Sunday, November 16, 2025

ခင်သီတာ


 ❝ ခင်သီတာ ❞

  ( လေးမြိုင် )


“ မစန်းရေ ... ခဏဟေ့ ”


နံနက်အိပ်ရာထ ကော်ဖီသောက်ပြီး၍ ပက်လက်ကုလားထိုင်တွင် သတင်းစာကြည့်နေရာမှ လှမ်းခေါ်လိုက်သော ဦးလေးဦးလွန်းမောင် ၏ အသံဖြစ်လေသည် ။ ဦးလေး၏ ဇနီးဖြစ်သူ မမစန်းရင် က သူ့သားကလေး မောင်ဝင်းရွှေ နှင့် သမီးကလေး ရီရီရှိန် အား အဝတ်အစား ဝတ်ဆင်ပေးနေရာမှ “ ဟုတ်ကဲ့ အစ်ကို လာပြီ ” ဟု ပြန်ထူးလိုက်သည် ။ မကြာမီ လင်မယား နှစ်ယောက် တိုးတိုးသံများဖြင့် တိုင်ပင် ပြောဆိုနေကြလေသည် ။

 

ဒရိုက်ဘာ ကိုမြမောင်သည် ကားရုံမှ မော်တော်ကားကို ထုတ်ပြီး ပွတ်တိုက်ပြင်ဆင်နေသည် ။ အိမ်ဖော်ဖြစ်သူ မစောရွှေ၏ မီးဖိုခန်းတွင် အိုးခွက်ပန်းကန်များ ပြင်ဆင်နေသံ ကိုလည်း ကြားနေရ၏ ။


မနက်စောစောတွင် စိပ်ပုတီးစိပ်လေ့ရှိသော ကျွန်တော့်မှာ စိပ်ပုတီးတွင် စိတ်မတည် သဖြင့် အိမ်သားများ လှုပ်ရှားသမျှကို လိုက်၍ သိနေတော့သည် ။ သို့ကြောင့် စိပ်ပုတီးကို ခေါင်းအုံးပေါ်သို့ ပစ်တင်လိုက်ပြီး အောက်ထပ်သို့ ဆင်းရန် ထိုင်ရာမှ ထလိုက်၏ ။


“ ဟေ့ ... ဟေ့ ... ဆရာကြီး နေဦး ။ ပုတီးစိပ်လို့ ပြီးပလား ။ ပြောစရာရှိလို့ လာခဲ့တာ ထိုင်ဦး ” 


မမစန်းရင်က ကျွန်တော့် ခုတင်ပေါ်တွင် တင်ပါးလွှဲ ထိုင်ချရင်း ပြောလိုက်သဖြင့် ကျွန်တော်လည်း ထိုင်ခုံတစ်ခုကို ဆွဲယူပြီး ပြန်ထိုင်ရပြန်၏ ။


အမှန်အားဖြင့် မမစန်းရင်မှာ ကျွန်တော်၏ အဒေါ် တော်သူ ဖြစ်၏ ။ သို့သော်လည်း ကျွန်တော်၏ ဦးလေးဖြစ်သူက အသက် ၄ဝ ကျော်ပြီ ဖြစ်သော်လည်း သူ့ဇနီးသည်က ၃ဝ ကျော်ရုံမျှသာ ရှိသေးသဖြင့် အရွယ်နှင့် လိုက်အောင် မမစန်းရင် ဟု ခေါ်နေရပါ၏ ။


“ မင့်ဦးလေးက ပြောလိုက်တယ် ။ ဒီနေ့ ကျောက်မြောင်းကို မင်း သွားလိုက်ပါတဲ့ ” 


“ ဟာ ... မလုပ်ပါနဲ့ မမရာ ၊ ကျွန်တော် မသွား ချင်ပါဘူး ။ ဦးလေး သွားလိမ့်မပေါ့ ” 

 

“ ဟဲ့ .. သူ မသွားအားလို့ပေါ့ ။ ဒီနေ့ သိမ်ကြီးဈေး သမဂ္ဂအစည်းအဝေးရှိတယ် မဟုတ်လား ။ မင်း ဦးလေးက ကော်မတီ လူကြီးတစ်ယောက် ဆိုတော့ မသွားလို့ ဘယ်ဖြစ်မှာလဲ ” 


“ ဒီလိုဖြင့် မမ သွားလိုက်ပါဗျာ ။ ကျွန်တော် မသွားပါရစေနဲ့ ” 


“ အမယ်လေးဟယ် .... ဒါလေး သွားရမှာများ ဘာပြုလို့ ခုလောက်တောင် ကြောက်နေရတာလဲ ။ သွားပြီး ပြန်လာခဲ့ ရုံပဲဟာ ။ ငါလည်း မသွားအားလို့ပေါ့ မင်းကို လွှတ်နေတာ ။ ကြည့်မြင်တိုင်က မြေကိစ္စအတွက် အရောင်းအဝယ် ပြောကြဖို့ ဟာ ဒီနေ့လာကြလိမ့်မယ် ။ အဲဒါ မမ ရှိနေမှ ဖြစ်မှာ ”


“ ဒါဖြင့်ရင် ကျောက်မြောင်းကို မသွားဘဲ နေလိုက်တာပေါ့ မမရာ ။ သိပ်လည်း အရေးကြီး တဲ့ ကိစ္စမဟုတ်ပါဘူး ”


“ အဲဒါ ခက်တာပဲ ။ ဘုန်းကြီးလူထွက်ဟာ ဘုန်းကြီးလူထွက် အသိလောက်ပဲ သိတယ် ။ လူမှုသူမှု ဆိုလို့ ဘာမှ မသိဘူး ။ ဒါလောက်များ လူထဲသူထဲ ဝင်ရမှာ ကြောက်ရင်လည်း ဘာဖြစ်လို့ လူထွက်လာသေးလဲ ။ အေးအေးဆေးဆေး သင်္ကန်းဝတ်နဲ့ပဲ နေပါတော့လား ” 


“ ဟာ ... မမရာ ၊ ဒီ့ပြင်ကိစ္စ ဆိုရင် ဘာပဲဖြစ်ဖြစ် ကျွန်တော် သွားရဲပါတယ် ။ လုပ်ရဲပါတယ် ။ ခုဟာကတော့ မမပဲ စဉ်းစားကြည့် ” 


“ ဟေ့ ... ဟေ့ လေမရှည်နဲ့ ။ ရော့ ... ဟောဒီမှ ဖိတ်စာ ။ မင်းသွားရမယ် ။ ရေမိုးချိုး ၊ အဝတ်အစားလဲ ၊ မင်း ဦးလေးကို လိုက်ပို့ပြီးရင် ကား ပြန်လာလိမ့်မယ် ။ အဆင်သင့် ဖြစ်အောင် လုပ်ထားနှင့် ”


မမစန်းရင် သည် ဖိတ်စာကတ်ပြားလေးကို ကျွန်တော့် လက်ထဲသို့ ခပ်နာနာကြီး ဆောင့်၍ ထည့်လိုက်ပြီး ထသွားလေသည် ။ အခန်း တံခါးပေါက်မှ ခြေတစ်လှမ်း ထွက် မိလျှင် နောက်သို့ ပြန်လှည့်လာပြန်ကာ ...


“ ဒို့ ငယ်ငယ်တုန်းက ကြားဖူးတဲ့ စကားပုံတစ်ခုကို သွားပြီး သတိရတယ်ကွာ ။ သမင်ချိုယှက် ပွေး တွင်းထွက် ၊ ဘုန်းကြီးလူထွက် အပြောခက် တဲ့ကွ ” 


ကျွန်တော့်မှာ မည်သို့မျှ ပြန်လည်၍ မပြော တော့ဘဲ အောင့်သက်သက်နှင့်ပင် ခေါင်းငုံ့ခံလိုက်ရပါသည် ။ လက်ထဲမှ ကြမ်းပြင်ပေါ်သို့ လွတ်ကျသွားသော ဖိတ်စာကတ်ပြားကလေး ကို ပြန်ကောက်ပြီး ရှုံ့မဲ့မဲ့နှင့် ပင် ဖတ်ကြည့်နေမိပါသည် ။


သို့ ...


အမည် ။  ။ ဦးလွန်းမောင်- ဒေါ်စန်းရင် နှင့် အိမ်သားများ

ဂုဏ်ထူး ။  ။ ကုန်သည်

နေရပ် ။  ။ အမှတ် ( ... ) ရွှေတောင်တန်းလမ်း ၊ ရန်ကုန်


လေးမြတ်စွာဖြင့် ဖိတ်ကြားအပ်ပါသည် ။ ၁၃၁၉ ခု ၊ တန်ခူးလဆုတ် ၅ ရက် ( ၂၁ . ၄ . ၅၇ ) တနင်္ဂနွေနေ့တွင် ကျွန်မ သီသီ ( ခင်သီတာ ) ၏ အသက် ၂၂ နှစ်ပြည့် အထိမ်းအမှတ်ဖြင့် မိတ်သင်္ဂဟအပေါင်း တို့ အား ကျွေးမွေးဧည့်ခံလိုပါ ၍ ထိုနေ့နံနက် ၁ဝ နာရီမှ ၁၂ နာရီအတွင်း ရန်ကုန်မြို့ ၊ ကျောက်မြောင်းရပ် ၊ သီတာလမ်း အမှ တ် ( ... ) နေအိမ်သို့ မေတ္တာ ရှေ့ထားလျက် ကြွရောက်ချီးမြှင့်ပါမည့် အကြောင်း ။

          သီသီ ( ခင်သီတာ )


ဖိတ်စာ ကတ်ပြားကလေးကို ကျွန်တော် ဖတ်ကြည့်နေပါပြီ ။ မနေ့ညနေ ဈေးသိမ်း ဆိုင်ပိတ်ချိန်တွင် သိမ်ကြီးဈေးမှ ကျွန်တော်ပင် ယူဆောင်လာခဲ့ပါသည် ။ ယခုတစ်ဖန် အစအဆုံး ထပ်၍ ဖတ်ကြည့်ရင်း ထိုဖိတ်စာအရ ကျွန်တော် သွားရောက်ရမည် ဖြစ်၍ ရင်ထဲတွင် တင်းကျပ်ပြီး အကြံရခက်နေပါသည် ။ ဖိတ်စာ ကတ်ပြားကလေးကို လက်ထဲတွင် ကိုင်မြဲ ကိုင်ထားရာမှ အတိတ်အကြောင်းသည် တရေးရေး ပေါ်လာလေသည် ။


 ••••• ••••• ••••• 


“ မတော်လို့ ပါရှင် ။ သည်းခံပါ ”


သိမ်ကြီးဈေး ဘီရုံအတွင်း၌ ဖြစ်လေသည် ။ ဆိုင်ထောင့်တွင် ရှိသော စက္ကူစုတ်များ ပေါ် သို့ ကွမ်းသွေး ထွေးချလျှင် ဖြစ်နိုင်ပါလျက် ခင်သီတာသည် စက္ကူစကလေးကို ကတော့ လုပ်ပြီး ထိုကတော့ထဲတွင် ကွမ်းသွေး ထွေးထည့်၏ ။ ထို့နောက် ထိုကတော့ကလေးကို ဆိုင်ရှေ့သို့ ပစ်ချလိုက်လေသည် ။ ကျွန်တော်ကလည်း ဆိုင်ရှေ့မှ ရပ်ကာ အထည်ခေါက်များကို သူ့နေရာနှင့် သူ သပ်သပ်ရပ်ရပ် ရှိအောင် ၊ ဈေးဝယ်သူ မျက်စိအမြင် ကျအောင် ပြင်ဆင် နေခိုက် ဖြစ်ရာ ခင်သီတာ ပစ်ချလိုက်သော ကွ မ်းသွေးကတော့မှ ကွမ်းသွေးများ ကျွန်တော့် ခြေထောက်ကို စဉ်မှန်လေသည် ။


ကျွန်တော်က ခင်သီတာအား မကြည့်ဘဲ အခြားတစ်ဖက်သို့ လှည့်ကြည့်တဲ့ကာ ” ဘယ်လို ပါးစပ်ပဲ့ကများ လူကို ကွမ်းသွေးနဲ့ ထွေးသွားတယ် မသိဘူး ” ဟု ဆိုလိုက်၏ ။ ထို့ကြောင့် “ မတော်လို့ ပါရှင် ၊ သည်းခံပါ ” ဟူ၍ ခင်သီတာ က တောင်းပန်နေခြင်း ဖြစ်သည် ။


ကျွန်တော်သည် ခင်သီတာ တောင်းပန်သည်ကို မည်သို့မျှ ပြန်၍ မပြောဘဲ မကြားသလိုပုံဖြင့် စက္ကူစုတ်ကို ကောက်ကာ ခြေထောက်မှ ကွမ်းသွေးများကို သုတ်ပစ်နေသည် ။


ခင်သီတာသည် တစ်နေ့လျှင် ကွမ်းယာတစ်ယာတော့ အမြဲတမ်း စားလေ့ရှိ၏ ။ ပျိုရွယ်သူ မိန်းကလေး ဖြစ်ပါလျက် ကွမ်းကြိုက်တတ်နေသည် ကို အံ့ဩမိလေသည် ။ ခင်သီတာ ကွမ်းစားပြီ ဆိုလျှင် စက္ကူကတော့ထဲ ကွမ်းသွေး ထွေးထည့်ပြီး ဆိုင်ရှေ့သို့ ပစ်ချတော့မည်မှာ သေချာနေတော့သည် ။ နေ့စဉ် တွေ့နေရသော မြင်ကွင်း ဖြစ်၏ ။


ခင်သီတာမှာ ကျွန်တော်နှင့် ဆိုင်ချင်းကပ်လျက် ရှိသော ဈေးသည်မတစ်ဦး ဖြစ်လေသည် ။ သိမ်ကြီးဈေး ဘီရုံအတွင်း၌ ဆိုင်ပေါင်း ၄၀၉ ဆိုင်တိတိ ရှိသည့် အနက် ဈေးရုံ၏ အရှေ့တောင်ထောင့်နှင့် အနောက်တောင်ထောင့်တွင် ရှိသော ဆိုင်နှစ်ဆိုင်မှ တစ်ပါး ကျန်သော ဆိုင်အားလုံးမှာ အလျား ၁၄ ပေ ၊ အနံ ၄ ပေ ရှိသော အုတ်ခုံတန်း တစ်နေရာလျှင် ဈေးဆိုင် နှစ်ဆိုင်ကျစီ တွဲ၍ ထားကြရသည်ချ ည်း ဖြစ်သည် ။ ထို့ကြောင့် ဆိုင်တစ်ဆိုင်၏ အကျယ်အဝန်းမှာ အလျား ၇ ပေ ၊ အနံ ၄ ပေမျှစီ အသီးသီးရှိကြ၏ ။ ခင်သီတာ တို့ ဆိုင်နှင့် ကျွန်တော်ထိုင်ရသည့် မမစန်းရင် တို့ ဆိုင်မှာ ကြမ်းတစ်ပြေးတည်း တစ်ဆက်တည်း ယှဉ်ကပ်လျက်ရှိသော တွဲဆိုင် နှစ်ဆိုင်ကျ ဖြစ်သည် ။


ခင်သီတာတို့ ဆိုင်က နိုင်လွန်စ ၊ သရက်ထည်စ စသော မိန်းမသုံး အထည်မျိုးစုံ ကို ရောင်း၍ ကျွန်တော်တို့ ဆိုင်က ဟံဇားသဲတော ဖြစ် ချည်ထည်အမျိုးမျိုးကို ရောင်းသည် ။ ခင်သီတာနှင့် ကျွန်တော်မှာ ဤမျှ ဆိုင်နီးချင်း ဖြစ်နေသော်လည်း တစ်ကြိမ်တစ်ခါမျှ စကားမပြောဖူးပေ ။ ကျွန်တော် ဈေးလောကသို့ ရောက်လာပြီး ဆိုင်ပေါ် ထိုင်စကတည်းကပင် ခင်သီတာ ကို မျက်မုန်းကျိုးနေခဲ့သည် ။ ကျွန်တော်ကဲ့သို့ ဈေးရောက်စ လူသစ်တစ်ဦးအား ဆိုင်နီးချင်းဖြစ်သူ ခင်သီတာက ဖော်ဖော်ရွေရွေ ခေါ်ပြော နှုတ်ဆက်ခြင်း မပြုဘဲ ခပ်စိမ်းစိမ်း နေခဲ့သည် ။ ဒါကို ကျွန်တော်က အခဲမကျေခဲ့ပါ ။ သို့ကြောင့် ခင်သီတာ နှင့် ရင်းနှီးဆက်ဆံလိုသည့် အမူအရာကို နည်းနည်းကလေးမျှ မပြဘဲ သူမထက် အဆပေါင်းများ စွာ ပို၍ စိမ်းသောဟန်ကို အမြဲတမ်း ဆောင်ထားရပါသည် ။ ဤသို့နှင့်ပင် နီးလျက်နှင့် ဝေးပြီးခေါ်မပြော ဖြစ်နေကြလေ၏ ။


ခင်သီတာ၏ အမည်ရင်းမှာ သီသီ ဖြစ်၏ ။ ကဗျာ ဝါသနာ ပါ၍ ခင်သီတာ ဟူသော ကလောင်အမည်ကို ခံယူပြီး မဂ္ဂဇင်းများတွင် ကဗျာရေးလေ့ရှိကြောင်းနှင့် တကွ သူမသည် သီသီ ထက် ခင်သီတာကို ပို၍ နှစ်သက် ၊ ပို၍ အခေါ်ခံချင်သူ ဖြစ်သောကြောင့် အကြောင်းသိသူ ဆိုင်နီးချင်းများ  ၊ အသိမိတ်ဆွေများက ခင်သီတာ ဟူ၍ ခေါ်ပြောဆက်ဆံနေကြကြောင်းကို မမစန်းရင် မှ တစ်ဆင့် ကျွန်တော် သိထားခဲ့ပါ၏ ။ ကျွန်တော်ကမူ သူမကို မည်သို့မျှ အရေးလုပ်ပြီး သူမ၏ နာမည်ကို အသိအမှတ် မပြုခဲ့ ။


မဂ္ဂဇင်း တွင် သူ ရေးသည့် ကဗျာ ပါလာသည့် အခါမျိုး ဆိုလျှင်မူ ကျွန်တော် သိစေချင်လွန်းသဖြင့် အကွက်အမျိုးမျိုး ဆင်တတ်ပေသည် ။


“ ဒီလမဂ္ဂဇင်းမှာ ကဗျာ ၈ ပုဒ်တည်းပါတာ မမသန်းရဲ့ ။ ဒါတောင်မှ ကျွန်မ ကဗျာလေး ပါလာတယ် ။ အယ်ဒီတာက ကျွန်မကဗျာကို သဘောကျလို့ နေမှာပေါ့နော် ”


ခင်သီတာက ထွက်ခါစ မဂ္ဂဇင်းကို ဟိုလှန် သည်လှန် ကြည့်ရင်း မျက်နှာချင်းဆိုင် ဇာဘော်လီဆိုင်မှ မခင်သန်း အား လှမ်း၍ ပြောလိုက်သည် ။


ကျွန်တော်သည်လည်း စာဖတ်ခြင်း ၊ စာရေးခြင်း ဝါသနာပါသူ ဖြစ်ကြောင်းကို ခင်သီ တာ သိထားပြီး ဖြစ်၏ ။ ထို့ကြောင့်ပင် သူ ကဗျာရေးနိုင်ပုံ ၊ သူ့ကဗျာစွံပုံကို ကျွန်တော့် အား ဝင့်ကြွားပြနေခြင်းဟု ထင်မိသည် ။ ထိုအခါမျိုးတွင် ကျွန်တော်က ခင်သီတာအား အရေးလုပ်ပြီး နားထောင် စိတ်ဝင်စားမှု မရှိသည့် သဘောဖြင့် ဆေးပြင်းလိပ်ကို နာနာဖွာလျက် မီးခိုးများ မှုတ်၍ မှုတ်၍ ထုတ်ပစ်နေလိုက်၏ ။ 


တစ်ခါတွင် လည်း လဆန်းရက် မဂ္ဂဇင်း ၊ ဂျာနယ်သစ်များ ထွက်ချိန်၌ ခင်သီတာသည် သူ့ကဗျာ ပါသည့် မဂ္ဂဇင်းသစ်ကို လက်ကမချတမ်း တကိုင်ကိုင် တပိုက်ပိုက်နှင့် အတော်ကြီး မြူးရွှင်လျက် ရှိ၏ ။ ဆိုင်နီးချင်းဖြစ်သူ မခင်သန်း ၊ မအေးကြင် ၊ ခင်ခင်ပုတို့က ငှား၍ ကြည့်သည် ကိုပင် သူ့ကဗျာ ကို ဖတ်ပြီးရုံလောက်သာ ခွင့်ပြုပြီး ပြန်တောင်းယူလေသည် ။ မဂ္ဂဇင်းစာအုပ်နှင့် ခင်သီတာမှာ တစ်ချိန်လုံး ခွာတမ်း ပူးတွဲ နေတော့၏ ။


ထိုနေ့က မနက်ပိုင်းတွင် ကျွန်တော် တစ်ယောက်တည်း ဆိုင်ထွက်နေရသည် ။ မမစန်းရင်က ထမင်းစားပြီး ၁၂ နာရီချိန်တွင်မှ ရောက်လာ၏ ။ မမစန်းရင် ရောက်လျှင် ရောက်ချင်း ခင်သီတာသည် မဂ္ဂဇင်းကို ကိုင်မြှောက်လျက် 


“ မမစန်းရင် .. ဒီမှာ လေ ၊ ကျွန်မကဗျာလေး ပါလာပြန်ပြီ ။ ပန်းချီပုံနဲ့ ဘာနဲ့ သိပ်သ ဘာဝကျတာပဲ ။ ဖတ်ကြည့်စမ်းပါ မမစန်းရင် ရဲ့  ။ ရော့ပါ ”


ခင်သီတာက စာအုပ်ကို ကိုင်မြှောက်ရင်း မမစန်းရင် ထံသို့ ကမ်းပေးနေ၏ ။


သို့သော်လည်း သူတို့ နှစ်ယောက် ကြားတွင် ကျွန်တော် ရှိနေရုံမျှမက အထည်ပုံလည်း ရှိနေသည် ဖြစ်ရာ ကျွန်တော်က တစ်ဆင့် ယူပေးရန် အကွက်ဆိုက်နေသည် ။ ကျွန်တော်က ခင်သီတာဘ က်သို့ လှည့်၍ပင် မကြည့် ။ ဆေးပြင်းလိပ်ကို နာနာဖွာတဲ့ ပြီး မီးခိုးများ မှုတ်၍ မှုတ်၍ ထုတ်နေလိုက်သည် ။


မခင်သန်းတို့ ၊ ခင်ခင်ပုတို့ ဆီကတော့ စာအုပ်ကို အတင်းပြန်တောင်းယူပြီး မမစန်းရင် ကျမှ စေတနာပိုလွန်းနေသည် မှာ သူ့ကဗျာစွံကြောင်း ကျွန်တော် သိအောင် ကြွားပြခြင်းသာလျှင် ဖြစ်သည်ကို ကျွန်တော်က အတပ်ပင်သိပါ၏ ။ သို့ကြောင့်လည်း အရေးမစိုက်သည့်ပုံမျိုးကို တမင်သက်သက် လုပ်ပြလိုက်ခြင်း ဖြစ်သည် ။


“ ဟဲ့ ... ဟိုမှာ စာအုပ် လှမ်းပေးနေတာ ယူလိုက် စမ်းပါလား ။ လူပုံကိုကကွာ ၊ အားအားရှိ ဆေးပြင်းလိပ်ပဲ သောက်နေတယ် ”


မမစန်းရင်က ကျွန်တော့်ကို ကြိမ်းပြော ပြောလိုက်သည် ။ ကျွန်တော့် လုပ်လိုက်ပုံအတွက်  ခင်သီတာကို အားနာ သွားပုံရပါ၏ ။ ကျွန်တော်ကမူ ဘာမျှ မထူးဆန်းသလို ဟန်မျိုး ဖြင့် မည်သို့မျှ ပြန်မပြောဘဲ ခင်သီတာ ကမ်းပေးနေသည့် စာအုပ်ကို ဖျတ်ခနဲ ဆွဲယူပြီး မမစန်းရင်၏ ပေါင်ပေါ်သို့ ဘတ်ခနဲ မြန်မြန်ကြီး ပစ်ချလိုက်သည် ။ ကျွန်တော့်လက်ထဲတွင် ထိုစာအုပ် ကြာကြာ မထားလိုသည့် လက္ခဏာကို ထင်ရှားစေလို၍ ဖြစ်၏ ။ ပြီးနောက် ကျွန်တော်သည် ဆေးပြင်းလိပ်ကို ဖွာမြဲဖွာ ကာ ဈေးရုံအမိုးဆီသို့ မော့ကြည့်နေလိုက်သည် ။


ထိုနေ့ညနေ ဆိုင်သိမ်း၍ အိမ်ပြန်ရောက်လျှင် မမစန်းရင်က ကျွန်တော့်ကို ထပ်၍ ကြိမ်းပါသေး၏ ။


“ နေပါဦးကွ ၊ မင်းက သီသီကို မခေါ်နိုင် မပြောနိုင်နဲ့ မင်းကို ဘယ်လိုများ လုပ်ထားလို့ လဲ ပြောစမ်းပါဦး ”


“ အို ... မမရာ ၊ ကျွန်တော့်ကိုမှ သူက အရေးမလုပ်တာကို ။ ကျွန်တော်ကကော အရေးလုပ်နေရမှာ လားလို့ ”


“ ကြီးကျယ်လိုက်တာကွာ ။ မိန်းကလေးနဲ့ ယောက်ျားလေးပဲဟာ ၊ ကိုယ်က စပြီး ခေါ်ပြော နှုတ်ဆက်ပါမှပေါ့ ။ ဆိုင်နီးချင်း ခုလိုလုပ်တာ ဘယ်ကောင်းမလဲ ။ သီသီ ဟာ သဘောကောင်းပါတယ် ။ မင်းကိုက အချိုးမကျတာ ။ နေ့လယ်ကများ ငါ သိပ်ဒေါသထွက်တာ ။ မင်းကို သ,တ်တောင်ပစ်ချင်တယ် သိလား ”


“ သ,တ်ချင်လည်း သ,တ်ပေါ့ မမရာ ။ သူကမှ မခေါ်မပြောဘဲနဲ့ ဟာ ။ ကျွန်တော်ကတော့ တစ်သက်လုံး စပြီး မခေါ်ဘူးမှတ် ”


“ အမယ်လေးဟဲ့ ... ငါ ရယ်လိုက်ချင်တာ ။ အပျိုလေးကပဲ သူ့ကို စပြီး ခေါ်ရမယ်တဲ့  ။ အံ့ရောကွာ ”

 

“ အံ့လေဗျာ... သူနဲ့ မခေါ်ရလို့ ဘာဖြစ်သွားမှာ မှတ်လို့ ”


“ တော်စမ်းဟာ ၊ ငါ ခေါင်းခေါက်ချင်လှပြီ ။ မင့်ကို ဘုန်းကြီးစိတ်က မကုန်သေးဘူး ခုထက် ထိ ။ ခက်ဦးမယ် မင်းတော့ ...”


စင်စစ်အားဖြင့် ကျွန်တော်သည် ခင်သီတာ အား မုန်းတီးနေခြင်းတော့ဖြင့် မဟုတ်ပါ ။ လူချင်း တွေ့စတုန်းက ကျွန်တော့်အား လူသစ်တစ်ယောက်ဟူ၍ ဆိုင်နီးချင်းပီပီ ဖော်ဖော်ရွေရွေ စတင်ပြီး အရေးတစိုက် မလုပ်ခြင်းကြောင့်သာလျှင် စိတ်ထဲ၌ အခဲမကျေ ဖြစ်နေခြင်း ဖြစ်သည် ။ ယင်းကဲ့သို့ ကျွန်တော့်အား စတင်ပြီး အရေးမလုပ်ခြင်းနှင့် ကွမ်းစားပြီး ကွမ်းသွေး ကို စက္ကူကတော့ထဲ ထည့်ကာ ဆိုင်ရှေ့ လူသွားလမ်း ပေါ်သို့ ပစ်ချခြင်းမှ လွဲ၍ အပြစ်ဆိုစရာ မမြင်မိ ။ ရုပ်ရည်အားဖြင့်လည်း အတော် ပင် ကျက်သရေရှိသူ တစ်ဦး ။ ကျွန်တော် တွေ့ရသလောက် ဆိုလျှင် သိမ်ကြီးဈေး တစ်ခုလုံး၌ ခင်သီတာလောက် လှပချောမောသူ ၊ ယဉ်ကျေး သိမ်မွေ့သူ ဟူ၍ တစ်ယောက်မျှ မရှိ ။ ပြောဆို ဆက်ဆံပုံ ၊ ဝတ်ဆင်ပုံမှာ လည်း ဣန္ဒြေရရနှင့် မြန်မာဆန်ဆန် ယဉ်ကျေးသိမ်မွေ့သူ ဖြစ်သည် ။ မဟာနဖူးနှင့် မျက်လုံးရွဲတို့ မှာ ခင်သီတာ၏ အလှကျက်သရေတွင် ပေါ်လွင်ထင်ရှားသော အင်္ဂါရပ်များ ဖြစ် ကြောင်းကို ကျွန်တော် သတိပြုမိသည် ။


ဆိုင်နီးချင်း ဈေးသူဈေးသားတို့ က ဆိုလျှင် ခင်သီတာကို အခြားသူတို့ ထက် ပို၍ အရေးတယူ ဂရုတစိုက် ရှိကြပုံ ၊ ချစ်ခင်ရင်းနှီးကြပုံ ရလေသည် ။ ဈေးဝယ်သူပါးသည့် အခါမျိုး၌ ခင်သီတာတို့ ဆိုင်တွင် ဝိုင်းဖွဲ့လာလေ့ ရှိသည် ။ အပျင်းပြေ အပျော်အရွှန်း ပြောကြရာ၌လည်း ခင်သီတာကို မဏ္ဍိုင်ပြုတတ်ကြသည် ။ သီသီ ဟူသော အမည်ရင်းမှာ ပျောက် ကွယ်သလောက်ပင် ။ ခင်သီတာ ၊ ရွှေတာ ဟူသော ချစ်စနိုး အမည်သစ်များက ဖုံးလွှမ်းနေလေသည် ။ မှတ်မိပါသေးသည် ။ တစ်နေ့တွင် ခင်ခင်ပု သည် ခင်သီတာတို့ ဆိုင်ပေါ်သို့ ရောက် လာပြီး “ မယ်သီတာရာ .. ကိုယ်တော့ ဈေးရောင်းလို့ မကောင်းတာနဲ့ ပျင်းကိုနေပြီ ။ ခိုးရာ လိုက်ပြေးချင်သလိုလို ကိုယ်ကပဲ ခိုးပြေးချင်သလိုလို စိတ်မျိုးတောင် ပေါက်ပေါက်လာတယ်ကွာ ။ တကယ်ပဲ ”


ခင်ခင်ပုသည် ယင်းသို့ ခပ်ညည်းညည်းကလေး နောက်လိုက်ရင်း ခင်သီတာ အား သိမ်း၍ ဖက်လိုက်ရာ ခင်သီတာ မှာ ခါးကော့ပြီး နောက်သို့ လန်၍ ပါသွားလေသည်  ။ ကျွန်တော်က ဆေးပြင်းလိပ် ပြာခြွေသလိုလိုနှင့် သူတို့ ဘက်သို့ မသိမသာ လှည့်ကြည့်လိုက် သဖြင့် ခင်သီတာ နှင့် မျက်လုံးချင်း ဆုံမိသွားလေသည် ။


ထိုစဉ်က အကြည့်ချင်း ဆုံလိုက်ရသော ခင်သီတာ ၏ မျက်လုံးရွဲရွဲ ၊ မျက်တောင်ကော့ ကော့ပုံသဏ္ဌာန်မှာ ကျွန်တော့် မျက်စိထဲတွင် မကြာမကြာ ပေါ်လာတတ်သည် ။ မနက်ခင်း ခပ်စောစော စိပ်ပုတီးစိပ်သည့် အခါ၌ပင် ပေါ် ၍ပေါ်၍ လာတတ်သည် ။

 

တစ်ခါတုန်းကလည်း ကြုံရပါသေးသည် ။ ဆိုင်နှစ်ဆိုင်၏ အလယ်ဗဟိုတွင် ရွှေ့နိုင် မ,နိုင်သော သစ်သားတန်းငယ်ကလေးတစ်ခု ချထား၏ ။ ထိုသစ်သားတန်းငယ်ကလေး ပေါ်၌ ခင်သီတာတို့ က ရောင်စုံနိုင်လွန်စ လေးငါးလိပ်ကို ကပ်၍ ထောင်ထား၏ ။ တစ်နေ့တွင် ကျွန်တော်သည် ဈေးရောင်း ပါးခိုက်ဖြစ်၍ ဆေးပြင်းလိပ်မှိ န်းကာ သတင်းစာ ကြည့်နေမိသည် ။ အမှတ်တမဲ့ သတိလစ်သွားသောကြောင့် အဆိုပါ သစ်သားတန်းငယ်ကလေးကို ဘေးတိုက်မှီချလိုက်ရာ နိုင်လွန်လိပ်များမှာ တစ်ဖက်သို့ လဲကျပြီး မဂ္ဂဇင်းဖတ်နေသူ ခင်သီတာ၏ ခေါင်းပေါ် ၊ ကျောပေါ် ၊ စာအုပ်ပေါ်သို့ တဖုတ်ဖုတ် ကျကုန်ပါတော့၏ ။


ကျွန်တော့်မှာ မျက်လုံးပြူးကာ ဘယ်လိုမှ မကြံတတ်သဖြင့် စာရင်းစာအုပ်ကို မဲသဲပြီး ကြည့်နေသော မမစန်းရင် အား အရေးတကြီး ကျောကို ပုတ်လိုက်ပြီး ခင်သီတာ ဘက်သို့ လက်ညှိုးထိုးပြလိုက်မိသည် ။ ဤတွင်မှ မမစန်းရင်သည် ခင်သီတာ ထံ ကူးသွားကာ နိုင်လွန်လိပ် များကို ပြန်ထောင်ပေးရင်း “ ဘယ်ခိုက်မိသေးလဲ သီသီ ။ နာသွားသလား ” ဟူ၍ ကူညီမေးစမ်းနေ၏ ။ ကျွန်တော်ကား ကျီးကန်းတောင်းမှောက် မျက်နှာထားမျိုးဖြင့် ခပ်ကြောင်ကြောင် ဖြစ်ကာ ရှက်စရာ ကောင်းနေတော့၏ ။ ခင်ခင်ပု ၊ မအေးကြင် စသော ဆိုင်နီးချင်း တစ်စုသည် ဝိုင်းအုံ၍ လာကြ၏ ။ နောက်ဆုံး တွင် ခင်သီတာက အပြုံးမပျက်ပင် “  မနာပါဘူး ဘယ်လိုမှ မဖြစ်ပါဘူး ။ ဒါလေး ခိုက်မိတာများရှင် ဖြုံစရာ မဟုတ်တာ ” ဟု ဆိုသဖြင့် တသောသောနှင့် ပွဲကျကာ ရယ်မောနေကြသည် ။


ခင်သီတာ၏ မိခင် ဒေါ်ကြည်ကြည် မှာ သူ့သမီး နိုင်လွန်လိပ် အပိခံရသည် ထက် ကျွန်တော် ကျီးကန်းတောင်းမှောက် မျက်နှာမျိုး ဖြစ်နေသည်ကို ကြည့်ပြီး ပို၍ ပွဲကျနေတော့သည်  ။ တခစ်ခစ်နှင့် ရယ်ပြီးရင်း ရယ်ရင်း ဖြစ်နေတော့သည် ။ ပြုံးဖြဲဖြဲ မျက်နှာဖြင့် ဆေးပြင်းလိပ်ကိုသာ နာနာဖွာပြီး စကားတစ်လုံးမျှ မပြောသော ကျွန်တော့်အား သူတို့ တစ်တွေသည် ဘယ်လို ထင်မှတ်ကြမည်ကို မသိတော့ ။


မမစန်းရင် ကတော့ ကျွန်တော့် အတွက် အရှက်ပြေ အဆင်ပြေအောင် စကားလမ်းသွယ်ပေးပါသေးသည် ။


“  ဟဲ့ ... မင်း ကြောင့် ဖြစ်တဲ့ဥစ္စာပဲ တောင်းပန် လိုက်လေ ” တဲ့ ။


သို့တိုင်အောင် ကျွန်တော့်ပါးစပ်မှ အသံထွက်လို့ မရ ။ ချွေးစေးများ စီးကျပြီး ပြုံးဖြဲဖြဲ မျက်နှာနှင့်ပင် ရှိနေတော့သည် ။


ခဏကြာလျှင် မမစန်းရင် က လူချင်းကပ် ထိုင်တဲ့ပြီး ဘေးလူများ မမြင်သာအောင် ကျွန်တော့် ပေါင်ကို တော်တော် နာအောင် ဆွဲလိမ်လိုက်ခြင်း ခံရပါ၏ ။


“ မင်းကို မတော်တဆ ကွမ်းသွေးစဉ်တုန်းကတော့ တောင်းပန်ဆို မဟုတ်လား ။ မင်းအ လှည့်ကျတော့ အအကြီး လိုပဲ ”


ဟုတ်ပေသည်  ။ ကျွန်တော် အ,နေသလိုပင် ဖြစ်၏ ။ စကားပြောလို့ကို မရတော့ပါ ။ ကြောင်စီစီ ဖြစ်နေတော့သည် ။


ထိုနေ့မှ စ၍ ခင်သီတာ သဘောထားကြီးပုံ ၊ ကျွန်တော့်အား မည်သို့မျှ အာဃာတ မထားပုံ မှာ ကျွန်တော့် အသိတွင် စွဲ၍ သွားလေသည် ။ မထီမဲ့မြင် အရေးမစိုက်သလို ဟန်မျိုးကိုလည်း ထိုနေ့မှ စ၍ မလုပ်ဝံ့တော့ပေ ။ စိတ်ထဲတွင် အတော်ကြီး အားနာ၍ နေသည် ။ ခင်သီတာအား လေးစားချင်စိတ်လည်း ပေါ်လာပါ၏ ။


နောက်နောင်တွင် ခင်သီတာက  မဂ္ဂဇင်းစာအုပ် လှမ်းပေးနေသည်ကို ကြုံရပါက ဂရုတစိုက် ယူ၍ ပေးမည် ။ ကွမ်းသွေး မတော်တဆ စဉ်မိရုံမက တမင်သက်သက် ထွေးသည့် တိုင်အောင် မည်သို့မျှ ပြန်မပြောတော့ဘဲ ငုံ့၍သာ ခံနေလိုက်မည် ။ ခင်သီတာ အတွက် ဆိုလျှင် ဘာမဆို ကျွန်တော်က လိုက်လျော အလျှော့ပေးချင်နေသည် ။ အနစ်နာခံပြ လိုက်ချင်သည် ။


သို့သော် ကွမ်းသွေးကလည်း အစဉ် မခံရတော့ ။ မဂ္ဂဇင်းစာအုပ် လှမ်းပေးခြင်းမျိုးလည်း မကြုံရတော့ ။ ခင်သီတာ အပေါ်၌ ကျွန်တော်၏ တုံ့ပြန်ရန်ရှိသော ယဉ်ကျေးမှု ၊ စာနာမှု အခြင်းအရာများကို ဖော်ပြချင်လှသဖြင့် အချက်ကို စောင့်မျှော်နေသော်လည်း အကွက်ကား မပေါ်လာပေ ။ ကျွန်တော့် ရင်ထဲ၌ တစ်စုံတစ်ရာသည် မပြည့်စုံသေး ၊ လိုနေသေး၍ ဟောင်းလောင်းကွက်လပ်ကြီးတစ်ခု တည်ရှိနေသကဲ့ သို့ နေ့စဉ် နှင့် အမျှ ခံစားနေရသည် ။ ခင်သီတာ နှင့် မျက်နှာချင်း ဆိုင်မိသည့် အခါတွင် ပို၍ ဆိုးပါ၏ ။


ခင်သီတာ မှာမူ မည်သို့မျှ ထူးခြားပုံ မရပေ ။ ကျွန်တော့်အား မလိုမုန်းထားမှု အာဃာတဟူ၍ အရိပ်အယောင်မျှ မတွေ့ရ ။ ကျွန်တော်ကလည်း ခင်သီတာ နှင့် စကားပြောဆိုခြင်း မရှိသေးသော်လည်း စိတ်မဝင်စားဟန် မထီမဲ့မြင် ဂရုမစိုက်သည့် ပုံမျိုး မပြုမူတော့ရုံမျှမက မမစန်းရင် ဖတ်ရန် ပေးထားသည့် ခင်သီတာ၏ စာအုပ်များကို ဖတ်ပြီးသားဖြစ်လျက်နှင့်ပင် ဂရုတစိုက် ဖတ်ကြည့်နေတတ်သည် ။


••••• ••••• ••••• 


“ ဟင် .. အံမယ် ခုထိ ငိုင်နေတုန်းလား ။ ၉ နာရီတောင် ခွဲသွားပြီ ။ သွားတော့လေကွာ ။ နောက်ကျနေလိမ့် မယ် ”


ကျွန်တော်၏ အတွေးရေအလျဉ်သည် မမစန်းရင် ၏ အသံကြောင့် ပြတ်ခဲ့ရပါ၏ ။ အမှန်အားဖြင့် ကျွန်တော်သည် ခင်သီတာ ၏ ဖိတ်စာအရ မသွားချင်၍ မဟုတ် ။ သွားချင်နေသည် ။ သွားရမှာ ရွံ့နေခြင်းသာ ဖြစ်၏ ။ မမစန်းရင် နှင့် သော်လည်းကောင်း ၊ ဦးလေး ဦးထွန်းမောင် နှင့် သော်လည်းကောင်း နှစ်ယောက် အတူ သွားရလျှင် တော်ပေသေးသည် ။ တစ်ယောက်တည်း ဆိုတော့ အတော်ပင် ကြောင်၍ နေမည်ကို တွေးမိတိုင်း ရင်လေးမိ၏ ။


ယခုကိစ္စမှာ အခမ်းအနား ကိစ္စတစ်ရပ်ဖြစ်၍ ဧည့်သည်တွေနှင့် ရှုပ်နေပေမည် ။ ခင်သီတာနှင့် ကျွန်တော်၏ ဇာတ်လမ်းကို သိနေသူများ ရှေ့တွင် ကျွန်တော်က လူကြီးလူကောင်း ဧည့်သည် တစ်ယောက်လို ဝင်ရောက်သွားရမှာပါကလား ။


မမစန်းရင် က အဝတ်အစား လဲရန် တကျည်ကျည် လုပ်နေသဖြင့် ကျွန်တော်လည်း ဘာမျှ မငြင်းဆန်တော့ဘဲ “ သွားပါ့မယ် မမရာ ” ဟု ဆိုကာ ရေချိုးခန်းသို့ ထွက်ခဲ့ပါ၏ ။ ရေချိုး အဝတ်အစား လဲပြီးနောက် အောက်ထပ်သို့ မဆင်းသေးဘဲ ဖိတ်စာ ကတ်ပြားကလေးကို ကိုင်ရင်း “ ခင်သီတာတို့ ဆီ ရောက်သွားလျှင် ဘယ်လိုစကားမျိုး ပြောရပါမည်လဲ ။ စကားမပြောဘဲ နေ၍တော့ ဖြစ်မည်မဟုတ် ” ဟူသော ကျွန်တော် ရင်ဆိုင်ရတော့မည့် အရေးကို တွေးကြည့်နေမိ၏ ။


“ မပြီးသေးဘူးလား ရွှေမင်းသားရဲ့ ။ ကိုမြမောင်က အသင့်ဖြစ်နေပြီ ။ ကားတောင် လမ်းဘက် ထုတ်ထားပြီ ”


“ ပြီးပါပြီ မမရာ ။ သွားရုံပါပဲ ”


••••• ••••• •••••


“ ကြွပါ ... ကြွပါ ။ ဦးလေးမြိုင် အထဲကြွပါရှင် ” 


အိမ်ရှေ့ ဆင်ဝင်အောက်တွင် ဦးစွာ တွေ့နေရသော ခင်ခင်ပု က ကျွန်တော့်အား အတည်လိုလို အပြက်လိုလို နှင့် ဆီး၍ အုပ်ထည့်လိုက်ပါသည် ။


“ မနောက်စမ်းပါနဲ့ ခင်ခင်ပု ရာ ။ အလိုလိုကမှ ရှက်ရတဲ့ အထဲ ဣန္ဒြေပျက်နေပါ့မယ် ” 


“ အံမာ ... ရှင့်ဣန္ဒြေက အထူးပျက်နေစရာ မလိုပါဘူးရှင် ။ အဲအဲ ... ယောင်လို့ အဟဲဟဲ .. ။ နဂိုက ဣန္ဒြေ ရှိပြီးသားမို့ ပြောတာပါ ။ မောင်ရင် ရှင်လောင်း သံဃာစင်ထဲ ဝင်လာသလိုပဲ ။ သိပ်ကို ရှုတည်တာပဲ ဟဲ ... ဟဲ ။ သွားပါ ၊ သွားပါ ။ အ ပေါ်ထပ် ရောက်အောင် သွားပါရှင် ။ လူရင်းချင်းမို့ စ,တာပါနော် ။ စိတ်မရှိပါနဲ့ ဦး ။ ရှေ့နှစ် ခါ တန်ဆောင်မုန်း ပွဲကြည့်ပါဦးတဲ့ ”


“ ဟုတ်သဟေ့ ။ ကိုယ်တို့ ဆရာက ခုလိုတော့ လည်း ဂိုက်အဖြူးသား ။ စိန်အောင်မင်းနဲ့ နင်လား ငါလားပေါ့ ဟဲ ... ဟဲ ”


ခင်ခင်ပု၏ နောက်ဆက်တွဲ၌ မအေးကြင် ကပါ အဆစ်ထည့် ထပ်တွန့်လိုက်ပြီး ကျွန် တော့်အား နောက်ကျောမှ တွန်းကာ အိမ်ထဲသို့ ပို့လိုက်သဖြင့် ကျွန်တော်လည်း ဘာမျှ ပြန်ပြောမနေတော့ဘဲ ခပ်တည်တည်ပင် ဝင်လာခဲ့ပါ၏ ။


အခြေအနေမှာ ကျွန်တော် ထင်သလောက် မဆိုးလှ ။ ခင်သီတာ ကိုယ်တိုင် ကျွန်တော့်အား ဖော်ရွေရွှင်ပျစွာဖြင့် ဆီးကြိုပြီး နေရာချထားပေးသည့် အပြင် ဒေါ်ကြည်ကြည် ကလည်း ဂရုတစိုက်ပင် မေးမြန်းနှုတ်ဆက်သောကြောင့် အတော်ကလေး ဣန္ဒြေရသွား၏ ။ ကျွန်တော်ကလည်း မမစန်းရင် တို့ မလာရောက်နိုင်ပုံကို အဆင်ပြေအောင် ကြည့်ပြောလိုက်နိုင်သဖြင့် စကားအဆက်အစပ်မှာ ချောမောသွားပေသည် ။


မကြာမီပင် ထမင်းပွဲ ၊ လက်ဖက်ရည်ပွဲတို့ဖြင့် ကျွေးမွေး ဧည့်ခံလေသည် ။ ခင်သီတာမှာ ယပ်တောင်ကလေး တစ်ချောင်းကို ကိုင်ကာ ဟိုဘက် ပြေးလိုက် ၊ ဒီဘက်ပြေးလိုက် နှင့် တစ်ချိန်လုံး လှုပ်ရှားနေလေသည် ။


“ ကိုလေးမြိုင် စားနော် ၊ အားမနာနဲ့ ။ ဝ, အောင် စားရမယ် ။ လိုတာရှိလည်း ပြောကြပါရှင် ။ ဖြည်းဖြည်းလည်း သုံးဆောင်ကြပါ ” 


ခင်သီတာက ကျွန်တော်တို့ ထမင်းပွဲသို့ လာရောက်ပြီး ယပ်ခတ်ပေးရင်း ကျွန်တော့် အား ဦးတည်၍ လောကွတ်ပျူငှာ ပြုလေသည် ။


ပရိသတ်အချို့သည် စားသောက်ပြီးနောက် ခင်သီတာ အတွက် ဆုမွန်တောင်း နှုတ်ဆက်ကာ ပြန်ကြလေ ပြီ ။ ကျွန်တော်ကား အခြားသူများကဲ့သို့ ဆုမွန်တောင်းရန် ပါးစပ်မှ မထွက်လာ ။ ပြုံးစိစိနှင့်ပင် နှုတ်ဆက်ရုံမျှ နှုတ်ဆက် နိုင်ခဲ့ပေသည် ။


သို့နှင့် အောက်ထပ်သို့ ဆင်းလာခဲ့ရာ လက်ဖက် ရည်ပွဲထည့်ရန် မုန့်ပန်းကန်ပြား သယ်ယူလာနေသော ခင်ခင်ပု နှင့် ရင်ဆိုင်တွေ့နေပြန်သည် ။


“ ပြန်တော့မလားရှင့် ။ စားလို့ သောက်လို့ကော ကောင်းပါရဲ့လား ”


“ ကောင်းပါတယ်ကွာ ။ စားသောက်ပြီးပြီပဲ ပြန်ရုံပေါ့ ။ ဘာလုပ်ရဦးမလဲ ။ ပန်းကန်ဆေးပေးရဦးမလား ”


“ အလဲလဲ ... ကိုယ့်ဆရာက အလာသားပဲ ။ အဟဲဟဲ ... ပန်းကန်မဆေးရပါဘူးတဲ့ ရှင် ။ ဒါတွေအတွက် မပူပါ နဲ့ ကျွန်မတို့ ရှိပါတယ် ။ ဒါနဲ့ နေပါဦး ၊ မယ်သီတာ အတွက် ဘယ်လို ဆုပေးခဲ့လဲ ဟင် ”


ဘယ်လိုမှ ဆုမပေးဝံ့ဘဲ နှုတ်ဆက်ရုံမျှဖြင့် ထပြန်လာခဲ့သော ကျွန်တော့်မှာ ရုတ်တရက် အပြောရ ခက်သွားပါ၏ ။ သို့သော် ခင်ခင်ပု ကို တော့ ပြောရဲဆိုရဲ ရှိနေသဖြင့် ခပ်သောသောကလေးပင် ပြောလိုက်သည် ။


“ ဆုပေးခဲ့တာပေါ့ကွာ ။ ခင်သီတာ တစ်ယောက် သီတာရေစင်လို အမြဲထာဝစဉ် ချမ်းမြေ့ကြည်လင် နိုင်ပါစေလို့ ”


“ ဟင်း ... ဟင်း .. အံမယ် ၊ ဒီ ပါးစပ်လား ။ ဒီလို ဆုမျိုး ပေးခဲ့မှာ ။ မခုတ်တတ်တဲ့ ကြောင်ကြီး လို ညောင် ... ညောင် တောင်မှ မြည်ခဲ့မှာ မဟုတ်ဘူး  ။ ယုံပါလိမ့်မယ် ၊ ယုန်သည် ယုန်သည် ရှင့် ၊ တစ်ထုပ် ငါးကျပ် ”


ခင်ခင်ပု သည် နောက်ပြောင်ရန် အကွက်ကို တွေ့ပြီဆိုလျှင် အလွတ်မပေးတတ်သည့် ဝါသနာအတိုင်း လူရှင်းခိုက် ဖြစ်နေ၍ ကျွန်တော့် ရှေ့မှ ဆီး၍ ရပ်ကာ အားရပါးရ ပြောနေ၏ ။ ကျွန်တော်ကလည်း စိတ်ပေါက်ပေါက် ရှိလာသည် နှင့် “ မယုံရင်လည်း နေကွာ ... ကဲ ” ဟု ဆိုပြီး နဖူးကို လက်သီး ဆုပ်ဖြင့် တော်တော် နာအောင် ထုပစ်ခဲ့ကာ လစ်ထွက်လာခဲ့၏ ။


••••• ••••• ••••• 


ခင်သီတာ ကဲ့သို့ ချောမောလှပသူ အမျိုးသမီး တစ်ဦးအား ဘာမဟုတ်သည့် အချက်ကလေးကို ယိုးမယ် ဖွဲ့ပြီး မထီမဲ့မြင်ပြုခြင်း စသော အပြုအမူများ ဖြင့် ကျွန်တော်သည် အူကြောင်ကြောင်နိုင်ခဲ့၏ ။ ယင်းသည့် အူကြောင်ကြောင်နိုင်မှုကြောင့်ပင် ဆိုင်နီးချင်း ဖြစ်လျက်နှင့် ကာလ အတော်ကြာအောင် မခေါ်မပြောဘဲ နေခဲ့ရ၏ ။ ယခုတစ်ဖန် ခင်သီတာနှင့် ကျွန်တော်သည် မွေးနေ့ဧည့်ခံပွဲနေ့မှ စ၍ ခေါ်ပြောဆက်ဆံနေကြရုံ မျှမက စာပေအကြောင်း ၊ စာအုပ်အကြောင်းများကို စာပေဝါသနာပါသူချင်းဖြစ်၍ အတိုင်အဖောက် ဆွေးနွေးကြ ၊ အကြံဉာဏ် ပေးကြသည် အထိ တစ်မူ ပြောင်းခဲ့ကြပြန်လေပြီ ။


ဤလို ဖြစ်ရပြန်တော့လည်း ဆိုင်နီးချင်း ဖြစ်သူ တို့က ကျွန်တော့်အား အမျိုးမျိုး ခနဲ့ ကြ၏ ။ ကျီစယ်ကြ၏ ။ ခင်ခင်ပု တစ်ယောက်သည် အကဲဆုံး ဖြစ်လေသည် ။ သီတာ နှင့် ရာမ ဇာတ်ကို ပျင်းပျင်းရှိတိုင်း သူ လိုသလို ဆွဲ၍ ခင်းပြတတ်သည်  ။ စကားစပ် ရှိသည် ဖြစ်စေ ၊ မရှိသည် ဖြစ်စေ “  မယ်သီတာ ရအောင်ခိုး ၊ မင်းရာမ မျောက်သိုး ” ဟူသော တေးသွားကို ဈေးဝယ်သူ ရှင်းသည့် အခါတိုင်းလိုပင် ကောက်၍ ဆိုတတ်သည် ။ သူ့ကို ကျွန်တော်က ကြည့်စေချင်သည့် အခါမျိုး၌ လည်း “  မြင့်မိုရ်ရွှေတောင် လုံး လုံး သီတာရေမြေ ဆုံး ဆုံး ” ဟူ၍ လုံးလုံး ၊ ဆုံးဆုံး ကို ဆောင့်ဆောင့်အောင့်အောင့် နှစ်ထပ်သံ လုပ်ပြီး အချက်ပေးတတ်သည် ။ ကျွန်တော်ကလည်း ခင်ခင်ပု၏ လုံးလုံး ၊ ဆုံးဆုံး ဟူသော ဆောင့်အောင့်သံကြီးကို ကြားရလျှင် လှည့်မကြည့်ဘဲ မနေနိုင်လောက်အောင် အကျင့်ဖြစ်နေတော့သည် ။


မန္တလေးပိုးထည်ဆိုင် ပိုင်ရှင်ဖြစ်သော ကိုလှရွှေနှင့် မသိန်းနု ဇနီးမောင်နှံကလည်း “ ဘယ့်နှယ်လဲ .. ရာမမင်းသားကြီးရဲ့ ။ အခြေအနေလေး ဘာလေး မထူးခြားသေး ဘူးလား ။ ဟောဒီ လုံချည်ဆင်ဟာ ဖက်ရှင်တော့ သိပ်ကျတာပဲ ။ သီတာ - ရာမ ဆင်လို့ ထွင်ချင်လှပြီ ။ လုပ်ကြစမ်းပါ မြန်မြန် ” ဟူ၍ သူတို့ ဆိုင်နား ရောက်သွားပြီဆိုလျှင် ပိုးလုံချည် အဆင်လှလှကို ပြပြီး တဟဲဟဲ လေပြေသွေးတတ်လေသည် ။


ဤလိုအခါမျိုးတွင် ကျွန်တော်က “ မလုပ်ကြပါနဲ့ဗျာ ။ ဘာမှ မဖြစ်ရသေးပါဘူး ။ ရိုးရိုးခင်နေကြတာပါ ” ဟု စကားအဆင်ပြေအောင် ပြန်လည်၍ ပြောရသော်လည်း စိတ်ထဲကတော့ သူတို့ ပြောသလို ဖြစ်ချင်နေသည်မှာ အမှန် ပင် ။ ခင်သီတာနှင့် စပ်သည့် စကားဆိုလျှင် ဘယ်သူက ဘယ်လိုပင် ပြောပြော ကြားချင်နေသည် ။ ကြားရသမျှလည်း အရသာ ရှိနေတော့သည် ။ 


ကုန်သည်ဘက်တွင် ဝါသနာ မပါသဖြင့် ဈေးထွက်ရသည်ကို စိတ်ထက်သန်မှု မရှိလှ သော ကျွန်တော့်မှာ ယခုဆိုလျှင် တနင်္ဂနွေနေ့ ဈေးပိတ်သည်ကိုပင် မလိုလားနိုင်သည် အထိ ဈေးလောကကို မြတ်နိုးပျော်မွေ့လျက် ရှိနေလေပြီ ။ ခင်သီတာ၏ အပြုံးပန်းကလေးများသည် နေ့စဉ်နေ့တိုင်း ကျွန်တော်၏ အသည်းနှလုံးတွင် ပွင့်လန်း၍ နေသည်သာ မဟုတ်ပါ လော ။ ကျွန်တော်သည် သန့်စင်အေးမြသော သီတာ စမ်းအိုင်အနီး၌ ထိုင်ရသူနှင့် မခြားတော့ပေ ။


ကဗျာဆရာမလေး ခင်သီတာ က သူ ရေးစပ်ခဲ့သော ကဗျာ ၊ အသစ်ရေးစပ်ထား သော ကဗျာများကို ကျွန်တော့်အား ဖတ်စေ၍ ထင်မြင်ချက် ၊ အကဲဖြတ်ချက်ကို တောင်းခံသည် ။ အမှန်မှာ ကျွန်တော်သည် ခင်သီတာလောက် ကဗျာဉာဏ် ရှိသူမဟုတ် ။ သို့သော်လည်း သူ့ထက် စာပေဝါရင့်သည် ဟူသောအစွဲဖြင့် ကျွန်တော့်ကို ဆရာတင်ခြင်း ခံရပြီး စာပေနှင့် ပတ်သက်သည့် သူ နားမလည်သော အကြောင်းဆိုလျှင် ဂရုတစိုက် တရင်းတနှီး မေးမြန်းသည့် အခါမျိုး၌ ကျွန်တော်က ပြန်လည်၍ ပြောပြရခြင်းကား ဘယ်လိုအရသာမျိုး ဟူ၍ မပြောတတ်အောင် ပျော်ရွှင်နှစ်သိမ့်ရ၏ ။


လဆန်းရက် မဂ္ဂဇင်းသစ်များ ထွက်လာပြီဆိုလျှင် ခင်သီတာ နှင့် ကျွန်တော်သည် ခေါင်းချင်း ထိလုမတတ် စာအုပ်ကို နှစ်ယောက်သား ငုံ့၍ ကြည့်ပြီး ဝေဖန်ကြ ၊ ဆွေးနွေးကြသည် ။ ထိုအခါမျိုး၌ ခင်ခင်ပု သည် “ မြင့်မိုရ်ရွှေတောင် လုံး .. လုံး ..သီတာရေမြေဆုံး ... ဆုံး ” ဟူသော အချက်ပေးသံဖြင့် သူ့ကို ကျွန်တော်က မကြည့် ကြည့်အောင် လုပ်ပြီး သူ၏ ဦးခေါင်းကို ရှေ့သို့ ထိုးလျက် နွားချင်းဝှေ့သလို လုပ်ပြတတ်သည် ။ သူ ဆိုလိုသည်မှာ ခင်သီတာ၏ ဦးခေါင်းကို ကျွန်တော်က ဆောင့်ပေးလိုက်ဖို့ ဖြစ်သည် ။ ကျွန်တော်က ပြုံး၍သာ နေလိုက်ပါ၏ ။


ခင်သီတာ သည် ကျွန်တော်၏ အသည်းနှလုံး၌ ဖျောက်ဖျက်၍ မရသော ထင်ဟပ်ခြင်းဖြင့် စွဲထင်ပါလေပြီ ။ သို့ကြောင့် ကျွန်တော်၏ အသည်းနှလုံးသည် အေးမြလန်း ဆန်း၍ နေပြီဖြစ်၏ ။ ခင်သီတာ သည် ကျွန်တော့်အဖို့ သန့်စင်အေးမြလှသော သီတာစမ်းအိုင်ပင် မဟုတ်ပါလော ။


ခင်သီတာကို ကျွန်တော် ချစ်နေမိခြင်းသည် တစ်ဖက်သတ် အချစ်တော့ဖြင့် မဟုတ် တန်ရာ ။ ဆက်ဆံရာ၌ အရောတဝင် ရှိနေပုံမှ မေတ္တာအရောင်သန်းခြင်း၏ အမှတ်အသား ဟူ၍ ကျွန်တော် တွက်ကိန်းချထားပါသည် ။ လွဲမည်လည်း မဟုတ်ပါ ။ ခင်မင် ရင်းနှီးသူ တိုင်းကပင် ခင်သီတာနှင့် ကျွန်တော် ဆက်ဆံကြပုံကို အကဲခတ်ပြီး “ ဒို့ဘုန်းကြီး လူထွက်တော့ စွံတော့မယ် ” ဟု နိမိတ်ဖတ်ကြသည် ။ “ စာပေဝါသနာအိုးချင်း ” ဟူသော စကားပိုဒ်သည် ကျွန်တော် နှင့် ခင်သီတာ အတွက် ရွှေမေတ္တာကြိုးဟု ထင်သည် ။ ထိုစကားပိုဒ်သည် ကျွန်တော်၏ အနာဂတ် စိတ်ကူးယဉ်မှုတွင် ဘဝင် အထိဆုံးလည်း ဖြစ်၏ ။


ဤသို့သော အခြေအနေတွင် ရောက်နေသည့်တိုင် ခင်သီတာအား အတိအလင်း ချစ်ရေး မဆိုခဲ့ဖူးပေ ။ ချစ်ရေး ဆို၍ မေတ္တာကို တောင်းခံရန် အချိန်တန်ပြီ ဟူ၍တော့ ကျွန်တော် နားလည်ထားပေသည် ။ ဘယ်လိုက စပြီး လမ်းခင်း ရပါမည်လဲဟုလည်း အကြိမ်ကြိမ် ကြံစည်ကြည့်ဖူးသည် ။ အမှန်ဆိုရလျှင် ကျွန်တော်သည် ဤအတိုင်း ကြာရှည် ဆက်လက်ပြီး အောင့်ပြီး မထားနိုင်တော့ ။ ခင်သီတာ၏ မေတ္တာပန်းကုံးကို အပြီးအပိုင် ဆွတ်ချူပန်ဆင်လိုလှပြီ ဖြစ်သည် ။ ထို့ကြောင့် မေတ္တာကို တောင်းခံရန် ဆုံးဖြတ်မိသည် ။ ဘယ်လိုနည်းဖြင့် မေတ္တာတေးကို သီဆိုရမည်နည်း ။ စကားဖြင့် ပြောရမည်လား ၊ စာဖြင့် ရေးရမည်လား ။ သို့လျှင် ကျွန်တော်သည် မေတ္တာတေး၏ တီးကွက်များကို ညဉ့်နက် သန်းခေါင်တိုင်အောင် ရှာဖွေရွေးချယ်လေသည် ။


••••• ••••• ••••• 


“ သားသား ကိုဝင်းရေ ၊ အောက်မှာ လက်ဖက်ရည် သောက်နေတယ် ။ သွားကြကွယ် ။ မင်းတို့လည်း သောက်ချေကြဦး ။ ပြီးတော့ စာဆက်သင်တာပေါ့ ။ ညီမလေးကို လည်း ခေါ်သွား ။ သမီး လိုက်သွား ကိုကိုနဲ့ ။ သမီးတို့ ဖေဖေဆီ သွားကြ ”


တနင်္ဂနွေနေ့ နံနက်ခင်းအချိန်တွင် သူတို့ နားမလည်သည့် ကျောင်းစာကို ကျွန်တော့် ထံ သင်ယူနေသည့် မောင်ဝင်းရွှေ နှင့် ရီရီရှိန် အား မမစန်းရင် က ဤလို အပြုအမူမျိုး ပြုမူသည်ကို မကြုံဖူးသဖြင့် ဧကန္တ ကလေးတွေ မသိစေချင်တဲ့ ကိစ္စတစ်ခုတော့ ရှိပြီဟု ကျွန်တော် တွေးလိုက်မိသည် ။


မမစန်းရင် က ကျွန်တော်၏ ခုတင်ပေါ်တွင် ထိုင်ချလိုက်ပြီးနောက် ဘာမျှ မပြောသေးဘဲ ကျွန်တော့်အား စိုက်ကြည့်နေသည် ။ ခါတိုင်း ကြည့်ခြင်းနှင့် မတူဘဲ ကြည့်ပုံမှာ တစ်မျိုးဖြစ်နေသဖြင့် အတွေးရ ခက်နေ၏ ။


“ ညကတည်းက မမတို့ မင်းအကြောင်း ပြောနေကြတာ ။ ခုမနက်တောင် ဆက်ပြောကြသေးတယ် ”


“ ဟုတ်လား ၊ ဘာအကြောင်းများလဲ မမရာ ။ လုပ်စမ်းပါဦး သိပါရစေ ။ ဦးလေးက ကျွန်တော့်ကို ဘာများ ပြောလဲ ”


“ ဪ ... ဒီ့ပြင်ဟာ မဟုတ်ပါဘူး ။ မင်းဟာ အသက်မငယ်တော့ဘူး ။ အိမ်ထောင်ပြုမယ်ဆို ပြုချိန်တန်ပြီ ဆိုတဲ့ အကြောင်းက စပြီး ... ” 


“ အချိန်တန်ပေမဲ့ မမတို့ ကမှ ရှာမပေးဘဲ ။ ဘယ်သူနဲ့ သွားပြုရမှာတုံး မမရ ” 


“ နားထောင်စမ်းဟာ ။ မဖောက်စမ်းနဲ့ ” 


မမစန်းရင် က ခပ်တည်တည် မျက်နှာထားနှင့် ငေါက်လိုက်ပြီး ဆက်ပြောပြန်သည် ။ 


“ မင်းနဲ့ သီသီ တစ်ယောက်နဲ့ တစ်ယောက် အရောဝင်ပုံ ၊ ရင်းနှီးကြပုံကို မမ သိပါတယ် ။ တစ်ယောက် အပေါ် တစ်ယောက် မေတ္တာရှိနေကြပြီလို့ တောင်မှ အကဲခတ်မိပါတယ်ကွာ ။ သီသီ ဆိုတာကတော့ အဘက်ဘက်က ဆိုစရာ မရှိပါဘူး ။ မမတို့ ကလည်း သီသီ နဲ့ သာ ဆိုရင် သဘောကျတာပေါ့ ”


ကျွန်တော်၏ ရင်ထဲ၌ အေး၍ သွားသည် ။ ဝမ်းသာမှုသည် ဖုံးဖိ၍ မရဘဲ ပြုံးယောင်သန်းလာသည် ။ ဝမ်းသာခြင်းမှ အန်ထွက်လာသော ကျွန်တော်၏ အပြုံးကို မမစန်းရင် မြင်သွားမည် စိုးသဖြင့် အထက်နှုတ်ခမ်းကို အောက်သွားနှင့် ကိုက်ကာ ဣန္ဒြေဆည်နေ လိုက်ရသည် ။ လက်ကလည်း ဆေးလိပ်ခွက် ထဲမှ ဆေးပြင်းလိပ်တိုကို ကောက်ကိုင်လိုက်မိသည် ။


“ ပြီးခဲ့တဲ့ လေးငါးရက်လောက် တုန်းကပဲ မင်းဦးလေး နဲ့ ပြောမိသေးတယ် ။ သူ ကလည်း မမ လိုပါပဲ ။ သီသီ နဲ့ သာ ဆိုရင် သိပ်ကို သဘောကျနေတာ ။ မင်းကို မေးစမ်း ကြည့်ပြီး နေရာကျမယ်ဆိုရင် လူကြီးချင်း စကားပြော ထားဖို့တောင် တိုင်ပင်ထားပြီ ”


စာပေဝါသနာအိုးချင်း ဟူသော စကားပိုဒ်ကလေးသည် ကျွန်တော်၏ အနာဂတ် စိတ်ကူးယဉ်၌ ရွှေဖြင့် သွန်းထုအပ်သည့် ကမ္ပည်းစာတမ်းကလေးကဲ့သို့ အထင်းသား ပေါ်လာပါလေပြီ ။ ကျွန်တော့်အဖို့ စတင်ရန် ခက်နေသည့် အရေး၌ မမစန်းရင် သည် ပါရမီဖြည့်ပေးတော့မည် မှာ အမှန် ။ ကျွန်တော်က သူတို့ လူကြီးတွေကို ဖွင့်ပြောရန် တာဝန်လေး နေခဲ့သည်မှာ မှားလေစွ ။ ယခုတော့ သူတို့ကပင် သန့်စင်အေးမြသော သီတာစမ်းအိုင်သို့ အရောက် တံတားခင်းပေး တော့မှာပါကလား ။


ညတုန်းက ကျွန်တော်သည် ခင်သီတာ အတွက် မေတ္တာတေးကို ညဉ့်နက် သန်းခေါင်ကျော်သည့်တိုင် ကြိုးကြိုးပမ်းပမ်း ဖွဲ့သီခဲ့၏ ။ မေတ္တာတေး၏ တီးလုံးတီးကွက် တို့ကို ကဗျာဆန်ဆန်ပင် ပုလဲတစ်လုံး ရွဲတစ်လုံး ဟူသကဲ့သို့ အဖူးအညွန့်ချည်း အစွမ်းကုန် ခြယ်မှုန်းထား၏ ။ ခင်သီတာ သည် ကဗျာဆရာမကလေး တစ်ဦးပင် မဟုတ်ပါလား ။


မမစန်းရင်သည် ကျွန်တော့်အား “ ခင်သီတာ့ အပေါ်တွင် ဘယ်လို သဘောထားသလဲ ” ဟု မေးတော့မည်မှာ သေချာလှသည် ။ သို့မေးလျှင် နှုတ်ဖြင့် ဘယ်လိုမှ ပြန်မပြောဘဲ ယင်းသည် မေတ္တာဘွဲ့ ချစ်တေးလွှာကို ထုတ်ပြလိုက်မည် ။


သို့လျှင် ကျွန်တော်သည် မမစန်းရင် ၏ စကားရိပ်ကို အကဲခတ်ပြီး ကြိုတင် တွက်ကိန်းချထားသည် ။ ဘယ် စခန်းသို့ ဆိုက်တော့မည် ဟူ၍လည်း ကြိုတင် သိနေသောကြောင့် မမစန်းရင် စကားပြောနေသည်မှာ နှေးကွေးလွန်းသည်ဟု အားမလို အားမရ ဖြစ်မိသည် ။ 


“ မင်း သိအောင် ပြောရဦးမယ် ။ စောစောက သိထားတာ ကောင်းသလားလို့ ပြောရတာပဲကွာ ။ မနေ့ညနေ ဆိုင်သိမ်းခါနီးမယ် မမသီတာတို့ ဆိုင်ဘက် သွားထိုင်နေတယ် မဟုတ်လား ။ သီသီ အပြင်ထွက်သွားနေတုန်း ဒေါ်ကြည်ကြည်က ပြောတယ် ။ သူတို့ သမီးအကြီး မလှကြည် နဲ့ သားအကြီး ကိုသိန်းအောင်တို့ တုန်းကလည်း အိမ်ထောင်ရေးကို လူကြီးချင်း စေ့စပ်ပြီး နေရာချပေးခဲ့တာတဲ့ ။ အခု သီသီ ကိုလည်း လူကြီးချင်းပဲ စေ့စပ်ပြီး နေရာချပေး တော့မယ်တဲ့ ကွ ။ သီသီတို့ ဖေဖေ့ဘက်က သီသီ နဲ့ မောင်နှမ နှစ်ဝမ်းကွဲတော် မောင်လှမြင့် ဆိုတာနဲ့တဲ့ ။ သီသီ ကတော့ ဒီအကြောင်းကို သိတောင် မသိရှာသေးဘူး ။ ဒီကလေးမ က ဘယ်သူနဲ့ မှ သမီးရည်းစားတွေ ဘာတွေ မဖြစ်ခဲ့ဖူးပါဘူး ။ မမတို့ မျက်စိအောက်မှာ ကြီးလာတာပဲ ။ မမလည်း အံ့အားသင့်သွားတာပဲ ။ အင်း အဲ လိုက်ပြီး ဘာမှ ပြန်မပြောနိုင်ဘူး ။ ခုလို မင့် ကို ပြောရတာက မင်း ကြည့်ရတာ သီသီ ကို စွဲလမ်းနေပုံရလို့ပဲလေ ။ တော်ကြာတော့ ဒီထက် ပိုဆိုးနေမှာ မမ မြင်လို့ ကြိုတင် အသိပေးရတာ ။ အဲဒီတော့ကာ ငါ့မောင်က ယောက်ျားပဲဟာ ငကန်းသေ ငစွေ ပေါ်လိမ့်မယ်လို့ သဘောထားပေါ့ကွာ ။ သူတို့ လူကြီးမိဘတွေ စီစဉ်ပြီးနေတာကို ဘယ်လိုမှ အနှောင့်အယှက် မဖြစ်ရအောင် သဘောထားကြီးကြီးနဲ့ ဣန္ဒြေမပျက်နေပါ ငါ့မောင်ရယ် ”


မမစန်းရင် က ကျွန်တော့်အား ဖြေသိမ့်စေရန် စကားပြေ သွင်းပေးနေသော်လည်း ကျွန်တော့် ရင်ထဲတွင် တစ်မုဟုတ်ချင်း မီးဟုန်းဟု န်း ထတောက်လိုက်သလိုသာ ပူလောင်နာကျင် သွားတော့သည် ။


မျက်လုံးရွဲရွဲ ပါးမို့တွဲနှင့် မဟာနဖူး၏ အရှင် ခင်သီတာ သည် ကျွန်တော့်အဖို့ သီတာစမ်းအိုင် အဖြစ် မှတ်ယူထားခဲ့၏ ။ ယခုသော် ထို သီတာစမ်းအိုင်သည် လူမရောက်နိုင်ကောင်းသည့် ဟိမဝန္တာတောကြီး အလယ်သို့ ပြန်လည်ရောက် ရှိသွားလေပြီလား ။


 ▢  လေးမြိုင်


📖 မြဝတီ မဂ္ဂဇင်း

      အတွဲ - ၆ ၊ အမှတ် - ၄ 

      ဖေဖော်ဝါရီလ ၊ ၁၉၅၈ ခုနှစ် 


📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း

      အမှတ် ၂၁၄ 

      စက်တင်ဘာလ ၊ ၂ဝဝ၇ ခု နှစ် 

No comments:

Post a Comment