Sunday, November 30, 2025

သားအလိမ္မာ လင်ပန်

 

❝ သားအလိမ္မာ လင်ပန် ❞
            ( ပုံပြင် )

ရှေးသရောအခါ လင်ပန် ဟူသော လယ်သမားကလေး တစ်ယောက် ရှိလေ၏ ။ လင်ပန်သည် ငယ်ရွယ်စဉ် ဖခင် သေဆုံးခဲ့သဖြင့် မိခင်ကြီးနှင့် နေထိုင်ရလေ၏ ။ မိခင်မုဆိုးမကြီးသည် ဆွေမျိုးများကို မမှီခိုဘဲ ဖြစ်သလို လုပ်ကိုင် နေထိုင်လေ၏ ။ လင်ပန် အတော် ကြီးလာသောအခါ မိခင်ကြီးသည် လယ်အလုပ်ကို သူကိုယ်တိုင် မလုပ်တော့ဘဲ သားလင်ပန်ကို လုပ်ခိုင်းကာ သူကိုယ်တိုင် မှာမူ အိမ်အလုပ် ကိုသာ လုပ်ကိုင်လေ၏ ။ နေ့စဉ် ထမင်းဟင်းများ ချက် ပြီးလျှင် လယ်လုပ် သွားသော လင်ပန် ရှိရာသို့ အပို့လာသည် ။ အသက်အတန် ငယ်ကြီးလာသော အခါ၌ မိခင်ကြီးသည် အိမ်အလုပ်ကိုပင် ကောင်းစွာ မလုပ်နိုင်တော့ဘဲ အနားယူရလေသည် ။ ထိုအခါ လင်ပန်သည် မိခင်ကြီး လုပ်နေသော အိမ် အလုပ်တို့ကို သူကိုယ်တိုင်ပင် ဝင်၍ လုပ်လေသည် ။ နေ့စဉ် မနက်စောစော ထပြီးလျှင် မိခင်ကြီး အတွက် ဆန်ပြုတ်ပြုတ်ပြီးမှ လင်ပန် လယ်ထွန် ထွက်နိုင်လေသည် ။

လင်ပန်သည် လယ် ကိုလည်းလုပ် ၊ အိမ်အလုပ် ကိုလည်း လုပ်ရကာ မနားရ သော်လည်း တစ်ချက်မှ ညည်းညူသည် ဟူ၍ မရှိဘဲ အမြဲပင် ကြည်ကြည်ဖြူဖြူ ရှိလေသည် ။ ဤသို့ဖြင့် လင်ပန်တို့သားအမိ၌ စိတ်လက်အေးချမ်းစွာ နေလာရင်း ပစ္စည်းကလေးများ စုမိလာလေ၏ ။ သူ့အတွက် အဝတ်ကောင်းများ ၊ မိခင်ကြီးအတွက် အဝတ်ကောင်းများ အပြင် စားစရာများ ကိုလည်း ကောင်းစွာ သိုမှီးထားရှိလေ၏ ။ ထိုသို့ လိုရာ ပစ္စည်းကလေးများကို ဝယ်ခြမ်းနိုင်သည့် အပြင် ငွေစကြေးစများလည်း အတော်ပင် စုဆောင်းမိလေ၏ ။ လင်ပန်သည် စုထားသော ငွေစများကို အိုးတစ်လုံးတွင်ထည့် ၊ အိပ်ရာအောက်၌ သိမ်းထားလေ၏ ။

အရပ်ထဲ၌ လင်ပန်တို့ သားအမိ၌ ငွေစကြေးစများ စုမိနေပြီ ဖြစ်သည်ကို ပြောကြလေ၏ ။ ထိုအကြောင်းကို မကြာခင်မှာပင် လူဆိုးများ သိသွားလေ၏ ။ လူဆိုးဓားပြတို့သည် တစ်ည၌ လင်ပန်တို့ အိမ်ကလေး ရှိရာသို့ လာ၍ ချောင်းကြည့်လေသည် ။ ညသန်းခေါင်ယံ အချိန် ကြက်တွန်ပြီးသောအခါ ဓားပြတို့သည် လင်ပန်တို့ အိမ်ကလေး အတွင်းသို့ တွန်းဝင်လာခဲ့ကြလေသည် ။ ဓားပြတို့လည်း လင်ပန်ကို တိုင်တွင် ကြိုးဖြင့် တုပ်ချည် ထားလိုက်ကြသည် ။ လင်ပန်၏ မိခင်ကြီး ကိုလည်း ထိုနည်းအတူ တုပ်ချည်လိုက်ကြသည် ။ လင်ပန်သည် ဓားပြတို့ ဝင်လာ ကတည်းက သိသော်လည်း အော်ရန် မကြိုးစားပေ ။ သူ အော်လိုက်ပါကလည်း သူတို့၏ တဲနီးချင်းများမှာ အတန် ဝေးသည် ဖြစ်သောကြောင့် မထူးတော့ဘူးဟု တွေးကာ မအော်ဘဲ နေခြင်းသာ ဖြစ်လေသည် ။

ဓားပြတို့သည် အိမ်ထဲရှိ ပစ္စည်းများကို မွှေနှောက်ကာ ယူကြလေ၏ ။ သူတို့သည် ကြမ်းပေါ်တွင် စောင်ကြီး တစ်ထည်ကို ဖြန့်ခင်းလိုက်ကြပြီးသောအခါ ဆွဲယူလာသော ပစ္စည်းများကို ထိုစောင်ကြီး ထဲသို့ ပစ်ထည့်လိုက်ကြလေ၏ ။ လင်ပန် အတွက် ဝယ်ထားသော ပိုးရင်ဖုံး အင်္ကျီ ၊ ပိုးဖိနပ်များ ၊ မိခင်ကြီး အတွက် ဝယ်ထားသော အင်္ကျီ ၊ ဘောင်းဘီနှင့် စောင်များကို ဆွဲယူ လာကြသည် ။ အိပ်ရာ အောက်မှာ သိမ်းထားသော ငွေစအိုးကိုလည်း ဓားပြတို့ တွေ့သွားကြသည် ။ လင်ပန်သည် ဓားပြတို့ လုပ်သည်ကိုသာ ဘာမဆို ငေးကြည့်လျက် ရှိလေ၏ ။ ဓားပြတို့ လည်း အိမ်ထဲတွင် ရှိသည်များကို လိုက်၍ ယူငင်ကြပြီးနောက် မီးဖိုချောင် ဘက်သို့ လှည့်ဝင်ကြသည် ။ သူတို့သည် မီးဖိုချောင် ထဲရှိ ပစ္စည်းများ ကိုလည်း လိုက်၍ မွှေနှောက်ကြလေသည် ။ ပန်းကန်ခွက်ယောက်များ ၊ ရေအိုးများမှ အစ တစ်ခုမကျန် လိုက်၍ ကောက်ယူ နေကြလေသည် ။ ဓားပြ တစ်ယောက်သည် အိုးခွက်များ ဆီသို့ သွား၍ မွှေနှောက် နေလေ၏ ။ ဓားပြဗိုလ်သည် မီးဖို ချောင်ထဲရှိ အိုးများကို ယူထုတ်လာလေ၏ ။ ထိုအိုးများထဲ၌ လင်ပန်၏ မိခင်ကြီးကို ဆန်ပြုတ် ပေးရသော ကြေးအိုးကလေး တစ်လုံး ပါလာလေ၏ ။ လင်ပန် လည်း ထိုကြေးအိုးကလေးကို မြင်လိုက်ရသောအခါ များစွာ ဝမ်းနည်း သွားလေ၏ ။ ဓားပြတို့သည် အိမ်ထဲမှ ပစ္စည်းများကို လိုက်၍ ကောက်ယူနေကြသည်မှာ ဘာတစ်ခုမျှ မကျန်တော့ချေ ။ ဘာတစ်ခုမျှ မကျန်တော့ဘဲ ပစ္စည်းများ ဓားပြတို့ လက်သို့ ပါသွား သော်လည်း သူ ဝမ်းမနည်း ၊ မကြာမီ အလုပ်လုပ်လျှင် ပြန် ၍ရနိုင်သေးသည် ။ သို့ရာတွင် မိခင်အိုကြီး အတွက် မနက်ဖြန် ဆန်ပြုတ် ထပြုတ်ရမည့် ထို ကြေးအိုးကလေးကိုမူ မည်သည့် နည်းနှင့်မျှ ဓားပြတို့လက်သို့ အပါမခံနိုင်ချေ ။ အိုး မရှိလျှင် မနက်စောစော သူ လယ်ထွန်ထွက် မသွားမီ မိခင်ကြီး အတွက် ဆန်ပြုတ် ပြုတ်နိုင်တော့မည် မဟုတ်ပေ ။ မိခင်ကြီးသည် အချိန်နှင့် မစားရလျှင် မည်မျှ ဆာလောင်လေမည်နည်း ။ လူအိုများသည် အဆာ မခံနိုင်ကြသည်ကို လင်ပန် သိသည် ။ ထိုကြောင့် ဓားပြဗိုလ်က မိခင်ကြီး၏ ကြေးအိုးကို ကိုင်လာသည်နှင့် တစ်ပြိုင်နက် လင်ပန်သည် သူ တွေးမိလာသည့် အတိုင်း မပေးနိုင်ကြောင်းကို ပြောလိုက်လေ၏ ။

“ ဒီအိုးကလေး ကိုတော့ မယူပါနှင့်ဗျာ ၊ တခြား ဘာကိုပဲယူယူ ဒီအိုးကလေးကိုတော့ ပြန်ပေးခဲ့ပါ ၊ ကျွန်တော်တို့ အသက်ကို ချမ်းသာပေးတာကိုလည်း အင်မတန် ကျေးဇူးတင်ပါတယ် ” ဟု သနားစဖွယ် အော်၍ ပြောလေ၏ ။ ဓားပြဗိုလ်ကလည်း ကြေးအိုးကလေးကို လက်မှ မချလိုက်သေးဘဲ “ ဟား ... ဟား ... ဟား ... ဟား ” ဟု ရယ်လိုက်လေ၏ ။ ရယ်ပြီးနောက် သူက “ ဟေ့ .. နေစမ်းပါဦးကွ ၊ မင်းက ရှိသမျှ ပစ္စည်းတွေ ကိုတော့ ယူတာ မနှမြောဘဲနှင့် ဒီဘာ မဟုတ်တဲ့ ကြေးအိုးကလေး ကျမှ ဘာကြောင့်များ ပြန်တောင်း နေရတာလဲ ” ဟု မေးလေ၏ ။ လင်ပန် ကလည်း “ ဒီ ကြေးအိုးကလေးက ကျွန်တော့် အမေကို မနက်တိုင်း ဆန်ပြုတ်ပေးရတဲ့ အိုးကလေး မို့ပါခင်ဗျာ ၊ နက်ဖြန်ဟာ ဆိုရင် အမေ့အတွက် ချက်ချင်း ဆန်ပြုတ် ပေးနိုင်မှာ မဟုတ်လို့ ပြန်တောင်းရတာပါ ” ဟုပြောလေ၏ ။ ဓားပြဗိုလ်လည်း ကြေးအိုးကလေးကို လက်မှ ချလိုက်ကာ စဉ်းစားနေ၏ ။ လင်ပန် ကလည်း သူ့ အိုးကလေးကို ရတော့မည်ဟု တွေးတောကာ ဝမ်းသာနေလေ၏ ။ ဓားပြဗိုလ်လည်း မိခင်ကြီး အတွက် မနက်ဖြန် ဆန်ပြုတ် မပြုတ်ရမည်ကို ပူပင်နေသော လင်ပန် ကို တွေးနေလေ၏ ။ “ အင်မတန်မှ မိခင်ကို ပြုစုချင်တဲ့ လူကလေးပါကလား ၊ ဒီလူကလေးဟာ လူကောင်းလေး တစ်ယောက်ပဲ ၊ သူ့လို မိခင်ကို လုပ်ကျွေးနေတဲ့ လူကောင်းကလေးရဲ့ ပစ္စည်းတွေ ကိုသာ ငါတို့ တိုက်ယူသွားကြမယ် ဆိုရင် အင်မတန် ကြောက်စရာ ကောင်းမှာပဲ ၊မကောင်းမှုဟာ ငါတို့ကို လိုက်ပြီး နှိပ်စက်တော့မှာ မလွဲဘူး ” ဟု စဉ်းစားမိလာသည့် အလျောက် လင်ပန် ကို သနားလာကာ “ ဟေ့ ... မင်းမိခင် အတွက် မနက်ဖြန် ဆန်ပြုတ် ပြုတ်ပေးဖို့ အိုးကလေးကို ငါတို့ မယူတော့ပါဘူးကွာ ၊ အိုးတင် မဟုတ်ဘူး ၊ တခြား ဘာကိုမှ ငါတို့ မယူတော့ပါဘူး ၊ ကဲ ... ကဲ ... မင်းနှင့် မင်းအမေ ကိုလည်း ငါတို့ လွှတ်ပေးခဲ့မယ် ၊ ကောင်းကောင်း နေကြပေတော့ ” ဟု ပြောပြီးလျှင် ဓားပြဗိုလ် ကိုယ်တိုင် လင်ပန် နှင့် သူ့မိခင်ကြီးကို ကြိုးဖြေ ပေးလေ၏ ။ ဓားပြဗိုလ် နှင့် တပည့်တို့လည်း လင်းကြက် မတွန်မီ အိမ်ကလေးမှ ထွက်ခွာ သွားကြလေသတည်း ။

( ဘာသာပြန် )

〇 နုယဉ်
📖ရှုမဝ မဂ္ဂဇင်း
     ၁၉၆၂ ၊ မေ

No comments:

Post a Comment