Thursday, November 6, 2025

နှောင်ဖွဲ့ခြင်း


 

❝ နှောင်ဖွဲ့ခြင်း ❞
   ( စုမီအောင် )

ခုန်လှုပ်ဆဲ ရင်ကို မည်သို့မျှ ထိန်းမရ ။ လက်ချောင်းဖျားများကို အားပြု ၍ ရင်အစုံကို ဖိကပ်ပြီး တည်ငြိမ်အောင် ကြိုးစားကြည့်သည် ။ သက်ပြင်းငွေ့ငွေ့ကို ရှိုက်ထုတ်ကြည့်သည် ။ မရ ။ ဘယ်လိုမှ ထိန်းမရပါလား ၊ ထိန်း လေလေ ပိုဆိုးလေလေပါပဲ ။ ရင်ထဲမှာ မွန်းကျပ်နေပြန်သည် ။ အသက်ရှူမဝ သလို မောလိုက်တာ ။

ဘာကိုမှ မမြင်ရလောက်အောင် မှောင်လိုက်တဲ့ ညပါလား ၊ မျက်လုံးတွေ စုံမှိတ်ထားလို့ ဖြစ်မယ်ထင်ရဲ့ ။ မျက်လုံး ဖွင့်လိုက်လျှင်တော့ မျှော်လင့်ခြင်း ဒါမှမဟုတ် လွတ်လပ်ခြင်း တစ်ခုခုရဲ့ အဓိပ္ပာယ်ကို ဆောင်တဲ့ ရောင်ခြည် တန်းတစ်ခု တွေ့ခွင့်ရမလားဘဲ ။ အို မဖြစ်သေးပါဘူး ၊ မမြင် မတွေ့ချင်တာ တွေ တွေ့ နေရရင် ပိုဆိုးမယ် ၊ ဒီလိုပဲ စုံမှိတ်အိပ်နေတာ ၊ ကောင်းမယ် ထင်ပါရဲ့ ။

အိပ်လို့လည်း မရနိုင်ပါလား ။ အိပ်ချင်စိတ် မရှိဘဲ မျက်လုံးတွေ မှိတ်ထားရတာ ပင်ပန်းလိုက်တာကွယ် ။ ဒီတစ်ညကို အမြန်ဆုံးကုန်လွန်သွားရအောင် ဘယ်လို ဖြတ်သန်းရပါ့မလဲ ။ ဒီတစ်ည ကုန်လွန်ခဲ့ပြီပဲ ထားဦး ၊ နံနက်ခင်းကို ဘယ်လို မျက်နှာနဲ့ ရင်ဆိုင်ရပါ့မလဲ ။ အိပ်ချင်စိတ် မရှိဘဲ မျက်လုံး စုံမှိတ်ထားရတဲ့ အဖြစ်ကို မခံနိုင်တော့တဲ့ အဆုံး ၊ မျက်လုံးတွေကို ဖွင့်လိုက်ရတော့တယ် ။ အင်မတန် အားယူပြီး ခက်ခဲပင်ပန်းစွာ ဖွင့်လိုက်ရတာမျိုးပဲ ။ အမှောင်ထဲမှာ အနေကြာခဲ့တဲ့ မျက်လုံးတွေဟာ ဖျော့တော့စွာ လင်းနေတဲ့ မီးလုံးငယ်လေးကိုတောင် ရုတ်တရက် မကြည့်နိုင်လောက် ကျိန်းစပ်သွား ရသည်လေ ။ လှဲအိပ်နေရာမ လေးလံနွမ်းလျလွန်းနေတဲ့ ကိုယ်ခန္ဓာကို လက် များဖြင့် အားပြုထောက်ရင်း ယိုင်နဲ့စွာ ကုန်းထမိတယ် ။

ပတ်ဝန်းကျင်ကို သတိထားကြည့်မိတော့ မိမိရဲ့ နံဘေးမှာ နှစ်ခြိုက်စွာ အိပ်ပျော်နေတဲ့ လူတစ်ယောက်ကို တွေ့ရတယ် ။ လက်ရှိ အခြေအနေကို နားလည်ဖို့ ကြိုးစားပြီး တွေးကြည့်တယ် ၊ ခေါင်းထဲမှာ မူးနောက်ရီဝေလာတယ် ။ ဘာတွေ ဖြစ်ကုန်ပြီလဲ ။ ဖြာကျနေတဲ့ တစ်ဝက်တစ်ပျက် အလင်း အောက်က မျက်နှာတစ်ခုကို စူးစိုက်ကြည့်မိတယ် ။ အို မောင်လည်း မဟုတ်ပါလား ၊ အဲ့ဒါ ဘယ်သူလဲ ။

ကစဉ့်ကလျား ဖြစ်နေတဲ့ စိတ်အစဉ်ကို မနည်းဘဲ အားယူစုစည်းလိုက် ရတယ် ။ အလို..... ဘုရားရေ .... ကျွန်မ သိပြီ ၊ အဲဒါ နာရီပေါင်းများစွာ အကြာက ကျွန်မနဲ့ လက်ထပ်ခဲ့ရတဲ့ သူပါလား ၊ ဒါဆိုရင် ... ကျွန်မ မသေမချင်း လက်တွဲ သွားရမယ့် အဖော်ပေါ့ ၊ ဒုက္ခပါပဲ ၊ ကျွန်မ ဘာလုပ်ရမှာလဲ မောင် မဟုတ်တာတော့ သေချာနေပြီ ။

မောင် မဟုတ်ဘဲနဲ့ ကျွန်မ အနားမှာ ဘာလို့ ရှိနေရမှာလဲ ၊ မရှိစေရဘူး ၊ ဟုတ်တယ် .. သူမရှိမှ ဖြစ်မှာ ၊ ဘယ်လို လုပ်ရမလဲ ၊ သူ့ လည်ပင်းကို ကျွန်မ လက်နှစ်ဖက်နဲ့ အစွမ်းကုန် စုပ်ညှစ်ပြီး အသက်ထွက်သွားအောင် လုပ်လိုက်ရ မလား ။ အို .. ကျွန်မ လက်တွေက လေးလံနေတာပဲ ။ လူတစ်ယောက်ကို အသက်ထွက်တဲ့ အထိ လုပ်နိုင်မှာ မဟုတ်ပါဘူး ။ သူကရော ဒီလိုပဲ ငြိမ်နေမတဲ့လား ၊ လန့်နိုး မလာဘူးလို့ ပြောနိုင်မလား ၊ သူ့ကို သ,တ်ဖို့ ကြိုးစားနေတဲ့ မိန်းမတစ်ယောက် ဆိုတာကို သိရင် ဘယ်လို တုံ့ပြန်လေမလဲ ။

အို .. မဖြစ်သေးပါဘူး ။ ပြီးတော့ ... သူဟာ ကျွန်မကို ရန်ပြုတိုက်ခိုက် နေတာမှ မဟုတ်ဘဲ ။ သူ့ဘာသာ အေးအေးဆေးဆေး အိပ်ပျော်နေတဲ့ လူတစ် ယောက်ပဲ ၊ ဒီလို လုပ်ဖို့ မကောင်းပါဘူး ။ အကောင်းဆုံးက ဒီနေရာက ခဏ ထွက်သွားဖို့ပဲ ၊ မဟုတ်ရင် လှုပ်ရှားလွန်းတဲ့ စိတ်ကြောင့် တစ်ခုခု ဖြစ်မိလိမ့်မယ် ။ အတွေးနဲ့ အတူ ခုတင်ပေါ်က ဆင်းလိုက်တယ် ၊ အဆင်းမှာ ကျွန်မ ခြေသံတွေ တိုးဖွညင်သာနေတာ သတိထားမိတယ် ။ ကျွန်မ ခြေသံကြောင့် သူ နိုးသွားမှာ ထိတ်ခနဲ စိုးရိမ်မိလိုက်သလိုပါပဲ ။ အညင်သာဆုံး ခြေလှမ်းတွေနဲ့ အခန်းအပြင်ကို ထွက်ခဲ့မိတယ် ။

အိမ်တံခါးကို တွန်းအဖွင့် မှာတော့ ဆောင်းဦးရဲ့ လေပြည်ညင်း တချို့က မွန်းကျပ်နေတဲ့ ရင်အစုံကို ရဲတင်းစွာ တိုးဝှေ့ ဝင်လာတယ် ။ မျက်နှာကို မော့ပြီး လေကို အားပါးတရ ရှူလိုက်တယ် ။ လေထဲမှာ ဆောင်းရဲ့ နှစ်လိုဖွယ် အငွေ့အသက် တချို့နဲ့အတူ ရင်အေးဖွယ် ပန်းရနံ့တချို့ စီးမျောပါလာသလို ခံစားရတယ် ။ မူးနောက် နေတာတွေ အကုန်လုံးတော့ ပြေပျောက်သွားတဲ့ အတွက် ရင်ထဲမှာ သက်သာရတယ် ။ ပုန်းညက်ပင်လေး အောက်က ခုံတန်းဖြူလေးမှာ ထိုင်နေလိုက်တဲ့ ခဏလေးပါပဲ ။ အာရုံထဲမှာ အစီအရီ ပေါ်လာကြတာက ....

ဝင်းလက်နေတဲ့ ငွေရောင်ဖန်ချောင်းတွေ ရောင်စုံပြိုးပြက်နေတဲ့ စိန်ရွှေ ရတနာ ပိုးဖဲကတ္တီပါတွေ ၊ လှုပ်ရှားပျော်ရွှင်နေကြတဲ့ လူစုံဟန်စုံတွေ ၊ ပြင်းလွန်း တဲ့ ရေမွှေးနံ့ ထုံအီလွန်းတဲ့ ပန်းပေါင်းစုံရဲ့ ရနံ့တွေ ၊ တူရိယာပစ္စည်းမျိုးစုံရဲ့ အော်မြည်ဆူညံသံတွေ အကြားမှာ လက်ချင်းတွဲပြီး လျှောက်နေရတာ ၊ ကျွန်မ နဲ့ မောင် ၊ အဲ .. မောင် မဟုတ်ဘူး ၊ ခုနက ကျွန်မ သ,တ်ပစ်ဖို့ စိတ်အကြံ ဖြစ်မိတဲ့သူ ပေါ့ ။ ကျွန်မ နားမှာ တစ်ချိန်လုံး ရှိနေတယ် ။ နှစ်ဖက်မိဘတွေရဲ့ ရာထူး အရှိန် ကြောင့်လား ။ ဒေါက်တာနိုင်ထွန်း ဆိုတဲ့ ဂုဏ်ပုဒ်ကြောင့်ပဲလား မသိဘူး ၊ ပရိသတ်တွေ ကတော့ စည်ကားလွန်းနေတယ် ။ အားလုံးရဲ့အလယ်မှာ သူ့ရဲ့ လက်ကို တွဲပြီး သွားနေရပေမဲ့ အထီးတည်းနိုင်သလို သိမ်ငယ်သလို ခံစားနေရတာ ဘယ်သူ သိနိုင်မှာလဲ ။

ရင်းနှီးတဲ့ သူငယ်ချင်း တချို့ကို တွေ့ တော့ ဝမ်းနည်းလာတယ် ၊ ရင်ထဲ မှာ ဆောက်တည်ရာ မရ ဖြစ်နေတာတွေ ဖွင့်အန် ပြောပြလိုက်ချင်ပေမဲ့ မရတော့ပါလား ။ နှလုံးသားထဲမှာ နစ်ဝင်နေတဲ့ မောင့်ရဲ့ မျက်နှာ တစ်ခုကို မညှာမတာ လျစ်လျူရှုပြီး ကျန် မျက်နှာပေါင်းစုကို ငဲ့ကွက်နေရတဲ့ အဖြစ် ။ ကျွန်မ ဘယ်လို ပျော်မွေ့နိုင်ပါ့မလဲ မောင်ရယ် ။

ဖေဖေနဲ့ မေမေ ကတော့ ကြွရောက်လာကြတဲ့ ဧည့်ပရိသတ်ကို ရယ်မောပြုံးရွှင်စွာ ကြိုဆိုဧည့်ခံနေကြတယ် ။ စိတ်ချစွာ ပြုံးရွှင်နေတဲ့ မေမေ့ရဲ့ မျက်နှာကို ကြည့်ပြီး ဝမ်းနည်းစွာ ကြည်နူးရပါတယ်မောင် ။ မေမေ မကြာခဏ ပြောဖူးတဲ့ စကား တစ်ခုကို ပြန်ကြားမိသေးတယ် ။ မိဘကို အစဉ်သဖြင့် စိတ်ချမ်းသာအောင် ထားခြင်းဟာ ကျေးဇူးဆပ်ခြင်း တစ်မျိုးပါပဲတဲ့ ။ ရင်ထဲမှာ ထိခိုက်ကြေကွဲရလွန်းပေမဲ့ စိတ်ချမ်းသာနေတဲ့ မေမေ့ရဲ့ မျက်နှာကို မြင်ပြန် တော့ မိဘကို ကျေးဇူးဆပ်နိုင်တဲ့ သမီးအဖြစ် ရင်နင့်စွာ ဂုဏ်ယူမိပါတယ် မောင်ရယ် ... ကိုယ့်စိတ်ကို ဤရွေ့ဤမျှ အထိခိုက်ခံ အကြေကွဲခံနိုင်ခြင်း ကြောင့် မိဘအား စိတ်ချမ်းသာမှု ဖြစ်စေသည်ဟု ရိုးသားစွာ နားလည်လိုက် ရပါတယ်မောင် ။

ဘာရယ် .... မောင် ဘာမေးလိုက်တာလဲ ။ ကျွန်မ အနားက သူ ... အဲ့ဒါ ဘယ်သူလဲ .. ဟုတ်လား မောင် ။ ဟင့်အင်း ကျွန်မ မသိဘူး ။ မောင် မဟုတ်တဲ့ လူတစ်ယောက်လို့ပဲ ကျွန်မ သိထားတယ် ။ သူ့အကြောင်းကို ဒီထက် ပိုပြီး သိစရာ မလိုပါဘူး ၊ ဟုတ်တယ်လေ .. မေမေရဲ့ ပြောပြချက်အရ အဲ့ဒီ လူကို စ သိခဲ့ရတယ် ၊ နေ့တစ်နေ့ရဲ့ ညနေခင်း တစ်ခုမှာပေါ့ ။

အဲဒီနေ့ဟာ ဘနင်္ဂနွေနေ့ ဆိုတာတော့ ကောင်းကောင်း မှတ်မိတယ် ။ တနင်္ဂနွေနေ့တိုင်း မောင်နဲ့ ဆုံနေကျလေ ။ ဒီတနင်္ဂနွေ မှာတော့ မောင်နဲ့ ဆုံနေကျ ဘုရားရှိခိုးကျောင်းလေးကို ကျွန်မ လာခွင့် မရဘူး ၊ ဒီညနေ ဧည့်သည်တွေ လာမှာမို့ ဘယ်မှ မသွားဖို့ မေမေက မှာထားတယ်လေ ။ တွေ့နေချိန် မတွေ့ရတော့ ရင်ထဲမှာ ဟာလိုက်တာ ။ ဒီတစ်ပတ် မောင်နဲ့ အတူ ဆိုဖို့ ကျင့်ထားတဲ့ သီချင်းလေးကို သနားလိုက်တာ ၊ ဧည့်သည်တွေ ရောက်ပြီလို့ လာခေါ်တာနဲ့ အတွေးစကို ဖြတ်ပြီး အခန်းထဲက ထွက်လာခဲ့တယ် ။ ဧည့်ခန်းထဲမှာ လူတွေ ဘယ်နှယောက် ဆိုတာ သတိမထားမိဘူး ၊ မေမေ့ အနားမှာ ဝင်ထိုင်ပြီး ငြိမ်နေမိတယ် ။ မလာ ဖြစ်တော့တာ မသိလို့ စောင့်မျှော်နေဦးမယ့် မောင်ရဲ့ သဏ္ဍာန် ကိုပဲ မြင်နေတယ် ။

အခါတိုင်းထက် ပေစီရွှန်းပ နေတဲ့ မေမေ့ရဲ့ အသံကို အံ့သြစွာ သတိပြု မိစဉ်မှာပဲ သမီး ကိုတော့ သိပြီးကြမှာပါပဲ ။ သမီး ဒါ ..... ဒေါက်တာခိုင်ထွန်း တဲ့ သမီးနဲ့ မကြာခင် လက်တွဲရမယ့်သူပေါ့ ။ ဒါက သူ့ ဖေဖေနဲ့ သူ့ နောက်ဆက်တွဲ စကားတွေကို မကြားတော့ဘူး ။ အိုးထိန်းစက် ဆိုတာ မမြင်ဖူးပေမဲ့ ကမ္ဘာမြေကြီး ချာချာလည် သွားတာ သိလိုက်ရတယ် ။ ကိုကို့ တုန်းက ဆို မေမေဟာ သားမှာ ချစ်သူ ရှိရင် ပြောနော် ဆိုပြီး အကြိမ်ကြိမ် အခါခါ မေးခဲ့ဖူးတယ် ကျွန်မ ကိုတော့ မေမေ တစ်ခါမှ ဒီလို မမေးပါလား ၊ အိမ်မှာ ကလေးငယ် တစ်ယောက်လို ခုန်ပေါက် ပြေးလွှားပြီး အဖေ တစ်လှည့် အမေ တစ်လှည့် ၊ အစ်ကို တစ်လှည့် ... ချွဲနွဲ့ နေတတ်တဲ့ ကလေးဆန်လွန်းတဲ့ ကျွန်မကို မေမေဟာ ချစ်သူရည်းစား ရှိလိမ့်မယ်လို့ ထင်ကို မထင်ခဲ့တာ ဖြစ်မှာပါပဲ ။ ရှိရှိ ၊ မရှိရှိ ၊ မေးစရာ မလိုဘူး ။ ငါတို့ စီစဉ်တဲ့အတိုင်း လိုက်နာရမယ် ဆိုတဲ့ အာဏာရှင်စိတ်နဲ့များ ကျွန်မကို ... အဲ့ဒီလိုတော့ ဟုတ်မယ် မထင်ပါဘူး ။

ဖေဖေနဲ့ မေမေဟာ သားသမီးကို ဘယ်လို အုပ်ချုပ်သလဲ ကျွန်မ အသိဆုံးပါ ။ ကိုကိုနဲ့ ကျွန်မကို တစ်ခါမှ ရိုက်နှက်ဆုံးမတာမျိုး မရှိခဲ့ဘူး ။ စည်းလွတ် ဝါးလွတ် ချစ်အားကြီးပြီး အလိုလိုက်ထားတာမျိုးလည်း မဟုတ်ဘူး ။ စည်းကမ်းတော့ ရှိတယ် ။ အသေးအဖွဲလေးက အစ ဟိုဟာ မလုပ်ရဘူး ၊ ဒီဟာ မလုပ်ရဘူး ၊ လုပ်ရင် အသေပဲ ဘာပဲနဲ့ အာဏာသုံးပြီး မဆုံးမဘူး ၊ သားက ဘာလုပ်ချင်လဲ ၊ သမီးက ဘာလုပ်ချင်လို့လဲ ၊ ဒီလို လုပ်ရင် ဘယ်လို ကောင်းမယ် ၊ ဟိုလို လုပ်ရင် ... ဘယ်လို လုပ်ရင် မှားမယ် ၊ မေမေတို့က လူကြီးပဲ အကုန် သိတာပေါ့ ။ အမှားအယွင်း တစ်စုံတစ်ရာ မဖြစ်အောင် ထိန်းပေးနေတာ ၊ ချုပ်ချယ်တာ မဟုတ်ဘူးနော် .. လို့ အစချီတဲ့ စကားတွေနဲ့ နားဝင်အောင် သွန်သင်ဆုံးမလေ့ ရှိတဲ့ မိဘမျိုးပါမောင် ။

တကယ်လို့များ ကျွန်မရဲ့ မေမေဟာ တခြား မိဘတွေလို ချစ်သူ ရှိတာ တွေ ဘာတွေ မလိုချင်ဘူး ၊ စုံစမ်းစရာ မလိုဘူး ၊ ငါအဖေပဲ ငါအမေပဲ ၊ ငါတို့ စီစဉ်တာ လိုက်နာရမယ်လို့ အကြမ်းဖက်လာရင်တော့ ကျွန်မ လည်း ဒီအနှောင်အဖွဲ့က လွတ်အောင် အကြမ်းနည်းနဲ့ ရုန်းထွက်မိမလားဘဲ ။

ခုတော့ .... ဒီလို မဟုတ်ကြဘူး မောင်ရယ် ... အသိပေးခဲ့တဲ့ နေ့က စပြီး မေမေဟာ ပညာရှိနည်းနဲ့ စကားကို ပြောတတ်ခဲ့တယ် ။ မေတ္တာတရားနဲ့ နှောင်ဖွဲ့ထားတဲ့ မေမေ့ရဲ့ စကား ကွန်ရက်ထဲက ရုန်းထွက်ဖို့ အင်အား မရှိခဲ့ဘူး မောင်ရယ် ။ ကျွန်မ ငယ်ငယ်တုန်းက အကျင့်တစ်ခု ရှိတယ် ။ ပင့်ကူအိမ်တစ်ခု မှာ ရုန်းထွက်လို့ မရအောင် ငြိတွယ်နေတဲ့ ပိုးကောင်ငယ်လေးတစ်ကောင်ကို မြင်တိုင်း မနေနိုင် မထိုင်နိုင် ဝင်ကယ်ခဲ့တယ် ၊ ပိုးကောင်လေးတော့ လွတ်သွားပါလေရဲ့ ။ ကြိုးစားပမ်းစား ရက်ထားရတဲ့ ပင့်ကူလေးရဲ့ အိမ်ကတော့ ပျက်စီးခဲ့ရရှာတယ် မောင်ရယ်  ။

အမှန်တော့ ... ကျွန်မ အပြစ်ပါ မောင် ။

အဲဒီတုန်းက မေမေ မမေးပေမဲ့ ကျွန်မက ပြောလိုက်ဖို့ ကောင်းတာ ကျွန်မမှာ ချစ်သူရှိတယ် မေမေ သူက လွဲပြီး ဘယ်သူ့ကိုမှ လက်မထပ်ပါရစေနဲ့ မေမေတို့ သဘောတူတဲ့ လူကို သမီး မယူပါရစေနဲ့ မေမေရယ် ဆိုပြီး မျက်ရည်ခံထိုး တောင်းပန်တိုးလျှိုးပြီးပဲ ဖြစ်ဖြစ် ၊ ကိုယ့်ကိုယ်ကိုယ် ဘာလုပ်ပစ်မယ် ညာလုပ်ပစ်မယ် ခြိမ်းခြောက်ပြီးပဲ ဖြစ်ဖြစ် ၊ ကျွန်မ ငြင်းဆိုခဲ့ဖို့ ကောင်းတာ ၊ သားသမီးမျက်နှာ တစ်ချက် ညှိုးမှာကို မမြင်ချင်တဲ့ မေမေ ဟာ ... သူတို့ချင်းပဲ မျက်နှာအပျက် ခံပြီး ဒီကိစ္စကို ဖျက်သိမ်းပေးဖို့ ဝန်လေးမှာ မဟုတ်ဘူး ဆိုတာကို ကျွန်မ သိနေလျက်နဲ့ မောင်ရယ် ။

သတ္တိ မရှိဘူး ၊ မောင့် ဘဝထဲ မဝင်ရဲတဲ့ သူလို့ စွပ်စွဲပါဦးလား ၊ မောင်က လွဲပြီး တခြား တစ်ယောက်ကို စိတ်မကူးဘူးလို့ ဆိုခဲ့ဖူးတဲ့ ကျွန်မကို နာကြည်း မုန်းတီးစကားတွေ ဆိုလှည့်ပါဦးလား မောင်ရယ် ၊ မောင့်ဆီက တုံ့ပြန်လာမယ့် တစ်ခုခုကို မျှော်လင့်မိတယ် ။ ဒါပေမဲ့ မောင် ဘာတစ်ခုမှ မတုံ့ပြန်ခဲ့ဘူး ။ မောင့် အမြင်မှာတော့ ကျွန်မဟာ မိဘတွေကို ဘယ်လိုမှ ငြင်းဆန်လို့ မရတဲ့ အဆုံး ခေါင်းညိတ်လိုက်ရတယ်ပေါ့ ။ မောင်ဟာ ကျွန်မ ဘာပဲ လုပ်လုပ် အကောင်း မြင်ခဲ့တယ် ။ ကျွန်မ ပြောပြတဲ့ အခြေအနေတွေကို နားထောင်ရင်း မောင်က တစ်ခုပဲ မေးတယ် ။ မောင့်ကို ချစ်လားတဲ့ ။ ကျွန်မ ထင်လိုက်တယ် ၊ မောင့်ကို တကယ် ချစ်ရင် မောင့် နောက်ကို လိုက်ခဲ့တော့ ငယ် ။ မောင်တို့ အတွက် ဒီတစ်နည်းပဲ ရှိတယ်လို့ ပြောတော့မှာပဲလို့ ။

ကျွန်မ ထင်တာ မှားသွားတယ် ။ စိတ်မကောင်း ဖြစ်ရလွန်းလို့ ခေါင်းညိတ်ပြီးသာ ပြနိုင်တော့တဲ့ ကျွန်မကို မောင်က သေချာကြည့်ပြီး မောင်တို့နှစ်ယောက် ကြားမှာ ချစ်တာ တစ်ခုပဲ ရှိတယ်လို့ ပြောတယ် ၊ ပြီးတော့ ဆုငယ် ... ပြန်ပါတော့ကွယ် ... တဲ့ ။ ရင်ထဲမှာ ကြေကွဲရတယ် မောင် ၊ မောင်ဟာ ကျွန်မ ထင်တာထက် ရိုးသားလွန်းတယ် ။ ကျွန်မ ပြန်ရမယ်လား ၊ မပြန်ချင်ဘူး ၊ မောင့်ကို အပြီး ထားခဲ့ရမှာ ၊ အို .. ကျွန်မ မောင့်ကို အပြီး ထားခဲ့ရမှာ ။ အို ကျွန်မ မောင့်ကို မခွဲနိုင်ဘူး မောင်ရယ် ၊ မောင့်ကို သိပ်ချစ်တယ် ၊ မောင့်ရင်ခွင်ထဲကို အတင်း တိုးဝင်ပြီး ပြောမိတယ် ။ လွတ်ထွက်သွားမှာ စိုးရလွန်းလို့ ရှိသမျှအားတွေ ဖျစ်ညှစ်ပြီး မောင့်ကို ဖက်တွယ်ထားမိတယ် ။ မောင့်အင်္ကျီပြင်ပမှာ စိုစွတ်ကုန်တဲ့ ကျွန်မ မျက်ရည်တွေကို မောင် မမြင်ဟန်ဆောင်တယ် ။

မောင်က ကျွန်မကို ပြန်သွားဖို့ပဲ ပြောနေတယ် ။ တစ်ယောက်ယောက် လိုက်ရှာနေရင် မကောင်းဘူး ငယ်ရယ် ၊ အိမ်က စိတ်ပူနေလိမ့်မယ် ၊ ပြန်တော့နော်လို့ ထပ်ကာ တလဲလဲ ပြောနေခဲ့တယ် ။ ဘာလဲမောင် .. ကျွန်မကို နှင်နေ တာလား ၊ မနှင်ပါနဲ့ မောင်ရယ် ၊ ကျေးဇူးပြုပြီး မနှင်ပါနဲ့လား ၊ ကျွန်မ ပြန်မှာပါ ။ ရင်ထဲက ဆန္ဒအမှန်တွေကို ပါးစပ်က ဖွင့်ထုတ် ပြောမိသွားတာပါ ။ အချိန်တန်ရင် အိမ်ပြန်ရမယ် ဆိုတာကို ကျွန်မ သိနေပါတယ် ၊ မောင်ရယ် ၊ အဲဒီအချိန်က ကျွန်မ ဟာ ပန်းပွင့်ကလေး တစ်ပွင့် ဖြစ်ခဲ့မယ် ဆိုရင် ဘယ်လောက် ကောင်းမလဲနော် ။ မလှုပ်ရှားနိုင်တဲ့ ပန်းပွင့်ငယ်လေးကို မောင်ဟာ လက်ထဲမှာ ထည့်ယူနမ်းရှိုက်နေမှာပဲ ၊ ခုတော့ ကျွန်မက အတောင်ပံပါတဲ့ ငှက်လေးတစ်ကောင် ဖြစ်နေခဲ့တယ်ကွယ် ။

ကျောခိုင်း ထွက်လာတဲ့ ကျွန်မရဲ့ ကျောပြင်ကို ကြည့်နေရက်မှာ မဟုတ်တဲ့ မောင်ဟာ ကျွန်မ နောက်ကို ပြေးလိုက်လာမှာပဲလို့ ထင်ခဲ့တယ် ။ မသွားနဲ့ မပြန်ပါနဲ့တော့ ငယ်ရယ် ၊ မောင်တို့ နှစ်ယောက်ဘဝကို ဖြစ်တဲ့နည်းနဲ့ ရင်ဆိုင် လိုက်ရအောင် ။ မောင့်ကို တစ်ယောက်တည်း မထားခဲ့ပါနဲ့ ၊ မောင်လည်း ငယ့်ကို မခွဲနိုင်ဘူးရယ်လို့ ပြောမယ် ။ ပြီးတော့ ကျွန်မ ထွက်မသွားနိုင် အောင် မောင့်ရဲ့ လက်တွေနဲ့ ဖမ်းချုပ်မယ်လို့ ထင်ခဲ့တယ် ။ နုနယ်တဲ့ မိန်းကလေး တစ်ယောက်ကို မောင့်မှာ ရှိတဲ့ အင်အားတွေ သုံးပြီး ထွက်မပြေးနိုင်အောင် စွမ်းဆောင်လို့ ရပါတယ် မောင်ရယ် ။ အဲဒီ မိန်းကလေးကို မောင့်ဘက် ပါဖို့ မောင် နှစ်ခါတောင် ကြိုးစားရမယ် မထင်ဘူး ။ ပြီးတော့ ... အဲဒီမိန်း တခြားသူ မဟုတ်ဘူး မောင် ၊ မောင့်ကို သိပ်ချစ်လွန်းတဲ့ မောင့်ရဲ့ ချစ်သူပဲ မောင်ရဲ့ ။

ဒါပေမဲ့ မောင် ဘာတစ်ခုမှ မကြိုးစားခဲ့ပါဘူး ။ ပြေးလိုက်လာမယ့် မောင့်ရဲ့ ခြေသံကို နားစွင့်နေရင်းနဲ့ပဲ ကျွန်မဟာ မောင်နဲ့ အဝေးကြီးကို ရောက်ခဲ့ရတယ် ။ လှည့်မကြည့်ပါဘူးလို့ တင်းထားတဲ့ ကြားက ကြည့်မိတဲ့အခါမှာ တော့ မောင့်ကို အစက်အပြောက်လေးသာသာပဲ မြင်ရတော့တယ် ။

ကျွန်မ ဘဝမှာ ထင်ဟပ်ခဲ့တဲ့ အဲဒီ အစက်အပြောက်လေးဟာ ဘယ်တော့မှ ကြီးထွားလာနိုင်မှာ မဟုတ်တော့သလို ဘယ်တော့မှလည်း မှုန်ဝါး ပျောက်ကွယ်မှာ မဟုတ်ဘူး ။ သေးငယ်လွန်းပေမဲ့ ထင်ရှားပြတ်သားစွာ ရှိနေခဲ့တယ်မောင်ရယ် ။ မောင့်အင်္ကျီမှာ စိုစွတ်ခဲ့တဲ့ ကျွန်မရဲ့ မျက်ရည် အစအန တွေကို မောင် ဘာကြောင့် ဥပေက္ခာ ပြုခဲ့တယ် ဆိုတာ ၊ ကျောခိုင်းခဲ့ရတဲ့ ကျွန်မကို ခေါ်ဖို့ မကြိုးစားဘဲ ငေးကြည့်ရုံသာ ကြည့်ပြီး ကျောက်ရုပ် တစ်ရုပ်လို ဘာကြောင့် ငြိမ်သက်စွာ ကျန်ရစ်ခဲ့တယ်ဆိုတာ ကျွန်မ ခုတော့ ကောင်းကောင်း သိပါပြီ မောင်ရယ် ။

မေမေတို့ စီစဉ်တဲ့ ကိစ္စမှာ ငြင်းဆန်ဖို့ အခွင့်အရေး ရှိပါလျက်နဲ့ မငြင်းနိုင်ခဲ့တဲ့ ကျွန်မကို မောင်ဟာ နားလည်ခဲ့သလို မောင်သာ ခေါ်မယ် ဆိုရင် လိုက်ဖို့ ဆန္ဒရှိတဲ့ ချစ်သူကို မခေါ်ဘဲ ထားရက်ခဲ့တဲ့ မောင့်ရဲ့ သတ္တိကိုလည်း ကျွန်မ ကောင်းစွာ နားလည်တတ်ခဲ့ရပါပြီ မောင်ရယ် ။

ကျွန်မ အပေါ် နားလည်တတ်လွန်းတဲ့ မောင့်ကို ထပ်တူထပ်မျှ ခံစား နားလည်ရင်းနဲ့ပဲ ရင်ထဲမှာ ကြေကွဲရပါတယ် မောင် ။

အားလည်း ငယ်ရပါတယ် မောင်ရယ် ၊ တစ်ချက်တစ်ချက် သစ်ရွက်ကို လေအတိုးမှာ မောင့် ခေါ်သံများ ကပ်ပါလာမလား နားစွင့်ရတာ အမော ၊ ကောင်းကင်ကို မော့ကြည့်မိပြန်တော့ လပြည့်ဝန်းထဲမှာ မောင့်မျက်နှာကို တွေ့ရပြန်သည် ။ တိတ်ဆိတ်နိုင်လွန်းတဲ့ ညပါပဲကွယ် ၊ ဒီအချိန် မောင် ဘာလုပ်နေမလဲ ။ ကျွန်မ လိုပဲ မောင် အိပ်မရ ဖြစ်နေမည်လား ။ ကျွန်မ ကျောခိုင်းထွက်လာခဲ့ချိန်ထိ ဟန်မပျက် နေနိုင်ခဲ့တဲ့ မောင်ဟာ ကျွန်မ ကွယ်ရာမှာ တစ်ခုခုများ ဖြစ်နေမလား ။ ဟင့်အင်း ... ဟင့်အင်း မဖြစ်ပါစေနဲ့ ။ ကျွန်မ ပြောပြတဲ့အထိ မယုံမရဲ ဖြစ်နေတဲ့ မောင်ဟာ နောက်တစ်နေ့ သတင်းစာထဲ ပါလာမယ့် သတင်းအပိုင်းအစလေးကို မြင်တွေ့လိုက်ရရင်တော့ တကယ်ပါပဲ ငါ သူမကို လက်လွှတ်ဆုံးရှုံးရပြီ ဆိုတဲ့ အသိစိတ်နဲ့ အတူ ထိုအသိစိတ်က မောင့်ကို ခြောက်လှန့်နေမှာလား ။ ဆုံးရှုံးရမည်လို့ ကြိုသိစဉ်က ခံနိုင်ရည်ရှိခဲ့သလို အခုလည်း ခံနိုင်ရည်ရှိစေချင်ပါတယ် မောင် ။ စွန့်လွှတ်ရခြင်း ဝေဒနာကို ခံနိုင်ရည်မရှိတဲ့အဆုံး ဆေးလိပ်တောင် မသောက်ခဲ့ဖူးတဲ့ မောင် ဟာ စိတ်ညစ်ရင် အရက်သောက်ရတယ် ဆိုတဲ့ အပေါင်းအသင်း တချို့ စကား နားယောင်ပြီး မဖြစ်သင့်တာတွေ ဖြစ်နေပြီလား ။

မောင့်အတွက် စိုးရိမ်စိတ် ၊ ဝမ်းနည်း ယူကျုံးမရတဲ့ စိတ်တွေနဲ့ ရင်ထဲမှာ တင်းကျပ်လိုက်တာ ။ ရင်ထဲမှာ ထိခိုက် ခံစားရတာတွေ မောင် ကြားသည်အထိ အသံကုန် အော်ဟစ်ငိုကြွေးလိုက်ချင်ပါရဲ့ မောင်ရယ် ။ ထိန်းမရတဲ့ အဆုံး မျက်နှာကို လက်နဲ့ အုပ်ပြီး ရှိုက်ငိုလိုက်မိတော့တယ် ။

“ အပြင်မှာ သိပ်အေးတယ် ၊ ငယ် အိပ်မပျော်လို့ လာထိုင်နေတာလား ”

ကြင်နာဟန် အပြည့် နဲ့ အသံတစ်သံကို ကြားလိုက်ရတယ် ။ အသံရှင်ဟာ အနားကို ဝင်ထိုင်လိုက်တယ် ထင်ရဲ့  ။ နွေးခနဲ ဖြစ်သွားတယ် ။

“ တစ်နေကုန် ပင်ပန်းလို့ ထင်ရဲ့ ကိုယ်တော့ မှေးခနဲ အိပ်ပျော်သွားမိတယ် ၊ တစ်ရေးနိုးတော့ ငယ့်ကို မတွေ့တော့တာနဲ့ ခဏတစ်ဖြုတ် အပြင်သွားတယ် ထင်ပြီး စောင့်နေသေးတယ် ။ မလာနိုင်တာနဲ့ လိုက်လာမိတာ ကိုယ် ရောက်လာတာ ငယ် အနှောင့်အယှက်များ ဖြစ်သွားမလားပဲ ”

သူဟာ စကားတွေ အဆက်မပြတ် ပြောနေတယ် ။

“ ဟင် ငယ် အနှောင့်အယှက်များ ဖြစ် မလား ” ဆိုပြီး မျက်နှာကို အုပ်ထားတဲ့ ကျွန်မ လက်တွေကို ညင်သာစွာ ဆွဲဖယ် လိုက်တယ် ၊ ဟော ကျွန်မ မျက်ရည်တွေ သူ တွေ့သွားပြီး ဘာဖြစ်လို့လဲ ဆိုတာ မေးတော့မယ် ။ မမေးပါနဲ့ ရှင် ကျွန်မ မဖြေပါရစေနဲ့ ။

“ ဘာဖြစ်လို့ ငိုနေတာ လဲ ငယ် ” တဲ့ ။ ထင်တဲ့ အတိုင်းပါပဲ ။ ဒါပေမဲ့ သူ့အမေးဟာ အဖြေ လိုချင်တဲ့ အမေးမျိုး မဟုတ်ဘူး ။ သူ ဆက်ပြောတယ် ။

“ မငိုပါနဲ့ ငယ် ၊ မနက်ဖြန်မှာ ငယ့်ဖေဖေနဲ့ မေမေဆီ သွားကြတာပေါ့ အိမ်ကို အရမ်းပဲ သတိရနေတော့ ဘယ် အိပ်ပျော်ပါ့မလဲ ၊ ဟုတ်တာပေါ့ ၊ ငယ်က မေမေနဲ့ ခွဲမအိပ်ဖူးဘဲ ခုလို ရုတ်တရက်ကြီး ခွဲလိုက်ရတော့ ငိုချင်နေမှာပေါ့ ၊ ကိုယ်တစ်ယောက်လုံး ရှိနေတာပဲ .. အားမငယ်ပါနဲ့ ငယ်ရယ် မနက်ဖြန် ကိုယ် ဆေးရုံသွားစရာ မလိုဘူး ၊ ငယ် သွားချင်တဲ့ နေရာတွေဆီ လိုက်ပို့ပေးမယ် ၊ နောက်တော့ ငယ် နေသားကျပြီး ပျော်သွားမှာပါ ”

သူ့စကားတွေ နားထောင်နေရုံက လွဲပြီး ကျွန်မ ဘာတတ်နိုင်မှာလဲ မောင်ရယ် ။ သူ့ ရင်ခွင်ထဲက မိန်းမငယ်ဟာ သူ ထင်သလို မဟုတ်ဘဲ ဆုံးရှုံးခဲ့ရတဲ့ ချစ်သူ အတွက် ငိုနေတာကို သိရင် အို ..... စိတ်မကောင်းစရာဘဲ ။

“ တစ်ကိုယ်လုံးလည်း အေးစက်နေတာပဲ ငယ် ၊ တော်ကြာ အအေးမိလိမ့်မယ် ၊ အိမ်ထဲ ဝင်ရအောင်နော် ”

ခေါင်းညိတ်မိသလား ဆိုတာ မသိခင်မှာဘဲ ပေးမလာတဲ့ သူ့လက်တွေ ကို အားကိုးတကြီး ဆုပ်ကိုင်ရင်း ထ ရပ်မိတယ် ။ အိမ်ဆီသို့ အလှမ်းမှာ သူက စကားတွေ အဆက်မပြတ် ပြောလာတယ် ။ ငယ့် မှာသာ မကြား တစ်ချက် ကြား တစ်ချက်နဲ့ မောင့်ကို တမ်းတရတဲ့ စိတ်တွေရယ် .... အပြီးတိုင် ထွက်သွားပါတော့လားရှင် ။

နောက်တစ်နေ့ မနက်မှာ နေ့သစ်ရဲ့ ရောင်ခြည်နဲ့ အတူ ငယ် ဟာ ဘဝသစ်ကို တည်ဆောက်ရတော့မယ် ။ မောင်နဲ့ ဘာမှ မဆိုင်တော့တဲ့ မိန်းကလေး အဖြစ် ။ ရှင်းရှင်းပြောရရင် ဒေါက်တာနိုင်ထွန်း ရဲ့ ဇနီး ဒေါ်ဆုငယ်ဖြိုး အဖြစ် ဘဝကို ရင်ဆိုင်ရတော့မယ် ။ သူ့အလိုလို ရစ်ပတ်လာတဲ့ အနှောင်အဖွဲ့ ကြားကို ရဲရဲကြီး တိုးဝင်ရတော့မယ် ။

အဲဒါကို ရုန်းထွက်ဖို့ ကျွန်မက ကြိုးစားသင့်ပါသလား မောင် ။

▢  စုမီအောင်
📖 ဟန်သစ် မဂ္ဂဇင်း
      ဇွန် ၊ ၁၉၉၂

No comments:

Post a Comment