကြီး တစ်ကောင် ရှိလေ၏ ။ ထိုနဂါး ကြီးသည် တောင် တစ်တောင်ရှိ ဂူထဲ၌ နေ၍ သူ၏ မျက်လုံးများမှာ မီးလုံးကြီးများ ကဲ့သို့ အစဉ်တောက်ပြောင်လျက် ရှိလေ၏ ။

ထိုအနီးအနား ရွာကလေးတွင် နေထိုင်ကြသော လူများသည် မကြာခဏ စုဝေးကြပြီးလျှင် နဂါးကြီး အကြောင်းကို ပြောဆိုနေကြလေ၏ ။ တစ်ယောက်သော သူက “ ဒီနဂါးကြီးဟာ ငါတို့ ရွာနားမှာ ရှိနေတာ သိပ်ကြောက်စရာကောင်းတာပဲကွယ် ” ဟု ပြောလိုက်သောအခါ အခြား တစ်ယောက်က “ အေး .. ဒီနဂါးကြီးကို သ,တ်ပစ်မှပဲ ကောင်းမယ် ” ဟု ပြန်ပြောလိုက်လေ၏ ။ ထိုရွာမှ ကလေးများ ကလည်း နဂါးကြီး အကြောင်းကို ကြားကြရ၍ အလွန် ကြောက်လန့်နေကြသည် ။ သို့ရာတွင် ထိုကလေးများ ထဲ၌ နဂါးကြီးကို မကြောက်သော သူငယ်လေး တစ်ယောက် ရှိလေ၏ ။ ထိုသူငယ်ကလေးကို သူ၏ သူငယ်ချင်းများက အလွန်အံ့ဩစွာဖြင့် “ မင်းဟာ သိပ်ရယ်စရာ ကောင်းတဲ့ ကောင်ကလေးပဲ ” ဟုပင် ပြောဆိုကြသည် ။

တစ်နေ့သ၌ ထိုသူငယ်ကလေး၏ မွေးနေ့ နီးလာလေ၏ ။ သူ၏ မိခင်က သူငယ်ကလေးအား “ လူကလေး ၊ မင်း မွေးနေ့မှာ သူငယ်ချင်းများ အပြင် ဘယ်သူ့ကိုများ ဖိတ်ချင်ပါသလဲ ” ဟု မေးလေ၏ ။ သူငယ်ကလေး ကလည်း “ ကျွန်တော် တောင်ပေါ်က နဂါးကြီး ကိုလည်း ဖိတ်ချင်ပါတယ် အမေ ” ဟု ပြန်ပြောလိုက်လေ၏ ။ သူ့ မိခင်လည်း အံ့အားသင့်နေလေ၏ ။ ထို့ကြောင့် သူ၏ သားအား “ ဟဲ့ ... လူကလေး မင်း ရူးနေသလားကွယ် ” ဟု မေးလိုက်သောအခါ လူကလေးက “ တကယ် ပြောတာပါ အမေရဲ့ ” ဟု ခပ်တည်တည်ပင် ပြန် ပြောလိုက်လေ၏ ။

ဤသို့ဖြင့် လူကလေး၏ မွေးနေ့ မတိုင်မီ တစ်နေ့၌ သူငယ်ကလေးသည် နေအိမ်မှ တိတ်တဆိတ် ထွက်လာခဲ့လေ၏ ။ သူသည် နဂါးကြီး ရှိရာ တောင်ပေါ်သို့ ပြေးတက် လာခဲ့လေ၏ ။ တောင်ပေါ်သို့ရောက်သောအခါ သူငယ်ကလေး က “ ဟယ်လို ... ဟယ်လို ... နဂါးကြီး ” ဟု တောင်ခေါင်းထဲသို့ ခေါင်းကိုငုံ့၍ အော်ခေါ်လိုက်လေ၏ ။ ထိုအခါ တောင်ခေါင်းထဲမှ နဂါးကြီးက ကြား၍ “ ဘာလဲဟေ့ ၊ ငါ့ကို ဘယ်သူ လာခေါ်နေတာလဲ ” ဟု ပြန်၍ဟိန်းလိုက်လေ၏ ။ ထို့နောက် နဂါးကြီးလည်း တောင်ခေါင်းအပြင်ဘက်သို့ ထွက်လာလေ၏ ။ သူငယ်ကလေးလည်း နဂါးကြီးကို မြင်ရသောအခါ မကြောက်မရွံ့ပင် “ နဂါးကြီး ခင်ဗျာ ၊ နက်ဖြန်ခါ ကျွန်တော့် မွေးနေ့မို့ လာပြီး ဖိတ်တာပါ ၊ နဂါးကြီး ဆီကို ဟိုးအဝေးကြီးက နေပြီး လာခဲ့ရတာပါ ၊ ဒါကြောင့် လိုက်နိုင်ရင် အခု တစ်ခါတည်း လိုက်ခဲ့စေချင်ပါတယ် ” ဟုပြောလေ၏ ။

ထိုအခါ နဂါးကြီးလည်း သူငယ်ကလေးက မွေးနေ့အတွက် ဖိတ်ခေါ်နေသည်ကို မတွေးတတ်အောင် ဖြစ်နေလေ၏ ။ ထိုခဏအတွင်းမှာပင် နဂါးကြီးသည် တွေးမိလာလေ၏ ။ နဂါးကြီးသည် သူ့အား ကလေး တစ်ယောက်က မွေးနေ့ ဖိတ်ခေါ်ခြင်း အတွက် အလွန်အမင်း ဝမ်းသာနေလေ၏ ။ သူသည် ဝမ်းသာလွန်း သဖြင့် မျက်ရည်များပင် တတွေတွေ ကျဆင်းလာလေ၏ ။ “ အမယ်လေး ... ငါ တယ် ကံကောင်းပါလားဟယ် ၊ ငါ့ကို အရင်တုန်းက ဘယ်သူကမျှ လာပြီး မခေါ်ကြဘူး ၊ ငါ့ကို မုန်းမယ့်သူသာ ရှိကြတယ် ” ဟု ပြောကာ ဝမ်းသာလွန်းသဖြင့် ကျလာသော မျက်ရည်များသည် မြစ်ကြီးတစ်ခု ဖြစ်သွားလေ၏ ။ထိုအခါ နဂါးကြီးက “ ကဲ …. လူကလေး ၊ မင်း ငါ့ကျောပေါ်ကပဲ တက်ပြီး စီးလိုက်ခဲ့ပေတော့ ၊ အိမ်ရောက်အောင်ပဲ လိုက်ပို့မယ် ” ဟု ပြောသဖြင့် သူငယ်ကလေးလည်း နဂါးကြီး ကျောပေါ်မှ စီးလျက် လိုက်ပါလာခဲ့လေ၏ ။

နဂါးကြီးလည်း မြစ်ထဲတွင် ကူး၍ လာခဲ့ရာ မကြာမီ သူကိုယ်တိုင် မှာလည်း သင်္ဘော ကြီး ဖြစ်သွားပြန်လေ၏ ။ သူငယ်ကလေး မှာလည်း ထိုသင်္ဘောတွင် ကပ္ပတိန် လုပ်ကာ ပျော်ရွှင်စွာ ပြန်လာခဲ့လေ၏ ။

( ဘာသာပြန် )

〇 နုယဉ်
📖ရှုမဝ မဂ္ဂဇင်း
     ၁၉၆၁ ၊ ဇန်နဝါရီ

No comments:

Post a Comment