❝ အဝေးက မြင်ကွင်း ❞
( သင်းသင်းသာ )
မောင်က ကျွန်မကို “ တို့ တစ်တွေ လက်ထပ်ဖို့ အချိန်ရောက်ပြီ ” လို့ တစ်ခါမျှ မပြောဖူးပါ ။ ထိုကဲ့သို့ မောင် မပြောသော စကားကို ကျွန်မက အတင်းအကျပ် လက်ထပ်ရအောင်လို့လည်း မတိုက်တွန်းခဲ့ ။ မောင်က ဘယ်လို သဘောနဲ့ မပြောမှန်း မသိပေမယ့် ကျွန်မကတော့ မောင် မတောင်းဆိုသော လက်ထပ်ခြင်းကို တောင်းဆိုလာအောင် ဖြားယောင်သိမ်းသွင်းခြင်း ၊ အကျပ်ကိုင်ခြင်းမျိုး မလုပ်ချင်ခဲ့ ။ မောင့် စိတ်ဆန္ဒက လိုလိုလားလား တောင်းခံလာသော နေ့မှာ ကျွန်မ တို့ လက်ထပ်ဖြစ်မည် ထင်ပါသည် ။ မသေချာပါ ။ မောင့် စိတ်ရူးများ လွင့်ထွက် သွားရင်တော့ ကျွန်မတို့ လက်ထပ်ဖြစ်လိမ့်မည် မဟုတ် ။ ကျွန်မကို ချစ်တာ မောင့်ရဲ့ ချစ်ရူးထခြင်းလို့ တစ်ခါတစ်ခါ ကြေကွဲစွာ တွေးမိသေးသည် ။ ကျွန်မ ကတော့ စိတ်ကို ပျော်ရွှင်အောင် ထားချင်သူ တစ်ယောက် ပီပီ လက်ထပ်ခြင်း ၊ လက်မထပ်ခြင်းသည် အဓိက မဟုတ် ၊ တစ်ယောက်နှင့် တစ်ယောက် နားလည်မှု ၊ မေတ္တာတရားနှင့် စိတ် ကျေနပ်မှုသာ အဓိက ဖြစ်ကြောင်း ရူးမိုက်စွာ ခံယူထားသူ ဖြစ်သည် ။
ကျွန်မတို့ရဲ့ ချစ်သူဘဝ ကို ဘယ်လို ရောက်ရှိသွား သလဲ မသိတော့ ။ ချစ်သူဟု သတ်မှတ်လို့ကော ရရဲ့လားလည်း အတွေး မပွားခဲ့ ။ ကျွန်မကို ချစ်တယ်လို့ ပြောခဲ့တဲ့ မောင့်ရင်ထဲက အနှစ်မပါတဲ့ စကားသံတွေကိုပင် ကျွန်မက လှောင်ပြောင်ခဲ့သေးသည် ။ အဲဒီအချိန်တုန်းကတော့ ကျွန်မက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်နဲ့ ဘဝမှာ အချစ်ဟာ ဇိမ်ခံပစ္စည်း တစ်ခုလို့ သတ်မှတ် မေ့လျော့ထားသူ ။ ချစ်တယ်လို့ ပြောလာတဲ့ ယောက်ျားတွေကို ဥပေက္ခာ ပြုပြရတာ ၊ စိတ် ရှုပ်ထွေးဟန် ပုံစံမျိုး နေပြရတာကို စတိုင် တစ်မျိုးလို့ သတ်မှတ် ထားသူ ။ အထူးသဖြင့် မောင့်ရဲ့ ချစ်သူ မိန်းကလေးတွေကို သနားပြီး မောင့်ကိုတော့ ဒီ မိန်းကလေးဟာ မောင် လက်တွဲရမယ့် အဖော် မဖြစ်နိုင်သေးပါဘူးလို့ ဝေဖန်နိုင်ခဲ့သူလည်း ဖြစ်တယ် ။ အဲဒီအချိန်တုန်းက ဘဝဟာ သစ်ရွက်ခြောက်တွေလို လေထဲမှာ လွင့်ပျံ့ မနေဘူး ။ လေယူရာကို ယိမ်းနွဲ့တတ်တဲ့ ဝါးပင် ခပ်ကိုင်းကိုင်းတွေလို မဟုတ်ဘူး ။ ကျွန်မဟာ ပင်စည် တစ်ခုရဲ့ ရေ သောက်မြစ် ။ ရွက်နုတွေ ဝေနေတဲ့ ပျဉ်းမငုတ်တိုကို အမိုး မိုးပေးချင်သူ ။ ဒူးမကွေးတဲ့ ခြေလှမ်းတွေ ဟာ ကျွန်မ ရဲ့ အမှတ်အသား အားလုံး ။ ကျွန်မ နှုတ်ခမ်း ထက် မှာ နူးညံ့ညင်သာတဲ့ အပြုံးများထက် တွေးတွေးဆဆ ဣန္ဒြေရစွာ စေ့ပိတ် ထားသော တံခါး တစ်ခုသာ နေရာယူလျက် ရှိသည် ။
တကယ်တော့ ထိုအချိန်က အချစ်ကို မေ့လျော့ ထားခြင်း မဟုတ်ပေမယ့် ဘဝကို ငါ တစ်ယောက် တည်း နေပျော်အောင် ရင်ဆိုင်မယ် ဆိုတဲ့ အတွေးကသာ လွှမ်းမိုးလွန်း နေသည် ။ အလုပ်တူ တွဲလုပ်နေရင်း မောင့် အတွင်း စိတ်ရဲ့ ကူညီတတ်တဲ့ အကျင့် ၊ အနစ်နာ ခံတတ်တဲ့ စိတ်ဓာတ် ၊ ကျွန်မ၏ တစ်ဖက်စောင်းနင်း အနိုင်ယူမှု ကို မထင်မှတ်ဘဲ နားလည်ခွင့်လွှတ်ပေးမှု ၊ ကျွန်မ၏ ကိုယ့် ကိုယ်ကိုယ် ယုံကြည်ချက် ပြည့်လွန်းစွာ မှားခြင်း ၊ မှန်ခြင်း ရောထွေးနေတဲ့ ကိစ္စများမှာ အစွန်းတစ်ဖက်ဖက်ကို ဇွတ် ရွေးချယ်ဖို့ လုပ်ဆောင်မိတိုင်း မောင် က စဉ်းစားဆင်ခြင် ကျိုးကြောင်းပြ ရှင်းလင်းပေးမှု ၊ မောင်ဟာ ကျွန်မ ရဲ့ အနာဂတ် ကို လုံခြုံစေမှာပါ ။ ဟင့်အင်း .. မဟုတ်သေးဘူး ။ မောင်ဟာ ရည်စားများသူ ၊ စိတ်ဓာတ် ပျော့ညံ့သူ ( အားနာတတ်တာကို အခြေခံပြီး ကျွန်မက အဲသလိုပဲ စွပ်စွဲခဲ့သည် ။ ) ကျွန်မလို မှန်ရာ တစ်ခုခုကို ဆုပ်ကိုင်ပြီး အမှားထဲက ရုန်းမထွက်တတ်သူ ၊ ပတ်ဝန်းကျင်မှာတော့ ကျွန်မက အရှက်မဲ့သူ ဖြစ်ပြီး မောင်က အရှက်ကြီးသူ ဖြစ်သည် ။ တကယ်တော့ မောင့်ရဲ့စိတ်ရူးများ ကျွန်မ ဘက်ကို လှည့်လာပြီလို့ သံသယဝင်စွာ မောင့်ကို တစ်စုံတစ်ရာ မတုံ့ပြန် မိအောင် လပေါင်းများစွာ ကြိုးစားနေ ထိုင်ခဲ့ပေမယ့် နောက်ဆုံးမှာ ကျွန်မ ကသာ ထိုစိတ်ရူးများကို ခံစားနားလည် သိသိနဲ့ မောင့် အချစ်ကို တုံ့ပြန် မိခဲ့သည် ။ အချစ်သည် ဘဝမှာ လိုအပ်ချက် တစ်ခု ဖြစ်တယ်လို့ပင် ခံယူလိုက်မိတော့သည် ။
တကယ်တော့ မောင်ဟာ စန်းပွင့်လွန်းသူ တစ်ယောက် ဖြစ်ခဲ့သလို အမြဲတမ်းပဲ အတွေ့အကြုံ မရှိသူဟု ထင်ရလောက်အောင် အားနာတတ်သူ ဖြစ်သည် ။ မောင် ဖြတ်ခဲ့သော မိန်းကလေး တစ်ယောက် ယောက်၏ ဖုန်းလာလျှင်လည်း ကျွန်မကို အားနာရကောင်းမှန်း မသိ အောင် စကားကြော မပြတ် စကား ပြန်ပြောတတ်သည် ။ ကျွန်မ ဘယ်လို ထိခိုက် ခံစားနေရမလဲ မောင် ဘယ်တော့မှ တွေးမပေးခဲ့ ။ မောင့်ဘက်က အဲဒီ ကောင်မလေး အပေါ် မိတ်ဆွေလို ထားတဲ့စိတ် ၊ အဲဒီ ကောင်မလေးနဲ့ မောင်ဟာ အဆိုးအကောင်း အကျိုးအကြောင်းတွေကို ပြောတတ်တဲ့ အကြောင်း ကျွန်မကို ပြောပြပြီး ရိုးသားပါတယ်လို့ ပြောပြရုံနဲ့ ကျွန်မရဲ့ မကျေလည်တဲ့ စိတ်များ ကို ဖြေလျှော့ခဲ့ရသေးတယ် ။ မောင်ဟာ ကိုယ့်ချစ်သူကို ဘယ်လိုစိတ်မျိုး ထားရမယ်လို့ ပြောဆိုပြီး တိတ်တဆိတ် ငိုကြွေးတတ်တဲ့ ကျွန်မကို နှစ်သိမ့်ဖျောင်းဖျတတ်ပြန် သေးသည် ။ ကျွန်မက ဘယ်အတိုင်းအတာ ထိများ နားလည်ခွင့်လွှတ် နိုင်ပါလိမ့်မလဲ ။ မောင့်ရဲ့ နှုတ်ခမ်းပါးများ အောက်မှာ ကျွန်မ၏ မာနများ လွင့်ပါးသွားရတော့သည် ။
မောင့်ကို အရိပ် တကြည့်ကြည့်နဲ့ မြတ်နိုးရသော ကျွန်မတွင် မောင့် အသိုင်းအဝိုင်းက မြင်သာလောက်သော ဝင်ငွေ ၊ ပညာနဲ့ အသိုင်းအဝိုင်းလည်း ရှိမနေခဲ့ပါ ။ ကွာဟလွန်းသော မောင် နဲ့ ကျွန်မကြား မောင်က ဘယ်လို ဖြတ်သန်း ရင်ဆိုင်မလဲ ။ တကယ်တော့ မောင်က စိတ်ကူး မယဉ်တတ်သူ ၊ အဲ .. ဒီလိုပဲ မိသားစု ဘဝကို အချုပ်အနှောင် တစ်ခုလို့ ယူဆသူ ။ ထို့ထက် ဆိုးရွားစွာ မောင့် အနားက မိန်းကလေး များစွာက မောင့် မျက်ဝန်းတကြည့် နှင့်ပင် လိုက်လျောချင်သူ ။ ဒါတွေကို သိလို့ အခါခါ ငြင်းပယ်ရင်း ကျွန်မက မောင့် ရေအိုင်မှာ နစ်မြုပ်မွန်းကျပ်အောင်ပင် တွယ်တာလွန်းသွားရတော့သည် ။
တစ်နေ့မှာ မောင့် ရဲ့ ဥပေက္ခာပြုတဲ့ အပြုအမူ တွေကို ခံစားနေရမှာလည်း ကြိုတင် သိလောက်အောင် မောင် နဲ့ အလုပ်အတူ တွဲလုပ်နေသော ကျွန်မက သိနေတာ မဆန်းပါဘူး ။ ဟေ့ .. မင်း ရဲ့ ပျင်းစရာ ဇာတ်လမ်း ‘ တလျှော် ’ ကြီး ဆီက ဖုန်းလာတယ် ။ မောင့် ရဲ့ချစ်သူဟောင်း တစ်ယောက်ယောက် ထံမှ ဖုန်းလာတိုင်း ဖုန်း နဲ့ နီးသော ကျွန်မက ထိုသို့ ခပ်ငေါ့ငေါ့ ပြောပစ်ပြီး စိတ်ထဲမှာ ကြေကွဲနေတတ်သေးသည် ။ ဒါကို မောင်က ချက်ချင်း ရိပ်မိပုံရသည် ။ “ မရှိဘူးပြောလိုက် ” ။ “ အပြင်ထွက်သွား တယ် ပြောလိုက် ” တစ်နေ့မှာ ထိုသို့များ ကျွန်မ ဖုန်းဆက်တာကို မရှိဘူး ပြောလိုက်လို့ အပြော မခံရဘူးများ မောင်က အတိအကျ ကတိမပေးခဲ့ပါ ။ ကျွန်မ ကလည်း မတောင်းခဲ့ပါ ။
“ ကိုယ့်ဘဝ တည်ငြိမ်ချင်တယ် ၊ မိသားစု ဘဝကို လိုချင်တယ် ။ မင်း ကိုပဲ လက်တွဲမှာပါ ကလေးရယ် ။ မင်း ဟာ ကိုယ့်အပေါ် နားအလည်ဆုံးနဲ့ အဖြည့်စွမ်းနိုင်ဆုံး ” တဲ့ ။ မောင်ဟာ ကျွန်မကို အဲသလို ချုပ်နှောင်ထားမြဲ ဖြစ်သည် ။ ဒါပေမဲ့ ကွာခြားလွန်းတဲ့ ကမ်းနှစ်ခုကို ရဲရင့်ခြင်းတံတားထိုးဖို့ မောင် စဉ်းစားနေဆဲ ။ ကျွန်မကြောင့် နိမ့်ကျသွားမယ့် အဆင့်အတန်း တစ်ခုကို မခံစားရဲမှန်း သိလျက်နဲ့ ယုံကြည်မှု အဖြေ မရှာနိုင်သေးတဲ့ မောင့်ကို လက်ထပ်ကြရအောင်လို့ အတင်းအကျပ် မတောင်းဆိုခဲ့ခြင်းမှာ ကျွန်မရဲ့ ချစ်ခြင်း သက်သက်ပင် ဖြစ်သည် ။ မောင် မေးဖူးတဲ့ “ တို့တစ်တွေ လက်ထပ်သင့်ပြီလား ၊ မေမေတို့ကို ဖွင့်ပြောရတော့မလား ” ဆိုတဲ့ စကားတွေကိုပင် ကျွန်မက ငြင်းပယ်ခဲ့ ဖူးသည် ။ ဒီစကားဟာ မောင့်ရင်ထဲက လာခြင်းထက် ကျွန်မကို ငဲ့ညှာချင်တဲ့ စိတ် လုံးလုံးကြောင့် ကျေနပ်ပါစေ ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ အလောင်းအစား တစ်ခုလို တွက်ချက်ပြီး ပြောတာ ဖြစ်ကြောင်း သိလောက် အောင်ပင် ကျွန်မက ထက်မြက် နေတာတော့ မကောင်းပါ ။ “ ဟုတ်ပြီ ... ပြောလိုက် ” ဆိုတဲ့ စကားကို မောင် မကြားရဲမှန်း သိလို့ ကျွန်မ ဖွင့်မပြောတာဟာ မောင့်ကို ပြန်လည် ငဲ့ညှာခြင်း လုံးလုံးသာ ဖြစ်သည် ။ အရာရာ မပြည့်စုံတဲ့ ကျွန်မဟာ မောင့် အသိုင်းအဝိုင်း ကြားမှာ တစ်ခါတစ်ရံ လင်းလက်တတ်တဲ့ ကြယ်ကလေး တစ်ပွင့်တောင် မဖြစ်နိုင်မှန်း သေချာပြီး ဒီအတွက် ဂုဏ်ပကာသနကြားမှာ ကြီးပြင်းခဲ့ရသော မောင့် စိတ်ကို နောက်ကျိ ညစ်ညူးစေမှာလည်း စိုးရိမ်မိ သေးသည် ။
ကျွန်မဟာ လက်တွေ့ ဘဝကို မြတ်နိုးသူ ၊ ကိုးကွယ်သူ ၊ ဆုပ်ကိုင်သူ ၊ ခံစားသူ ၊ ရင်ဆိုင်ကျော်လွှားသူ ၊ မိုက်ရူးရဲ နင်းချေတတ်သူ တစ်ယောက် ဖြစ်လျက်နဲ့ မောင်နဲ့ကျမှ အိပ်မက်ထဲမှာ လမ်းလျှောက်သူ ၊ နေ့လယ်အိပ်မက်များ မက်သူ ၊ တိတ်တဆိတ် ငိုကြွေးရင်း ဘဝကို နာကျင်တတ်သူ ၊ ရသင့်သလောက် အောင်မြင်မှုတွေ ရနေလျက်နဲ့ မကျေနပ်သူ ဖြစ်ခဲ့ရတော့သည် ။ ကျွန်မကို သိုင်းဖက်ထားတဲ့ မောင့်ရဲ့လက်ချောင်းများ လျော့ရဲကုန်ပါပြီလို့ ခံစားမိတိုင်း ကျွန်မရဲ့ စိတ်ဓာတ်ခွန်အား အားလုံးဟာ လျော့ပါး လွင့်ပြယ် ရတော့သည် ။ မောင်က ချစ်ခြင်းထက် ခံစားချက်ကို ဦးစားပေးသူ ။ ကျွန်မ က မောင်ပြောသော I love you ထက် လေးနက်ချင်သူ ။ မောင့် လိုအပ်ချက် တစ်ခုခုကို ရက်များစွာ တွေးပြီး ဖြည့်ဆည်း ပေးပြီးတိုင်း မောင် အသိအမှတ် ပြုပုံ က thanks တဲ့ ။ ဒါဟာ thanks နဲ့ မလုံလောက်ကြောင်း ကျွန်မက ငြင်းပစ် လိုက်ချင်ပေမယ့် မောင့်မှာ ထို့ထက် လေးနက်တဲ့ စကားလုံး မရှိတော့သလို နားလည်ခံစား ကျေနပ်တဲ့ စိတ် မရှိမှန်း သိလိုက်တယ် ။ ဒါတွေကို ကျွန်မက ဖြည့်စွမ်း ပေးနေကျ ဖြစ်သလို မောင် ကလည်း ရနေကျ ဖြစ်နေတော့ တန်ဖိုးရှိခြင်း နှင့် တန်ဖိုးမထားခြင်း အမည်နာမ နှစ်ခုသာ ဖြစ်ခဲ့ရတော့သည် ။
မောင်က တန်ဖိုး ထားရကောင်းမှန်း မသိအောင် မောင့် ပတ်ဝန်းကျင်မှာ ပေါလွန်းပေမယ့် ကျွန်မ ကတော့ ခွန်အား ၊ အချိန် ၊ ငွေကြေးတို့ဖြင့် ကျွန်မရဲ့ ပိုင်ဆိုင်သမျှ ထဲမှ ဖဲ့ခြွေ တန်ဖိုးထားပေးအပ်ခဲ့ခြင်း ဖြစ်သည် ။
အိပ်မက်ထဲက လမ်းကလေးဟာ ကျွန်မရဲ့ အမြင့် မားဆုံး မျှော်လင့်ချက် မဟုတ် ။ စိတ်ကူးယဉ် ဇာတ်လမ်း မဟုတ် ၊ ကျွန်မရဲ့ အချစ်ဇာတ်လမ်းလည်း မဟုတ် ၊ မောင့် နှုတ်ခမ်းများ အောက်မှာ တွေဝေနေတော့မှာလား ။ ကျွန်မရဲ့ သွေးများထဲမှာ မောင့်ကို ငြင်းပယ်နိုင်တဲ့ အင်အား လျော့နည်းနေပြီလား ။ မောင့် ရဲ့အရိပ်များ ကျွန်မ အနားမှာ မရှိရင် မောင့်ရဲ့ စကားသံများ မကြားရတော့ဘူး ဆိုရင် မောင့်ရဲ့ ကြင်နာမှု ၊ အလိုက်တသိ လိုက်လျောတတ်မှု ၊ နူးညံ့သိမ်မွေ့မှု ဒါတွေကို ကျွန်မက ဖယ်ခွာ သွားလိုက်ရင် .. ။
“ ကလေး ... ဘာဖြစ် နေတာလဲကွာ ၊ စိတ်ထဲမှာ ဘာတွေ တွေးပြီး ဘာတွေ ကို မကျေမနပ် ဖြစ်နေရတာလဲ ၊ ကိုယ့် ကြောင့်လား ၊ ကိုယ် ဘာလုပ်မိလို့လဲကွာ ”
မောင့်ရှေ့မှာ ငိုဖို့ မရည်ရွယ်သော်လည်း ကျွန်မ မျက်ရည်များကို မထိန်းသိမ်းနိုင်ခဲ့ ။ ကျွန်မကြောင့် မောင်ရဲ့ လွတ်လပ်ပျော်ရွှင်ရတဲ့ အချိန်တွေ ပျက်စီးကုန်ပြီ ၊ ပါးပြင်ထက်က မျက်ရည်စီးကြောင်းများ သုတ်ပေးရင်း ကွာဟတဲ့ ဘဝ နှစ်ခု ကြားက စိတ်ခံစားမှုတွေကို မောင်က နားမလည်နိုင်စွာ စိတ်မကောင်း ဖြစ်ရုံမှ တစ်ပါး နားလည် ခံစားတတ်တဲ့ အတွေးမျိုး ဝင်ရောက် မလာနိုင်ပါ ။ အရာရာ ပြည့်စုံခဲ့တဲ့ ၊ ပြည့်စုံ အောင်မြင်နေတဲ့ မောင့်ဘဝမှာ စိုးရိမ်စိတ် ၊ အားငယ်စိတ် ၊ စိတ်ကျမှု ၊ တွေဝေမှုနှင့် စမ်းတဝါးဝါး အိပ်မက်လမ်းများ ရှိမနေနိုင်ပါ ။
“ မိန်းကလေး အများစုက ထင်မိထင်ရာ ထင်တတ် တယ်ကွ ၊ ပြီးတော့ ဘာသိဘာသာလည်း မနေတတ်ဘူး ၊ ကိုယ်က ကိုယ့်အလုပ် နဲ့ ကိုယ် နေချင်တယ် ။ အဲဒါကို ဂရုမစိုက်ဘူး ။ အချစ် လျော့သွားပြီး နောက် အမျိုးသမီး တစ်ယောက်ကို စိတ်ဝင်စားသွားပြီ ။ အဲသလို ခပ်ကြောင်ကြောင်တွေ အများသား ။ သူတို့ဘာသာ အားနေရင် တွေးချင်ရာ တွေးပြီး သူတို့ ချစ်သူတွေ အပေါ် ထင်ချင်ရာ ထင် ၊ ချုပ်ချယ် အဲဒီတော့ ယောက်ျားတွေက စိတ်ညစ် ၊ အဲဒီမှာပဲ သူတို့က တစ်ဖက်သတ် စွပ်စွဲချက်နဲ့ စ ရှောင်တော့တာပဲ ။ အသည်းကွဲတဲ့ ခံစားချက်ကို သူတို့ဘာသာ သူတို့ တောင်းယူ သွားမှန်းလည်း မသိကြဘူး ။ အဲဒါကို သတိထားပါ ကလေးရာ ”
“ ရှင် ”
မောင့်မျက်ဝန်းမှာ ကျွန်မ ယုံကြည် ကိုးစားလောက်တဲ့ ယုံကြည်ချက်တွေ ၊ အနာဂတ် အားလုံးကို လုံခြုံနွေးထွေးစေမယ့် မေတ္တာအခိုးအငွေ့တွေ ၊ နားလည်မှု ၊ ခွင့်လွှတ်မှု ၊ ကြင်နာမှု ၊ အပြုံးများ ဖြင့် တည်ကြည်နေတော့သည် ။ မောင်ရယ် ကျွန်မရဲ့ ဆံစများကို မောင့်ရင်ခွင်ပေါ် မှီကပ်ပြီး .. ။ ။
⎕ သင်းသင်းသာ
📖 ဟန်သစ် မဂ္ဂဇင်း
၁၉၉၈ ၊ အမှတ် ( ၈၇ )

No comments:
Post a Comment