Wednesday, November 5, 2025

အေးမြသော သံယောဇဉ်ကြိုးများ အကြောင်း


 

❝ အေးမြသော သံယောဇဉ်ကြိုးများ အကြောင်း ❞
⎕ မောင်လွမ်းနွယ် ( အောင်လံ )

“ မောင်မောင် ... နင်ဟာလေ သားအကြီးဆုံး ဖြစ်ပြီး အင်မတန် ပေါ့ဆတယ် ၊ ဆယ်တန်းကျတာ နှစ်ခါရှိပြီ ၊ စာကို ဟုတ်တိပတ်တိ မကြိုးစားဘူး ၊ ငါ့ အမေက မုဆိုးမ ပါလား ၊ သားသမီး သုံးယောက်ရဲ့ ပါးစပ်ပေါက်အတွက် မနည်း ရုန်းကန် ရှာဖွေ နေရပါလား လို့ နင် မတွေးဘူး ၊ အခု နင် ရေးနေတဲ့ စာတွေ ကဗျာတွေက ထမင်းတွေ ဟင်းတွေ ဖြစ်လာမလား ၊ အင်္ကျီတွေ  ပုဆိုး တွေ ဖြစ်လာမလား ၊ ကြပ်ကြပ်စဉ်းစား မောင်မောင် ”

လွန်ခဲ့သည့် နှစ်ပေါင်း လေးဆယ်ကျော် ခန့်က မေမေ ပြောခဲ့သော စကားစု ဖြစ်ပါသည် ။ သည် စကားစုတွေ ကို ကျွန်တော့် တစ်သက် မမေ့ပါ ။ ကျွန်တော့်အဖေ ဆုံး တော့ အမေ သည် အသက် ( ၃၅ ) နှစ်ပဲ ရှိပါသေးသည် ။ အဖေ က ( ၆၅ ) နှစ် မှာ ကွယ်လွန် တိမ်းပါးခဲ့ ရှာပါသည် ။ ထိုစဉ်က ကျွန်တော် ( ၆ ) တန်းပဲ ရှိပါသေးသည် ။ အမေ့စကားတွေ ကို ကျွန်တော့်ဘက်မှ လက်ခံရန် အဆင့်သင့် မဖြစ်သော်လည်း ကျွန်တော် အမေ့ အပေါ် မငြိုငြင်ခဲ့ပါ ။ ခွန်းတုံ့ လည်း မပြန်ခဲ့ပါ ။ အမေ သည် မှန်သော စကားကို ဆိုခြင်းသာ ဖြစ်ပါ၏ ။

အလားတူပင် ၊ တစ်ခါက လည်း ...

“ ဘာပြောတယ်  ... နင်
မိန်းမယူမယ် ဟုတ်လား ၊ အလုပ်ရတာမှ တစ်နှစ် တောင် မပြည့်သေးဘူး ။ ကိုယ့်အောက်က နှမ နဲ့ ညီကို ပြန် ကြည့်ပါဦး ၊ သူတို့က ဆယ်တန်းတောင် မအောင်ကြသေးဘူး ၊ တစ်ယောက် က ကိုးတန်း ၊ တစ်ယောက် က ခုနှစ်တန်း ၊ သူတို့ ပညာရေး ဆုံးခန်းတိုင် အောင် လုပ်ပေးရဦးမယ် ။ အမေလည်း တတ်နိုင်သလောက် ရုန်းကန် နေတာ သားကြီး အမြင်ပဲ ၊ အမေ တစ်ယောက်တည်း ရုန်းကန် နေတာထက် သား နဲ့ အမေ နှစ်ယောက် တွဲပြီး ရုန်းကန် လိုက်ရင် အတော်အသင့်တော့ စိတ်အေးရ မယ်လို့ အမေ မျှော်လင့်တယ်သား ” ဟူ၍ ဆုံးမခဲ့ဖူးပါသည် ။

ထိုစဉ်ကလည်း ကျွန်တော် ဘာမှ ပြန်မပြောခဲ့ဘဲ စာရွက် တစ်ရွက် ယူပြီး ကောက်ကာငင်ကာဖြင့် စာသုံးလေးကြောင်း ရေးချလိုက်ပါသည် ။ ပြီးတော့ အမေ့ကို ပြလိုက်ပါ၏ ။ ကျွန်တော် ရေးခဲ့သော စာတိုကလေးမှာ ...

ချစ်တဲ့ “ အဝါ ”
       သည်ဘဝ သည်မျှ သာပဲလို့ ဖြေလိုက်ပါတော့ ။ သီတင်းကျွတ်မှာ လက်ထပ်ကြမယ် ဆိုတာ
ဘယ်လိုမှ ဖြစ်မလာနိုင်တော့လို့ပါ ။
     တစ်ခါက  ... ကိုမောင်

အမေ သည် ကျွန်တော့် စာတိုကလေးကို ဖတ်ပြီး ပြုံးယောင်သန်း လာပါသည် ။ ထို့နောက် အမေ့ မျက်ဝန်းအစုံက မှိုင်းညို့သွားပြန်ပါသည် ။ ပြုံးယောင် သန်းသွားခြင်းမှာ သား ဖြစ်သူက အမေ့ စကားကို နားထောင်ပြီး ဆုံးဖြတ်ချက်ကို အချိန်ပိုင်းလေး အတွင်း ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်နိုင်လို့ ဖြစ်နိုင်ပါသည် ။ မှိုင်းညှို့သွားတာက သား ဖြစ်သူ၏ စိတ်ဆန္ဒကို လောလောဆယ် မလိုက် လျောနိုင်လို့ပဲလား ။ တစ်ဖက်က မိန်းကလေးကို သားသမီးချင်း စာနာပြီး ခံစားလိုက်မိ လို့များလား ဟု ကျွန်တော် အသေအချာ မသိနိုင်ခဲ့ပါ ။

တစ်ကြိမ်တွင် လည်း ...

“ ဒု - လုံခြုံရေးမှူး တစ်နှစ်သင်တန်း တက်ခွင့် ရတယ်, ဟုတ်လား ။ နောက် ဥပဒေ သင်တန်း ဆက်တက်ရမယ် ဟုတ်လား ။ သင်တန်းဆင်းရင် မြန်မာနိုင်ငံ ပြည်သူ့ရဲတပ်ဖွဲ့မှာ ဒု - လုံခြုံရေးမှူး အဖြစ် အလုပ် ဝင်ရမယ် ။ ပခုံးမှာ တစ်ပွင့် တပ်နိုင်ပြီး ခါးမှာ ခြောက်လုံးပြူး ချိတ်ခွင့်ရမယ် ဟုတ်လား သား ... ကဲ ! သားပဲ ပြန်စဉ်းစားကြည့်ပါဦး ၊ လူပုံက ပျော့နွဲ့နွဲ့ နဲ့ ကဗျာတွေ ရေးနေတဲ့ ကဗျာဆရာ ၊ လက်ရှိ ရုံးဝန်ထမ်း ၊ ဖောင်ကြီး မှာ အခြေခံစစ်ပညာ ကို ကြမ်းကြမ်းတမ်းတမ်း သင်ယူရမယ်ဆိုတော့ သားရဲ့ပုံစံနဲ့ ဖြစ်ပါ့မလား ၊ အကြမ်းခံနိုင်ပါ့မလား ၊ မေမေ့ သိပါတယ် သားရယ် ရှေ့နှစ် ဘွဲ့ရပြီး ကျောင်း ပြီးတော့မယ့် တောင်ကြီးက “ စုနွယ် ” ဆိုတဲ့ မိန်းကလေး နဲ့ ဘဝချင်း အတော်အတန် ညီသွားအောင် သား ကြိုးစားခဲ့တာ မဟုတ်လား ၊ နေရာတိုင်း မှာ စိတ်ကူးယဉ် လို့ မရဘူး သား ဆန္ဒ နဲ့ ဘဝ ထပ်တူကျဖို့ ဆိုတာကလည်း ခက်သားလား ၊ အဲဒီ မိန်းကလေး ဓာတ်ပုံ မေမေ ကြည့်ပြီးပါပြီ ။ တော်တော်လေး လှပါတယ် ။ အဆင့်အတန်း လည်း တော်တော်လည်း မြင့်သတဲ့ ၊ မင်းနှမ ကိုယ်တိုင် ပြောပြထားတာ ။ မေမေတို့မှာ ဂုဏ်တွေဒြပ်တွေ မရှိဘူး ။ တိုက်တွေ ကားတွေ မရှိဘူး ။ မေမေ တို့မှာ ရှိတာက မေတ္တာတရားနဲ့ ငြိမ်းချမ်းခြင်း ၊ သမာဓိမြို့ဝန် ဆိုတဲ့ သား အဖေရဲ့ ဂုဏ်ပုဒ်က ခေတ်ဟောင်းမှာ ကျန်ရစ်ခဲ့ပြီ သားရေ ”

ကျွန်တော် ဘာများ တုံ့ပြန် ဖြေရှင်းခွင့် ရှိမှာလဲ ။ မေမေ ပြောတာတွေက အမှန်တွေချည်းပဲလေ ။ မိခင် တစ်ယောက်ရဲ့ မေတ္တာ ၊ မိခင် တစ်ယောက် ရဲ့ စေတနာ ၊ မိခင် တစ်ယောက်ရဲ့ စာနာမှု ၊ ဒါတွေကို ကျွန်တော် နားလည်ပါသည် ။ ထို့ကြောင့်ပင် တစ်ထိုင်တည်းနှင့် ဆုံးဖြတ်ချက် ချလိုက်ပါသည် ။

“ မေမေ ကျွန်တော် အပတ်စဉ် ( ၅ )  ၊ ဒု - လုံခြုံရေးမှူး သင်တန်း ကို မတက်ဖြစ်တော့ဘူး ဆိုတဲ့ အကြောင်း အစီရင်ခံစာ တင်လိုက်တော့မယ် ”

ကံကြမ္မာက ကျွန်တော်ကို မျက်နှာသာ မပေးပါ ။ သိပ်ချစ်ခဲ့ကြသော ကျွန်တော်တို့ နှစ်ယောက် ချစ်သက်တမ်း ( ၅ ) နှစ် ကျော် စိုက်ထူနိုင်ပြီး ကာမှ အကြောင်းကြောင်းသော အကြောင်းများကြောင့် တစ်ကမ္ဘာစီ ဝေးခဲ့ကြရပါသည် ။

“ သံသရာ ဆိုတာ ရှိနေမယ် ဆိုရင် ... နောက် ... နောင် ဘဝတွေ မှာ အကြောင်းကြုံလို့ ပေါင်းဆုံကြရတဲ့ ချစ်သူတွေ ဘဝ ဖြစ်ပါရစေလား စုနွယ် ... ရေ ”

••••• ••••• •••••

“ ဘာရယ် သား .. သူက ဆယ်တန်းကျောင်းသူ ၊ သည်နှစ် စာမေးပွဲ မဖြေနိုင်ဘူး ၊ ဆရာ့ဆီ အပြီး ထွက်လာခဲ့တော့မယ် ... ဟုတ်လား ... သား ၊ အမြန် စာပြန်ပါတဲ့ ... ဟုတ်တယ်နော် ”

“ ဟုတ်ပါတယ် မေမေ ”

“ အဲဒီ ကလေးမ က ရန်ကုန် - ပြည်မီးရထားလမ်း ပေါ်က ( ... ) မြို့လေးက ဆို ”

“ ဟုတ်ပါတယ် မေမေ ”

“ မျက်နှာလေး သွယ်သွယ် နဲ့ ကလေးတစ်ယောက်လို လှတဲ့ မျက်နှာကို ပိုင်ဆိုင်ထားတယ် ဟုတ်လား ”

“ အဲဒါတွေ မေမေ ဘယ်လိုလုပ်သိ ”

“ သားရဲ့ မေမေ ပဲကွယ် ... သား ရဲ့ အရိပ်ကို ကြည့်နေတာ ဆိုတော့ ၊ သား ဘာပဲလုပ်လုပ် ဘာပဲကိုင်ကိုင် အမှားအယွင်း မရှိဖို့ အမေ့မှာ တာဝန် ရှိတယ်လေ သားရဲ့ ၊ မိန်းကလေးက ဆယ်တန်း ပဲ ရှိသေးတာ ဆိုတော့ ဘယ် အတွေ့အကြုံ ရှိဦးမှာလဲ ၊ ( ၁၇ ) နှစ် ဆိုတာကလည်း ကလေး သာသာပဲ ရှိသေးတာ ။ အလုပ်အကိုင်လည်း ရှိ ၊ ကဗျာဆရာ စာရေးဆရာ လည်း ဖြစ်တဲ့ သားကို ဒီ မိန်းကလေး စိတ်ကူးယဉ်နေတာ နေမှာပါကွယ် ။ သေသေချာချာ စဉ်းစားရင် လုပ်သင့်တဲ့ အကောင်းဆုံး အဖြေတစ်ခုကို မိန်းကလေး ရှာဖွေတွေ့ သွားမှာပါ ”

“ ဟုတ်ကဲ့ပါ အမေ ၊ ကျွန်တော် အကောင်းဆုံး ဖြစ်အောင် စီစဉ်ကြည့်ပါဦးမယ် ”

ယင်းနောက် အောက်ဖော်ပြပါ စာတိုလေးကို စာတိုက်မှ မှတ်ပုံတင်ပြီး ထည့်လိုက်ဖြစ်ပါသည် ။

ခင်ရတဲ့ ညီမ ထွေးထွေး
       ဆရာ့ဘဝဟာ ထွေးထွေး ထင်သလို မလှပပါဘူး ၊ ဆရာ ရေးတဲ့ ကဗျာလေးတွေ လှပနေပေမယ့် ကလေး နှစ်ယောက် နဲ့ လုံးချာလည်နေတဲ့ ဆရာ့ ဘဝမှာ လပြည့်ည ဆိုတာ ရှားပါးလှပါတယ် ။ ဒီနှစ် မအောင်ရင် ရှေ့နှစ် အောင်ဖို့ ကြိုးစားရမယ်လေ ထွေးထွေး ရဲ့ ... ။
           ခင်မင်စွာ
           လွမ်းမောင်

တစ်ပတ် ... နှစ်ပတ်
တစ်လ ... နှစ်လ
သုံးလ ...လေးလ .. မှသည် .. 

ထွေးထွေး ဆီမှ စာပြန် မလာတော့သည်မှာ ယနေ့တိုင် ဖြစ်ပါသည် ။

“ အမှန်ကို ရှာဖွေတွေ့ပြီး ဆုံးဖြတ်လိုက်နိုင်လို့ ကျေးဇူးတင်ပါတယ် ညီမ ရယ် ၊ သားသမီးချင်း စာနာပြီး လမ်းကြောင်းမှန်ကို ရောက်နိုင်ဖို့ လမ်းပြခဲ့တဲ့ အမေ့ကို ကျေးဇူးကမ္ဘာပါ ... ”

ကျွန်တော် အသက် ( ၂၇ ) နှစ် အရွယ်တွင် ကျွန်တော် ကလည်း ချစ်၍ သူ ကလည်း ကျွန်တော့် အပေါ် လွန်စွာမှ ချစ်မြတ်နိုးသော အထက်တန်း သူနာပြု ဆရာမတစ်ဦးနှင့် လက်ထပ် ဖြစ်ပါသည် ။ နာမည်က ... “ ဒေါ်ခင်မြငြိမ်း ” ဟု ခေါ်ပါ၏ ။ ထိုစဉ်က အမေသည် တစ်ခွန်းတည်းသော စကား ကို ဆိုခဲ့ပါ၏ ။

“ ငါ့သား ကိုယ့်ဖက် ကတော့ ဘယ်တော့မှ မေတ္တာ ပျက်သူ ၊ သစ္စာ ပျက်သူ မဖြစ်စေနဲ့ ၊ အစစအရာရာ သည်းခံခွင့်လွှတ်ပါ ။ စာနာပါ ၊ ထောက်ထားပါ ”

အမေသည် သား နှင့် ချွေးမကြားတွင် တည့်မတ်စွာ ၊ နားလည် ခွင့်လွှတ်စွာဖြင့် နေထိုင်ခဲ့ပါ၏ ။ ကျွန်တော်တို့ တွင် သား တစ်ယောက် သမီး တစ်ယောက် ထွန်းကားပြီး အိမ်ထောင်သက် အနှစ် ( ၂၀ ) ကျော်ခဲ့ပါသည် ။ မည်သည့် ပြဿနာမှ မရှိခဲ့ပါ ။ အမေ့ကို လစဉ် ကန်တော့ခဲ့ပါ၏ ။ သို့သော် အမေ့ကို ကန်တော့သော ငွေကြေးက ဘယ်တုန်းက မှ သုံးထောင်ကျပ် ထက် မပိုခဲ့ပါ ။ ဘဝတွေ အမျိုးမျိုး ပြောင်း၍ ကျွန်တော် ရန်ကုန် ရောက်ခဲ့ ပြန်ပါပြီ ။ ၁၉၉၀ ပြည့်နှစ် ဇွန်လ ( ၁၀ ) ရက်နေ့ဟု ထင်ပါသည် ။ ရန်ကုန်သို့ ရောက်ပြီး ( ၆ ) လခန့် အတွင်း ကျွန်တော် မျှော်လင့်ခဲ့သော အယ်ဒီတာ ဘဝကိုလည်း ပိုင်ဆိုင် ခဲ့ပါပြီ ။ နောက်တော့ မဂ္ဂဇင်းတိုက် ( ၅ ) တိုက် နှင့် ဂျာနယ်တိုက် တစ်ခု တွင် တာဝန်ခံ အယ်ဒီတာ ၊ အမှုဆောင် အယ်ဒီတာ ၊ စသည်ဖြင့် ( ၁၂ ) နှစ် နီးပါးခန့် ကျင်လည်ခဲ့ပြီးပြီ ။ တစ်နေ့ ...

ထိုနေ့ကို ကျွန်တော် တစ်သက် မမေ့ပါ ။ ဗဟိုစာပေနှင့်စာနယ်ဇင်း မှ စာရေးဆရာ ၊ သတင်းစာဆရာများအား မြေကွက် တစ်ကွက်စီ ပေးအပ်ခဲ့ရာ မြေကွက် မယူသော စာရေးဆရာ ၊ သတင်းစာ ဆရာများကို တစ်ဦးလျှင် ငွေကျပ် ( ၂ ) သိန်းစီ ချီးမြှင့်ပါ၏ ။ စာပေဖြင့်ရသော ငွေ ၊ စာရေးခြင်းကြောင့် ဘဝ ပင်ပန်းမည်ကို စိုးရိမ်သဖြင့် စဉ်ဆက်မပြတ် ဆိုဆုံးမခဲ့သည့် အမေ ။ ကျွန်တော်သည် အမေ ရှိရာမြေလတ်မြို့လေးသို့ အပြေး ပြန်သွားသည် ။ ထိုအချိန်က အမေ့ အသက် ( ၇၈ ) နှစ် ရှိနေပါပြီ ။

“ အမေ ... အမေ့ကို ကျွန်တော် လာကန်တော့တာ ”

“ ဘာနဲ့ ကန်တော့မှာတုန်း သားရဲ့ ”

“ ပိုက်ဆံနဲ့ပေါ့ အမေ ရာ ၊ အမေ လှူချင်တာ လှူဖို့ ပေးချင်တာ ပေးနိုင်ဖို့ ၊ အမေ ဘာပဲ လုပ်လုပ်ပေါ့ ”

“ ဘယ်လောက် ကန်တော့မှာလဲ ”

ကျွန်တော်က လက်ငါးချောင်း ထောင်ပြသည် ။

အမေ့နှုတ်က ...

“ ငါးရာ လား ”

ကျွန်တော် ခေါင်းခါပြသည် ။

“ ငါးထောင် လား ”

ကျွန်တော်က ခေါင်းခါမြဲ ခါပြသည် ။

“ အဲဒါဆိုရင် ဘယ်လောက်လဲ ”

“ ငါးသောင်း ”

အမေ့နှုတ်က ဘာအသံမှထွက်မလာတော့ပါ ။ အမေ သည် စက္ကန့်ပိုင်းခန့်ကြာမျှ တွေနေသည် ။

အမေ့မျက်လုံးတွေ ရီဝေလာသည် ။ နောက် ... အမေ့မျက်ဝန်းအိမ်မှ မျက်ရည်ကြည်လေး တစ်ပေါက် နှစ်ပေါက် လိမ့်ဆင်းသွားသည် ။

“ သားရယ် ... အမေ့မှာ သည်လောက် ငွေကြေး မလိုပါဘူးကွယ် ၊ သားတို့ မိသားစု လုံလောက်အောင် သုံးစွဲပါ ။ သမီး အလတ် နဲ့ သားအငယ် ရော ညီလေး ကပါ လစဉ် ထောက်ပံ့ နေတာနဲ့တင် အမေ့ မှာ ပိုလျှံ နေပါပြီကွယ် ”

“ အမေ့ရဲ့ ကျေးဇူးတွေက ကျွန်တော့် အပေါ် အနှိုင်းအဆမရှိ ကြီးလှပါတယ် ။ ချစ်ကြင်နာခြင်း သံယောဇဉ်တွေကလည်း အနန္တပါ အမေ ။ အမေ လှူချင်တာ တန်းချင်တာ လွတ်လွတ်လပ်လပ် လုပ်ပေါ့ အမေ ”

ဟု ဆိုကာ ဦးသုံးကြိမ် ချလျက် အမေ့ လက်ထဲသို့ ငွေငါးသောင်း ထည့်ပေးလိုက်ပါသည် ။ အမေ ဆုတောင်း ပေးနေသည်မှာ မပြီးတော့ပါ ။ အမေ တစ်ယောက်၏ သံယောဇဉ်နှင့် ကြင်နာခြင်း ၊ တွယ်တာခြင်း ၊ ငဲ့ညှာခြင်း တို့သည် အတိုင်းအဆ မရှိ ကြီးမားလှပါဘိ ၊ အမေ သည် ငေးရီ၍ နေပြန်ပါပြီ ။

( ၂၀၀၀ ) နှစ်ပြည့် မှာတော့ အမေ့ ကျန်းမာရေးက ဗွေဖောက်လာသည် ။ မူလက အမေ့ မှာ သွေးတိုးရောဂါ ပဲရှိသည် ။ အခုဝင် လာတာက နှလုံးသွေးကြောကျဉ်း ရောဂါတဲ့ ။ ပထမတစ်ကြိမ် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး နှလုံးသွေးကြောကျဉ်း ခွဲစိတ်ကုသ အထူးကုသမှု အဆောင်မှာ အတွင်းလူနာ အဖြစ် ( ၁ ) လကျော် တက်ခဲ့ရ သည် ။ ကျွန်တော်က ကျန်းမာရေးဦးစီး ( ရုံးချုပ် ) မှာ အဖွဲ့စိတ်မှူး အဖြစ် တာဝန်ထမ်းဆောင် နေတော့ ( အထိုက်အလျောက် ) အဆင် ပြေပါသည် ။ နှလုံးရောဂါ နှင့် သွေးကြောကျဉ်း ခွဲစိတ်အထူးကု ဆရာဝန်ကြီး ဒေါက်တာ ခင်မောင်လွင် ၏ ကုသပေးမှုဖြင့် အတန်ငယ် သက်သာ လာ၍ ဆေးရုံမှ ပြန်ဆင်းပြီး ၊ မြေလတ်မြို့လေး သို့ ပြန် သွားရှာသည် ။ နောက် ... သုံးလခန့် အကြာတွင် အမေ့ ရောဂါ ပြန်ဖောက်လာသဖြင့် ဆေးရုံသို့ ပြန်တက်ရသည် ။ နှလုံးသွေးကြောကျဉ်း အထူးကုအဆောင်မှာ ဒေါက်တာ ခင်မောင်လွင် နှင့်ပင် ကုသ ဖြစ်ပါသည် ။ အမေ ၏ ညာဘက် ခြေသန်းလေး ဖြတ်တောက်ခြင်း ခံရပြီး ဆေးရုံမှ ဆင်းခဲ့ရသည် ။ တစ်လခွဲခန့် ရန်ကုန်ဆေးရုံကြီး ပေါ် မှာ ကြာမြင့်ခဲ့ပါ၏ ။

နောက် ( ၄ ) လ ခန့် အကြာ ….  ။

ဆေးရုံ ပြန်တက်မှ ဖြစ်တော့မည်ဆို၍ အမေ ဆေးရုံ ပြန်တက်ရပြန်သည် ။ အမေ တစ်ယောက် မြေလတ်မြို့ လေး မှ ပင်ပန်းကြီးစွာဖြင့် ရန်ကုန် သို့ လာရပြန်သည် ။ သည်တစ်ခါတော့ အမေ့ဝေဒနာက တော်တော်လေး ပြင်းထန် နေပြီ ။ နှလုံးသွေးကြော ရောဂါ ခွဲစိတ်ကုအထူးကု ဆရာဝန်ကြီး ဒေါက်တာ ခင်မောင်လွင်က “ သည်တစ်ခါ တော့ ညာဘက် ဒူးခေါင်း အထက် က ဖြတ်မှ ဝေဒနာ သက်သာမည် ။ အနည်းဆုံး နှစ်နှစ်ခွဲ သုံးနှစ်ခန့်တော့ အသက်ရှည်ဖို့ တာဝန်ခံသည် ။ သို့မဟုတ်ရင်တော့ နှစ်လ သုံးလ လောက်ပဲ လူ့ဘဝမှာ အသက်ရှင်ခွင့် ရှိတော့မည် ” ဟု ဆိုပါသည် ။ ညီမ နှစ်ယောက် ကတော့ အမေကို ဒူးခေါင်း အထက်က ဖြတ်ဖို့ကိစ္စ ပြောမထွက်ကြ ။ သည်လို လုပ်နေ၍ မပြီး ။ နှလုံးခွဲစိတ် အထူးကုဆရာဝန်ကြီး ကလည်း ကာယကံရှင် ၏ အဆုံးအဖြတ် ရအောင် ယူပါမှ ဖြတ်ရတောက် ရတာ ဥပါဒ် ကင်းမည်ဟု ကြိုတင်ပြောထားသည် ။ တာဝန် က ကျွန်တော့် ခေါင်းပေါ် ရောက်လာပြီ ။ အမေ နှင့် သား စကားများများ ပြောရပြီ ။ အမေ့ မာနကို ဦးစွာ ( စည်းရုံးရေးအရ ) တင်ပေးရသည် ။ နောက် အမေ့ သတ္တိ ကို ဆွပေးရသည် ။ အမေ့ သီလ ၊ သစ္စာ ၊ သမာဓိ ခိုင်မာမှုတွေကို ပြောပြရသည် ။ အထူးသဖြင့်ကတော့ မိဘ နှင့် သား ၅၂၈ သွယ်သော မေတ္တာကို ဋီကာ အမျိုးမျိုး ချဲ့၍ ပြောပြရသည် ။ နောက်ဆုံး အမေ့နှုတ်မှ ခိုင်ခိုင်မာမာ အသံ ထွက်လာသည် ။

“ မနက်ဖြန် ဆရာဝန်ကြီး လာရင် အမေ ပြောမယ် ၊ ပေါင်အရင်းကပါ ဖြတ်ချင် ဖြတ်လိုက် လို့ ...”

အမေ့ သတ္တိ ၊ အမေ့ မာန ၊ အမေ့ ရဲရင့်ခြင်း ၊ အမေ့ရဲ့ ယုံကြည်မှု ၊ အမေ့ စိတ်ဓာတ် ခိုင်မာမှုတို့က အနှိုင်းအဆ မရှိပြီ ။ အသက် ( ၈၂ ) နှစ် ရှိပြီဖြစ်သော အမေ ဒူးခေါင်း အထက်မှ ညာဖက် ခြေထောက်ကို ချောချောမောမော ဖြတ်တောက်နိုင်ခဲ့ပြီး နှစ်လသုံးလ ခန့်သာ အသက်ရှင်ခွင့် ရှိတော့သည့် အမေ ။ ၅၂၈ သွယ်သော မေတ္တာအင်အားကြောင့် လူ့လောကတွင် နေထိုင်ခွင့် ၊ အသက်ရှင်ခွင့် ၊ ဘာသာရေး ကိုင်းရှိုင်းခွင့် ၊ လှူခွင့် ၊ တန်းခွင့်များ သုံးနှစ်ခွဲခန့် ရရှိပြီးနောက် အမေ့ အသက် ( ၈၅ ) နှစ် ရှိချိန် ( ၁၈. ၈. ၂၀၀၃ စနေနေ့ ) တွင် ဝေဒနာ တစ်စုံတစ်ရာ ပြင်းပြင်းထန်ထန် မခံစားရဘဲ အမေသည် လူကြီး ရောဂါဖြင့် လူ့ လောကကြီး ကို ငြိမ်းငြိမ်းချမ်းချမ်း မျက်ကွယ် ပြုသွားနိုင်ခဲ့လေပြီ ။

“ ဘုရားဒါယိကာ ၊ ရဟန်းအမ ၊ ကျောင်းအမ ၊
ဇရပ်ဒါယိကာမ အနန္တ ကျေးဇူးရှင် အမေ ၊ ကောင်းရာ သုဂတိဘုံမှာ တည်ရှိနေနိုင်ပါစေသတည်း ”

ဝန်ခံချက် ။  ။ ( ဖြစ်ရပ်မှန်များကို ရေးဖွဲ့ ထားပါသည် ။ တိုက်ဆိုင်မှု ရှိသူများ ခွင့်လွှတ်ပေးပါရန် မေတ္တာ ရပ်ခံရပါ၏ )

⎕ မောင်လွမ်းနွယ် ( အောင်လံ )
📖အလင်္ကာရပ်ဝန်း ( ၇ )

No comments:

Post a Comment