❝ ကန္တာရဆူး ❞
( သာလွန်ကျော် )
“ အောင်မလေး သေပါပြီဗျ ”
စံအေး၏ အလန့်တကြား အော်သံကြောင့် ကန္တာရသား ထင်းခုတ်နေကြသည့် တိုးရီ နှင့် နိုင်အေး တို့ ပြေးလာကြသည် ။ တိုးရီ က ညာခြေတစ်ဖက်ကို ဆုပ်၍ ထိုင်နေသော စံအေးကို ငုံ့ကြည့်ရင်း -
“ စံအေး ဘာဖြစ်သာလဲ ၊ ပိုးထိလို့လား ” ဟု မေးလိုက်၏ ။
“ မဟုတ်ပါဘူး ၊ ဘိလပ်ထနောင်း စူးသာပါဟ ၊ နင်ကလည်း ”
“ ဪ ... မင်းကလည်းကွာ အသည်းငယ်လိုက်သာ ၊ ကန္တာရဆူး စူးသာများ ”
“ ဟ, ဆူးက အတုတ်ကြီးကွ နိုင်အေးရ ၊ ပြီးတော့ ခြေဖဝါးကို ထုတ်ချင်းခပ် သွားသာဟ ”
ကန္တာရဆူးပင်များသည် အညာဒေသတွင် အလေ့ကျပေါက်၍ ဘိလပ်ထနောင်းဆူးသည် တစ်လက်မခွဲသံခန့် ရှိပြီး စူးမိလျှင် မသက်သာ ၊ အောင့်နေတတ်၏ ။ အဆိပ် လည်း အလွန်ပြင်းသည် ။ နိုင်အေးက ခြေဖဝါးဘက် မှ ဝင်နေသော ဆူးခက်ကို ဆွဲနုတ်ပေးလိုက်သည် ။ သွေးများက ငေါက် ခနဲ ပန်းထွက်လာ၏ ။
“ အား ... အမယ်လေး ၊ နာလိုက်သာဗျာ ”
“ ဟယ် ... သွေးတွေထွက်လာပြီ ။ နေနေ ငါ ဖုန်နဲ့ သိပ်ပေးမယ် ”
တိုးရီသည် ပြောရင်းဆိုရင်း မြေတစ်ဆုပ် ယူ၍ စံအေး၏ ခြေဖဝါးပေါ် ဖြူးလိုက်သည် ။ ပြီးလျှင် သူ စီးထားသော ကားတာရာဖိနပ် ဖြင့် တဖျပ်ဖျပ်ရိုက်လေသည် ။ စံအေးသည် တအင်းအင်း ညည်းညူရင်း အောင့်ခံနေလေ၏ ။
“ ငါ သံစူးတုန်းကလည်း မင်းလိုပဲ ၊ ခြေဖနောင့် မှာ နစ်ဝင်သွားသာ ၊ အဲသာ နွားချေးခြောက်ပြာချပြီး ကားဘီးဖိနပ်နဲ့ ရိုက်လိုက်သာပဲ ၊ လေးငါးရက်ဆို ပျောက်သွားရော ”
ဟု နိုင်အေး က မျက်နှာ ရှုံ့မဲ့နေသော စံအေး ကို အားပေးစကား ဝင်ပြောလိုက်သည် ။
သူတို့ ‘ ထူးကြီးရွာ ’ လေးသည် အိမ်ခြေသုံးလေးဆယ်ခန့်သာရှိပြီး မြို့နှင့် ဝေး၍ အလွန်ခေါင်၏ ။ ပခုက္ကူ နယ်ဆုံး ဖြစ်၍ ရွာ၏ အနောက်ဘက် လှည်းလမ်းကျော်လျှင် ပေါက်နယ် ဖြစ်၏ ။ ယာလုပ်သူ ဆယ်ဦးခန့်သာ ရှိ၍ ကျန် အိမ်ထောင်စုများမှာ ထင်း ခုတ် ၊ မျှစ်ချိုး ကြုံရာကျပန်း လုပ်ကြရသူများဖြစ်သည် ။ ရွာတွင် ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းလည်း မရှိချေ ။ လူကြီးများက သံကျောက်တောင် သွား၍ ဝါး ခုတ်ပြီး ထွန်ကိုင်း ၊ ထွန်သံ ၊ နှင်တံ ၊ ထမ်းပိုးကျည်း စသည်ဖြင့် လုပ်ရောင်းကြ၏ ။ အချို့က ရှားပင်ကို ခုတ်၍ ထွန်တုံး ၊ ထွန်သွား လုပ်ရောင်းရ၏ ။ ငယ်ရွယ်သူတို့ကမူ ကန္တာရသားဟု ခေါ်သော အလေ့ကျပေါက်သည့် ဆူးဖြူ ၊ ဘိလပ်ထနောင်း စသော ဆူးပင်များကို ထင်းအဖြစ် ခုတ်ကြရ၏ ။ ထိုကန္တာရပင်များသည် လက်ကောက်ဝတ်ခန့် တုတ်ပြီး ပင်စည်တစ်လျှောက် ဆူးအပြည့်နှင့်ဖြစ်၏ ။ ဆူးဖြူ ၊ ဆူးသည် သေးသော်လည်း ဘိလပ်ထနောင်းဆူးမှာ သံချောင်းခန့် တုတ်သည် ။ သတိထား ခုတ်သော်လည်း လက်ကို ဆူးမထိသောနေ့ ဟူ၍ မရှိချေ ။
စံအေး ကန္တာရဆူး စူးသောကြောင့် ဆက်မခုတ်နိုင် ။ တိုးရီ နှင့် နိုင်အေး တို့က ကူ ခုတ်ပေးရ၏ ။ သူ၏ ထင်းစည်းကို နိုင်အေး က ဝါးချွန် ထမ်းပိုးဖြင့် ရှေ့နောက်ထမ်း ၍ ကူသယ်လာပြီး ရွာသို့ ပြန်ခဲ့ကြလေသည် ။ စံအေး သည် ညာခြေထောက် ထော့နဲ့ထော့နဲ့ဖြင့် နောက်မှ လိုက်ပါလာလေတော့၏ ။
••••• ••••• •••••
ညနေစောင်းတွင် “ စံအေး ဖျားနေလို့ ” ဟု တိုးရီ လာခေါ်သဖြင့် နိုင်အေး သည် စံအေးတို့ အိမ်ရှိရာ ရွာအရှေ့တောင်ချောင်သို့ လိုက်လာခဲ့၏ ။ စံအေး သည် နွေခေါင် ခေါင်မှာပင် ခေါက်ချိုးစောင်ပိုင်းလေး ခြုံရင်း ‘ တဟင်းဟင်း ’ ညည်းနေ၏ ။ စံအေး မိခင် မနက်လှ က -
“ နိုင်အေး ၊ မင်းတို့ မနက် ထင်းခုတ်က အပြန် ၊ ရွာထိပ်က ညောင်ပင်ကြီးအောက်မှာ စံအေး သေးပေါက်ခဲ့တယ်ဆို ”
“ အင်း ... အဲဒါ သူက နောက်က လိုက်လာသာဆိုတော့ ကျုပ်လည်း သတိမထားမိပေါင် ”
“ သတိမထားမိဘူး မလုပ်နဲ့ ၊ အခု စံအေး ကိုယ်တွေ ချစ်ချစ်တောက် ပူနေလို့ ဦးကံကောင်း ဆီ ဗေဒင်သွားမေးသာ ရုက္ခစိုး ဖမ်းစားလိုက်သာလို့ ပြောတယ် ။ အခု ညောင်ပင်သွားပြီး ရုက္ခစိုးနတ် သွားတင်မလို့ ၊ နင်တို့ လိုက်ခဲ့ကြစမ်း ” ဟု အဖော် ခေါ်သဖြင့် တိုးရီ က ထန်း လျက်ခဲနှင့် ထမင်းဖြူ ပန်းကန်ကို ကိုင်လိုက်၏ ။ နိုင် အေးက ဝါးကပ်ချပ်နှင့် ဝါးလုံးတိုကို ကူ၍ သယ်ပေးသည် ။ မနက်လှ က ရေဖန်ခွက်နှင့် နွယ်သာကီပန်း အနည်းငယ် ထိုးထားသော ညောင်ရေအိုးဗန်းကို ရွက်လာ၍ ခွေးတစ်ဟောင်ခန့် ဝေး သော ရွာထိပ်ညောင်ပင်သို့ သုံးဦးသား ထွက်ခဲ့ကြသည် ။ ညောင်ပင်အောက် ရောက်လျှင် မနက်လှ က ထန်းစစ် တံမြက်စည်းဖြင့် ညောင်ပင်ခြေရင်းကို လှည်းကျင်းလိုက်၏ ။ နိုင်အေး ဝါးတိုင်ငုတ်စိုက်လိုက်ပြီး ပါလာသော ဝါးကပ်ချပ်ကို လေးစိတ်ကွဲဝါးတိုင်ထိပ်၌ အံကျ စွပ်ပြီး တင်ပေးလိုက်သည် ။ ထို ဝါးကပ်ချပ်လေးပေါ်သို့ မနက်လှ က ပါလာသော ထမင်းပန်းကန် ၊ ထန်းလျက်ခဲ ၊ ဖန်ခွက်နှင့် ညောင်ရေအိုး တို့ကို စီ၍ တင်လိုက်၏ ။ ပြီးသော် ဖယောင်းတိုင်နှင့် အမွှေးတိုင်တို့ကို ထွန်းညှိပြီး ညောင်ပင်ကို ဝတ်ပြုလေတော့၏ ။
“ အရှင်ရုက္ခစိုးနတ်မင်း တော့် ၊ အမိုက်အမဲလေးတွေကို ဗွေမယူပါနဲ့တော့် ၊ ဤပွဲတော်စာ ၊ သောက်တော်ရေ ၊ ပန်းဆီမီး ၊ အမွှေးနံ့သာတို့ကို သုံးဆောင်ခံယူတော်မူပါတော့ ။ အင်္ဂါသား မောင်စံအေး မိမွေးတိုင်း ၊ ဖမွေးတိုင်း ကျန်းမာ ချမ်းသာပါ ရစေတော့် ” ဟု သူတတ်သမျှနှင့် တတော့်တည်း တော့်ကာ ရုက္ခစိုးနတ်မင်းကို တိုင်တည်နေလေ၏ ။ တိုးရီ နှင့် နိုင်အေး တို့က မနက်လှ လုပ်နေသမျှကို စိတ်ဝင်တစားကြည့်နေကြလေ၏ ။ ကိစ္စပြီးလျှင် သူတို့သည် ရုက္ခစိုး တင်ထားသော ထန်းလျက်ခဲတို့ကို စွန့်၍ စားလိုက်ကြသည် ။ ဖန်ခွက်ထဲမှ ရေကိုလည်း မျှ၍ သောက်လိုက်ကြသေး၏ ။ သူတို့သုံးဦး အိမ်ပြန်ရောက်ချိန်တွင် စံအေး သည် အနာရှိန်တက်သဖြင့် အိပ်ပျော်နေလေ၏ ။
••••• ••••• •••••
နောက်ရက်များတွင်လည်း စံအေး ကိုယ်ပူတက်၍ အဖျားကြီးနေသောကြောင့် ထင်းခုတ်မလိုက်နိုင် ။ တိုးရီ နှင့် နိုင်အေး သည် ထင်းခုတ် အပြန် သူငယ်ချင်းထံ အခြေ အနေ သွားကြည့်ရန် တိုင်ပင် ထား၏ ။ အိမ်ပြန်ရောက်လျှင် ထင်းစည်းကို ပစ်ချ၍ စံအေး တို့ အိမ်သို့ ထွက်ခဲ့ကြသည် ။
စံအေးသည် အိပ်ရာထက်မှ ယဲ့ယဲ့ကလေး ပြုံးပြလိုက်သည် ။
“ နင်တို့က အမေ့ကို မေ့ထားသာကိုးဟဲ့ ၊ အမေက နင်တို့ သားကို လုပ်ထားတဲ့ ရွာ သူကို ဟောဒီ ထဘီနဲ့ ယမ်းပစ် လိုက်မယ်ဟဲ့ ”
အမေဂျမ်း ဝင်ပူးနေသော နတ်ကတော် ဒေါ်ငွေတင်၏ အယုတ္တ အနတ္တ အသံ တို့ကို လူမမြင်ရမီကပင် ကြားလိုက်ရလေ၏ ။ စံအေး သည် အိမ်ခေါင်းရင်း၌ စောင်ကိုခေါင်းမြီးခြုံ၍ “ တဟီးဟီး ” ညည်းညူနေရှာလေသည် ။ သူ၏ ခြေရင်းတွင် အမဲအူစုံ အသည်းစုံ ချက်ပြီး ထည့်ထားသော စတီးဇလုံလေးလုံးကို တွေ့ရ၏ ။ ဇလုံတစ်လုံးစီ၏ ဘေး၌ မီးညှိထားသော ပြောင်းဖူးဖက်ဆေးလိပ်လေးလိပ်ကို ကပ်၍ ချထားသည် ။ ရေထည့်ထားသော နှီးခွက်လေးလုံးလည်း ရှိ၏ ။ အမဲအူချက်ရနံ့သည် အငွေ့တထောင်းထောင်းဖြင့် သူတို့ နှာခေါင်းအတွင်း ပျံ့လွင့်လာသည် ။ နှစ်ဦးသား တံတွေးကိုသာ မျိုချနေကြရလေ၏ ။ မျက်လုံးများကလည်း နနွင်းရောင်ထိန်နေသော အမဲအူချက်ခွက်ကိုသာ တရစ်ဝဲဝဲရှိနေ၏ ။
စံအေးကို ရွာသူက ပြုစားထားသည် ၊ မိဆိုင်ဖဆိုင်ကို မေ့လျော့ထား၍ အမေဂျမ်းက မစောင့်ရှောက်ဘဲ ဒဏ်ခတ်ထားသည် ။ အမဲအူချက်ဖြင့် စားတော်တိုက်မှသာ စံအေးကို ရွာသူ အန္တရာယ်မှ လွတ်မြောက်အောင် ကယ်မ, မည်ဟု နတ်ကတော် မငွေတင် က အဟော ထွက်သောကြောင့် ဖခင်ဖြစ်သူ ကိုထွန်းရှင် က မနက် မလင်းမီကပင် လေးငါးမိုင် ဝေးသော အမဲပေါ်သည့် သစ်ပုလွေကုန်းရွာ ပြေးကာ အမဲအူစုံ ဝယ်လာပြီး ဆားနနွင်း ၊ ငါးပိတို့ဖြင့် နယ်ကာ ချက်ထားခြင်းဖြစ်သည် ။ သူတို့ ရွာတွင် တော်ရုံလူဆိုလျှင် အမဲဝက် ဝယ်မစားနိုင် ၊ ဟင်းရွက်ပြုတ် ၊ ငရုတ်သီးနှင့် ငါးပိဖုတ် ရှိလျှင် ဟင်းကိစ္စ ပြီး၏ ။ လက်လုပ်လက်စား အိမ်ထောင်စုများအနေဖြင့် ကောက်ဆန်ထမင်းကိုပင် အိမ်တိုင်းစေ့ မစားနိုင် ။ ပဲနီ နှင့် ပြောင်းဖူးစေ့ ရောပြုတ် ပြီး စားကြရရှာ၏ ။ ယခုလည်း အနောက်ကတော်တင်ရန် အတွက်မို့ ရှိစုမဲ့စု ငွေလေး နှင့် ဝယ်ချက်ထားရခြင်း ဖြစ်လေသည် ။ ရွာဘုရားပွဲရှိသော နေ့မျိုးမှသာ ဟင်းလျာ ကောင်းစားနိုင်ကြ၏ ။
မငွေတင်က ပြောင်းဖူးဖက်ဆေးလိပ်ကို အခိုးထွက်အောင် ဖွာရှိုက်ရင်း “ ဟင် နင်တို့က ဘယ်ဆရာ အားကိုးလို့ ငါ့ကို မေ့ထားသတုံးဟဲ့ ၊ နင် တို့ မေ့လည်း အမေက စောင့်ရှောက်ရမယ့်တာဝန် ရှိသဟဲ့ ။ နင်တို့ သားကို လုပ်ထားတဲ့ အဲဒီ သောက်ကောင်မကို ပေါင်နှစ်ချောင်း ဆွဲဖြဲပစ် လိုက်မယ်ဟဲ့ ။ အမေ့ဥစ္စာနဲ့ ပွတ်လိုက်မယ်ဟဲ့ ” ဟု ကိုယ်ကို ယိမ်းထိုးကာ အသံတုန်တုန်ဖြင့် တိုင်းထွာပြီး ဆဲဆိုနေလေ၏ ။ ပြီးလျှင် အမဲအူချက်ကို ဇွန်းဖြင့်ကော်၍ ရှူးခနဲ သောက်လိုက်ပြန်၏ ။ တိုးရီ နှင့် နိုင်အေးသည် နတ်က,ရာ ကျီးမော ဆိုသလို မငွေတင် ဟောလိုက် ပြောလိုက် ၊ ဆဲလိုက်ဆိုလိုက် ၊ သောက်လိုက် စားလိုက်လုပ်နေသည်ကို သွားရည်တများများဖြင့် မျှော်နေကြလေ၏ ။ အမေဂျမ်းသည် အမဲအူ ချက် လေးဇလုံနှင့် ပြောင်းဖူးဖက် လေးလိပ်လုံး ကုန်အောင် သောက်စားပြီးမှ ဝါးခနဲ သမ်း၍ ထွက်သွားလေတော့၏ ။ ကိုထွန်းရှင် နှင့် မနက်လှ တို့သည်လည်း စံအေးအတွက် စိတ်လက်ပေါ့ပါးသွားလေ၏ ။ မငွေတင် လည်း အမေဂျမ်း ထဘီဖိုး ၊ ဆေးလိပ်ဖိုး တင်ထားသော ငွေတစ်ထောင်ကို လိပ်၍ ဘော်လီအင်္ကျီ ချွေးခံအိတ်ထဲ ထိုးထည့်ကာ ပြန်သွားလေ၏ ။ နိုင်အေး နှင့် တိုးရီ တို့ သည်လည်း မငွေတင် နှင့် ရှေ့ဆင့်နောက်ဆင့်ပင် အတွေး ကိုယ်စီနှင့် ပြန်ခဲ့ကြလေတော့ ၏ ။ အမဲအူချက်နံ့သည် သူတို့ နှာဝတွင် ရစ်ဝဲ၍ ပျံလွင့်နေဆဲ ပင်တည်း ။
••••• ••••• •••••
တစ်ပတ်ခန့် ကြာပြီး တစ်ညနေ၌ ကိုထွန်းရှင် သည် နိုင်အေး ၏ အဘိုး ဦးကြာလှိုင် ထံသို့ အရေးတကြီး ရောက်လာလေသည် ။
“ ဘကြာ စံအေးတော့ မသက်သာဘူးဗျာ ၊ စကား မေးတောင် မရတော့ဘူး ။ အဲသာ ခေါပန်းတောင်း ပစ်ရမှာလား ၊ တစ္ဆေစာ ကျွေးရမှာလား ၊ တွက်ချက်ပေးပါဦးဗျာ ”
နိုင်အေးတို့ မြေးအဘိုးသည် ရွာအနောက်မြောက်ထောင့် စည်းရိုးစပ်တွင် နေကြ၏ ။ နိုင်အေး၏ မိဘနှစ်ဦးလုံး ကွယ်လွန်ခဲ့သောကြောင့် မြေးအဘိုးနှစ်ယောက်တည်း ထန်းလက်တဲလေးဖြင့် နေကြရသည် ။ သင်္ချိုင်းနား နီးသဖြင့် နေချင်သူ မရှိသောမြေကွက်ကို တဲထိုးနေရသည် ။ ဦးကြာလှိုင် က ထွာဆိုင်ခန့် တုတ်သော ရှားပင် ၊ ထနောင်းပင်တို့ကို ရှာ၍ ခုတ်ပြီး အိမ်ရောက်လျှင် တူ ၊ ဆောက်တို့ဖြင့် ထွင်းကာ ထွန်တုံး ၊ ထမ်းပိုး တုံး လုပ်ရ၏ ။ ဓားမ ဖြင့် ထွန်သွားခုတ်ရ၏ ။ နိုင်အေး က ကန္တာရဆူးသား ထင်းခုတ်ရ၏ ။ ပေါက်ရွှေပေါင်လောင်ပွဲ ၊ ရေမျက်ဂေါတမပွဲ ၊ ပခုက္ကူ သီဟိုဠ်ရှင်ပွဲ နီးလျှင် မြို့ပေါ်မှ ထွန်တုံး ၊ ထွန်တံသမားများက ရွာအထိ ဆင်းဝယ်ကြ၏ ။ ထိုအချိန်မှသာ ငွေကိုင်ရ၏ ။ ကောက်ဆန်ထမင်း စားကြရ ၏ ။ ကျန်အချိန်များတွင် ပဲနီ နှင့် ပြောင်းဖူးစေ့ကို ရောပြုတ်ကာ ထမင်းအဖြစ် ဟင်းမပါဘဲ စားကြရသည် ။ ဦးကြာလှိုင်သည် မုတ်ဆိတ်ကျင်စွယ် ရှည်ပြီး အသား မည်းကာ ၊ မျက်လုံး မျက်ဆန် နီသဖြင့် အကြည့်တန်လှ၏ ။ သင်္ချိုင်းအနီး မကြောက်မရွံ့ နေရဲသောကြောင့် ပယောဂ အောက်လမ်းပညာတတ်သည်ဟု ဆိုကြ၏ ။ အရေးကိစ္စကြီးငယ် မရှိလျှင် သူ့ကို မဆက်ဆံရဲကြပေ ။ ကလေးများက ဆိုလျှင် မျက်နှာချင်းပင် မဆိုင်ဝံ့ကြချေ ။
“ အင်း ... အင်္ဂါသား ဆိုတော့ ခန္ဓာပျက်ကိန်းတောင် ရှိသဗျား ။ ပြီးတော့ တောထဲက လန့်လာပုံရတယ် ။ တစ္ဆေနီ ဖမ်းစားခံထားရသာပဲ ။ အဲဒီတော့ မနက်ဖြန် အင်္ဂါနေ့ နေဝင်စ ရွာ့အနောက်သင်္ချိုင်းဇရပ်က ပုန်းမဲစာပင် အောက်ကို သွားပြီး အမဲသားချက်နဲ့ တစ္ဆေစာ ကျွေးရလိမ့်မယ် ။ အမဲသား ငါးဆယ်သား ကိုလည်း ပုန်းမဲစာပင်မှာ ချိတ်ဆွဲပြီး အစိမ်းသရဲစာ ကျွေးခဲ့ရမယ် ”
ကိုထွန်းရှင် သည် ဦးကြာလှိုင် ပြောသမျှ သေသေချာချာ နားထောင်မှတ်သား ၍ ပြန်သွားသည် ။ နိုင်အေး က သူ့ အဘိုး ဟောနေစဉ်က တံတွေးသီးနေလေပြီ ။ ရွာစည်းရိုးကို ကျော်၍ ကြည့်လိုက်သောအခါ မှောင်မည်းတိတ်ဆိတ်နေသော သင်္ချိုင်းကို ကြက်သီးထ,စဖွယ် တွေ့ လိုက်ရ၏ ။ အဝေးတစ်နေရာ မှ တောခွေးတစ်သိုက်၏ ဆွဲဆွဲငင်ငင် အူလိုက်သည့် အသံ ကိုလည်း ရင်ဖိုဖွယ် ကြား လိုက်ရချေသေး၏ ။ “ နောက်ရက် မြန်မြန်ရောက်ပါစေ ” ဟု စိတ်ထဲမှ ဆုတောင်းနေမိလေ၏ ။
••••• ••••• •••••
ကိုထွန်းရှင်သည် သားဇောဖြင့် နံနက်ဝေလီဝေလင်း ကပင် သစ်ပုလွေကုန်းရွာသို့ အမဲဝယ် ထွက်သွားသည် ။ ပြန်ရောက်လျှင် တစ်ဝက်ခွဲ၍ လက်မခန့် တုံးတစ်ပြီး ဆန်ဘူးဝက်ခန့်ဖြင့် မြေအိုးတစ်လုံးတွင် ထည့်ကာ အမဲဆန်မနဲ ကျိုသည် ။ တစ်ဝက်ကို ထန်းလျှော်ဖြင့် တွဲလိုက်၏ ။ နွားရိုင်းသွင်းချိန်တွင် သာဟန် နှင့် ကျင်မောင် တို့ကို ချော့၍ သင်္ချိုင်းသို့ သွားပြီး တစ္ဆေစာ ကျွေးခိုင်းလေသည် ။ သူတို့သည် ကာလသားခေါင်း ဝတ္တရားရှိသဖြင့် ကြောက်ကြောက်နှင့်ပင် ထွက်ခဲ့ကြရ၏ ။ သာဟန် သည် အမဲမနဲအိုး ထည့်ထားသော ခွဲတောင်းကို ပခုံးပေါ် ထမ်း၍ လက် တစ်ဖက်က ယောက်မကို ကိုင်ထား၏ ။ ကျင်မောင် က အမဲသားတွဲကို တစ်ဖက်က ဆွဲ၍ တစ်ဖက်က ဓားမတိုကို ကိုင်ထားသည် ။
လုပ်တိုင်းသို့ ရောက် သော် မှောင်စပျိုးနေပေပြီ ။ ကျင်မောင် က အမဲသားတွဲကို ပုန်းမဲစာပင်တွင် ချိတ်ဆွဲလိုက်၏ ။ မြေပြောင်ပြောင်တွင် ပါလာသော ဓားဦးချွန်ဖြင့် လေးထောင့်အင်းကွက် ရေးခြစ်လိုက်၏ ။ ပြီးလျှင် ပါလာသော အင်ဖက်ခုနစ်ရွက်ကို ဖြန့်ခင်းလိုက်သည် ။ သာဟန် က အိုးထဲမှ အမဲမနဲ ကို ယောက်မဖြင့် ကော်ခပ်ပြီး အင်ဖက်များပေါ်တွင် ခုနစ်ပုံ ပုံလိုက်သည် ။ လူသေများ မြှုပ်နှံထားသော မြေပုံများရှိ ရာဘက် လှည့်ကာ -
“ အင်္ဂါသား မောင်စံအေးကို ဖမ်းစားထားသော ဤအရပ် ၊ ဤဒေသရှိ အစိမ်း သရဲတို့ဗျား ၊ မောင်စံအေး ကိုယ်စား ကျွန်ုပ်တို့ကျွေးမွေးသော ဤအမဲစိမ်းတွဲနှင့် အမဲ ထမနဲ ကို လာရောက်သုံး ဆောင်တော်မူပါ ။ ဧဟိ ဧဟိ ဘုဇ္ဇာဟိပါဗျား ၊ အင်္ဂါသား မောင်စံအေးအသား ခါးပါတယ် ၊ အမဲစိမ်းသား ချိုပါတယ် ၊ မောင်စံအေး အသက် လွှတ်ပေးပါ ” ဟု ခွဲတောင်းဖင် ကို ယောက်မဖြင့် တဖုန်းဖုန်း ရိုက်၍ တစ္ဆေသရဲ ခေါ်ကာ အစာကျွေးလေ၏ ။ မည်သည့် အစိမ်းသရဲတစ်ကောင် တစ်မြီးမှ ထွက်ပေါ်မလာချေ ။ သုသာန်သည် တိတ်ဆိတ်ခြင်းဖြင့် သူတို့၏ စိတ်ကို ချောက်ချားခြင်းဖြစ်ပေါ်စေ၏ ။ ထို့နောက် သူတို့နှစ်ယောက်သည် ဘေးဘီကို အကဲခတ်၍ မြေကြီးပေါ်တွင် မျက်နှာချင်းဆိုင် ဖင်ချထိုင်ပြီး ဖက်ပေါ်မှ အမဲထမနဲကို ကုန်း၍ အားပါးတရ ခေါင်းမဖော်တမ်း စားလိုက်ကြ၏ ။ ကုန်သောအခါ အိုးကို တောင်းထဲ ကပျာကယာ ထည့်၍ နောက်လှည့်မကြည့်ဘဲ ရွာဆီသို့ သုတ်ခြေတင်ခဲ့ကြလေတော့၏ ။
ရွာအဝင်တွင် “ ဖတ်ဖီ ဖတ်ဖီ ” ဟု နောက်ပြန်တံတွေး ထွေးလိုက်ကြ၏ ။ အိမ်ပေါက် ဝ,သို့ ရောက်သောအခါ နှစ်ယောက်လုံးက “ အင်္ဂါသားမောင်စံအေး လွတ်ပြီလား ၊ ကျွတ်ပြီလား ” ဟု ပြိုင်တူအော်မေးလိုက်သည် ။ အိမ်ပေါ်မှ နေ၍ ကိုထွန်းရှင်က “ အင်္ဂါသားမောင်စံအေး လွတ်ပြီ ၊ ကျွတ်ပြီ ” ဟု ပြန်ဟစ်အော်လိုက်လေသည် ။ သူတို့ပင် အိမ်ပေါ် မရောက်တတ်သေး ။ “ အမယ်လေး လူကလေး စံအေးရဲ့ အဖြစ်ဆိုးလှချည်လားဟဲ့ ” ဟူသော မနက်လှ ၏ ခပ်အုပ်အုပ် အော်ဟစ်ငိုလိုက်သံကို တုန်လှုပ်ဖွယ် နားဆင်လိုက်ရ ပေတော့သတည်း ။
••••• ••••• •••••
သာဟန် နှင့် ကျင်မောင် ပြန်သွား၍ ရွာဝင်ပေါက် ရောက်သည့် အချိန်လောက်၌ ဦးကြာလှိုင် သည် ဆူးစည်းရိုး အောက်ခြေ မလွယ်ပေါက် ( ခွေးတိုးပေါက် ) ကို ဆူးရင်း ခွဖြင့် ကလော်၍ ဆို့ထား သော ဆူးခက်အချို့ကို ဖယ်လိုက်သည် ။ မလွယ်ပေါက် အောက်မှ လေးဖက်ထောက်၍ တိုးဝင်လိုက်ပြီး ရွာပြင်သို့ ထွက်လိုက်၏ ။ နိုင်အေးသည် လည်း သူ့အဘိုးနောက်မှ လေးဖက်ထောက် ထွက်လိုက်သည် ။ အင်းချ၍ တစ္ဆေစာကျွေးထားသည့် နေရာတွင်တော့ ဖက်ရွက်ချည်းသာ ကျန်လေ၏ ။ နိုင်အေး က ဖက်များကို တစ်ရွက်ချင်းကောက်၍ အကပ်အသပ်ကို လက်ဖြင့်ကော်ပြီး လျက်နေလေ၏ ။
“ ဟကောင်လေး ငတ်မနေနဲ့ ၊ လာ အမဲသားတွဲရှိသေးတယ် ။ အိမ်ရောက်မှ ချက်စားရအောင် ” ဟု ဦးကြာလှိုင်က ပုန်းမဲစာပင်တွင် ချိတ်ဆွဲထားသော အမဲသားတွဲကို ဆွဲယူ၍ ရွာထဲသို့ လာလမ်း အတိုင်း ဆူးစည်းရိုးကို ငုံ့ဝင် သွားသည် ။ နိုင်အေး သည် ကပျာကယာ ပြေးလိုက်ပြီး လေးဖက်တွား၍ ဆူးတာ ပေါက်မှ ငုံ့ဝင်လိုက်၏ ။ ရွာ အတွင်းရောက်လျှင် ဖယ်ထားသော ဆူးခက်များကို ဆူးရင်းခွဖြင့် ကော်ပြီး မလွယ်ပေါက်ကို ပြန်ဆို့လိုက်သည် ။ နောက်လှည့်၍ တဲအိမ်ဆီသို့ အပြေးတွင် ညာခြေဖဝါး အောက်မှ ပူခနဲဖြစ်သွား၏ ။
“ အောင်မလေး သေပါပြီဗျ ”
ဟု အော်ဟစ်ကာ သူ့ခြေဖဝါးတွင် စူးဝင်နေသော ကန္တာရဆူးကို ဆွဲနုတ်လိုက်လေ၏ ။ ထို့နောက် သွေးထွက်နေသော သူ၏ခြေဖဝါးကို ဖုန်သိပ်၍ ကားတာရာ ဖိနပ်ဖြင့် တဖျပ်ဖျပ် ရိုက်နေလေတော့သတည်း ။
▢ သာလွန်ကျော်
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
စက်တင်ဘာ ၊ ၂၀၁၅

No comments:
Post a Comment