❝ Online ပေါ်မှာ အာ ❞
( မြစ်ကျိုးအင်း )
ဘကြီးမြစ် ကို ကြည့်ရ သည်မှာ အခြေအနေ မကောင်းပါ ။ အသက်ရှူထုတ်ပုံက ပင်ပန်းတကြီး နိုင်လွန်းလှ၏ ။ သူ့ ရင်ဘတ်သည် ပိန်လိုက် ဖောင်းလိုက်ဖြင့် ဝေဒနာ အတိမ်အနက်ကို ထင်းထင်းကြီး ဖော်ပြနေသည် ။ ကျွန်တော့်စိတ် အထင်ဖြင့် ဒီညပင် ကူးမည်မထင် ။ ဒါလည်း တစ်မျိုး ကောင်းသည်ဟု ဆိုရမည် ။ အဆုံးစွန်သော ဝေဒနာတို့မှ ဘကြီးကို အမြန်ဆုံး ကျော်ဖြတ် သွားစေချင်သည် ။ ဘကြီးမြစ် အတွက် အချိန် သိပ်မကျန်တော့မှန်း သိနေ၍ ကျွန်တော် သူ့ဘေးတွင် မခွာတမ်း ထိုင်ကာ ဘ၀ကူး ကောင်းစေရန် တတ်သမျှ မှတ်သမျှ ရွတ်ဖတ် ပေးနေမိသည် ။ ဘကြီးမြစ် သည် အမေ၏ မောင်အငယ် ဖြစ်သည် ။ ဇနီး ဖြစ်သူက မီးဖွားရင်း မီးတွင်းထဲတွင် ဖိတ်စဉ်ခဲ့ရ၍ ကလေး တစ်ယောက် အဖေ မုဆိုးဖိုကြီး ဘဝကို လွန်ခဲ့သည့် ရှစ်နှစ်ခန့် ကတည်းက ရရှိခဲ့သူ ဖြစ်၏ ။ ဘကြီး၏ သားငယ် ကျွန်တော့် ညီဝမ်းကွဲလေး ကတော့ သူ့အဖေဖြစ်သူ အခြေအနေကို နားလည်၍ ထင်၏ ။ ဧည့်ခန်းထောင့်တွင် တိုးတိတ်စွာ ကျိတ်၍ ငိုရှိုက်နေလေသည် ။
ဖားဖိုကြီး ကဲ့သို့ ပိန်လိုက်ဖောင်းလိုက် ရင်ဘတ်ကြီး ငြိမ်ကျသွားသဖြင့် ဘကြီးတော့ ဒီဘဝမှ လွတ်မြောက်သွားပြီ ထင်၍ ဘကြီး လက်ကို စမ်းကိုင်လိုက်စဉ် ဘကြီးမှ သူ့ညာလက်ကို အသာမြှောက်ကာ ကျွန်တော့်ကို အနား ကပ်လာရန် လက်ဟန်ပြသည် ။ ကျွန်တော်လည်း ဘကြီး မှာချင်သည်များ မှာခဲ့နိုင်စေရန် ဘကြီးမြစ် ပါးစပ်နား ကပ်ကာ သူ မှာသမျှ နားစွင့်နေမိသည် ။ ဘကြီးမြစ် ထံမှ လေသံ သဲ့သဲ့လေး ထွက်လာသည် ။
“ ငါ့သားရော ”
“ ရှိပါတယ် ဘကြီး ၊ ဧည့်ခန်းမှာ ထိုင်နေတယ် ။ ခေါ်ပေးရမလား ”
ဘကြီးက လက်ကို အသာ ခါပြသည် ။ ထို့နောက် ကျွန်တော့် လက်ကို ခပ်ဖျစ်ဖျစ် ဆုပ်ညှစ်ကာ သူ၏ မှာတမ်းကို ဤသို့ မြွက်ကြားတော့သည် ။
“ သေချာ မှတ်ပေးနော် ငါ့တူကြီး ”
“ စိတ်ချပါ ဘကြီး ၊ ကျွန်တော် သေချာမှတ်ပါ့မယ် ။ ဘကြီး မှာချင်တာမှာပါ ”
ဘကြီးထံမှ စကားသံ ချက်ချင်း ထွက်မလာ ။ အဆုံး စွန် အားယူနေဟန် တူသည် ။ ထို့နောက် စကားတစ်လုံးချင်း စီကို လေးလေးပင်ပင်ဖြင့် ဖြည်းလေးစွာ ပြောတော့သည် ။
“ ငါ့သားများ အင်တာနက် သုံးရင်လေ ၊ သူ့ကို ပြောလိုက်စမ်းပါ ။ အမှန်တကယ်သာ လိုက်နာနိုင်မယ် ဆိုရင် ဖေ့ဘွတ်ခ် ဆိုတာ လူတော်လူကောင်းနဲ့ အတွေးအခေါ်ရှင်တွေကို မွေးထုတ်ပေးတဲ့ ကျောင်းတော်ကြီးကွဲ့ ၊ ငါ့တူကြီး မှတ်မိရဲ့လား ”
“ ဟုတ်ကဲ့ ဘကြီး ၊ မှတ်မိပါတယ် ။ ငါ့သားများ အင်တာနက် သုံးရင် သူ့ကို ပြောလိုက်ပါ ။ အမှန်တကယ်သာ လိုက်နာနိုင်မယ် ဆိုရင် ဖေ့ ဘွတ်ခ် ဆိုတာ လူတော်လူ ကောင်းနဲ့ အတွေးအခေါ်ရှင် တွေကို မွေးထုတ်ပေးတဲ့ ကျောင်းတော်ကြီး ။ ဟုတ် တယ်နော် ဘကြီး ”
“ အေး ... ”
စကားအရှည်ကြီး ပြောလိုက်ရ၍ ဘကြီးမြစ် မောသွားဟန် တူသည် ။ အသက်ကို ပြင်းစွာ ရှူရှိုက်နေရသည် ။ ဘကြီး၏ မှာတမ်းကို မေ့မည် စိုး၍ ကျွန်တော် အထပ်ထပ် ရွတ်နေမိသည် ။ သို့သော် အဓိပ္ပာယ်ကို နားမလည်ပါ ။ အဓိပ္ပာယ် နားမလည်သော်လည်း နောက်ဆုံးမှာကြားသည့်စကား ဖြစ်နိုင်သည်ကြောင့် မေ့မသွားဖို့တော့ ကြိုးစားနေရသည် ။
ဘကြီးက ကျွန်တော့်ကို လက်ယပ် ခေါ်ပြန်သည် ။ အနားကပ်ကာ နားစွင့်တော့ လေသံ ဖျော့ဖျော့ဖြင့် -
“ အံဆွဲထဲမှာ စာအုပ် အပြာရောင် ၊ မင်း သိမ်းထား ၊ ငါ့သား ၁၅ နှစ်ပြည့်ရင် သူ့ ကို ပေးပေး ”
ဒီ တစ်ကြိမ်တော့ ကျွန်တော် ခပ်သွက်သွက် ပြန်ရွတ်ပြလိုက်တယ် ။
“ အံဆွဲထဲက စာအုပ် အပြာရောင်ကို ကျွန်တော် သိမ်းထားပြီး ဘကြီးသား အသက် ၁၅ နှစ်ပြည့်ရင် ပေးရမယ် ။ အဲဒီလို ဟုတ်တယ်နော် ဘကြီး ။ စိတ်ချပါ ဘကြီး ၊ ကျွန်တော် လုပ်ပေးပါ့မယ် ။ ဘကြီးသား ကိုလည်း ကျွန်တော် တစ်သက်လုံး ပြုစုစောင့်ရှောက်ပါ့မယ် ။ ဘကြီး စိတ်မပူနဲ့နော် ၊ စိတ် အေးအေးထား ”
စိတ်ချသွားရ၍ ထင်သည် ။ ဘကြီးမြစ် ထံမှ စကားသံ ထွက်မလာတော့ ။ အသက်ကို ဖြည်းညင်းစွာ ရှူထုတ်နေ၏ ။ သူ့ဘဝ၏ နောက်ဆုံးခရီးကို စတင်နေပြီ ဆိုသည်ကို ကျွန်တော် ရိပ်မိသည်ကြောင့် ဘကြီးအတွက် တရားခွေကို ခပ်တိုးတိုး ထ ဖွင့်ပေးသည် ။ ဘကြီး သား ကို တိုးတိုးတိတ်တိတ် ခေါ်၍ ကန်တော့စေသည် ။ ထိုနေ့ည ၇ နာရီခန့်မှာပင် ဘကြီးမြစ် ဘဝတစ်ပါးသို့ ပြောင်းရွှေ့ ကွယ်လွန်သွားတော့သည် ။
ဘကြီးမြစ်၏ နာရေး အတွက် ကျွန်တော် အလုပ်များနေသော်လည်း ဘကြီး မှာခဲ့သည့် စကားနှစ်ခွန်း ကိုတော့ မေ့မသွားစေရန် အခါခါ ပြန်ရွတ်ဖြစ်သည် ။ ဘကြီး ပြောသည့် အပြာရောင်စာအုပ်ကိုလည်း တွေ့သည် ။ အလုပ် များနေ၍ ဖွင့်မကြည့်အားခဲ့ နာရေးကိစ္စ ပြီးသည့် နောက် တစ်နေ့တွင် ထိုစာအုပ် အရောင်ကို သတိတရဖြင့် သွားယူသည် ။
စာအုပ်က မထူမပါး အရွယ် ဒိုင်ယာရီစာအုပ် ဖြစ်သည် ။ ကျွန်တော်လည်း ဧည့်ခန်းတွင် ထိုင်ရင်း ဘကြီး ထားခဲ့သည့် စာအုပ်အပြာရောင်ကို သေသေချာ ကြည့်မိ၏ ။ စာအုပ်၏ အပြာရောင် အဖုံးပေါ်တွင် အဖြူရောင် စာတန်းတစ်ခု ရေးထားသည် ။ ထို စာတန်းမှာ Facebook ဟူ၏ ။ အဖုံးကို လှန်လိုက်လျှင် ပထမဆုံး စာမျက်နှာတွင် ဘကြီး၏ ဝိုင်းစက်သော လက်ရေးများဖြင့် ရေးထားသော နိဒါန်းစာသားများကို ဤသို့ တွေ့လိုက်ရလေသည် ။
••••• ••••• •••••
Status ပေါင်း ရှစ်သောင်းလေးထောင်ကို အောင်မြင်စွာ ရေးသားနိုင်ခဲ့သူ ကျွန်ုပ် မောင်မြစ်၏ ဘဝ တစ်သက်တာ ဖေ့ဘွတ်ခ် မှတ်တမ်းတော်ကြီး ။
ဤမှတ်တမ်းတော်ကြီးကို နောင်လာနောက်သားများ အတုယူနိုင်စေရန် ၊ ဆင်ခြင်သုံးသပ်ဝေဖန်ပိုင်းခြားနိုင်ရန်ရည်ရွယ်၍ အပင်ပန်းခံ ပြုစုခဲ့ခြင်း ဖြစ်ချေတော့သည် ။
အခန်း ( ၁ )
တစ်ချိန် တစ်ခါက သာယာစည်ပင်ခဲ့ဖူးသည့် ကျွန်ုပ်၏ ဘဝကြီးသည် အိမ်သူသက်ထား ဇနီးမယား မီးဖွားရင်း ကွယ်လွန်အနိစ္စ ရောက်ပြီးသည့် နောက် တိတ်ဆိတ်ခြောက်ကပ်လွန်းစွာဖြင့် အထီးကျန် နိုင်သွားတော့ သည် ။ သွားလေသူကြီးကို နေ့နေ့ညည သတိရတမ်းတ လွမ်းဆွတ်ခြင်းက တစ်ဖက် ၊ ဥမမည်စာမမြောက် သားငယ်လေးကို ပြုစုရခြင်းက တစ်ဖက်ဖြင့် ရှင်သန်နေထိုင်ရာ ဘဝကြီးကို ငြီးငွေ့လွန်းနေ မိတော့သည် ။ သားငယ်လေး ၏ သံယောဇဉ်သာ မရှိခဲ့လျှင် လူဝတ်ကြောင်ဘဝကို ပင် စွန့်ပစ်မိလိမ့်မည်ဟု ကျွန်ုပ် တစ်ခါတစ်ရံ တွေးမိလေသည် ။ သို့ရာတွင် ကျွန်ုပ်၏ လူဝတ်ကြောင် စွန့်ချင်စိတ်အတွေးကို နောင်တရစေမည့် အဖြစ် အပျက်ကြီး တစ်ခု ပေါ်လာတော့၏ ။ ဤနေရာတွင် အဖြစ်အပျက်ကြီးဟု ကျွန်ုပ် တမင်တကာ သုံးနှုန်းခဲ့၏ ။ အမှန်တကယ်ပင် ကျွန်ုပ်အတွက် အဖြစ်အပျက်ထူးကြီး ဖြစ်ပေတော့သည် ။
တစ်နေ့တွင် သားငယ် အတွက် နို့မှုန့်ဘူး ထွက်ဝယ် ရင်း ကျောင်းနေဖက် သူငယ် ချင်းတစ်ယောက်နှင့် ဆုံတွေ့ လေ၏ ။ ဖက်လှဲတကင်း နှုတ်ဆက်ပြီးနောက် ရှေး ဟောင်းနှောင်းဖြစ်များ စားမြုံ့ ပြန်ရင်းဖြင့် ထိုအဖြစ်အပျက်ကြီး အကြောင်းကို သူငယ်ချင်းဖြစ်သူမှ ဤကဲ့သို့ ပြော လေသည် ။
“ နို့ … ခင်ဗျားက အခု ကလေး တစ်ဖက်နဲ့ ယောင်ချာချာ ဆိုတော့ အင်တာနက် မသုံးဘူးလားဗျ ”
သူငယ်ချင်း၏ အမေးစကားကို ကျွန်ုပ် နားမလည် ။
“ ဘာတုံးဗျ အင်တာနက် ”
“ အင်တာနက်ကို အဓိပ္ပာယ် ဖွင့်ရရင် ခင်ဗျား ကလေး နို့ဆာပြီး သေသွားနိုင်တယ် ။ အတိုချုပ် ပြောရရင် အစုံရှိတဲ့ နေရာပေါ့ဗျာ ။ အဲဒီမှာ အစုံရှိတယ် ။ ခင်ဗျား ငြီးငွေ့ချိန်တောင် ရှိမှာမဟုတ်ဘူး ။ ပိုသေချာချင်ရင် ဖေ့ဘွတ်ခ် ဆိုတာကိုသာ ဝင်ထားလိုက်ဗျာ ။ ခင်ဗျား တကယ် ပျော်သွားလိမ့်မယ် ”
“ အဆန်းပါလားဗျ ။ နို့ ခင်ဗျား ပြောတဲ့ဟာတွေကို ကျုပ်က ဘယ်လို လုပ်ရမှာလဲ ”
“ ကဲဗျာ ၊ ပို့မယ့်ပို့ ကူးတို့ အထိ ရောက်အောင် ပို့ပေးမယ်ဗျာ ။ ဟုတ်ပြီလား ။ ခင်ဗျား အိမ်မှာ အင်တာနက် တပ်ဖို့ ကျုပ်ပဲ လုပ်ပေးပါ့မယ် ”
သို့နှင့်ပင် သူငယ်ချင်း ဖြစ်သူ၏ စီစဉ်ပေးမှုကြောင့် အင်တာနက် ဆိုတာကြီးနှင့် ကျွန်ုပ် နဖူးတွေ့ ဒူးတွေ့ ကြုံတွေ့ရတော့သည် ။ ကျွန်ုပ် အနှစ်သက်ဆုံးကား ဘိလပ် စကားဖြင့် ဖေ့ဘွတ်ခ် ဟု လူအများခေါ်ကြသည့် “ မျက်နှာ စာအုပ် ” ဆိုသည့် နေရာပင် ဖြစ် သည် ။ ကျွန်ုပ်သည်ကား ထိုအရပ်တွင် ပျော်မွေ့စ ပြုနေမိတော့သည် ။
တွေ့သမျှ မြင်သမျှ လူများကို မိတ်ဆွေဖွဲ့၏ ။ သူတို့ ရေးသမျှကို နှစ်သက်လှကြောင်း ၊ ကြိုက်လွန်းလှကြောင်း ထောက်ခံချက်ပေး ၏ ။ သဘောတူလှကြောင်း ၊ ခင်ဗျား ပြောသည်မှာ အမှန် စစ်စစ်သာ ဖြစ်ကြောင်း ထောက်ခံစာ ရေးပေး၏ ။
ထိုသို့ဖြင့် ကျွန်ုပ်သည် ထိုမျက်နှာစာအုပ်ဟု ခေါ်ဆိုသော အရပ်တွင် အပေါင်းအသင်းများ စုံလင်လာ၏ ။ တစ်နည်းဆိုသော် ပညာစုံလာ၏ ။ ကုလားဖြူစကား အခေါ် ဖေ့ဘွတ်ခ် ဆိုသည့် နေရာ၏ အဓိက အနှစ်ချုပ်မှာ အမှန် တွေ ပြောတတ်ရန်ဖြစ်ကြောင်း ကျွန်ုပ် တီးမိခေါက်မိလာ၏ ။ Like ဟု ခေါ်သော ထောက်ခံစာကို နှစ်သက်တတ်လာ၏ ။ ထိုသို့ဖြင့် ကျွန်ုပ် ကိုယ်တိုင် အားပေးသူ အဆင့်မှ တစ်ဆင့် မြှင့်ရန် ဆုံးဖြတ်လိုက်တော့၏ ။ ဤသည်ကား Stauts ပေါင်း ရှစ်သောင်းလေးထောင်၏ မဟာခရီးစဉ် အစ ဆုံးဖြတ်ချက်ကြီး ဖြစ်ပေတော့လေသည် ။
••••• ••••• •••••
အခန်း ( ၂ )
ကျွန်ုပ်သည်ကား ဆုံးဖြတ်ချက်ကို အခိုင်အမာ ချပြီးသည့်နောက် အမှန်တရားစစ်စစ်များကိုသာ ချပြတော့မည်ဟု ပိုင်းဖြတ်ထားသည့် အလျောက် ကျွန်ုပ်၏ ပထမဦးဆုံးသော အမှန်တရားစစ်စစ် Status ကြီးမှာ ဤသို့ဖြစ်၏ ။
“ လူတို့၏ အလင်းရောင် ဖြစ်သော နေမင်းကြီး အရှေ့အရပ်မှ ဝင့်ဝင့်ကြွားကြွား ထွက်ပေါ်လာလေပြီ ”
ဤသည်မှာ ကျွန်ုပ်စွဲစွဲ မြဲမြဲ မှတ်မိနေသော ပထမဆုံး Status ကြီး ဖြစ်ပေတော့ သည် ။ အရှေ့အရပ်မှ နေ ထွက်သည် ဆိုသည်ထက် မှန် သည့်သစ္စာစကားပင် မရှိနိုင် တော့ပြီ မဟုတ်တုံလော့ ။
ထိုပွဲဦးထွက် အမှန်တရားကို သဘောတူကြသူများ ၊ မှန်ကန်ကြောင်း ထောက်ခံချက် ပေးကြသူများကြောင့် ကျွန်ုပ် အားတက်မိ၏ ။ ထို့ ကြောင့် မည်သူမျှ ငြင်းမရနိုင် မည့် အမှန်တရားစစ်စစ်များ ကိုသာ ဆက်လက် ရေးသား သွားမည်ဟု ဆုံးဖြတ်လိုက် တော့သည် ။
ဤနေရာတွင် ကျွန်ုပ် ကြားဖြတ် ပြောလိုသည်မှာ ရှေ့ဆက်ရေးမည့် ရှစ်သောင်း လေးထောင်သော အမှန်တရား စာသားတို့သည် နှောင်းလူတို့ အဖို့ငှာ လိုက်နာနိုင်ရန်သော် လည်းကောင်း ၊ ယူငင်အသုံးပြုရန် သော်လည်းကောင်း ရည်ရွယ်၍ မခြွင်းမချန်ရေး သားခဲ့ခြင်း ဖြစ်၏ ။ ( ဤသည်ကား စကားချပ်ပေတည်း ။ )
ကျွန်ုပ်သည် ထိုနေ့မှ စ၍ စားလည်း အမှန်တရား ၊ သွားလည်း အမှန်တရားတို့ ကိုသာ ဒဿန ထုတ်နေမိတော့သည် ။
ထမင်းစားပွဲ ခုံပေါ် တွင် ပုရွက်ဆိတ် တက်နေသည်ကို မြင်လျှင်လည်း အမှန်တရား စာသားတို့က ဤသို့ ထွက်လာချေ၏ ။ အောက်တွင် ရှုလော့ ...
“ ထမင်းစား စားပွဲပေါ် ပုရွက်ဆိတ် တက်နေလို့ သူတို့ကို အပြစ်မတင်နဲ့ ။ စားကြွင်းစားကျန် ချန်ထားတဲ့ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ပါ ”
နောက်တစ်နည်း ...
“ ထမင်းစားပွဲပေါ်က ပုရွက်ဆိတ်တွေကို ဖိသတ်ရ တာ သိပ်လွယ်ပါတယ် ။ ဒါ ပေမဲ့ ကိုယ် ချန်ရစ်ခဲ့တဲ့ အမှုန် တစ်စဟာ သူတို့အတွက် အသက်နဲ့ ရင်းရတဲ့ အာဟာရ ဆိုတာလေးကို သတိချပ်ဖို့ လိုမယ် ”
နောက်တစ်နည်း ...
“ သင့်အတွက် မနစ်နာစေတဲ့ ဆုံးရှုံးမှုတိုင်း အတွက် ယူငင်အသုံးပြုသူကို ကြည်ဖြူခြင်းဖြင့် သင့်စိတ်နှလုံးသား မြင့်မြတ်မှုနဲ့ အေးချမ်းမှုကို ဖွေရှာပါ ”
ဤသည်ကို ထောက်ချင့်လျှင် ကျွန်ုပ် Status ပေါင်း ရှစ်သောင်းလေးထောင် တင်ခဲ့သည်မှာ များသည်ဟု သင် ဆိုနိုင်မည်လော ။
ကျွန်ုပ်သည်ကား မြင်သမျှ တွေ့သမျှ အဖြစ်အပျက်များကို ဖတ်သူများ ဘဝင် ငြိစေမည့် ရှုထောင့်မှ ဒဿန ထုတ်ကာ ဖေ့ဘွတ်ခ် ပေါ်တွင် လူပေါ်လူဇော်လုပ် နေမိတော့သည် ။ တစ်ရက် ထက် တစ်ရက် ကျွန်ုပ်ကို အားပေးသူ အရေအတွက် လွန်မင်းစွာ တိုးပွားနေသည်ကိုလည်း ပီတိဖြစ်နေမိသည် ။ တစ်ဖက်ကလည်း ကျွန်ုပ်၏ ပရိသတ်များကို ဤသို့ သံယောဇဉ်ဖွဲ့ စာချုပ်ချုပ် ထားရပြန်သည် ။
“ ကျွန်ုပ် ရေးတဲ့ စာတွေကို နှစ်သက်ကြောင်း ပြတဲ့ သူတွေကို သေသေချာချာ မှတ်ထားပေးပါတယ် ။ ဘုရားရှိခိုးတိုင်း မေတ္တာ ထည့်ပို့ပေးပါတယ် ”
ဟုတ်သည် မဟုတ်သည် အပထား ၊ ဤသို့ ချုပ်ထားလိုက်ခြင်းဖြင့် နဂိုရှိပြီးသား အားပေးသူများ ယုတ်လျော့ သွားစရာ မရှိတော့ ။ ထို့နောက်ပိုင်း ကျွန်ုပ်၏ Status များ ပို၍ ပြောင်မြောက်လာကြောင်း ထောက်ခံစာများ တဖွဲဖွဲ ဝင်လာတော့သည် ။
ဤသည်မှာလည်း ထောက်ခံကြသူများ၏ အဆိုးမဟုတ် ။ ကျွန်ုပ် ကိုယ်တိုင် စာအုပ် အဟောင်းတန်း အထိ သွားရောက် ရှာဖွေထားသည့် သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတရားတော်များကို ပုံစံပြောင်း၍ ရေးခြင်းဖြစ်ကြောင်း ကျွန်ုပ် ဝန်ခံလိုပါသည် ။ ၃၈ ဖြာ မင်္ဂလာ တရားတော်များကို ကျွန်ုပ်က ဤသို့ ဒဿနထုတ်ခြင်းကြောင့် လူကြိုက်များရခြင်းဖြစ်၏ ။
“ လူမိုက် လူရမ်းကား ဆိုတာ ညစ်ပေနေတဲ့ အရာလို မျိုးပါ ။ ကိုယ် သွား မကပ်မချင်း ကိုယ့်ကို ညစ်ပေစေမှာ မဟုတ်ပါဘူး ။ အတူတကွ ကပ်မိရင်တော့ ကိုယ်လည်း ညစ်ပေရပါလိမ့်မယ် ”
ဤသည်မှာ “ လူမိုက် ဆိုလျှင် ရှောင်သွေလွှဲလို့ မမှီဝဲနဲ့ ကင်းအောင်နေ ” ဆိုသည့် ကျွန်ုပ်တို့ ငယ်စဉ်ကတည်းက အော်ရွတ်ခဲ့ရသည့် “ အသေဝနာစ ဗာလာနံ ” ဆိုသည့် တရားတော် ဖြစ်၏ ။
ထိုသို့ တရားတော်များ ထဲမှလည်း ဒဿနထုတ်၏ ။ ၃၈ ဖြာထဲမှ ထုတ်နုတ်စရာ ဒဿန ကုန်သွားပြီး နောက် ဓမ္မပဒ ဘက်ကို လှည့်ပြန်သည် ။ ဓမ္မပဒမှ ဒဿန ထုတ်၍ ကုန်သွားသည့်အခါ လောကနီတိ စာသားများကို ပုံစံပြောင်း ရေးပြန်၏ ။ တစ်ဖန် လောကနီတိမှ ထုတ်စရာ ဒဿန ကုန်သွားသည့် အခါ သွားရင်းလာရင်းဖြင့် လမ်းတွင် တွေ့သည် ဆိုင်းဘုတ်များမှ ဒဿန ထုတ်ပြန်သည် ။
“ သင့်ကိုယ်သင် အသုံး မဝင်ပါဘူးလို့ ဘယ်တော့မှ မတွေးပါနဲ့ ။ သင့်အတွက် သေသေချာချာ အသုံးဝင်နိုင်တဲ့ နေရာဆိုတာ ရှိစမြဲပါ ”
ကဲ ... ထိုဒဿနကို -
“ သင့်ကို တပ်မတော်မှ အလိုရှိသည် ” ဆိုသည့် ဆိုင်းဘုတ်မှ ယူခြင်း ဖြစ်ကြောင်း မည်သူ သိမည်နည်း ။
“ သင့်ကိုယ်သင် ပိုင်၍ နေချင်သလို နေလို့ရသည် ။ သို့သော် သင့်ကြောင့် တခြား သူကို အနှောင့်အယှက် မဖြေ ပါစေနဲ့ ”
ဒါက “ သင့်ကြောင့် မီး မလောင်ပါစေနဲ့ ” ဆိုင်းဘုတ်ကို ပုံစံပြောင်းခြင်းဖြစ်၏ ။
တွေ့သမျှ သတိပေး ဆိုင်းဘုတ်များ ၊ ကြော်ငြာ ဆိုင်းဘုတ်များကား များလွန်း လှသည် ။ ဒဿန ထုတ်၍ မကုန်မခန်းနိုင်အောင်ပင် များပြားလှသည် ။ “ ဤနေရာတွင် ခွေးများသာ သေးပေါက်ရန် ” ဆိုသည့် ဆိုင်းဘုတ်ပင် မချန် ။ တွေ့သမျှ မြင်သမျှကို ဒဿန ထုတ်နေမိတော့၏ ။
ကျွန်ုပ်၏ Status များ တရိပ်ရိပ် မြင့်တက်လာခြင်း နှင့်အတူ လူသိများ လာခြင်း အောင်မြင် ထင်ပေါ်လာခြင်းများက တွဲ၍ ပါလာသည် ။ ထို့အတူ ကျွန်ုပ်၏ စိတ်အတွေး တစ်ခုလုံးတွင်လည်း လူအများ ဘဝင်ငြိစေရန် မည်သို့ ရေးရမည်ကိုသာ တစ်ချိန်လုံး တွေးနေမိတော့သည် ။
ထို့ကြောင့် အစားအသောက် မမှန်ခြင်း နှင့် အညောင်းမိ ဝေဒနာများက ကျွန်ုပ်ထံ စွဲကပ်စ ပြုလာ၏ ။ သားငယ်လေးလည်း နို့သောက်ချိန် မမှန်တော့သဖြင့် တအီအီနှင့် ရှိနေ၍ ကလေးထိန်း တစ်ယောက်ကို ငှားလိုက်ရတော့သည် ။
သို့သော် ကျွန်ုပ်မှာ မည်သည့်ဝေဒနာ စွဲကပ်သည် ဖြစ်စေ အရှိန်ရပ်ရန် မဖြစ်နိုင်တော့ ။ တစ်ခုခု ဖြစ်တိုင်း ကြုံတိုင်း ဒဿန ထုတ်၍ ထိုဖေ့ဘုတ်ခ် ဆိုသည့် နေရာကြီးတွင် ချပြရသည်ကို ခုံမင်နှစ်သက်လွန်းနေမိတော့သည် ။ ကျွန်ုပ်တွင် စွဲကပ်လာသည့် ဝေဒနာတို့ပင် မချန်ရစ် ။ ဝေဒနာခံစား နေရလျှင်လည်း ကျွန်ုပ်မှာ ဒဿနထုတ်ကာ ပရိသတ်ထံသို့ ချပြရပြန်သည် ။
သွားကိုက်လျှင် ဤသို့ ဒဿန ထုတ်၏ ။
“ ဘဝရဲ့ အရသာတွေ အတူတူ ခံစားပြီးမှ တစ်ချက် တစ်ချက် ထဖောက်ခံရရင် ကျင်လွန်းရတာ “ သွား ” နဲ့ “ ချစ်သူ ” ပဲ ရှိမယ် ထင်တယ် ” ဟု တစ်မျိုး ။
ခေါင်းကိုက်လျှင် ...
“ ရှေ့က ဦးဆောင်ခိုင်း ထားတာပဲ ။ သူက မလှုပ်နိုင်တော့ နောက်က အကုန် ရပ်ကုန်တော့တယ် ။ မီးရထား ပျက်တာ မဟုတ်ပါဘူး ။ ခေါင်းကိုက် နေလို့ပါ ” ဟု တစ်ဖုံ ။
ဗိုက်နာလျှင် ...
“ ဝေဒနာကို သိတယ် ။ ဖြေရှင်းနည်း ကိုလည်း သိတယ် ။ ဖြေရှင်းလို့ မရတော့ ခက်လွန်းတာပဲ ။ ဟုတ်တယ် အဲဒါ ဗိုက်ထဲက ရစ်ပြီးနာနေတာ ” ဟု တစ်သွယ် ။
ခလုတ်တိုက်လျှင် ...
“ အမှား လုပ်မိပေမဲ့ ကိုယ့်ကိုယ်ကို ခွင့်လွှတ်ရမယ့် ကိစ္စထဲမှာ ခလုတ်တိုက် တာလည်း ပါတယ် ” ဟု တစ်နည်း ။
သွားကြားညပ်လျှင် -
“ အာသာငမ်းငမ်းနဲ့ နှစ်သက်လှပါတယ် ဆိုတဲ့ အရာတွေကို မိနစ်ပိုင်း အတွင်း စိတ်ကုန် သွားစေဖို့ သွားကြားညပ်ခြင်းက စွမ်းဆောင်နိုင်တယ် ” ဟုလည်းကောင်း စ သည်ဖြင့် ကျွန်ုပ်၏ ဝေဒနာများကို ဒဿနများ ထုတ်၍ အမျိုးမျိုးအဖုံဖုံ လက်ကမြင်း နေခဲ့မိတော့သည် ။
ကျွန်ုပ်၏ Status များ က စုံလင်လှသည် ။ သူငယ်တန်းဖတ်စာများ ထဲက စာသားများ အထိပါ မလွတ်စေရ ။
“ ကန်ထဲမှာ ရေပြည့် နေသည် ။ ကြာပန်းများလည်း ပွင့်တော့မည် ” ဆိုသည့် စာသားသည်လည်း ကျွန်ုပ် လက်ချက်ဖြင့် ဤသို့ ဘဝ ပြောင်းရပြန်သည် ။
“ ဉာဏ်ပညာ ပြည့်စုံနေလျှင် သာယာလှပသည့် ဘဝက အလိုလို ရောက်လာနိုင်ပေသည် ။ ”
ထိုသို့ ဉာဏ်ပညာများ ဖြန့်ဝေပေးရာတွင် သင်ပုန်းကြီး ဖတ်စာများထဲမှ ကလေး ကဗျာများပင် ကျွန်ုပ် မချန်ခဲ့ ။ ထိုသို့ ဒဿန ထုတ်နေရင်းဖြင့် အကြံဉာဏ် မထွက်သည့် နေ့မျိုးတွင်တော့ ဤနေ့ အတွက် ကျွန်ုပ် စီမံဖြစ်သည့် ဟင်းလျာ ဟု အမည် တပ်ကာ ချက်ပြုတ်ထားသည့် ဟင်းပုံများ တင်၍ ကျွန်ုပ်၏ ပရိသတ်များ မပျင်းရလေအောင် ကြိုးစားရပြန်သည် ။
ဤသို့ဖြင့် ကျွန်ုပ်၏ နေ့ရက်အချိန်တို့သည် တခြား လူတို့အတွက် အသိဉာဏ် ဖွင့်ပေးရန် စိတ်အားထက်သန်ခြင်းများဖြင့် ကုန်ဆုံးရလေ တော့သည် ။
••••• ••••• •••••
အခန်း ( ၃ )
ဤမျှ ဖွင့်ဟလျှင် ကျွန်ုပ် ထံတွင် လူအများ ဘဝင်ငြိစရာ ငြင်းရ ခက်သည့် အမှန်တရား ဒဿနများ ပေါများလွန်းကြောင်း သင်တို့ သိလောက်ပေမည် ။
ကျွန်ုပ်ရှေ့မှ ဖြတ်လျှောက် သွားသည့် ဆိတ် လည်း မချန် ၊ လဲလျောင်းနေသည့် နွားလည်း မချန် ကျွန်ုပ်၏ ဒဿန ပစ်ကွင်းထဲတွင် စင်းစင်းကြီး မိနေကြတော့သည် ။ ကျွန်ုပ်သည်ကား နာမည်ကြီးလာခြင်းနှင့်အတူ လတ်တလော လူပြော များနေသည့် ကိစ္စများ ကိုလည်း ရေးသားမိပြန်သည် ။ ကိုယ့်ကိုယ်ကို သ,တ်သေလျှင်လည်း ကျွန်ုပ် ဆုံးမစာ ရေးသည် ။ လူတွေ အကျင့် ပျက်လျှင်လည်း ကျွန်ုပ် ဆုံးမစာရေး၏ ။ ဤနေရာတွင် ကြားဖြတ် ပြောလိုသည်မှာ ဆုံးမစာ ရေးရသည်မှာ မခက် ၊ ခက်သည်က ကိုယ် ရေးသလို ကိုယ်တိုင် လိုက်လုပ်နိုင်ဖို့ပင် ဖြစ်၏ ။ ကြားဖူးနေကျ အဖြစ်အပျက် တစ်ခု ရှိသည် ။
တစ်နေ့သောအခါ ပညာရှိကြီးဟု လူတို့ သတ်မှတ်ကြသော ပုဂ္ဂိုလ်ကြီး ဟောပြောရန် စင်မြင့်ပေါ် တက်လေသည် ။ စင်မြင့်ပေါ် တက်ခါနီး လူတစ်ယောက်မှ ဤသို့မေး၏ ။
“ ဆရာကြီး လောကမှာ အလွယ်ဆုံး အလုပ်က ဘာလဲ ” ဟု မေး၏ ။ ဆရာကြီးက မဆိုင်းမတွ ဖြေ၏ ။
“ ငါ့လူ မှတ်လော့ ။ လောကမှာ အလွယ်ဆုံး အလုပ်က တစ်ပါးသူကို ဆုံးမခြင်း ဖြစ်တယ် ”
“ ဒါဆို အခက်ဆုံး အလုပ်ကရော ဆရာကြီး ”
“ ကိုယ် ပြောသလို ကိုယ် လိုက်လုပ်ရမှာ အခက်ဆုံး ” ဟု ဖြေလေ၏ ။
ကျွန်ုပ်သည်လည်း ဤသို့ပင်ဖြစ်သည် ။ လူအများ ဘဝင်ငြိစေရန် Status ပေါင်း ရှစ်သောင်းလေးထောင် တင်ခဲ့သော်လည်း ကျွန်ုပ်ကိုယ်တိုင် လိုက်နာနိုင်သည့် ကိစ္စမှာ ရှစ်ခုထက် ပိုမည် မထင်ပေ ။
ယခုဆိုလျှင် ကျွန်ုပ်မှာ ကျန်းမာရေးလည်း ညံ့ဖျင်း လာ၏ ။ မောပန်းတတ်လာ၏ ။ အထိုင်အထ အတွက် နာ ကျင်စွာ အားထုတ်ရလာ၏ ။ ဝေဒနာများ၏ နှိပ်စက်မှုတို့ သည်လည်း တစ်နေ့တခြား ပို၍ပို၍ ထင်ရှားလာ၏ ။ ဘဝ၏ ခရီးဆုံးကိုလည်း လှမ်းမြင်စ ပြုနေလေပြီ ။
ထို့ကြောင့် နှောင်းလူတို့ လိုက်နာကျင့်သုံးနိုင်ခြင်း အလို့ငှာ ရည်ရွယ် ရေးသားသည့် ဤဖေ့ဘွတ်ခ်တစ်သက်တာ မှတ်တမ်းကြီး ကို နိဂုံးကမ္ပတ် အဆုံးသတ်ရ ပေတော့မည် ။ ကျွန်ုပ်နောက်ဆုံး အနှစ်ချုပ် ပြောလိုသည်မှာ -
သင်သာ အမှန်တကယ် လိုက်နာနိုင်မည်ဆိုလျှင် ဖေ့ဘွတ်ခ် ဆိုသည်မှာ လူတော်လူကောင်းနှင့် အတွေးအခေါ်ရှင်များကို အမှန်တကယ် မွေးထုတ် ပေးနိုင်သည့်နေရာ ဖြစ်ကြောင်း မှာခဲ့ချင်ပါသည် ။
ထိုဆုံးမစာနှင့် အတူ တစ်ဆက်တည်း ဝန်ခံလို သည်မှာ ကျွန်ုပ်ကိုယ်တိုင် ထို ဆုံးမစာအတိုင်း လိုက်မလုပ် နိုင်ခဲ့ကြောင်း ဘဝ၏ နောက်ဆုံး အချိန်တွင် ရိုးသားစွာ ဝန်ခံခဲ့လိုပါသည် ။ ထို့အတူ လူအများကို အကောင်းမွန် ဆုံး နေထိုင်နိုင်ရန် ဆုံးမခဲ့ သော်လည်း ကျွန်ုပ်ကို မကောင်းပြောသူများ ၊ ဝေဖန်သူများကို မိတ်ဆွေ အဖြစ်မှ တစ်ဖက်သတ် ရပ်စဲခြင်း ဆိုသည့် Unfriend လုပ်ခြင်းနှင့် တစ်သက်တာ ပြန်မတွေ့နိုင်ရန် Block ခြင်းများကို လုပ်ဆောင်ခဲ့ဖူးကြောင်းလည်း ရိုးသားစွာ ဝန်ခံခဲ့လိုပါ၏ ။
ကိုယ်စိတ်နှစ်ဖြာ
ကျန်းမာ ချမ်းသာကြပါစေ ။
သဗ္ဗေသတ္တာ ကမ္မသကာ
ဘကြီးမြစ်
••••• ••••• •••••
“ ဟူး ... ”
ဘကြီးမြစ်၏ မှတ်တမ်း ဆုံးလျှင် ကျွန်တော် ဟူးခနဲ သက်ပြင်းချမိသည် ။ ဘကြီးမြစ် ကွယ်လွန်သွားသည်မှာ ဒူလာနှင့် အစာအိမ်ရောဂါ သက်သက်ကြောင့် မဟုတ်နိုင် ။ ဘကြီးမြစ် ထံတွင် စိတ်ရောဂါ ရှိနေနိုင်သည် ကိုပါ ကျွန်တော် ခန့်မှန်းမိ တော့သည် ။
စိတ်ပျက်ဖွယ်ရာ သူ့ မှတ်တမ်းကြီးကို သေခါနီး နောက်ဆုံးအချိန်တွင် သတိတရ မှာသွားခြင်းကို ထောက်၍ ကျွန်တော် ထိုသို့ မှတ်ချက်ချမိခြင်း ဖြစ်သည် ။ ထို မှတ်တမ်းကြီးကို ကျွန်တော်က သိမ်းယူထားပြီး သူ့သား အရွယ်ရောက်လျှင်ပေးခဲ့ဖို့ မှာခဲ့ခြင်းမှာ ရူးနှမ်းလွန်းသော စိတ်ကူးဟု ကျွန်တော် ထင်သည် ။
မဖြစ်နိုင်ပါ ။ ကျွန်တော် ဒီမှတ်တမ်းကို ကျွန်တော့် တစ်ဝမ်းကွဲ ညီငယ်လေးကို ပေးဖို့ မဖြစ်နိုင်ပါ ။ ထိုကဲ့သို့ ဟိုမရောက် ဒီမရောက် ဆုံးမစာများဖြင့် ကျွန်တော့် ညီငယ်လေး စိတ်အာရုံကို အရောင် ဆိုးမခံနိုင် ။ ကလေးငယ်များ အတွက် အကောင်းဆုံးပြုစုနည်းကိုသာ သုံးမည်ဟု ကျွန်တော် တစ်ထိုင်တည်း ဆုံးဖြတ်လိုက်သည် ။
ထိုနည်းမှာ ကလေးငယ်များကို စာပေဖြင့် ကြီးပြင်းစေသည့် နည်းဖြစ်သည် ။ ကိုယ်တိုင် စာဖတ်နာလာလျှင် ထိုကဲ့သို့ တက်ကျမ်း ဆန်သည့် စာသားများကို ကိုယ့်စိတ်နှလုံးသားထဲမှ အချိန်မရွေး ထုတ်ယူနိုင်ကြောင်း ညီငယ် ဖြစ်သူကို သိစေမည် ။
စာပေဖြင့် ကြီးပြင်း ရင့်ကျက်စေသည့် နည်းထက် မည်သည့် အရာမှ သာလွန်သည်ဟု ကျွန်တော် မထင်ပါ ။ တက်ကျမ်းဆန်ဆန် စာသားများကို ကိုယ့်ကလေး ဖြစ်သူ ပါးစပ် အဟောင်းသားဖြင့် အားကျနေရသည့် အဖြစ်မှ လွတ်မြောက်နိုင်ရန်မှာ ငယ်စဉ်ကတည်းက စာပေဖြင့် ကြီးပြင်းစေသည့် နည်းသာရှိသည်ဟု ကျွန်တော် ယုံကြည်သည် ။
ထို့နောက် ဘကြီးမြစ်၏ မှတ်တမ်းတော်ကြီးကို အဝတ်ဖြင့် အထပ်ထပ် ပတ်၏ ။ ရေလုံစေရန် ပလတ်စတစ်ဖြင့် ထုပ်၏ ။ ထို့နောက် ခြံထောင့်တွင် သွားရောက် မြှုပ်နှံလိုက်တော့သည် ။
ထိုသို့ လုပ်လိုက်သည်ကို စိတ်မကောင်း သော်လည်း မတတ်နိုင်ပါ ။ ဤသည်မှာ အနာဂတ်မျိုးဆက် တစ်ခု အတွက် ကျွန်တော် လုပ်နိုင်သည့် တာဝန် တစ်ခုကို ထမ်းရွက်ခြင်း ဖြစ်ကြောင်း ကိုယ့်ကိုယ်ကိုသာ နှစ်သိမ့်လိုက်မိပါတော့သည် ။
⎕ မြစ်ကျိုးအင်း
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
မတ် ၊ ၂၀၁၅

No comments:
Post a Comment