Friday, November 7, 2025

ရွှေပေလွှာ

 

❝ ရွှေပေလွှာ ❞
     ( ပုံပြင် )

ရှေးရှေးတုန်းက တိဘက်ပြည် တက္ကသိုလ်မှာ ပညာသင်ကြားရင်း အင်မတန်ခင်မင် ရင်းနှီးသွားတဲ့ မိတ်ဆွေသုံးဦး ရှိသတဲ့ ။ တိဘက် ဆိုတာကတော့ မြန်မာပြည်ရဲ့ အိမ်နီးနားချင်း နိုင်ငံ တစ်နိုင်ငံပေါ့ ။ ပညာစုံလို့ သူတို့ သုံးဦးဟာ တက္ကသိုလ်က ထွက်ခွာလာကြသတဲ့ ။ သူတို့ သုံးဦးထဲက တစ်ယောက်က ဘုရင့်သားတဲ့ ။ သူ နန်းတော် ပြန်ရောက်တော့ ဘုရင်ကြီးဟာ နတ်ရွာစံလို့ သူ နန်းတက်ရသတဲ့ ။

သူ ဘုရင် ဖြစ်လာတော့ သူ့မိတ်ဆွေ တစ်ဦးကို ဗိသုကာဆရာကြီး ခန့်ထားပြီး ကျန် တစ်ယောက် ကိုတော့ နန်းတော်ဝန်ရာထူး ခန့်ထားသတဲ့ ။ နန်းတော်ဝန် ဆိုတာက နန်းတော်ကြီးကို စီမံအုပ်ချုပ်ရတယ် ။ မင်းခမ်းမင်းနားတွေအတွက် ပြင်ဆင် ပေးရတာပေါ့ကွယ် ။ ဗိသုကာ ဆရာကြီးမှာ အင်မတန် ချောမောလှပတဲ့ ဇနီး ရှိသတဲ့ ။ ဒါကို နန်းတော်ဝန်က မနာလိုဘူးတဲ့ ။ ဗိသုကာဆရာကြီးကတော်ကို ရယူဖို့ ကြိုးစားသတဲ့ ။ မတတ်သာတဲ့ အဆုံး ဗိသုကာဆရာကြီး သေရင်တော့ သူ့ကတော် ရကောင်းရဲ့လို့ စဉ်းစားမိပြီး နန်းတော်ဝန်ဟာ ဗိသုကာဆရာကြီး အပေါ် သေကြောင်းကြံသတဲ့ကွယ် ။ ဘယ်လောက်များ အကြံပက်စက်လိုက် သလဲလို့ ။

ဒီလိုနဲ့ နန်းတော်ဝန်ဟာ ရှေးခေတ် ရေးသားနည်း ရေးသားဟန်တွေကို လေ့လာ ဆည်းပူးသတဲ့ ။ အတော်အတန်လေး တတ်မြောက်လာတော့ သူဘာသာသူ စာတစ်စောင် ရေးသားပြီး “ ရွှေပေလွှာ ” ပါဆိုကာ ဘုရင်မင်းမြတ်ကို သွားဆက်သတဲ့ ။ “ ရွှေပေလွှာ ” ဆိုတာက မည်သူ တစ်ဦးတစ်ယောက်ကမျှ ရေးသားတာ မဟုတ်ဘဲ မိုးပေါ်က အလိုလို ကျလာတာရယ်လို့ ရှေးခေတ်လူတွေ ယုံကြည်ကြသတဲ့ ။ ဘုရင်ကလည်း ဝမ်းမြောက်ဝမ်းသာစွာနဲ့ ဖတ်ကြည့်တော့ မကြာမီက နတ်ရွာစံသွားတဲ့ ဘုရင့်ခမည်းတော်မင်းကြီးဟာ နတ်ပြည်မှာ ရောက်နေတဲ့ အကြောင်း ၊ သူနေထိုင်ဖို့ နန်းတော်အဆောင်ဆောက်လိုတဲ့အကြောင်း ၊ ထို့ကြောင့် သူ့ထံကို အတော်ဆုံး ဗိသုကာဆရာကြီး တစ်ဦးစေလွှတ်ဖို့ ဘုရင့်ထံ အကြောင်းကြားတာ ဆိုပဲ ။ ဘုရင်ကလည်း သိပ်စဉ်းစားမနေတော့ ဗိသုကာဆရာကြီးကို ရှေ့တော်မှောက် ခေါ် ပြီးအကျိုးအကြောင်း ပြောပြကာ နတ်ပြည်သွားဖို့ အမိန့် ချမှတ်လိုက်သတဲ့ ။ ဒါဟာ ဘယ်နည်းနဲ့ မှမဖြစ်နိုင်တဲ့အကြောင်း ၊ လုံးဝ အဓိပ္ပာယ် မရှိတဲ့အကြောင်း ဗိသုကာဆရာကြီးက စဉ်းစားတွေး တောမိသတဲ့ ။ ဒါပေမယ့် ဘုရင့်အမိန့် ဆိုတော့ ဘယ်ငြင်းရဲပါ့မလဲ ။ ဒီတော့ နတ်ပြည်သွားရန် ပြင်ဆင်ဖို့ ( ၇ ) ရက် ခွင့်တောင်းတာကိုတော့ ဘုရင်ကြီးက သဘောတူ လိုက်သတဲ့ ။ နန်းတော်ဝန်က ကျိတ်ပြီး ဝမ်းသာနေတာပေါ့လေ ။

ဗိသုကာဆရာကြီးဟာ အိမ်ပြန် ရောက်လို့ သူ့ဇနီးကို အကျိုးအကြောင်း ပြောပြတယ် ဆိုရင်ပဲ သူ့ဇနီးက သိပ်ဒေါသ ထွက်သတဲ့ ။ ဒါဟာ နန်းတော်ဝန်ရဲ့ ဉာဏ်ပဲ ဆိုတာလည်း ချက်ချင်း သိတယ်ဆိုပဲ ။ နောက်ဆုံးတော့ သူတို့ ဇနီးမောင်နှံဟာ လွတ်မြောက်ဖို့ နည်းလမ်း တစ်ခု ကြံစည်မိကြသတဲ့ ။ ဒီလိုနဲ့ သူတို့ နှစ်ယောက် ညစဉ်ညတိုင်း သူတို့ အိမ်ခေါင်းရင်းက ကွက်လပ် နဲ့သူတို့ အိပ်ခန်းကို ဆက်မိအောင် ဥမင်လိုဏ်ခေါင်းကြီး တစ်ခု တူးကြသတဲ့ ။ ( ၇ ) ရက်ကြာတော့ ပြီးသွားပါရောတဲ့ဟေ့ ။ ကွက်လပ်ဘက်က လိုဏ်ဂူဝ ကိုတော့ ကျောက်ပြား တစ်ချပ်နဲ့ ပိတ်ထားတယ်တဲ့ ။

ဗိသုကာဆရာကြီး နတ်ပြည် တက်မယ့်နေ့မှာ ဘုရင်ကြီးဟာ မှူးကြီးမတ်ရာတွေ ခြံရံ ပြီး ကြွချီလာတော် မူသတဲ့ ။ ဗိသုကာဆရာကြီးက သူ နတ်ပြည်ကို သူ့ အိမ်ခေါင်းရင်း ကွက်လပ် က တက်ပါရစေလို့ ခွင့်တောင်း ထားလေတော့ ဘုရင်ကြီးက အဲဒီကွက်လပ်ကို ကြွချီလာတာ ပေါ့ ။ နန်းတော်ဝန် လည်း ဘုရင်ကြီးနဲ့ အတူ ပါလာသတဲ့ ။

ဗိသုကာဆရာကြီးဟာ လိုဏ်ဂူဝကို ပိတ်ထားတဲ့ ကျောက်ပြားပေါ်မှာ ရပ်နေသတဲ့ ။ နတ်ပြည်ကို ယူသွာဖို့ ပစ္စည်းအချို့ကိုလည်း လက်က ကိုင်ထားသတဲ့ ။ သူ့ ပတ်ပတ်လည် မှာတော့ နံ့သာတုံး ဆိုတာက သနပ်ခါး ၊ နံ့သာဖြူ ၊ နံ့သာနီ စသည်တို့ကို ခေါ်တာပေါ့ ၊ ဘုရင်ကြီးက အမိန့် ပေးလိုက်တယ် ဆိုရင်လည်း စည်တော် ယွန်းပြီး နံ့သာတုံးတွေကို မီးရှို့ လိုက်ပါရောတဲ့ ။ မီးခိုးတွေလည်း ပိန်းပိတ်အောင် မှောင်နေသတဲ့ ။ ဒီတော့ ဗိသုကာဆရာကြီးကို ဘယ်သူမှ မမြင်ရတော့ဘူးပေါ့ကွယ် ။ ဒါနဲ့ ဗိသုကာဆရာကြီးက ကျောက်ပြားကို အသာ မပြီး ဥမင်လိုဏ် ခေါင်းထဲက သူတို့ အိပ်ခန်း ရောက်အောင် လျှောက်သွားသတဲ့ ။ နန်းတော်ဝန်က ဗိသုကာ ဆရာကြီး သေရှာပြီရယ်လို့ ဝမ်းသာအားရဖြစ်ကာ မီးခိုးတွေကို ညွန်ပြပြီး “ အရှင်ဘုရား ၊ ရှုတော်မူပါ ၊ ဗိသုကာဆရာကြီး နတ်ပြည်ကို မြင်းနဲ့ တက်သွားပါပြီဘုရား ” ဟု လျှောက်ထားသတဲ့ ။

အဲဒီနေ့က စပြီး ဗိသုကာဆရာကြီးဟာ အပြင် မထွက်တော့ဘဲ သူတို့ အိပ်ခန်းလေး ထဲမှာပဲ နေနေရတယ်တဲ့ ။ အစားအစာတွေ ကိုတော့ သူ့ဇနီးက ရှာဖွေပေးတာပေါ့ ။ ဒီအချိန်မှာ နန်းတော်ဝန်ဟာ ဗိသုကာဆရာကြီးရဲ့ဇနီးကို အမျိုးမျိုး ကြံစည်တာပေါ့ ။ ဒါပေမယ့် ဗိသုကာဆရာကြီးရဲ့ဇနီးဟာ မိန်းမကောင်း မိန်းမမြတ်မို့ အနားကိုတောင် မသီနိုင်ဘူးတဲ့ ။ ဗိသုကာဆရာ ကြီးကတော့ အိပ်ခန်းလေး ထဲမှာသာ နေ့ရောညပါ နေနေရလေတော့ အချိန်တွေ ပိုနေတာနဲ့ ရှေးခေတ် ရေးနည်းရေးဟန်တွေ လေ့လာပြီး ရွှေပေလွှာ တစ်စောင် ကြိုးစားပြီးရေးသတဲ့ ။

တစ်နှစ်မြောက်တဲ့ နေ့မှာ ဗိသုကာဆရာကြီးဟာ ကျောက်ပြားလေး ပေါ်မှာ ရပ်ပြီး သူ နတ်ပြည်က ပြန်လာပြီရယ်လို့ အိမ်နီးနားချင်း မိတ်ဆွေတွေကို နှုတ်ဆက် လိုက်သတဲ့ ။ သူ့ဇနီး ကလည်း ဝမ်းသာအားရ ဖြစ်သွားကာ နန်းတော်ကို ဗိသုကာဆရာကြီးအား ခေါ်သွားတယ်တဲ့ ။ နန်းတော် ရောက်တော့ ဗိသုကာဆရာကြီးက လျှောက်ထားသတဲ့ ။   

“ အရှင်မင်းကြီး ၊ ကျွန်တော် မျိုးသည် အရှင်မင်းကြီး၏ ခမည်းတော်ကြီး အတွက် အလွန် လှပတင့်တယ်တဲ့ နန်းတော် တစ်ဆောင် ဆောက်လုပ် ပေးခဲ့ပြီးပါပြီ ဘုရား ” လို့ လျှောက်ထားသတဲ့ ။ နောက်တော့ သူအသင့် ရေးလာတဲ့ ရွှေပေလွှာကို ဘုရင်ကြီးအား သူ့ခမည်းတော်က ပေးလိုက်ကြောင်း ပြောပြကာ ဆက်သလိုက်သတဲ့ ။ ဘုရင်ကြီးလည်း အလွန် ဝမ်းမြောက်ဝမ်းသာဖြစ်သွားတယ်တဲ့ ။

သူ့ ခမည်းတော် ပေးလိုက်တဲ့ စာကို ဖတ်ကြည့်တော့ နတ်ပြည်မှာ ရှိတဲ့ နန်းတော်ကြီးကို ကြည့်ရှုစောင့်ရှောက်ဖို့ နန်းတော်ဝန် တစ်ဦး စေလွှတ်ဖို့ အကြောင်းကြားတာတဲ့ ။ ရှင်ဘုရင် ကလည်း သိပ်စဉ်းစား မနေတော့ဘဲ သူ့မိတ်ဆွေ နန်းတော်ဝန်ကို နတ်ပြည် သွားဖို့ အမိန့် ချမှတ် လိုက်သတဲ့ ။

နန်းတော်ဝန် ကလည်း စဉ်းစားမိပြန်တယ်တဲ့ ။ ဗိသုကာဆရာကြီးလည်း နတ်ပြည်ကို ရောက်ပြီး ပြန်လာနိုင်သားပဲ ။ ဒီတော့ သူလည်း သွားပြီး ပြန်လာနိုင်မှာပဲတဲ့ ။ နောက်တော့ သူ လည်း ဗိသုကာဆရာကြီး နည်းတူ ပြင်ဆင်ဖို့ ( ၇ ) ရက်နဲ့ နတ်ပြည်ကို သူ့ အိမ်ခေါင်းရင်းက တက်ခွင့်ပြုဖို့ တောင်းပန်တော့ ဘုရင်ကြီးက ခွင့်ပြုလိုက်သတဲ့ ။

ရှစ်ရက်မြောက်တဲ့ နေ့မှာ နန်းတော်ဝန်လည်း ဗိသုကာဆရာကြီး တုန်းကလိုပဲ အခမ်းအနားနဲ့ နတ်ပြည် တက်သွားသတဲ့ ။ ဗိသုကာဆရာကြီး နတ်ပြည် တက်သွားတုန်းကနဲ့ နန်းတော်ဝန် နတ်ပြည် တက်သွားတာ မတူတဲ့ အချက် နှစ်ချက် ရှိတယ်ကွဲ့ ။ ဘာတွေဖြစ်ကြမယ်ဆိုတာ ကလေးတို့ စဉ်းစားပြီး ဖြေကြည့်ကြစမ်း ။

ဗိသုကာဆရာကြီး နတ်ပြည် တက်သွားတယ် ဆိုတုန်းက အခမ်းအနား ပြီးသွားတော့ မီးသွေးတွေသာ ကျန်ရစ်ခဲ့ပေမယ့် နန်းတော်ဝန် အလှည့်ကျတော့ အရိုးတွေပါ ကျန်ရစ်ခဲ့တယ် တဲ့ ။ နောက်တစ်ချက်က တစ်နှစ်ပြည့်တဲ့ နေ့မှာ ဗိသုကာဆရာကြီး ပြန်လာပေမယ့် နန်းတော်ဝန် က ဘယ်တော့မှ ပြန်မလာနိုင်တော့ဘူးတဲ့ကွယ် ။ ဘယ် လာနိုင်ပါ့မလဲ ။ သူက တကယ် သေသွားမှကိုး ။

အဲဒါသာ ကြည့်ပေတော့ ။ သူတပါး အပေါ် စိတ်ထား ယုတ်မာတဲ့ လူဟာ နောက်ဆုံး ကိုယ်ပဲ ဒုက္ခ ရောက်တတ်လို့ကလေးတို့ ဒီစိတ်မျိုး မမွေးရဘူးနော် ။

( ဘာသာပြန် )

〇 မောင်အေးကျော်
📖 ရှုမဝ မဂ္ဂဇင်း
      ၁၉၆ဝ ၊ စက်တင်ဘာ

No comments:

Post a Comment