❝ မိမှာပုံတော် ❞
( အောင်ဗလ )
ကို ...
ညစာအတွက် ဟိုဘက်ခန်းက ဒေါ်လေးမြကြီးကို မှာခဲ့တယ် ။ ဒီညတော့ သူ့ဆီမှာ စားပါ ။ နောက်နေ့တွေတော့ ဆိုင်မှာ ဝင်စားပြီးမှ အိမ်ကို ပြန်ခဲ့ပါ ။
ကို့ရဲ့ မိ
အိမ်ပြန်ရောက်လျှင်ရောက်ချင်း သော့ခလောက်၌ ချိတ်ထားသော စာကလေးသည် တင်မောင့် အဖို့ အလွမ်းပြေသွားစေသည် ။ မိ၏ စာကို ဖတ်ပြီး ပြုံးမိသည် ။
“ စာရေးဆရာမ ကို ယူရတာ ဒီလို နေရာတွေမှာ စိတ်ချရတယ်ကွ ၊ ဘာမဆို စာနဲ့ပေနဲ့ မှတ်မှတ်သားသားရှိတယ် ။ စာနဲ့ ပေနဲ့ ပြောတယ် ” ဟု ဤစာလေးကို ပြကာ သူငယ်ချင်းများအား ကြွားရန်ပင် စိတ်ကူးလိုက်မိသည် ။
မိ ... မိ ... ၊ ကိုယ်နှင့် မိတို့ လက်ထပ်ကြသည်မှာ ငါးလခန့်သာ ရှိသေးသည် ။
ကိုယ်နှင့် မိသည် လွန်ခဲ့သော တစ်နှစ်ခန့်က ရွှေတိဂုံကုန်း တော်ပေါ်၌ ဆုံခဲ့ကြသည် ။ ကြုံခဲ့ကြသည် ။ တစ်ဦးကို တစ်ဦး သိခဲ့ကြသည် ။
မိသည် အမျိုးသမီးဂျာနယ် ၊ မဂ္ဂဇင်းများ၌ ကလောင် သွေးပြီးပြီဖြစ်၍ နာမည်ရစပြုနေသော စာရေးဆရာမကလေး ဖြစ်သည်ကို သိရသည် ။ ကိုကမူ စာဖတ်ဝါသနာအိုးတစ် ယောက် ။
သို့နှင့် သူတို့နှစ်ယောက်သည် တစ်နှစ်တာမျှ ချစ်ကြိုး သွယ်ခဲ့ကြပြီးနောက် လွန်ခဲ့သော ငါးလခန့်က လက်ထပ်ခဲ့ကြ သည် ။
နေ့လယ်ကမူ ချစ်ဇနီး မိသည် ကို၏ အလုပ် ရုံးသို့ တယ်လီဖုန်းဆက်သည် ။ မန္တလေးရှိ မိ၏ မိခင်ကြီး နေမကောင်းကြောင်း ကြေးနန်းရသဖြင့် မန္တလေး သွားမည်ဟု ပြောသည် ။ အနည်းဆုံး ခုနစ်ရက်လောက်တော့ ကြာမည် ။
ကိုတို့ ရုံးတွင် ယခုတလော အလုပ်များနေသည် ။ ခွင့်ယူ၍ မရနိုင် ။ ညနေ သုံးနာရီ မီးရထားအဆင်း ဘူတာလိုက်ပို့ရန်ပင် ခွင့်ယူ၍ မရ ။
ကိုသည် မိကို တယ်လီဖုန်းမှပင် နှုတ်ဆက်လိုက်ရသည် ။ မိ တစ်ယောက်တော့ သွားလေပြီ ။ ရန်ကုန်မြို့ပေါ်၌ ကိုယ်တစ်ယောက်သာ ကျန်ရစ်၏ ။
အိမ်သို့ စိတ်မကြည်မသာနှင့် ပြန်ခဲ့ရာမှ မိ၏ စာကလေး ကြောင့် ကို၏ စိတ်သည် သာယာကြည်နူးသွားလေသည် ။
တံခါးကို သော့ဖွင့်ပြီး အိမ်ထဲသို့ ဝင်ခဲ့သည် ။ ခါတိုင်းကဲ့သို့ အပေါ်အင်္ကျီ ချွတ်ပေးမည့် မိတစ်ယောက် မရှိသဖြင့် ရင်ထဲ၌ ဟာခနဲဖြစ်သွားပြန်သည် ။ ကို သည် လေးလံထိုင်းမှိုင်းစွာဖြင့် အဝတ်လဲကာ အိပ်ရာထဲ ဝင်လှဲလိုက်သည် ။
“ အလို ... ခေါင်းအုံးအောက်က စာတစ်စောင် ”
စာမှာ မိ၏ စာပင် ဖြစ်သည် ။ ကို့အား ညဉ့်အိပ်ရာဝင်တွင် မှာစရာရှိသည်တို့ကို မှာထားသည့် စာပင် ဖြစ်သည် ။ မိ၏ အစီအစဉ်အရ ဆိုလျှင် ကိုသည် ဤစာကို အိပ်ရာဝင်မှ တွေ့ရမည်ဖြစ်သည် ။
မိက ခုနစ်ရက်တာအတွက် မှာစရာရှိသမျှကို စုံစုံစေ့စေ့ မှာထားသဖြင့် စာမှာ အတော်ရှည်၏ ။ ညဉ့်အိပ်ရာဝင်လျှင် မိကို လွမ်းနေမည်စိုး၍ အိပ်မပျော်မီ ဖတ်ရန် ဝတ္ထုရှည် သုံး ၊ လေးအုပ်ကိုပင် အိပ်ရာဘေး၌ ထားခဲ့ကြောင်းမှ စ၍ ကို့ အတွက် မိက အသေးစိတ် စီစဉ်ခဲ့သည်ကို စာထဲ၌ တွေ့ရ သည် ။
စောစောက မိ မရှိသဖြင့် ထိုင်းမှိုင်းနေရှာသော ကိုသည် ကြည်နူးသွားပြန်လေပြီ ။ မိ၏ စာကလေးကို အခေါက်ခေါက် ဖတ်ရင်း နှစ်သိမ့်နေရာ ညစာကိုပင် သွားမစားမိ ဖြစ်နေခဲ့သည် ။ အနည်းငယ် မှောင်မှ တစ်ဖက်ခန်းနေ အိမ်နီးချင်း ဒေါ် လေးမြ က ညစာစားရန် လာခေါ်ပြီး ကျွေးသည် ။
ညစာ စားပြီးနောက်တွင် ကိုသည် မိ မှာသည့်အတိုင်း ဝတ္ထုစာအုပ် မဖတ်မိဘဲ မိ၏ စာနှစ်စောင်ကို အခေါက်ခေါက် အခါခါ ဖတ်ရင်း အိပ်ပျော်သွားရှာသည် ။
ကို၏ အိပ်မက်တို့မှာလည်း မိ အကြောင်းသာ ဖြစ်တော့သည် ။
••••• ••••• •••••
နံနက်လင်း၍ မျက်စိ ဖွင့်လျှင်ဖွင့်ချင်း ကိုသည် မိ၏ မျက်နှာကို ပထမဆုံးမြင်ယောင်ရှာသည် ။
မိ တစ်ယောက် မန္တလေး ရောက်နေလေပြီ ။ ခုနစ်ရက် တောင် ခွဲရမည် ဖြစ်ရာ၌ ယခုမှ တစ်ရက်သာ ရှိသေးသည် ။
ခွဲရမည့် ရက်ကို တွေးမိသောကြောင့် ကို သည် ငိုင်သွားရှာပြန်သည် ။ မိနှင့် လက်ထပ်ပြီးပေါ့ဆိုကတည်းက ပထမဆုံး ခွဲခွာရခြင်းမို့ ထိခိုက်လှတော့သည် ။
အတန်ကြာ ငိုင်နေပြီးမှ ရေချိုးခန်းသို့ ဝင်ကာ မျက်နှာ သစ်သည် ။
ကို ..
မပျင်းပါနဲ့ ကိုရယ် ...
နေ့တိုင်း မုတ်ဆိတ်ရိတ်နော် ..
ကို့ရဲ့ မိ
စာတစ်စောင် တွေ့ပြန်သည် ။
ကိုသည် နေ့စဉ် မုတ်ဆိတ်ရိတ်ရမည်ကို အလွန်ကြောက် သည် ။ မိ က ဇွတ်ဆွဲပြီး ရေချိုးခန်းသို့ ပို့ရလေ့ရှိသည် ။ တတ်နိုင်သမျှ မုတ်ဆိတ်မရိတ်ဘဲ နေလေ့ရှိသဖြင့် လင်မယားနှစ် ယောက် တကျက်ကျက် ဆူပွက်လေ့ရှိသည် ။
မိ မရှိသည်နှင့် တစ်ပြိုင်နက် ကိုသည် မုတ်ဆိတ်ရိတ်တော့မည် မဟုတ်သည်ကို မိ သိသည် ။ ကိုသည် မိ စာကြောင့် ပြုံးရပြန်သည် ။ မိ၏ အလိုကျ မုတ်ဆိတ်ရိတ်ရပြန်သည် ။
ဪ ... မိရယ် ။
မိ၏ စာတွေ ရသည်မှာ သုံးစောင်တိတိ ရှိလေပြီ ။
မိသည် သူ့နေရာနှင့်သူ စာများရေးထားခဲ့ပြီး မှာကြားသည်ကို သတိပြုမိသည် ။
ကိုသည် မိ၏ စာအားလုံး ဖတ်ချင်လာသဖြင့် နေရာ အနှံ့အပြား လိုက်ရှာတော့သည် ။ အချိန်ကျမှ တစ်နေရာရာက ဝုန်းခနဲ စာကို တွေ့ရသည်ကို စိတ်မရှည်နိုင် ။
တစ်အိမ်လုံး မိ၏ စာကို လိုက်ရှာရာ၌ နောက်ထပ် တစ်စောင်သာ တွေ့ရသည် ။
မီးဖိုထဲက ကော်ဖီပန်းကန်ပေါ်တွင် မိက စာရေးထားခဲ့သေးသည် ။ နံနက်တိုင်း ကော်ဖီကို အိမ်၌ပင် လျှပ်စစ်ဓာတ်နှင့် ရေနွေးတည်၍ ဖျော်သောက်ပါဟု မိ က မှာခဲ့၏ ။
အနှံ့အပြား ရှာမှ စုစုပေါင်း စာလေးစောင်သာ တွေ့ရသည် ။ မိသည် ဤစာလေးစောင်သာ ရေးခဲ့ဟန်တူ၏ ။
နောက်သုံးလေးရက် ရှိလျှင် စာတိုက်ကနေ၍ စာများ လာဦး မည်မို့ မျှော်ရဦးတော့မည် ။
••••• ••••• •••••
မိ တစ်ယောက် မန္တလေး သွားသည်မှာ လေးရက် ရှိလေပြီ ။ မိ ထံမှ စာမလာသေး ။
မနေ့က စနေနေ့ ၊ ယနေ့ တနင်္ဂနွေနေ့ ဖြစ်ရာ မနက်ဖြန် တနင်္လာနေ့တွင်မူ မိ ထံမှ စာ မုချလာရမည်ဟု ကို က တွက် ချက်ထားသည် ။
မိ ထွက်သွားသည့် လေးရက်တာကာလတွင် မိ၏ စာ လေးစောင်ဖြင့် ကို အသက်ဆက်ခဲ့ရသည် ။
ယနေ့အဖို့ တနင်္ဂနွေနေ့ ဖြစ်သဖြင့် အလုပ်မဆင်းရသော ကြောင့် မိ ကို ပို၍ လွမ်းသည် ။ ဒီနေ့ ဘာလုပ်ရမည်နည်း ။ တစ်နေ့လုံး အိမ်မှာ ထိုင်နေက မိကို ပိုပြီး လွမ်းမည်မို့ အိမ်မှ ထွက်လည်သည်သာ ကောင်း၏ ။ အသေးစိတ် မှာခဲ့သော မိ၏ စာထဲ၌လည်း တနင်္ဂနွေနေ့တွင် နံနက်စောစော ဘုရားသွားရန် ၊ ညနေပိုင်း ရုပ်ရှင်ကြည့်ရန် မှာခဲ့သည် ။
မိ ၏ မှာကြားချက်အတိုင်း ရွှေတိဂုံဘုရား တက်ရန် ဆုံးဖြတ်လိုက်သည် ။
ကို သည် စောစောစီးစီး ရေချိုးလိုက်သည် ။
ကိုသည် အဝတ်အစားကို ကျကျနန ဝတ်ခဲသည် ။ ရုံးသို့ သွားလျှင်လည်း ချည်လုံချည်နှင့် ဖျင်အပေါ်အင်္ကျီကို ဝတ်လေ့ ရှိ၏ ။ အမြဲလိုလိုပင် ချည်လုံချည်သာ ဝတ်လေ့ရှိ၏ ။ သို့သော် ဘုရားသွားလျှင်မူ ပိုးအင်္ကျီ ၊ ဘန်ကောက်လုံချည်ကို ဝတ်လေ့ရှိသည် ။
ပိုးအင်္ကျီ ၊ ဘန်ကောက်လုံချည်နှင့် ကျကျနနဝတ်ကာ စတိုင်ပါပါနှင့် ဘုရားတက်ရာမှ ဘုရားပေါ်၌ မိ ကို တွေ့ခဲ့ ၊ ချစ်ခဲ့ ၊ ညားခဲ့ရသည် မဟုတ်လော ။
မိ နှင့် လက်ထပ်ပြီးမှလည်း လင်မယား နှစ်ယောက် ဘုရားတက်တိုင်း ပိုး ၊ ဖဲဝတ်စုံကို ကျကျနန ဝတ်လေ့ရှိသည် ။
ယခု မိ မရှိသဖြင့် ဘုရားသွားလျှင်လည်း ဘန်ကောက် လုံချည်လောက်တော့ ဝတ်သွားမှ သင့်ပေမည် ။
ကို သည် ရေချိုးပြီးနောက် အဝတ်ဗီရိုကို ဖွင့်ကာ ဘန် ကောက်လုံချည်ကို ဆွဲထုတ်၍ ဝတ်လိုက်စဉ် စာရွက်ခေါက်ကလေး တစ်ခု ထွက်လာပြန်သည် ။
ကို သည် ကပျာကယာ စာကလေးကို ယူဖတ်ပြီးနောက် ဟက်ဟက်ပက်ပက် ရယ်လိုက်မိရှာတော့သည် ။
စာမှာ ...
မိ မပါဘဲ ဘုရားသွားတာ ပိုးလုံချည် ဝတ်မသွားပါနဲ့ ၊ မိ မကြိုက်ဘူး ။ ဟင်း ... ဒါပဲနော် ... မိ မရှိတုန်း စတိုင်ထုတ်တာ မိ သိပ်ပြီး စိတ်ဆိုးတယ် ... ။
⎕ အောင်ဗလ
📖 ရှုမဝ မဂ္ဂဇင်း
ဇန်နဝါရီလ ၊ ၁၉၆၄
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
အောက်တိုဘာ ၊ ၂၀၁၇

No comments:
Post a Comment