Friday, November 7, 2025

အစိမ်းကြွေ


 

❝ အစိမ်းကြွေ ❞
    ( မရွှေစု )

ဟာခနဲ အေးသွားသည့် ခံစားမှု ရင်ဘက်၏ ဘယ်ဘက်၌ ဖြစ်ထွန်းသွားသည် ။ လက်ဖဝါးနှင့် ဖိလိုက်ချိန်မှာတော့ နှလုံးသား၏ ပရမ်းပတာ လှုပ်ရှားမှုကို သတိပြုမိသည် ။ သည်လိုဆိုရင်ဖြင့် သူမ ရင်တွေခုန်နေတာပေါ့ ။ ဒါဟာလည်း အဆန်းတော့မဟုတ်ပါဘူး ။ တကယ်ဆို ရောဂါ မဟုတ်တဲ့ ( ပတ်ဝန်းကျင် အခြေအနေအရ ) ကိုယ်တွင်းဖြစ်ပျက် ပြောင်းလဲမှု တစ်ခုသာပဲလေ ။ သို့ပေမယ်လို့ Bed Side ( ခုတင်ဘေး ) စာမေးပွဲ ဖြေကာနီး ရင်ခုန်ခြင်းမျိုး ၊ ကလေးမွေးပေးဖို့ Lavour Room ( မွေးခန်း ) ထဲဝင်ကာနီး ရင်ခုန်ခြင်းမျိုးတွေနဲ့လည်း မတူတာကတော့ တကယ်ကိုဆန်းကြယ်နေလေရဲ့ ။

ရင်ခုန်သံကို အဓိပ္ပါယ်မဲ့စွာ ရေတွက်ရင်း သူတို့ ရှိရာဘက်သို့ ဟန်မပျက် ဆက်လျှောက်နေရင်းက ခြေထောက်များက နောက်ပြန်လှည့်ချင်
နေပြန်သည် ။ ခုချိန်မှာတော့ လွယ်အိတ်ကြိုးကလေးဟာ တုန်ယင်နေတဲ့ လက်နှစ်ဖက်ရဲ့ အားကိုးရာ အဖော်ကောင်းပါပဲ ။ သူတို့နှင့် တဖြည်းဖြည်း နီးကပ်လာချိန်မှာတော့ ချစ်သူဘေးက အမျိုးသမီးရဲ့ မျက်နှာပေါ်မှ အပြောင်းအလဲများကို စိတ်ညစ်ညူး ဖွယ်ရာ မြင်ရလေသည် ။ ချစ်သူရဲ့ မျက်နှာကို ရယ်မောကာ စေ့စေ့ကြည့်နေတုန်းက အမျိုးသမီးရဲ့ မျက်ဝန်းတွေဟာ သိမ်မွေ့နူးညံ့သလောက် သူမကို မြင်သွားချိန် မှာတော့ တင်းမာခက်ထန်လွန်းလိုက်တာ ။ တကယ်ဆိုရင် ဘယ်သူကများ ငြူစူတဲ့ သဝန်တိုတဲ့ အကြည့်တွေကို ခံချင်မှာတဲ့လဲ ။ ကိုယ်ချင်းစာ တတ်စေချင်မိသည် ။

လက်ဖက်ရည်ဆိုင်ထဲ ဝင်လိုက်ရင်း ချစ်သူတို့ စားပွဲရဲ့ မျက်စောင်းထိုးမှာ နေရာယူလိုက်သည် ။

“ လက်ဖက်ရည် တစ်ခွက် ”

ခြောက်သွေ့အက်ကွဲသော အသံ ။ ဒါ ... သူမ အသံတဲ့ လား ။ ဟုတ်ရော ဟုတ်ရဲ့ လား ။ လက်ဖက်ရည်စောင့်ရင်း ရင်ထဲက အပူမီးကို ဘယ်လိုငြိမ်းသတ်ရပါ့မလဲ ။ ဒီလို အခြေအနေမျိုးကို ဘယ်နည်းနဲ့ ကောင်းအောင် လုပ်ယူရပါ့မလဲ ... လို့ တွေးမိသည် ။

မျက်လုံးစုံမှိတ်၍ ဆိတ်ငြိမ်စွာ ထိုင်ရင်း ပေါ်လီယာနာရဲ့ ဝမ်းသာတမ်း ကစားနည်းကို အမှတ်ရမိသည် ။ သို့ပေမယ့် ကိုယ်ချစ်နေတဲ့ ( ကိုယ့် ကိုလည်း ချစ်နေတယ်လို့ ယူဆထားမိတဲ့ ) ချစ်သူဟာ ကိုယ်မဟုတ်တဲ့ တခြားတစ်ယောက်နဲ့ ကြည်နူးရယ်မော နေတာဟာ ဝမ်းသာစရာမှ ဟုတ်တာ ။ ခုနေအခါမှာ သူမကို ပေါ်လီယာနာ လည်း မကယ်နိုင်ပါဘူး ။

မျက်စေ့ကို မှိတ်ထားရင်းကပင် စိတ်နယ်မြေမှာ ချစ်သူကို မြင်သည် ။ ဘာလုပ်ရမှန်း မသိသည့် အတူတူ ချစ်သူရဲ့ မျက်ခုံးထူထူ နှစ်ခုကြားကို အာရုံပြုပြီး ချစ်သူအား မေတ္တာပို့မိသည် ။

ချစ်သူ ရန်ကင်းပါစေ ။
စိတ်ဆင်းခြင်း ကင်းပါစေ ။
ကိုယ်ဆင်းရဲခြင်း ကင်းပါစေ ။ မိမိကိုယ်မိမိ ချမ်းသာအောင် ဆောင်ရွက်နိုင်ပါစေ ..

ချစ်သူအား မေတ္တာပို့ပြီးချိန်မှာတော့ ချစ်သူထံမှ ကင်းစင်လာသော ဆင်းရဲခြင်း အားလုံးကို အပိုင်ယူပြီးနေပြီ ဖြစ်သည် ။

ချစ်သူကို သူမကိုယ်တိုင်လည်း နားမလည်နိုင်တော့ ။ အခုအချိန်လေး အတွင်းမှာ ချစ်သူမျက်နှာကို စေ့စေ့မကြည့်မိသေးသော်လည်း ချစ်သူက သူမကို ကြည့်နေလိမ့်မယ် မဟုတ်ဘူး ဆိုတာကိုတော့ အလိုလို သိနေမိသည် ။ ချစ်သူထံမှ နှုတ်ဆက်စကားလေး တစ်ခွန်းတောင်မှ မကြားရတာကိုလည်း အံ့ဩလိုက်တာ ။ တကယ်ဆို သည်လောက် တောင် စိမ်းကားရအောင်လည်း ချစ်သူနဲ့ သူမ မတွေ့ရတာ အကြာကြီးမှ မဟုတ်တာ ။ မနေ့မနက်ကပင် “ ကိုယ် .... နေမကောင်းဘူး ၊ ဆေးကုပေးပါ ” ဆိုတဲ့ စကားကို ချစ်သူကိုယ်တိုင် နောက်ပြောင် ပြောခဲ့သေးတာပဲ ။ အင်းလေ .. ချစ်သူနဲ့ ပတ်သက်သမျှ သူမ ကသာ သတိတရ ရှိပေမယ့် ချစ်သူက မေ့ပစ်ချင် မေ့ပစ်နေမှာ မဟုတ်လား ။

ချစ်သူလည်း သူမလိုပဲ တစ်ယောက်နဲ့ တစ်ယောက် ဘယ်လောက် ဝေးဝေး နှလုံးသားချင်းနီးစပ်စွာ ချစ်တတ်လိမ့်လို့ မျှော်လင့်ထားခဲ့မိတာတွေဟာ အလကားပဲပေါ့ ။ သူမထက် အသက်လည်း ကြီး အတွေ့အကြုံလည်း ရင့်ကျက်တဲ့ ချစ်သူရဲ့ ရင်ထဲမှာ ကိုယ်ချင်းစာနာမှု ဆိုတာ ရာနှုန်းပြည့် ရှိနေလိမ့်မယ်လို့ ပိုတွက် ထားမိတာတွေကလည်း မှားနေပြန်ပါပေါ့ ။ တခြားကိစ္စတွေမှာ သူမ ထင်သမျှ မှန်နေတတ်ပေမယ့် အချစ်ကိစ္စမှာတော့ ထင်သမျှ မှားနေတာကို မခံချိမခံသာ ရှိလိုက်တာ ။ ရှုပ်ထွေးနေသော အတွေးစိတ်များ ထဲမှာ အရှင်းလင်းဆုံး အနေဖြင့် သိလိုက်ရတာကတော့ ချစ်သူဟာ ရက်စက်တယ် ဆိုတာပါပဲ ။

တစ်စတစ်စ တင်းမာလာသော လက်ဖက်ရည် မျက်နှာပြင်ကို ကြည့်ရင်း သူမနှင့် ချစ်သူတို့၏ အခြေအနေသည်လည်း တဖြည်းဖြည်း တင်းမာနေသလို တုန်လှုပ်စွာ ခံစားရသည်  ။ ဘယ်လိုပဲဖြစ်ဖြစ်လေ ... ချစ်သူ သူမကို စကား တစ်ခွန်းလောက် ပြောလိုက်စေချင်သည် ။ တစ်ခွန်းမှ တစ်ခွန်းတည်းပါ ။ “ ဘယ်က လာလဲ ” “ မြင်ဖူးသလိုပဲ ”  စသည်ဖြင့်ပေါ့ ။ အခုချိန်မှာ သူမ အလိုချင်ဆုံးဟာ ချစ်သူရဲ့ အသိအမှတ်ပြုတဲ့ စကား လေးတစ်ခွန်းပါပဲ ။

ချစ်သူထံမှ စကားသံကို မျှော်လင့်ရင်း ချစ်သူ့မျက်နှာကို ( အလျင်တုန်းကလို )ငေးကြည့်ချင်လာသည် ။ မျက်ဝန်းအကြည့်ကို ချစ်သူထံသို့ ခိုးကြောင် ခိုးဝှက် အရှေ့မှာတော့ နာကြည်းရန်လိုသော မျက်ဝန်း ၊ တင်းတင်းစေ့ထားသော နှုတ်ခမ်းတို့ဖြင့် ဖြစ်တည်သော ခပ်မော့မော့မျက်နှာတစ်ခုကို အလန့်တကြားတွေ့ရှိလိုက်ရသည် ။ အဲဒါ ချစ်သူမျက်နှာ မဟုတ်ဘူး နော် ( တော်ပါသေးရဲ့ ) ။ ချစ်သူရဲ့ မျက်နှာကရော ... ။ အဲဒီ အမျိုးသမီးလိုပဲ နေမှာလား ။ မြင်ချင်သော်လည်း မကြည့်ဝံ့သေး ။ တကယ်လို့များ ချစ်သူရဲ့ မျက်နှာဟာ သူမ အပေါ်မှာ တင်းမာနေခဲ့မည် ဆိုပါတော့ ။ သူမ ဘာလုပ်လိုက်ရမည်လဲ ။ လူကြားသူကြားထဲမှာ ငိုချဖို့ဆိုတာကတော့ မဖြစ်နိုင် ။ ချစ်သူရှေ့ ခြေစုံရပ်ပြီး ဘယ်လိုဖြစ်သွားတာလဲလို့ မေးလိုက်ရင်ရော ... သိပ်ရုပ်ပျက်သွားနိုင်သည် ။

ဘာပဲဖြစ်ဖြစ် တစ်ခုခုတော့ ပြတ်ပြတ်သားသား ပြုလုပ်လိုက်ချင်သည် ။ ထိုင်ရာမှ ထတော့မည့် ဆဲဆဲမှာ ဆိုင်အပြင်ဘက်ကို ကမန်းကတန်း ထထွက်သွားသော ချစ်သူ၏ ကျောပြင်ကိုသာ မြင်လိုက်ရသည် ။ အပြင်ဘက် ထွက်လိုက်သွားရမလား .... စဉ်စားဆဲမှာပင် နောက်က ထလိုက်သွားသော အမျိုးသမီးကို မြင်ဖြစ်အောင် မြင်လိုက်ရသေးသည် ။ ဒါဟာ လိမ်မှန်းသိအောင် ကျောကုန်း လှည့်ပြတဲ့ နည်းပဲ ။ အလှူ ရှင်မှန်း အားလုံးသိကြပါတယ်ကွယ် ... ရင်ထဲမှာ မခံချင်စွာ နာကျင်နေခြင်းကို မင်းတို့ မမြင်နိုင်ကြဘူးလား ၊ သိလျက်နဲ့ များ မသိယောင်ဆောင် နေကြသလား ။ ချစ်သူရေ ... ရက်စက်လှတဲ့ မင်းကို မေးပစ်လိုက်ချင်ပြီကွယ့် ။

ကျလုဆဲဆဲ မျက်ရည်တို့ ကို မျက်တောင်ဖြင့် ပုတ်ခတ်သွင်းရင် နံရံထက်မှ ပိုစတာများကို တစ်ခုချင်း ကြည့်လိုက်မိသည် ။ အရေးထဲ ချစ်ကောင်းက ဘာလို့ နေကာမျက်မှန် တပ်ထားရတာလဲ ( ချစ်သူက နေကာ မျက်မှန် ကြိုက်တယ် ) ၊ ဗစ်တာခင်ညိုရဲ့ “ ထပ်ခေါ်မယ် လိုက်ခဲ့တော့ ” ပိုစတာကို ကြည့်ရင်း ချစ်သူရဲ့ “ လိုက်ခဲ့ ” ဆိုတဲ့ တစ်ခါတုန်းက စကားလေး ကို ကြားယောင်လိုက်မိသေးသည် ။ ( ဒါဟာလည်း ချစ်သူ နောက်ပြောင် ပြောခဲ့တာပဲ ဖြစ်မှာပေါ့ ။ ) ဘယ်အရာမှ မင်းနဲ့ မလွတ်နိုင်ပါလားချစ် သူရယ် ... ။

အေးစက်စက် လက်ဖက်ရည်ကို ခံစားမှုမဲ့စွာ သောက်ရင်း မိတ်ဆွေ တစ်ယောက်နှင့် စကားပြောနေသော ချစ်သူတို့ နှစ်ယောက်ကို စောင့်ကြည့်ဖြစ်သည် ။ ပုဆိုးစိမ်းနှင့် အင်္ကျီပန်းရောင်ကို မြတ်နိုးစွာကြည့်ပြီး အင်္ကျီဖြူနှင့် ထဘီပြာကို အားကျစွာငေးမိသည် ။ ခုချိန်ထိချစ်သူရဲ့ အမျိုးသမီးအပေါ်မှာ မနာလိုစိတ် စိုးစဉ်းမျှ မရှိမိပါဘူး ။ သေချာပါတယ် ။ အရာရာဟာ ကံ ၊ ကံ၏ အကျိုးပေးလို့ သက်ဝင်ယုံကြည်ထားသူပဲ ။ တကယ်ဆို ကံ ဆိုတာ အလုပ်ပဲ မဟုတ်လား ။ သူမ အနေဖြင့် ချစ်သူနဲ့ မကြာခဏ တွေ့ဆုံခြင်း ၊ ရုပ်ရှင်အတူ ကြည့်ခြင်း ၊ ချစ်သူကို အိမ်အလည် ခေါ်ခြင်း စတဲ့ အဲဒီအမျိုးသမီး လုပ်နိုင်တဲ့ အရာတွေ ဘာတစ်ခုမျှ မလုပ်ပေးနိုင်ခဲ့ဘူးလေ ။ ဒါတွေဟာ ချစ်သူအတွက် စိတ်ပျက်စရာ ဖြစ်နေခဲ့မယ် ထင်ပါရဲ့ ။ ဒါကြောင့်လည်း ချစ်သူဟာ သူမကို ချစ်တဲ့ အမူအရာတွေသာ ဖော်ပြပြီး ချစ်တယ်လို့ မပြောခဲ့တဲ့ အတွက် သူမမှာ လည်း ချစ်သူကို ( ချစ်တယ်လို့ ) အဖြေ ပေးခွင့် မရှိခဲ့ပါဘူး ။ အဲဒီ အမျိုးသမီးက တော့ အဖြေပေးခဲ့ပြီးသား ဖြစ်မှာပေါ့ ... ။

နီးစပ်မှုနဲ့ အထိအတွေ့ ပါမှ အချစ်ဟာ ပြည့်စုံသတဲ့လား ။ အချင်းချင်း ရင်းနှီးစွာပေါင်းသင်း ဆက်ဆံမှုရှိမှ အချစ်ဟာ ပီပြင်သတဲ့လား ။ ချစ်သူရော ဒီလိုပဲ ယုံကြည်ယူဆနေမယ် ဆိုတာကတော့ သေချာပါရဲ့ ။

ဘယ်လောက်ပဲ ဝေးနေကြရလည်း တစ်ယောက်နဲ့ တစ်ယောက် သစ္စာရှိစွာ သတိရနေနိုင်တာကလည်း အချစ်ပဲ မဟုတ်လား ။ အင်း ... အချစ် ဆိုတာထက် မေတ္တာဆိုရင် ပိုမှန်လိမ့်မည် ။ ချစ်သူ အဝေးမှာ ရှိစဉ် သူမနေ့တိုင်း ဓာရန ပရိတ် ရွတ်ပေးတာကလည်း မေတ္တာတရားကြောင့်ပဲ မဟုတ်လား ။ ဝေသန္တရာ နဲ့ မယ်မဒ္ဒီတို့ တောထွက်ပြီးမှ တစ်ယောက်အပေါ် တစ်ယောက် ထားကြတဲ့ မေတ္တာတရားကိုရော ချစ်သူ ( တစ်ခါ လောက်မှ ) မလေးစားမိဘူးလား ။ တကယ်တမ်းကျ ချစ်သူကို သူမ ပေးနိုင်တာဟာ မွန်မြတ်သန့်စင်တဲ့ မေတ္တာတရားလေး တစ်ခုပါ ကွယ် ။ ထိုမေတ္တာတရားလေး တစ်ခုတည်းကြောင့် ချစ်သူ ဥပေက္ခာပြုလေသလား ။ ချစ်သူစိတ်ချမ်းသာမယ်ဆိုရင်လည်း မေ့လက်စနှင့် မေ့လိုက်ပါတော့ကွယ် ။ နေရစ်ခဲ့မယ် သွားတော့ကွယ် .. ။

ချစ်သူတို့ နှစ်ယောက် ဆိုင်ထဲသို့ ပြန်ဝင်လာချိန်မှာတော့ ချစ်သူမျက်နှာကို ကြည့်ဖြစ်အောင် ကြည့်လိုက်မိသည် ။ မိနစ်ပိုင်းတောင် မကြာလိုက်တဲ့ အချိန်တိုတိုလေးအတွင်းမှာ ချစ်သူမျက်ဝန်းမှ အရိပ်အယောင်များကို စိတ်လှုပ်ရှားစွာ ရှာဖွေနေမိသည် ။ ဟင့်အင် ... ဘာဆို ဘာမှ မတွေ့ရပါလား ။ မလျော့လွန်း မတင်းလွန်းတဲ့ ချစ်သူ့မျက် နှာဟာ သူမကို ဘယ်တုန်းကမှ မသိခဲ့သလိုပါပဲ ၊ ဒါတွေဟာ ချစ်သူမျက်ဝန်းအစစ်ပဲလား ။ အားကိုးမျှော်လင့်စွာ ကြည့်နေမိတဲ့ သူမကို ချစ်သူ နည်းနည်းလေးမှ အားမနာလိုက်ပါလား ။ ပျက်သွားမည့် မျက်နှာကို ကမန်းကတန်း ပြန်ပြင်လိုက်သည် ။ သူမရဲ့ အားငယ်ငိုချင်နေတဲ့ မျက်နှာကို ( အထူးသဖြင့် ) ထိုအမျိုးသမီး မမြင်စေရ ။ ဒါကလည်း ချစ်သူ အတွက်ပဲဖြစ်သည် ။ သူမကြောင့် အမျိုးသမီးက ချစ်သူကို စိတ် ကောက်မှာ ... စကားနာထိုးမှာ ... စသည် တို့ ကို သူမ ဘယ်တော့မှ မလိုလားနိုင် ။ ချည်ထားတဲ့ ကြိုးများကို ဖြည်လို့ အနှောင်အဖွဲ့ ကင်းကာ အပူပင်ကင်းစွာ ချစ်သူပျော်နေချိန်မှာ သူမ ကတော့ သံယောဇဉ်ကြိုးကို ဖြည်ပစ်လိုက်ဖို့ ကြိုးအစတောင် ရှာမရသေးတာ ချစ်သူသိအောင် ပြောမပြချင်တောပါ ။

အံ့သြကြေကွဲမှုကြောင့် ပြင်းထန်လာသော နှလုံးခုန်သံကို ကြားယောင်ရင်း စိတ်ကို တည်ငြိမ်အောင် ထိန်းနေမိသည် ။ စိတ်အာရုံကို ချစ်သူထံမှ သီချင်းသံသို့ ဇွတ်အရွှေ့မှာတော့ ဆိုင်ကဖွင့်ထားသောသီချင်းသည် တိုက်ဆိုင်စွာပင် “ Do you really want to hurt me ” ဖြစ်နေသည် ။ ချစ်သူရော သူမကို တကယ်ပဲ နာကျင်စေချင်နေသလား ။ အမြဲတမ်းပေါ့ ... ချစ်သူအတွက်ဆို နာစရာတောင်မှ လွမ်းစရာနှင့် ဖြေသိမ့်မည့် သူမ ဖြစ်ကြောင်း ချစ်သူ မသိလည်း ရှိပါစေတော့ ။

ချစ်သူရဲ့ သူမအပေါ် ထားရှိသည့် သဘောထားကို ရှင်းလင်းစွာ သိလိုက်ရပြီးသည့် နောက်မှာတော့ ဝမ်းသာတမ်းကစားနည်းကို ကစားဖြစ်ဖို့ စိတ်ပိုင်းဖြတ်လိုက်တော့သည် ။ ဝမ်းသာဖို့ စဉ်စားနေချိန်မှာတော့ လောကကြီးသည် တဒင်္ဂ မှောင်မည်းတိတ်ဆိတ်သွားသည် ။ ဘယ်ဘက် ရင်အုံအောက်မှ စူးရှသော အသိကိုရသည် ။ အသက်ရှူရခြင်းသည် တဖြည်းဖြည်းနှင့် ခက်ခဲလာသည် ။ ဒီအချိန်မှာ ချစ်သူကို လက်ဆောင်ပေးထားဖူးတဲ့ စာအုပ်လေးတွေ ငိုနေမည် ။ ချစ်သူဓါတ်ပုံ အမြဲထည့် ထားတတ်တဲ့ သူမရဲ့ ပိုက်ဆံအိတ်ကလေးကလည်း ဝမ်းနည်းနေရောပေါ့ ။ ချစ်သူကိုင်ကြည့်ဖူးသော နားကြပ်ကလေးကရော ပျော်နိုင်မှာတဲ့လား ။ ချစ်သူကို မေ့လိုက်တော့လို့ အမိန့်ပေးခြင်း ခံလိုက်ရတဲ့ သူမရဲ့ အသိစိတ်ကလေးကတော့ အထိခိုက်ဆုံးနေမှာပါပဲ ။

ဆွေမြည့် ပင်ပန်းစွာ စဉ်းစားပြီးသည့် နောက်မှာတော့ ဝမ်းသာနည်းလေး တစ်ခုကိုရခဲ့သည် ။ သာမန်မဟုတ်သည့် နှလုံးသားနှင့် ရင်းရသည့် ဒီဝမ်းသာခြင်းလေးဟာ ချစ်သူနှင့် ပတ်သက်၍ သူမ၏ နောက်ဆုံးခံစားချက်လည်း ဖြစ်ချင်ဖြစ်နေလိမ့်မည် ။ ကိုယ် ချစ်နေတဲ့သူဟာ သူ့ချစ်သူရှေ့မှာ သူနဲ့ သိပ်ရင်းနှီးတဲ့ ၊ သူ့ကို တွယ်တာနေတဲ့ ( သူကလည်း ချစ်နေတယ်လို့ ယူဆထားမိတဲ့ ) ကောင်မလေး တစ်ယောက်ကို နှုတ်မဆက်ရဲ နှုတ်မဆက်နိုင်တာဟာ သူ့ချစ်သူ အပေါ်မှာ သစ္စာရှိလို့ ပေါ့နော် ။ သူ့ချစ်သူကို စိတ်အနှောင့်အယှက် အဖြစ် မခံတာဟာလည်း ချစ်သူကောင်းတို့ရဲ့ တာဝန် တစ်ရပ်ကို ကျေပွန်တာပါပဲ ။ သူမ ချစ်နေတဲ့ သူဟာ သစ္စာရှိတဲ့ ချစ်သူကောင်းတစ်ယောက် ဖြစ်တာဟာ ဂုဏ်ယူစရာ မဟုတ်လား ။ သည်လိုဆိုရင်ဖြင့် ချစ်သူအတွက် ၊ ချစ်သူရဲ့ အမျိုးသမီးအတွက် ပြီးတော့ ချစ်သူကို ချစ်နေမိတဲ့ သူမ အတွက် ဝမ်းသာစရာပဲပေါ့ ။ အခု ဖြစ်နေတဲ့ အခြေအနေ တစ်ခုလုံးအတွက် ဝမ်းသာလို့ ရပြီပေါ့ကွယ် ။

အဆုံးစွန်သော ခွင့်လွှတ်ခြင်းဖြင့် ထိရှကြေကွဲစွာ ဝမ်းသာပြီးသည့် နောက်မှာတော့ သူမ၏ စိတ်ကို လျှော့ချလိုက်တော့သည် ။ ကျဆင်းနေသော စိတ်ဓာတ်နဲ့ အတူ နှလုံးခုန်နှုန်းသည်လည်း တဖြည်းဖြည်း နှေးလိုက်လာကာ တစ်ချက် တစ်ချက်မှ ခုန်တော့သည်ဟု ထင်ရပြန်သည်  ။

ဒါဟာလည်း ရောဂါ မဟုတ်တဲ့ ( ပတ်ဝန်းကျင် အခြေအနေအရ ) ကိုယ်တွင်း ဖြစ်ပျက်ပြောင်းလဲမှု တစ်ခုပဲ ဖြစ်လေသည် ။

▢ မရွှေစု
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
     နိုဝင်ဘာလ ၊ ၁၉၈၉

No comments:

Post a Comment