❝ ကောက်ရိုးတစ်မျှင် ❞
( သတိုး )
ဆရာမက ပေါက်ပေါက်ဖောက် နေပြန်တာ မပြီးတော့ဘူး ။ နာရီဝက်လောက်တောင် ရှိပြီလားပဲ ။ ဆရာမကတော့ ကုလားထိုင်ပေါ်မှာ သက်သောင့်သက်သာ ထိုင်နေနိုင်တာဆိုတော့ နှုတ်ခမ်းတလှုပ်နဲ့ အမျှင်မပြတ်အောင် ဆူနိုင်ပူနိုင်မှာပေါ့ ။ ပြီး ... အထက်စီးကနေ ဝိုင်း တို့ကို မှိုချိုးမျှစ်ချိုး ပြောနေရတာဆိုတော့ သိပ်အရသာ ရှိမှာပဲ ။ အရင်ကတည်းက ကျောင်းသားတွေ အပြစ်နည်းနည်း လုပ်မိတာနဲ့ ခုနစ်စဉ် အမျှင်တန်းအောင် မိုးမဆုံး မြေမဆုံး ကရားရေလွှတ်တတ်သူလို့ ဆရာမက နာမည်ကျော်သူပဲ ။ ဝိုင်းတို့ နှစ်ယောက် ဆရာမရဲ့ စားပွဲရှေ့မှာ လက်ပိုက် မတ်တတ်ရပ် နေရတာ နာရီဝက် ကျော်ပြီ ။ ခြေသလုံးတွေလည်း ညောင်းချည့်အောင့်တောင့်လှပြီ ။ ပြီး ... ဦးခေါင်းတွေ ကိုလည်း မြေပြင်နဲ့ ထိနမ်းမတတ် ငုံ့ချထား ရသေးတာဆိုတော့ ဇက်တွေလည်း ညောင်းလှပြီ ။ မျက်လွှာလေး အသာချလို့ တစ်ချက်တစ်ချက်မှာ ဆရာမရဲ့ ဆိုဆုံးမမှုတွေကို နားဝင် မှတ်သားနေပါကြောင်း မဝံ့တဝံ့ ဖျတ်ခနဲ မျက်လွှာ လှန်ကြည့် ၊ ပြီး ချက်ချင်းပြန် ငုံ့ချ ။ ဦးခေါင်းကိုလည်း စည်းချက်ကျကျ တဆတ်ဆတ် ညိတ်ပြရသေးတာ ။
ဝိုင်းတို့ ကိုယ့်နေရာမှာ ကိုယ် ပြန်ထိုင်ချင်ပါပြီ ။ ဒါပေမဲ့ ဆရာမက ဆုံးမစကား မရပ်သေးဘူး ။
ဆရာမ အလစ်မှာ ကိုကို့ မျက်နှာကို ဖျတ်ခနဲ ခိုးငေး ပစ်လိုက်တယ် ။ ရဲပပြီး ချွေး တွေ ပြန်နေတဲ့ ရှက်မျက်နှာကြီး ငုံ့ဝှက်လို့ ကိုကို တစ်ယောက် မူပျက် ၊ အနေခက်နေတာ သိသာလှစွာ ။ ကိုကိုဟာ ပင်ကိုကတည်းက အရှက်အကြောက် ကြီးတတ်လွန်းသူ ပဲ ။ ဝိုင်းကို တစ်ချက်ကလေး ခိုးကြည့်လိုက်စမ်းပါ ကိုကို ။ ဆရာမ မမြင်အောင် နှုတ်ခမ်းထောင့်လေး ကွေးတွန့်ကာ ပြုံးပြအားပေးချင်လို့ပါ ။ ဝိုင်းလေးရဲ့ အပြုံးက ကိုကို့ကို ငြိမ်းချမ်းစေ ၊ ရင်အေးစေတယ်ဆို ။ ကိုကိုကတော့ စာသင်ခန်း ကြမ်းခင်းကိုသာ ကသိုဏ်းရှုနေဆဲပဲ ။
ဝိုင်း ကတော့ ကိုကို့ ထက် စာရင် အကြောမာသူ ( အဲဒါ ဆရာမဆီက ဝိုင်း မကြာခဏ ရတတ်လေ့မြဲ မှတ်ချက်စကားပေါ့ ) ဆိုတော့ ကိုကို့ လောက်တော့ အခြေပျက် ၊ အနေမခက်လှပါဘူး ။ ဝိုင်းတို့ နှစ်ယောက်ကို မျောက်ပွဲလို ဝိုင်းကြည့် တွတ်ထိုးနေ ကြတဲ့ အတန်းထဲက မိန်းကလေးအုပ်စုဆီ ဆရာမ ဆူပူမာန်မဲနေတဲ့ ကြားက မျက်စောင်းဝင့်ကြည့်ပြီးပြီ ။ နောက်ဆုံးတန်းက လောင်စိန် ယောကျ်ားလေးအုပ်စု ကိုလည်း အံကြိတ်ပြထားပြီးပြီ ။ နင်တို့နဲ့ ငါနဲ့ တွေ့ဦးမယ်လို့လည်း အသံတိတ် ကြိမ်းဝါး ပစ်လိုက်သေးတာပေါ့ ။
“ နင် မရှက်ဘူးလား မိန်းကလေးဖြစ်ပြီး ”
ကိုယ်ကလေး ဆတ်ခနဲ ခါသွားပြီး သတိပြန်ဝင်လာတယ် ။ ရှက်တယ်လို့ လိမ် ညာဖြေရမှာလား ။ ဟင့်အင်း .. ရှက်ပါဘူးလို့ ဟုတ်တိုင်းမှန်ရာ ဖြေရင်လည်း ဆရာမ စိတ်ဆိုးဦးတော့မယ် ။ မဖြေဘဲ ခေါင်းငုံ့ ငြိမ်နေရမယ့် မေးခွန်း ထင်ပါတယ် ။
ဆရာမရဲ့ မေးခွန်း နောက်ကွယ်က သဘောထားကတော့ ကိုကို အပါအဝင် ၊ အတန်းထဲက ယောက်ျားလေး အများစုဟာ မိန်းကလေးတွေကို သူတို့က စတင်ပတ်သက်ဖို့ ကြိုးစားလေ့ မရှိကြဘူးဆိုပဲ ။ မိန်းကလေးတွေ ဘက်က မကျေနပ် မကြည်ဖြူလို့ လက်မခံ ၊ ငြင်းဆန်ချင်ကြရင် အတန်းပိုင်ဆရာမကို တိုင်ပြောမှာ ၊ ရိုက်ခံထိမှာ ကြောက်တတ်ကြတယ်တဲ့ ။ မတော်တဆ ကျောင်းအုပ်ကြီးရုံးခန်း ရောက်ရင်လည်း ကြီးလေးတဲ့ အပြစ်ပေး ဆုံးမမှုကို ခံရနိုင်တယ်လေ ။ ဒါကြောင့် သူတို့ ဆွဲဆောင်ရာ နောက် ကောက်ကောက်ပါလာဖို့ ရှစ်ဆယ် ၊ ကိုးဆယ်ရာခိုင်နှုန်းလောက် သေချာတဲ့ ကောင်မလေးတွေ ကိုသာ ချဉ်းကပ်လေ့ရှိကြတယ်တဲ့ ။ ဘယ်မှာ ဘယ်လို ကောက် ယူထားတဲ့ စစ်တမ်းလဲတော့ မသိဘူး ။
ဆိုလိုတာကတော့ ဝိုင်း ကသာ ဣန္ဒြေမဲ့ ၊ ဆတ်စလူး နတ်ပူးပြီး ကိုကို့ ကို ဖြားယောင်းခဲ့တယ် ၊ ကိုကို့ ခမျာ မရုန်းသာ မလွန့်သာ မာယာပိုက်ကွန်မှာ အမိဖမ်းခံရပါတယ်ပေါ့ ။
တစ်ဖက်ယောက်ျားလေးဟာ ကိုကို မို့သာပဲ ။ တခြားတစ်ယောက်သာ ဆိုရင် ဟဲ့ ... နင်လည်း အလိုတူ အလိုပါဆိုတာ ဝင်ပြောဦးလေလို့ ပြောပစ်ချင်မိမယ် ။
ဆရာမက အပျိုကြီးဆိုတော့ ယောကျ်ားတွေ အကြောင်းရော သေချာသိပါရဲ့လားပဲ ။ ဝိုင်း လည်း သိပ်တော့မသိပါဘူး ။ အမေ ပြောတာကတော့ ယောက်ျားဆို တာ အဖေ က စလို့ အားလုံး တစ်တန်းတစ်စားတည်းပဲတဲ့ ။ အရလွယ်ရင် အချောင် နှိုက်ကြတာပဲတဲ့ ။
ဝိုင်းတို့ အဖေဆို အမေ့ကို ကလေးသုံးယောက်နဲ့ ပစ်ထားခဲ့တာ အငယ်ဆုံးမောင်လေးတစ်သက် ဆိုတော့ လေးနှစ် ကျော်ပြီပေါ့ ။
“ အမေ ၊ အဖေက ဘယ်သွားတာလဲ ”
“ မယားငယ် ယူသွားတာ ဟေ့ ”
အဲဒီစဉ်ကတော့ မယားငယ်ဆိုတာ အမေ့ထက် ငယ်ရွယ်မယ်တောင် ထင်မိသေးတာ ။ မယားငယ်မက အဘွားအိုပေါက်စလေးလို့ သိရပြန်တော့ ဟွန့် ... ဆိုပြီး စိတ်ပျက်သွားမိတယ် ။ ဒါပေမဲ့ အဖေက သူ့မိန်းမ အဘွားအိုလေး လက်ထဲကနေ ခဏခဏ ခြံခုန်ပြန်တဲ့ သတင်းတွေလည်း ကြားရဖန်များတော့ ရိုးအီသွားပြန်ရော ။
“ နင့်အဖေလို ငွေမရှာတတ် ၊ လက်ကြောမတင်းတဲ့ အကောင်ကိုများ ဒီကောင်မတွေ ဘာကြည့်ကြိုက်ကြတယ် မသိဘူး ။ ရုပ်ကလေး သနားကမား ရှိတာပဲ ပြောစရာရှိတယ် ။ အဲ ... ပတ်ချွဲနပ်ချွဲ ပြောတတ်တာလည်း မိန်းမတွေ ကျမှာပေါ့ ”
အမေလည်း အဲဒီ ရုပ်ရည် ၊ အဲဒီ အပြောချိုချိုတွေကြောင့် တစ်ဘဝလုံး ထိုးအပ်ပြီး ကလေးသုံးယောက် ရလေမှ ချန်ထားခံရလို့ စိတ်နာနာ တသသ ဖြစ်နေသလားလို့တော့ မမေးရဲဘူး ။ ပေါင်တွင်းကြော ဆွဲလိမ်ခံရနိုင်တယ် မဟုတ်လား ။
ဘာပဲပြောပြော အမေ့ ကျေးဇူးတရားကိုတော့ ဘဝ မှာ မေ့ချန်ဖို့ မသင့်ဘူးလို့ အသိမှာ ရှိပါတယ် ။
ဝိုင်းတို့ မောင်နှမ ၊ လူမမည် ကလေးသုံးယောက် ကို ဝမ်းမဝ ၊ ခါးမလှတဲ့တိုင် မငတ်ရုံတော့ မငြိုမငြင် ရှာကြံ ကျွေးမွေးခဲ့တာ မဟုတ်လား ။ ပညာတတ်မှ လူရာဝင်မယ် ဆိုစကားကို သေချာ နားမလည်ပေမဲ့ ကျောင်းလည်း အခုချိန်ထိ ပို့ပေးဖော် ရနေသေးတာလေ ။ တဖျစ် တောက်တောက် မြည်တွန်ဆူ ပူတာ ၊ မကြားဝံ့ မနာသာ ဆဲရေးတိုင်းထွာတတ်တာ ၊ မိုးမွှန်အောင် ကျိန်ဆဲတတ် ပြန်တာ ၊ ထိပ်ခေါက်တာ ၊ ပေါင်းတွင်းကြောတွေ ဗိုက်ခေါက်တွေ ပြတ်ထွက်မတတ် ဆွဲလိမ်တတ်တာတော့ ရှိတာပေါ့ ။ အဲဒါတွေ ကလည်း အမေ့ဝသီမို့ ဝိုင်းတို့ အဖို့တော့ ရိုးလှပါပြီ ။ တစ်ခါတလေ အမေ့အဆူအဆဲ ၊ အရိုက်အပုတ် မခံရရင်တောင် စိတ်မှာ တစ်စုံတစ်ရာ လစ်ဟာနေသလို ခံစားရမိသေးတယ် ။
ဒါကြောင့်လည်း ဆရာမ ဘယ်လောက်ဆူဆူ ၊ ဝိုင်းက ဘယ်လိုမှ မခံစားရတော့တာ ။ ဆရာမရဲ့ စကားလုံးတွေက ယဉ်ကျေးဖွယ်ရာ ရှိလွန်းလှတယ် ။ အမေ့ ဖေတစ်ရာ မောင်တစ်ကျိပ် ကိုင်တုတ်တာရဲ့ တစ်ဝက်တောင် မဟုတ် ၊ အဖျားအနားတောင် မမီ ။ ပေတံလေးနဲ့ တဖတ်ဖတ် ရိုက်လာတော့လည်း အမေ အိမ်မှာ တွေ့ရာပစ္စည်း နဲ့ ကောက်ပေါက်လို့ ထွက်ပြေးရတာလောက် ရင်ခုန်စရာ မကောင်းဘူးလေ ။
ဒါပေမဲ့ ကိုကို နဲ့ ပတ်သက်လို့တော့ ဝိုင်း အကြောထူခြင်း ၊ ခေါင်းမာခြင်း မဟုတ်ပါ ဆရာမရယ် ။
ကိုကိုက ဝိုင်းတို့ ရပ်ကွက် ပတ်ဝန်းကျင်က ယောကျ်ားတကာထက် ခြားနားသာလွန်လွန်းလှတယ်လေ ။ အလုပ်အကိုင် ၊ အဆင့်အတန်းကို ဝိုင်း ဆိုလိုတာ မဟုတ်ပါဘူး ။ ထည့်လည်း မတွက်ပါဘူး ။ ဝိုင်း လို ညှိုးညှိုးမှိန်မှိန် ၊ မည်းပိန်ပိန် ကောင်မလေးကို အရေးထား ကြင်နာတတ်တာနဲ့တင် ကိုကို့ကို ချစ်လှပါပြီ ။ ကိုကို့လို ကြင်နာဂရုစိုက်မှုမျိုး ဝိုင်း ဘယ်သူ့ထံကမှ မရစဖူးဆိုရင် ဆရာမ ယုံနိုင်ပါ့မလား ။
အမေက ပြောဖူးတယ် ။ ပတ်ဝန်းကျင်က ယောက်ျား ဆိုရင် ဘယ်သူ့ကိုမှ မယုံနဲ့တဲ့ ။ အဲဒါ ကျားတွေတဲ့ ။ အမေ ပြောတာလည်း မှန်လောက်တယ် ဆရာမရဲ့ ။ တချို့ယောက်ျားတွေဟာ အကြည့် ၊ အပြုံးတွေက အစ အတော် အော်ဂလီဆန်ချင်စရာ ကောင်းလှတယ် ။ စိမ့်ကြောက်ချင်စရာ စကား မူရာတွေလည်း တွေ့မြင်ရိပ်မိပါရဲ့ ။ ဝိုင်းရဲ့ ငယ်သူငယ်ချင်း တချို့တောင် ဆန်တစ်ပြည်လောက်နဲ့ မျှားယူခံကြရဖူးတယ် ။ တချို့ဆို အဝတ်အစားသစ် ပေါပေါပဲပဲ တစ်စုံလောက်နဲ့ ၊ တချို့ဆို ဆံညှပ်ကလစ်လှလှလေး တစ်ခုတလေနဲ့တောင် တစ်ဘဝလုံးကို တစ်ညတာနဲ့ လဲလှယ်လိုက်ရတာတွေ ရှိတယ် ။
မြို့စွန်ဖျားနားက ဆူးချုံ ထဲ ၊ ရေအိုင်ထဲ လမ်းတံတား ခနော်ခနဲ့ ထိုးပြီး တဲအိမ် မခိုင့်တခိုင် ၊ လေလာရုံနဲ့ လဲပြိုလုလု ယိုင်နဲ့နဲ့မှာ နေကြရ ၊ အိမ်ရှိ လူကုန် နိုင်ရာ အလုပ် လုပ်ကြရပေမဲ့ ကျောက်သယ် ၊ သဲသယ် ၊ ပန်းရန်မှာ အုတ်သယ် ၊ မဆလာသယ်တဲ့ အလုပ်ကလည်း ဝမ်းဝ ၊ ခါးလှ မဖြစ်ကြဘူးလေ ။ ခေါင်းကိုက် ဖျားနာလို့ ဒီနေ့ အလုပ်မဆင်းနိုင်ရင် ဒီနေ့ ချက်စရာဆန် မရှိတော့ဘူး ။ အူဟောင်းလောင်းနဲ့ ရေသောက် ဗိုက် မှောက်နေဖို့ရာလည်း မိအိုဖအိုတွေ ၊ ကလေးလူမမည်တွေကို ငဲ့ညှာရမယ်လေ ။ ခေါင်းရွက်ဗျပ်ထိုး ဈေးသည် လုပ်ဖို့ ဆိုတော့လည်း အရင်းအနှီးက လိုသေးတယ် ။ အရင်းအနှီး မစို့မပို့နဲ့ ဈေးတစ်ဗန်း ချရင်းကြည့်တော့လည်း ကိုယ့်လို ဈေးသည်အများစုကြားမှာ တစ်ရင်းပြုတ်လို့ နောက်ထပ် တစ်ရင်း ထပ်မရင်းနိုင်ရင် ဈေးဗန်းသာ အပေါင်ဆိုင် ပို့လိုက်ရတဲ့ အဖြစ်တွေ ဖန်တစ်ရာတေလှပေါ့ ။
ညနေရီဆို အရက်ဆိုင်တွေမှာ ရပ်ကွက်ယောက်ျားထုအများစု ခြေချင်းလိမ်ကြတယ် ။ မြို့လယ်က သားသားနားနား ယောက်ျားထုကတော့ ရပ်ကွက်ထိပ်မှာ ၊ လမ်းဆုံလမ်းခွတွေမှာ ခြေရှုပ်နေကြပါရော ။
အမေ ပြောတာတော့ ကိုယ့် ဘာသာ ခြေကျင်လျှောက် နေရတဲ့ ဘဝမှာ တစ်ခါတလေ ဆိုင်ကယ်အသစ်စက်စက် ၊ ဖိတ်ဖိတ်လက်လက်ကြီးနောက် ထိုင်လိုက်ရတာ ပျော်စရာကောင်းလှတယ်တဲ့ ။ တစ်ခါတလေ ကံကောင်းရင် ကားလည်း စီးရသေးတယ်တဲ့ ။ ဒါပေမဲ့ စက်ဘီးကလေး တချောက်ချောက် နောက်ကယ်ရီယာ ကလည်း သည်းခံလိုက် ရတတ်တာပဲ ။ ဟိုနားဒီနား ခြေကျင်သွားရမယ် ဆိုတော့လည်း မငြင်းသာဘူးတဲ့ ။ အဲဒါမှ ဆန်ဖိုး ၊ ဆီဖိုး ၊ မိအိုဖအို ဓာတ်စာဖိုးလေး အိမ်အပြန်မှာ ကျစ်ကျစ်ဆုပ်နိုင်ကြမှာလေ ။
“ နင့်ကို လူမသိ သူမသိ ပျက်စီးနေတဲ့မိန်းမလို့ အရပ်က ပြောနေကြတာ အမှန်ပဲလား ဟင် ကောင်မ ”
“ ဘယ် ... ဟာမတွေက မနာလိုလို့ ပြောလဲ ။ နေဦး ... ငါနဲ့ တွေ့မယ် ”
အဘွား မေးတိုင်း အမေက ဇွတ်မငြင်းဘဲ အဘွား ကွယ်တာနဲ့ ပတ်ဝန်းကျင်ကို စောင်းမြောင်း ဆဲဆိုတတ်တယ် ။
“ ငါတို့က တစ်ခါတစ်ရံ ဆန်ချက်စရာ မရှိမှ ။ ကလေးဆေးဖိုး ၊ စာအုပ်ဖိုး လိုအပ်လွန်းမှ ... ။ သင်းတို့လို ကောင်းမှန်းသိ သာအိတစိုစိုတွေကများ ဟွန်း ၊ မပြောလိုက်ချင်ဘူး ”
ဒါဆို ရပ်ကွက်ထဲမှာ အမေ့သမီးမို့ မုန့်ဝယ်ကျွေးရုံ ၊ ဆံညှပ်ကလစ်လှလှလေး ဝယ်ပေးရုံနဲ့ ဟိုဟိုဒီဒီ ခေါ်ချင်ကြပြန်တာကျတော့ အမေမသိရှာသလား ။ စားသောက် ဆိုင်မှာ ကျွေးမယ် ၊ ဖုန်းဝယ် ပေးမယ် ပြောလာရင် အမေက သူကိုယ်တိုင်ပင် လိုက်ပို့ ပေးချင်တတ်ပြန်တာ ။
“ ဒီနေ့ ဆံပင်ညှပ်လာတာလား ။ ခံ့တယ် ”
... ဆိုတဲ့ ပထမဆုံး စာတိုလေးက စ ,လို့ -
“ ကိုကို့ကို ချစ်လိုက်တာ ။ ချွင်းဂမ်းက ကိုကို စားဖို့ပါ ”
“ ကိုကို အသိမှတ်မပြုလည်း ချစ်မှာပဲ ”
စာရွက်ပိုင်းကလေးတွေ ဝှက်သိမ်းရင်း ကိုကို တစ်ယောက် ရှက်အမ်းမူရာနဲ့ အနေခက်ပေမဲ့ သူ့ သူငယ်ချင်းတွေက ဝိုင်းဝန်းစနောက် မြှောက်ပင့်ပေးကြတာ ။
“ ယောက်ျားပဲကွာ ”
အားပေးစကားယောင်ယောင် မာနကို ပုတ်နှိုးခံလိုက်ရချိန်မှာ အချိန်ကိုက်ရောက် သွားတဲ့ -
“ ကိုကို့ ပြန်စာလေး တစ်ကြောင်းလောက် ဖတ်ဖူးရင် သေပျော်ပါပြီ ”
“ တစ်ရာဖိုးလောက်ကလေး ချစ်ပါ ကိုကိုရယ် ”
ဆိုမိတော့ ကိုကိုဟာ ဝိုင်းကို အားနာငဲ့ညှာရမှန်း သိလာခဲ့ပြီလေ ။ ကိုကို လူအေးလေးရဲ့ အသိအမှတ်ပြု ခံခဲ့ရလို့ အပျော်တွေမှ မဆုံးခင် -
“ ဒီစာတွေက ညည်းရေးတဲ့ စာတွေလား ”
ကိုကို့ ဗလာစာအုပ် ကြားက စာတွေကို ကိုကို့မေမေ တွေ့သွားခဲ့တာပေါ့ ။
“ လက်ထပ်ကြစို့ ကိုကို ရယ် ၊ ဆင်းရဲလည်း အတူတူ ရင်ဆိုင်မယ် ။ ခိုးလှည့်နော် ”
စာတွေ အားလုံးကို သက်သေအဖြစ် ယူလာပြပြီး ဆရာမ ကို ကုန်းချောခဲ့တာပေါ့ ။ ဝိုင်း မှာလည်း ကိုကို ပေးထားတဲ့ စာနဲ့ လက်ဆောင်တွေ သိမ်းထားတယ် ။
“ မင်းတို့ ကိစ္စကို အခုချိန်က စပြီး ရပ်တန်းက ရပ်ကြဖို့ တီချယ် တင်းတင်းကျပ်ကျပ် သတိပေးတယ် ။ အမှန်ဆို မင်းတို့ အခုချိန်မှာ ကျောင်းအုပ်ကြီးရဲ့ ရုံးခန်းထဲ ရောက် နေရမှာ ။ ရောက်လည်း ရောက်သင့်တယ် ။ တီချယ် ကတော့ တီချယ့် သားနဲ့သမီး ဟာ တီချယ် ပြောရင် နားလည် လိုက်နာကြမယ် ထင်လို့ မပို့တာပဲ ။ အထက်တန်း ကျောင်းသား ကျောင်းသူတွေ ကြားမှာ အခုလို ကိစ္စမျိုး ပေါ်ပေါက်လာတာ တီချယ် သိပ်စိတ်ပူတယ် ။ အရမ်းလည်း စိတ်ဆိုးတယ် ။နောက် တစ်ကြိမ် ဆိုရင်တော့ တီချယ် ခွင့်မလွှတ်တော့ဘူး ”
ကိုကို့ဆီ ဖျတ်ခနဲ ခိုးအကြည့်မှာ ထိတ်ခနဲ စိုးရွံ့စရာ ။ ဘုရားရေ ၊ ပူပန် နောင်တ မျက်ရည်တွေလား ကိုကိုရယ် ။ စကားတစ်စုံတစ်ရာ ကြားနာစရာ မလိုအောင် နားလည်မြင်သာစရာ ကိုကို့ မူရာကြောင့် လှိုက်ခနဲ တသက်သက် ဝမ်းနည်းနာကျင်ရတယ် ။ ပူဆွေးနွမ်းလျချင်ပြီ ။ နှစ်ယောက်သား မျက်ရည်ဖြိုင်ဖြိုင် အပြိုင်စီးကျနေတာကို မြင်လျှင်တော့ ဆရာမက သူ့ ဆိုဆုံးမစကားမှာ လွန်သွားပြီလားဟု အားနာရွံ့တွန့်သွားလေမလား ။
ဘာပဲဖြစ်ဖြစ် ဝိုင်းတို့ ရဲရင့်ကြပါစို့ ကိုကို ရယ် ။ ဘာပဲဖြစ်ဖြစ် ဝိုင်း နောက်မဆုတ်ချင်ဘူး တီချယ် ။
မဟုတ်မှန်း သိသိကြီးနဲ့ အမေ့တူဝမ်းကွဲလို့ ပြောပြီး အခုတလော အိမ်ကို ချောင်းပေါက်နေတဲ့ အစ်ကိုကြီးက ဘုရားပွဲဈေး လျှောက်ဖို့ ညနေ လာခေါ်လိမ့်မယ် တီချယ်ရဲ့ ။ ကတိ မပေးလိုက်ရသေးပေမဲ့ စိတ်ပြေလက်ပျောက် နင့်အစ်ကိုနဲ့ ဆိုင်ကယ်လိုက်စီးပါလားလို့ အမေက ဇွတ်တွန်းလွှတ်ရင် ဝိုင်း ဘယ်လို ငြင်းနိုင်ပါ့မလဲ ကိုကိုရယ် ။
▢ သတိုး
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
၂၀၁၉ ၊ မေလ

No comments:
Post a Comment