❝ နှစ်ထပ်ကွမ်း ဘုရင်ကတော် ❞
( ပုံပြင် )
ဟိုးရှေးရှေးက “ သန်လုံ ” ခေါ် ယခု “ ဟနွိုင်း ” မြို့၏ ကျေးလက်ရွာ တစ်ရွာတွင် လယ်သမား မောင်နှံ၌ သမီး တစ်ယောက် ဖွားမြင်ခဲ့၍ လယ်တောဆန်ဆန် “ မဆန်ကွဲ ” ဟု ချစ်စနိုး မှည့်ခေါ်ကြလေသည် ။ မကြာမြင့်မီ ဇနီးသည် ဆုံးသွားသော ဖခင်သည် နောက်အိမ်ထောင်ပြုရပြန်သဖြင့် သမီး တစ်ယောက် မွေးပြန်ရာ “ မဖွဲနု ” ဟု မှည့်ရပြန်ပါသည် ။ သမီးကြီးမှာ ရုပ်ရည်ချော၍ အလုပ်အကိုင် ခိုကပ်သူ မဟုတ်ဘဲ မိထွေး ကိုလည်း ရိုသေလေးစားပါ၏ ။ မိထွေး၏ သမီးမှာကား အရုပ်ဆိုး သလောက် အပျင်းထူ သော်လည်း အမေက မြှောက်စားထား၍ စိတ် ယုတ်မာနှင့်သာ ကြီးပြင်းခဲ့လေသည် ။
တစ်နေ့တွင် သမီး နှစ်ယောက်ကို ငါးရှာရန် စေလွှတ်၍ များများ ရသူကို ပိုးလက်ကိုင်ပဝါ တစ်ထည်ပေးမည်ဟု ကတိပေး လေသည် ။ ထုံးစံအတိုင်း အငယ်မှာ လုံ့လ မရှိ၍ များများ မရခဲ့ပေ ။ စိတ်ယုတ် အဘိဇ္ဈာစိတ်နှင့် အစ်မ၏ ငါးများကို ခိုးယူရန် အကြံထုတ် နေလေသည် ။ “ မမရဲ့ ခေါင်းမှာ ရွှံ့တွေ ပေနေတာကို အမေတွေ့ရင် ရိုက်လိမ့်မယ် ၊ ရေသွားချိုးပါလား ” ဟု ပြောသည် ။ ရိုးသားသော အစ်မလည်း နားထောင်ပြီး ရေချိုးရန် ကမ်းစပ်သို့ သွားလေသည် ။ ထိုအခါ ညီမက အစ်မ၏ ခြင်းတောင်း ထဲမှ ငါးများကို ခိုးယူပြီး အိမ်ပြန်ရောက်သည့်အခါ သူ့သမီး တော်လေစွဟု လက်ကိုင်ပဝါကို အမေက ဆုချလိုက်လေသည် ။ “ မဆန်ကွဲ ” ခမျာ ငိုရရုံ အပြင် မတတ် နိုင်ရှာခဲ့ပေ ။
ထိုအခိုက် သူတော်စင် တစ်ဦး ရုတ်တရက် ပေါ်လာပြီးလျှင် မဆန်ကွဲ အား မငိုဖို့ ပြောရင်း သူ၏ ခြင်းတောင်းထဲ၌ ငါးဖြူကလေး တစ်ကောင်ကို ဖန်ဆင်း၍ ပေးခဲ့လေသည် ။ “ ထိုငါးဖြူ လေးကို ဘုရားကျောင်းဝင်းရှိ လခြမ်းပုံသဏ္ဌာန် ရှိသော ရေကန်ထဲ၌ လွတ်ရမည် ။ နေ့စဉ် ကိုယ့် အစာထဲမှ နည်းနည်း ခွဲ၍ ကျွေးရမည် ” ဟု ဩဝါဒ ပေးပြီးနောက် ပျောက်ကွယ်သွားလေတော့၏ ။ မဆန်ကွဲ ကလည်း ထိုအမိန့်အတိုင်း နေ့စဉ် ထမင်းကျွေးရှာသည် ။ လယ်တောက ပြန်လာတိုင်း ငါးလေးကို ခေါ်ပြီး တယုတယ စကား ပြောလေ့ ရှိသည်ကို မိထွေးသားအမိက သိသွားသဖြင့် နောက်တစ်ရက်တွင် ငါးကလေးကို ဖမ်းကာ ချက်ပြုတ်၍ စားလိုက်ကြလေတော့သည် ။
“ မဆန်ကွဲ ” ခမျာ ငါးကလေး မတွေ့သဖြင့် ငိုရရှာပြန်ပါပြီ ။ သူတော်စင်ကြီး ကလည်း ထပ်မံပေါ်လာပြီး ဩဝါဒ ပေးရရှာပြန်ပါပြီ ။ ထို့နောက် ငါးရိုးတွေကို သွန်ပစ်ထားသော နေရာ၌ ယက်နေသော ကြက်ဖကြီး၏ အကူအညီဖြင့် ကောက်ယူခဲ့ကာ မြေအိုးတစ်လုံး၌ ထည့်၍ သူ့ အိပ်ရာ အောက် တည့်တည့်တွင် မြှုပ်နှံ၍ ထားလိုက်လေသည် ။ တစ်နှစ်မျှပင် ကြာခဲ့လေသော် ရွာထဲ၌ ကောက်သိမ်းပွဲပြုလုပ်၍ ရွာလုံးကျွတ် ပျော်ရွှင်ပွဲများ ဆင်နေကြချိန်ဝယ် မိထွေးသား အမိမှာ မဆန်ကွဲကို နွားကျောင်း ခိုင်းလိုက်ပြီးနောက် ဝတ်စားဆင်ယင်ကာ ပွဲခင်းဆီသို့ ထွက်သွားကြလေသည် ။ ထိုအခိုက် သူတော်စင် ရောက်လာပြီးလျှင် မဆန်ကွဲကို အကြံကောင်းပေး ပြန်ပါသည် ။ မဆန်ကွဲသည် မြှုပ်ထားသော အိုးကို ဖော်လိုက်သည့်အခါ သူ့အတွက် ဖဲလုံချည် နှင့် လှပသော နတ်ငှက်ရုပ်တွေ စီခြယ်ထားသော ဖိနပ်တစ်ရံကို တွေ့ရလေသည် ။ ထို အဝတ်အစားများကို ဆင်မြန်းပြီးလျှင် ပွဲခင်းဆီသို့ ထွက်ခဲ့ရာ တံတားပေါ်၌ စည်တော်အောင်မောင်း တီး၍ ကြွလာသော ဘုရင်၏ အခမ်းအနားနှင့် တွေ့ရလေသည် ။
“ မဆန်ကွဲ ” မှာ ဘုရင် လာလမ်းသို့ လမ်းဖယ် ပေးရင်း ခြေချော်လဲ သဖြင့်ဖိနပ်တစ်ဖက် ကျန်ရစ်ပြီး ရှောင်ဖယ် နေရလေသည် ။ ဘုရင့် ဆင်တော်သည် ထိုနေရာ၌ ရုတ်တရက် ရပ်လိုက် ပြီး ရှေ့သို့ မဆက်ဘဲ တန့်နေသည့် အတွက် မင်းချင်းများက အနီးအပါးတွင် စုံစမ်းကြရာ ထူးဆန်းလှပသော ဖိနပ်တစ်ဖက်ကို ဘုရင်အား ဆက်ရလေသည် ။ ဘုရင့်စိတ်၌လည်း များစွာ လှုပ်ရှားခြင်း ရှိသဖြင့် ဤမျှလှပသော ဖိနပ်တစ်ဖက်ကို စီးသည့် သတို့သမီးအား တွေ့လျှင် မိဖုရား မြှောက်မည်ဟု အမိန့်ရှိလေသည် ။
နေပြည်တော် တစ်ဝန်းမှ အမျိုးသမီး ပေါင်းစုံ လာရောက်၍ ၎င်းဖိနပ်နှင့် တော်မတော် စီးကြည့်ရန် လာကြသော်လည်း ပိုင်ရှင်ကို မတွေ့ဘဲ နောက်ဆုံး၌ ဖိနပ်တစ်ဖက် ရှိပြီး ဖြစ်သော မဆန်ကွဲ သာလျှင် မိဖုရား မြှောက်ခြင်း ခံရလေတော့သည် ။ မိထွေးသားအမိမှာ ဝန်တိုခံပြင်း စိတ်နှင့် ဖျတ်ဖျတ်လူး ဒေါသူပုန်ထ၍ နေပါတော့သည် ။ သို့သော် မဆန်ကွဲက ၎င်းတို့ကို စွန့်ပစ် ၍ မထားပါ ။ ရပ်ရွာသို့ ပြန်ပြီး အလည်အပတ် လာလေ့ရှိပါသည် ။ တစ်နေ့ မိထွေးက အကြံပေး၏ ။ သစ်သီးပင် ကို ဘုရားတင်ဖို့ ကိုယ်တိုင် တက်ခူးမှ ကုသိုလ်ထူးသည် ဆိုသဖြင့် မဆန်ကွဲ ခမျာ ကုသိုလ် လိုချင်စိတ်နှင့် အပင်တက်၍ ခူးလေ၏ ။ ထိုအခိုက် သားအမိ နှစ်ယောက်က အပင်ကို ခုတ်လှဲ လိုက်သဖြင့် ရေထဲသို့ကျပြီး ဘုရင်ကတော် မဆန်ကွဲမှာ သေပွဲဝင်ရရှာလေသည် ။ သူမ၏ စင်ကြယ်သော ဝိညာဉ်ကား ရွှေပြည်စိုး ငှက်ကလေးဘဝနှင့်တကြော်ကြော် နန်းတော်ဥယျာဉ် ထဲတွင် သီဆိုရင်း ဘဝသစ်ကို ကျင်လည်ရပြန်ပါသည် ။ ယုတ်မာသော ညီမ “ ဖွဲနု ” မှာ ဘုရင်ကတော် ယောင်ဆောင်၍ ပြန်လာပြီးနောက် မကျန်းမာဟု သတင်းဖြန့်ကာ အဆောင်ထဲတွင် သာ အမှောင်ချ၍ နေလေသည် ။ တစ်နေ့တွင် ဘုရင့် အဝတ်အစားများ မင်းချင်းတို့က နေပူ လှမ်းနေခိုက် “ ငါ့မောင်တော် အဝတ်တွေ စုတ်ကုန်မယ် ၊ ဝါးချွန်ပေါ်မှာ မလှမ်းကြနှင့် ” ဟု ငှက်က အော်သံ ကြားသဖြင့် ထိုငှက်ကလေးကို ဖမ်း၍ ဘုရင့် ရှေ့တော်မှောက်သို့ ဆက်သကြလေသည် ။ ဘုရင့်စိတ်၌ အတိတ် ဘဝက ဇနီးသည် အမှတ်ဖြင့် ရွှေလှောင်ချိုင့်၌ ထားကာ တယုတယ မွေးထားလေ၏ ။ ထိုသတင်းကို မဖွဲနုတို့ သားအမိ ကြားသော် ငှက်ငယ်ကို တိတ်တဆိတ် သ,တ် ၍ မြှုပ်လိုက်လေသည် ။
ငှက်အတောင်ပံများ မြှုပ်ရာ၌ကား လှပသော သစ်ပင်ကလေး ပေါက်လာပြန်ရာ ဘုရင်က တယုတယ မွေးထားပြန်၏ ။ ထိုသစ်ပင်ကလေးကို မိဖွဲနု သားအမိက ခုတ်စေပြီး သစ်သားကို ရက်ကန်းစင်လုပ်လိုက်လေသည် ။ တစ်နေ့၌ ထိုရက်ကန်းကနေ “ ဟဲ့ ... အစ်မလင် ခိုးသောသူ ” ဟု ကြိမ်းမောင်းသံ ကြားရသဖြင့် ရက်ကန်းစင်ကို မီးဆိုက်၍ ပစ်လိုက်ကြလေသည် ။ ထိုမီးရှို့သော နေရာ၌ကား အလွန် ကြီးမားသော ကတ္တီပါပင်ကြီးတစ်ပင် ပေါက်လာပြန် လေသည် ။ ထိုအပင်ရိပ်အောက်သို့ ရောက်လာသူတိုင်း အမောဖြေကြသည် ။ အနားယူကြသည် ။
၎င်းနောက် သီလ ၊ သမာဓိနှင့် ပြည့်စုံသော မိန်းမကြီး တစ်ဦးမှာ အကြံရ၍ ထိုအပင် အောက်၌ လက်ဖက်ရေကြမ်းနှင့် မုန့်အချို့ရောင်းရန် ဆိုင်ငယ်တစ်ခုကို တည်လိုက်လေသည် ။ ဆေးတံမီးညှိသူများ ၊ နားနေသူများဖြင့် စည်စည်ကားကား ဖြစ်လာလေ၏ ။ တစ်နေ့တွင် အလွန် ထွားလှသော ကတ္တီပါသီးကြီး တစ်လုံးသည် ဆိုင်ရှင်၏ တောင့်တချက် အရ ခြင်းတောင်းထဲသို့ တည့်တည့်ကျလေ၏ ။ အဒေါ်ကြီး ကလည်း တယုတယ အိပ်ရာပေါ်တွင် အလှ တင်ထားလိုက်လေသည် ။
ထို့နောက် ထူးဆန်းသော အဖြစ်အပျက်များမှာ ဆိုင်ရှင်အဒေါ်ကြီး မရှိသည့်အခါ အခန်းကို ပြင်ဆင်ထားတာတွေ့ရခြင်း ၊ စားကောင်းသောက်ဖွယ်ရာ ချက်ပြုတ်ပြီး တွေ့ရခြင်း ကြောင့် အဒေါ်ကြီးက တိတ်တဆိတ် ချောင်း၍ စုံစမ်းလာခဲ့ရာ တစ်နေ့တွင် ရုပ်ရည် တင့်တယ်သော မိန်းမပျိုလေးတစ်ဦးက အိမ်ကို ခြယ်လှယ် ပေးနေကြောင်း အံ့ဩဖွယ်ရာ တွေ့ရသည် ။ အဒေါ်ကြီးမှာ ဝမ်းသာအားရ အမိဖမ်း၍ မည်သူမည်ဝါ ဖြစ်ကြောင်းစုံစမ်းသည့်အခါ “ မဆန်ကွဲ ” ကလေးက သူ၏ ဖြစ်ကြောင်းကုန်စင်ကိုပြောပြလေသည် ။ အဒေါ်ကြီး အဖို့ကား ထိုမိန်းကလေး ကို လက်မလွှတ်နိုင်တော့ပြီ ။ လူ့ဘဝနှင့်ပင် သူ့အား အမေအဖြစ် ချစ်ခင်ပါဟု တောင်းပန်ရှာ၏ ။ နတ်သမီးဘဝမှ တစ်ဆင့် ဆိုင်ရှင်အဒေါ်ကြီး၏ ကြင်နာယုယတတ်မှုကြောင့် သမီးအဖြစ်နှင့် ဘဝပြောင်းလဲကာ နေလိုက်လေတော့သည် ။
မဆန်ကွဲ၏ အကြံပေးချက် အရ ဆိုင်ရှင် အဒေါ်ကြီးသည်မြို့တံခါးဝ၌ ထမင်းဆိုင်သစ် ကို ဖွင့်ထားသည့်အခါ တစ်နေ့သ၌ ဘုရင်သည် လှည့်လည်လာရင်း ခေတ္တမျှ ရပ်နားလေသည် ။ ဆိုင်ရှင်က ဘုရင့်အတွက် မွှေးကြိုင်သင်းပျံ့သော လက်ဖက်ရည်နှင့်လည်းကောင်း ၊ ချိုမြိန်သော ကွမ်းယာကို ငှက်ရုပ်ပုံသဏ္ဌာန် ယာ၍ လည်းကောင်း ဆက်သ၏ ။ ဘုရင်သည် “ ငါ့နှမတော် ယာ၍ ပေးဖူးသော ကွမ်းယာမျိုးကို ယခုမှ ပြန်၍ တွေ့ရသည် ။ ကွမ်းယာသော မိန်းမပျို ကို တွေ့ လိုကြောင်း ” အမိန့်ရှိ၏ ။ ဆိုင်ရှင်က မွေးစားသမီးကို ထုတ်၍ ပြသောအခါ ဘုရင်မင်းမြတ်မှာ မိမိ၏ ကြင်ယာတော်ကို ချက်ချင်း မှတ်မိသောကြောင့် ဝမ်းသာအားရနှင့် နောက်တစ်နေ့တွင် မင်းခမ်းမင်းနားများဖြင့် ဆင်တော် ပေါ်သို့ တင်ဆောင်ကာ မိဖုရားအရာ ထပ်ဆင့်၍ မြှောက်စားလေတော့သည် ။ မိထွေး သားအမိမှာ အဘိဇ္ဈာတရား ဖုံးလွှမ်း၍ ရင်ကွဲနာနှင့် ပျက်စီးကြလေသည် ။ “ မဆန်ကွဲ ” အမည်ခံ ဘုရင်ကတော်မှာ သီလ ၊ သမာဓိနှင့် ကြင်နာမှု ရှိသော ပါရမီကြောင့် နှစ်ဘဝစံ၍ နှစ်ထပ်ကွမ်း ဘုရင်ကတော် ဖြစ်ရပုံများမှာ ဗမာတို့၏ “ ရှင်ထွေးရှင် ကြက်ချေးပုံ ” အင်္ဂလိပ် “ စင်ဒရဲလား ” ပုံများနှင့် ဆီပဲ ဆီလျော် နိုင်ပါပေသည် ။ တစ်ကျောင်း တစ်ဂါထာ ၊ တစ်ရွာ တစ်ပုဒ်ဆန်းသော ဒဏ္ဍာရီများဖြစ်၍ သဘောမှာ မကွဲလှပါ ။
( ဘာသာပြန် )
〇 အရီးစောမုံညင်း
📖ရှုမဝ မဂ္ဂဇင်း
၁၉၆၁ ၊ အောက်တိုဘာ
No comments:
Post a Comment