Thursday, November 27, 2025

ကဗျာဆရာ နှင့် ဂန္ဓမာ

 

❝ ကဗျာဆရာ နှင့် ဂန္ဓမာ ❞
             ( ပုံပြင် )

ရှေးသရောအခါ တောင်စောင်းပေါ်ရှိ ဘုရားရှိခိုးကျောင်းကြီး တစ်ကျောင်းအနီး၌ လှပသော ဂန္ဓမာပင်များ ထူးဆန်းစွာ ပေါက်နေကြလေ၏ ။ တစ်နေ့သ၌ နေအိမ်မှ ခရီး ထွက်ခွာလာသော ကဗျာဆရာကလေး တစ်ယောက်သည် ထိုနေရာသို့ ရောက်လာလေ၏ ။ သူသည် အလွန် လှပသော ဂန္ဓမာပန်းခင်းကို ကြည့်ကာ သဘောကျလေ၏ ။ ထိုနေရာ၌ နေအိမ် ဆောက်၍ နေကာ ကဗျာများ ရေးနေရလျှင် အလွန်ပျော်မည်ဟု ကြံစည်မိလေ၏ ။ ထိုအကြံအတိုင်း မကြာမီ သူသည် ဂန္ဓမာတော အနီး၌ အိမ်တစ်အိမ်ကို ဆောက်လုပ်ကာ နေထိုင်လေ၏ ။ ကဗျာဆရာ လုလင်ပျိုကလေးသည် နေ့စဉ် လှပသော ဂန္ဓမာပန်းများကို ကြည့်ကာ ကဗျာ ရေးလေ၏ ။

တစ်နေ့သော နံနက်၌ ပန်းများကို ကြည့်ကာ ကဗျာ ရေးနေစဉ် ဂန္ဓမာပွင့်များ ကြား၌ လမ်းလျှောက် နေသော မိန်းမပျိုကလေး တစ်ယောက်ကို မြင်ရလေ၏ ။ မိန်းမပျိုကလေးသည် နှင်းဆီရောင်အဝတ်ကို ဝတ်ဆင်ကာ အလွန်လှပသော အဆင်း ရှိလေ၏ ။ လုလင်ပျိုလည်း အံ့အားသင့်ကာ ငေးကြည့် နေရင်းမှ မိန်းမပျိုကလေး နောက်သို့ အပြေး လိုက်သွားလေ၏ ။ သူသည် မိန်းမပျိုကလေးကို မီလုမီခင်ဖြင့် လိုက်သွားရင်း ပန်းခင်းများ အဆုံးရှိ အုတ်တံတိုင်း အနီးသို့ ရောက်သောအခါ မိန်းမပျိုကလေး ပျောက်ကွယ်သွားသည်ကို မြင်ရလေ၏ ။ လုလင်ပျိုသည် မသဲကွဲသောကြောင့် သေချာစွာ လိုက်၍ ကြည့်သောအခါ မိန်းမပျိုကလေး ပျောက်သွားသော နေရာ၌ ဂန္ဓမာပွင့် တစ်ပွင့်သည် အညှာမှ လှုပ်ကာ ယိမ်းနေသည် ကိုသာ မြင်ရလေ၏ ။ လုလင်ပျိုလည်း အိမ်သို့ ပြန်လာပြီးလျှင် မိန်းမပျိုကလေး အတွက် ကဗျာတစ်ပုဒ်ကို ရေးလေ၏ ။ ရေးပြီးသောအခါ ဂန္ဓမာပင်များ၌ သွား၍ ချိတ်ဆွဲထားခဲ့လေ၏ ။ လုလင်ပျိုလည်း မိန်းမပျိုကလေးကို စွဲလမ်းသည့် စိတ်ဖြင့် အိမ်ထဲ၌ ငိုင်ငေးနေလေ၏ ။ ညနေခင်းသို့ ရောက်သောအခါ အိမ်တံခါး ကိုညင်သာစွာ လာ၍ ခေါက်သံကို ကြားလိုက်ရလေ၏ ။

လုလင်ပျိုလည်း တံခါးကို ဖွင့်လိုက်သောအခါ မနက်က ဂန္ဓမာပွင့်များ ကြား၌ ပျောက် ကွယ်သွားသော မိန်းမပျိုကို တွေ့ရလေ၏ ။ မိန်းမပျိုကလေး ကပင် စတင်၍ “ ဒီမှာ ကျွန်မ ရှင့်ကို ကြောက်ပြီး ထွက်မပြေးတော့ပါဘူး ၊ ရှင်ဟာ အလှအပကို ကြိုက်တဲ့ ကဗျာဆရာမှန်း မသိလို့ပါ ” ဟု ပြောလေ၏ ။

လုလင်ပျိုလည်း ဝမ်းသာစွာဖြင့် “ ဪ ... ကောင်းပါတယ်ကွယ် ၊ မင်း ဘယ်သူများ လဲ ၊ ဘယ်မှာ နေပါသလဲ ၊ ဘာဖြစ်လို့ ပန်းပွင့်တွေ ကြားထဲမှာ ပျောက်ကွယ် သွားရသလဲ ၊ မင်း နာမည် ဘယ်လို ခေါ်သလဲ ” ဟု မေးလေ၏ ။ ထိုအခါ မိန်းမပျိုကလေးက “ ကျွန်မ နာမည် ကတော့ “ ဆိုင်ယူ ” လို့ ခေါ်ပါတယ် ။ ကျွန်မ နေတာကတော့ ဂန္ဓမာပွင့်တွေကြားထဲမှာ နေရပါတယ် ၊ကျွန်မဟာ နေ့အခါမှာ ပန်းပွင့် ဖြစ်ပြီး ညအခါ ရောက်ရင် လူဖြစ်ရပါတယ် ၊ ကျွန်မ ဒီလိုဖြစ်ပြီး နေရဖို့ ဟောဟို မိုးပေါ်က ကြယ်ကလေးတွေ ထဲမှာ ရေးမှတ်ထားတာ ရှိပါတယ် ” ဟု ပြန်ပြောလေ၏ ။ ထို့နောက် ဆိုင်ယူ က ထပ်၍ “ ဒါနဲ့ ရှင် ကဗျာဆရာ ဆိုရင် ကျွန်မ ရေးထားတဲ့ ကဗျာကလေး တစ်ပုဒ်ကို ရွတ်ဆိုပြချင်ပါတယ် ၊ ရှင် မရယ်ပါဘူးလို့ ကတိပေးပါရှင် ” ဟု ပြောလေ၏ ။ လုလင်ပျို က ရွတ်ဆိုပြနေသော ကဗျာကို သဘောကျစွာဖြင့် နားထောင်လေ၏ ။ ထို့နောက် သူတို့နှစ် ယောက်သည် ချစ်ခင်စွာ လက်ထပ်လိုက်ကြလေ၏ ။

မိန်းမပျိုကလေးသည် နေ့အခါ၌ ဂန္ဓမာပွင့်ကလေး ဖြစ်ပြီးလျှင် ညအခါသို့ ရောက် သောအခါ မိန်းမပျိုကလေး ပြန်ဖြစ်ကာ လုလင်ပျိုနှင့် အတူ လာရောက် ပေါင်းသင်းနေထိုင်လျက် ရှိလေ၏ ။ သူတို့ နှစ်ယောက်သည် အလွန် ပျော်ရွှင်ကြလေ၏ ။ လုလင်ပျိုကလည်း ကဗျာရေး၍ ဖြစ်နေလေ၏ ။

တစ်နေ့သ၌ မနက်စောစော အိပ်ရာမှ ထလာသော မိန်းမပျိုကလေးသည် မျက်နှာ မကောင်းစွာဖြင့် လုလင်ပျို အနီးသို့ ကပ်ပြီးလျှင် “ ကျွန်မ ရှင်နဲ့ ခွဲဖို့ အချိန်တန်လာပြီ ၊ ကျွန်မဟာ ပန်းပွင့် အဖြစ်မှ ရင့်ရော်ပြီး ကြွေကျရတော့မယ် ၊ ရှင့်ကို နှုတ်ဆက်ခဲ့ပါတယ်ရှင် ” ဟု ပြောကာ ငိုယိုလျက် ထွက်သွားလေ၏ ။ မိန်းမပျိုကလေး ထွက်သွားသောအခါ လုလင်ပျိုသည် အိပ်မက် မက်နေလေ၏ ။ အိပ်မက်ထဲ၌ သူ အလွန် နှစ်သက်သော ဂန္ဓမာဥယျာဉ်ကြီးထဲ၌ ဥယျာဉ်မှူး တစ်ယောက်သည် ပွင့်နေသော ပန်းများကို လိုက်၍ ဖြတ်နေလေ၏ ။ ဂန္ဓမာပွင့်များသည် လမ်းပေါ် ကြွေကျကာ နှင်းဆီရောင်အပွင့်ကလေး တစ်ပွင့်သာ ကျန်တော့လေ၏ ။ ဥယျာဉ်မှူးသည် ထိုနှင်းဆီရောင် ဂန္ဓာမာပွင့်ကလေးကိုလည်း အပင်မှ ဆွဲနှုတ်ပစ်လိုက်လေ၏ ။ နှုတ်ပြီးသောအခါ အဝေးသို့ လွှင့်ပစ်လိုက်လေ၏ ။ လုလင်ပျိုလည်း အိပ်မက်မှ လန့်နိုးလာကာ သူ့ချစ်သူ “ ဆိုင်ယူ ” သည် ဧကန္တ ဂန္ဓမာပွင့်ကို မှီ၍ နေရသော မိန်းမပျိုကလေး တစ်ယောက် ဖြစ်ရမည်ဟု စဉ်းစားမိပြီးလျှင် အိပ်ရာမှ ခုန်ဆင်းလာခဲ့လေ၏ ။

သူသည် ဥယျာဉ်ကြီး ထဲသို့ ပြေးဝင် သွားသောအခါ အိပ်မက်ထဲမှာ ကဲ့သို့ပင် ဥယျာဉ်မှူး တစ်ယောက်သည် ပန်းပင်များကို ပေါက်တူးဖြင့် တူးပစ် နေသည်ကို မြင်ရလေ၏ ။ လုလင်ပျိုလည်း ကြောက်လန့်စွာဖြင့် နှင်းဆီရောင် ဂန္ဓမာပွင့်ကလေးကို လိုက်၍ ရှာလေ၏ ။ နှင်းဆီရောင်ဂန္ဓမာပွင့်ကလေးသည် ဥယျာဉ်မှူး၏ လက်ထဲ၌ စွန့်ပစ်တော့မည် ဖြစ်သည်ကို မြင်လိုက်ရသောအခါ လုလင်ပျိုက အတင်းဝင်၍ ဆွဲယူလိုက်လေ၏ ။ ဂန္ဓမာပွင့်ကလေးသည် သူ့ လက်ထဲသို့ ရောက်သော အခါ၌ အိပ်မက်ထဲမှာ ကဲ့သို့ မိန်းမပျိုကလေး တစ်ယောက် ဖြစ်လာလေ၏ ။ မိန်းမပျိုကလေးသည် သူ့ချစ်သူ “ ဆိုင်ယူ ” ဖြစ်နေသည်ကို သိရလေ၏ ။

ထိုနေ့မှ စ၍ လုလင်ပျိုသည် ဥယျာဉ်ကြီး ထဲ၌ သူ့ချစ်သူ နှင်းဆီရောင် ဂန္ဓမာပွင့် ကလေးကို အပင်ပါ ပြန်၍ စိုက်ပြီးလျှင် မည်သူမျှ မဖျက်ဆီးနိုင်ရန် ကျောက်နံရံ ပြုလုပ်၍ ကွယ်ပေးထားလေ၏ ။ နှင်းဆီရောင်ဂန္ဓမာပွင့်ကလေးသည် နေ့အခါ၌ ပန်းပွင့်ကလေး အသွင် ဖြင့် နေ၍ ညအခါ၌ သူ့ချစ်သူ “ ဆိုင်ယူ ” ဖြစ်လာကာ အသက်ထက်ဆုံး ပျော်ရွှင်စွာ နေထိုင်ကြရလေ၏ ။ သူတို့ နှစ်ယောက်သည် အသက်အရွယ် အတော် အိုမင်းခါမှ သေဆုံးကြလေ၏ ။

ယခုအခါ တောင်စောင်းရှိ ဘုရားရှိခိုးကျောင်းကြီး အနီး ဂန္ဓမာဥယျာဉ်ကြီး ထဲ၌ ကျောက်နံရံဖြင့် ကွယ်၍ထားသော ဂန္ဓမာပင်ကလေးကို အလည်ရောက်သူတိုင်း တွေ့ မြင်နိုင်လေသည် ။ ထိုအပင်မှ နှင်းဆီရောင် ဂန္ဓမာပွင့်ကလေး တစ်ပွင့်သည် နေ့အခါ ပန်းပွင့် အသွင်ဖြင့် နေရသော်လည်း ညအခါ၌ မိန်းမပျိုကလေး “ ဆိုင်ယူ ” များ ပြန်ဖြစ်လာလေဦးမည်လား ဟု ထင်မှားရလောက်အောင် လန်းလန်းစွင့်စွင့် ပွင့်နေဆဲပင် ဖြစ်လေသည် ။

( ဘာသာပြန် )

〇 နုယဉ်
📖ရှုမဝ မဂ္ဂဇင်း
     ၁၉၆၂ ၊ ဇန်နဝါရီ

No comments:

Post a Comment