❝ ရွှေသစ္စာ ❞
နောင်ချိုမြို့မှာ နေတဲ့ ကိုထွန်းဝင်း နဲ့ ခင်မင်ခဲ့တာ ၁၀ နှစ်ကျော်ပါပြီ ။ စတင် သိကျွမ်းရတာက သူတို့ လုပ်ချင်တဲ့ နောင်ချိုမြို့က ပညာသင်စရိတ် ထောက်ပံ့ရေး အကျိုးဆောင်အဖွဲ့ ဖွဲ့စည်းဖို့ တိုင်ပင်ကြစဉ်ကပါ ။
ရှမ်းပြည်နယ် မြောက်ပိုင်းက နောင်ချိုမြို့ကို ကျွန်တော် ရောက်တော့ ကိုထွန်းဝင်း နဲ့ ထပ်ဆုံရတယ် ။
သူ့ ငယ်ဘဝက ချို့တဲ့တယ် ။ ယခုတော့ သူက နောင်ချိုမြို့မှာ ရွှေသစ္စာ ရွှေဆိုင်ပိုင်ရှင် ၊ မြို့မဈေးထဲမှာ ကုန်စုံဆိုင် ၊ ရွှေသစ္စာ မုန့်စုံဆိုင်ပိုင်ရှင် ။ နောင်ချို မြို့မှာ မြို့မိမြို့ဖ လူကြီး တစ်ယောက် ဖြစ်နေပါပြီ ။
ကိုထွန်းဝင်း က ချို့တဲ့သူတွေ့ ပညာသင်နိုင်အောင် အကူအညီ ပေးရာမှာ ပါဝင်တယ် ။ သူ ငယ်စဉ်က ပညာသင်ရတာ ဖြောင့်ဖြူးခဲ့ရဲ့လားလို့ ကျွန်တော်က မေးပါတယ် ။
ကိုထွန်းဝင်းက ကျွန်တော့် မေးခွန်းကို ကြားတော့ ပြုံးတယ် ။
“ ခက်ခဲခဲ့တာပေါ့ ၊ ကျွန်တော့် ဇာတိရွာက ပုဂံမြို့ရဲ့ တောင်ဘက် မဇီးကွက်စိန် ရဲ့ သီရိပစ္စယာရဲ့တောင်ဘက် ကျသေးတယ် ၊ မိုးနတ်ကုန်းရွာလေး ၊ မွေးချင်းက ရှစ်ယောက် ရှိတာ ၊ မိဘတွေက တောင်သူလယ်သမား ၊ ပိုင်တဲ့ယာက နည်း ၊ မြေသြဇာက မကောင်းဘူး ၊ ငယ်ငယ်က တော်တော်ကြီး ဆင်းရဲနွမ်းပါးတယ် ၊ လယ်ပိုင်ယာပိုင်လည်း မရှိတော့ အဖေက ပွဲစားလိုလို ဘာလိုလို လုပ်ပြီး သားသမီးတွေကို ကျွေးရတယ် ”
“ ကျောင်းနေတော့ကော ”
“ ရွာမှာ မူလတန်းကျောင်း ရှိတယ် ၊ လေးတန်း အောင်တော့ ရွာနဲ့ လေးမိုင်လောက် ဝေးတဲ့ ဂင်္ဂါကျေးရွာကို သွားပြီး ကျောင်းဆက် တက်ရတယ် ၊ ခြေကျင် လျှောက်ရတာပဲ ၊ ငါးတန်း ခြောက်တန်း နှစ်နှစ်တက်တယ် ”
“ ကလေးတစ်ယောက် အတွက် လေးမိုင် ဆိုတာ တော်တော်ဝေးမယ် ”
“ ဝေးတာပေါ့ ၊ နေ့စဉ် သွားရတယ် ၊ အမေက ထမင်းထုပ်ပေးလိုက်တယ် ၊ ဟင်းကတော့ ဘယ်ကောင်းမှာလဲ ၊ ရွာထမင်း ရွာဟင်းပေါ့ ”
ကိုထွန်းဝင်း က ပြောပြီး ရယ်မောတယ် ။ ကျွန်တော်က သူ့ပညာရေး အပိုင်းကို ဆက်မေးတယ် ။
“ အိမ်က နွမ်းပါးပြီး မိသားစုက များတော့ အစ်ကို အကြီးဆုံးက ပြင်ဦးလွင် ၊ နောင်ချိုဘက်မှာ အလုပ် လာလုပ်ရတယ် ၊ အစ်ကိုက ပြင်ဦးလွင်မှာ အိမ်ငှားနေတာ ၊ ကျွန်တော်က အစ်ကို့ ဆီမှာ နေပြီး ပြင်ဦးလွင်မှာ ခုနစ်တန်း တက်တယ် ၊ ရှစ်တန်းကျတော့ နောင်ချိုမှာ နေတဲ့ အစ်ကိုဝမ်းကွဲဆီ ပြောင်းပြီး တက်တယ် ”
“ ဟိုပြောင်း သည်ပြောင်း ကျောင်းတက်ခဲ့ရတာပေါ့ ”
“ အစ်ကိုကြီးက အဆင်ပြေတော့ ကိုးတန်း ၊ ဆယ်တန်းကျ ပြင်ဦးလွင် ပြောင်းတက်ရတယ် ၊ အစ်ကို့စီးပွားရေးကို တစ်ဖက်က ကူလုပ်ရင်းနဲ့ ၁၀ တန်း အောင်သွားတယ် ၊ အစ်ကိုက အဆင်ပြေတော့ ကျွန်တော့်ကို တက္ကသိုလ် ဆက်ထား တယ် ၊ ဒါပေမဲ့ အစ်ကို့ လုပ်ငန်းကို တစ်ဖက်က ကူလုပ်ရင်း စာပေးစာယူပဲ တက်ပါတယ် ၊ စိတ်ပညာနဲ့ ၁၉၈၈ ခုမှာ ဘွဲ့ရတယ် ၊ ကျွန်တော့် ဘဝမှာ ပညာရေး ထူးထူးချွန်ချွန်ကြီး မဟုတ်ပေမယ့် သူငယ်တန်းက ဘွဲ့ရတဲ့ အထိ တစ်တန်းမျှ စာမေးပွဲ မကျခဲ့ဖူးဘူး ။ ၁ဝ တန်းမှာလည်း ပြင်ဦးလွင်မှာ နေပေမယ့် ကျူရှင်မယူခဲ့ရဘူး ”
“ အစ်ကို့စီးပွားရေးက ဘာလုပ်ငန်းလဲ ”
“ အရောင်းအဝယ် ”
ဘွဲ့ရပြီးနောက် သူ့ဘဝခရီးကို ကျွန်တော်က မေးတယ် ။
“ ၁၉၈၈ မှာပဲ ကျွန်တော် အိမ်ထောင်ကျတယ် ၊ သူက ပြင်ဦးလွင်သူ ၊ ကျွန်တော့် အစ်ကိုတွေ ရှိရာ နောင်ချို လာပြီး စီးပွားရှာတယ် ”
“ ဘာလုပ်ငန်းလဲ ”
“ အစ်ကို သုံးယောက်က တစ်ယောက် ကျပ် ၂၀၀၀ စီနဲ့ ၆၀၀၀ ထုတ်ပေးတာ အရင်းအနှီးလေးနဲ့ တောဈေး ပတ်ရောင်းတယ် ”
ဈေးပတ်ရောင်းတယ် ဆိုတာရဲ့ အဓိပ္ပာယ်ကို ကျွန်တော် မေးတယ် ။
နောင်ချိုဒေသက ငါးရက် တစ်ဈေး ခင်းတာ ၊ အနီးတစ်ဈေး ခင်းတာ ၊ ကံကြီး ၊ တောင်ခမ်း ၊ ဘန့်ဘွေး ၊ နောင်ပိန် ၊ နောင်ချို အလှည့်ကျ သွားပြီး ရောင်းတဲ့ အကြောင်း ပြောပြတယ် ။
“ ကံကြီး ၊ တောင်ခမ်း ဆိုရင် လမ်းတွေက ကြမ်းတယ် ၊ ထွန်စက်တွေ ၊ ထော်လာဂျီတွေ စီးသွားခဲ့ရတာ ၊ မိုးတွင်း ဆိုရင် တော်တော် ခက်ခက်ခဲခဲ သွားရတာ ၊ ရှမ်းပြည် ဈေးတွေက အစောကြီး ခင်းရတာ ၊ မနက် ဝေလီဝေလင်းက ထသွားရတယ် ”
“ တောဈေးပတ်မှာ ဘာတွေ ရောင်းတာလဲ ”
“ ဖိနပ်မျိုးစုံ ၊ ကလေးစီး ၊ လူကြီးစီး ”
ဈေးပတ်လိုက်ရာမှာ သူ ကြုံရတဲ့ အတွေ့အကြုံတွေကို ကျွန်တော် မေးပါတယ် ။
“ တောင်ခမ်းဈေးမှာပေါ့ ၊ တစ်ရက်တော့ အဘွား တစ်ယောက်က စောစောစီးစီး ကျွန်တော် ဈေးစခင်းနေတုန်း ဖိနပ် လာဝယ်တယ် ။ ဈေးသည်ပီပီ အကဲခတ် လိုက်တော့ အဘွားကြီး ခြေထောက်မှာ ဖိနပ် မပါဘူး ။ ကျွန်တော့် စိတ်ထဲမှာ သူ သေချာပေါက် ဝယ်ရမယ် ။ ဈေးဦးပေါက်ဖို့ သေချာတယ်ပေါ့ ”
ကျွန်တော်တို့ ပြိုင်တူ ရယ်မိကြတယ် ။
“ အဘွားစီးဖို့ ဖိနပ်ဝယ်မှာလား မေးတော့ မဟုတ်ဘူး ၊ အောင်နဲ ဖို့တဲ့ ၊ အောင်နဲ ဆိုတာ ဓနုဘက်မှာ ကလေး ။ မြေးဖြစ်ရင် ဖြစ်မှာပေါ့ ၊ ဟာ ဘယ့်နှယ်လဲပေါ့ ၊ အဘွားကြီးက သူကိုယ်တိုင်လည်း ဖိနပ် မပါဘူး ၊ ဝယ်မှာက သူများအတွက် ၊ အဘွားကြီး ကြည့်လိုက်တော့ အိုင်အိုဒင်း ချို့တဲ့ပုံ ရတယ် ၊ လည်ပင်းက သိသိသာသာ ကြီးနေတယ် ၊ အဝတ်အစားကလည်း ခပ်နွမ်းနွမ်း ”
ကိုထွန်းဝင်းက သရုပ်ပေါ်အောင် ပြောပြနေတယ် ။
“ အဘွားမြေးက ဖိနပ် ပူဆာနေလို့တဲ့ ၊ ( သူက ရယ်ပြီး ဆက်ပြောတယ် ) ဖိနပ် ဘယ်လောက်လဲ မေးလို့ ကျွန်တော်က ဈေးပြောတယ် ၊ သူ့မှာ ပိုက်ဆံ လုံလုံလောက်လောက် မပါဘူး ၊ ဒါနဲ့ ကျွန်တော် ဈေးဦးမပေါက်ဘူး ၊ ဈေးရောင်း မကောင်းဘူး ၊ ဖိနပ် အလကား ပေးလိုက်တယ် ”
ကိုထွန်းဝင်း က ကျေကျေနပ်နပ်ကြီး ရယ်မောနေပါတယ် ၊ ဒါကို သူက ဝတ္ထုတိုလေး အဖြစ် ၁၉၉၃ ခုက ရုပ်ရှင်မျက်မှန် မဂ္ဂဇင်းမှာ ရွှေသစ္စာ ကလောင် အမည်နဲ့ ရေးခဲ့တဲ့ အကြောင်း ပြောပါတယ် ။
ကျွန်တော်က သူ စာတွေရေးတဲ့ အကြောင်း မေးတယ် ၊ သူ ဖြစ်ချင်တာက ကဗျာဆရာ ၊ ကဗျာတွေ တစိုက်မတ်မတ် ရေးခဲ့တယ် ။ အလုပ်တွေက နားတဲ့ တစ်နေ့ စာတွေ ရေးချင်တဲ့အကြောင်း ပြောတယ် ။
“ ဈေးပတ်လိုက်ရင်းနဲ့ လေးနှစ်လောက် ကြာမှ နောင်ချိုဈေးထဲမှာ ကိုယ်ပိုင် ဆိုင်တစ်ဆိုင် ဆိုင်ခန်းငှားပြီး မုန့်စုံရောင်းတယ် ၊ ဈေးထဲမှာလည်း အမျိုးသမီးက ဆိုင်ထိုင် ၊ ကျွန်တော်က ဈေးပတ်ရောင်းပေါ့ ၊ ရုန်းကန်ရတာပေါ့ ၊ ကျွန်တော်တို့မှာ သမီးလေး တစ်ယောက် ထွန်းကားလာတယ် ၊ သားသမီးလည်း ရှိလာတော့ တစ်ဖက်က စုရဆောင်းရတာပေါ့ ၊ တဖြည်းဖြည်းနဲ့ ချောင်လည်လာတယ် ”
“ ပရဟိတ အလုပ်တွေ စလုပ်တာက ”
“ ကျွန်တော့်အသက် ၂၅ နှစ်လောက်မှာပဲ ဓမ္မမိတ်ဆွေတွေနဲ့ ပေါင်းမိတယ် ၊ တရားစခန်းတွေ ဦးဆောင်လုပ်တယ် ။ လူမှုရေးလုပ်ငန်းတွေ အတူလုပ်လာကြတယ် ၊ လုပ်ရင်း လုပ်ရင်းနဲ့ ဒီမြို့မှာ ရှိတဲ့ လူမှုရေးလုပ်ငန်းတွေမှာ အကုန်ပါပဲ မကျန်ပါဘူး ၊ လုပ်ဖြစ်လာတယ် ”
“ အသက်အစိတ် ဆိုတာ ငယ်သေးတယ် ၊ စီးပွားရှာရမယ့် အရွယ် ၊ ဒီ အရွယ်မှာ ပရဟိတတွေ ၊ လူမှုရေးလုပ်ငန်းတွေ လုပ်တော့ စီးပွားရေး မနှောင့်နှေးဘူးလား ”
“ မနှောင့်နှေးပါဘူး ၊ အပိုင်းအခြားနဲ့ လုပ်ရတာပေါ့ ၊ စီးပွားရှာတဲ့ အချိန် မှာလည်း ကြိုးစားရှာရတာပေါ့ ၊ တစ်ဖက်ကတော့ အပေါင်းအသင်း ပိုကျယ်ပြန့် လာတော့ စီးပွားရေးကို အထောက်အကူ ဖြစ်တယ် ၊ ကောင်းတာလုပ်ရင် ကောင်းကျိုး ပြန်ပေးတယ်လို့ ကျွန်တော် ယုံကြည်တယ် ”
ကျွန်တော်က သူ ပြောတာကို စိတ်ဝင်တစား နားထောင်နေတယ် ။
“ မနှစ်က ကျွန်တော်တို့ မြို့က နယ်မှာ ရေတအား ရှားလာတယ် ၊ တောတွေ ပြုန်းသွားတယ် ၊ ထုံးဖုတ်ဖို့ ၊ ထင်းသမားတွေ ကလည်း မီးသွေးဖုတ်ဖို့ သစ်ပင်တွေကို အတိုင်းအဆ မရှိ ခုတ်ပစ်လိုက်ကြတယ် ။ သစ်ပင်တွေ အုပ်အုပ်ဆိုင်းဆိုင်းနဲ့ စိမ်းစိုနေတဲ့ ရှမ်းကုန်းမြေမြင့်ကြီးဟာ ကုန်ပြောင်တွေ ဖြစ်သွားပြီ ။ ဆယ်နှစ်ပတ်ဝန်းကျင် အတွင်းမှာ မသိလိုက် မသိသာ နေရင်းနေရင်းနဲ့ သဘာဝ ထွက်တဲ့ စိမ့်တွေက ခန်းခြောက်သွားပြီ ၊ ရေမထွက်တော့ဘူး ၊ ရေတွင်း ရေမျက်နှာပြင် ကလည်း အောက်ကို နိမ့်သွားပြီ ”
သူ ပြောနေတာကို နားထောင်ရင်း ကျွန်တော့် စိတ်မှာ အိုက်လာတယ် ။
သက်ပြင်း လေပူပူကြီးကို မှုတ်ထုတ်လိုက်မိပါတယ် ။
“ မနှစ်က ကျွန်တော်တို့ ရှမ်းကုန်းမြေမြင့်မှာ သောက်စရာ ရေမရှိတဲ့ ရွာတွေ ရှိလာတယ် ။ ကျွန်တော်တို့ ရေသွားလှူကြရတယ် ၊ မိုးလေးနည်းနည်း ကျရင်တော့ ရေရမှာပဲ မျှော်နေတာ မိုးဦးကျတော့ မုန်တိုင်းကျတယ် ၊ သစ်ပင်တွေ မရှိတော့ မုန်တိုင်းက ရွာထဲ တိုက်ရိုက်ဝင်လာတယ် ၊ တချို့ရွာတွေမှာ အိမ်တွေ တိုင်က ကျွတ်ပါသွားတဲ့ အထိ ဖြစ်ကုန်တယ် ၊ ရှမ်းပြည်မှာ မကြားဖူးတဲ့ ဟာမျိုးတွေပေါ့ ”
ကျွန်တော် အမှတ်မထင် လေပူမှုတ်မိပြန်တယ် ။
“ ကျွန်တော်က ဒီဇာတိလို ဖြစ်နေတော့ ဒါကို မျက်နှာလွှဲခဲပစ် ထားလို့ မရတော့ဘူး ၊ သူငယ်ချင်းတွေနဲ့ အင်းစိမ်းမြေ သဘာဝပတ်ဝန်းကျင် စိမ်းလန်း စိုပြည်ရေးနဲ့ ရေထွက်များ ထိန်းသိမ်းရေးအဖွဲ့ကို ဖွဲ့ပြီး သစ်ပင်တွေ စိုက် ၊ ရှင်အောင် ပြုစု လုပ်နေကြပြီ ။ ခုတော့ ကျွန်တော်တို့ လုပ်ရည်ကိုင်ရည်လည်း ပါတော့ မြို့နယ် ဖွံ့ဖြိုးရေး အထောက်အကူပြုအဖွဲ့မှာ အတွင်းရေးမှူး တာဝန်ပေး ခံရတယ် ”
ကျွန်တော်က သူ့ကို နောက်ပြောင်ချင်တာနဲ့ “ အိမ်ရှင်မက အိမ်မကပ်လို့ အပြစ်မတင်ဘူးလား ” လို့ မေးတော့ သူက ဟက်ဟက်ပက်ပက် ရယ်တယ် ။
“ တစ်ခါတလေတော့ အမျိုးသမီးက စိတ်ပေါက်ပေါက်နဲ့ ရှင် အိမ်မှာ မနေရင် ကောင်းမယ်လို့ ပြောတာပေါ့ ။ ဒါပေမဲ့ ခုတော့ စီးပွားရေး ကလည်း အခြေကျသွားပြီမို့ မိသားစုအနေနဲ့ ရပ်တည်နိုင်ပါပြီ ၊ ဒါကြောင့် ပရဟိတလုပ်ငန်းကို ခြေစုံပစ်ဝင်နိုင်တာပါ ၊ အမျိုးသမီးကလည်း အစစအရာရာ တာဝန်ယူ ဦးဆောင် လုပ်နိုင်ပါတယ် ”
“ အမျိုးသမီးကို ဦးစားပေးသူပေါ့ ” လို့ ပြောတော့ ကိုထွန်းဝင်း က ရယ်ပါတယ် ။
⎕ ကျော်ရင်မြင့်
📖ဘဝဇာတ်ခုံ စုစည်းမှု - ၈

No comments:
Post a Comment