Saturday, November 1, 2025

သူဇာ


 

❝ သူဇာ ❞

မန္တလေးမြို့လယ် မင်္ဂလာဈေး အနီးက သူဇာတိုက် ရှေ့ကို ကျွန်တော်နဲ့ ဓာတ်ပုံဆရာ ကိုဇော်ဇော်တို့ ရောက်သွားချိန်မှာ တိုက်ထဲက အမျိုးသမီးငယ် တစ်ယောက် ထွက်ကြိုတယ် ။

အမျိုးသမီးက မီနီစကတ်နဲ့ ။ ခေတ်ဆန်ဆန် အင်္ကျီကို ဝတ်ဆင်ထားပါတယ် ။ သူက မသူဇာပါ ။

မသူဇာက ကျွန်တော်တို့ နှစ်ယောက်ကို မင်္ဂလာဧည့်ခန်းဘက် ခေါ်သွားတယ် ။ ကပ်လျက်မှာတော့ အမျိုးသမီးများ အလှပြင်ခန်း ရှိတယ် ။

မင်္ဂလာဧည့်ခန်း နံရံပေါ်မှာ သတို့သမီး သတို့သား မင်္ဂလာဝတ်စုံ ပုံစံ အမျိုးမျိုးကို မော်ဒယ်တွေက ဝတ်ဆင် ရိုက်ကူးထားတဲ့ ဓာတ်ပုံကြီးတွေ ချိတ်ထားတယ် ။ နံရံတစ်ဖက် မှာတော့ မှန်ဗီရိုသုံးလုံး ရှိပြီး မင်္ဂလာဝတ်စုံတွေ ၊ မင်္ဂလာလက်ဝတ်ရတနာ တွေကို ခင်းကျင်း ပြသထားတယ် ။

အခန်းထဲမှာ အမျိုးသား တစ်ယောက် ကွန်ပျူတာ ရှေ့မှာ ထိုင်နေတယ် ။ သူက မသူဇာရဲ့ ခင်ပွန်း ကိုရွှေ ။

ဧည့်ခန်းမှာ အသားကျ ထိုင်မိကြတော့ မသူဇာက “ ကျွန်မက အလှပြင်တဲ့ လုပ်ငန်းကို လုံးဝ ဝါသနာမပါဘူး ” လို့ ပြုံးရယ်ပြီး ပြောပါတယ် ။ မန္တလေးမြို့မှာ အလှပြင်သင်တန်း ဖွင့်နေတဲ့ ဆရာမက အလှပြင်လုပ်ငန်းကို လုံးဝ ဝါသနာမပါဘူး ဆိုတော့ စိတ်ဝင်စားစရာ ကောင်းနေတယ် ။

“ ကျွန်မ ငယ်ငယ်က အရမ်း ကြမ်းတမ်းတာ ။ ယောက်ျားလေး တစ်ယောက် လိုပဲ ။ ဆော့တယ် ၊ ကစားတယ် ၊ ဆော့ရာမှာ ပြေးတဲ့ ခုန်တဲ့ဟာမျိုး ကစားတာ ။ နူးနူးညံ့ညံ့ နေခဲ့ရတာမျိုး မဟုတ်ဘူး ”

ကျွန်တော်က မသူဇာ ပြောတာကို နားထောင်နေတယ် ။

“ ကျွန်မက ပညာရေး တော်တော် ထူးချွန်ခဲ့တာ ။ ဆုမရတဲ့နှစ် မရှိဘူး ။ စာကြည့်စားပွဲမှာ ရေးထားတာက ငါသည် တစ်နေ့ ဆရာဝန် ဖြစ်ရမည် ”

မသူဇာက ပြောရင်း ဟက်ဟက်ပက်ပက် ရယ်ပါတယ် ။

“ အခုတော့ အဲဒါကြီးက ရယ်စရာကြီး ။ ဘယ်လိုလုပ်ပြီး ဒါ သင်မိသလဲ မသိဘူး ”

ပြောပြီး သူက ပြုံးနေတယ် ။ ကျွန်တော်က သူ့မိသားစု ဘဝကို မေးတယ် ။

“ ကျွန်မက ရန်ကုန် သုဝဏ္ဏမှာ မွေးတယ် ။ အမေက ကုန်သွယ်လယ်ယာ စာရင်းစစ် ။ ကျွန်မက မောင်နှမ ငါးယောက်မှာ အငယ်ဆုံး ။ ကျွန်မ အဖေ့ကို မတွေ့လိုက်ရဘူး ။ ကျွန်မ နှစ်နှစ်သမီးမှာ အဖေ ဆုံးသွားတယ် ။ မုဆိုးမအမေ အနေနဲ့ လူမမည်ကလေး ငါးယောက်နဲ့ ကျန်ခဲ့တယ် ။ သားသမီးတွေက အရမ်း ငယ်ကြသေးတယ် ။ အလုပ်လုပ်နိုင်တဲ့ အရွယ် တစ်ယောက်မှ မပါဘူး ။ အဲဒီအချိန်မှာ တော်တော်ကို ဆင်းရဲတာ ။ ကျွန်မ ဆင်းရဲခဲ့လို့ တိုးတက်တာ ။ ကျွန်မ ပြန်ဆင်းရဲမှာ အရမ်း ကြောက်တယ် ။ ဘယ်တော့မှ မဟုတ်တာ မလုပ်ဘူး ။ မဟုတ်တာ ဆိုတာ လောင်းကစားတို့ ။ တစ်ခုခု ဆုံးရှုံးသွားမှာ ကြောက်တယ် ။ ကိုယ်က နဖူးကချွေး ခြေမကျအောင် တကယ် ရှာထားရတာ ။ အလဟဿ ဖြစ်သွားမှာ သိပ်နှမြောတယ် ”

တွေ့စက ရွှင်ရွှင်လန်းလန်းနဲ့ ပြောခဲ့တဲ့ မသူဇာ ဟာ သူ့ ငယ်စဉ်ဘဝကို ပြန်ပြောချိန်မှာ ခပ်တွေးတွေးငေးငေး ဖြစ်သွားတယ် ။

“ အလှပြင်တာ ဝါသနာ မပါဘဲ ဘယ်လိုလုပ်ပြီး ဒီလောကထဲ ရောက်လာတာလဲ ”

ကျွန်တော်က အကြောင်းအရာ ပြောင်းလဲလိုက်တယ် ။

“ ကျွန်မ ၁၅ နှစ်သမီး ၊ ရှစ်တန်းနှစ်မှာ ၁၉၈၈ အရေးအခင်း ဖြစ်လို့ ကျောင်းတွေ ပိတ်လိုက်တယ် ။ ကျွန်မ ဘာလုပ်မလဲ ။ စက်ချုပ်မလား ၊ ဆံပင်ညှပ်မလား ၊ အထည်ချုပ်စက်ရုံမှာ အထည်ချုပ်မလား ။ ကျွန်မ အစ်မယောက်ျား ခဲအိုရဲ့ ညီ ကိုတင်ထွေးက အလှပြင်ဆိုင် ဖွင့်တယ် ။ အလှပြင်သင်တန်းတက်တာက ကျွန်မ အစ်မ ၊ သူ တက်ပြီးနောက် ကျွန်မ တက်ခိုင်းတာ ။ ကျွန်မမှာ ရွေးစရာမရှိဘူး ”

“ မန္တလေး ရောက်လာပုံက ”

“ ကိုတင်ထွေး ရန်ကုန်က မန္တလေး ပြောင်းသွားတော့ ကျွန်မ လိုက်လာတာ ။ မန္တလေးမှာ ကျွန်မက အဆောင်ငှား နေရတာ ။ အဆောင်လခက တစ်လငါးဆယ် ( ကျပ် ၅၀ ) ။ အဆောင်က ဆိုင်ကို ခြေကျင် လျှောက်တာ ။ အဲဒီတုန်းက မုန့်ဟင်းခါးတစ်ပွဲ နှစ်ကျပ် ၊ မစားနိုင်ဘူး ။ ချွေချွေတာတာ နေရတာ ။ ဆရာ့ဆီမှာ နှစ်နှစ်လောက် ပညာသင်ရတယ် ”

ကျွန်တော်က မသူဇာ ပြောသမျှကို ဟုတ်ကဲ့ လိုက်ပြီး စိတ်ဝင်တစား နားထောင်နေတယ် ။

“ ကျွန်မတို့က လေ့ကျင့်တဲ့ အနေနဲ့ ပလတ်စတစ် ကောက်တဲ့ ကလေးတွေ ၊ အိုးတိုက်ဖွဲပြာသည်တွေ ခေါ်ခေါ်ညှပ်ရတာ ။ သူတို့ကို မုန့်ဖိုးတစ်မတ် ၊ ငါးမူးပေး ညှပ်တာ ။ ညှပ်ပြီးရင် ခြုံထည်တွေလျှော် ၊ ကတ်ကြေးတွေ ဆေးပစ်ရတယ် ”

“ ဆံပင်ညှပ်တာ အမှားအယွင်း ဖြစ်ဖူးလား ”

“ ကလေးခေါင်းလေး ပျက်ဖူးတယ် ။ ကျွန်မဆရာက ၁ဝးဝဝ နာရီ လောက်မှ ဆိုင်လာတာ ။ ကျွန်မက အဆောင်နေတာ ဆိုတော့ ဆိုင်ကို စောစောလာပြီး သန့်ရှင်းရေးလုပ်တယ် ၊ ရေခပ်တယ် ။ အဲဒီနေ့က ဆရာ မလာခင် ခုနစ်နှစ် အရွယ်လောက် ကလေးလေး တစ်ယောက် ဆံပင်ညှပ်ဖို့ ရောက်နေတယ် ။ ကိုယ်တိုင် အရမ်းညှပ်ချင်တာ ၊ ဒါပေမဲ့ ဆရာ မလာသေးဘူး ၊ ၁ဝးဝဝ နာရီလောက်မှ ပြန်လာခဲ့ပါ ပြောတော့ သူ့အမေက ညီမလေးပဲ ညှပ်ပေးလိုက်ပါလားတဲ့ ။ အံမယ်လေး ထခုန်မတတ်ကို ဝမ်းသာတာ ”

ပြောနေရင်း မသူဇာရဲ့မျက်နှာ ဝင်းပသွားတယ် ။

“ ကလေးကို ခုန်ပေါ်တင် ညှပ် ။ နားကွင်းလေး ညှပ်တော့ တစ်ဖက်ကတော့ ဟုတ်တယ် ။ နောက်တစ်ဖက်မှာ ညှပ်ရင်းညှပ်ရင်းနဲ့ အပေါ်ကို တက်သွားတာ ။ ရှိတ်ကလေး ”

မသူဇာ ရယ်တယ် ။

“ အဲဒီအချိန်မှာ လက်တွေလည်း တုန် ၊ ခြေတွေလည်း တုန် ။ သူ့အမေ ကလည်း ကြည့်ပြီး ဟာ ဘယ်လိုကြီး ဖြစ်သွားတာလဲတဲ့ ။ ကျွန်မလေ အဲဒီ နေရာမှာတင် အမှုန့် ဖြစ်သွားချင်တာ ။ ပျောက်သွားချင်တာ ။ ကြောက်လည်းကြောက် ။ ငါ မှားတယ် ။ သူ့အမေ ကိုလည်း ကျွန်မ အဆင်ပြေအောင် လုပ်ပေးပါ့မယ် ၊ အဆင်ပြေအောင် လုပ်ပေးပါ့မယ်နော် တဖွဖွ ပြောနေတာ ။ အဲဒီအချိန်မှာ ဆရာကိုတင်ထွေး ရောက်လာတယ် ။ သူက မဆူဘူး ။ မပူနဲ့ ငါ့တပည့်တဲ့ ။ အစ်မရေ ကလေးကို ကျွန်တော်တို့ ဆံပင်ကောက်ပေးလိုက်မယ်နော်တဲ့ ။ အဲဒီခေတ်က ဆံပင်ကောက်တာ အရမ်းခေတ် စားတယ် ။ ကလေးကိုတော့ ပိုက်ဆံ အကုန်ခံပြီး မကောက်ဘူး ။ ကလေးအမေလည်း ပျော်လို့ ။ အဲဒီတစ်ခါ မှားဖူးတယ် ။ အဲဒီအမှားကို သင်ခန်းစာ ယူပြီး တစ်ခုခုကို သေချာအောင် ဂရုစိုက်လုပ်တဲ့ အကျင့် ဖြစ်သွားတယ် ”

“ ကိုယ်ပိုင်ဆိုင် ဘယ်အချိန်မှာ ဖွင့်သလဲ ”

“ ၁၇ နှစ်သမီးမှာ ဆရာ့သင်တန်း ပြီးတယ် ။ နှစ်နှစ် ယောင်ယောင်လည်လည် ပဲ ။ ၁၉ နှစ်သမီးမှာ ကိုရွှေ နဲ့ အိမ်ထောင်ကျတယ် ။ ၁၉၈၉ ခုပေါ့ ။ ဗောဓိကုန်း ၊ ဗန်းမော်တိုက်လမ်းမှာ အိမ်ငှားနေကြတယ် ။ တက္ကသိုလ်နယ်မြေ ဆိုတော့ ကျောင်းသူ ရှိရင် အလုပ် ရှိရမယ် ဆိုပြီး ကိုယ်နေတဲ့ အိမ်မှာပဲ ဆိုင်ဖွင့်တယ် ။ ဆိုင်ဖွင့်ခါစ ဈေးဦး မပေါက်တဲ့ရက် သုံးရက်လောက် ရှိတယ် ။ တက္ကသိုလ်တွေက ပိတ်ထားတော့ မလုပ်ရဘူး ”

“ မြို့ထဲကို ဘယ်အချိန်မှာ ပြောင်းဖွင့်သလဲ ”

“ မင်္ဂလာဈေးနားမှာ ဆိုင်ခန်းငှားပြီး ဖွင့်တယ် ။ လုပ်ရတဲ့နေ့ လုပ်ရ မလုပ်ရ တပိန်ပိန် တလိမ်လိမ်ပေါ့ ။ ဒါပေမဲ့ ကိုယ်က ဆိုင်ထဲမှာ အမြဲတမ်း ရှိနေတယ် ။ ဧည့်သည်လာသည် ဖြစ်စေ ၊ မလာသည် ဖြစ်စေ ဆိုင်မှာ အမြဲတမ်း ရှိတယ် ။ ကျွန်မ သိပ်ချမ်းသာ ချင်တယ် ။ မိဘမောင်နှမတွေ ပြန်ကြည့်ချင်တယ် ။ နာမည်ရရင် ပိုက်ဆံ ရမှာပဲ ဆိုပြီး ကြိုးစားတာ ။ တဖြည်းဖြည်းနဲ့ နာမည်ရစ ပြုလာတယ် ။ နာမည်လည်း ရလာရော ကျွန်မကို ငှားထားတဲ့ ဆိုင်ခန်းရှင်က ဆိုင်ခန်းကို ရောင်းမှာ ဆိုပြီး ပြောင်းခိုင်းတာ ။ အဲဒီမှာ ကျွန်မ တော်တော် အထိနာတာ ”

“ လှေပြေးတုန်း တက်ကျိုးသလို ဖြစ်တာပေါ့ ”

“ အရှိန်ရနေတဲ့ အချိန်မှာ ကျွန်မ ဘယ်လိုမှ စဉ်းစားချိန် မရဘူး ။ အချိန်က ရက်ပိုင်းပဲရတာ ။ ဆိုင်ခန်းပိုင်ရှင်ရဲ့ သမီးလေးကို ကျွန်မက သင်ပေးထားတာ ၊ အခကြေးငွေ မယူဘဲ သင်ပေးနေတာ တစ်နှစ်ကျော်ကျော် ရှိပြီ ။ မြို့ထဲမှာ ဆိုင်ခန်း ဘယ်လိုမှ ရှာမရနိုင်တော့ မြို့သစ်ဘက် ပြောင်းပြီး ဆိုင်ဖွင့်တယ် ”

ခုအချိန်အခါ မန္တလေးမြို့လယ်မှာ လေအေးစက်တွေနဲ့ အေးစိမ့်နေတဲ့ တိုက်ဆိုင်ခန်း အပိုင်နဲ့ အခြေကျနေတဲ့ မသူဇာ မြို့သစ်ကို တပ်ဆုတ်သွားပုံ မြင်ကွင်းကို ကျွန်တော့် စိတ်ကူးထဲမှာ ပုံဖော်ပြီး မြင်ယောင် ကြည့်မိတယ် ။

“ ကျွန်မ ပြောင်းပြီး ရက် ၂၀ လောက် နေတော့ ဆိုင်ခန်းပိုင်ရှင် တပည့်လေးက အဲဒီ နေရာမှာပဲ အလှပြင်ဆိုင် ပြန်ဖွင့်တယ် ။ အဲဒါကို သိလိုက်ရတဲ့ အချိန်မှာ ကျွန်မ စိတ်မကောင်းဘူး ။ ဒါပေမဲ့ ကျွန်မ ခံခဲ့ရတာတွေ အားလုံးကို စိတ်ထဲမှာ တွန်းအား အဖြစ် ပြန်ပြောင်းတယ် ”

“ မြို့ထဲကို ဘယ်လို ပြန် ရောက်လာတာလဲ ”

“ ကျွန်မ အလုပ်က မြို့သစ်နဲ့ အဆင်မပြေဘူး ။ ဒါနဲ့  မြို့ထဲမှာ နေရာ တစ်နေရာ ရအောင် ပြန်ငှားတယ် ။ တိမ်ဖြူဟိုတယ် နားမှာ ။ နေတာကတော့ မြို့သစ်ပဲ ။ အဲဒီ ဆိုင်ခန်းပိုင်ရှင် ကလည်း ရောင်းမယ် ဆိုပြန်တော့ ကိုယ်က ဖယ်ပေးရ ပြန်ရော ။ တစ်နေရာရှာ ငှားရပြန်ရော ။ အဲဒီအချိန်မှာ ကျွန်မ စဉ်းစားမိတာက ကိုယ်ပိုင်ဆိုင်ခန်း ရမှ ဖြစ်တော့မယ် ဆိုတာပဲ ”

ဆံပင် ၊ မိတ်ကပ် သင်တန်းသူ တစ်ယောက်က ကျွန်တော်တို့ အတွက် အအေးခွက်တွေနဲ့ မုန့်တွေ လာချတယ် ။ ကျွန်တော်တို့ ကတော့ သူ့ဘဝအကြောင်းကိုသာ စိတ်ဝင်တစား နားထောင် နေမိကြတယ် ။

“ ခုနေရာကို ငှားနေတယ် ။ ဆိုင်ခန်းက ကျဉ်းကျဉ်းလေး ။ ဈေးလည်း အရမ်းကြီးတယ် ။ ဆိုင်ခန်းကျဉ်းလေး ထဲမှာ အိပ်စင်လေး သုံးစင်နဲ့ ညှပ်ခုံမရအရ ထိုးထည့်ပြီး ဖွင့်ရတာ ။ ဟို ကပ်လျက် အခန်းမှာ ငှားနေတဲ့ ဗီဒီယိုအခွေငှားဆိုင်က လူထွက်တော့ ကျွန်မ ဆက်ငှားတယ် ။ အဲယားကွန်းလေး ဘာလေး တပ်တယ် ။ အဲဒီအချိန်မှာ မီးက တော်တော်လေး ပျက်နေပြီ ။ မီးစက် လိုတယ် ”

“ အဲဒီအချိန်မှာ မီးစက် တစ်လုံးကို တော်ရုံတန်ရုံနဲ့ မဝယ်နိုင်ဘူး ။ စုကြေး ပေါက်အောင် စောင့်ရတယ် ။ ကိုယ် နေတာ မြို့သစ် ၊ ဆိုင်က မြို့ထဲ ။ ဆိုင်ကယ်လည်း ဝယ်မစီးနိုင်သေးဘူး ၊ စက်ဘီးနဲ့ လာရတာ ။ မီးစက်ကို အရင် ဝယ်ရတာ ။ မိတ်ကပ်လိမ်း မနက် ၄းဝဝ နာရီ ရှိရင် ၂းဝဝ နာရီထရတာ ။ အဲဒါ လင်မယားနှစ်ယောက် စက်ဘီးနဲ့ လာရတာ ။ လက်ထဲမှာ ဘာကိုင်ထားသလဲ ဆိုတော့ တုတ် ကိုင်ထားရတယ် ။ ကိုရွှေက ရှေ့က နင်း ၊ ကျွန်မက နောက်က ထိုင်လို့ ၊ လက်ထဲမှာ တုတ်လုံးကြီး ကိုင်လို့ ”

မသူဇာက ပြောရင်း ဟက်ဟက်ပက်ပက် ရယ်ပါတယ် ။ ကျွန်တော် ကတော့ ဆရာစိုင်းခမ်းလိတ် ရေးတဲ့ သီချင်းစာသား ။

“ စက်ဘီးကလေးပေါ် ချစ်သူကို တင်ပြီး နင်းရတာ မောတော့ မောတာပေါ့ ။ ဒါပေမဲ့ မမောဘူး ”

ဆိုတာ နားထဲမှာ ကြားယောင် နေတယ် ။

ကိုရွှေ ကို လှမ်းကြည့်တော့ သူ့ မျက်နှာက ကွန်ပျူတာက မခွာဘူး ။

“ မြို့သစ်မှာ နေခဲ့ရတာ ခုနစ်နှစ် ။ အဲဒီ စက်ဘီးကို ယခု တိုက်ငါးထပ်မှာ ဆေးသေသေချာချာ မှုတ်ပြီး သိမ်းထားတယ် ။ သစ်သားတုတ်ကြီးလည်း ရှိတယ် ။ ကိုယ့်ဘဝကိုယ် မမေ့အောင်လို့ ၊ အမြဲ သတိပေးဖို့ထားတာ ”

“ ဆိုင်ကယ် ဘယ်အချိန် ဝယ်စီးသလဲ ”

“ ပထမအကြိမ် စုကြေး ပေါက်တော့ မီးစက်ဝယ်တယ် ။ ဒုတိယအကြိမ် စုကြေးပေါက်မှ ဆိုင်ကယ် ဝယ်တာ ။ ဆိုင်ကယ်လေး ဘာလေးနဲ့ ဖြစ်သွားချိန်မှာ မီးစက်က ဖောက်လာတယ် ။ အဲဒီတော့ ဆိုင်ကယ် ပြန်ရောင်း ၊ ငွေပြန်ဖြည့်ပြီး ယူဒီ ၂၅ ကောင် မီးစက် ဝယ်ရတယ် ”

“ ပိုက်ဆံစုလေ့ ရှိလား ”

“ ကျွန်မက ပိုက်ဆံစုတာ ဝါသနာပါတယ် ။ ကျွန်မမှာ အဲဒီတုန်းက စုဘူး ခြောက်လုံးရှိတယ် ။ တစ်ခုက ဝန်ထမ်းတွေကို လစာရှင်းဖို့ ၊ နောက်တစ်ခု ကျတော့ ပစ္စည်းပြန်ဝယ်ဖို့ ၊ နောက်တစ်ခုက ကားဝယ်ဖို့ ၊ နောက်တစ်ခုက အိမ်ဝယ်ဖို့ ၊ နောက်တစ်ခုက ဆိုင်ခန်းလခ ပေးဖို့ ၊ နောက်တစ်ခုက အထွေထွေ လိုအပ်တာတွေ သုံးဖို့ ။ ကျွန်မ ဝင်ငွေ ငါးထောင် ( ကျပ် ၅ဝဝဝ ) ရှိရင် စုဘူး ခြောက်လုံးကို ငါးရာ ၊ ငါးရာစီ ထည့်ပြီး နှစ်ထောင်ကို လက်ထဲ ကိုင်ထားတယ် ။ ကားဝယ်ဖို့ စုဘူး ဖောက်တော့ တစ်သိန်းခွဲ ( ကျပ် ၁၅၀,၀၀၀ ) ရတယ် ”

“ ဘယ်နှခုနှစ်လဲ ”

မသူဇာက ကိုရွှေ ကို လှည့် မေးတော့ ၁၉၉၄ ခုနှစ်လို့ ကိုရွှေ က ဖြေတယ် ။

“ စုဘူးဖောက်တော့ ပိုက်ဆံ တစ်သိန်းခွဲရတယ် ။ ဆန်နီပစ်ကပ်က နှစ်သိန်းခွဲ ။ ကိုယ် မဝယ်နိုင်ပြန်ဘူး ။ ကိုရွှေ့သူငယ်ချင်းက တစ်လ နှစ်သောင်း ပြန်ဆပ် ဆိုပြီး တစ်သိန်း ပေးလို့ နငယ်နံပါတ်လေး ဝယ်တာ ။ အဲဒီမှာ တော်တော် အဆင်ပြေ သွားတာ ။ ဆန်နီပစ်ကပ် ပြီးတော့ ဗင်လေးပေါ့ ။ လှေကား ဆိုတာ စမိလိုက်ရင်တော့ တက်လို့ ရတယ် ။ စဖို့ အတွက်ကိုပဲ ဒုက္ခ ရောက်တာ ”

“ ကားက လိုအပ်ချက်လား ”

“ ကျွန်မတို့ အလုပ်က ကားက သိပ်လိုတယ် ။ နယ်တွေ သွားရတာကိုး ။ မန္တလေးမြို့ပေါ်ပဲထား မိတ်ကပ်လိမ်း သွားရင် မိတ်ကပ် box ( သေတ္တာ ) သုံးလေးလုံး သယ်ရတာ ။ ဆိုင်ကယ်နဲ့ဆို မလွယ်ဘူး ။ မိတ်ကပ် box ကြီး ဗွမ်းဆို ပြုတ်ကျ ။ ပဲ့တာ ပဲ့ ။ ကျိုးတာ ကျိုး ။ မခံနိုင်ဘူး ။ တချို့က ပြင်ပေးဖို့ လာခေါ်တယ် ။ သူတို့ အိမ် ရောက်လို့ ပြင်ပြီးသွားပြီဆိုရင် ပြန်လိုက်ပို့မဲ့သူ မရှိဘူး ။ အဲဒါ အမြဲတမ်းပဲ ။ ကိုယ်က နောက်တစ်ပွဲ ကူးရဦးမှာ ။ ကျွန်မ စိတ်ထဲမှာ ကားအရမ်း ဝယ်ချင်တာ ။ စီးချင်လို့ မဟုတ်ဘူး ။ အသုံးလိုလို့ ”

“ အခုနေတဲ့ တိုက်ကို ဝယ်ဖြစ်တာလည်း ပြောပါဦး ”

“ ၂ဝဝဝ ပြည့်နှစ်ပေါ့ ။ နေတာက မြို့သစ်မှာပဲ ။ မြို့ထဲ မပြောင်းနိုင်သေးဘူး ။ ဒီနေတဲ့ အိမ်ရှင်က သိန်းခုနစ်ဆယ် ( ကျပ်သိန်း ၇ဝ ) နဲ့ ရောင်းမယ်တဲ့ ။ မဝယ်လို့ မဖြစ်ဘူး ။ တစ်ချိန်လုံး ပြောင်းပြီးရင်း ပြောင်းနေရတာ ။ ငှားခတွေ ကလည်း တက်ပြီးရင်း တက်နေတာ ။ ဒါနဲ့ ရှိသမျှ အကုန် ရောင်းတယ် ။ ကျွန်မတို့မှာ ဘာပြန်ဖြစ်သလဲ ဆိုတော့ စက်ဘီးနဲ့ ပြန်ဖြစ်သွားတယ် ။ ကားတွေလည်း ရောင်း ၊ ရွှေတွေလည်း ရောင်း ။ ရှိသမျှ ပိုက်ဆံကို မူးစုပဲစု ပြန်စု ၊ ငွေက မပြည့်ဘူး ။ တစ်ကိုယ်လုံး စုမှ ၅၅ သိန်းပဲ ရတယ် ။ ဒါနဲ့ ၁၅ သိန်းကို အတိုးနဲ့ ချေးပြီး ဝယ်လိုက်တယ် ”

ကျွန်တော်က ယနေ့ မသူဇာ ဝတ်ဆင်ထားတဲ့ လက်ဝတ်ရတနာတွေကို ကြည့်လိုက်မိတယ် ။ နားမှာ စိန်နားကပ်နဲ့ နားကွင်း ။ လည်ပင်းမှာ ပလက်တီနမ် ဆွဲကြိုးနဲ့ မိုးစက်ပွင့် စိန်ဆွဲသီး ။

“ ကျွန်မတို့က မြေကြီးပဲ ဝယ်နိုင်သေးတာ ။ ကျွန်မက ပိုက်ဆံစုတာ ဝါသနာ ပါတော့ ၂ဝဝ၄ ခုမှာ တိုက်ဆောက်တယ် ။ ၂၀၁၀ မှာ ကပ်လျက် အိမ်ကို ဆက်ဝယ်ပြီး သင်တန်းကျောင်းရယ် ၊ ဆံပင်မိတ်ကပ်အခန်း ၊ သင်တန်းသူတွေ နေတဲ့အဆောင် ၊ သတို့သမီးဝတ်စုံ ငှားတဲ့ အခန်းတွေ ဖွင့်လိုက်တာ ”

မသူဇာရဲ့ အသက်ကို တွက်ကြည့်တော့ နှစ် ၄၀ ။

“ အသက် ၄ဝ မှာ လူ့ဘဝ စသတဲ့ ၊ မသူဇာ ဘယ်လိုလဲ ”

“ အသက် ၂၇ ၊ ၂၈ လောက်တုန်းကတော့ ၄၀ ကျရင် နားမယ်ပေါ့ ။ ခု ၄ဝ ကျ ခုမှ အလုပ်လုပ်လို့ ကောင်းတုန်း ။ မတင်းတိမ်နိုင်သေးဘူး ။ ကိုယ်တတ်တဲ့ ပညာ သူများကိုလည်း သင်ပေးချင်သေးတယ် ။ ကျွန်မက သူများကို ဆရာ လုပ်တာ ဝါသနာပါတယ် ”

မသူဇာ က ပြောရင်း ခပ်ရွှင်ရွှင် ရယ်တယ် ။ ကွန်ပျူတာ ရှေ့မှာ ထိုင်နေတဲ့ သူ့ယောက်ျား ကိုရွှေ က -

“ ဆရာ လုပ်တာတော့ ယောက်ျားတောင် ဆရာလုပ်တယ် ”

ဆိုပြီး ဝင်ပြောလို့ ကျွန်တော်တို့ ရယ်မိကြပါတယ် ။

⎕ ကျော်ရင်မြင့်
📖ဘဝဇာတ်ခုံ အဖုံဖုံ

No comments:

Post a Comment