Tuesday, November 4, 2025

ပြုသူ အသစ် ဝဋ်မှာ အမြဲ


 

❝ ပြုသူ အသစ် ဝဋ်မှာ အမြဲ ❞
    ( ပန်းမြတ်သော်တာ )

ဆောင်း ဝင်ကာစ မနက်ခင်းလေးမှာ ချမ်းစိမ့်စိမ့် လေနုအေးက မြက်ခင်းလေးတွေ ၊ သစ်ရွက်ခြောက်လေးတွေ အပေါ်ကို ချစ်စဖွယ် ဆော့ကစားလို့ ။ ထိုအချိန် လေကလေး ခပ်ပြင်းပြင်း ဝှေ့တိုက်သွားတဲ့အခါ “ ဘွဲ ...” ဆိုတဲ့ တင်းကုပ်ထဲက နွားမကြီးရဲ့ မပြီမပြင် အော်ငြီးသံကြီး ထွက်လာတယ် ။ နွားမကြီး အတော် ချမ်းနေရှာမှာပေါ့ ။

နွားမကြီးလိုပဲ ဦးလေးစံ ရဲ့ အချစ်တော် ခွေးကလေးဘိုနီလည်း ဝု ကနဲ အသံတစ်ချက် ပြုပြီး သခင်ဘေးကို အတင်း တိုးဝင်နေတယ် ။ ဒါပေမယ့် ဆောင်းဝင် ကာစ အအေးဒဏ်ကို ဦးလေးစံ ရဲ့ ကြက်တစ်အုပ်ကတော့ ဖြင့် လုံးဝ မမှု ။ သခင် ပက် ကျွေးထားတဲ့ ထမင်းကြမ်း အကျေတွေ ကို အားပါးတရ ယက်ထုတ် စားသောက် နေကြတယ် ။ ခွေးကလေးဘိုနီက မျက်စိ နောက်တတ်ပေမယ့် အလုပ်ရှုပ်နေပုံရတဲ့ သခင် အနားမှာ ကုပ်လို့ ၊ ငြိမ်လို့ ။ လေကလည်း လှုပ်လီလှုပ်လဲ့ ဆိုပေမယ့် တစ်ချက် တစ်ချက်များ ဆို ကြောရိုးထဲ စိမ့်သွားလောက်အောင် အေးတယ် ။

“ တယ် ... ဒီ လေက တစ်မျိုး သစ်ရွက်တွေမှ စိုနေရတဲ့ အထဲကွာ ”

“ ဦးလေးစံ မီးက မတောက်သေးဘူးလားတော့ ။ ရောင်နီ လာတော့မယ် ”

“ အေးဟာ ... သစ်ရွက်က စို ၊ လေက တိုက်နဲ့ ငါတော့ နေပူစာ လှုံရမယ့် သဘောပဲဟေ့ ”

ဦးလေးစံ မီးခိုးတွေကြောင့် ဝေ့ဝဲနေတဲ့ မျက်ရည်စကို လက်ခုံနဲ့ ပွတ်ရင်း ပဲပြုပ်သည် မကျင် အမေးကို ဖြေလိုက်တယ် ။

“ အေးပါတော် ... ကျုပ်လည်း ဒီကနေ့ ချမ်းလွန်းလို့ ဦးလေးစံ ဆီ မှာ မီးလှုံရင်း ခဏ နားမလား မှတ်တယ် ။ ယူဦးမလား ပဲပြုပ် ”

မကျင် ပါးစပ်က မေးပေမယ့် လက်က ထည့်ပြီးသား ။ သိပ်သွက်တဲ့ မကျင် ရယ် ။

“ ဟာ ... ဦးလေးစံ မီး မတက်သေးဘူးလား ။ ဒါကြောင့် ပြောပါတယ် ။ ကောက်ရိုးထုံးနဲ့ မွေးပါလို့ ”

ကိုလူလှ စိုက်ခင်း သွားဖို့တောင် ထွက်လာပြီ ။ ပြောပြောဆိုဆို မီးပုံဘေး ဝင် ထိုင်လိုက်တယ် ။ ဦးလေးစံ ကတော့ ရေနွေးချမ်း တိုက်နိုင်ဖို့ နေနေသာသာ မီးတောင် မတက်သေး ။

“ အေးကွာ ... ကောက်ရိုးထုံး ကလည်း နှင်းရိုက်သွားလို့ဟ ”

“ ဖယ်ပါ ဦးလေးစံ ရာ ကျွန်တော် လုပ်ပေးပါ့မယ် ”

မနေနိုင်တဲ့ လူလှ က ပဲ မီးပုံကို ဖြစ်အောင် ဆက် မွေးပေးတယ် ။ မီးတက် လာတဲ့အခါ ရေနွေးလေး သောက် ၊ စကားလေး ပြောနဲ့ အလုပ် ဖြစ်သွားတယ် ။ မီးပုံ မီးရဲ့ အကူအညီနဲ့ ရော တက်သစ်စ နေမင်းရဲ့ အကူအညီ နဲ့ပါ အားလုံးနွေးထွေး နေကြပြီ ။

မီးပုံစကားဝိုင်းလေးက အိမ်နီးချင်းတွေ ရောက်လာ စကား ပြောလိုက် ၊ ထပြန် အလုပ်ခွင် ဝင်လိုက်နဲ့ အေးချမ်းလှတဲ့ တောဓလေ့ သဘာဝ တစ်ခုပါပဲ ။

•••••   •••••   •••••

ဦးအောင်ကြီး တစ်ယောက် ဟိုသစ်ပင် နား ကပ် အကြော ဆန့်လိုက် ၊ ဒီသစ်ပင်နား ကပ် အကြော ဆန့်လိုက်နဲ့ ကုက္ကိုလ်တန်းရွာလေးရဲ့ တောင်ဖျားနား ရောက်လာတယ် ။ ဆောင်းဝင်ပြီဆို ဦးအောင်ကြီး တို့က အိမ်ထဲ ကုပ်မနေ ။ ကိုယ် လက်လှုပ်ရှား အားကစားကို လုပ်နေကျ ။ ကျေးလက်နေသူတို့ ထုံးစံအတိုင်း စောစော အိပ်ရာဝင် ၊ စောစော အိပ်ရာ ထတတ်ပေမယ့် ဦးအောင်ကြီးက ပုံမှန် ရွာသားတွေထက် ပို ခေတ်မီတယ် ။ သူ့ သမီး မြို့မှာ တက္ကသိုလ် တက်စကတည်းက ယူလာတဲ့ ကာယလေ့ကျင့်ခန်း အခွေ ကြည့်ပြီး ဆောင်းတွင်း ဆို မီးမလှုံတော့ ။ ထိုင်းမှိုင်းတာ အသားအရည် ပျက်ဆီးတယ်လို့ ဆိုတယ် ။ သွေးပူလေ့ကျင့်ခန်းလုပ် ၊ လမ်းလျှောက် ဒါမှ သွေးလေ လည်ပတ်မှု ကောင်းပြီး ကျန်းမာရေး နဲ့ ညီညွတ်သတဲ့ ။

“ ဦးအောင်ကြီးတို့ ကတော့ ပုံမှန် အချိန်မှန်ပဲ ။ ဝီရိယ ရှိလိုက်တာ ။ ဒါနဲ့ အလိမ္မာလေးကို ပဲပြုပ် ပို့ခဲ့မယ်နော် ”

“ အေးပါ ... ယူနေကျကို အဆန်း လုပ်လို့ မကျင်ရယ် ”

“ ဟုတ်ပါတယ် ... ဦးအောင်ကြီးရဲ့ ။ ဒါနဲ့ ကောက်ညှင်းပေါင်းလေး ပါ ပို့ခဲ့ရမလား ”

“ မကျင်ရယ် နင့် ပါးစပ် လှုပ်လိုက်တာနဲ့ ဘာဆိုတာ ငါ သိပါတယ် ... အေး ကောက်ညှင်းပေါင်းပါ ပေးခဲ့လိုက် ”

“ ဟုတ်ကဲ့ ... ဟုတ်ကဲ့ပါတော် ။ ဦးအောင်ကြီးတို့ ကတော့ သွက်လက်ချက် ။ လူငယ်လေးလိုပဲ ”

ပဲပြုပ်သည် မကျင် တစ်ယောက် ပဲပြုပ် ရောင်းရရေး အတွက် လိုတာထက် မြှောက် ပြောတယ် ။ ဒါပေမယ့် ဦးအောင်ကြီး ပုံစံက နင် မြှောက်ပြောမှန်း သိတယ် ဟေ့ .. ငါ ကလည်း နင် မြှောက် ပြောရလောက်အောင် နုပျိုနေလို့ နင် မြှောက်လည်း ရင်မခုန်ဘူး ဆိုတဲ့ အထာမျိုး ။ ကျေနပ်ပေမယ့် မသိကျိုးကျွန် ပြုတတ်ပါရဲ့ ။

“ ဟာ ... ဦးအောင်ကြီး  လေ့ကျင့်ခန်းလား ”

“ ဦးလေးအောင်ကြီး ဝတ်စုံက အလန်းစားပဲ ”

“ ဦးလေးအောင်ကြီး လိုတော့ ကျွန်တော်တို့ မလုပ်နိုင်သေးဘူးဗျာ ”

စတဲ့ နှုတ်ဆက် စကားသံတွေကို အဖော်ပြုရင်း ပီတိကို စားပြီး လျှောက် လာလိုက်တာ သူငယ်ချင်းဟောင်း ဦးလေးစံ တို့ အိမ်နား ရောက်ပြီ ။ အရင် ရက်တွေက  ရွာလည်မှာ ရှိတဲ့ ဦးအောင်ကြီးရဲ့ ညီဝမ်းကွဲ အိမ်မှာ လမ်းဆုံးလေ့ရှိတယ် ။ ဒီနေ့တော့ ညီဝမ်းကွဲ အိမ်ကို  ကျော်လာခဲ့ပြီး ဦးတည်ရာကို ရောက်ခဲ့ပြီ ။

•••••   •••••   •••••

“ ဟင် ... အောင်ကြီး ... ဒီကောင် ဘာလာ ရှုပ်ပြန်ပြီလဲ ”

ဦးလေးစံ တစ်ယောက် ဦးအောင်ကြီးကို မြင်လိုက်တာနဲ့ မနက်စောစော မစင်ပုံကြီး မြင်လိုက်ရသလို ရင်ထဲ ပျို့တက် သွားရတယ် ။ လက်ကလည်း လယ်ထဲ သွားဖို့ ပြင်နေတဲ့ လူလှ ကို အသာအယာ လှမ်းဆွဲတယ် ။

“ ဟေ့ကောင် လူလှ မင်း က အခုချိန်ထိ လယ်ထဲ မသွားသေးဘဲ ဘာလုပ် နေတာလဲ ။ အော် သိပြီ ဖိုးစံ တို့က အနား လူ မရှိရင် မနေတတ်ဘူးဘဲကိုး ... အဟိုး ... ဟိုး ”

“ ဟေ့ကောင် အောင်ကြီး စောစောစီးစီးကွာ ... ဘာလာ ရှုပ်ပြန်ပြီလဲ ။ ခုနစ်ရက်သားသမီး သောက ရောက်အောင် ”

ဦးလေးစံ  စိတ်ရှုပ်ရှုပ်နဲ့ ပြန် ပက်တော့ ဦးအောင်ကြီး  ဇက်ပု သွားရတယ် ။ လာရင်း ကတော့ ပျောက်မသွားဘူး ။

“ ခုနစ်ရက်သားသမီး စိတ်ဆင်းရဲအောင် မလုပ်ပါဘူးကွာ ။ မင်းတို့ သားအဖ စိတ်ဆင်းရဲရင် လုံလောက်ပါတယ် ... ဟဲဟဲ ”

ဦးအောင်ကြီး စကား ဆုံးတော့

“ ဟာဗျာ ... ဦးလေးအောင်ကြီး တို့ သူငယ်ချင်း နှစ်ယောက် မတည့်တာ ဘယ့်နှယ့် ကျွန်တော် က ပါလာရတာတုန်း ။ မဆီမဆိုင် လက်ပံပင် ထည့် မချိုင်စမ်းပါနဲ့ ”

ဆိုကာ ဦးလေးစံရဲ့ သား ကျော်ကြီး အိမ်ထဲက ထွက်လာတယ် ။ တကယ်တော့ ဦးအောင်ကြီး လာရင် သူ့ အဖေ စကားနိုင် လုခံရတော့မယ် ဆိုတာ သိလို့ စစ်ကူ ပေးဖို့ရာ အင်အား ဝင်ဖြည့်ခြင်းရယ် ။ လူလှ ကတော့ ကျော်ကြီး ထွက်လာတာနဲ့ အသာလေး လစ်ထွက်သွားတယ် ။ ဘယ်သူက ပဲကြီးလှော်ကြား ဆားညှပ် ခံချင်မှာတုန်း ။

ဦးလေးစံ ဆိုတာ ဦးအောင်ကြီး ကို အမြဲ အရှုံးပေးနေကြ ။ ငယ်ငယ်က ဦးအောင်ကြီး ဆီက ခိုးခဲ့မိတဲ့ ပစ္စည်း တစ်ခုကြောင့် အခုအချိန်မှာ ဦးလေးစံ  ပြန် အခိုးခံနေရတာ ။ တစ်ကယ်ဆို ဦလေးစံ ရဲ့ ဇနီး က အလိမ္မာလေး ရဲ့ အမေ ဖြစ်လာရမှာလို့ ဦးအောင်ကြီး က အပိုင် တွက်ထားခဲ့တာ ။ ဦးလေးစံ လည်း သူ့ အမှား က ကြီးလေတော့ ဦးအောင်ကြီး  ဘယ်လိုပဲ လုပ်လုပ် ခွင့်လွှတ် ပေးနေရတာပေါ့ ။ အချစ်ဆုံး ငယ်သူငယ်ချင်းကြီးတွေ ကိုး ။ ကျော်ကြီး ကတော့ လူငယ် သဘာဝ လွန်နေပြီလို့ ဦးအောင်ကြီး အပေါ် မြင်တယ် ။ သူ လည်း အလိမ္မာလေး မျက်နှာ နဲ့ ဦးအောင်ကြီး ကို ပြန် မလှန်ရဲရှာဘူး ။

“ အမလေး ... မချိုင်ပါ မောင်ရာ ။ ငါက မင့် အဖေကို စေတနာနဲ့ သတိ လာပေးတာပါ ”

“ အယ်လယ့် ... ကြားရှိလို့သာ နားရတယ် ... အယ် ... ဟုတ်ပါဘူး နား ရှိလို့သာ ကြား ရတယ် ။ ဆိုပါဦးဗျာ စေတနာ စကားလေး ”

“ နက်ဖြန်ဆို တန်ဆောင်မုန်းလပြည့်နေ့ လေကွာ ”

“ အဲတော့ ဦးလေးအောင်ကြီး က ကျုပ် အဖေကို လာ ကန်တော့မလို့လား ”

“ ငါလခွမ်း ... ကန်တော့စရာလား ။ သဘက်ခါ သူခိုးကြီးည ကျီးမနိုးပွဲ ရှိတယ်ကွ ။ မင့် အဖေက ပေါ့တီးပေါ့ပျက် နဲ့ ။ ကြက်တွေ သေချာ သိမ်းဖို့ လာ သတိပေးတာ ။ ပြီးမှ တောင်စွပ်စွဲ မြောက်စွပ်စွဲ လုပ်နေရမှာ စိုးလို့ဟေ့ ”

“ ဟားဟားဟား ... ဦးလေးအောင်ကြီး ရာ ... ကျီးမနိုးပွဲ အဖေ ကြက်ပျောက်တိုင်း ဦးလေးအောင်ကြီး လက်ချက် ဆိုတာ တစ်ရွာလုံး သိနေတာပဲဟာ .. ဒီနှစ် ဘယ်နှစ်ကောင် ခိုးမယ် ဆိုတာသာ ပြောခဲ့လိုက်ပါဗျာ .. အဟား ... ဟား ” 

“ ဘာပြောတယ်ကွ ... မင်းက လူကြီးကိုများ ခိုးသလေး ဘာလေးနဲ့ ငါ နားရင်းရိုက်လိုက်ရ ”

အမှန်ကို ရှေ့မကြည့် နောက်မကြည့် ပြောချလိုက်တာကြောင့် ရှူးရှူးရှားရှား ဖြစ်သွားတဲ့ ဦးအောင်ကြီး ကို ကျေနပ်အောင် သားအဖ နှစ်ယောက် မနည်း တောင်းပန်လိုက်ရတယ် ။ ထင်းမီး နဲ့ ဖုတ်ထားတဲ့ ငါးခြောက်ပြားလေးတောင် အဆစ်ပါသွားသေး ။ ဒါပေမယ့် ဦးအောင်ကြီး ခြံအပြင် ရောက်သွားချိန်မှာ ဦးလေးစံ စကားတစ်ခွန်းတုံ့ပြန်လိုက်တယ် ။

“ အေးပါ ... အောင်ကြီးရာ ... မင်း ကျဆုံးချိန် ရောက်တော့မှာပါကွ ” တဲ့ ။

•••••   •••••   •••••

တန်ဆောင်မုန်း ရဲ့ လပြည့်နေ့ ပီသစွာပဲ အလင်းရောင် မကုန်ခင်မှာပင် လမင်းကြီးက ကောင်းကင်ထက်မှာ နေရာ ယူနေတော့တယ် ။ စကား တပြောပြောနဲ့ ကြည်နူးရွှင်ပြစွာ လမ်းလျှောက်လာတဲ့ ဦးလေးစံ တို့ သားအဖ လမ်းသွယ် တစ်ခုထဲကို ချိုးကွေ့ ဝင်လိုက်တယ် ဆိုရင်ပဲ ...

“ ဟိတ်ကောင် ဖိုးစံ မင်း ငါ့ အိမ်ရှေ့ ဘာလာလုပ်တာလဲ ”

“ အမ် ... လုပ်ပြီ ... ဘိုးတော် ကတော့ ” ဟု ကျော်ကြီး တိုးတိုး ရေရွတ်တယ် ။ ဦးလေးစံ က ကျော်ကြီးကို ပြန်မပြော နဲ့ ဆိုတဲ့သဘောနဲ့ ခေါင်းခါ ပြတယ် ။ စကားကြောတွေ ပြိုင်ရှည်နေလို့လ ည်း အကျိုးမရှိဘူးလေ ။ ဒါနဲ့ ကျော်ကြီးလည်း တောင်ကြည့် မြောက်ကြည့် လုပ်ကာ မကြားချင်ယောင် ဆောင်လိုက်တယ် ။ ဒါပေမယ့်ဦးအောင်ကြီး က အလွတ်မပေး ။

“ ဘာလဲ ဖိုးစံ ... မင်း က ငါ့ အိမ်က ကြက်ခိုးဖို့ ယောင်လည်လည် လာလုပ်တာပေါ့လေ ဟုတ်လား ။ နောက်ကျသွားပြီ ဟေ့ကောင်ရေ ။ ငါ့ ကြက်တွေ အကုန် လုံး ရောင်းပြစ်လိုက်ပြီ အဟေးဟေး ... ”

“ မဟုတ်ပါဘူး ဖိုးစံရာ ။ ငါက မင်းလို ပန့်သကူသား မစားဘူးကွ ။ အကုသိုလ်ကြောက်တယ် ”

“ အမယ် အလာကြီးပါလား ။ ဒါဖြင့် ငါ့ အိမ်ရှေ့ ဘာလာလုပ်တာလဲ ”

“ ဟ ... မင်း အိမ်ရှေ့လို့ ဆိုတိုင်း ဖြတ်မလျှောက်ရဘူးလားကွ ။ ငါတို့က ဥပုသ်သီလ ယူပြီး လပြည့်ညကို အကျိုးရှိရှိဖြ တ်သန်းနေတာကွ ။ အေးအေးချမ်းချမ်း မေတ္တာကမ္မဋ္ဌာန်း စီးဖျန်းပြီး လမ်းလျှောက်နေတာ ။ သူများ ဒုက္ခပေးဖို့ စဉ်းစားပြီး အချိန် ကုန်နေတာ မဟုတ်ဘူး ”

ဦးလေးစံ ရဲ့ ထိထိမိမိ စကားလုံးတွေကြောင့် အပျော်လွန် နေတဲ့ ဦးအောင်ကြီး မျက်နှာ အမှည့် လွန်ပြီး ပေါက်ထွက်တော့မယ့် ခရမ်းချဉ်သီး လို ပြောင်းလဲသွားတယ် ။ ဒါ့အပြင် ..

“ အောင်မာ ... ခွေးပါးစပ်က နတ်စကား ထွက်လို့ ခိုးဦးမှာ ... ခိုးကို ခိုးဦးမှာ ... တောက် ” ဆိုကာ ဒေါနဲ့ မောနဲ့ အိမ်ထဲ ပြန်ဝင်သွားတယ် ။

ဒေါသအိုးကို စွမိတဲ့ ဦးလေးစံ ဒီနှစ်တော့ အခါတိုင်းနှစ် ထက် အကောင်ရေ ပိုဆုံးရှုံးတော့မှာ သေချာပြီ ။ ဒါပေမယ့် ဦးလေးစံ က ပြုံးပြုံးပဲ ။ ချောင်းဟန့်သံ ပြုပြီး ကျော်ကြီး ကို အချက်ပြ ခေါ်ကာ ဆက် ထွက်လာကြတယ် ။ ကောင်းကင်မှာ ထွန်းလင်းနေတဲ့ ကိုရွှေလမင်းကြီးကလည်း သူငယ်ချင်း နှစ်ယောက်ရဲ့ ရန်ပွဲလေးကို မသိတဲ့ အလား ပြုံးရွှင် ဝင်းပလို့ ။

“ အူး ... ဝူး ... ဝူး ... ”

ဆွဲဆွဲငင်ငင် အူချလိုက်တဲ့ ခွေးအူသံ ကြောင့် ဦးအောင်ကြီး  ငုတ်တုတ် ငိုက်နေရာက ဆတ်ကနဲ သတိ ဝင်သွားတယ် ။ ဒါ .. ရွာတောင်ပိုင်း က ... ဦးလေးစံ ရဲ့ ခွေး ဆိုတာ သေချာတယ် ။

ဦးအောင်ကြီး  အိပ်ချင်စိတ် ပြေအောင် မျက်လုံးကို လက်ခုံနဲ့ ဖိပွတ်တယ် ။ နောက်တော့ ဘေးနား အသင့်ချထားတဲ့ ပီနံအိတ်ကို ကောက် ဆွဲတယ်ရင်း သူ့ သမီး လက်ဆောင် ပေးထားတဲ့ နောက်ဆုံးပေါ် ဆိုတဲ့ ဆော့ပန်လိုလို ဓာတ်မီးလေးကို အာဘွား တစ်ချက် ရှလူးပြီး ခါးကြား ထိုးလိုက်တယ် ။ ဦးအောင်ကြီး ခြေလှမ်းတွေက ရွာတောင်ပိုင်း ဆီသို့ ။

ဦးအောင်ကြီး အတွက်က နာရီနှိုးစက် မလို ။ ဒီလို အချိန်ဆို ဦးလေးစံ ခွေးက သေသွားတဲ့ ချစ်သူကို သတိရ သလိုမျိုး လွမ်းလွမ်းဆွေးဆွေး အူတတ်တယ် ။ ဒါဆို ဦးအောင်ကြီး အတွက် အလုပ် ဖြစ်ပြီပဲ ။ ဦးလေးစံ တို့ သားအဖလည်း ခွေးအူလို့တော့ ထ ကြည့်ရိုး ထုံးစံ မရှိ ။ သိတဲ့အတိုင်း ရွာက ကာလသားလေးတွေ ဘူးသီး နဲ့ ကြက်သား ကာလသားဟင်းအတွက် ကြိုးစားနေချိန်လေ ။ သဘောထား ကြီးစွာနဲ့ အိပ်ရေး ဝအောင် အိပ်တယ် ။ ကိုယ့် ရပ်ရွာသားတွေ အပေါ် ပျော်စေချင်တဲ့ စိတ်စေတနာက လေးစားလောက်ပါရဲ့ ။ ဒါကိုတော့ဖြင့် ဦးအောင်ကြီး သိမည် မထင် ။ အရိုးကွဲအောင် အေးတဲ့ ရာသီချိန်ခါမျိုး မှာ ပုဆိုးခြုံပြီး သွားနေတဲ့ ဦးအောင်ကြီး ကို ဦးလေးစံ သာ တွေ့ရင် သနား နေမလားပဲ ။ ပတ်ဝန်းကျင် က တိတ်ဆိတ်ငြိမ်သက်လွန်း နေပြီး ခြောက်ခြားစရာပင် ကောင်းနေသေးတော့ ဦးအောင်ကြီး  စိတ်ထဲ လေးလေးကြီး ဖြစ်သွားတယ် ။ ဘိုနီကို လှမ်းကြည့်တော့ ဆင် အော်ရင်တောင် မနိုးမယ့်ပုံနဲ့ မီးပုံဟောင်းရဲ့ ပြာပုံထဲ အကျအန နှပ်လို့ ။

အခြေအနေကတော့ ကျေနပ်စရာ ကောင်းနေပြီ ။ ဒူးခေါင်းလောက် ရှိတဲ့ ခြံစည်းရိုး ကို ကျော်ဝင်ပြီးတဲ့ အထိ အေးဆေးပဲ ။ ခြံထဲ ရောက်တော့မှ ငါ့များ သေချာ ထောင်ဖမ်းသလား ဆိုတဲ့ စိတ်နဲ့ ခဏ ငြိမ်ပြီး အကဲခတ် နေလိုက်သေး ။ ဟောက်သံလေး ပျံ့လွင့်လာတော့မှ အိမ်နောက်ဖေးဘက် ပတ်ဝင်လိုက်တယ် ။ အနာဂတ်ကို ကြိုမသိနိုင်တဲ့ ကြက်တွေ ကတော့ ခြံထဲမှာ စိတ်အေးသက်သာ အိပ်တန်းတက် နေရာပေါ့ ။ ဦးအောင်ကြီး သူ့ လက်ကို မြွေတစ်ကောင် လို ခြံထဲတွားသွား လိုက်ပြီး ကျွမ်းကျင်သူတွေရဲ့ စကေးမျိုး နဲ့ လှုပ်ရှားလိုက်တယ် ။ ကြက်တွေ ဂစ်ခနဲ တောင် အသံ မထွက်နိုင်ဘဲ ပီနံအိတ်ထဲ ရောက်သွားကြရတယ် ။

“ ဟင်း ... ဟင်း .. ဟင်း ”

ဦးအောင်ကြီး တစ်ယောက် သူ့ လုပ်ရပ် သူ ကျေနပ်အားရစွာ ဖြေးဖြေးချင်း ရယ်နေလိုက်သေး ။ နောက်တော့ အလာတုန်း ကလို တိတ်ဆိတ် သွက်လက်စွာနဲ့ အိမ်ဆီသို့ ။ အပြန်လမ်း တစ်လျှောက်မှာလည်း ပီတိတွေ ဖုံးလို့ ။

“ အင်း ... ကြက်က ငါးကောင်တောင် ဆိုတော့ အလိမ္မာလေး မနိုးအောင် ဂရုစိုက်ရမယ် ။ သင်းက သူများအသက် သ,တ်တာ ကြိုက်တာ မဟုတ်ဘူး ။ သူ့ အမေလိုပဲ ... ဟူး .. ”

ဦးအောင်ကြီး  သက်ပြင်း ကို လေးလေးတွဲတွဲ ချလိုက်မိတယ် ။ အတွေးစက လမ်းကြောင်း မှားပြီး ကွယ်လွန်သွားရှာပြီ ဖြစ်တဲ့ ချစ်ဇနီးထံ ရောက်သွားခြင်းကြောင့် လေ ။ အလိမ္မာလေးသာ ဒီ ကြက်တွေကို မြင်ရင် သူ့အမေ လိုပဲ တစ်ပျစ်တောက်တောက် လုပ်တော့မှာ အသေအချာ ...  ။

“ ဟင် ... ! ”

ခပ်ကုတ်ကုတ် ပုံးလျိုးကွယ်လျိုး ဝင်လာတဲ့ ဦးအောင်ကြီး  ထွန်းထားတဲ့ ဘက်ထရီမီး အလင်းရောင်ကြောင့် ရုတ်တရက် လန့်ဖြတ်သွားတယ် ။ အလိမ္မာလေး နိုးနေပြီပဲ ။

“ နားပူတော့မှာပဲကွာ ... ”

ကြက် ထည့်ထားတဲ့ အိတ်ကို အိမ်ပေါက်ဝ ဖိနပ်ချွတ်မှာ အသာ ချရင်း ..

“ အလိမ္မာလေး နိုးနေတာလား ... ဖေကြီးက အိပ်မပျော်လို့ လမ်းထွက်လျှောက် .. လျှောက် ... ဟယ် ... အင် ... ဒါက ဘာ စာကြီးတုန်း ”

ဟုတ်ပါရဲ့ ။ အိမ်ရှေ့ခန်း နံရံမှာ တုတ်နဲ့ ထိုးကပ်ထားတဲ့ စာတစ်စောင် ။ အလိမ္မာ ကိုတော့ မမြင်မိသေး ။

“ မှန်းစမ်း ... ဖတ်ကြည့်စမ်းမယ် ။ ဘာတဲ့ ” ဆိုကာ ဘုရားစင်ရှေ့ ယူသွားပြီး မျက်မှန် ကောက်တပ်လို့ ဖတ်ကြည့်တယ် ။

“ အဖေ ... အဖေ ဦးလေးစံ ခြံထဲ ကြက်သွား ခိုးပြီ ဆိုတာ သမီး သိပါတယ် ။ အဖေ့ကို ဘယ်လိုပဲ ဖျောင့်ဖျဖျောင့်ဖျ နောင်လည်း ဒီလိုပဲ ဆက်လုပ်နေမယ်မို့လား ။ ငရဲက နေမှာမဟုတ်ဘူး အဖေ ။ အဖေ့ကြောင့်တော့ ခက်ပါတယ် ။ သူများပစ္စည်း ခိုးတာက တစ်မျိုး ၊ သူများအသက် သ,တ်တာက တစ်မျိုး ၊ ခိုးကာနီး ရန်သွားစတာက တစ်ဖုံ ။ ကြာတော့ မျက်နှာ ပူလှပြီ ။ ကျော်ကြီးက ပြောတယ် ။ အားနာဖို့ သင့်နေပြီတဲ့ ။ နောက်ပြီး အားနာတတ်ရင် သူ့ ခိုးရာ လိုက်ခဲ့တော့တဲ့ ။ အဖေ စိတ်ပြေတာကို စောင့်ရင်း ကျော်ကြီး နဲ့ ကြိုက်နေတာ ကြာခဲ့ပြီ အဖေ ။ အခုတော့ အခြေအနေက ထူးမလာဘူး ။ မျက်နှာလည်း မပူချင်တော့လို့ အဖေ့အကျွေးကို ဆပ်တဲ့ အနေနဲ့ ကျော်ကြီး နောက်ကို လိုက်သွားပါပြီ ။ အဖေ အနာဂတ် ကောင်းဖို့ အတွက်ပါ ။ အမျိုးတွေ ဖြစ်သွားပြီ ဆိုတော့ အဖေ စိတ်ကြိုက် ယူလို့ ရပြီ ။ နောင်နှစ်တွေ ခိုးစရာ မလိုတော့ဘူးပေါ့ ။ အဖေ့ရဲ့ သမီး အလိမ္မာလေး ”

“ အလိမ္မာ ... ခွေးသမီး ... အဲ ... အဲ ... ခွေးထက် မိုက်တဲ့ သမီး .. ခွေးထက်မိုက်တဲ့သမီး ... ! ကျော်ကြီး နဲ့ ဖိုးစံ မင်းတို့ ငါ့အကြောင်း ကောင်းကောင်း သိစေရမယ်ကွ ... ခွေးထက်မိုက်တဲ့သမီး ... ဂွီး ... ဂွီး ... ဂစ် ... ဂစ် ...... ”

•••••   •••••   •••••

စာဖတ်သူအတွက် မေတ္တာ ဖြင့် ပျိုးသော ပန်းတစ်ခင်း ။

▣ ပန်းမြတ်သော်တာ
    ( ၁၅ . ၁၀ . ၁၇ )
📖 တစ်ယောက် တစ်ဘဝ ( ၂ )

No comments:

Post a Comment