❝ ချစ်တဲ့နှလုံးသားက တင်းမာနေတယ် ❞
( ထက်မြတ်နိုင်ဇင် )
( ၁ )
ကျွန်မရဲ့ ယူနီဖောင်းလက်မောင်းက Security ဆိုတဲ့ လက်ပတ်ကလေးက နည်းနည်း ချောင်ကျနေတာ နဲ့ ပြန်ဆွဲတင်ပြီး ပတ်လိုက်ရတယ် ။ ဟုတ်ပါတယ် ။ ကျွန်မက ဟောဒီ shopping Mall ကြီးမှာ အမျိုးသမီး လုံခြုံရေးဝန်ထမ်း အဖြစ် အလုပ်ဝင်နေတာ ၆ လလောက် ရှိနေပါပြီ ။
ပြီးခဲ့တဲ့ ၁၀ တန်း စာမေးပွဲကိုတောင် မဖြေလိုက်ရဘဲ မိသားစု စီးပွားရေး အခြေအနေကြောင့် ကျောင်းထွက်ပြီး အလုပ်ဝင်လိုက်ရတာပါ ။ အလုပ် စဝင်ခါစ နေ့ကဆို ကျွန်မတို့ကို အုပ်ချုပ်တဲ့ supervisor မအေးမော် က တောင် ပြောသေးတယ် ။
“ အမယ်လေး မေဇွန်ရယ် ... နင်ကများ လုံခြုံရေး ဝန်ထမ်း လာလုပ်ရတယ်လို့ ။ နင့်ကို ကြည့်တော့ဖြင့် ဖြူဖြူနုနုနဲ့ ကြွေရုပ်လေး ကျနေတာပဲ .. မသကာ ကုမ္ပဏီလေး ဘာလေးမှာ သွားလုပ်ပါတော့လား ”
“ လုပ်ချင်တာပေါ့ အစ်မရယ်.... ဒါပေမဲ့ အစ်မ လည်း သိတဲ့အတိုင်းပဲ ။ ကုမ္ပဏီအလုပ် ဆိုတာ ဘွဲ့ရမှ ၊ ကွန်ပျူတာ တတ်မှ ၊ အင်္ဂလိပ်စကား ပြောတတ်မှ ဖြစ်မှာ မဟုတ်လား ။ အခု ကျွန်မက ၁၀ တန်းတောင် မအောင်တော့ ရရာ အလုပ်ကိုပဲ လုပ်ရတော့တာပေါ့ ။ ဟိုအလုပ် ဒီအလုပ် ချေးများနေလို့ မရဘူးအစ်မရေ ... ထမင်းက နေ့တိုင်း စားနေရတာ မဟုတ်လား ”
“ အေးလေ ... ဒါပေမဲ့ မသိရင် နင့်ကို လုံခြုံရေးလို့ ထင်မှာ မဟုတ်ဘူး ။ တက္ကသိုလ် ကျောင်းသူလား ဘာလား ထင်မှာ ။ နင်ကလည်း လုပ်စရာ အလုပ်ရှားလို့ ဟယ် ... ၁ဝ တန်းလေး ပြန်ဖြေပါတော့လား ”
မအေးမော်က ကျွန်မကို ခင်မင်စိတ်နဲ့ မချင့်မရဲ ပြောနေပေမဲ့ ကိုယ့် မိသားစုအကြောင်း ကိုယ်သာ အသိဆုံးမို့ ခေါင်းငုံ့ပြီး ငြိမ်နေလိုက်ရတယ် ။ စိတ်ထဲကတော့ "အစ်မရယ် .. ကျွန်မလည်း အစ်မ ပြောသလို တက္ကသိုလ်ကျောင်းသူ ဖြစ်ချင်တာပေါ့ ။ လှချင်လို့ ကြွားချင်လို့ မဟုတ်ပါဘူး ။ ကျွန်မလည်း ပညာတတ် ဖြစ်ချင်တာပေါ့ ။ ကိုယ့်ဘဝရဲ့ အလင်းအမှောင်ကို ပညာ တတ်တဲ့ ကိုယ့် ဦးနှောက်နဲ့ပဲ ဆုံးဖြတ်ချင်တယ် ။ အဲ့ဒီ ဘဝကို ရောက်ဖို့ မနည်းရုန်းကန်ရဦးမယ် ” လို့ စိတ်ထဲမှာ တီးတိုး ပြောနေမိတယ် ။
ဟော ... ဟိုမှာ ကြည့်စမ်းပါဦး ။ shopping Mall ရဲ့ ကားပါကင်မှာ နောက်ဆုံးပေါ် ကားအသစ်စက်စက်လေးတစ်စီး ထိုးဆိုက်လာပြီ ။ ပျိုမျစ်နုနယ်တဲ့ ကောင်လေးနဲ့ ကောင်မလေး စုံတွဲဟာ shopping mall ဆီကို ဝင်လာနေတယ် ။
တစ်ယောက်လက်ကို တစ်ယောက် တွဲပြီး ရယ်လို့ မောလို့ ။ ဪ .. သူတို့ ဘဝတွေကတော့ ကြည်နူးစရာ ကောင်းလိုက်တာနော် ။ လှပတဲ့ ကံကြမ္မာနဲ့ စီခြယ်ထား ကြတာကိုး ။ ကောင်မလေးက ကျွန်မ အနားက ဖြတ်သွားတော့ သင်းပျံ့တဲ့ အမျိုးအမည် မသိတဲ့ ရေမွှေးနံ့က လေပြည်ထဲမှာ ဝေ့သွားတယ် ။
ကျွန်မရဲ့ ယူနီဖောင်းလေး ကတော့ ချွေးတွေနဲ့ စိုလို့ ပေါ့ ။ ဒါပေမဲ့ ဒီ ချွေးစက်တွေဟာ လေဖြတ်ထားတဲ့ အဖေ ... အဆုတ် ရောဂါကြောင့် ချောင်း တဟွတ်ဟွတ် ဖြစ်နေတဲ့ အမေနဲ့ ကျောင်းတက်ခါစ မောင်လေး အတွက် ကျရတဲ့ ချွေးစက်တွေပဲ ။ ဘဝသုံးခု ပေါင်းထားတဲ့ ချွေးစက်တွေမို့ ဟိုကောင်မလေး ဆွတ်ထားတဲ့ ရေမွှေးထက်တော့ တန်ဖိုးကြီးပါတယ်လို့ တွေးရင်း အားငယ်စိတ်ကို ပြန်တင်းလိုက်ရတယ် ။
ဟုတ်တယ်လေ ... ။
လူရဲ့တန်ဖိုးကို ဆုံးဖြတ်တာက စီးတဲ့ ကားတွေ ၊ ဆွတ်တဲ့ ရေမွှေးတွေ ၊ ပန်ထားတဲ့ စိန်နားကပ်တွေ ၊ ဝတ်ဆင်ထားတဲ့ အဝတ်အစားတွေနဲ့ ဆုံးဖြတ်တာမှ မဟုတ်ဘဲ ။ ကိုယ် ဘာလုပ်နေသလဲ ဆိုတဲ့ အချက်နဲ့ပဲ တိုင်းတာ ဆုံးဖြတ်တာ မဟုတ်လား ။
ဟော ကြည့်လေ .. ။
အသက် ( ၅၀ ) အရွယ်လောက် အမျိုးသမီးကြီး တစ်ယောက် ။ လက်မှာလည်း ရွှေလက်ကောက်တွေ တဝင်းဝင်း နဲ့ တံတောင်ဆစ်ကွေး အထိ ရောက်တော့ မတတ် စီနေတာပဲ ။ ခေါင်း ဘယ်ညာခါ ရမ်းလိုက်တိုင်း နားနှစ်ဖက်က စိန်နားကပ်ကြီးတွေကလည်း ဝင်းခနဲ လက်သွားသည် ။ ပခုံးမှာ လွယ်ထားတဲ့ လက်ပွေ့အိတ်ကြီးကလည်း ငါးသောင်း ခြောက်သောင်း ထက်တော့ မလျော့ဘူး ထင်ပါရဲ့ ။
အဲဒီ အမျိုးသမီးကြီးက သင်းသင်းအေး တို့ရဲ့ Mobile Hardsets ကောင်တာရှေ့မှာ ရပ်ပြီး ဝယ်မလိုလိုနဲ့ ဖုန်းတွေ တစ်လုံးပြီး တစ်လုံး ထုတ်ပြ ခိုင်းနေတာ ၊ စမ်းကြည့်လိုက် ၊ ပြန်ချထားလိုက်နဲ့ မကြိုက်မချင်း ရွေးနေမယ့် ပုံပေါ့လေ ။ အဲ တခြား ဝယ်သူတွေ ကျလာလို့ သင်းသင်းအေး က အာရုံပြောင်းသွားရော ။ အဲဒီ့ အမျိုးသမီးကြီးက ဖျတ်ခနဲ ဟန်းဆက် တစ်လုံးကို ယူပြီး သူရဲ့ လက်ပွေ့အိတ်ထဲကို အလျင်အမြန် ထည့်လိုက်တာကို ကျွန်မ တွေ့လိုက်ရတယ် ။
ဒါကို မြင်လိုက်ရတဲ့ ကျွန်မက ချက်ချင်းပဲ supervisor မအေးမော် ဆီကို အကြောင်းကြားလိုက်တော့ မအေးမော် က “ သူ အခုချက်ချင်း လာခဲ့မယ် ။ ထွက်မသွားအောင် ထိန်းထားပါ ” ဆိုတာနဲ့ ကျွန်မလည်း Mall ထဲက ထွက်ဖို့ ပြင်နေတဲ့ အန်တီကြီး ရှေ့က ပိတ်ရပ်လိုက်ရင်း ...
“ အန်တီ... သမီးနဲ့ ရုံးခန်းကို ခဏလောက် လိုက်ခဲ့လို့ ရမလားရှင် ”
“ ဘာလဲ ဘာကိစ္စ လိုက်ရမှာလဲ .. လုံးဝ မလိုက်ဘူး ”
သူက ပြန်ပြီး ဟိန်းဟောက်တဲ့ အသံက ထန်တွေ မာန်တွေ အရှိန်လွန်ပြီး ကျယ်လောင်နေတာမို့ ဘေးလူတွေက ဝိုင်းကြည့်ကုန်ကြတယ် ။ ကျွန်မလည်း မပြော ရင် မဖြစ်တော့တာမို့ ...
“ စိတ်မရှိပါနဲ့ အန်တီ.. ရုံးခန်းကို မလိုက်ရင်လည်း အန်တီ့ အိတ်ကို တစ်ချက် ရှာခွင့်ပေးပါ ”
“ ဘာ ... ဘာပြောတယ် ။ နင်က ငါ့ကို ဘာမှတ်နေသလဲ ။ နင့်လို အဆင့်အတန်းကများ ငါ့အိတ်ကို ရှာမယ်လေး ဘာလေးနဲ့ ။ ငါ စီးတဲ့ ဖိနပ်တစ်ရန်က နင့်လုပ်အားခ တစ်လခတောင် မကဘူး သိရဲ့လား ”
အဲဒီမှာတင် ဂုဏ်သရေရှိ အမျိုးသမီးကြီးဟာ အကြီးအကျယ် ပေါက်ကွဲတော့တာပဲ ။ ကျွန်မကိုလည်း လက်ညှိုး ငေါက်ငေါက် ထိုးပြီး အယုတ္တ အနတ္တ မျိုးစုံဆဲ ဆို လိုက်တာလည်း ရစရာကို မရှိပါဘူး ။
“ ဟုတ်ပါတယ် အန်တီ .. သမီးရဲ့ လစာတစ်လစာ အန်တီရဲ့ ဖိနပ် တစ်ရန်ဖိုးတောင် မရှိဘူးဆိုတာ မှန်ပါ လိမ့်မယ် ။ ဒါပေမဲ့ အဲဒီ ဖိနပ်တစ်ရန်ဖိုးစာ လခလေးကိုပဲ တာဝန်ကျေအောင် သမီး မှန်မှန်ကန်ကန် ကြိုးစားနေ တာပါ ”
ကျွန်မက ပြောလည်း ပြောရင်း သူ့လက်ပွေ့အိတ် ကိုလည်း ဆွဲယူပြီး စောစောက ကောင်တာ ကနေ အလစ်သုတ်သွားတဲ့ Handset ကို နှိုက်ယူလိုက်ပါတယ် ။ ချက်ချင်းပဲ မန်နေဂျာ ရောက်လာပြီး အဲ့ဒီ အန်တီကြီးကို သူ့ ရုံးခန်းထဲ ခေါ်သွားတယ် ။
အဲ့ဒီအချိန်မှာပဲ ကျွန်မကို တစ်ယောက်ယောက်က ကြည့်နေသလို ခံစားရလို့လှည့်ကြည့်လိုက်တော့ Revolon ကောင်တာမှာ ယောက်ျား အသုံးအဆောင် ပစ္စည်း တွေ ဝယ်နေတဲ့ သူ့ကို သတိထားလိုက်မိတယ် ။ သူ့မျက်လုံးတွေက စူးရှတောက်ပပြီး အသက်ဝင်လွန်းတယ် ။ သူက ကျွန်မကို တော်တော်ကြာကြာ ကြည့်နေပြီး တစ်ချက် ပြုံးပြတယ် ။ ပြီးတော့ သူ ဝယ်စရာရှိတာ ဝယ်ပြီး mall ထဲက ထွက်သွားတယ် ။
ကားပါကင်ဆီ ရောက်တော့ သူက Mark II ရွှေငါးကား အကောင်းစားကြီးကို မောင်းထွက်သွားတာ တွေ့လိုက်ရတယ် ။
••••• ••••• •••••
( ၂ )
နောက်တစ်နေ့လည်း ကျွန်မ အလုပ်လုပ်တဲ့ shopping mall ကို သူ ရောက်လာပြန်တယ် ။ ကျွန်မ တာဝန် ထမ်းဆောင်နေတဲ့ နေရာနဲ့ မလှမ်းမကမ်းမှာ ရှိတဲ့ အင်္ကျီကောင်တာမှာ အင်္ကျီရွေးရင်း တစ်ချက်တစ်ချက် ကျွန်မ ကို လှမ်းလှမ်း ကြည့်နေတယ် ။ သူ့ပုံစံက အသားခပ် လတ်လတ် ၊ အရပ်မြင့်မြင့် ၊ ကိုယ်ဟန် မတ်မတ်နဲ့ ယောက်ျားပီသတဲ့ ရုပ်မျိုး ။ ပြီးတော့ သူ့ကို မြင်လိုက်တာ နဲ့ သာမန် အဆင့်အတန်းထဲက မဟုတ်ဘူးဆိုတာ သိသာတယ် ။
သူ့နှုတ်ခမ်းမှာ အပြုံးချိုချို တစ်ခု အမြဲ တွဲခိုနေတတ်သလို ဘယ်မိန်းကလေး မဆို သူ့ကို မြင်လိုက်တာနဲ့ ကြွေဆင်းသွားမယ့် ရုပ်ရည်မျိုး ။
အဲဒီလို လူမျိုး တစ်ယောက်က ကျွန်မကို မရိုးမသား နဲ့ ကြည့်ကြည့်နေတာ ရင်မခုန်ဘဲ နေပါ့မလား ။ ကျွန်မ အရမ်းရင်ခုန်တယ် ။
သူက အဲဒီလိုမျိုး နေ့တိုင်း လာလာနေတော့ ကျွန်မ ကို လူချင်း မရင်းနှီးပါဘဲ မျက်လုံးချင်း ရင်းနှီး နေကြတယ် ။ တစ်လလောက် အကြာမှာ သူက ကျွန်မအနား ကို ပထမဆုံးအကြိမ် ကပ်လာပြီး စကား စပြောတယ် ။ ကျွန်မ ယူနီဖောင်းအင်္ကျီပေါ်မှာ ထိုးထားတဲ့ နာမည်ရင် ထိုးလေးကို တစ်ချက် ကြည့်လိုက်ရင်း ..
“ ညီမနာမည်က မေဇွန် တဲ့လား... နာမည်လေးက လှတယ်နော် ။ ကိုယ့်နာမည်လည်း မှတ်ထားဦး ။ ဇော်ထက် တဲ့ ” လို့ စပြီး မိတ်ဆက်လာတယ် ။ ပြီးတော့ “ ကိုယ်တို့ ဆိုင်တစ်ဆိုင်မှာ ထိုင်ပြီး စကားပြောကြမလား ”
“ ရှင် ”
ရုတ်တရက်မို့ ကျွန်မ အံ့သြသွားတယ် ။ ပြီးတော့မှ ထစ်ထစ်ငေါ့ငေါ့နဲ့ ...
“ ဟိုး ... ဟို ကျွန်မက အလုပ်ချိန်ဆို ဘယ်မှ သွားလို့မရဘူး ”
“ ကိုယ် သိပါတယ် ။ မင်း အလုပ်သိမ်းချိန်မှ ပြောတာပါ ”
“ အင်း... မနက်ဖြန်ပေါ့ ”
ကျွန်မလည်း ဘာလို့ ခေါင်းညိတ်မိမှန်း မသိပါဘူး ။ အဲဒီ့ အချိန်တုန်းက ဆိုရင် ကျွန်မ ခြေဖျား လက်ဖျားတွေ အေးစက်နေတာ ရေခဲ့တုံး အတိုင်းပဲ ။ ရင်ခုန်လိုက်တာ ဆိုတာလည်း နှလုံးသား တစ်ခုလုံး အပြင်ဘက်ကို ခုန်ပေါက် ထွက်သွား မတတ်ပါပဲ ။
အဲ့ဒီညက အိမ် ပြန်ရောက်တော့ ကျွန်မ သူ့ အကြောင်း စဉ်းစားနေမိတယ် ။ သူ့ဘဝ အဆင့်အတန်း နဲ့ ကျွန်မဘဝ အဆင့်အတန်းဟာ မိုးနဲ့ မြေလို ကွာခြားတယ် ဆိုတာ ကျွန်မ မြင်လာမိတယ် ။ ခေါင်းအေးအေး ထားပြီး စဉ်းစားကြည့်လေ ဘယ်လိုမှ မဖြစ်နိုင်လေပါပဲ ။ သူ့အကြည့်တွေကို ကျွန်မ နှလုံးသားက နားလည် ခံစားတတ်ပေမဲ့ ကျွန်မ ဦးနှောက်ကတော့ တွန်းကန် ငြင်းဆန် နေတယ် ။
ပြီးတော့ တစ်စုံတစ်ခု အမှားအယွင်းကြောင့် ကျွန်မရဲ့ နိမ့်ကျလှလွန်းတဲ့ ဘဝလေးကို သူများ တံတွေးခွက်မှာ ပက်လက် အမျောမခံနိုင်ဘူး ။
နောက်တစ်နေ့မှာ ကျွန်မ မျှော်လင့်ထားတဲ့အတိုင်း သူက “ ကျွန်မကို ချစ်တယ် ” လို့ ဖွင့်ပြောလာတယ် ။
ဒါပေမဲ့ ..
ကျွန်မက သူ့အချစ်ကို ခါးခါးသီးသီး ငြင်းဆန်ခဲ့ပါတယ် ။ အဲဒီနေ့က ဆိုရင် ကျွန်မ မျက်ရည် ပိုးပိုးပေါက်ပေါက် ကျတဲ့အထိ ခံစားရပါတယ် ။
ဟုတ်တယ်လေ ..
ကျွန်မဘဝနဲ့ သူ့ဘဝက တန်မှ မတန်တာကိုး ။ ဒါဟာ သူ့ဘဝကို ကျွန်မ အကောင်းဆုံး တန်ဖိုး ထားပေးလိုက်တာပါပဲ ။
••••• ••••• •••••
ဒါပေမဲ့ သူဟာ လက်လျှော့ မသွားပါဘူး ။ ကျွန်မ နဲ့ နီးစပ်ဖို့ သူ အတင်း ကြိုးစားတယ် ။ ကျွန်မ ကိုလည်း ...
“ ကိုယ် .. မင်းကို တကယ် ချစ်တာပါ ... မေဇွန် ရယ် ...ယုံပါ ။ ရုန်းကန်ရနေတဲ့ မင်းဘဝလေးကို ကိုယ် ကိုယ်ချင်းစာမိလို့ပါကွာ ”
ပြောလွန်းမက ပြောလာတာကြာတော့ ကျွန်မ လည်း ဆုံးဖြတ်ချက် တစ်ခု ချလိုက်တယ် ။
“ ကောင်းပြီ ... ဒါဆိုရင် ကျွန်မက အခု ၁၀ တန်း မအောင်သေးဘူး ။ ဒီတော့ ကျွန်မ ကိုယ့်ဘဝကို ကိုယ် ရပ်တည်နိုင်အောင် ကြိုးစားဦးမယ် ။ အဲဒီလို ကြိုးစားနေတဲ့ အတောအတွင်း ရှင် ကျွန်မကို စောင့်နိုင်မလား ”
“ ကိုယ် စောင့်ပါ့မယ် ”
ကျွန်မတို့ နားလည်မှု ရသွားကြပြီးတဲ့ နောက်မှာ သူဟာ ကျွန်မ အလုပ်လုပ်တဲ့ shopping Mall ကို တစ်ပတ် တစ်ခါလောက်တော့ ရောက်လာတတ်တယ် ။
အဲဒီလိုနဲ့ တစ်နေ့မှာ ဝေဝေတို့ရဲ့ L'oral ကောင်တာမှာ လူတစ်ယောက် ။ အဲ ... အသေအချာ ပြောရရင် အသက် ၄၀ အရွယ် သန်သန်မာမာ ယောကျ်ား တစ်ယောက်ဟာ မိန်းကလေး အသုံးအဆောင် ဖြစ်တဲ့ မိတ်ကပ်တွေ ၊ အိုင်းရှဲဒိုးတွေနဲ့ မျက်တောင်ကော့ဆေး ၊ လက်သည်းဆိုးဆေး .. စတဲ့ ပစ္စည်းတွေကို စိတ်ပါလက်ပါ ရွေးချယ်ပြီး ဝယ်နေတယ် ။ ကျွန်မလည်း စိတ်ဝင်တစားနဲ့ ကြည့်နေမိတယ် ။
ကျွန်မက ကျွန်မ တာဝန်ကျတဲ့ နေရာ မဟုတ်တဲ့ customer service ကောင်တာဘက်ကို ရောက်နေတာမို့ သူ့မျက်နှာ ကိုတော့ တည့်တည့် မမြင်ရဘူး ။ ဘေးစောင်း အနေအထားပဲ မြင်ရတယ် ။ အဲဒီအချိန်မှာပဲ ကိုဇော်ထက် က Mall ထဲကို ဝင်လာတယ် ။ ကျွန်မ လည်း သူ့ဆီ လျှောက်သွားဖို့ ပြင်လိုက်စဉ်မှာပဲ ...
“ ဟေး ဇော်... ဘယ်လာတာလဲလို့ ” ဆိုတဲ့ အသံ နှင့်အတူ စောစောက L' oral ကောင်တာမှာ အလှပြင် ပစ္စည်းရွေးနေတဲ့ ယောက်ျားကြီးက ကိုဇော်ထက် ဆီကို လက်ကမ်းလိုက်တယ် ။ သူဟာ ကိုဇော်ထက် ရဲ့ လက်မောင်းကို ယီးလေးခိုရင်း နား နားကပ်ပြီး တစ်စုံတစ်ခု ပြောလိုက်သလိုမျိုးလည်း ကျွန်မ တွေ့ရတယ် ။ ပြီးတော့ ကောင်တာမှာ ဝယ်ထားတဲ့ ပစ္စည်းဖိုးတွေ ရှင်းပြီး ကိုဇော်ထက်ရဲ့ လက်ကို ဆွဲကာ ထွက်သွားတယ် ။ ကိုဇော်ထက် ကတော့ ဘာကြောင့်မှန်း မသိပါဘူး ၊ ကျွန်မ ပုံမှန် တာဝန်ကျနေကြ နေရာကို တစ်စုံတစ်ရာ စိုးရွံ့တဲ့ မျက်လုံးတွေနဲ့ ကြည့်ရင်း ဟိုလူကြီးနဲ့ အတူ လိုက်သွားတယ် ။
သူတို့နှစ်ယောက် ထွက်သွားပြီးပြီးချင်းမှာပဲ ဝေဝေတို့ ဆီက ရယ်သံတွေ ဝေါခနဲ ထွက်လာတာကို ကြားလိုက်ရတယ် ။ ဒါနဲ့ ကျွန်မက ဝေဝေတို့ ဆီသွားပြီး “ ဘာတွေကို ရယ်နေကြတာလဲ ” လို့ မေးလိုက်မိတယ် ။
“ စောစောက ငါတို့ ကောင်တာမှာ မိန်းကလေးသုံး ပစ္စည်းတွေ လာဝယ်နေတဲ့ လူကြီးကို နင် မြင်လိုက်တယ် မဟုတ်လား မေဇွန်ရဲ့ ”
“ အေး ... မြင်လိုက်တယ် ။ ငါတောင် စိတ်ဝင်စားပြီး ကြည့်နေမိသေးတယ် ”
“ အဲဒီလူကြီးက နှစ်ဖက်ချွန်ကြီးဟ ”
“ ဟင် .. ဟုတ်လား ။ သူ့ကြည့်တော့ မထင်ရဘူးနော် ။ ဒါနဲ့ ဟို စောစောက သူနဲ့ လက်တွဲပြီး ထွက်သွားတဲ့ လူကရော .. ”
ကျွန်မ စိုးစိုးရွံ့ရွံ့ နဲ့ မေးမိတယ် ။
“ သူက MSM ”
“ MSM ဟုတ်လား ... အဲဒါ ဘာကို ပြောတာလဲ ”
“ နင်ကလည်း ဒီလောက် တုံးရသလား ။ MSM ဆိုတာ ယောက်ျားချင်း လိင်တူ ဆက်ဆံတဲ့ လူကို ပြောတာ ။ Male Sex Worker ပေါ့ဟာ ”
“ ဘုရားရေ ... ”
ဝေဝေတို့ ရဲ့ အပြောစကား အဆုံးမှာ ကျွန်မ ခဏ အသက်ရှူ ရပ်သွားသလိုပါပဲ ။ ကိုယ့် နားကို ကိုယ်မယုံ နိုင်အောင် ဖြစ်သွားမိတယ် ။ ရင်ထဲမှာလည်း တလှပ်လှပ် နဲ့ ။ အန်သလို ပျို့ချင်သလိုမျိုး ချက်ချင်း ဖြစ်လာတယ် ။ အဲဒီ ခဏမှာတော့ ကျွန်မ ကိုဇော်ထက် ကို အလွန်တရာ ရွံရှာ သွားခဲ့ပါတော့တယ် ။
နောက်တစ်နေ့မှာ ကျွန်မက အဲဒီကိစ္စကို ကိုဇော်ထက်နဲ့ ပွင့်ပွင့်လင်းလင်း ဖွင့်ပြောဖြစ်ခဲ့တယ် ။ သူ အမေက သူ မွေးပြီးပြီးချင်းမှာပဲ ဆုံးသွားတဲ့ အကြောင်း ၊ သူ ၅ နှစ် အရွယ်လောက်မှာ အဖေက နောက်မိန်းမ ယူတဲ့အကြောင်း ၊ ပြီးတော့ နောင်တစ်နှစ် အကြာမှာပဲ သူ့ အဖေ ဆုံးသွားပြန်တယ်ဆိုတဲ့အကြောင်းနဲ့ မိထွေးရဲ့ နှိပ်စက်ညှင်းပန်းမှုဒဏ်တွေကိုလည်း အမျိုးမျိုး ခံခဲ့ရတယ် ဆိုတဲ့ အကြောင်းနဲ့ .... စသဖြင့် အကြောင်းစုံ ဇာတ်စုံ ခင်းပါလေရော ။
“ ကိုယ်ဟာ မိထွေးရဲ့ မသေရုံတမယ် ကျွေးတဲ့ ထမင်းကို စားပြီး ဘဝရဲ့ အမြဲ နေဝင်နေတဲ့ နေ့တွေကို ဖြတ်သန်းခဲ့ရတယ် ”
ကိုဇော်ထက် က ပြောရင်း မျက်ရည် ဝဲလာတာကို ကျွန်မ တွေ့ရတယ် ။ သူဟာ သူ့ဘ၀ကို ဘယ်လောက် နာကျင် ခါးသီးနေလဲ ဆိုတာ အရမ်း သိသာလွန်းပါတယ် ။ သူက တုန်ယင်နေတဲ့ အသံနဲ့ အတိတ်ကို ငေးမောပြီး ဆက်ပြောနေတယ် ။
“ ကိုယ် အရွယ် ရောက်လာတဲ့အချိန်မှာ စပြီး အလုပ် လုပ်ဖို့ ကြိုးစားခဲ့တယ် ။ ဒါပေမဲ့ လောကကြီးမှာ ကိုယ့် အတွက် နေရာ မရှိဘူး ။ ကိုယ်က ပညာမှ မတတ်တာကိုး ။ ကိုယ့်အိတ်ကပ် ထဲမှာ ပိုက်ဆံ ၁ဝဝ တောင် မရှိတဲ့ နေ့တွေ ရှိတယ် ။ ဒါနဲ့ ကိုယ့် သူငယ်ချင်းတွေ က သိမ်ကြီးဈေး တံတားပေါ်ကို သွားရင် မင်း ပိုက်ဆံရမယ်လို့ ပြောတယ် ။ ကိုယ် သွားလိုက်တယ် ။ အဲဒီမှာပဲ ကိုယ့်ကို လူ နှစ်ယောက် လာခေါ်တယ် ။ တစ်ယောက်က နိုင်ငံခြားသား ။ ကိုယ်လည်း လိုက်သွားမိတယ် ။ ဟိုတယ် ရောက် တော့မှ သူတို့တွေဟာ MSM တွေ ဆိုတာ သိလိုက်ရတယ် ”
ပြီးတော့ ကိုဇော်ထက် က သက်ပြင်းချပြီး သူက သိသိချင်းပဲ ထွက်သွားဖို့ ကြိုးစားခဲ့ကြောင်း ။ ဒါပေမဲ့ သူတို့က ဒေါ်လာ ၁ဝဝ တန် ၅ ရွက် ထုတ်ပေးတယ်ဆို တဲ့အကြောင်းနဲ့ အဲဒီလောက် များတဲ့ ပိုက်ဆံတွေကို သူ တွေ့လိုက်ရတဲ့အခါ သူ မက်မောသွားမိတယ်ဆိုတဲ့ အကြောင်းတွေကို တရစပ်ပဲ ကျွန်မကို ရှင်းပြနေပါတယ် ။
“ အင်း ... အဲဒီက စပြီး ကိုယ် သူတို့ လောကထဲကို ရောက်သွားတော့တာပါပဲ ။ ဒါပေမဲ့ မေဇွန်ရယ် ... ကိုယ့်ဘဝမှာ ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ ၊ မင်းကို ချစ်တဲ့ အချစ်ကတော့ အစစ်အမှန်ဆိုတာ ကိုယ်ကျိန်ပြောရဲတယ် ။ ကျေးဇူးပြုပြီး ကိုယ့်ဘဝကို စာနာ နားလည်ပေးနိုင် မလားဟင် ”
သူ့ အပြောစကား အဆုံးမှာ ကျွန်မ သူ့ကို တော်တော်လေး ကြာအောင် ငေးကြည့်နေမိတယ် ။ ကျွန်မရဲ့ အကြည့်တွေ ထဲမှာ သူ့ရဲ့စိတ်ဓာတ် ပျော့ညံ့ပုံကို ယူကျုံးမရ ဖြစ်မှုနဲ့ ယောက်ျား တစ်ယောက် ဖြစ်ပြီး ဘဝကို ရောင်းစားကာ ပိုက်ဆံရှာချင်တဲ့ စရိုက်ကို အထင်သေး ရှုတ်ချမှုတွေ ပါနေမယ်ဆိုတာ သေချာပါတယ် ။ ကျွန်မရဲ့ နှုတ်ဖျားက ...
“ သိပ်ကို စာနာနားလည် ပေးနိုင်တာပေါ့ ကို ဇော်ထက်ရယ် ။ ဆင်းရဲတယ် ဆိုတဲ့ စကားလုံး သုံးလုံး တခြားလူတွေ အတွက် ဘာမှ မဟုတ်ပေမဲ့ ခံစားရတဲ့ လူအဖို့တော့ ငရဲ ကျနေရသလိုပါပဲ ။ ကျွန်မ ရှင့်ဘဝကို စာနာပေးနိုင်ပါတယ် ”
“ ဝမ်းသာလိုက်တာ မေဇွန်ရယ် ”
ကျွန်မ စိတ်ထဲကတော့ ...
“ ဒါပေမဲ့ ရှင့် အချစ်ကိုတော့ အခုပဲ တစ်ခါတည်း အပြတ် ငြင်းလိုက်ပါတယ် ။ ပထမတစ်ခါ ရှင့်ကို ငြင်းခဲ့တာက ရှင့်ဘဝ အဆင့်အတန်းနဲ့ ကျွန်မလို အောက်ခြေ လူတန်းစားနဲ့ မတန်ဘူး ထင်လို့ပါ ။ အခု ငြင်းတာကတော့ ကျွန်မလို ကိုယ်ဒူးကိုယ်ချွန်ပြီး ဘဝအတွက် ရုန်းကန်ကြိုးစား နေတဲ့ မိန်းကလေး တစ်ယောက်နဲ့ ရှင့်လို ပျော့ညံ့ပြီး ကိုယ့်ဘဝကို ကိုယ် ရောင်းစားရဲတဲ့ လူမျိုးနဲ့ မတန်လို့ပါပဲ ”
••••• ••••• •••••
( ၃ )
နောက်တစ်နေ့မှာပဲ ... အဲဒီ shopping mall ကနေ ကျွန်မ အလုပ် ထွက်လိုက်တယ် ။
••••• ••••• •••••
( ၄ )
နောက်တစ်လ အကြာ မှာတော့ ကျွန်မလည်း အထည်ချုပ်စက်ရုံမှာ အလုပ် လုပ်ရင်း ( ၁ဝ ) တန်းစာမေး ပွဲ နီးလာတာကြောင့် စာကျက်နေတယ် ။ ဝါကျင်ကျင် ဖယောင်းတိုင်မီးရောင်အောက်မှာ မီးစာရဲ့ လှုပ်ခတ် မှုကြောင့် မှိန်သွားလိုက် လင်းလာလိုက် ဖြစ်နေတဲ့ စာအုပ်ထဲက စာလုံးလေးတွေကို ကြည့်ရင်း ကျွန်မ ကိုဇော်ထက် ကို သတိရသွားမိသေးတယ် ။
သူကတော့ ဟိုအရင်က အတိုင်း shopping Mall မှာ ကျွန်မကို သွားရှာနေမလားပဲ ။
တကယ်လို့ သူသာ အဲဒီနေ့က ကျွန်မရဲ့ အကြည့်တွေကို ဖတ်တတ်ခဲ့မယ် ဆိုရင် သွားရှာတော့မှာ မဟုတ် ပါဘူး ။
စိတ်ဓာတ် အဆင့်အတန်း ဆိုတာ ပိုက်ဆံ တန်ဖိုး ထက် ပိုအရေးကြီးတယ် ဆိုတဲ့အကြောင်း သူနားလည် သဘောပေါက်ပါစေလို့ ကျွန်မ ဆုတောင်း ပေးနေမိတယ် ။
အခုချိန်ထိတော့ ကျွန်မဟာ ဘဝအတွက် ခက်ခက်ခဲခဲ ရုန်းကန်နေရဆဲပါပဲ ။ ဒါပေမဲ့ ကျွန်မ စိတ်မပျက်ပါဘူး ။ ကျွန်မရဲ့ဘဝကို အချိန်မတန်သေးလို့ ပွင့်ခွင့်မရသေးတဲ့ ပန်းဖူး ၊ ပန်းငုံလေးပဲလို့ ခံယူထားတယ် ။
လောကဓံ မုန်တိုင်းကို ဖြတ်ကျော်ပြီးရင်တော့ အဲဒီ အငုံလေးဟာ ပန်းပီပီသသ ပွင့်ပြခွင့် ရနိုင်ပါလိမ့်မယ် ။
စိတ်ဓာတ်ပျော့ညံတဲ့ သူတွေ ကတော့ ဘယ်တော့မှ ဖူးပွင့်ခွင့် မရဘဲ ငုံရာကနေ ငုံ့လျှိုးပြီး လောကဓံတရားကို အရှုံးပေးသွားရစမြဲ မဟုတ်လား ။
▢ ထက်မြတ်နိုင်ဇင်
📖 Idea မဂ္ဂဇင်း
ဧပြီလ ၊ ၂၀၁၃

No comments:
Post a Comment