Friday, November 14, 2025

ကြိုးဆွေးဆွေး တစ်ချောင်း

 

❝ ကြိုးဆွေးဆွေး တစ်ချောင်း ❞
         ( ဆွေဦးမြင့် )

သူ
          ကျွန်တော့် အသက်အရွယ်နဲ့ ကျွန်တော့် အပြုအမူဟာ ရယ်စရာများ ကောင်းနေမလား ။ ကျွန်တော့် ရုပ်ရည်နဲ့ ကျွန်တော့် ဆန္ဒဟာ ကဲ့ရဲ့စရာများ ဖြစ်နေမလား မသိဘူးဗျာ ။ ဒါပေမဲ့ ရယ်စရာ ၊ ကဲ့ရဲ့စရာ အဖြစ်ကို စိုးရွံ့တဲ့ ရှက်စိတ်ထက် မြတ်နိုးမျှော်လင့်မိတဲ့ အချစ်စိတ်က ပိုမိုနေတာမို့ ဒီစာကို ပေးလိုက်မိပါတယ် ။

......................................

...................................... ။

အကြိမ်ပေါင်းများ စွာမက ပြန်ဖတ်ပြီး ရှေ့ကနည်းတူ ဒီစာလေးကိုလည်း ဆုတ်ဖြဲလိုက်မိပြန်ပါတယ် ။ စကားလုံး ၊ အရေးအသားတွေကို မကြိုက် ။ ထို့ထက် ဒီလို ရင်ဖွင့် စာပေးခြင်းမျိုးကို မိမိ အသက်အရွယ်နဲ့ နှိုင်းစာပြီး မနှစ်မြို့ချင်တော့ ။ အို ... ပြောရရင် စာပေးခြင်းမှ မဟုတ်ပါဘူး ၊ ဘယ်လိုနည်းနဲ့ မှ ရင်မဖွင့်ချင်တာပါလေ ။ ဖြစ်နိုင်လျှင် မျက်ဝန်း အကြည့်တို့ ဖြင့်ပင် ချစ်ရိပ်ငွေ့ကို မပြချင်တော့ ။ မပြရဲ ၊ မပြရက်တာ ဆိုရင် ပိုမှန်ပါလိမ့်မယ် ။ ထို့ထက် ပိုပြီးဖြစ်နိုင်ရင် ရင်ထဲ အချစ်မေတ္တာ မဲ့နေချင်တယ် ။ ဖြူဖြူစင်စင် ဗလာသက်သက် အချစ် မဲ့ရင် ဖြစ်ချင်တယ် ။ အို ... ဒီလိုတော့လည်း ဖြစ်နိုင်မယ် မထင်ပါဘူးလေ ။ တမင်တားဆီး ဖျောက်ဖျက်ပစ်တယ် ဆိုတာ ကိုယ့်ကိုယ်ကိုယ် လိမ်ညာတာ ၊ မညှာတာတာပဲပေါ့ ။ လိမ်ညာ ၊ မညှာတာခြင်း တို့ကို ကျွန် တော် မကြိုက် ။

ပြီးတော့လည်းလေ အချစ်ဆိုတာ တမင် ပြုလုပ်ဖန်တီးပြီး ဖြစ်လာတာမှ မဟုတ်ဘဲ ။ သူ့အလိုလို ရင်ထဲ ရောက်လာတာ ။ အလိုလို ဖြစ်လာတဲ့ အရာကို တမင် တားဆီးဖျက်ပစ် စရာ မလိုပါဘူးကွယ် ။ ဖွင့်မပြောရဲ ၊ မပြောရက်ရင်တောင် စိတ်ကူးအတွေးလေးနဲ့ တစ်ယောက်တည်း ကျေနပ်စွာ ချစ်နေရုံပဲပေါ့ ။

လေတိုက်ပြီး လွင့်ပြန့်ကြဲသွားတဲ့ စာရွက်ပိုင်းစနလေးတွေနဲ့ အတူ ဖွင့်ပြောလိုစိတ် ဆန္ဒတွေ ကပ်ငြိပါသွားပေမဲ့ အချစ်ကတော့ ရင်ထဲမှာ မြဲမြံစွာ တည်ရှိနေဆဲပါပဲကွယ် ။

၂၉ နှစ် ဆိုတဲ့ အသက်ဟာ မကြီးသေးပါဘူးတဲ့ ။ ပြီးတော့လည်း နာတာရှည်ရောဂါရယ် ၊ ရောဂါကြောင့် နေ့စဉ် ဆေးပြားတွေကိုသောက်လို့ ဖြစ်လာရတဲ့ ဖောပွပွညိုညစ်ညစ်မျက်နှာနဲ့ အသားအရောင်တွေကလည်း အားငယ်ဝမ်းနည်းစရာ မဟုတ်ပါဘူးတဲ့ ။ အရေးမကြီးပါဘူးတဲ့ ။ မိတ်ဆွေတချို့နဲ့ ညီဝမ်းကွဲတွေက အဖော်ရှာသင့်ပြီ ဆိုပြီး အားပေးတိုက် တွန်းကြတယ် ။

“ အားငယ်တာတော့ မဟုတ်ပါဘူး ၊ စိတ်မဝင်စားတာပါ ။ ဘယ်သူ့ကိုမှလည်း မချစ်မိသေးဘူးလေ ”

ဟိုအရင်ကတော့ တကယ်လည်း ဟုတ်နေလို့ ဒီအတိုင်းပဲ ပြန်ပြောခဲ့မိတယ် ။ အခုတော့လေ သူ့ကို ချစ်မိပြီ ဆိုတော့ ရင်ထဲမှာ မထားတတ်သူ ၊ မလျှို့ဝှက်တတ်သူ ( သဘောလွယ်သူလို့ လည်း ပြင်းထန်စွာ ဝေဖန်လို့ရပါတယ် ) မို့လည်း ရင်းနှီးတဲ့ မိတ်ဆွေ တချို့ကို စွန်းစ ဖွင့်ဟမိခဲ့တယ် ။ ပြောခဲ့သမျှ မိတ်ဆွေအားလုံးက သူ့ကို အကဲခတ်ပြီး စိတ်ပါလက်ပါ အမှတ်ပေးကြတာချည်းပါပဲ ။ သူတို့ တတ်နိုင်သမျှ အကူအညီပေးကြဖို့လည်း အသင့်လေ ။

ဖွင့်မပြောရဲဘူး ဆိုတာ သူတို့ သိကြပေမဲ့ စိုးရွံ့လို့ ၊ ရှက်လို့ထက် ညှာတာလို့  ၊ စာနာလို့ ဖွင့်မပြောရဲခြင်း ဆိုတာတော့ သူတို့ မသိကြဘူးလေ ။ စိုးရွံ့လို့ ၊ ရှက်လို့ မျိုသိပ်ထားရခြင်းမျိုးဟာ အခွင့်အရေး ပေးလာရင် ၊ ညွတ်လာရင် ဖွင့်ပြောရမှာ ဖြစ်ပေမဲ့ ညှာတာလို့ ၊ စာနာလို့ မျိုသိပ် ထားရခြင်းမျိုးဟာ အခွင့်အလမ်းရလာ ၊ ချစ်ကြင်နာစွာ ညွတ်လာတာနဲ့ အမျှ ကြေကွဲဝမ်းနည်းစွာ ၊ ခက်ခဲမွန်းကျပ်စွာ ပိုပြီး မျိုသိပ် ဖုံးဖိထားရတယ် ဆိုတာ တဖြည်းဖြည်း သိလာ ၊ သိလာခဲ့ရပြီလေ ။

ကြေကွဲဝမ်းနည်းရတယ် ခင်ထား ရယ် ။

မနက်မိုးလင်းတာနဲ့ အိမ်ရှေ့မျက်နှာချင်းဆိုင်မှာ တစ်နေ့တာလုပ်ငန်း စတင်လှုပ်ရှားစပြုနေတဲ့ ခင်ထား ရုပ်ပုံလွှာတွေကို တွေ့ရမယ် ။ အလုပ်သမားဖခင်ရဲ့ ဇင်ပြာအင်္ကျီ ကြီးကို ဝတ်ထားတဲ့ ခင်ထား ။ တစ်ယောက်ယောက်နဲ့ အတူ ကြံရည်ကြိတ်စက်ကြီးကို ဝါးလုံးလျှို ၊ ပခုံးပေါ် ထမ်းတင်ပြီး အတွင်းမှ အပြင် မျက်နှာစာဘက် သယ်ရွှေ့လာမယ် ။ ဆိုင်နေရာမြေ တစ်ဝိုက် ရေဖျန်း ၊ တံမြက်စည်းလှည်း ကျင်းပြင်ဆင်မယ် ။ ပြီးရင် စားပွဲ တွေ ၊ ခုံတွေ ခင်းကျင်းပြင်ဆင်မယ် ။ ပြီးရင် ကြံခြစ်နဲ့ ကြံချောင်းအခွံတွေကို သုတ်သင်မယ် ။ ဓားမ တစ်ချောင်းနဲ့ အနေတော် ဖြတ်တောက်မယ် ။ ခဏအကြာမှာ ကြိတ်စက်ရဲ့ လှည်းဘီးမှာ တပ်ဆင်ထားတဲ့ ခြူသံလွင်လွင်လေးကို တေးတစ်ပုဒ်သဖွယ် ကြားရမယ် ။ ခြူသံနဲ့ ဆန့်ကျင်စွာ ရွှင်မြူးတေးတစ်ပုဒ် မဟုတ်ဘဲ ကျွန်တော့် အတွက်တော့ ဆွေးမြည့်ကြေကွဲ တေးတစ်ပုဒ်ပါပဲလေ ။

မိန်းမသားတစ်ယောက်နဲ့ ( အထူးသဖြင့် သူ့လို လှပနူးညံ့လွန်းနေတဲ့ ) မဆီလျော်စွာ ကြိတ်စက်ကို အားစိုက် လှည့်နေပုံ ၊ နုနယ်ချစ်စဖွယ် မျက် နှာလေးမှာ ( တလိမ့်တုံးနှစ်ခုနဲ့ အပြိုင် ရုန်းကန်အံခဲနေတဲ့ ) တင်းတင်းစေ့ နှုတ်ခမ်းလေးနှစ်လွှာပုံ ၊ ဆံစပ်နဖူးပြင်တစ် ဝိုက်မှာ ( နံနက်ခင်းနှင့် မဆီလျော်စွာ ) ချွေးကလေးတွေ စို့လာပုံ ၊ အရည်ခန်းကြံဖတ်တွေ ကို အမှိုက်ပုံးထဲ ထည့်အပြီး သက်ပြင်းမောလေး မှုတ်ထုတ်လိုက်တဲ့ လေငွေ့ကြောင့် ဝဲကျဆံစလေးတွေ ကပိုကရို လှုပ်ခတ်သွားပုံ ၊ ဇင်ပြာ အင်္ကျီဝတ် ညာလက်ဖျံနဲ့ နဖူးပြင်က ချွေးစို့လေးတွေကို အလျင်အမြန် သုတ်ရင်း တစ်ပါတည်း ဝေ့ဝဲကျဆံမျှင်လေး တွေကိုပါ သပ်တင်လိုက်ပုံ ၊ ဖန်ခွက်ထဲ ရေအနေတော် ထည့်ရင်း “ ရမယ် ၊ ရပါမယ်ရှင် ” လို့ ထိုင်နေ သူတွေဘက် လှမ်းပြော ၊ ကြိတ်စက် မြောင်းအောက် ကြံရည်ခံ ဒန်အိုးလေးကို ယူ ၊ ဖန်ခွက် တစ်ခွက်စီထဲ လောင်းထည့် ၊ စားပွဲတွေဆီ လိုက်လံ ချပေး စတဲ့ အလျဉ်မပြတ် ထောင့်စေ့စွာ လှုပ်ရှားနေပုံ ၊ လူရှင်းချိန်များမှာ ကြံချောင်းတွေ အခွံထပ်ခြစ် ၊ ဖြတ်တောက်ရင်း ထိုင် နားနေပုံ စတဲ့ စတဲ့ ကြေကွဲတိတ်ဆိတ်စွာ ၊ မြတ်နိုးစွာ ၊ မကြည့်ရဲစွာ မြင် နေခဲ့ရတဲ့ ရုပ်ပုံလွှာလေးတွေကို နေ့ပေါင်းများစွာနဲ့ အတူ ရင်ဆိုင်နေရဦးမှာပါပဲလေ ။

သိင်္ဂါရ ၊ ကရုဏာရသ ဆောင်တဲ့ အားမာန်ဖွဲ့ ကဗျာလေး တစ်ပုဒ်လို ဦးတည်ချက်မဲ့စွာ တွေးနေမိဦးမှာပါပဲလေ ။ ညနေခင်း ရောက်လို့ ဆိုင်ပိတ်ပြီး မပြန်ခင် အချိန်အထိ အခန်းကျဉ်းကလေးထဲ နှစ်မြှုပ်ရင်း မနေတတ် မထိုင်တတ်စွာ( စာရေး ၊ စာဖတ်ခြင်းမှ အပ ) အဓိပ္ပာယ်မဲ့ ကုန်ဆုံး လွင့်ပြယ်နေဦးမှာပါပဲလေ ။

ယောက်ျားတစ်ယောက်လို အရပ်ရှည်ပေမဲ့ ညင်သာ လှုပ်ရှားပုံတွေကြောင့် သိမ်မွေ့နေသူ ။ သန်မာ တောင့်တင်းပေမဲ့ နုနယ် မျက်နှာ ၊ ချိုသာ စကားတွေကြောင့် ချစ်စဖွယ် ယဉ်လွန်းနေသူ ။ နွဲ့လျ သော်လည်း မပျော့မပျောင်းသူ ။ ကြံ့ခိုင်သော်လည်း ခက်မာမှုမဲ့သူ ။ ဒီလို ဆန့်ကျင်ဘက်တို့ ပေါင်းစည်းနေခြင်းဖြင့် ထူးခြားစွာ လှနေသော ပန်းလေးတစ်ပွင့်ကို ဟို လွန်ခဲ့တဲ့ ငါးလ ၊ ခြောက်လ ကတည်းက မြတ်နိုးတွယ်တာငြိ နေခဲ့မိတယ် ။

သည်တုန်းက သူဟာ သိပ်မစုံလင် ၊ မခမ်းနားလှတဲ့ အထည်ဆိုင်လေးတစ်ခုမှာ ၊ ရုံးအသွား အပြန် ပိတ်ရက်များတွင် လက်ဖက်ရည်ဆိုင် အသွားအပြန် သူ့ကို မြင်တွေ့ နေမိခဲ့တယ် ။ ဈေးသည်နဲ့ မတူတဲ့ သိမ်မွေ့ အေးဆေးမှု ၊ သာမန် အိမ်တွင်းပုန်း မိန်းကလေးတွေနဲ့ မတူတဲ့ ကြိုးစားရုန်းကန်မှု ၊ သင့်တင့်တဲ့ ဣန္ဒြေ အရှက်အကြောက်တို့ နဲ့ ဘဝကို တည်ဆောက်နေမှု စတဲ့ အာရုံကို တွယ်ငြိစေခဲ့သော ဆွဲဆောင် အင်အားတချို့က အသည်းကို ကြွေကျသွားစေသည် အထိ စွမ်းဆောင် နိုင်လိမ့်မယ်မှန်း အစက မသိခဲ့ပါဘူးကွယ် ။

သူငယ်ချင်းက နီးစပ်စေချင်လွန်းတဲ့ စေတနာနဲ့ သိပ်မစုံလင်လှတဲ့ သူ့အထည်ဆိုင်ကလေးမှာ ကျွန်တော်နဲ့ အတူ အင်္ကျီ ဝယ်ခဲ့ဖူးတာ သူ မှတ်မိပါ့မလားလေ ။ သူငယ်ချင်းက ကျွန်တော့်ကို ပွဲထုတ်ပြီး အင်္ကျီရွေးခိုင်းတော့ မလုံမလဲရှက်စိတ်နဲ့ သူ ပြသမျှ ခေါင်းညိတ်လို့သာ နေမိခဲ့တာကော ရိပ်မိနေမလားပဲ ။ သူလည်း ရှက်ရွံ့နေတာ လောက်တော့ ကျွန်တော်လည်း ရိပ်မိခဲ့ပါတယ် ။

အင်္ကျီဝယ်ပြီး အပြန် မျက်ခနဲ ဖြစ်သွားတဲ့ အာရုံကြောင့် ရုတ်တရက် သတိရပြီး ကျွန်တော့် ညာခြေထောက်ကို ငုံ့ကြည့်လိုက်မိတဲ့ အချိန်မှာ တော့ စောစောက ကြည်နူးမူးရီ စိတ်ကလေးတွေဟာ ဟိုးဝေးဝေးဆီကို လွင့်ပျံပျောက်ရှကုန်တယ်လေ ။

“ အို ... မဖြစ်သေးပါဘူး ၊ မဖြစ်သေးပါဘူးလေ ”

“ ဘာ ... ဘာ ၊ ဘာဖြစ်လို့ လဲဟင် ”

သူငယ်ချင်းက စိုးရိမ်တကြီး မေးတယ် ။ သူ့မျက်ဝန်းမှာလည်း အားနာမှုတွေနဲ့ပေါ့ ။ မည်သို့မျှ မဖြေဘဲ ခြေထောက်ကိုသာ နှိပ်ကိုင်ထားတဲ့ ကျွန်တော့်ကို ကြည့်ရင်း အလိုလို သိနားလည်သွားတဲ့ သူငယ်ချင်းရဲ့ စကားသံထဲမှာ အားနာဖေးမမှု ၊ မချိတင်ကဲ နောင်တ စကားတွေ ရောယှက် ကပ်ငြိနေမှန်း ဝေဒနာ ခံစားနေရင်းနဲ့ပဲ ကျွန်တော် သိလိုက်ရလို့ ဘာမှ မဖြစ်သလို အားယူ ပြုံးလိုက်ရပြန်တယ် ။

“ အားနာလိုက်တာဗျာ ၊ ကျွန်တော် ခေါ်လာလို့ ခုလိုဖြစ်ရတာပဲ ။ ကိုညိုဇော် ကို ဒုက္ခခေါ်ပေးသလို ဖြစ်နေပြီ ။ လာလာ ကျွန်တော့်ကို အားပြုပြီး ဖြည်းဖြည်းလျှောက်နော် ”

“ အားနာစရာ မလိုပါဘူး သူငယ်ချင်းရယ် ။ တကယ်တော့ ဒီကိစ္စဟာ ကျွန်တော့် အကျိုးအတွက် ခင်ဗျား လာထမ်းပေးတာပဲ ၊ မဟုတ်လား ။ အင်္ကျီစုံလင်တဲ့ အခြားဆိုင် တစ်ဆိုင်မှာ ခင်ဗျား တစ်ယောက်တည်း စိတ်ကြိုက်ရွေးဝယ်ရင် ပိုပြီးတော့တောင် အဆင်ပြေ ကောင်းမွန်မှာ မဟုတ်လား ။ ကျွန်တော့် အတွက် အနာခံ ဆောင်ရွက်ပေးတဲ့ အတွက် ကျေးဇူးတောင် တင်ရဦးမှာပါ ။ ခုဟာက ဒီခြေထောက်ကိုက နုနယ်လွန်း ၊ ခံနိုင်ရည် မရှိလွန်းတာ ”

နှုတ်ဖြင့် ဖွဲ့နွဲ့ မပြောတတ်သူပီပီ ရင်ထဲမှာပဲ သူငယ်ချင်းကို တုံ့ပြန် ဆိုနေမိတယ် ။

“ ဒီလောက်တော့ ခံနိုင်ရည် ရှိရမှာ ပေါ့ဗျာ ။ ကျွန်တော့် ခြေထောက်က လွန်လွန်းအား ကြီးပါတယ် ”

“ ကျွန်တော်လည်း ဆေးဝါး ကောင်းကောင်းလေးတွေ မေးမြန်း ရှာဖွေပေးပါဦးမယ်ဗျာ ။ မြန်မာဆရာနဲ့ လည်း ပြောင်းကုကြည့်ဦးပေါ့ ”

ဒီလိုနဲ့ အချစ်ဆိုတဲ့ အရာဟာ မသိမသာ မှုန်ဝါးပျောက်ကွယ်သွားခဲ့ရ ပြန်တယ်လေ ။ နေ့စဉ် သောက်ဆေးပြားလေးတွေ ၊ လမ်းသိပ်မလျှောက်ပါနဲ့ ဆိုတဲ့ ဆရာဝန်ညွှန်ကြား ချက် ၊ တစ်ဖာလုံ မရှိတရှိ ခရီးကိုပင် လမ်းမလျှောက်နိုင်တဲ့ ခြေထောက် ၊ ဆေးဒဏ်ကြောင့် ဖောအမ်းနေတဲ့ အရေပြားများ ။ ထိုနေရာတွေကြားမှာ အချစ်ဟာ သေးငယ်ပျောက်ကွယ်လွင့်သွားတယ်လေ ။

ပိုစတာမင်းသမီးလေး ဆိုဖီမာဆီးယူ သရုပ်ဆောင် ပါဝင်တာကြောင့် ရှင်ပြန် ထမြောက်ခြင်း ဆိုတဲ့ ဇာတ်ကား ကျွန်တော်တို့ မြို့ရဲ့ ရုပ်ရှင်ရုံမှာ လာတင်စဉ် သွားကြည့်မိတယ် ။ အပြစ်ကင်းစင်သန့်စင်တဲ့ ဆိုဖီရဲ့ မျက်နှာလေးဟာ ပိုစတာပေါ်မှာ ထက်တောင် ပိုလှနေသေးတယ် ။ ကျွန်တော့် အခန်းမှာ ကပ်ထားတဲ့ ပိုစတာထဲက မင်းသမီးပေါ့လို့ သူငယ်ချင်းကို ပြောပြတော့ သူလည်း သဘောကျ နှစ်ခြိုက်နေတယ်လေ ။

အားလပ်ချိန်ပေးလို့ မီးတွေ လင်းအသွားမှာ ရှေ့တစ်တန်းကျော်က အတွဲတစ်တွဲ ထရပ်လိုက်တာကို ကျွန်တော်ရော ၊ သူငယ်ချင်းပါ မြင်လိုက်ရတယ် ။ သူငယ်ချင်းရဲ့ မျက်နှာမှာ အပြုံးတစ်ခု ဖြတ်ပြေးသွားစဉ် ကျွ န်တော်ကတော့ အနည်းငယ်မျှ စိတ်ဝင်စား သွားရုံပဲကြည့်နေမိပါတယ် ။ အမျိုးသမီးက ရှင်းသန့်ချောမောသလောက် အမျိုးသားက ခပ်နုနုခပ်နွမ်းနွမ်းနဲ့ အရုပ်ဆိုး အကျည်းတန်သူ ။ ပိုပြီး ဆိုးဝါးတာက ခြေတစ်ဖက် ပြတ်နေတဲ့ အတွက်ကြောင့် အားပြုထူမထားရတဲ့ ချိုင်းထောက်ကြီး ။ သူတို့ကတော့ ရယ်ရယ်မောမောနဲ့ ပါပဲ ။ မုန့်ဈေးဆိုင်တွေဘက် ယှဉ်တွဲ လျှောက်သွားကြတယ် ။ ခဏအကြာ ရုပ်ရှင် ပြန်ပြချိန်မှာ ကျွန်တော်တော့ သူတို့ အတွဲကို သတိရပြီး ခဏခဏ လှမ်းကြည့်နေမိ တော့တယ် ။

ရုပ်ရှင် အပြီးမှာ သူငယ်ချင်းက စောစောက အတွဲအကြောင်း ပြန်အစဖော်ပြီး ကျွန်တော့်ကို စိတ်ဓာတ် မကျသင့်ကြောင်း နှိုင်းယှဉ်အားပေးတယ် ။ သူနဲ့ အိမ်နီးချင်းဖြစ်လို့ သူတို့ အကြောင်းကို သိထားကြောင်း ၊ အခုမှ ခြေပြတ် မဟုတ်ဘဲ အမျိုးသမီးနဲ့ မငြိစွန်းခင် ကတည်းက ဒီအခြေအနေမျိုး ဖြစ်ကြောင်း ၊ စသဖြင့် .... ။ ခြေပြတ်ကြီးနဲ့ တောင်မှ ဆိုတဲ့ သူငယ်ချင်းရဲ့ အားပေးစကားဟာ ကျွန်တော့်အတွက် တကယ် အားရှိစေတာ ဟုတ်ရဲ့လား ၊ မဟုတ်ဘူးလား ဆိုတာ ကျွန်တော် မသိပါ ။ ကျွန်တော် တွေးမိတာက သိပ်ချစ်ရတဲ့ ခင်ထား နဲ့ ကျွန်တော့်ဝေဒနာ အကြောင်းပင် ။ သူတစ်ပါးနဲ့ ယှဉ်တွဲပြီး အနေကျဉ်းကျပ် ၊ အခံခက်စရာ မလိုသလို သက်သာ လျော့ပါး ဖြေသာစရာလည်း မရှိဘူးလို့ ထင်နေမိတယ် ။ ငယ်ငယ်ကလေး ကတည်းက ဟိုဘက်အိမ်က ကောင်လေး စာကျက်နေပြီ ၊ မင်း မကျက်သေးလား ဆိုတဲ့ ဆိုဆုံးမစကားမျိုး မကြိုက်ခဲ့ ။ ကိုယ့်စာ ၊ ကိုယ့်အလေ့အကျင့် ၊ ကိုယ့်ဉာဏ်ရည်တို့ ကို ကိုယ်ကိုယ်တိုင် အသိဆုံး ။ မလိုပါဘူး ။ ခုလည်း သူငယ်ချင်းရဲ့ စေတနာဆန္ဒကို အသိအမှတ်ပြုပါတယ် ။ ဒါပေမဲ့ သဘောတရား ကိုတော့ ဝမ်းနည်းစွာနဲ့ ပါပဲပေါ့လေ ။

အိမ်ပြန်ရောက်ရင် ခဏလှဲပြီး ခြေထောက်ကို အမြင့်တစ်နေရာ တင်ထား ၊ ထောင်ထားရဦးမယ် ။ ထမင်းစားပြီးတဲ့ အခါ အင်မတန်ပြင်းတဲ့ ဆေးတောင့်လေးတွေ မျိုချ လိုက်ရဦးမယ် ။ ညအိပ်ရင်းနဲ့ တစ်ချက်တစ်ချက် ညာဖက်ခြေ တစ်ချောင်းတည်း ဆန့်ငင်ဆန့်ငင် အကြော လိုက်သွားဦးမယ် ။ မနက်မိုးလင်းရင် ဆေးဒဏ်ကြောင့် ပြည့်ဖောင်းအိနေတဲ့ မျက်နှာကို ညစ်ညူး နောက်ကျိစွာ မြင်ရဦးမယ် ။ တစ်ဖာလုံပင် မဝေးတဲ့ ရုံးကို လမ်းလျှောက်ပြီး ရောက်သွားချိန်မှာ နာကျင်လေးလံတဲ့ ဝေဒနာကြောင့် တစ်အောင့်တစ်နား နားလိုက်ရဦးမယ် ။

ရုံးမှာ ( အခွင့်အရေးယူစွာ ) တစ်ယောက်တည်း ထိုင်ခုံနှစ်လုံး အသုံးပြုရသူ ။ ခြေတွဲလွဲချ မထိုင်ပါနဲ့  ၊ ခုံတစ်ခုခု ပေါ်မှာ ခြေထောက်ကို တင်ထားပြီး ထိုင်ပါ ။ အဲဒီလို ဆရာဝန်က ညွှန်ကြားထားတယ် မဟုတ်လား ။ အကြောင်း မသိသူတွေက အရက်သမား ၊ ဖောရှော ၊ ဈာန်ဘဲလို့ ကင်ပွန်းတပ်ခြင်း အမျိုးမျိုး ခံခဲ့ရတာလည်း ကိုယ်ပဲ မဟုတ်လား ။ ဒီအထဲမှာ ခင်ထား တောင် ပါဦးမလား မသိဘူးလေ ။ နှစ်ပတ် သို့မဟုတ် သုံးရက်တစ်ခါ စာမူပို့ရက်များမှာ ခံစားရတဲ့ ဝေဒနာ ။ အမြုတေ ၊ ဒဂုန် ၊ ပေဖူးလွှာ စတဲ့ မြို့ထဲမှာသာ ရှိတဲ့ မဂ္ဂဇင်းတိုက်များမှာ ဆိုရင် အရေးမကြီး ။ တစ်ဆက်တည်း နီးကပ်နေတာမို့ မပင်ပန်း ။ ကန်တော်လေး မြန်မာ့ဂုဏ်ရည်လမ်းမှာ ရှိတဲ့ စာပေဂျာနယ် ၊ မဆလာစက်မှတ်တိုင် သိမ်ဖြူ တင်းနစ်ကွင်းနားက ကလျာမဂ္ဂဇင်းတိုက် ၊ အဲဒီကမှ လမ်းအတန်အသင့် လျှောက်ရတဲ့ ရုပ်ရှင်အောင်လံမဂ္ဂဇင်းတိုက် စတဲ့ တိုက်များကို စာမူလိုက်ပို့ ။ အရင် ပို့ထားတဲ့ စာမူများ စုံစမ်းရတဲ့ အခါမှာတော့ မြင်မကောင်း အောင် ဖောရောင်ကိုင်းလာတဲ့ နာကျင်ကိုက်ခဲခြင်းနဲ့ အတူ လေးလံ တရွတ်ဆွဲချင်လာတဲ့ ညာဘက်ခြေထောက်ကြောင့် မကြာခဏ နားရ ၊ လက်ဖက်ရည်ဆိုင်ထဲ ဝင်ရ ။ ရောဂါဖြစ်တဲ့ ကိုယ့်ကိုယ်ကိုယ် အလိုမကျ ၊ ဒေါသဖြစ်ရ ၊ အချိန်တွေ နှမြောရ ၊ စာမူအစုံပါလျက်နဲ့ ခြေထောက်ကြောင့် မဂ္ဂဇင်းတိုက် အစုံအလင် မရောက်ရနဲ့ ဖိစီးထားတဲ့ ဗျာဓိပမာဏကို ဘယ်သူ သိနိုင်မှာလဲ ။ သိရန်လည်း မလို ။ ဘယ်သူ့အတွက်မှလည်း အရေးမကြီးပါဘူးလေ ။ ကိုယ့်ကိုယ်ကိုယ် သိဖို့သာပဲ မဟုတ်ပါလား ။ အဲဒီလို ကိုယ့်ကိုယ်ကိုယ် သိနေနှင့် ခဲ့လို့လည်း ... ။

“ xxx နေရောင်ခြည်မှာ မဖူးပွင့်အပ်ရာ ငွေကြာဖြူပါလား xxx ညှိုးနွမ်းသွားဖို့ ကိုယ်မပိုင်ဆိုင်ရက်ဘူးကွာ xxx သော်တာရောင်ခြည်အောက်မှာ ပျော်ပျော်နေပါလား xxx ချစ်နေလျက်များ စွန့်နိုင်ခဲသား xxx ဆုံးရှုံးမှုနဲ့ အနိုင်ယူခွင့်ပေးပါ xxx  ”

သူ ဆိုင်ပိတ်သွားပြီး ညဘက် ရောက်မှ ဂီတာခတ်ရင်း ထူးအိမ်သင် ရဲ့ အဲဒီသီချင်းလေးကို ဆိုညည်းနေမိတယ် ။ သံစဉ် ၊ စာသား ၊ အဆိုပညာပါ အဆင့်ရှိတဲ့ ထူးအိမ်သင်ရဲ့ သီချင်းလေးတွေက ရင်ကို လှုပ်ခတ်နိုင်စွမ်းရှိတယ် ။ မှော်ဆရာအိပ်မက် ဆိုရင် နားထောင် ခံစားလို့ မဝနိုင် ဘူး ။ ထားပါတော့လေ ။ ကဗျာ ၊ သီချင်း စတဲ့ အနုပညာသာ သွေးသားထဲ လည်ပတ် စီးမျောခွင့် ရနေမှာ မဟုတ်လား ။ ဘဝအဓိပ္ပာယ်ကို အနုပညာနဲ့ပဲ ကျားကန်ထားရပါတော့တယ်ကွယ် ။ ခင်ထား ကို ချစ်ခွင့်ဆုံးရှုံးနေသော ၊ အကြင်နာကို ခံယူခွင့် မရတဲ့ ဒုက္ခိတရဲ့ ပါရမီဖြည့်ဖက်အဖြစ် သူ့ကို မနစ်မွန်းစေလိုသော ၊ ကြံရည်ကြိတ်စက် လှည့်တာထက် ပိုပင်ပန်းမယ့် စိတ်ဒုက္ခပေါင်းစုံတွေ မခံစားလိုသော စသဖြင့်ပေါ့ကွယ် ။

ကျွန်တော် ယုံကြည်ပါတယ်လေ ။ ကြံရည်ကြိတ်စက်ကို လှည့်နေရတဲ့ သူ့လက်များဟာ တစ်ချိန်မှာ ဂဏန်းပေါင်းစက် ခလုတ်လေးတွေကို သက်သောင့်သာယာ ( ညင်သာစိတ်လေးတွေတော့ ရှိမှာပေါ့ကွယ် ) နှိပ်နေရမှာပါပဲ ။ ချစ်စရာ ရင်သွေး ၊ အားကိုးဖွယ် ခင်ပွန်းတို့နဲ့ အတူ ပျော်ရွှင်စွာ ပွဲလမ်းသဘင် တက်နေကြမယ် ။ ပန်းတွေဝေဆာနေတဲ့  ၊ ဇာခန်းဆီးတပ် မှန်ပြတင်းလေးတွေနဲ့ နေချင်စဖွယ် သီရိဂေဟာလေးမှာ သီချင်းသံ လေးတွေ စိုပြည်မြိုင်ဆိုင်စွာ လွင့်ပျံနေမယ် ။ အတွေးထဲက သူ့သဏ္ဌာန်ဟာ ဇင်ပြာအင်္ကျီ ကြမ်းနဲ့ မဟုတ်ဘဲ ခေတ်မီ အဖိုးထိုက် အင်္ကျီတစ်စုံကို ဆင်မြန်းထားပြီး နုကြွနေတယ် ။

အဲဒီအချိန်မှာ တစ်ခါက ချစ်မက်ဖျော့ရီစွာ ခိုးကြည့်တတ်ခဲ့တဲ့ မျက်ဝန်းအစုံကို မေ့လျော့နေလိမ့်မယ် ။ အနည်းငယ် စိတ်ဝင်စားစရာကောင်းတဲ့ လူတစ်ယောက်ရဲ့ ဟန်ပန်ကို မမှတ်မိဘဲ ရှိလိမ့်မယ် ။ ဧည့်အဝင်အထွက်များသော ၊ တစ်ယောက်တည်း ဆိုရင် တိတ်ဆိတ်ငြိမ်သက်နေတတ်သော နေ့စဉ်မြင်ဖူးခဲ့တဲ့ အခန်းကျဉ်းလေးကို သတိရခြင်း ကင်းနေမယ် ။ လှုပ်ခတ် ယိုင်ညွတ်ခဲ့တဲ့ အာရုံတွေ ငြိမ်သက် အနည်ထိုင်သွားမယ် ။ ထိုက်သင့်လျော်ညီတဲ့ အပျော်တွေနဲ့ ဝန်းရံနေမယ် ။

အဲဒီအချိန်မှာ ကျွန်တော်ဟာ သူနဲ့ ခပ်ဝေးဝေး တစ်နေရာမှာ ရောဂါပျောက်ကင်းပြီး ကျန်းမာချင် ကျန်းမာနေမယ် ၊ ( ဒါက သိပ်မသေချာလှပါဘူးလေ ။ ) နေရာတစ်ခု ရရှိထားတဲ့ အနုပညာသမား တစ်ယောက် ဖြစ်ချင်ဖြစ်နေမယ် ။ ( ရှင်သန်ခွင့်ရရင် ) ဒါမှမဟုတ် မီးခိုးများ ၊ ပြာစများ အဖြစ် ( ဘုရားသခင် အလိုအရ ) ပြောင်းလဲသွားနိုင်မယ် ။ ဒါမှမဟုတ်ရင်တော့လေ ... ။

▢ ဆွေဦးမြင့်
📖 ရွှေအမြုတေမဂ္ဂဇင်း
      အမှတ် ၁၁
      ၁၉၉ဝ ခုနှစ် ၊ သြဂုတ်လ

No comments:

Post a Comment