Wednesday, November 26, 2025

နှုတ်ခမ်းနီမ ( ရဲ့ ) ပြေ ( ဆေး - ၂ )


 

❝ နှုတ်ခမ်းနီမ ( ရဲ့ ) ပြေ ( ဆေး - ၂ ) ❞

စာဖတ်သူများနဲ့ တွေ့ဆုံပေးခြင်းကဏ္ဍမှာ ဒီလ ကျွန်တော်တို့ ရွေးချယ်ထားတဲ့ ဆရာကတော့ လူငယ်စာရေးဆရာ တစ်ဦး ဖြစ်တဲ့ “ ပြေ ( ဆေး - ၂ ) ” ပါပဲ ။ ဆရာပြေ က လုံးချင်းဝတ္ထု အနေနဲ့ “ နှုတ်ခမ်းနီမရယ်က ပန်းဆီသ,ကာ ရယ်ကာချိုရွှင် ” တစ်အုပ်ပဲ ထွက်သေးပေမဲ့ မဂ္ဂဇင်းဝတ္ထုတို တော်တော်များများ ရေးခဲ့ပြီး ဖြစ်ပါတယ် ။ ဆရာပြေ နဲ့ ပြောဖြစ်ခဲ့ကြတာတွေကို တင်ပြပေးပါရစေ ။

••••• ••••• ••••• 

🆆 🅽 “ နှုတ်ခမ်းနီမ ” အကြောင်း အရင် ပြောကြရအောင်လား ဆရာ ၊ ဒီဝတ္ထုက အမျိုးသမီးစားပွဲထိုး ဖြစ်လာရတဲ့ မိန်းကလေး တစ်ယောက်အကြောင်း ရေးထားတဲ့ ဝတ္ထုနော် ၊ ကျွန်တော်တို့ မြန်မာတွေက စားပွဲထိုးမိန်းကလေး ဆိုရင် အထင်သေးကြတယ် ။ “ ဟိုတယ်မယ် ” လို့လည်း ကင်ပွန်းတပ်ကြတယ် ။ နှုတ်ခမ်းနီမနဲ့ ပတ်သက်ပြီး ကျွန်တော် မေးချင်တာက ...

ဒီဝတ္ထုဟာ တစ်စုံတစ်ယောက်ရဲ့ တကယ့် အဖြစ်အပျက်လား ၊ ဒါမှမဟုတ် ဆရာ့စိတ်ကူးယဉ် သက်သက်ပဲလား ။

🅟 ကျွန်တော့်ရဲ့ ပထမဦးဆုံး လုံးချင်းဝတ္ထု ဖြစ်တဲ့ “ နှုတ်ခမ်းနီမရယ်က ပန်းဆီသကာ ရယ်ကာ ချိုရွှင် ” ကို ကိုဝင်းငြိမ်း ဖတ်ပြီးမှ မေးတယ်လို့ ယူဆပါတယ် ။ ကိုဝင်းငြိမ်း ဖတ်ပြီးပြီ ဆိုရင်တော့ ဒီဝတ္ထုဟာ စိတ်ကူးယဉ်သက်သက် မဟုတ်ဘူးဆိုတာ သိနိုင်ပါတယ် ။ တစ်စုံတစ်ယောက်ရဲ့ တကယ့်အဖြစ်အပျက်လား ဆိုတော့လည်း မဟုတ်ပြန်ဘူးဗျ ။ ကျွန်တော် ဆိုလိုတာက စားပွဲထိုးကောင်မလေး တစ်ယောက်တည်း အကြောင်း မေးပြီး ရေးထားတာ မဟုတ်ဘူးလို့ ပြောချင်တာပဲ ။ ဒီစားပွဲထိုးကောင်မလေး အတော်များများရဲ့ ကိုယ်စားပြု ဇာတ်ကောင် တစ်ခုလို့ ဆိုချင်ရင်တော့ ရနိုင်ပါတယ် ။

🆆 🅽 နှုတ်ခမ်းနီမကို ရေးနိုင်ဖို့အတွက် ဆရာ ၊ ဘယ်လို လေ့လာခဲ့ပါသလဲ ။

🅟 နှုတ်ခမ်းနီမကို ရေးနိုင်ဖို့အတွက် ဘယ်လို လေ့လာရသလဲဆိုတော့ ပြောရရင် အရှည်ကြီးပေါ့ဗျာ ၊ ကျွန်တော် ဆေးကျောင်းသားဘဝတုန်းက ဆိုပါတော့ ၊ ဆေးကျောင်းမှာက စာမေးပွဲတွေက တစ်လတည်းကို အမျိုးစုံအောင် ဖြေရ ၊ ကျက်ရ အစုံပေါ့ဗျာ ။ လူပင်ပန်း စိတ်ပင်ပန်း အတော်ခံကြရတယ် ။ အဲလိုဆိုတော့ တစ်ခါ တစ်ခါ စာမေးပွဲလေးတွေ ပြီးရင် လူကို နုံးခွေကျန်ခဲ့တာချည်းပဲ ။ ဒါနဲ့ အရက်ကို နည်းနည်း စမ်းသောက်ကြည့်ကြတာပေါ့ ။ လူဆယ်ယောက်မှာ ခုနစ်ယောက်လောက်ကတော့ အနည်းနဲ့အများ သောက်ကြတာပဲ ဆိုပါတော့ ။ ကျွန်တော်က မန္တလေး ဆေးတက္ကသိုလ်မှာ စတက်ရတော့ မန္တလေး ဆေးကျောင်းက သူငယ်ချင်းတွေနဲ့ ပိုပြီး ရင်းနှီးရတယ် ။ မန္တလေး မှာ အဲဒီလိုပဲ သူငယ်ချင်းတွေ စုစုပြီး အရက်သောက်တတ်ခဲ့တယ် ။ စာမေးပွဲ တစ်ခါ ပြီးတိုင်း ဆိုပါတော့လေ ။ ဆိုတော့ ကျွန်တော်တို့ဟာ စားပွဲရုံ အတော်များများကို ဆေးကျောင်းသားဘဝမှာ ကိုက ရောက်ခဲ့ဖူးလှပြီ ၊ မူးခဲ့ဖူးလှပြီ ၊ ရမ်းခဲ့ဖူးတာလည်း ပါတယ် ၊ စုံတာပေါ့ ။ ဒီနေရာမှာ ကျွန်တော်က ဘာလေးပဲ လုပ်လုပ် စာရေးချင်တဲ့ ဝါသနာက သွေးထဲမှာ အမြဲရှိနေတော့ ရောက်ခဲ့တဲ့ စားပွဲရုံက စားပွဲထိုး ကောင်မလေးတွေရဲ့ စရိုက်တွေ ၊ အကျင့် ၊ အမူအရာ ၊ စိတ်ထား က အစ သတိထားနေမိတာ များတယ် ။ ကိုယ်နဲ့ အမြဲလို ဆေးကျောင်း သက်တမ်းတစ်လျှောက်မှာ သိနေ မြင်နေရတော့ ခေါင်းထဲမှာ စွဲနေတယ် ။ နောက် ရန်ကုန် ဆေးတက္ကသိုလ် ၂ ကို ပြောင်းတော့ ဒီ ရန်ကုန် မှာက ပိုဆိုးတာပေါ့ ။ ကျွန်တော်တို့ ခေတ်တုန်းက ပြောပါတယ် ။ ခုတော့ မရှိပါဘူး ။

ပြောချင်တာက သူတို့တွေရဲ့အကြောင်းကို အပေါ်ယံလေး ရှပ်ကြည့်ရင်တော့ လှလှပပဝတ်မယ် ၊ ဆိုင်လာတဲ့ လူကို မြှူမယ် ၊ ချွဲမယ် ၊ ချူမယ်ပေါ့ ထင်စရာ ရှိတယ် ။ ဒါပေမဲ့ သူတို့တွေရဲ့ ဘဝကို အတွင်းကျကျ ဝင်ကြည့်လိုက်ရင် အတော်လေးကို စိတ်ညစ်စရာတွေ ပြည့်နေတော့တာပဲ ။

တစ်ခုတော့ ရှိတာပေါ့လေ ၊ ကျွန်တော် ပြောနေတဲ့ အပိုင်းဟာ ရိုးရိုးသားသာ ဝမ်းရေးအတွက် စားပွဲထိုးလုပ်စားတဲ့ ကောင်မလေးတွေကို ပြောတာပဲ ။ စားပွဲထိုး လုပ်သော သူတို့ကို ဘာအထင်သေးစရာ ရှိသလဲ ။ ကျွန်တော်တော့ ဒီလိုမြင်တယ် ။ နိုင်ငံခြားမှာ သူဌေးသမီးလည်း စားပွဲထိုးလုပ် ၊ ပန်းကန်ဆေး ဝင်လုပ်ပြီး ကျောင်းတက်ကြတာ ရှိတယ် ။ ဒီတော့ ရိုးရိုးသားသား လုပ်ကိုင်စားတယ် ၊ အကျင့်စာရိတ္တ မဖောက်ပြားဘူး ဆိုရင် လေးစားရမှာပဲ ။ အဲဒီဘက်က ကျွန်တော် မြင်ပြီး ရေးတာပဲ ။ လောကမှာ အကောင်းနဲ့ အဆိုးက ဘယ်နေရာမှာ မဆို ရှိတာပါပဲ ။ အရာရာကို အမြင် တစ်ခုတည်းနဲ့ ဆုံးဖြတ်လို့ မရပါဘူး ။ ခုခေတ် ကောင်မလေးတွေရဲ့ နေပုံထိုင်ပုံ ဝတ်စားဆင် ယင်ပုံကို ကြည့်ပြီး ပြောလို့ မရဘူး ။ သူတို့ ဝမ်းထဲက စိတ်ကို မှန်းလို့ မလွယ် ဘူး ။ ကျွန်တော့် အဖို့ သိပ်ပြီး ကွင်းဆင်းရတာတို့ ၊ ပြည်သူကြား လေ့လာရတာတို့တော့ မပြောချင်လှပါဘူး ။ ဒီဝတ္ထုလေး ရေးဖို့ ကျွန်တော် အတော် ရင်းရပါတယ် ။ ပိုက်ဆံ အတော် ကုန်တာဗျ ။ စာမူခ ရတော့လည်း သူငယ်ချင်းတွေကို ပြန်တိုက်ရလို့ ချောတာပါပဲ ။

🆆 🅽 မီမီတို့လို စားပွဲထိုး မိန်းကလေးတွေ အပေါ် ဆရာ ဘယ်လို မြင်ပါသလဲ ။

🅟  မီမီ တို့လို စားပွဲထိုးမျိုးကို ဘယ်လို မြင်သလဲ ဆိုတော့ မီမီ လို အိမ်တာဝန်တစ်ခုလုံးကို ထမ်းနေရတဲ့ ကောင်မလေးတွေ ၊ အရှက်ကို ငဲ့မနေဘဲ ရိုးရိုးသားသား အလုပ်လုပ်တဲ့ ကောင်မလေးတွေ ၊ စာရိတ္တ အပဲ့မခံဘဲ အလုပ်လုပ်စားတဲ့ ကောင်မလေးတွေကို လေးစားတယ် ။

🆆 🅽 လူသာ ပဓာန ဖြစ်တဲ့အတွက် စားပွဲထိုး မိန်းကလေးတွေ မရှိသင့်ဘူး ဆိုတဲ့ အယူအဆနဲ့ ပတ်သက်ပြီး ဆရာ ဘယ်လိုမြင်ပါသလဲ ။

🅟 စားပွဲထိုး ရှိသင့် ၊ မရှိသင့် ဆိုတာကတော့ တိုင်းပြည်ရဲ့ အာဏာပိုင်အဖွဲ့အစည်းနဲ့ ဆိုင်မှာပါ ၊ နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေး ရှုထောင့်တွေနဲ့ ချိန်ထိုး ကြည့်ရင်လည်း တစ်မျိုးပေါ့လေ ။

ကျွန်တော် ကတော့ ရိုးရိုးပဲ မြင်တယ် ၊ ကောင်းတဲ့လူ ကောင်းမှာပဲ ။ လူတွေမှာ ဆုံးဖြတ်ပိုင်ခွင့်တော့ ရှိရမှာပေါ့ ၊ ရွေးချယ်ပိုင်ခွင့် အများကြီးပေါ့ ။

🆆 🅽 ဆရာ ဘာကြောင့် လုံးချင်း ဆက်မရေးဖြစ်သေးတာလဲ ။

🅟  ကျွန်တော် လုံးချင်း ဆက်မရေးဖြစ်သေးတာကလည်း အကြောင်းတွေ ပေါင်းစုံ တစ်ချိန်တည်း လာတိုက်ဆိုင်နေလို့ပဲ ၊ ဒုတိယအုပ် ဖြစ်တဲ့ “ တောင်ကုန်းနားက ယုန်ကလေး ခုန်၍ ခုန်၍ ပြေး ” ဆိုရင် တစ်နှစ်တိတိ ကြာသွားတယ် ၊ ခုတော့ ရပါပြီ ၊ ရှေ့လလောက်မှာ အင်ကြင်းမြိုင်စာပေက ထွက်ပါမယ် ။

လုံးချင်း ရေးရတာကလည်း ခက်ပါတယ်ဗျာ ၊ ကျွန်တော် ခုရေးနေတဲ့ သရုပ်မှန်စာပေ ဆိုတဲ့ လိုင်းကြောင်းကို အခုတစ်လော ဘဝင်မကျဘူး ဖြစ်နေတယ် ၊ ကျွန်တော်တို့ ရေးနေတဲ့ စာတွေဟာ ဘယ်အတိုင်းအတာထိ သရုပ်မှန်သလဲ ဆိုတာ တွေးကြည့်ရင် တစ်မျိုးပေါ့ဗျာ ၊ သရုပ်မှန်စာပေဟာ ခေတ်တစ်ခုရဲ့ ကြေးမုံပြင်လို့ ဆိုတဲ့ စကားကို နည်းနည်း သံသယ ဝင်လာချင်တယ် ၊ ကြေးမုံပြင်ဟာ ဘယ်လို ကြေးမုံပြင်လဲ ဆိုတာ ဆန်းစစ်ဖို့ လိုလာပြီလို့ ထင်တယ် ၊ လှိုင်းအတွန့်လေးတွေ ပါသလားပေါ့ ၊ ခုန လုံးချင်းအကြောင်း နည်းနည်းပြောချင်သေးတယ် ၊ နှုတ်ခမ်းနီမ ဝတ္ထုက စားပွဲထိုးမအကြောင်းတစ်ခုတည်း မဟုတ်ပါဘူး ၊ ပြောချင်တာတွေ အများကြီး ပါပါသေးတယ် ၊ ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ နေရာရပ်တည်မှုပေါ့လေ ၊ အဲဒါလေးလည်း ပြောချင်တာပါ ၊ ကျွန်တော် ရေးတာ လိုသွားလို့ရင်လည်း ဖြစ်ပါလိမ့်မယ် ။

🆆 🅽 ဝတ္ထုတို နဲ့ ဝတ္ထုရှည် ခွဲခြားကန့်သတ်မှုကို ဆရာ ဘယ်လို အဓိပ္ပာယ်ဖွင့်မလဲ ။

🅟  ဝတ္ထုတိုနဲ့ ဝတ္ထုရှည် ခွဲခြားသတ်မှတ်မှုကို ဘယ်လို အဓိပ္ပာယ်ဖွင့်မလဲ ဆိုတာကတော့ ပညာရှင်တွေ အလုပ်ပါ ၊ ကျွန်တော်က ဝတ္ထုရေးသမား ဆိုတော့ နားလည်သလိုပဲ ပြောပါ့မယ် ။

ဝတ္ထုတို ဟာ ဓာတ်ပုံတစ်ပုံ ရိုက်ချက်နဲ့ တူတယ် ၊ ကိုယ်လိုချင်တဲ့ အကွက်ကို အမိအရ ရိုက်ပြတာပဲ ၊ ပုံထွက်လာရင် ပုံထဲမှာ ပါတဲ့ အတိုင်းပဲ အပိုထပ်ဖြည့်ပြလို့ မရဘူး ၊ မရိုက်ခင်က ကိုယ့်ဟာကိုယ် လိုတာကို ကြည့်ထားရမယ် တွေးထားရမယ် ၊ ပုံထဲပါအောင် အမိအရ ရိုက်မယ် ။

ဝတ္ထုရှည်ကတော့ ရုပ်ရှင်ရိုက်သလို နေမယ် ၊ ပြောချင်တာတွေကို စီကာပတ်ကုံး လှလှပပ သိုက်သိုက်ဝန်းဝန်း လုပ်ပြလို့ ရတယ် ၊ ကျွန်တော်တော့ ဒီလိုပဲ ထင်တယ် ။

🆆 🅽 စာရေးဆရာတွေ အားလုံးနီးပါး မဂ္ဂဇင်းကိုယ်စီ နဲ့ အယ်ဒီတာတွေ ဖြစ်လာချိန်မှာ ဆရာကော အယ်ဒီတာ မလုပ်တော့ဘူးလား ။

🅟  ဒီမေးခွန်း ဖြေရတာ ခွကျသားဗျ ၊ အယ်ဒီတာ မလုပ်တော့ဘူးလား ဆိုတော့ လုပ်ခဲ့ဖူးတာကို ပြောတာလား ၊ အလကားပါဗျာ ၊ ကျွန်တော် အယ်ဒီတာ မလုပ်ခဲ့ရပါဘူး ၊ အယ်ဒီတာ အလုပ် ၊ မဂ္ဂဇင်းတစ်ခုရဲ့ လုပ်ငန်း ၊ စာမူ ဖတ်တာကနေ ဆိုင်ပေါ် ရောက်တဲ့အထိ သိချင်လို့ ၊ သိသင့်တယ် ထင်လို့ တစ်ခါက ဝင်ကူညီပေးခဲ့ဖူးတာပါ ၊ အယ်ဒီတာအလုပ် ဆိုတာ ဘာလဲတော့ ကျွန်တော် မသိလိုက်ပါဘူး ၊ လူထဲက ဝတ္ထု ၊ ဝတ္ထုထဲက လူ အကြောင်းပဲ ကောင်းကောင်း သိလိုက်ရဖူးပါတယ် ။

အယ်ဒီတာ လုပ်တာထက် စာရေးချင်တာက ပိုပါတယ် ၊ အသက်ကြီး လာရင်တော့ မပြောတတ်ဘူးပေါ့ဗျာ ။

🆆 🅽 ဆရာဝန်စာရေးဆရာ ဆိုတာ အရင်တုန်းကတော့ ဆေးဝတ္ထုပဲ ရေးခဲ့ကြတယ် ၊ အခု ဆရာဝန် စာရေးဆရာတွေက ( အများအားဖြင့် ) သရုပ်မှန်စာပေဘက် ကူးလာကြတယ် ၊ ဘာကြောင့်ပါလဲ ။

🅟  ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကျွန်တော် လင်း ( ဆေး - ၁ ) နဲ့  မောရူးဆိုး တို့နဲ့ တစ်ခါ ပြောဖူးတယ်ဗျ ။

ကျွန်တော် ထင်တာတော့ ဟိုအရင်က ဆရာဝန်တွေ ရေးကြတာက လူတွေအတွက် ဆေးပညာ ပေးချင်တယ် ၊ ကျန်းမာရေး ဗဟုသုတကို သကြားလုံးပြီး ပေးတယ် ၊ ရောဂါတစ်ခုကို မူတည်ပြီး ဇာတ်ကွက်ချပေးမယ် ၊ ဆရာဝန်က ပင်တိုင်ဇာတ်ကောင် ၊ ဇာတ်ရုပ်သေနဲ့ ရေးတယ် ။ ဆရာဝန်ဘက်က အမြင်နဲ့ ရေးကြတယ် ။ ကျွန်တော် ငယ်ငယ်ကလည်း ဆရာမောင်သင် ၊ ဒေါက်တာ ထွန်းရွှေတို့ ဝတ္ထုတွေ ဖတ်ပြီး စာရေးချင်လာတာပဲ ။ အားကျတာလည်း ပါတယ် ။ ဒီနေရာမှာ ရသစာပေ ရေးတဲ့ ဆရာဝန်ပိုင်းကို ပြောတာပါ ၊ သုတပိုင်း ရေးတဲ့ ဆရာဝန် ကိုတော့ မပြောလိုပါဘူး ။

ဒါ သူ့ခေတ်နဲ့သူ ၊ သူ့စာဖတ်ပရိသတ်နဲ့သူ ရှိနေခဲ့တာပဲ ၊ အခု ကျွန်တော်တို့ ဆရာဝန်တွေ စာရေးကြတယ် ၊ ဒါ ဘာလို့လဲ ဆိုတော့ ကျွန်တော့် အမြင်က ဒါဟာ မျိုးဆက်သစ် တစ်ခုပဲလို့ မြင်တယ် ၊ ဒီနေရာမှာ တစ်ခါက ကျွန်တော့်ကို အင်တာဗျူး တစ်ယောက် လုပ်တယ်ဗျ ၊ သူက ဆရာဝန် စာရေးဆရာ ဘဝသရုပ်ဖော် ရေးလို့ ခေါင်းထောင်ကြည့်မိတယ်လို့ ရေးတယ် ။ ခေါင်းစောင်းပြီး ကြည့်လေ့ကြည့်ထ ရှိပုံရတယ် ထင်တယ် ။

ဒီမျိုးဆက်သစ် ဆိုတာ တစ်ချိန်တစ်ခါမှာ စုစုဝေးဝေး အုံနဲ့ကျင်းနဲ့ ပေါ်လာတာပဲ ၊ ဘယ်သူကမှ ပြောလို့ စုပေးလို့ တင်ပေးလို့ မဟုတ်ဘူး ။ ခေတ်အခါ အချိန်ကိုက ကျွန်တော်တို့တွေ စာရေးဖြစ်ကြဖို့ ဖန်တီးပေး လာတာပဲ ။

ဒီလိုပဲ မျိုးဆက်သစ် New Generation ဟာ တစ်စုံတစ်ယောက်က လုပ်ပေးလို့ ဖြစ်လာရတာ မဟုတ်ဘူး ၊ ကျွန်တော်တို့ လုပ်ခဲ့တဲ့ကိစ္စ ကိုယ့်ဟာကိုယ် သိကြပါတယ် ။

သရုပ်မှန်ဘက် ကူးလာကြတယ် ဆိုတာ မှန်သင့်သလောက် မှန်တယ် ၊ အားလုံးတော့ မဟုတ်ဘူး ၊ ကျွန်တော် မြင်တာ ခုဝတ္ထုတိုခေတ်လို့ ပြောနေတဲ့အချိန်မှာ ဝတ္ထုတို ခေတ်ပြိုင်သမား အားလုံးဟာ ကိုယ့်ဟာကိုယ် လုံလုံခြုံခြုံ ယုံကြည်ချက် ပြည့်ပြည့်ဝဝနဲ့ ကိုယ်မှန်တယ် ထင်တာကို တစိုက်မတ်မတ် လုပ်ရကြတယ်လို့ မြင်တယ် ။ ဆရာဝန်တွေ ထဲမှာ ကျွန်တော့် သူငယ်ချင်းတွေဆို အတော်လေး လုပ်ထားတာတွေ ရှိတယ် ။ စာမရေးချင်သာ ရှိမယ် ၊ စာကို နာနာဖတ်တဲ့ လူတွေ ရှိတယ် ၊ ဆရာဝန်ဖြစ် မယ် အပြောခံရတာတွေ ရှိတယ် ။ ဒါကလည်း လူ့ သဘာဝပဲ မဟုတ်လား ။ ထားပါတော့ ။

တစ်ယောက်ဆိုရင် သူ့မှာ အနုပညာအား ဖန်တီးမှု သိပ်ကောင်းတယ် ၊ သူ ခံစားရတာလေးတွေ ၊ သူ့အမြင်နဲ့ ရိုးရိုးလေး ရေးတဲ့ ဝတ္ထုတိုလေးတွေ ဆို သိပ်ဖတ်ကောင်းတယ် ။ လှတယ် ။ ဒါပေမဲ့ နောက်ပိုင်းကျတော့ သူ့ရဲ့ပတ်ဝန်းကျင်က အုပ်စုရဲ့ လွှမ်းမိုးမှုကို ခံရပုံရတယ် ။ သရုပ်မှန်ပဲ ကြွေးကြော်လာတယ် ။ သရုပ်မှန် ရေးမှ သူ့စာတွေ အဖိုးတန်မယ်လို့ ပြောလာတယ် ။ ရေးလာတယ် ။ ဒီတော့ သူ့ စာကြီးက သရုပ်တုတွေ ထွက်လာရော ၊ သရုပ်မှန်သမားတွေ ရေးလေ့ရေးထ ရှိတဲ့ ဖော်မြူလာအတိုင်း ဆင်းရဲမယ် ရေးတယ် ။ နောက်ဆုံးကျ ဇာတ်က နာရမယ် ။ ဒီအတိုင်း ချပြီး ရေးတယ် ။ ရှမ်းပြည်နယ်က အလှူတစ်ခု အကြောင်း ရေးတယ် ၊ ပြီးသွားတယ် ။ ပဲပုပ်နံ့ ၊ မုန်ညင်းချဉ်နံ့ မရဘူး ။ ကျွန်တော် မြင်တာတော့ ဘာပဲရေးရေး အညာအလှူ ဆိုရင် တမာနံ့ ၊ ဖုန်နံ့လေးတော့ ရလိုက်ချင်တာပဲ ၊ ဒါက သရုပ်မှန်ရဲ့ သြဇာသက်ရောက်မှုဟာ ဆရာဝန်တွေ ပေါ်တင် မကဘူး ၊ လူငယ်မျိုးဆက်သစ်တွေပေါ် အတော် လွှမ်းမိုးပါတယ် ။ ကျွန်တော် ကတော့ ရေးချင်တာ ရေးပါ ။ ရသမြောက်စေချင်တယ် ။ သရုပ်မှန်လို့ ကြွေးကြော်ပြီး သတင်းဓာတ်ပုံ ကြည့်ရတာမျိုး အရသာပဲ ရရင်တော့ သရုပ်ပွတွေပဲလို့ ထင်တယ် ။

🆆 🅽 ဆရာ ငယ်ငယ် ကတည်းက စာရေးတာ ဝါသနာပါခဲ့တယ် မဟုတ်လား ။ ဒါဖြင့် ဘာကြောင့် ဆရာဝန် ဖြစ်လာရတာလဲ ၊ အမှတ်ကောင်းလို့ ဆေးကျောင်းတက်ခွင့်ရတာကြောင့်လား ။

🅟  ဟုတ်တယ် ၊ ငယ်ငယ်ကတည်းက စာရေးတာ ဝါသနာပါခဲ့တယ် ၊ ဆရာဝန် ဖြစ်လာရတာကလည်း ဝါသနာပါလို့ပါပဲ ၊ စာရေးဆရာ ဖြစ်ချင်တာနဲ့ စာမကြိုးစားရဘူးလားဗျာ ၊ ကိုဝင်းငြိမ်း မေးချင်တာ အမှတ်ကောင်းတာနဲ့ ဆေးကျောင်းတက်ရတာလို့ ဆိုတာလည်း ဟုတ်တာပါပဲ ။ ဘာပဲဖြစ်ဖြစ်ပါ စာကတော့ ရေးမှာပါပဲ ။

🆆 🅽 စာရေးဆရာဘဝနဲ့ အသက်မွေးဝမ်းကျောင်းမှု မပြုနိုင်ဘူးလို့ ဆရာ မြင်သလား ။

🅟  မမြင်ပါဘူး ၊ အသက်မွေးဝမ်းကျောင်းမှု ပြုတယ်ဆိုတာ ကိုယ့် အတိုင်းအတာနဲ့ ကိုယ် သတ်မှတ်နိုင်တာပဲ ။ ကိုယ် စာရေးမယ် ၊ ရမယ့်ဟာနဲ့ပဲ စားမယ် ၊ မရရင် ရေသောက် နေမယ်ဆိုလည်း ရသားပဲ ။ တစ်ယောက်တည်း ဆိုရင်ပေါ့ဗျာ ။ စာပဲရေးတဲ့ ဆရာတွေကို ကျွန်တော် လေးစားမိပါတယ် ။ ကျွန်တော် ကတော့ စာရေးဖို့ ထမင်းစား နေရတဲ့ အတွက် ဆေးထိုးစားပါတယ် ။

🆆 🅽 ဆရာ့ ရေးဟန်က ဆရာကြီးတစ်ယောက်နဲ့ ဆင်ဆင်တူနေတယ်လို့ ဆိုကြတယ် ။( အမှန်ကတော့ ကွဲပြားပါတယ် ) ဘာကြောင့် တူတယ်လို့ ဆိုကြတယ်လို့ ဆရာ ထင်သလဲ ။

🅟  ကျွန်တော့် ရေးဟန်က ဘယ်သူနဲ့ တူနေသလဲ ကျွန်တော် မသိပါဘူး ။ ဘယ်သူ့ ဟန်ကိုမှ အတုခိုးပြီး မရေးမိတာတော့ သေချာပါတယ် ၊ ကျွန်တော် ရေးတတ်သလို ရေးတာပါပဲ ။

🆆 🅽 စာရေးဆရာ ဖြစ်ဖို့ ကြိုးပမ်းတဲ့ လူတစ်ယောက်ဟာ သူ သိပ်သဘောကျတဲ့ ဆရာကြီးတွေရဲ့ အတုယူဖို့ လိုပါသလား ။ ဒါမှမဟုတ်ရင် ကိုယ်ပိုင်ဟန်နဲ့ပဲ ရေးသင့်ပါသလား ။

🅟  ဒါကတော့ ဒီလို ရှိပါတယ် ၊ ကိုယ်သဘောကျ
တဲ့ ဆရာကြီးတွေရဲ့ စာကိုတော့ စိတ်ဝင်တစား လေ့လာ လိုက်စားဖို့ လိုမယ် ထင်တာပဲ ။ ဒါမှလည်း ဝတ္ထုရေးတယ် ဆိုတဲ့ အတတ်ပညာကို နားလည်မယ် ။ ဟန်ဆိုတာတော့ အတုယူလို့ မရဘူး ထင်တာပဲ ၊ ကိုယ်ပိုင်ဟန်က အကောင်းဆုံးပေါ့ဗျာ ။

🆆 🅽 ဝတ္ထုတို ရေးရတာနဲ့ ဝတ္ထုရှည် ရေးရတာ ဘယ်ဟာက ပိုခက်ပါသလဲ ။ ဘာကြောင့်ပါလဲ ။

🅟  နှစ်ခုစလုံး ခက်တာပါပဲ ။ ဘာကြောင့်လဲ ဆိုတော့ နှစ်ခုလုံးက စိတ်ပါမှ ၊ ခံစားမှုရှိမှ ရေးဖြစ်တာပဲ ဥစ္စာ ။

🆆 🅽 ဝတ္ထုတို တစ်ပုဒ် ရေးဖို့အတွက် ဘယ်လို ခံစားယူပါသလဲ ၊ ဆရာ့ဝတ္ထုတိုတွေ ထဲက စိတ်ကြိုက် တစ်ပုဒ် ရွေးထုတ်ပြီး ဒီဝတ္ထု ဘယ်လို ရလာတယ် ဆိုတာ ပြောပြ ပေးပါလား ။

🅟  ကြုံလို့ ပြောပြပါ့မယ် ၊ ကျွန်တော် အလုပ်သင်ဆရာဝန် တာဝန်ကို မန္တလေး ပြည်သူ့ဆေးရုံကြီးမှာ ဆင်းခဲ့ဖူးပါတယ် ။ အဲဒီတုန်းက ကျွန်တော် မွေးရုံမှာ တာဝန်ကျ တဲ့အခါပေါ့ ။ မွေးခန်း ဆိုတာကလည်း မိန်းမတွေချည်းပဲ မဟုတ်လား ။ သူတို့တွေနဲ့ နေရတာနဲ့ကို ဝတ္ထုတွေ တော်တော်ရလိုက်ပါတယ် ။

အဲဒီထဲမယ် ကျွန်တော်တို့ မွေးရုံက အလယ်ထပ်မှာ ရှိတယ် ။ ရုံက သုံးထပ် ၊ မွေးလူနာတွေကို ဓာတ်လှေကားနဲ့ အတက်အဆင်း လုပ်ပေးတယ် ။ ကျွန်တော်တို့လည်း အတက်အဆင်း ဒီဓာတ်လှေကားအိုကြီးနဲ့ပဲ ဆင်းရတက်ရတယ် ။ ဒီဓာတ်လှေကားအိုကြီးက တစ်ခါတလေ ဆေးရုံကြီးမှာ မီးပျက်တဲ့အခါ လမ်းခုလတ်မှာ ရပ်နေတတ်တယ် ။ ကျွန်တော် ကိုယ်တိုင် ကြုံဖူးတယ် ။ မှောင်ထဲမှာ ရပ်နေရတာမျိုး ။ တစ်ခါများ နာရီဝက်လောက် ကြာတယ် ၊ ကျွန်တော် တွေးကြည့်တယ် ။ ဒီဓာတ်လှေကားအိုကြီးနဲ့ မွေးလူနာ ပါလာပြီး ရေမြွှာပေါက်ပြီး ကလေး ခေါင်းထွက် နေရင် ဘယ်လိုလုပ်မလဲဆိုတဲ့ အတွေးလေး ရတယ် ။ တစ်ခါ ဓာတ်လှေကား ထဲမယ် ဆရာဝန် ပါလာလို့ကတော့ ဘာများ လွမ်းလောက်စရာ ရှိလဲ ။ ဆရာဝန် ကလေးမွေးပေးတာ ဆန်းသလား ။ ဒီတော့ မွေးရုံမှာ ခြောက်လသင်တန်း တက်နေတဲ့ သားဖွား ဆရာမလေးတွေကို သွားသတိရတယ် ။ တချို့က တစ်လ နှစ်လပဲ ရှိသေးတော့ မမွေးတတ်ဘူး ။ စာတွေ့ပဲ ရှိတယ် ။ လက်တွေ့ မရှိ ။ ဆရာဝန် မွေးရင် ဘေးက ရပ်ကြည့်တာလောက်ပဲ ရှိတယ် ။ နောက် ဆရာမလေးက တောက လာတယ် ၊ အူတူတူ ကြောင်တက်တက်နဲ့ ၊ ပုံဖော် ကြည့်တယ် ။ ဝပ် ထဲမှာ နွယ်နွယ် ဆိုတဲ့ ဆရာမလေး တစ်ယောက်ကို သွားမြင်တယ် ။ သူ့ကို ဇာတ်ကောင် ထားပြီး ကျွန်တော် ရေးကြည့်တယ် ။ မီးပျက်လို့ ဓာတ်လှေကား ထဲမှာ ပိတ်မိနေတဲ့ မွေးလူနာ ၊ သားဖွား ဆရာမရယ် ၊ ဓာတ်လှေကားမောင်းရယ် ၊ ဒီလို ချပြီး ရေးတော့ “ ဧည့်ကြိုမ ” ဆိုတဲ့ ဝတ္ထုတိုတစ်ပုဒ် ဖြစ်လာတယ် ။ ကလျာ မဂ္ဂဇင်းမှာ ပါတယ် ။ ဒါက ကျွန်တော် ခံစားပြီးရေးတဲ့ ဝတ္ထုတိုလေး တစ်ပုဒ်ပေါ့ ။ တခြား ကိုယ့်ရင်ထဲက ခံစားရတာလေးတွေလည်း ရေးဖူးပါ့ဗျာ ။

🆆 🅽 စာရေးတဲ့ အတတ်ပညာကို သင်ယူလို့ ရနိုင်ပါသလား ။

🅟  သင်ယူလို့တော့ မရနိုင်ပါဘူး ၊ အတတ်ပညာကို စူးစူးနစ်နစ် လေ့လာမယ် ဆိုရင်တော့ ရနိုင်ပါတယ် ။ စာများများ ဖတ်ရမယ် ၊ ဝတ္ထုရေးချင်တဲ့ လူဟာ ဝတ္ထု ကောင်းကောင်းတွေ ဖတ်ရမယ် ။

🆆 🅽 ဆရာ စာရေးချင်တုန်းက ဘယ်လို စ,ရေးခဲ့ပါသလဲ ။

🅟  ကျွန်တော့်တုန်းက စ,ရေးတာ ဝတ္ထုမဟုတ်ဘူး ၊ ကဗျာပါ ၊ ကဗျာ ရေးတာလည်း အချစ်ကဗျာလေးနဲ့ စခဲ့တာ ။ ခုနစ်တန်း ၊ ရှစ်တန်း ကျောင်းသားဘဝက စတာ ဆိုပါတော့ ပို့စကတ်လေးတွေ ထုတ်တယ် ။ ကျွန်တော့်ညီ အေးချမ်း က ပုံလေးတွေ ဆွဲတယ် ။ ခု ဒဂုန်မဂ္ဂဇင်းမှာ ဝတ္ထုတိုလေးတွေ ရေးတဲ့ ကျော်မျိုးဆက် ရဲ့ ကဗျာစာအုပ်လေး ထုတ်ဖူးတယ် ။ မရောင်းရဘဲ မေတ္တာလက်ဆောင် ပေးတာတောင် မကုန်ဘူး ။

ကျွန်တော့်တုန်းက ရေးချင်တာထက် စာဖတ်ချင်တာက များတယ် ။ အိမ်မှာက ကျွန်တော့် ကိုကိုက စာအုပ်တွေ ဝယ်ဝယ်စုတဲ့ ဝါသနာ ရှိတော့ ကိုကို ဝယ်ထားတဲ့ စာအုပ်တွေက ကျွန်တော့် အတွက် ဖြစ်နေတော့တာပေါ့ ။ ကိုယ် ကြိုက်တဲ့ စာရေးဆရာရဲ့ ဝတ္ထုဆိုရင် အပြန်ပြန်ဖတ်တယ် ။

၁၉၇၄ ခုနှစ်မှာ ကျွန်တော် ဆေးတက္ကသိုလ် မန္တလေး မှာ စတက်ရတယ် ။ တက္ကသိုလ် ရောက်တော့မှ စာပေနဲ့ ပိုရင်းနှီးခွင့် ရတယ် ။

မန္တလေးဆေးတက္ကသိုလ် ကျွန်တော်တို့ အတန်းမှာ တစ်တန်းလုံးလိုလို စာဖတ်ကြတယ် ၊ စာလည်း ရေးကြတယ် ။ ချစ်စရာကောင်းတာ အတန်းထဲမှာ တစ်ယောက် တစ်ကျပ် စုပြီး ကဗျာစာအုပ် ထုတ်တယ် ။ ရေးတဲ့ လူကလည်း တစ်တန်းလုံးလိုလိုပါ ။ ကိုယ့်ကဗျာ ပါချင်ရင် တစ်ကျပ် ၊ နှစ်ကျပ် ပါတဲ့ လူက နှစ်ကျပ်ပေါ့လေ ။

နိုင်ဇော် က ဒဿဂီရိစာစောင်ကို 1st MB မှာ စာထုတ်တယ် ။ လက်ရေးမူနဲ့ပဲ ။ သူပဲ Illustration သရုပ်ဖော်ပုံတွေ ဆွဲတယ် ။ ကျွန်တော်က အေးအေး ၊ ဖိုးလမင်း ၊ မဟော် ကလောင်တွေနဲ့ ဝတ္ထုတိုလေးတွေ ရေးခဲ့တယ် ။ ဒီစာစောင်လေးမှာပဲ ဂျူး လည်း ရေးခဲ့ဖူးပါတယ် ။ ပိုင်ကျွမ်း တို့ ၊ မြင့်ဝေ တို့လည်း ကျွန်တော်တို့နဲ့ တစ်တန်း တည်းပဲ ။

ကျော်စွာထက် ၊ လူမျိုးနော် ၊ စုထား တို့က အဲဒီတုန်းက ဝင်မရေးတာလား ၊ တခြား ကလောင်နာမည်နဲ့ပဲ ရေးသလား မမှတ်မိဘူး ၊ သူတို့က ကျွန်တော့်ထက် တစ်တန်းငယ်တယ် ။

တကယ့် ပျော်စရာပါဗျာ ၊ စာကြည့်တိုက်လေးပါ ထောင်ကြတယ် ။ နောက် မကြာဘူး ဒီစာစောင်လေး ရပ်သွားတယ် ။ ကျွန်တော်လည်း ဒုတိယအမ်ဘီ စာမေးပွဲ ကျတယ် ။ ၁၉၇၆ မှာ ဆေး ၂ ကို ပြောင်းတယ် ။ ဆေး ၂ က အမျိုးသားဆောင်မှာ ကျွန်တော် နေရတယ် ။ အဆောင်က စာကြည့်တိုက်က စာအုပ်အားလုံး ကျွန်တော် ဖတ်ဖူးတယ် ။ ညည စာပဲ ဖတ်နေတာပဲ ။

၁၉၇၈ မှာ “ ပြေ ” ကလောင်နဲ့ စီးပွားရေး တက္ကသိုလ်မဂ္ဂဇင်း မှာ စာရေးတယ် ။ ရန်ကုန် ရောက်တော့ စာပေလောကနဲ့ ပိုရင်းနှီးကျွမ်းဝင်ရတာပေါ့ ။ ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်ထဲ နေ့တိုင်းလို ရောက်တယ် ။ ဦးချစ်ဆိုင် ထိုင် ၊ လေပန်း ၊ ကဗျာသမား ၊ ပန်းချီသမားတွေနဲ့ အတူနေတယ် ။

တကယ်တမ်း စာကို ရေးနိုင်တာက အလုပ်သင် ဆရာဝန် ဖြစ်မှပါပဲ ။ ဆရာဝန် ဖြစ်ပြီး တောမှာ သွားနေတယ် ၊ နောင်ချိုကံကြီး ၊ တောင်းခန်းရွာ ၊ မြို့သာ တို့မှာ ပေါ့ ။ စာရေးဖို့ ကုန်ကြမ်းတွေ ရခဲ့တယ် ။

🆆 🅽 မဂ္ဂဇင်းတန်းကို တိုးဝင်ချင်တဲ့ ကလောင်သစ်တွေ အတွက် အကြံ ဘယ်လို ပေးမလဲ ။

🅟  ဒါကိုတော့ ကျွန်တော် အယ်ဒီတာအလုပ်ကို ခဏလေး ဝင်လုပ်ကြည့်ဖူးလို့ နည်းနည်း သိတာမြင်တာ ပြောရရင် ကလောင်သစ် တစ်ယောက်ဟာ မဂ္ဂဇင်း တန်းဝင်ဖို့ဆိုတာ ပထမဆုံး သူဟာ စာရေးချင်သူ ဖြစ်ရပါ မယ် ။ ဆိုလိုတာက စာရေးချင်လို့ကို ရေးနေတဲ့လူ ဖြစ်ရမယ် ။ ကိုယ့် ရင်ထဲမှာ ခံစားနေရတာကို မနေနိုင်လို့ ချရေး လိုက်တဲ့လူ ဖြစ်ရမယ် ။ ဒီလို ရေးတာဟာ စာရေးဆရာ ဖြစ်ချင်လို့ မဟုတ်ဘူး ၊ မဂ္ဂဇင်းမှာ ပါချင်လို့ မဟုတ်ဘူး ၊ ရေးလိုက်ရမှ ပေါ့သွားတယ် ၊ ဒါမျိုး စိတ်ရင်းအခံ ရှိနေရ မယ် ။ ဒါမှ ကိုယ့်အတွေးလေးတွေ အမြင်လေးတွေကို ချရေးနိုင်မယ် ။ စာတစ်ပုဒ်ရေး မဂ္ဂဇင်းတိုက်ပို့ ၊ ပါ - မပါ ကို ထိုင်စောင့်နေမယ် ဆိုရင် စာရေးဆရာ ဖြစ်ဖို့လမ်း နည်း ပါလိမ့်မယ် ။ မဂ္ဂဇင်းမှာ ပါမှ ထပ်ရေးမယ် ဆိုရင် မဖြစ်နိုင်ပါဘူး ။

နောက်တစ်ခါ စာမူပို့တဲ့ အခါ အနည်းဆုံး ကိုယ့်စာမူလေးကို ဖတ်ချင်အောင် ၊ ဆွဲဆောင်မှုရှိအောင် စာရွက်လေး သပ်သပ်ရပ်ရပ် လက်ရေးလှလှနဲ့ ရေးစေချင်တာပဲ ။ လက်ရေး မလှရင် သူများ ရေးခိုင်း ၊ ဒါမှမဟုတ် တိုက် ( Type ) ရိုက်ပို့ ။ ဒါမှလည်း အယ်ဒီတာ မြင်တာနဲ့ အနည်းဆုံး ဖတ်ချင်လာမှာပဲ ။ စက္ကူစုတ်နဲ့ ရေးတဲ့ လူလည်း တွေ့ဖူးပါတယ် ။

စာ အပိုင်းကတော့ ကိုယ် ရေးချင်တာ ရေးပေါ့ ၊ ဒါပေမဲ့ တကယ်ယုံကြည်မှ ရေးတာ ကောင်းတယ် ။ မဂ္ဂဇင်းတိုက် အယ်ဒီတာ အကြိုက် လိုက်ရေး နေလည်း မကောင်းဘူး ။ ဆိုပါတော့ စကားပြောဟန်နဲ့ ရေးတဲ့ ကိစ္စပေါ့ ။ ဒီအယ်ဒီတာက စကားပြောဟန် ကြိုက်တယ် ဆိုတာနဲ့ အကုန်လုံး ရေးတော့တာပဲ ။ စ,လာကတည်းက “ ဖွတ်ကျား ” ဆိုတဲ့ စကားလုံးနဲ့ စမယ် ။ ပုံသေ လိုက် တု ရေးမယ် ။ သူ့ စာမူ ပါချင် ပါလာမယ် ။ စာဖတ်ပရိသတ်က သိတာပေါ့ ။ ဘယ်ခံမလဲ ။ အကြောင်းအရာပိုင်း ကိုတော့ မပြောလိုပါဘူး ။

ပုံသဏ္ဌာန်ပိုင်းမှာ ရေးတဲ့ လူဟာ ကိုယ့်စာ တစ်လုံး ၊ တစ်ကြောင်း ၊ တစ်ပါဒ ၊ တစ်ဝါကျကအစ အစစ်ဆေးခံနိုင်ရမယ် ။

အကြောင်းအရာ ဘယ်လောက်ကောင်း ကောင်း တင်ပြပုံ Presentation မကောင်းရင် ဖတ် မကောင်းပါဘူး ၊ ရသ မမြောက်ပါဘူး ။ ဒီတော့ ကလောင်သစ်မှာ ပိုဂရုစိုက်သင့်တာပေါ့ ။ စာကို နည်းနည်းနဲ့ ကောင်းကောင်း ရေးသင့်တယ် ။ တစ်ပုဒ် ဆို တစ်ပုဒ်ကောင်း ရေးထား ။ မဂ္ဂဇင်းတိုက် မပို့နဲ့ဦး ။ သိမ်းထား ။ ၁၀ ပုဒ်လောက် ရပြီ ဆိုမှ ပို့ ။ ဒါက ပိုသေချာတဲ့ နည်းပါ ။ ကိုယ့် စာမူကိုယ် ယုံကြည်မှု အပြည့်နဲ့ပေါ့ ။ ဒါတွေက ဆရာလုပ် ပြောတာ မဟုတ်ပါဘူး ။ ကျွန်တော် ကြုံဖူးလို့ ပါ ။ တချို့ဆို စာမူတွေ အများကြီး ပို့တယ် ။ တစ်ပုဒ် မှ ကောင်းကောင်း မရေးဘူး ။ စကားပြောဟန်နဲ့ ဘာရေးရေး ဝတ္ထုဖြစ်တယ်လို့ သဘောရသလား မသိဘူး ရေးတယ် ။ ဆရာကြီးတွေကို သွားတုယှဉ်လို့တော့ ဘယ်ရပါ့ မလဲ ။ ကိုယ်က ကလောင်သစ်ပဲ ဥစ္စာ ။ သမ္ဘာတို့ ၊ ဝါတို့ ၊ တန်းတို့ ဆိုတာ ရှိသေးတာပဲ ။ ဒါလောက်ပါပဲ ။ မှားတယ် ထင်ရင်လည်း ခွင့်လွှတ်ကြပါ ။

🆆 🅽 ဒီနေ့ မဂ္ဂဇင်းတွေ ဖောင်းပွနေတယ်လို့ ဆရာ မြင်ပါသလား ၊ သို့တည်းမဟုတ် ဒီလို များလာတာဟာ ကောင်းတဲ့အလားအလာလို့ မြင်ပါသလား ။

🅟  မဂ္ဂဇင်းတွေ များလာတာတော့ ကောင်းပါတယ် ၊ ဒါက တစ်ပိုင်း ၊ စာရေးဆရာတွေ ရေးကွက် ပိုရတာပေါ့ ။ ဖောင်းပွတယ် ဆိုတာက ဟုတ်တယ် ။ တကယ် စာပေနဲ့ပတ်သက်တဲ့ မဂ္ဂဇင်း ၊ ဖတ်စရာမဂ္ဂဇင်းက နည်းပါတယ် ။ လက်ချိုးရေလို့ ရပါတယ် ။ များနေတာက ပေါ်ပင်တွေပါ ။ မင်းသား မင်းသမီးတွေနဲ့ လုပ်စားတဲ့ မဂ္ဂဇင်းတွေက များနေတယ် ။ ဒါကလည်း ရှိသင့်တာပါပဲ ။ ကျွန်တော်တို့မှာ ဒါမျိုးလေးတွေ ဖက်ရှင်လို ဟာမျိုးလေးတွေလည်း လူငယ်တွေ ဖတ်ချင်ကြမှာပေါ့ ။ မဂ္ဂဇင်း များများထွက်တော့ များများ ဖတ်ကြရတာပေါ့ဗျာ ။

🆆 🅽 မဂ္ဂဇင်းတွေ များနေပေမဲ့ ကလောင်သစ်တွေ အတွက် နေရာ မရနိုင်သေးဘဲ ကလောင်ဟောင်းတွေ အတွက်သာ နေရာရလာတယ် ဆိုရင် ဆရာ ဘယ်လိုပြောမလဲ ။

🅟  ဒါ ဟုတ်တယ် ၊ ကလောင်သစ်တွေ အတွက် မဂ္ဂဇင်းတွေမှာ နေရာ မပေးနိုင်သေးဘူး ၊ ဒါကလည်း မဂ္ဂဇင်းရဲ့ ရပ်တည်နိုင်မှုပေါ် မူတည်ပြီး Best Seller တွေရဲ့ စာကို သုံးနေရတာ ပါတယ် ။ ကလောင်ဟောင်းတွေ အတွက် နေရာ ရပေမဲ့ အုပ်စုတိုက်ပွဲလေးတွေ ဖြစ်နေတယ်လို့ ကျွန်တော် မြင်တာပါပဲ ။

သူ့အုပ်စုလေးတွေနဲ့ သူ ချနေကြတာပဲ ။ ကိုယ့်ဟာနဲ့ကိုယ် ဟုတ်နေကြတာပါပဲဗျာ ။

🆆 🅽 စိုင်းခမ်းလိတ် က ဆေးကုရင်း သီချင်းရေးဖို့ အကြောင်းအရာတွေ အများကြီး ရတယ်လို့ ပြောဖူးတယ် ၊ ဆရာ ကကော .. ။

🅟  ဆေးကုရင်း စာရေးဖို့ အကြောင်းတွေတော့ မရဘူးဗျ ၊ ဆေးကုတုန်း စိတ်ညစ်တာပဲ ၊ ပြီးမှသာ စာရေးချင်တဲ့ အကြောင်းလေးတွေ ပြန်စဉ်းစားမိတာ ။

တောမှာ နေတုန်းကဆို ညနေပိုင်းကျရင် ထန်းရည်လေး ၊ ထန်းရည်က ချက်တဲ့ အရက်လေးနဲ့ တစ်ယောက်တည်း တစ်မြုံချင်း မြုံ ၊ ဆေးလိပ်လေး ဖွာ ၊ ပက်လက်ကုလားထိုင်မှာ ထိုင်ပြီး ကောင်းကင်ကို မော်ကြည့် ၊ လမင်းကြီးကို ငေးကြည့် ၊ ကြယ်လေးတွေကို ရေတွက်ကြည့်ရင်း စာရေးဖို့ အကြောင်းတွေ တွေးရတာပဲလေ ။ ဒီမှာတော့ ကတ္တရာလမ်းပေါ် ပြေးရင်း လွှားရင်း စာရေးဖို့ တွေးရတာပဲ ။

🆆 🅽 ဝတ္ထုတိုပေါင်းချုပ် ထုတ်ဖို့ အစီအစဉ် ရှိပါသလား ။

🅟  “ အိမ်ဆူးဆို့ ကလေးလက်တို့ ခွေးအို့အို့ နှင့် ဝတ္ထုတိုများ ” ကို အားမာန်သစ်က ထုတ်ပါ့မယ် ။

🆆 🅽 စာပေဝေဖန်ရေးနဲ့ ပတ်သက်လို့ ဘာများ ပြောစရာ ရှိပါသလဲ ။

🅟  ကျွန်တော့် အနေနဲ့ သရုပ်မှန်စာပေ ဝေဖန်ရေးကို ဘဝင် မကျလှဘူးဗျ ၊ သရုပ်မှန် စာပေမှာ ဝေဖန်ရေး သုံးမျိုး ရှိနေတာ တွေ့ရတယ် ။

ပထမ အမျိုးအစားက ဘာလဲဆိုတော့ သရုပ်မှန်ဝတ္ထု မှန်သမျှ ရေးတဲ့ လူကို အရင် ကြည့်တယ် ၊ ရေး ချင်တာရေး ပြည်သူ့ဘက်က ရပ်တည်မယ် ဆိုတဲ့ မူတစ်ချက်တည်းကို အသေကိုင်ပြီး ပြောတယ် ။ ပြောပါ ကျွန်တော်တို့ လက်ခံတယ် ။ ဒါပေမဲ့ ဝတ္ထုရဲ့ ရသ ဘယ်လို ကောင်းတာလဲ ၊ ဘယ်လို တင်ပြလို့ ကောင်းတာလဲ ၊ ဘယ်နေရာမှာတော့ ဘယ်လို ကောင်းတယ် ဆိုတာလောက်တော့ ပြောသင့်တာပေါ့ ။ ခုတော့ သတ်မှတ်ထားတဲ့ ဝတ္ထုရေးဆရာ တစ်ယောက် ကို သူ့စာ မြင်တာနဲ့ “ ဆေး ဆို ဒီဆူဇာမှ စိတ်ချရတယ် ” ဆိုတာမျိုး ကောင်းတယ်ပဲ ပြောနေတာမျိုး ။ ဝတ္ထုရဲ့ ရသပိုင်း ကိုလည်း ဝေဖန်သင့်တယ်လို့ မြင်တာ ။

တစ်ခါ စာရေးတဲ့သူဟာ ဘယ်လိုလူ ဆိုတာကလည်း မူတည်နေပြန်တယ် ။ ပုဂ္ဂိုလ်ရေး အရလည်း နှီးနွှယ်မှု အုပ်စုဖွဲ့ သူ့လူ ကိုယ့်လူ ရှိနေတာမျိုးပေါ့ဗျာ ။ တကယ်လို့သာ ဆရာကြယ်နီ သာ အခုအခါမှာ ရှိနေမယ် ဆိုရင် သူ ကလည်း မြန်မာပြည်အောက်သား ဖြစ်နေခဲ့လို့ သရုပ်မှန်က စာပေတန်း ဝင်ချင်မှ ဝင်ပေလိမ့်မယ် ။

ဒုတိယ အမျိုးအစားကတော့ သရုပ်မှန် ရေးတဲ့ ဝတ္ထုရေးဆရာတွေကို သရော် သလို ၊ ရှုတ်ချချင် သလို လေသံမျိုးနဲ့ မေးတတ်တဲ့ ဝေဖန်ရေးမျိုးပဲ ၊ သူကတော့ ဝတ္ထုရဲ့ ရသ ၊ ဝတ္ထုရဲ့ အတတ်ပညာပိုင်း ခံစားမှုတွေကို ပိုင်းဆစ် ဝေဖန်တယ် ။ ကောင်းပါတယ် ။ ဒါပေမဲ့ ဝေဖန်ရေးကလည်း အဂတိလိုက်စားတဲ့ ဝေဖန်ရေးမျိုးပါပဲ ။

ဝေဖန်ရေးကလောင် တစ်ချက် ဝင့်လိုက်ရင် ဝတ္ထုရေးဆရာတော့ သွားရော့ ဆိုတဲ့ လေသံမျိုးတွေ ကျွန်တော် ကြားဖူးတယ် ။ အဂတိကင်းတဲ့ ဝေဖန်ရေးလေးတွေ ဖတ်ချင်လှပါတယ် ။

တတိယ အမျိုးအစားကတော့ သရုပ်မှန်ကို မကောင်းဘူးလို့ ပြောနေတဲ့ ကိစ္စ ၊ ဝေဖန်ရေးမျိုးပဲ ။ ဒါမျိုး ကျွန်တော် ဝေဖန်ရေးက တစ်ပိုင်း ၊ အယူအဆရေးရာ သက်ဝင်ယုံကြည်မှုက တစ်ပိုင်းလို့ မြင်တယ် ။ ဆိုလိုတာက ကိုယ် ယုံကြည်တဲ့ ကိစ္စကို တခြားလူ မယုံကြည်လို့ အပြစ်ပြောတာမျိုးကို လက်မခံနိုင်ပါဘူး ။

ဒါ ကျွန်တော့် အမြင် ဝေဖန်ရေးတွေပါ ၊ ဝေဖန်ရေးကို လက်ခံကြိုဆိုပါတယ် ။ စာဖတ်ပရိသတ် အပေါ်မှာ ဝေဖန်ရေးသမားတွေရဲ့ သြဇာသက်ရောက်မှုက အတော်လေးကို ရှိပါတယ် ။

🆆 🅽 ဝတ္ထုတိုခေတ်လို့ စာပေပညာရှင်တွေက သတ်မှတ်ကြတယ် ၊ ဆရာ ဘယ်လို ယူဆပါသလဲ ။

🅟  ဝတ္ထုတိုနဲ့ ပတ်သက်ပြီး ပြောချင်တာတွေက ရင်ထဲမှာ အပြည့် ရှိတယ်ဗျာ ၊ ဒါကလည်း ကိုယ်က ဝတ္ထုတိုသမားက လာလို့ ခံစားရတာမျိုးပေါ့ ။ ကျွန်တော်တို့ ခုခေတ်ပြိုင် ဝတ္ထုတိုသမားတွေ အားလုံးဟာ ကိုယ့် အယူဆလေး ၊ ကိုယ့် ယုံကြည်ချက်လေးနဲ့ ရေးနေကြတယ်လို့ မြင်တယ် ။ ဒီလို ရေးကြတဲ့ ရေးဖော်တွေ အချင်းချင်း ကျွန်တော် နားလည်ခံစားလို့ရတယ် ။ စာနာနိုင်တယ် ။ ရင်ခုန်သံကို ကြားတယ်ပေါ့ ။

ဒီဝတ္ထုတိုရေးသမား အချင်းချင်းမှာကိုပဲ အုပ်စု လေးတွေ ဖွဲ့ကြ ၊ အင်ပါယာလေးတွေ ထူထောင်ကြ ၊ မြှောက်ကြ ၊ ရိုက်ချလိုက်ကြနဲ့ ဒီလူတွေပဲ လုပ်နေကြ တာပါ ။ ဝတ္ထုတိုလောကဟာ မောင်ပိုင်စီး သိမ်းပိုက်ထားလို့ ရကောင်းတဲ့ ကိစ္စ မဟုတ်ဘူး ဆိုတာ သိလျက်နဲ့ပဲ ပြောကြ လုပ်နေကြတာပဲ ။ ဒါမျိုးတွေ မြင်ရဖတ်ရတော့ ခံစားရတယ် ၊ စိတ်မကောင်းတာပါဗျာ ။

ကျွန်တော်ကတော့ သရုပ်မှန် ရေးမှ ဝတ္ထုတိုသမားကို ဂုဏ်ရှိတယ်လို့ မထင်ပါဘူး ။ အနုပညာအား ကောင်းကောင်းနဲ့ ရေးနိုင်ဖွဲ့နိုင်တဲ့ လူကို ကြိုဆိုတာပဲ ။ လက်ခံတာပါပဲ ။

အထူးသဖြင့် တွေ့နေတာက သရုပ်မှန်သမားလို့ ကြွေးကြော်တဲ့ လူတွေ အချင်းချင်းပဲ မြှောက်ကြ ၊ ရိုက်ချလိုက်ကြနဲ့ အုပ်စုတွေလည်း ကွဲလို့ ၊ ဘေးက ကြည့်ရတာ စိတ်မချမ်းသာဘူး ။

ဘာမှ မပြောဘဲ ရိုးရိုးလေး ဝတ္ထုတို ရေးပြီး တစိမ့်စိမ့် ခံစားနေကြတဲ့ ဝတ္ထုတိုသမားတွေမှာ ဘာ ပြဿနာမှ တက်မလာပါဘူး ။ ပုဂ္ဂိုလ်ရေးလည်း အခင်မင် မပျက်ကြဘူး ။ စာပေအကြောင်း ပြောကြ ၊ အေးအေးလူလူပဲ ။ ကိုယ်ရေးစရာ ရှိရင် ရေး ၊ မရေးရင် ဖတ် ၊ ဘယ်လောက် အေးချမ်းသလဲ ။

ခု ဝတ္ထုတိုလောကမှာ ဒီလို ဖြစ်နေတာ တွေ့ရတယ် ၊ ဒါ ကျွန်တော့် အမြင်ပါ ။

ဝတ္ထုတို ရေးတဲ့ လူတွေကို ရန်တိုက်ပေး ၊ ပွဲလန့်တော့ ကလောင်တစ်ချောင်း စာဖတ်ပရိသတ်က သိအောင်လုပ်တဲ့ နင်းတက်တဲ့ ဝတ္ထုတိုသမား ၊ တစ်ဖက်လူ တီးနင်း ၊ တစ်ဖက် လူငယ် မြှောက်ပြီး ရေးတဲ့ ဝတ္ထုတိုသမားတွေကိုတော့ခေတ်ပြိုင်ဝတ္ထုတိုစာရင်းထဲမှာ ထည့် မပြောလိုပါဘူး ။ ဒါလောက်ပါပဲ ။

🆆 🅽 ကျေးဇူးတင်ပါတယ် ဆရာ ၊ ကျွန်တော်တို့ ပေဖူးလွှာရဲ့ မူအရ လုပ်ငန်းအဆင်ပြေမှုပေါ် မူတည်ပြီး ဆရာကြီးတွေ တစ်လှည့် ၊ ဆရာတို့လို လူငယ်စာရေးဆရာ တွေ တစ်လှည့် သွားနေတဲ့ နေရာမှာ ဆရာက အခုလို ဝင်ရောက်ဖြေဆိုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။ ဆရာ့ လုံးချင်းဝတ္ထုတွေကို စာဖတ်ပရိသတ်နဲ့အတူ ကျွန်တော်တို့ မျှော်နေကြပါမယ် ။

⎕ ဝင်းငြိမ်း
📖ပေဖူးလွှာမဂ္ဂဇင်း
     အမှတ် - ၉၃
     မေလ ၊ ၁၉၈၉ ခုနှစ်

No comments:

Post a Comment