Saturday, November 22, 2025

ကယ်ပါ


 

❝ ကယ်ပါ ❞
( ထွန်းတောက်ထွဋ် - သင်္ချာ )

၁ ။

ရှားပင် ၊ ထန်းပင် ၊ တမာပင် ၊ ထနောင်းပင်တွေနဲ့ နာနတ်ရိုင်းပင်တွေ ကြားက ရွှေဝါရောင်သန်းနေတဲ့ မြေအဆင်းဟာ ရွှေနိုင်ငံကြီး စည်ပင်သာယာဝပြောစဉ်က အရောင်အတိုင်း ဟုတ်မဟုတ် သေချာမသိပေမဲ့ တောပြုန်းလို့ သဘာဝမြေဆီလွှာ ကုန်ခန်းသလောက် ဖြစ်နေပြီ ဆိုတာကတော့ ငြင်းမရတဲ့ အမှန်တရားတစ်ခုပါ ။ အနော်ရထာမင်း လက်ထက်က ပုဂံပြည်မှာ အရှင်အရဟံမထေရ် ကြောင့် ဗုဒ္ဓသာသနာရောင်ဝါ ထွန်းလင်းခဲ့တယ်ဆိုတဲ့စကား ကြားဖူးသလို ရှင်အဉ္ဇဂေါန ရဲ့ ပြဒါးရှင်လုံးတန်ခိုးနဲ့ စည်းစိမ်တွေ နှစ်ဆတိုးပြီး မုဆိုးမ က အစ ဘုရားတည်နိုင်တယ် ဆိုတဲ့ စကားလည်း ကြားခဲ့ဖူးပါတယ် ။ ဒါပေမဲ့ ကုမ္ပဏီဝန်ထမ်း တစ်ယောက်ဖြစ်တဲ့ ၊ ပရဟိတ လုပ်ငန်းတွေမှာ ဝါသနာပါတဲ့ အသက်သုံးဆယ်ကျော် အရွယ် လက်တွေ့ဆန်ချင်သူ ကျွန်တော့် အမြင် သက်သက် အနေနဲ့ကတော့ သမိုင်း ၊ စိတ်ကူးယဉ် ဒဏ္ဍာရီပုံပြင်တွေဆိုတာထက် ပုဂံသူ ၊ ပုဂံသားတွေရဲ့ ကြိုးစား အားထုတ်မှုကြောင့်သာ ပုဂံပြည်ကြီး စည်ပင်သာယာဝပြောတယ်လို့ပဲ ယူဆပါတယ် ။

တရိပ်ရိပ် ပြေးနေတဲ့ ကားလမ်းဘေးက ရှုခင်းတွေဟာ ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုရဲ့ဒဏ်ကြောင့် အခိုးထွက်လောက်တဲ့ အထိ ဖြစ်နေသလို ကြည့်ရှုခံစားမိသူကိုလည်း ချွေးပေါက်ပေါက် ကျတဲ့ အထိ ပူပြင်းလောင်မြိုက် စေတာပါပဲ ။ တံလျှပ်တွေ တရှိန်ရှိန် ထနေတဲ့ ကတ္တရာလမ်းမကြီးရဲ့ ဘေးတစ်ဖက်တစ်ချက်မှာ တစာစာအသံလေးတွေနဲ့ လက်ပြနှုတ်ဆက်နေကြတဲ့ ကလေးတွေကတော့ သဲပူပူ ၊ ဖုန်ထူထူနဲ့ ပူပြင်းတဲ့ နေမင်းရဲ့ အလင်းအောက်မှာ လသာသလောက် နီးနီး ဖြစ်နေတာ သေချာပါတယ် ။ ကားတစ်စီး ဖြတ်သွားတိုင်း တစ်စုံတစ်ခု ကျလာခဲ့ရင် အပြေးအလွှား ၊ အလုအယက် တိုးဝှေ့ ကောက်ကြသလို ကားပေါ်ကနေပြီး ဘာတစ်ခုမှ ကျ မလာခဲ့ရင်တော့ မျှော်လင့်ချက်မျက်နှာကလေးတွေ ရှုံ့မဲ့ပြီး ကျန်ရစ်ခဲ့ကြတာပါပဲ ။

ဪ .. ဘာညာ အကောင်ပလောင်တွေ ရိုက်နှိပ်ထားတဲ့ ငွေစက္ကူဆိုတာ ဒီလိုနေရာမျိုးမှာ အဲဒီလောက် အထိ မျှော်လင့်စောင့်စားနေ ကြရတာမျိုးတဲ့လား ။ ဘဝ အကြောင်းသေချာမသိ ပကတိဖြူစင်နေသေးတဲ့ အထက်အညာက ကလေးငယ်တွေရဲ့ အသိတရားမှာ ငွေစက္ကူဆိုတာ အဲဒီလောက်အထိ အရေးပါနေတယ်တဲ့ လား ။ ပူလွန်းတဲ့ ရာသီဥတုနဲ့ အသက်အန္တရာယ်နီးတဲ့ အဝေးပြေးကားလမ်းမဘေး ဖြစ်နေတာတောင် ဘာကိုမှ ဂရုမထားဘဲ ငွေကြေးရဲ့ ဆွဲဆောင်ရာကို ဒီကလေးတွေ လိုက်နေကြရတယ်တဲ့လား ။ လူကြီးမိဘ အုပ်ထိန်းသူတွေ ကလည်း ဒီကလေးတွေရဲ့ လိုအင်ဆန္ဒကို အားပေးအား မြှောက်ပြုနေကြတယ်တဲ့လား ။ ဝမ်းစာအတွက် တစ်ဖက်တစ် လမ်းက ငွေရှာပေးနေသူလေးတွေအဖြစ် မတားဆီးကြဘူးတဲ့လား ။

ဘာပဲဖြစ်ဖြစ် မန္တလေး ၊ မြင်းခြံ ၊ ညောင်ဦး ၊ ပုဂံလမ်းအတိုင်း မောင်းနှင်လာခဲ့ကြရင်း စည်ကားရှုပ်ထွေးလွန်းတဲ့ ညောင်ဦးမြို့ထဲ ဝင်ပြီး ရွှေစည်းခုံဘုရား ရောက်တဲ့ အခါမှာတော့ ဘုရားဖူးကားတွေ အနားကို ဝိုင်းအုံလာကြတဲ့ လူပျို ၊ အပျို မဖြစ်တဖြစ်အရွယ် ကလေးသူငယ် အများစုကို တွေ့လိုက် ရတာပါပဲ ။ ဦးထုပ် ဆောင်းပြီး အညာထည်ကလေးတွေ ဝတ်ဆင်ထားကြတဲ့ သနပ်ခါးဘဲ ကျားမျက်နှာနုနုကလေးတွေ ကတော့ မျှော်လင့်ခြင်းတွေနဲ့ ရွှင်လန်းတက်ကြွနေကြတာမျိုးပါ ။

“ ပုဂံက ဘုရားအစုံ ဖူးနိုင်ဖို့ လိုက်ပြပေးပါမယ် ။ ဘုရားသမိုင်းတွေလည်း ရှင်း ပြပေးပါမယ် ။ ဂိုက်ငှားလို့ ရပါတယ်ခင်ဗျ ”

“ တစ်နေကုန်ဆိုတော့ တစ်သောင်းခွဲပါရှင့် ၊ ဒါ ပုံမှန် ယူနေကျတဲ့ ဈေးပါပဲရှင့် ”

“ ပေးချင် သလောက်သာ ပေးပါဦး ”

“ ဟေ့ကောင် ၊ မင်း ဈေးမဖျက်နဲ့လေ ”

“ တစ်သောင်းတော့ မလုပ်ပါနဲ့ ၊ တစ်သောင်းနှစ်ထောင်တော့ ပေးပါ ”

“ ဟိုကားက ဈေးဆစ်နေတယ် ၊ ရှစ်ထောင်တဲ့ ။ မင်း လိုက်ချင်လိုက်သွား ” 

“ ဘယ်မှာလဲ ”

“ အနည်းဆုံး တစ်သောင်းလောက်မှ အဆင်ပြေ မှာလေကွာ ။ ဧည့်သည် မရရင် နေပါစေတော့ ။ ငါ မလိုက်ဘူး ”

“ ဟုတ်တယ် ၊ နေပူကြီးထဲ တစ်နေကုန် လိုက်ပြ ၊ ရှင်းပြရမှာ ။ ပြီးတော့ ကိုယ့် ထမင်းကိုယ်စားရမှာလေ ”

“ ရပါတယ် ၊ ရှစ်ထောင်နဲ့ပဲ လိုက်ပြပေးပါ့မယ်ရှင့် ”

တစ်ယောက် တစ်ပေါက်နဲ့ လူတတ်ကြီး ပုံစံလုပ်ပြီး ဈေးခေါ် ၊ ဈေးဆို ၊ ဈေးညှိနေကြတဲ့ ကလေးတွေကို ကြည့်ရင်း ကြည်နူးပျော်ရွှင်ရတာ သေချာသလို မြေပုဂံမှာ အနေဟန် စေဖို့အတွက် အသက်အရွယ်ကိုမှ ဂရုမထားဘဲ နည်းလမ်းအသွယ်သွယ်နဲ့ ဝမ်းစာရှာနေကြတဲ့ ကလေးသူငယ်တွေရဲ့ဘဝကို စာနာရတာလည်း အမှန်ပါပဲ ။ ရေခဲ ထုပ် ၊ ရေခဲချောင်းရောင်းသူတွေ ၊ ရေသန့်ဘူး ၊ အချိုရည် ၊ စနိုးတာဝါ ၊ တစ်ရှူး ရောင်းနေသူတွေ ၊ ပုဂံလက်မှုပစ္စည်းတချို့နဲ့ အမှတ်တရ အဝတ်အထည် ၊ ဖန်စီပစ္စည်း ရောင်းနေကြသူတွေ ၊ အင်္ဂလိပ် ၊ ဂျာမန် ၊ ပြင်သစ် စသဖြင့် နှုတ်တိုက်ကျက်ထားပုံရတဲ့ ဘုရားသမိုင်းတွေနဲ့ နိုင်ငံရပ်ခြား ခရီးသွားဧည့်သည်တွေကို ဂိုက်လုပ်ပေးနေကြ သူတွေ ၊ ပြည်တွင်းခရီးသွားတွေအတွက် နေရာစုံရောက်အောင် လမ်းပြ ၊ ဘုရားသမိုင်း ရှင်းပြနေကြသူတွေ ၊ ထမင်းဆိုင် ၊ စားသောက်ဆိုင် ၊ လက်ဖက်ရည်ဆိုင်တွေမှာ စားပွဲထိုးလုပ်နေကြသူတွေ ၊ ဒေသထွက်အသီးအနှံ ၊ မုန့် မျိုးစုံ ရောင်းချရင်း မစို့မပို့ အမြတ်ငွေလေးတွေနဲ့ ဘဝအရေး ဖြေရှင်းနေကြသူတွေ ၊ ဘာအလုပ်မှ မလုပ်ဘဲ အလွယ်လမ်းလိုက်ပြီး တောင်းရမ်းစားသောက်နေကြတဲ့ ကလေးတွေ စသဖြင့် ရွှေစည်းခုံဘုရား အနီးတစ်ဝိုက် မှာတော့ အနယ်နယ် အရပ်ရပ်က ဘုရားဖူးခရီးသည်တွေနဲ့ ပုဂံမြို့သူမြို့သားတွေ ပေါင်းပြီး ကြက်ပျံမကျ စည် ကားသက်ဝင်နေတာပါပဲ ။

ကလေးလုပ်သားပဲ ပြောပြော ၊ လောကထံပါး အပြစ်ကင်းစင်တဲ့ တရားတွေ နဲ့ ခိုနားစအရွယ်တွေပဲ ဆိုဆို ၊ လူကြီးမိဘ ၊ အုပ်ထိန်းသူ ၊ ဆွေမျိုးဉာတကာတို့ရဲ့ လမ်းပြမှုနဲ့ ဘဝပေးအသိကြောင့်လို့ပဲ သတ်မှတ်သတ်မှတ် ၊ ကမ္ဘာ နဲ့ ချီလိုက်ရင် အစစအရာရာ နောက်ကျကျန်ရစ် နေဆဲ မြန်မာနိုင်ငံကြီး ထဲက မြေကို ချစ်တဲ့ ၊ မြေက မွေးဖွားလာသူ ကလေးတွေကတော့ နွေရာသီကျောင်းပိတ်ရက်ကာလ မှာတောင် တခြားမြို့ကြီးပြ ကြီးက ကလေးသူငယ်တွေလို မိဘဆွေမျိုးတွေနဲ့အတူ အပန်းဖြေခရီး မထွက်နိုင်ကြ ဘဲ သမုဒ္ဒရာဝမ်းတစ်ထွာ အတွက် ရှာဖွေနေကြရတာ သေချာပါတယ် ။ သူတို့လေးတွေ ပြောပြပုံအရတော့ ခုလိုမျိုး ဧည့်ကျတဲ့ ခရီးသွားရာသီဟာ တစ်နှစ်မှာ လေး ၊ ငါး ၊ ခြောက်လ လောက်သာရှိပါတယ်တဲ့ ။ ကျောင်းပိတ်ရက် ကာလမှာ တတ်နိုင်သမျှ ရှာဖွေပြီး ဧည့်မကျတဲ့ ကာလတွေမှာ နေထိုင် စားသောက်ဖို့ အတွက် ကြိုတင်စုဆောင်းကြရပါတယ်တဲ့ ။ ဘယ်လိုပဲဖြစ်ဖြစ် ပုဂံကို သုံးကြိမ်မြောက် ရောက်ရှိလာကြတဲ့ ကျွန်တော်တို့ အုပ်စု အနေနဲ့ကတော့ ရွှေစည်းခုံ ၊ ဗူးဘုရား ၊ မနူဟာဘုရား ၊ ကန်တော့ပလ္လင် ၊ အာနန္ဒာ ၊ သဗ္ဗညု ၊ ဓမ္မရံကြီး ၊ အလိုတော်ပြည့် ၊ မြစေတီ ကျောက်စာ ၊ လောကနန္ဒာ စတဲ့ နာမည်ကြီးဘုရား လောက်သာ နေ့ချင်းပြန်ဖူးဖို့ အစီအစဉ် ရှိတဲ့ အတွက် လမ်းပြဂိုက် မလိုကြောင်း ပြောပြလိုက်မှပဲ ကလေးအုပ်စု ရှဲသွားကြတာမျိုးပါ ။ သေချာတာကတော့ ပုဂံမြေဟာ ခရီးသွားရာသီဖြစ်နေတဲ့ အတွက် တခြားအချိန်တွေထက် ပိုပြီး စည်ကား သက်ဝင်ပျော်ရွှင်စရာကောင်း နေတာပါပဲ ။

••••• ••••• •••••

၂ ။

“ ထု ဓမ္မရံ ၊ အနု အာနန္ဒာ ၊ အမြင့် သဗ္ဗညု ” ဆိုတဲ့ စကားအတိုင်း ပုဂံခေတ် အနု ပညာလက်ရာတွေ အများကြီးရှိတဲ့ အာနန္ဒာစေတီရဲ့ ပျက်ယွင်းစ,ပြုနေတဲ့ အစိတ် အပိုင်းတချို့ကို ရှေးမူမပျက် ပြုပြင် ၊ ထိန်းသိမ်းနေပုံရတာကြောင့် စေတီတော်ကြီးရဲ့ အပြင်ဘက်မှာတော့ ပြုပြင်ရေးလုပ်သားတွေ ၊ ငြမ်းတွေနဲ့ ဖုန်ခိုးဝေဝေ ဖြစ်နေတာပါပဲ ။ အတွင်းဘက် လိုဏ်ပတ်လမ်း တစ်လျှောက်မှာတော့ အနုပညာလက်ရာအစုံစုံက ရှုမဝ, တဲ့ ပုံဟန်တွေနဲ့ပါ ။

တကယ်တော့ ဟိုး ပဝေသဏီ ကတည်းက တည်ရှိခဲ့ပြီးသား ရှေးဟောင်းလက်ရာ ၊ ယဉ်ကျေးမှုအမွေအနှစ်တွေဟာ ပုဂံခေတ် ဗိသုကာ လက်ရာအဆင့်မြင့်ခြင်း ၊ အနုလက်ရာစုံလင်ခြင်းနဲ့ ခိုင်ခံ့သေသပ်ခြင်းတွေက အဓိက သက်သေတွေမို့ ခေတ်မီနည်းစနစ်တွေနဲ့ ရေရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်ကြရမှာ သေချာပါတယ် ။ ငလျင်ကြီး လှုပ်ခဲ့ဖူးတဲ့ ဒေသ ၊ ငလျင်ငယ်တွေ အခါခါလှုပ်လေ့ရှိတဲ့ ဒေသ ။ ငလျင်ကြော ရှိတဲ့ အရပ်ဒေသ မို့ ဖြစ်ကတတ်ဆန်း ၊ ပြီးစလွယ် ထိန်းသိမ်းစောင့်ရှောက်မှုမျိုး မဖြစ်အောင် သတိထားရမှာလည်း အမှန်ပါပဲ ။ မှန်လောက်တဲ့ အထိ တစ်စုံတစ်ခုသော ကာလဆီက “ အနော်ရထာခေတ် ပုဂံပြည်ကြီး ပြန်လည် စည်ကားလာပုံမျိုး ” အတိတ်တဘောင် ၊ နိမိတ်ဆောင်စေမယ့် သဘောမရိုးတွေနဲ့ ပြီးစလွယ် ပြင်ဆင်ခဲ့မှုတွေက ငလျင် ထပ်လှုပ်မှ အင်တာနက်ပေါ် ဘူးပေါ်သလို ပေါ် ကြရတာမို့ တိုးတက်လာတဲ့ ဆက်သွယ်ရေးစနစ်တွေကိုပဲ အပြစ်တင်ရတော့ မလိုလိုပါ ။ ပိုပြီး သေချာတာကတော့ ပုဂံ မှာ ရှိတဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် တွေ ကို မပျောက်ပျက်အောင် ၊ ရှေးမူ မပျက် ရေရှည်တည်တံ့ခိုင်မြဲအောင် ခေတ်မီနည်းစနစ်တွေ နဲ့ အများကြီး ကယ်တင်ကြရ ဦးမယ် ဆိုတာပါပဲ ။ ပြုပြင် လှူဒါန်းမှု ဖြစ်မြောက်ရုံ  ၊ ကမ္ပည်းကျောက်စာအသစ် အထိုးခံရရုံ ၊ အလှူပွဲကြီးတွေ ကျင်းပ ရေစက်ချ အမျှဝေ ကြရုံ ထိန်းသိမ်းစောင့်ရှောက်မှုမျိုးတော့ မဖြစ်စေချင်ပါဘူး ။ ဘာဖြစ်လို့လဲ ဆိုတော့ ရှေးခတ်ပုဂံသူ ၊ ပုဂံသားတွေရဲ့ ညာဝါးမချတဲ့ ဗိသုကာ အတတ်နဲ့ အရည်အသွေးတွေက ခုခေတ် ပုဂံသူ ၊ ပုဂံသား တွေကို ထမင်းကျွေးနေဆဲဖြစ် နေသေးတာကိုး ။ ဘုရားအစုံ ၊ စေတီပုထိုးအမျိုးစုံမှာ ရှိကြတဲ့ ဈေးသည်တွေ ၊ ပန်းချီ ၊ ပန်းပု ၊ ဆေးရေး ၊ ယွန်းထည် စတဲ့ အနုလက်ရာ အမျိုးမျိုး ဖန်တီးနေသူတွေ ၊ ဓာတ်ပုံနဲ့ အမှတ်တရလက်ဆောင်ပစ္စည်း ဆိုင်အမျိုးမျိုး ။ စားသောက် ဆိုင် ၊ ခရီးသွားဝန်ဆောင်မှု ၊ ဟိုတယ်လုပ်ငန်းအထွေထွေက ခေတ်သစ် ပုဂံသူပုဂံသားတွေတင်မက မြန်မာနိုင်ငံတစ်နံတစ်လျားက ပြည်သူပြည်သားတချို့ကို စီးပွားဖြစ်အောင် လုပ်ပေးနေတဲ့အတွက်ကြောင့်ပါ ။

ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့အုပ်စု အာနန္ဒာဘုရား ဖူးပြီး ပြန်ထွက်လာတဲ့ အချိန်ဟာ မွန်းတည့်ဆယ့်နှစ်နာရီလောက် ရှိနေပြီ ဖြစ်သလို ပူပြင်းတဲ့ ရာသီဥတုကြောင့် လူက ပန်း ၊ စိတ်က နွမ်းနဲ့ ရေဆာ ၊ ထမင်းဆာနေကြပါပြီ ။ အကိုင်းအခက် ၊ အရွက်သွယ်လျနွဲ့နှောင်း ပန်းချီဆန်တဲ့ အလှ သရဖူ ဆောင်းထားပေမဲ့ ဆူး အပေါင်း ခြံရံနေတဲ့ ထနောင်း ဟာ ပုဂံမြေ ရောက်လာသူတိုင်း အတွက် အေးရိပ်ပေးနိုင်တာ သေချာပေမဲ့ ဘုရားဝင် ဖူးဖို့အတွက် စီးလာတဲ့ ဖိနပ်ကို ကားထဲမှာ ထားခဲ့သူ ကျွန်တော့် အတွက်ကတော့ ထနောင်းရိပ်က ဆူးဟာ အဆိပ်လူးထားသလို ဖြစ်သွားခဲ့ရပါတယ် ။ ခြေဖဝါးက ဆူးချောင်းကို ဆတ်ခနဲ ဆွဲနုတ်လိုက်ပေမဲ့ ဆူးစက ကျန်ရစ်နေဆဲမို့ စိတ်ကသိ ကအောက် ဖြစ်ရတာလည်း အမှန်ပါပဲ ။ ဘာပဲပြောပြော အာနန္ဒာဘုရားရဲ့ မျက်စောင်းထိုး ခပ်လှမ်းလှမ်းမှာရှိတဲ့ ထနောင်းပင် ၊ တမာပင်တွေနဲ့ အရိပ်အာဝါသ ကောင်းတဲ့ စားသောက်ဆိုင် တစ်ဆိုင်ကတော့ အဆင့်မီဝန်ဆောင်မှု တချို့နဲ့အတူ ဘုရားဖူးဧည့်သည်တွေကို စိတ်ကျေနပ်မှုပေးစေတာ သေချာပါတယ် ။ ဈေးနှုန်း လည်း သင့်တင့်တယ်လို့ ပြောရင်ရပါတယ် ။ ဒါပေမဲ့ ဆိုင်ရှေ့ဘက် ကားပါကင်နား လောက်မှာ ကယ်ပါ ယူပါ တစာစာ အော်ဟစ်ရင်း တောင်းရမ်းစားသောက်နေတဲ့ လူသားတချို့ ရှိနေခဲ့ပြန်ပါတယ် ။ ထမင်းစား ၊ အချို တည်းပြီး နောက်မှာတော့ အတူပါလာတဲ့ ခရီးဖော်တွေ ကို ဆိုင်ထဲ ထားရစ်ခဲ့ရင်း ကျွန်တော် အာရုံကျတဲ့ နေရာဆီ လှမ်းထွက်ခဲ့မိတာပါပဲ ။

စုတ်ဖွာနီကြင်လွန်းပြီး သဘာဝအတိုင်း ပေါက်နေပုံရတဲ့ ဆံပင်ပုံစံ ခပ်ဆိုးဆိုးတွေ က ကလေးသုံးယောက်ကို ရုပ်ထွက် ညံ့စေသလို ညစ်ထေးထေး အဝတ်အစားနဲ့ ဖိုးရိုးဖားရား ဖြစ်နေတဲ့ မအေကိုယ်တိုင်ကြောင့် ပုဂံခေတ်ကျောက်စာထဲက ကြောက်စရာ အမည်သညာစာသားတွေကို အမှတ်ရလာခဲ့ပါတယ် ။ နို့စို့ကလေးက တစ်ယောက် ၊ သုံးလေးနှစ်အရွယ် သမီးမိန်းကလေး တစ်ယောက် ၊ ငါးနှစ် ၊ ခြောက်နှစ်အရွယ် သားယောကျ်ားလေး တစ်ယောက်ကတော့ မအေ စီမံရာကို နာခံနေကြရပုံပါပဲ ။ ခပ်ညစ်ညစ် လွယ်အိတ်တစ်လုံး လွယ်ထားတဲ့ မအေလက်ထဲက ခွက်ကို မသိမသာ အကဲခတ်ကြည့်လိုက်တဲ့အခါမှာ တော့ မြန်မာငွေစက္ကူတချို့နဲ့ တစ်ဒေါ်လာတန် လေး ၊ ငါး ၊ ခြောက်ရွက်လောက် ရှိနေတာကို အတိုင်းသား မြင်ရပါတယ် ။ ကလေးနှစ်ယောက် ခွက်ထဲက ငွေစက္ကူတွေကိုတော့ မအေကပဲ ဆွဲယူသိမ်း ဆည်းလိုက်တာမျိုးပါ ။ အသက်အရွယ်ငယ်ငယ် ၊ ကိုယ်လက်အင်္ဂါ သန်သန်စွမ်း စွမ်းနဲ့ တောင်းစားနေတတ်သူတွေကို ပိုက်ဆံထည့်လေ့ မရှိတဲ့ ကျွန်တော် ကတော့ အဲဒီ သားအမိကို တစ်ကျပ်တစ်ပြားမှ မထည့်ဖြစ်ဘဲ စိတ်ဝင်စားတဲ့ ပုံစံနဲ့ စိုက်ကြည့်နေခဲ့မိပါတယ် ။ ကျွန်တော့် အကြည့်ကို ဘယ်လို သဘောပေါက်သွားမှန်း မသိတဲ့ မအေ ဖြစ်သူ ကတော့ ကျွန်တော့်ရှေ့ ရောက်လာခဲ့တာပါပဲ ။

“ အစ်ကိုကြီးရယ် ၊ ကျွန်မတို့ သားအမိကို ... ”

ကယ်ပါ ယူပါ တစာစာ နဲ့ အော်ဟစ်ပြောဆိုရင်း တောင်းရမ်းနေရှာတဲ့ အဲဒီ အမျိုးသမီးရဲ့စကားသံတွေ ဟာ ကျွန်တော့် နားထဲကို ခါးသီးစွာနဲ့ ဝင်ရောက်လာခဲ့ပါတယ် ။ အသက်သုံးဆယ် ထက် ကျော်နိုင်ပုံ မရသေးတဲ့ အဲဒီ အမျိုးသမီးရဲ့ မိသားစုဘဝကို စိတ်ဝင်စားစပြုလာတာတော့ သေချာပါတယ် ။ ပိုပြီး သေချာတာကတော့ ဆံပင်ညှပ် ၊ ရေမိုးချိုး ၊ သနပ်ခါးလိမ်းပြီး ဝတ်ကောင်းစားလှ တချို့နဲ့ ပြုပြင်ပေးလိုက်မယ် ဆိုရင် ရုပ်ထွက် မညံ့နိုင်တဲ့ ကလေးသုံးယောက်ရဲ့ ရှေ့ရေး အတွက် ကျွန်တော့်ဘက်က ရင်မောနေရတာလည်း အမှန်ပါပဲ ။

“ ကလေးတွေက ငါ့ညီမရဲ့ သားသမီးအရင်းတွေ လား ။ သူတို့ အဖေကော မရှိတော့ဘူးလား ”

ကျွန်တော့် အမေးစကား ကို ဘာတစ်ခွန်းမှ ပြန်မဖြေဘဲ လှည့်ထွက်သွားတဲ့ အမျိုး သမီးရဲ့လုပ်ရပ်ကြောင့် တစ်စုံတစ်ခုကို သဘောပေါက် သလိုလို ဖြစ်သွားခဲ့ရပါတယ် ။ လက်ရှိ အခြေအနေအရ ကျွန်တော် သိချင်နေတာက သူတို့ မိသားစုအကြောင်း ။ သူ လိုချင်နေတာက ပိုက်ဆံ ။ ကျွန်တော်တို့ နှစ်ယောက် ကြားမှာ နားလည်မှုရှိရှိနဲ့ အပေးအယူ တစ်ခုခု လုပ်မှ ကျွန်တော် သိချင်တာ သိရမယ့် သဘောပါ ။

အိတ်ကပ်ထဲက ငါးရာတန်တစ်ရွက်ကို အဲဒီအမျိုးသမီး ခွက်ထဲ သွားထည့်မိပြီး နောက်မှာတော့ ဆုတွေ အများကြီးပေးမလို့ ဟန်ပြင်လာတဲ့ အတွက် ကျွန်တော့် ဘက်ကပဲ လက်ကာပြလိုက်ရင်း သိချင်နေတဲ့ ကိစ္စတွေ ထပ်မေးကြည့်ရပါတယ် ။

“ သုံးယောက်စလုံး ကျွန်မကလေးတွေပါပဲ အစ်ကိုကြီးရယ် ၊ သူတို့အဖေက တော့ ရေသန့်ဘူးခွံ လိုက်ကောက်ပါတယ် ။ နေတာကတော့ ပုဂံမြို့သစ်ထဲက ကျူးကျော်တဲမှာပါပဲ ”

သေချာစေချင်တဲ့ သဘောကြောင့်သာ မေးကြည့်ရပေမဲ့ ကလေးသုံးယောက်စလုံးရဲ့ မျက်နှာပေါက်တွေက မအေဖြစ်သူနဲ့ ခပ်ဆင်ဆင်မို့ မိသားစုအရင်းခေါက်ခေါက်တွေမှန်း ကျွန်တော့်စိတ်က ကြိုတင်သိနှင့်နေပြီးသားပါ ။ ဒါပေမဲ့ ... ။

“ ကလေးတွေကို ဘာ ဖြစ်လို့များ တောင်းစားခိုင်းနေရတာလဲ ငါ့ညီမရယ် ၊ ဒီအရွယ်က ကျောင်းနေရမယ့်အရွယ်တွေလေ ။ ကျောင်းမထားဘူးလား ”

“ ကျောင်းထားပါ တယ် ၊ အကြီးကောင်က တစ်တန်းတက် နေပြီလေ ။ အလတ်မကတော့ ကျောင်းမနေရသေးဘူး ။ ကျောင်းပိတ်ရက်မို့ တောင်းခိုင်းနေတာပေါ့ ။ ကျောင်းဖွင့်ရက်ဆို မတောင်းခိုင်းပါဘူး ”

“ ဗျာ ”

အမျိုးသမီးရဲ့ စကားကြောင့် အံ့သြသွားရတာ သေချာပါတယ် ။ သူ ပြောပုံအရ ကျောင်းပိတ်လို့ တောင်း စားခိုင်းရတဲ့ ကိစ္စဟာ သိပ်ပြီး မထူးဆန်းလှတဲ့ လုပ်ရိုးလုပ် စဉ် အလုပ်တစ်ခုဖြစ်နေတဲ့ ပုံစံမျိုးပါ ။ ရင်ထဲမှာ မတင်မကျနဲ့ ကလေးတွေရဲ့ ဘဝရှေ့ ရေးကို သူ့ထက် ပိုပြီး စိတ်ပူသွားတဲ့ ကျွန်တော်ကတော့ -

“ ကလေးတွေ ကို တောင်းမစားခိုင်းပါနဲ့လား ငါ့ညီမရယ် ။ ငါ့ညီမ ပုံစံ ကြည့်ရသလောက်ကတော့ ကျန်းကျန်းမာမာနဲ့ သန်သန်စွမ်းစွမ်းပါပဲ ။ ပုဂံမှာ လုပ်စရာ အလုပ်တွေ တစ်ပုံကြီးရှိတယ်ဆိုတာ ငါ့ညီမ သိမှာပါ ။ ကလေးတွေ လုပ်လို့ရတဲ့ အလုပ်တွေလည်း ရှိတာပဲ ။ တောင်းစား နေတာထက် ပိုပြီး မသင့်တော်ဘူးလား ငါ့ညီမရဲ့ ။ ကလေးတွေ ကြီးလာရင် ... ”

“ ကျွန်မတို့က တောင်းစားချင်လို့ တောင်းနေတာမျိုး မဟုတ်ဘူး အစ်ကိုကြီးရဲ့ ၊ မျိုးရိုးရှိလို့ တောင်းစားနေရတာ ”

“ ဗျာ ”

ကျွန်တော့်စကား မဆုံးခင်မှာပဲ ပက်ခနဲ ပြန်ပြောလာတဲ့ အမျိုးသမီးရဲ့စကားကြောင့်“ ဗျာ ” တစ်လုံးတည်းနဲ့ ထပ်မံအံ့သြသွားရတာတော့ သေချာပါတယ် ။

“ ဒါဆို ဒီပုဂံမှာ သူ တောင်းစားမျိုးရိုး ၊ ဘုရားကျွန်မျိုး ၊ ကယ်ပါမျိုးဆိုတာတွေ ရှိသေးတယ်ပေါ့ ”

“ ရှိတာပေါ့ အစ်ကိုကြီးရဲ့ ၊ ရှိလို့ တောင်းစားနေတာပေါ့ ။ ဟဲ့ .. ဟဲ့ ၊ ဟိုမှာ ကားတစ်စီး ထပ်ဝင်လာပြီ ၊ အဲဒီဘက် သွားတောင်းကြ ”

ကျွန်တော့် အမေးစကားကို ပြန်ဖြေရင်း သူ့ကလေး နှစ်ယောက်ကိုလည်း တောင်းရမ်းဖို့ တွန်းလွှတ်လိုက်တဲ့ အမျိုးသမီးရဲ့ လုပ်ရပ်ကြောင့် နည်းလမ်းတကျနဲ့ လက်တွေ့ဆန်ချင်တဲ့ ကျွန်တော့်စိတ်ထဲ မှာတော့ ဘဝင်မကျသလို ဖြစ်လာခဲ့တာပါပဲ ။ ဟုတ်သော်ရှိ ၊ မဟုတ်သော်ရှိ ကျောက်စာတွေကြောင့်ပဲ ပြောပြော ၊ ရှေးအစဉ်အဆက် သမိုင်း စကားတွေကြောင့်ပဲ ဆိုဆို လူ့ အဆင့်အတန်း ခွဲခြားတဲ့ ကြားဖူးနားဝ အမည်သညာတွေ ဟာ ဒီခေတ် အထိ ရှိနေတုန်းတဲ့လား ။ လူ့အဆင့်အတန်း အမည်သညာ သတ်မှတ်ချက် ဆိုတာထက် လူတွေရဲ့ ပင်ကိုစိတ်ထား ၊ လူပီသမှုတွေနဲ့ အသိပညာ ၊ အတတ်ပညာတွေကိုသာ အလေးထားရမှာမျိုး မဟုတ်ဘူးလား ။ လူလူချင်း လူကိုလူလို သဘောထားပြီး နိမ့်ပါးနေသူတွေကို ခွဲခြား မဆက်ဆံဘဲ စိတ်ဓာတ်ရေးရာအရ ဆွဲခေါ် ၊ မြှင့်တင်ပေးရမှာမျိုး မဟုတ်ဘူးလား ။ ရှေးစကားအတိုင်း ကိုယ့်အဆင့်အတန်း ကိုယ်ခွဲခြားသတ်မှတ်နေသူတွေ ရှိနေကြတုန်းတဲ့လား ။ ငွေအလွယ်ရလို့ ရှေးအယူအဆ အခေါ် အဝေါ်တွေထဲ နစ်မွန်းချင်ဟန်ဆောင်နေတာကော မဖြစ်နိုင်ဘူးလား ။ အတန်းပညာနဲ့ စာပေဗဟုသုတ မရှိ ၊ ပကတိ ဘဝကို ရှေးအယူအစွဲတွေနဲ့ နစ်မွန်းနေပုံရတဲ့ မအေ ဖြစ်သူ ရဲ့ စိတ်အခံ ၊ အတွေးအခေါ် အယူအဆတွေ လွဲမှားနေတယ်ဆိုတာကို ကျွန်တော့်ဘက်က ဘယ်လို စကားလုံးမျိုးတွေနဲ့ ဆွဲဆောင်စည်းရုံး သိမ်းသွင်းရမှာတဲ့လဲ ။ သိမ်းသွင်းလို့ ရနိုင် ၊ မရနိုင်ဆိုတာကတော့ မသေချာတဲ့ ကိစ္စတစ်ခုပါ ။ သေချာတာတစ်ခု ကတော့ ‘ လှူဒါန်းပေးကမ်းတယ် ’ ဆိုတဲ့ မြန်မာစကား ရှိပေမဲ့ အလွယ်လမ်း လိုက်ပြီး တောင်းစားနေကြတဲ့ ၊ အတွေးအခေါ် အယူအဆတစ်ခုထဲ နစ်မွန်းနေတဲ့ လူသားတချို့ကို အားပေးအားမြှောက် မပြုသင့်ဘူးဆိုတဲ့ စိတ်က ခိုင်မာလာခဲ့တာပါပဲ ။

“ ပေးသူရှိလို့ တောင်း စားသူရှိတယ် ” ၊ “ တောင်းစား သူရှိလို့ ပေးကမ်းစွန့်ကြဲနေကြ တယ် ” ဆိုတဲ့ ဂျာအေး သူ့အမေရိုက် သမားရိုးကျ လူ့စိတ်ထားတွေကို ဆန်းစစ်ကြည့်မိတဲ့ အခါမှာတော့ အကြောင်းပြချက် မခိုင်လုံဘဲ တောင်းလို့ ပေးရတယ်ဆိုတာထက် အမှန်တကယ် လိုအပ်လို့ လိုအပ်တဲ့နေရာ ၊ လိုအပ်တဲ့သူတွေကို ကူညီဖေးမ,လိုက်တာက ပိုပြီး နည်းလမ်းကျ မနေဘူးလား ။ တောင်းတိုင်း ပေးနေရင် ဘာအလုပ်မှ မလုပ်တော့ဘဲ အားအားရှိ တောင်းနေကြမှာမျိုး မဟုတ်ဘူးလား ။ အဲဒီလိုစိတ်ဓာတ်တွေ အစဉ်အဆက် လိုက်ပြီး တောင်းစားသူတွေ အလုပ်ဖြစ် ၊ သက်ဆိုးရှည်နေကြတာမျိုး မဟုတ်ဘူးလား ။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်မျက်စိရှေ့မှာ တစာစာအော်ရင်း တောင်းရမ်းနေရှာတဲ့ ကလေးနှစ်ယောက်ရဲ့ မျက်နှာနုနုကလေးတွေကတော့ စိတ်ပျက်လက်ပျက် မလုပ်ချင် လုပ်ချင် ပုံစံမျိုးတွေနဲ့ပါ ။ ပုဂံမြေ အနှံ့ ၊ မြန်မာနိုင်ငံ အနှံ့ တောင်းစား နေကြသူ အများစုကို မတောင်းစားအောင် ၊ တောင်းစားချင်စိတ် မရှိအောင် မကယ်တင်နိုင်တာ သေချာပေမဲ့ ကြုံတုန်းကြုံခိုက် ၊ ဆုံတုန်းဆုံခိုက် ရသလောက် ကယ်တင်ကြည့်မယ်လို့ ဆုံးဖြတ်လိုက်မိတဲ့ ကျွန်တော်ဟာ မအေဖြစ်သူ အနား ရောက်သွားခဲ့ပြီး ခွက်ထဲက ငါးရာတန်တစ်ရွက်ကို ဆတ်ခနဲ ဆွဲယူလိုက်မိပါတယ် ။ ကျွန်တော့်လုပ်ရပ်ကြောင့် အံ့သြသလို ဖြစ်သွားတဲ့ မအေ ဖြစ်သူကတော့ ပါးစပ်အဟောင်းသားနဲ့ ခပ်စူးစူး စိုက်ကြည့်လာခဲ့တာပါပဲ ။ ဖြစ်နေတဲ့ မျက်နှာပေါက်အရ သူ ကျွန်တော့်ကို မကျေနပ်ဘူးဆိုတာ အသိသာကြီးပါ ။ အဲဒီနောက်မှာတော့ ကျွန်တော့် ပိုက်ဆံအိတ်ထဲက ငါးထောင်တန်တစ်ရွက်ကို ဆွဲထုတ်လိုက်ရင်းကပဲ -

“ စောစောက ပေးခဲ့တဲ့ ခွက်ထဲက ငါးရာတန်ကို ပြန်ယူလိုက်တာ စိတ်မဆိုးနဲ့ ငါ့ ညီမ ။ အစ်ကိုက သန်သန်မာမာ ၊ ကျန်းမာရေးကောင်းကောင်းနဲ့ တောင်းစားနေကြ သူတွေကို ဘယ်တော့မှ ပိုက်ဆံ မထည့်တတ်ဘူးဆိုတာ ပြန်သတိရလိုက်လို့ပါ ။ ဒါပေမဲ့ ဒီငါးထောင်တန် တစ်ရွက်ကိုတော့ ငါ့ညီမ ယူပါ ။ ခွက်ထဲ မထည့်ပါနဲ့ ။ ဒီငွေစက္ကူ တစ်ရွက်ဟာ တောင်းစားသူကို ပေးတာမျိုး မဟုတ်လို့ တခြား တစ်နေရာမှာ ထည့်သိမ်းထားပေးပါ ။ ကလေး ကျောင်းပြန်တက်တဲ့အခါ ထမင်းချိုင့် ၊ ရေဘူး ၊ ကျောင်း ဝတ်စုံ ၊ စာအုပ်ဖိုးပဲ ဖြစ်ဖြစ် လိုအပ်တဲ့ နေရာမှာ သုံးဖို့ ကူညီတာပါ ။ တကယ်တော့ ငါ့ညီမရေ ... ဘာမျိုးရိုး ၊ ညာမျိုးရိုး ဆိုပြီး နိမ့်ကျတဲ့ မျိုးရိုး ဆိုတာတွေဟာ ရှေးတုန်းက ရှိကောင်း ရှိနိုင်ပေမဲ့ ဒီခေတ်မှာ မရှိနိုင် ၊ မရှိသင့်တော့တဲ့ ကိစ္စတွေပါ ။ ပုဂံပြည်ကြီး စည်ကားတိုးတက်ဖွံ့ဖြိုးအောင် တည်ထောင်ခဲ့တယ်လို့ ဆိုကြတဲ့ အနော်ရထာမင်းကြီး တောင် ဘယ်ဘဝရောက်လို့ .. ဘာတွေ ဖြစ်နေသလဲ ဘယ်သူမှ အတပ် မပြောနိုင်ပါဘူး ။ ကျန်စစ်သားမင်း လည်း ခုဘဝမှာ အိုနာကျိုးကန်းပြီး တောင်းစား မနေရဘူးလို့ ငါ့ညီမ အတပ်ပြောနိုင်လား ။ သံသရာဆိုတာ အရှည်ကြီးပါ ။ အရင်ဘဝ ၊ လက်ရှိဘဝ ၊ နောက်ဘဝဆိုတာတွေဟာလည်း ကိုယ်ပြုခဲ့တဲ့ ကံအလျောက် အမျိုးမျိုး အဖုံဖုံ ပြောင်းလဲနေကြတာမျိုးပါ ။ သံသရာမှာ ကျင်လည်နေသမျှ လူသားတွေအားလုံး ဆွေမျိုးမတော်သူ မရှိဘူးလို့ ဗုဒ္ဓမြတ်စွာဘုရား ဟောခဲ့ဖူးတာ ငါ့ညီမ ကြားဖူးမှာပေါ့ ။ မကြားဖူးရင်လည်း ခုပဲ သေချာမှတ်ထားလိုက်ပါ ”

“ ဘာမျိုးရိုး ၊ ညာမျိုးရိုး ၊ အဆင့်အတန်း နိမ့်တယ် ၊ မြင့် တယ် ဆိုတဲ့ စကားတွေဟာ ဉာဏ်နုံနည်းသူတွေရဲ့ သတ် မှတ်ချက်ပါ ။ ဘယ်သူမဆို အချိန်တန်ရင် အို ၊ နာ ၊ သေ ကြရတာချည်းပါပဲ ။ ဟောဒီ ပုဂံမြေမှာ ၊ မြန်မာနိုင်ငံမှာ ၊ ကမ္ဘာပေါ်မှာ ရှိသမျှလူသား အားလုံး အတူတူပဲလို့ မှတ်ထားလိုက်ပါ ။ ငါ့ညီမလည်း တောင်းစား မနေပါနဲ့တော့ ။ ပုဂံမှာ လုပ်စရာ အလုပ်တွေ အများကြီးပါ ။ ကလေးတွေကို တောင်းစားမခိုင်းပါနဲ့ ။ ကျောင်းတက်တဲ့အခါ ကလေးတွေ မျက်နှာငယ်ရမယ် ။ သူများ သားသမီးတွေ နှိမ်ချင်ကြမယ် ။ ကလေးတွေကို သနားရင် ၊ ချစ်တယ်ဆိုရင် ကလေးတွေရဲ့ ဘဝရှေ့ရေးအတွက် အညွန့်ချိုးထားသလိုမျိုး မလုပ်ပါနဲ့ ။ တောင်းစားရင် ငွေအလွယ်ရတယ် ဆိုတဲ့ စိတ်ဓာတ်မျိုး သွင်းမပေးပါနဲ့ ။ မျိုးရိုးကြောင့် တောင်းစားနေရတယ် ဆိုရင်လည်း အဲဒီ မကောင်းတဲ့ မျိုးဆက်ကို ကလေးတွေလက်ထဲ မလွှဲခဲ့ပါနဲ့ ။ ငါ့ညီမဟာ မိခင်တစ်ယောက်ပါ ။ ကလေးတွေ အသက်ကြီးလာတဲ့ အထိ မျက်နှာငယ်ရမယ့်အလုပ်မျိုး ဘယ်တော့မှ မလုပ်ပါနဲ့လို့ မှာချင်ပါတယ် ငါ့ညီမရယ် ”

ကျွန်တော့်စကား အဆုံးမှာပဲ ဖျတ်ခနဲ မျက်လွှာချသွားတဲ့ အမျိုးသမီးဟာ ငါးထောင်တန်တစ်ရွက်ကို လွယ်အိတ်ထဲ ထည့်လိုက်ရင်းကပဲ မျက်ရည်ဝဲသလိုလို ဖြစ်သွား ခဲ့ပါတယ် ။ ခန့်မှန်းကြည့်ရ သလောက် ဘယ်သူမှ ကျွန်တော် ပြောသလို သူ့ကို မပြောခဲ့ကြဘူးလို့ ယူဆရတာပါပဲ ။ အဲဒီနောက်မှာတော့ ကလေးနှစ်ယောက်ကို ဆတ်ခနဲ ဆွဲခေါ်ပြီး နှေးတုံ့လေးကန်နေတဲ့ ခြေလှမ်းတွေနဲ့ ကျွန်တော့် ရှေ့ကနေ တရွေ့ရွေ့ ထွက်ခွာသွားခဲ့ကြပါတယ် ။ ဆိုင်အပြင်က နေပြီး ခရီးဖော်တွေ ထွက်အလာကို စောင့်နေမိတဲ့ ကျွန်တော် ကတော့ ပူပြင်းတဲ့ နေရောင်ခြည်ဒဏ်က ကာကွယ်ဖို့အတွက် တမာပင်ရိပ်အောက်မှာ ခိုနားရင်း ၊ ထွက်ခွာသွားရှာတဲ့ မိသားစုဝင် လေးယောက်ရဲ့ ကျောပြင်ကို ငေးကြည့်ရင်း ၊ ခြေဖဝါးက မနုတ်ရသေးတဲ့ ထနောင်းဆူးစကို သတိရရင်း အဆိပ် ပြယ် စ,ပြုလာတာတော့ အမှန်ပါပဲ ။

••••• ••••• •••••

၃ ။

ညနေစောင်းလို့ ညောင်ဦးမြို့က အထွက်မှာတော့ နေချိုစပြုနေပြီဖြစ်တဲ့ အတွက် ရောက်စကလို သိပ်မပူတော့ပေမဲ့ အပူငွေ့လက်ကျန်ကတော့ ရှိနေဆဲပါပဲ ။ ခြောက်သွေ့ပြီး စည်ကားသက်ဝင်လွန်းတဲ့ ပုဂံ ။ မြင့်မား ၊ ခံ့ညား ၊ ထည်ဝါလွန်းတဲ့ စေတီပုထိုးများနဲ့ ကျက်သရေရှိတဲ့ ပုဂံ ။ ရှေးဟောင်းယဉ် ကျေးမှု အနုလက်ရာတွေနဲ့ လှပလွန်းတဲ့ ပုဂံကတော့ လမ်းဘေးဝဲယာ ရှုခင်းတွေနဲ့ အတူ ကျွန်တော်တို့ စီးလာ တဲ့ ကားနောက်မှာ တရိပ်ရိပ် ကျန်ရစ်ခဲ့ကြပါပြီ ။

သေချာတာကတော့ ပုဂံ က ဘုရား ၊ စေတီ ၊ ပုထိုးများစွာနဲ့ ရှေးဟောင်းအမွေအနှစ် အနုလက်ရာတွေကို မပျောက်ပျက်အောင် ၊ အရှည်တည်တံ့ခိုင်မြဲအောင် နည်းစနစ်တကျ ကယ်တင်ရပါမယ် ။ ပုဂံကို အမှီပြုပြီး နည်းမျိုးစုံနဲ့ စီးပွားရှာနေကြသူတွေ အများကြီး ရှိပေမဲ့ ဘာမျိုးရိုး ၊ ညာမျိုးရိုး စသဖြင့် ရှေးယခင်ကတည်းက ရှိခဲ့ပြီးသား အရိုးစွဲအယူသီးမှု ၊ လူတန်းစား ခွဲခြားမှု အတွေးအခေါ်တွေကို ခေတ်နဲ့ အညီ ပြောင်းလဲအောင် ကယ်တင်ကြရပါမယ် ။ အယူသီးမှု ကို ဗန်းပြပြီး အဲဒီနောက်က ကပ်ပါလာတဲ့ အခြေခံ စိတ်ဓာတ်ဆိုးတွေကြောင့် ငွေ အလွယ်ရစေမယ့် နည်းလမ်းတွေနဲ့ ဘုရားအဆူဆူမှာ တောင်းရမ်းစားသောက်နေရှာတဲ့ ကလေးသူငယ်တွေရဲ့ အနာဂတ်ဘဝ လှပဖို့အတွက် မိဘ ၊ ဆရာ ၊ အုပ်ထိန်းသူတွေ နဲ့ ကျွန်တော် အပါအဝင် တာဝန်ရှိသူ အားလုံး တတ်နိုင်တဲ့ နည်းလမ်းတွေနဲ့ ကယ်တင်ကြရပါမယ် ။ ပိုပြီး သေချာတာကတော့ ပြည်သူပြည်သား အများစုရဲ့ အစစအရာရာ နစ်မွန်းနိမ့်ကျနေတဲ့ စိတ်ဓာတ် ၊ အတွေးအခေါ် အယူအဆနဲ့ ဘဝအခြေအနေတွေကို ကူညီဖေးမ မြှင့်တင်ပေးပြီး အနာဂတ်နိုင်ငံတော် သာယာလှပအောင် ပြည်သူ ပြည်သားအားလုံး စုပေါင်း ကယ်တင်ကြရပါဦးမယ် ။

ဘာပဲဖြစ်ဖြစ် ပုဂံ ၊ ညောင်ဦး ၊ မြင်းခြံ ၊ မန္တလေး အဝေးပြေးလမ်းမကြီးရဲ့ဘေး တစ်ဖက်တစ်ချက်မှာ မကြာမကြာ ပေါ်လာတတ်တဲ့ ကလေးတွေကတော့ မျှော်လင့်ချက်မျက်နှာကလေးတွေနဲ့ တစာစာ အော်ဟစ်ရင်း လက်ပြ တောင်းဆိုနေကြဆဲ ။ ကားပေါ်က ကျလာတဲ့ တစ်စုံတစ်ခုကို အသက်အန္တရာယ်ကိုမျှ မမှုဘဲ စုပြုံတိုးဝှေ့ လုယက်နေကြဆဲ ။ ကားပေါ် ကနေပြီး ဘာတစ်ခုမှ ကျ မလာခဲ့ရင်တော့ မျှော်လင့်ချက် မျက်နှာသေကလေးတွေနဲ့ ကားလမ်းဘေးတစ်လျှောက် ငေးငိုင်ရပ်ကျန်ရစ်ခဲ့ကြဆဲ ။

▢  ထွန်းတောက်ထွဋ် ၊ သင်္ချာ ၊
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      ဇွန် ၊ ၂၀၁၉

No comments:

Post a Comment