Monday, November 10, 2025

စပျစ်သီး မကြိုက်သူများ


 

❝ စပျစ်သီး မကြိုက်သူများ ”
       ( မိုးသောက်ထွန်း )

“ ဟူး ..”

ရင်ခေါင်းထဲက လာတဲ့ မောပန်းနွမ်းလျမှုတွေကို သူ့ နှုတ်ကနေ ဖွင့်ထုတ်ပစ်လိုက်တယ် ။ ဒါပေမဲ့ မောပန်းမှုက သိပ်ပြီး မလျော့ချင် ။ ဘေးဘီကို ကြည့်လိုက်တော့ ခပ်အုပ်အုပ် သစ်ပင်တစ်ပင်ကို သူ တွေ့လိုက်တယ် ။ ရွာတစ်ရွာရဲ့ ရွာဝင်ထိပ်ကို ရောက်နေပြီမို့ ခဏလောက် ထိုင်နားလိုက်ဖို့ သူ ဆုံးဖြတ်လိုက်တယ် ။ သစ်ပင်ကို မှီပြီး မျက်လုံးတွေကို သူမှေးစင်းထား လိုက်တယ် ။

“ ဖျပ် ဖျပ် ဖျပ် ”

ခပ်ဖွဖွနင်းလျှောက်လာတဲ့ ခြေသံတစ်ခုက သူ့နားထဲ တိုးဝင်လာတာမို့ မှေးစင်းနေတဲ့ မျက်လုံးကို သူ အသာ ဖွင့်ကြည့်လိုက်တယ် ။

“ ဟင် ”

အံ့အားသင့်မှုနဲ့ အတူ ဆတ်ခနဲ သူ ငုတ်တုတ်ထိုင်လိုက်တယ် ။ သူမြင်လိုက်ရတာက မြေခွေးတစ်ကောင် ။ ဒီအရပ်ဒေသမှာ ဘယ်က မြေခွေး က ရောက်လာတာလဲလို့ သူတွေးနေမိတယ် ။ သူက မြေခွေးကို စိုက်ကြည့်နေပေမယ့် မြေခွေးကတော့ သူ့ကို ငဲ့စောင်း၍ပင် မကြည့် ။ မြေခွေးက သူနဲ့ ခပ်လှမ်းလှမ်း အရောက်မှာ ခြေလှမ်းတွေ ရပ်သွားတယ် ။ ပြီးတော့ အပင် ပေါ်ကို မော့ကြည့်နေတယ် ။ မြေခွေးနဲ့ အတူ သူလည်း မော့ကြည့်မိတယ် ။ ဝင်းမှည့်နေတဲ့ စပျစ်သီးခိုင်လေးက သစ်ကိုင်း တစ်ခုကနေ တန်းလန်းကျလို့ ။ အပင်ပေါ်မှာ စပျစ်ပင်က နွယ်တက်ရှင်သန်နေတာ ။ မြေခွေးက စပျစ်ခိုင်ကို ဖက်ခနဲ ခုန်ဟက်တယ် ။ ဒါပေမဲ့ မမီဘူး ။ နောက်တစ်ခါ ထပ်ခုန်တယ် ။ မမီပြန်ဘူး ။ နောက်တစ်ခါ ... နောက်တစ်ခါ ။ အခါခါ ခုန်နေပေမယ့် စပျစ်ခိုင်ကို မြေခွေး မမီဘူး ဖြစ်နေတယ် ။ သူ့ ခေါင်းထဲမှာ ဖျပ်ခနဲ မီးလင်းသွား တယ် ။ ဒါ သူကြားဖူးတဲ့ ပုံပြင် တစ်ပုဒ်ပဲ ။ ဟုတ်တယ် သူကြားဖူးတဲ့ မြေခွေး နဲ့စပျစ်သီး ပုံပြင်ထဲက အတိုင်းပဲ ။ အခါခါ ခုန်ရင်း မောသွားတဲ့ မြေခွေးက သူ့ကို လှမ်းကြည့်တယ် ။ ပြီးတော့ သွားဖြဲပြတယ် ။ မြေခွေးရဲ့ အမူအရာက ရန်လိုပုံ မရှိတာမို့ ဒါ သူ့ကို ပြုံးပြတာပဲလို့ ယူဆလိုက်တယ် ။

“ ဒီအသီးတွေက အတော်ချဉ်တာဗျ ကျွန်တော်တော့ မကြိုက်ပါဘူးဗျာ ”

မြေခွေးက သူ့ကို ပြောသလိုလို သူ့ဘာသာပဲ ပြောသလိုလိုနဲ့ ပြောပြီးလှည့်ထွက်သွားတယ် ။

“ ဟား ဟား ဟား ဟား ဟား ”

သူ အားရပါးရ ရယ်ချလိုက်မိတယ် ။

“ ဟေ့လူ ဘာကိုရယ်တာလဲ ”

မြေခွေးက သူ့ကို လှည့်ကြည့်ပြီး မေးတယ် ။ ပြီးတော့ ပြန်လှည့်ပြီး သူ့အနား တစ်လှမ်းချင်း တိုးလာတယ် ။

“ ဘာကိုရယ်ရမှာလဲ ကိုမြေခွေးရဲ့ ၊ ခင်ဗျားရဲ့အဖြစ်ကို ကျုပ်က ပုံပြင်ထဲမှာ ဖတ်ပြီးသားလေ ၊ ခင်ဗျားက စပျစ်သီးကို ခုန်ခူးမယ် ၊ မမီတဲ့ အခါကျတော့ စပျစ်သီးက ချဉ်တယ် မကြိုက်ဘူးဆိုပြီးပြောမယ် ၊ ဟော အခု ခင်ဗျားက အဲ့ဒီလိုမျိုး လုပ်ပြသွားတော့ ကျုပ်ရယ်တာပေါ့ဗျ ဟားဟား ”

မြေခွေးကို ရှင်းပြရင်း သူထပ်ပြီး ရယ်မိတယ် ။

“ ဒါ ရယ်စရာလား ”

“ ရယ်စရာပေါ့ဗျ ၊ ရမလားလို့ ခူးပြီး မရတော့မှ မကောင်းဘူး မကြိုက်ဘူးပြောတာ ရယ်စရာပေါ့ ”

“ ဒါမျိုး မြင်တိုင်းသာ အသင် ရယ်မယ်ဆို ရယ်ရတာနဲ့ အသင်သေသွားလိမ့်မယ် ”

“ ဘာကို ဆိုလိုတာလဲဗျ ”

“ လာ ဒီသစ်ပင်ဘေးမှာ ခဏနေပြီး စောင့်ကြည့် ”

မြေခွေးက သစ်ပင်နောက်ဘက်ကို မေးငေါ့ပြတယ် ။ သူလည်း ဘုမသိဘမသိနဲ့ပဲ မြေခွေးနဲ့ အတူ သစ်ပင်ဘေးမှာ ထိုင်ချလိုက်တယ် ။

••••• ••••• •••••

“ အဲဒါ ဒီရွာရဲ့ သူကြီးပဲ ၊ ရွာမှာ အချမ်းသာဆုံး ပုဂ္ဂိုလ်လည်း ဖြစ်တယ်ဗျ ”

မြေခွေးရဲ့စကားကို ခေါင်းညိတ်ပြလိုက်ရင်း ခပ်လှမ်းလှမ်းမှာ လျှောက်လာနေတဲ့ လူတစ်ယောက်ကို သူလှမ်းကြည့်လိုက်တယ် ။ သားနား သပ်ရပ်တဲ့ အဝတ်အစားတွေက သူကြီး ဆိုသူရဲ့ ကြွယ်ဝမှုကို ဖော်ပြနေတယ် ။ သူကြီးက သစ်ပင်အနား ရောက်တယ်ဆို ဘေးဘီကိုပင် မကြည့်ဘဲ အပင်ပေါ် ကိုသာ တွေတွေစိုက်ကြည့်နေတယ် ။ ပြီးတော့ လက်ကို အပေါ် မြှောက်ပြီး စခုန်တယ် ။ ဒါပေမဲ့ သူကြီးရဲ့ လက်က စပျစ်သီးခိုင်ကို မမီဘူး ။ အကြိမ်ကြိမ် ခုန်ပြီးလို့ မမီတဲ့အခါ သူကြီးက ခုန်တာကို ရပ်လိုက်တယ် ။ နောက် စပျစ်ခိုင်ကို တစ်ချက်မော့ကြည့်ပြီး

“ တောက် အတော်ချဉ်မယ့်အသီးတွေ ၊ ဒီအသီးမျိုး အလကား ပေးတောင် မလိုချင်ဘူး ၊ ဒီအပင်မျိုး ငါ့ ရွာမှာ ရှိနေတာ ရွာနာတယ် ၊ အထက်ကို တင်ပြပြီး လက်စတုန်းပစ်လိုက်မှပါလေ ”

သူကြီးက ဘောက်ဆတ်ဘောက်ဆတ်နဲ့ ကျောခိုင်းထွက်သွားတယ် ။

“ ဟား ဟား ဟား ”

သူလည်း သူကြီးကို ကြည့်ပြီး ရယ်မောမိတယ် ။ မြေခွေးကို လှမ်းကြည့်လိုက်တော့ မျက်ခုံးနှစ်ဘက် ပင့်ပြတယ် ။ အတော်လာတဲ့ မြေခွေးပဲလို့ သူ့စိတ်ထဲက မှတ်ချက်ချလိုက်မိတယ် ။

••••• ••••• •••••

“ အဲ ဖိုးသူတော်ပဲ ”

သူ့နှုတ်ကနေ အာမေဋိတ်သံ ထွက်ကျသွားတယ် ။ အဖြူရောင်ပုံရိပ်တစ်ခုက သူတို့ အနားဆီ တရွေ့ရွေ့တိုးကပ်လာတယ် ။

“ အဲဒီဖိုးသူတော်ကြီးက တရားပြသိပ်ကောင်းတာဗျ ”

“ ဟုတ်လား ”

“ ဟုတ်တယ် ၊ ဥပုသ်နေ့တွေများဆို သူနေတဲ့ ဇရပ်မှာ လူကို ပြည့်လို့ ”

“ တရားသမား ဖိုးသူတော်က ဒီကို ဘာလာလုပ်ပါလိမ့် ”

မြေခွေးကို သူ လှည့်ကြည့်လိုက်တော့ မျက်ခုံးပင့်ပြီး မေးငေါ့ ပြတယ် ။ ဆက်ကြည့်ဆိုတဲ့ သဘော ။ ဖိုးသူတော်က သစ်ပင်အောက် တည့်တည့်မှာ ရပ်လိုက်တယ် ။ ပြီးတော့ အပေါ်ကို မော့ကြည့်ပြီး ခဏငြိမ်နေတယ် ။ နောက် လက်ကို အပေါ်မြှောက်ပြီး စခုန်တော့တယ် ။ ဖိုးသူတော်လည်း စပျစ်ခိုင်ကို မမီပြန်ဘူး ။ ဖိုးသူတော်က ဇွဲတော့ အတော်ကြီးပုံပဲ ။ ခုန်တာကို တော်တော်နဲ့ မရပ်ဘူး ။ နောက်ဆုံး ဖိုးသူတော် လဲကျသွားတယ် ။ ထူမပေးမှပဲ ဆိုတဲ့ အတွေးနဲ့ သူက လှမ်းထွက်ဖို့ပြင်တော့ မြေခွေးက သူ့ကို တားတယ် ။ ကြည့်နေတုန်းမှာပဲ ဖိုးသူတော်က လဲကျနေရာကနေ ပြန်ထတယ် ။ ပြီးတော့ စပျစ်ခိုင်ကို ခုန်ပြီး ခူးပြန်တယ် ။ စပျစ်ခိုင်ကို မီဖို့ကတော့ အလှမ်းကွာဆဲပဲ ။ နောက်တစ်ကြိမ် လဲကျသွားတဲ့ အခါမှာတော့ ဖိုးသူတော်ဟာ တော်တော်နဲ့ ပြန်ထ မလာနိုင်တော့ဘူး ။ အချိန် အတန်ကြာတဲ့ အခါမှာ ဖိုးသူတော်ဟာ အားတင်းပြီး ထလာတယ် ။ ပြီးတော့ စပျစ်ခိုင်ကို တွေတွေကြီး စိုက်ကြည့်နေတယ် ။

“ အပြင်ပန်းသဏ္ဍာန်က အဆင်းလှပေမယ့် အတွင်းသားက အတော်ချဉ်မယ့် စပျစ်သီးတွေ ၊ အော် လူတွေရဲ့ တဏှာစိတ်ကို မြူဆွယ်နေတဲ့ အဆိပ်သီးတွေပဲ ”

ဖိုးသူတော်က ခေါင်းတရမ်းရမ်းပြုရင်း တရွေ့ရွေ့ ထွက်ခွာသွားတယ် ။

“ ဟေ့လူ ရယ်လေဗျာ ”

မြေခွေးက သူ့ပခုံးကို နှုတ်သီးနဲ့ထိုးရင်း သတိပေးတယ် ။ သူရယ်ဖို့ မေ့နေတယ် ။

“ ဟက် ဟက် ”

ရယ်ချလိုက်ပေမယ့် သူ့နှုတ်ကထွက်လာတဲ့ ရယ်သံက ခြောက်ကပ်ကပ် ။

••••• ••••• ••••• 

လွယ်အိတ်ထဲက စာအုပ်တစ်အုပ်ကို သူ ထုတ်လိုက်တယ် ။ ပြီးတော့ ခပ်သော့သော့ပဲ စာကြောင်းတချို့ သူ ရေးချလိုက်တယ် ။

“ ဘာတွေ ရေးနေတာလဲဗျ ”

မြေခွေးက စူးစမ်းတဲ့ အကြည့်နဲ့ သူ့ကို မော့ကြည့်ရင်း မေးတယ် ။

“ ခုတွေ့ ကြုံရတာလေးကို မှတ်ထားတာပါဗျ ”

“ ဘာတွေများ မှတ်ထားတာတုန်း ”

မြေခွေးကို စပ်စုရန်ကောဆိုတဲ့ အကြည့်နဲ့ သူကြည့်လိုက်တော့ မြေခွေးက သွားဖြီးပြတယ် ။

“ လုပ်ပါဗျ ၊ သိချင်လိုပါဗျ ” ဆိုတဲ့သဘော ။

“ စပျစ်သီး မကြိုက်သူများ ၊ မြေခွေး ၊ သူကြီး ၊ ဖိုးသူတော် ”

“ အိုး ကျွန်တော့် နာမည်လည်း ပါသကိုး ”

သူ ဖတ်ပြလိုက်တော့ မြေခွေးက အံ့သြတကြီး ရေရွတ်တယ် ။

“ ဟုတ်တယ်လေ ဘာလဲ ခင်ဗျားက မကြိုက်လို့လား ”

“ မဟုတ်ပါဘူးလေ ”

“ ဒါဆိုလည်း ပြီးရောပေါ့ဗျာ ”

“ ဒါနဲ့ အသင်က ဘာအလုပ် လုပ်လဲဗျ ”

“ ကျုပ်က စာရေးဆရာပါ ”

“ အော် ဟုတ်လား ၊ ဒါနဲ့ နာမည်ကရောဗျ ”

“ မိုးအတ္တ ”

“ မကြားဖူးဘူး ”

“ ကျုပ်လို နာမည်ကြီး စာရေးဆရာကို မကြားဖူးတာ ခင်ဗျားသိပ်ညံ့တာပဲ ၊ အင်းလေ ဘယ်သိမလဲ ၊ ခင်ဗျားက မြေခွေးကိုး ”

“ ထားပါတော့လေ ၊ အသင် ရေးတဲ့စာတွေ ဖတ်ကြည့်ချင်မိတယ်ဗျ ”

မြေခွေးရဲ့ စကားအဆုံး လွယ်ထားတဲ့ လွယ်အိတ်ထဲ ကနေ စာအုပ်တစ်အုပ်ကို သူ ထုတ်ယူလိုက်တယ် ။

“ ရော့ ဒါ ကျုပ်ရေးတဲ့ စာအုပ်ပဲ ၊ ခင်ဗျားကို လက်ဆောင် ပေးခဲ့မယ် ”

“ ကျွန်တော်က စာမဖတ်တတ်ဘူးလေဗျာ ”

“ ဒါဆိုလည်း ဒီဟာလေး ယူထားလိုက် ”

လွယ်အိတ်ထဲကနေ နောက်ထပ် တစ်မျိုးထုတ်ပြီး မြေခွေးကို ပေးလိုက်တယ် ။

“ ဘာများပါလိမ့် ”

“ စီဒီခွေလေ ၊ အဲ့ဒီထဲမှာ ကျုပ်ရဲ့ စာပေဟောပြောပွဲ အသံတွေ ခင်ဗျား နားထောင်လို့ရတယ် ”

“ ဟုတ်ပီဗျို့ ကျွန်တော့်မိတ်ဆွေ လူသားတစ်ယောက်ယောက်ဆီ အကူအညီတောင်းပြီး နားထောင်ရမယ် ၊ ဒါနဲ့ အသင်က ဘာတွေ ဟောပြော ထားတာလဲဆိုတာ အမြည်းလေးပေးခဲ့ပါဦး ”

“ လူတွေကို အသိပညာပေးတဲ့ အကြောင်းအရာတွေပေါ့ ၊ လူတွေရဲ့ လွဲချော်နေတဲ့ စိတ်ဓာတ်တွေကို တည့်မတ်ပေးမယ့် စကားလုံးတွေပေါ့ဗျာ ”

“ အော် ဟုတ်လား ၊ အေးဗျာ လောကမှာ ခင်ဗျားတို့လို ပုဂ္ဂိုလ်တွေလည်း ရှိဦးမှ ၊ ဒါမှ လူတွေရဲ့ အတ္တတွေကို ထိန်းကျောင်းနိုင်မှာလေ ”

မြေခွေးရဲ့ စကားကိုကြားရတော့ သူ့ရင်ဘတ်က အနည်းငယ်ပင် ကော့တက်သွားသယောင် ဖြစ်သွားတယ် ။ သူနဲ့ မြေခွေး တစ်ဦးကို တစ်ဦး ပြုံးပြီး ကြည့်လိုက်ကြတယ် ။

••••• ••••• ••••• 

“ နေစမ်းပါဦး ကိုမြေခွေးရ ၊ ခင်ဗျားကတော့ မြေခွေးမို့ ထားပါတော့ ၊ ကျန်တဲ့ သူတွေက လူတွေလေ ၊ သူတို့က ခုန်ပြီး ခူးလို့ မရရင် အပင်ပေါ် တက် ခူးလို့ မရဘူးလား ”

“ ဒါက ဒီလို ရှိတယ်ဗျ ၊ ဒီစပျစ်ပင်က ရိုးရိုးစပျစ်ပင် မဟုတ်ဘူး ၊ ဒီအပင်က အသီးကို စားရတဲ့ သူဟာ လိုတရအစွမ်းတွေ ရနိုင်မယ်လေ ၊ အဲဒါပေမဲ့ စပျစ်သီးကို ခုန်ပြီးပဲ ခူးရမယ် ၊ ခုန်ပြီး ခူးလို့ရတဲ့ အသီးကပဲ အစွမ်း ထက်လိမ့်မယ် ၊ အဲ့ဒါကြောင့်ပေါ့ ”

“ အော် ”

သူ့ခြေထောက်တွေ တဖြည်းဖြည်း ရွေ့လာတယ် ၊ စပျစ်သီးခိုင်ရဲ့ အောက်တည့်တည့်ကို ရောက်မှန်းမသိ ရောက်သွားတယ် ။ ဖက်ခနဲ သူ ခုန်လိုက်တယ် ။ ဒါပေမဲ့ စပျစ်ခိုင်ကို လှမ်းပြီး မဆုပ်ကိုင်မိဘူး ။ သူ မြင်နေရတဲ့ သစ်ကိုင်းက နိမ့်နိမ့်လေးလို့ ထင်ရပေမယ့် တကယ်တမ်း ခုန်ခူးတော့ မမီနိုင်အောင် မြင့်နေတယ် ။ နောက်တစ်ကြိမ် ၊ နောက်ထပ်တစ်ကြိမ် အကြိမ်ကြိမ် သူခုန်ခူးလိုက်တယ် ။ ဒါပေမဲ့ စပျစ်ခိုင်နဲ့ သူ့ရဲ့ လက် အလှမ်းကွာဆဲပဲ ။ စပျစ်သီးခိုင်ကို သူ မော့ကြည့်လိုက်တယ် ။ သူ့ရဲ့ သွားတွေ ကျင်ခနဲ ဖြစ်သွားတယ် ။ မျက်လုံးနှစ်ဘက်ပင် ယောင်ပြီး မှိတ်မိသွားတယ် ။

“ ချဉ်လိုက်တာ ”

သူ့နှုတ်ကနေ စကားလုံးအချို့ တွန်းထိုး ခုန်ထွက်သွားတယ် ။ မြေခွေးကို လှမ်းကြည့်လိုက်တော့ သူ့ကို သွားဖြီးပြီး ကြည့်လို့ ။ ခနဲ့တဲ့တဲ့ အပြုံးပဲ ဆိုတာ သူ သဘောပေါက်လိုက်တယ် ။

“ ကျုပ်က လက်တွေ့ သမားဗျ ၊ ဒါ့ကြောင့် ဝင်ပြီး စမ်းသပ်ကြည့်တာ ၊ ခင်ဗျားတို့ စပျစ်သီးကို ကျုပ် မလိုချင်ပါဘူး ”

စပျစ်ပင်ကို ကျောခိုင်းပြီး သူ လှည့်ထွက်လိုက်တယ် ။

“ ဟေ့လူ ခဏနေပါဦးဗျ ”

မြေခွေးရဲ့ ဟန့်တားသံကြောင့် သူ့ခြေအစုံကို ရပ်တန့်လိုက်ပြီး လှည့်ကြည့်လိုက်တယ် ။

“ ဘာလဲ ”

“ ဟိုလေ စောစောက အသင်မှတ်ထားတဲ့ စာရွက်မှာ ထပ်ပြီးဖြည့် ရေးဖို့ ပြောမလို့ပါ ”

“ ဘာကို ဖြည့်ရေးရမှာလဲ ”

“ အော် မြေခွေး ၊ သူကြီး ၊ ဖိုးသူတော် ဆိုတဲ့ နောက်ကနေ စာရေးဆရာ မိုးအတ္တလို့ ထပ်ဖြည့်ရေးလိုက်ပါဦးလို့ ပြောမလို့ပါဗျာ ”

မြေခွေးရဲ့ ပြီတီတီ အပြုံးက သူမျက်နှာကို ဖြန်းခနဲ လာရိုက်ခတ်တယ် ။ အိပ်ထဲက မှတ်စုစာအုပ်ကို ထုတ်ယူလိုက်ပြီး မြေခွေးရဲ့ ရှေ့ကို ပစ်ချပေးလိုက်တယ် ။

“ ခင်ဗျားဘာသာ ဖြည့်ချင်ဖြည့် မဖြည့်ချင်နေ ”

ဆတ်ခနဲနေအောင် သူ ကျောခိုင်း လှည့်ထွက်လာခဲ့လိုက်တယ် ။

နောက်ဘက်ဆီမှ လွင့်ပျံလာတဲ့ ရယ်သံတစ်ခုက သူ့တစ်ကိုယ်လုံး လွှမ်းခြုံရစ်သိုင်းသွားတယ် ။ ဒါ မြေခွေးရဲ့ ရယ်သံ ဆိုတာ သူသိပေမယ့် နောက်ကို လုံးဝ လှည့်မကြည့်ဖြစ် ။ သူ့ရဲ့ ခြေလှမ်းတွေကိုသာ အမြန်နိုင်ဆုံး မြန်အောင် လှမ်းထွက်လာလိုက်တော့တယ် ။

( တစ်ယောက် တစ်ဘဝ ဝတ္ထုတို ပြိုင်ပွဲ ဒုတိယ ဆုရ )

▢  မိုးသောက်ထွန်း
📖 တစ်ယောက် တစ်ဘဝ ( ၃ )

No comments:

Post a Comment