Tuesday, November 25, 2025

စိတ်ကောင်းရှိဖို့ ပထမ


 

❝ စိတ်ကောင်းရှိဖို့ ပထမ ❞

[ ဘားအံမြို့ တစ်ဖက်ကမ်း ၊ မြိုင်ကလေးကို ကျွန်တော်တို့ လင်မယား ရောက်တော့ မနက်လင်းလုပြီ ။ ပုံမှန်အတိုင်း ဆိုရင် သန်းခေါင်ယွန်းစ ရောက်ရမှာ ။

ရှင်လိင်ပြန်မဲ့ နှစ်မှ ဝါကြီးထပ်တယ် ဆိုသလိုပဲ ၊ ကျွန်တော် ဘားအံကို သွားတဲ့ ရက်မှာမှ လမ်းခရီး လုံခြုံရေး အခြေအနေအရ ကားတွေကို ဘီးလင်း မှာ တားထားတဲ့ အတွက် မနက်လင်းခါနီးမှ မြိုင်ကလေး ကို ရောက်တာပါ ။

သံလွင်မြစ်ကူးတံတားရဲ့ တစ်ဖက်ကို ကျွန်တော့်ရဲ့နှမက လာကြိုနေတယ် ။ ကရင်ပြည်နယ် တိုင်းရင်းဆေးရုံကြီးမှာ ဆေးရုံအုပ်တာဝန် ထမ်းနေတဲ့ နှမက သူ့သားတွေကို ရှင်ပြုပေးလို့ ကျွန်တော်တို့ လင်မယား အလှူ သွားကြတာပါ ။ ကျွန်တော်နဲ့အတူ အခြား ညီအစ်ကို မောင်နှမတွေလည်း ပါတယ် ။ လာကြိုတဲ့ ဆန်နီပစ်ကပ် ကားကလေးရဲ့ ရှေ့ခန်းမှာ ကျွန်တော် စီးလိုက်လာရင်း ယာဉ်မောင်း မောင်စိုးမိုး နဲ့ စကားစမြည် ပြောလာခဲ့မိတယ် ။ သူ့ အလုပ်အကိုင်ကို မေးတော့ အသုဘကား မောင်းတာ ဆိုပဲ ။

သည်းထိတ်ရင်ဖိုညကို ဖြတ်သန်းခဲ့ပြီးနောက် သံလွင်မြစ်ကူးတံတားကြီးပေါ် မှာ သူပြောပြတဲ့ အပုပ်အပူအလောင်းကောင်တွေ ကောက်ခဲ့တဲ့ အတွေ့အကြုံတွေကို ကျွန်တော် နားထောင်ခဲ့မိတယ် ။ သူ လုပ်ကိုင်နေတဲ့ မဃ နာရေးကူညီမှုအသင်းရဲ့ အကြောင်း ၊ အသင်းကို ထူထောင်လုပ်ကိုင်နေတဲ့ လူကြီးတွေ အကြောင်း သိခွင့်ရတယ် ။

မောင်စိုးမိုး နဲ့ မဃ နာရေးကူညီမှုအသင်းကို လိုက်သွားပြီး အသင်း ထူထောင်ရာ ပါဝင်တဲ့ လူကြီးတွေနဲ့ တွေ့ပါတယ် ။

အသင်းဒုတိယဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ဦးအောင်မြင့် ( ယခု အသက် ၅၂ နှစ် ) က သူ့ဘဝနဲ့နွယ်ပြီး အသင်း ဖြစ်လာပုံကို ပြောပြတယ် ။ ]

••••• ••••• •••••

ကျွန်တော့် ဇာတိက တောင်ငူမြို့ ။ ၁ဝ နှစ်သားမှာ တောင်ငူ ဇေတဝန်ကျောင်း မှာ ကိုရင်ဝတ်တယ် ။

ဘဝမျိုးစုံ ကျင်လည် ခဲ့ရတာ ။

အဖေ နောက်အိမ်ထောင် ပြုသွားတော့ ကျွန်တော်က အမေနဲ့ နေခဲ့ရတာ ။ အမေက ကျန်းမာရေး မကောင်းဘူး ။ ကျွန်တော်တို့ ညီအစ်ကို မောင်နှမ လေးယောက် ကို အမေက ရှာကျွေးရတာ ။ လမ်းဘေးမှာ ဗန်းကလေး ခင်းပြီး အမေက ကုန်စိမ်း ရောင်းတာ ။ ကျွန်တော်က မနက် ၄းဝဝ နာရီ ဈေးသွား ခင်းရတာ ။ ခင်းပြီး အမေနဲ့ အတူ ဈေးထိုင်ရောင်းတာ ။

ခဏခဏ ကျောင်း နောက်ကျနေတော့ ကျောင်းက ဆရာမက ပြောတာနဲ့ ကျောင်းထွက်လိုက်တယ် ။ ဇေတဝန်ဆရာတော်ကို လျှောက်ပြီး ကိုရင်လေး ဝတ်တာ ။ ပြီးတော့ ကလော မိုင်းလုံးတောင်ကျောင်းဆရာတော် ဘုန်းကြီး ဦးကုဏ္ဍလ ဆီ ရောက်သွားတယ် ။ အဲဒီကနေ ၁၂ နှစ်သားမှာ တောင်မြို့မဟာဂန္ဓာရုံကျောင်းဆရာတော် အရှင်ဇနကာဘိဝံသ ခြေတော်ရင်းကို ရောက်သွားပြီး ပညာရည်နို့ သောက်စို့တယ် ။ ပထမကြီးတန်း ၊ သာမဏေ သကျသီဟတန်း စာမေးပွဲတွေ ဖြေတယ် ။

မဟာဂန္ဓာရုံကျောင်းတိုက် ကိုရင်ဘဝမှာ တစ်ရက်မျှ ဆွမ်းမဝခဲ့ဖူးဘူး ။ စားရတာကလည်း ပဲပြုတ် ၊ ငံပြာရည်နဲ့ ချဉ်ရည်ဟင်း ။ စာသင်သားဘဝက တော်တော် ဆင်းရဲပါတယ် ။ သင်္ကန်းချုပ်ဖို့ ချည်ကို သင်္ကန်းစုတ်က ပြန်ထုတ်ပြီး ချုပ်ရတာ ။ သင်္ကန်းကို အနားပတ် အမဲအူတွန့်တဲ့ အထိ ဝတ်ခဲ့ရတာ ။

ကျွန်တော် ရဟန်းခံတော့ ရဟန်းဘွဲ့ ဦးဣန္ဒဝံသ ။ ရဟန်း နှစ်ဝါမြောက်မှာ ဆားတောင်ဂန္ဓာမြိုင် ပရဟိတ ဆရာတော် ဦးနန္ဒသဘ ဆီမှာ ပရဟိတ အတူလုပ်တယ် ။ ရဟန်း သုံးဝါမြောက်မှာ သီတင်းသုံးဖော် ဦးဂန္ဓမာ ၊ ဦးဝါသဝ တို့နဲ့ မိုးကုတ် ကြပ်ပြင် ကို တက်လာပြီး ပရဟိတကျောင်း ဖွင့်ကြတယ် ။ မိဘမဲ့ကလေး ၈ဝ လောက် ရှိလာတယ် ။ ကြည်ညိုတဲ့ ဒကာ ၊ ဒကာမ များလာသလို မလိုမုန်းထားလို့ တိုင်တဲ့ တောတဲ့ လူတွေလည်း ရှိလာတယ် ။ ပြဿနာလည်း ခဏခဏ ရှင်းနေရတယ် ။ အသက်ကြီးမှ လူထွက်ရရင် ဒုက္ခရောက်မယ် ဆိုပြီး သူငယ်ချင်းသုံးပါး ပြိုင်တူ လူထွက်လိုက်ကြတယ် ။ အသက်က ၂၅ နှစ်ပဲ ရှိသေးတယ် ။

ကရင်ပြည်နယ်က သူငယ်ချင်း သာငြိမ်းမောင် နဲ့ တွေ့တယ် ။ သူတို့ဘက်မှာ လုပ်ငန်းကိုင်ခန်း ပေါတယ်ဆိုလို့ သူ့ရွာ ကျုံပကို လိုက်လာတာ ။ တကယ်တော့ ထင်တဲ့အတိုင်း မဖြစ်ပါဘူး ။ မှောင်ခို လုပ်ဖို့ကလည်း လမ်းက မပွင့်သေးဘူး ။ ထင်းဖြတ်ရောင်းတော့ ထင်းဝယ်တဲ့သူ မလာဘူး ။ သာသနာ့ဘောင် ပြန်ဝင်ရအောင် ကလည်း သာသနာသည် နွားခြံ မဟုတ် ၊ ဝင်လိုဝင် ထွက်လိုထွက် မလုပ်သင့်ဘူး ။

သစ်ခွဲတဲ့ လူက လွှဆွဲရင် တစ်နေ့ ၁၅ ကျပ် ပေးမယ်တဲ့ ။ လွှဆွဲ သင်ပြီး ဝင်ဆွဲတယ် ။ နောက်ကျတော့ ရွာက ပေါ်တာ လိုက်မလား တစ်နေ့ ( ကျပ် ) ၂၀ ရမယ်တဲ့ ။ အဆင်ပြေတာပဲကွာ ၊ လိုက်မယ် ။ ရွာက စုပြီး ငှားထည့်လိုက်ကြတာ ။ ဖြတ်လေးဖြတ် ခေတ်မှာ ဖာပွန် ၊ ကမမောင်း ဘက် တက်တာ ။ တစ်လလောက် ကြာတယ် ။ ရွာက လူတွေကတော့ သေပြီ ထင်နေတာ ။

မိုးဦးကျတော့ မှောင်ခို တက်တယ် ။ ကိုက် ၁ဝဝ ပါ တက်ထရွန်ပိတ် ခြောက်လိပ်ကို မဲသဝေါစခန်း ကနေ ဘားအံ ကမ်းနား အထိ ထမ်းရင် ( ကျပ် ) ၃၆ဝ ရတယ် ။ လေးသလား မမေးနဲ့ ၊ လဲကျရင် ပြန်ထဖို့ မလွယ်ဘူး ။

နောက်တော့ ကိုယ့် ပိုက်ဆံနဲ့ကိုယ် အရင်း ထုတ်ပြီး ကိုယ်ပိုင်ဝယ် ကိုယ်ပိုင်ရောင်း လုပ်တယ် ။ တက်ကုန် အဖြစ် ငရုတ်သီးမှုန့် ၊ ဘီပီအိုင် ဆေးဝါးတွေ သယ်တယ် ။ ဆင်းကုန်က အချိုမှုန့် ၊ ဖိနပ် ၊ ဇွန်း ၊ အဝတ်အထည် ။

စီးပွားရှာရင်း ကျုံပကို ရွာမှာပဲ အိမ်ထောင် ကျတယ် ။ ကိုယ်က ပြည်မက လာတာ ။ သူပုန်က ကိုယ့်ကို မသင်္ကာလို့ လာလာ ဖမ်းတယ် ။ ကုသိုလ်ကောင်းလို့ ပြန်ပြန်လွတ်တာ ။ ရေရှည်မှာ အန္တရာယ် များတယ် ဆိုပြီး မြို့ကို ပြောင်းခဲ့တယ် ။

ဘားအံမြို့ကို ပိုက်ဆံ တစ်ဆယ်နဲ့ တက်လာပြီး ဦးလေး ဦးစံဝင်း အိမ်မှာ နေတယ် ။ ဦးလေးရဲ့ သဲကျောက် ကဲ့တဲ့ စက်လှေ မောင်းပေးတယ် ။ လုပ်အားခတော့ မရဘူးပေါ့ ။ သဲကျောက် ဝင်ထမ်းတော့ တစ်နေ့ ၁၅ ကျပ် ၂ဝ ရတယ် ။ အလုပ်သမားတွေနဲ့ အတူ ဝင်လုပ်တာ ။

ပိတောက်လမ်းထိပ် ၊ ပိတောက်ပင် အောက်မှာ ပိတောက်ရိပ် ဆိုတဲ့ နာမည်နဲ့ ကွမ်းယာ ရောင်းတယ် ။ သံလွင်မြစ်ကမ်းထိပ်မှာပေါ့ ။ စဖွင့်တော့ ငွေရင်းက ( ကျပ် ) ၃၀ ပဲ ရှိတာ ။ ဒါလေးနဲ့ ဈေးပြေးဝယ်လိုက် ပြန်လာလိုက် ရောင်းလိုက် ၊ ကုန်ရင် ဈေးပြန်ပြေး ဝယ်လိုက်နဲ့ တစ်နေ့ သုံးခေါက်လောက် ဈေးပြေးတာ ။

ကွမ်းယာနဲ့ မုန့်ပဲသရေစာ ငွေကလေးစုပြီး အမျိုးသမီးကို ဘားအံ ခေါ် ယူတယ် ။ ယောက္ခမက စလယ်ဝင်အိုး တစ်လုံး ၊ ပန်းကန်ပြား တစ်ချပ်နဲ့ ခေါင်းအုံးတစ်လုံးပဲ ပေးလိုက်တာ ။ သူ့သမီး အတွက်ပဲ ။ လင်မယား နှစ်ယောက် ထမင်းအတူ စားတဲ့အခါ ကျွန်တော်က ပန်းကန်ပြားနဲ့ စားရင် အမျိုးသမီးက စလောင်းဖုံးနဲ့ စားတယ် ။ ရသမျှ ငွေလေးစုပြီး သုဝဏ္ဏလမ်းမှာ မြေကွက်လေးတစ်ကွက် အရစ်ကျ ငွေချေစနစ်နဲ့ ဝယ်လိုက်တယ် ။

ရွာကလူတွေက ကြံကြိတ်စက် လိုချင်တယ် ။ ဖြူးမြို့မှာ ရှိတယ် ။ ဟိုသွားပြီး ဓာတ်ပုံရိုက် ၊ ယူလာပြီး သည်မှာပြ ၊ ပွဲစားလုပ်တာပေါ့ ။ ကြိတ်လုံးတစ်လုံး ကော်မရှင် ( ကျပ် ) ၁၅ဝဝဝ လောက်ရတယ် ။ ပွဲစားဆိုတာ ခဏပဲရတာ ။ စက်မှုလက်မှု ပညာသင်မှပဲ ဆိုပြီး တွင်ခုံနဲ့ သံဂဟေပညာ သင်တယ် ။ ဘားအံမှာ တွင်သံဂဟေ သံပန်း သံတံခါး လုပ်တယ် ။

ကိုယ်ငယ်စဉ်က သာသနာ့ဘောင်မှာ နေခဲ့ရတော့ ရဟန်းတော်တွေ ဆွမ်းကိစ္စ ခက်ခဲတာ သိတယ် ။ ဒါကြောင့် ၁၉၈၉ ခုနှစ်မှာ မဃလုလင် လူငယ်ဆွမ်းလောင်း အသင်းကို သူငယ်ချင်း ငါးယောက် တွဲပြီး ထူထောင်ကြတယ် ။ အရပ်ထဲ ကြေးစည်လေး ထုပြီး လှည့် ၊ ပါးစပ်မှာ လက်ခုပ်လေးအုပ်ပြီး လည်အော်တာ ။ တစ်နှစ် ၊ နှစ်နှစ် ၊ သုံးနှစ်လောက် ကျတော့ မြို့တော်ဦးကျောင်းဘုန်းကြီးက အကူအညီ ပေးလို့ အသံချဲ့စက်နဲ့ အော်နိုင်လာတယ် ။ ကျွန်တော် ကိုယ်တိုင်ပဲ ဟောပြော ၊ အော် ၊ ကျွန်တော် ကိုယ်တိုင်ပဲ ချက်ပြုတ် ၊ ကျွန်တော် ကိုယ်တိုင်ပဲ ဆွမ်းလောင်း ။ သံဃာ ၆ဝ လောက် ကို စလောင်းနိုင်တာ ၊ ၁၃ နှစ်လောက်ကြာတော့ သံဃာ ၄၆ဝ လောက် ဆွမ်းလောင်း နိုင်တယ် ။

တွင်ခုံ သံဂဟေ လုပ်နေရင်း သူငယ်ချင်းရဲ့ ကားက ဇက်ဆိပ်မှာ ပြုတ်ကျတာကို ပြန်ဆယ်ပြီး ဘော်ဒီ ပြန်ရိုက်ပေးရာက ဘော်ဒီရုံ ဖြစ်သွားတယ် ။ တွင်ခုံဘော်ဒီရုံ လုပ်တာ ၁၅ နှစ်လောက် ကြာတော့ လမ်းပေါ်မှာ ကားတွေ အပြည့် ။ ည ၈းဝဝနာရီ လောက်အထိ အလုပ်က မသိမ်းနိုင်သေးဘူး ။ အလုပ်သမား ၁၄ - ၅ ယောက်နဲ့ လုပ်နေရတာ ။

ဆွမ်းလောင်းအသင်း ကလည်း တဖြည်းဖြည်း အောင်မြင်လာတယ် ။ အဲဒီ အချိန်မှာ မန္တလေး တောင်စလင်းတိုက်သစ် ဆရာတော် ဦးတိက္ခ ဟောတဲ့ ယသကုလပုတ္တ သတို့သား တရားကို နာရတယ် ။ လူတွေ နာရေးကိစ္စနဲ့ ပတ်သက်ရင် မှားယွင်းတဲ့အယူအဆ အစွဲအလမ်းတွေ ကြီးကြလို့ နာရေးရှင်တွေ ဒုက္ခတွေ့ရပုံ ၊ နာရေးကိစ္စကို ကူညီဆောင်ရွက်တာဟာ မြင့်မြတ်တဲ့အလုပ်မျိုး ဖြစ်ပုံတွေ နာရတယ် ။

ကျွန်တော်တို့ ဘားအံမြို့ မှာလည်း နာရေးကူညီမှုအသင်း ဖြစ်အောင် လုပ်မယ် ဆိုပြီး ဆရာတော်ရဲ့ တရားတိပ်ခွေတွေကို ပွား ၊ လိုက်ဖြန့်တယ် ။

ဆွမ်းလောင်းအသင်း အလှူခံ ထွက်ရင်း နာရေးအသင်းဖွဲ့ဖို့ ဖိတ်စာ ၁ဝဝဝ လိုက်ဝေတယ် ။ စိတ်ဝင်တစားနဲ့ တက်လာတဲ့ လူက ၅၃ ယောက်ပဲ ရှိတယ် ။ သူတို့က အလှူငွေတွေ ထည့်ကြတာ ငွေကျပ် ၁၀၆၅ဝဝ ရတယ် ။

ဘယ်လိုနည်းနဲ့ ကူညီကြမှာလဲ ။ လူတစ်ယောက် သေရင် အကူငွေ ကျပ် ၁ဝဝဝဝ သွားထည့်မယ် ။ ထမင်းချက်ပေးမယ် ။ ခေါင်းရိုက်ပေးမယ် ။ အလောင်း မြေကျဖို့ အတွက် နိုင်သလောက် ကူညီမယ် ဆုံးဖြတ်တယ် ။ အဲဒါ ၂၀၀၂ ခု ဇူလိုင်လ ၃၁ ရက် ။

အဲဒီနှစ်က ဘားအံမှာ ရေကြီးတယ် ။ အသင်းဖွဲ့ ပြီးတော့ စသေတာက သစ်စက်ဝင်းထဲ နေတဲ့ ဒေါ်ကလိမ်စေ့ ။ ပဲပြုတ်သည် ။ ဆင်းလည်း ဆင်းရဲတယ် ။ သွားကူကြတော့ သူ့ယောက်ျား ဦးမောင်ဌေး က ငါ့တူတို့ လာကူကြလို့ မင်းတို့ အဒေါ်အလောင်း မြေကျနိုင်တာ ၊ ဦးလေး လက်ထဲမှာ ပိုက်ဆံ ၂ဝဝ ပဲ ရှိတယ်တဲ့ ။ ပြောရင်း မျက်ရည်တွေကျလို့ ။ သူပြောတဲ့ စကားကြောင့် ပီတိလည်း ဖြစ်တယ် ။ ရင်ထဲလည်း ဆို့သွားတယ် ။

ရေတွေထဲမှာ အလောင်းကို ထမ်းထုတ်ပြီး ကားပေါ် တင်တယ် ။ ကားက ကျွန်တော့် သူငယ်ချင်း ဦးတင်ရှိန်ရဲ့ အရပ်သုံး မြို့ပတ် ဘတ်စ်ကား ။ ဟိုင်းလတ်ကား ။ အဲဒီလက ဘားအံမှာ လူခြောက်ယောက် သေတယ် ။ အချို့က မင်းတို့ အသင်း ထောင်လို့ လူတွေ ပိုသေသတဲ့ ။ ကျွန်တော်တို့ အသင်းထောင်လို့ စာရင်း အတိအကျ သိရလို့ ဒါလောက်သေတာ ခင်ဗျားတို့ သိရတာ ။ နဂိုကတော့ သူ့ဟာသူ သွားနေတော့ မသိနိုင်ဘူးလို့ ရှင်းပြတယ် ။

နောက်နှစ်ကျတော့ နာရေးကူညီမှုအသင်း အနေနဲ့ မော်တော်ယာဉ်လေး ဝယ်ဖို့ ကြိုးစားကြတယ် ။ လိုက်အလှူခံတော့ ပိုက်ဆံ ၁၆ သိန်းရတယ် ။ ၁၆ သိန်းတန် ကားလေးတစ်စင်း ရတယ် ။ ပါရမီတည်းခိုခန်းက အဘဦးငွေရီတို့ မိသားစုကလည်း တိုယိုပက်ကားလေး တစ်စင်း လှူတယ် ။ မယကဥက္ကဋ္ဌကြီး ကလည်း ကားကိစ္စ အကူအညီပေးတယ် ။

ကျွန်တော့် အိမ်မှာ ကားတွေ ဆေးသုတ်ဆေးမှုတ် ဘော်ဒီရိုက် လုပ်နေတဲ့ အချိန်မှာပဲ နာရေးကူညီမှုအသင်းလည်း စထူထောင်တယ် ။ နာရေးကားတွေကို လမ်းပေါ်မှာ ထားလို့ မဖြစ်ဘူး ။ မိုးနဲ့ ရေနဲ့ ဆိုတော့ ကျွန်တော့် အလုပ်ရုံထဲမှာ ထည့်တယ် ။ နာရေးကားတွေ ဒီထဲမှာသိပ် ၊ ဒီထဲမှာပြင် ဆိုတော့ အယူသီးတဲ့ လူတွေက ကျွန်တော့် ဝပ်ရှော့မှာ ကား လာမပြင်တော့ဘူး ။ တဖြည်းဖြည်းနဲ့ ဝပ်ရှော့ ပိတ်လိုက် ရရော ။

ကျွန်တော့် မှာလည်း မိသားစုနဲ့ ။ ဈေးပြန် ရောင်းစားရတယ် ။ ကွမ်းယာဆိုင်လေး ဖွင့်ရတယ် ။ ထင်းမီးသွေး ရောင်းရတယ် ။ အခု ဒံပေါက်ဖောက်ရောင်းစားတယ် ။ လူမှုရေး လုပ်တဲ့ အကျိုးကတော့ ခဏလေးနဲ့ ဟိုးလေးတကျော် ဖြစ်ပြီး ဒံပေါက်အော်ဒါတွေ မှာတဲ့ အခြေအနေ ဖြစ်လာတယ် ။

မဃ နာရေးကူညီမှုအသင်း ကလည်း တိုးတက်ပါတယ် ။ ဇွဲကပင်တောင် ဆရာတော် ၊ တောင်ကလေး ဆရာတော်တို့ရဲ့ သြဝါဒခံပြီး လုပ်တာ အသင်းပိုင်မြေ ၊ အသင်းရုံး အဆောက်အဦ ရှိလာပြီ ။

ဆရာတော်တွေက သေတဲ့ လူအတွက် လုပ်သလို ရှင်တဲ့ လူတွေ အတွက်လည်း လုပ်ပါလို့ သြဝါဒပေးလို့ မဃ စေတနာရှင် သွေးလှူရှင်အသင်းလေး တစ်သင်း လုပ်တာ တစ်နှစ်ကို သွေးပုလင်းပေါင်း ၅ဝဝ ကျော် လှူပေးနိုင်နေပြီ ။ လမ်းခင်းတဲ့ နေရာလည်း မဃ က ပါတယ် ။ စတုဒီသာ ကျွေးတယ် ၊ လုပ်အားပေးတယ် ။

ကျွန်တော်တို့ လုပ်ပုံကိုင်ပုံကို သဘောကျပြီး ဇာသပြင်ကျေးရွာ ၊ ကူးဆိပ် ကျေးရွာ ၊ ကမမောင်း ၊ လှိုင်းဘွဲ့ ၊ သထုံ ၊ မြဝတီ တို့မှာ လူမှုကူညီရေးအသင်းတွေ ဖြစ်ပေါ်လာတယ် ။ ကျွန်တော်တို့ ကလည်း အကူအညီ ပေးပါတယ် ။

⎕ ကျော်ရင်မြင့်
📖ဘဝဇာတ်ခုံ အဖုံဖုံ

No comments:

Post a Comment