❝ သိပ်ချစ်တယ် ပြောပြီး ... ❞
▢ မြနန္ဒာကျော် ၊ ဆေး - ၁ ၊
“ စက္ကင်းအမ်ဘီက တွမ်ခရုစ်နဲ့ တူတဲ့ အစ်ကိုကြီး လာနေတယ် ”
တစ်ယောက်သောသူ၏ သတင်းပို့သံ အဆုံးမှာ လက်တွေ့ခန်း ရှေ့မှ တံခါး အဖွင့်ကို စောင့်ရင်း ကျွက်စီကျွက်စီနှင့် ရောက်တတ်ရာရာ ပြောနေကြသည့် စကားသံများ မီးကို ရေနှင့် ငြှိမ်းသလို တိတ်ဆိတ်သွားသည် ။
တွမ်ခရုစ် စွမ်းအား ကြီးမားလှပါဘိ ။
သင့်အတွက်တော့ ဓာတ်ခွဲခန်းထဲမှ အက်စစ်များ ပီပက် ( Pipette ) နှ င့် ပိုစုပ်မိ၍ ပါးစပ်ထဲ ဝင်သွားသလို မနှစ်မြို့စရာ ချဉ်စူးစူးဖြစ်သွားသည် ။ နှာခေါင်းထဲတွင် လည်း ဓာတ်ခွဲခန်းထဲမှ မနှစ်မြို့ဖွယ် အနံ့အသက်များ ပိန်းပိတ်ထွက်လာသလို အသက်ရှူမဝ မွန်းကျပ်သွားသည် ။
မိန်းကလေးထဲတွင် တွမ်ခရုစ် မကြိုက်သူများ မရှိသလောက် ရှားပါးမည် ထင်ပါသည် ။ ထို ရှားသည့် အထဲတွင် သင့် ပါနေသည် ။ သူများ တကာလို တွမ်ခရုစ် ကား ကြည့်ပြီး စိတ်သာယာမှု ရချင်ပါသည် ။ သို့ သော် ဘယ်ဘဝက ဘယ်ရေစက်လည်း မသိ ၊ တွမ်ခရုစ်ကို ကြိုက်ကြည့်၍ မရနိုင်ပါ ။
ဒါကြောင့်လည်း တွမ်ခရုစ်နဲ့ တူသူ လာသည်ကို ဣန္ဒြေမပျက် ခပ်တည်တည် နေနိုင်သည် ။ သူ လာ၍ ဘီအိုစီ ဘက် ရောက်တုန်းရောက်ခိုက် တက္ကသိုလ်ပရဝဏ် အရသာများ တရှိုက်မက်မက် ခံစားနေရသည့် အရှိန်ကို မဖျက်ချင်ပါ ။ သင့် အကြိုက် ဂျပန်မင်းသား ဟင်နရီ ဆိုလျှင်တော့ တစ်မျိုးပေါ့ ။
လိပ်ခုံးဘက်တွင် အတန်းချိန် များများ တက်ရသော သင့် အဖို့ လက်တွေ့ချိန်များတွင် ဘီအိုစီ ဘက် လာရသည် ကို တကယ် နှစ်ခြိုက်သည် ။ လိပ်ခုံးဘက်တွင် စာသင်ရသည်ကို အထက်တန်း ကျောင်းနှင့် ထူးမခြားနားသလို ထင်မိသည် ။ ဘီအိုစီဘက်ရောက်မှပဲ ကိုယ့်ကိုယ်ကိုယ် တက္ကသိုလ် ကျောင်းသူ တစ်ယောက်လို ရင်ခုန်မိသည် ။ ရှည်ရှည်လျားလျား သထုံလမ်းနှင့် ပိတောက်ရွက်ကြွေများ ၊ ပြည် ၊ ပုဂံ ၊ တကော င်း ၊ နဝဒေးဆောင်များ ၊ လွမ်းမောဖွယ်ဥသြသံနှင့် တက္ကသိုလ်ရေကူးကန် ၊ တက္ကသိုလ်အား ကစားကွင်း ၊ စာပေးစာယူဌာနတို့ သည် လိပ်ခုံးဘက်တွင် ရှိစဉ် ပြည်လမ်းမတစ်လျှောက် ပြေးလွှားနေသည့် ကားကြီး ကားငယ်တို့ ကို ငေးမောရသည် နှင့် မတူ ၊ အချစ်ကဗျာတစ်ပုဒ် ဖတ်ရသလို တသိမ့်သိမ့် ရင်နွေးစေသည် ။
“ ဟယ် ... သင့် ငေးလှချည်လား ။ ငါ အခန်းထဲ ရောက်ပြီး နေရာဦးပြီး မှ နင် မပါလာတော့လို့ ပြန်လာကြည့်တာ ။ နင်ဟာလေ ဒီဘက်ကိုရောက်ရင် စိတ်နဲ့ ကိုယ်နဲ့ မကပ်တော့ဘူး ။ ခုနကတောင် တွမ်ခရုစ်နဲ့ တူတဲ့ လူတစ်ယောက် ဖြတ်သွားသေးတယ် ။ နင် တွေ့လိုက်ရဲ့လား ”
သန့် အမေးကို ခေါင်းတွင်တွင် ခါယမ်းရင်း ဖြေလိုက်မိသည် ။
“ သွားပြီ နင်တော့ ခေတ်နောက်ကျသွားပြီ ။ ဘယ်လောက် တူတယ်လို့တော့ မညွှန်းချင်တော့ဘူး ။ တွေ့မှ ယုံသွားအောင် ပြရဦးမယ် ”
သရုပ်ပြဆရာ ရောက်လာ၍ တွမ်ခရုစ် ချီးမွမ်းခန်း ရပ်သွားသည် ။ ဒီနေ့တော့ ဆရာ စောစော ရောက်လာခြင်းကို မငြူစူမိတော့ ။
“ ဟဲ့ ဟိုမှာ ဟိုမှာ ကြည့်စမ်း ... ကြည့်ထား ... ”
ပရက်တီကယ် ပြီးဆုံး၍ လိပ်ခုံးဘက်ကို ဖြတ်ပြီး စိုက်ပျိုးရေး ကားဂိတ်သို့ အသွား ရေပန်းရှိသည့် ရေကန်ဘက်ကို ကျောပေးပြီး ကျောင်းဝင်းထဲရှိ ကားသွားလမ်း ဘေးတွင် ထိုင်နေသူကို ဘေးတိုက် အနေအထားနှင့် တွေ့လိုက်ရသည် ။
တွမ်ခရုစ် နှင့် တူတော့ အတော်လေးတူသည် ။ တူအောင်လည်း တွမ်ခရုစ်ဆံပင်ပုံစံအတိုင်း ညှပ်ထားသည် ။
“ ဘယ့်နှယ်လဲ မတူဘူးလား ”
“ တူတော့ တူပါတယ် ”
“ နင့် တူတာကြီးက ဝမ်းသာအားရ မရှိလိုက်တာ ”
“ ငါမှ တွမ်ခရုစ် မကြိုက်တာ ”
သန့် က အထူးအဆန်းသတ္တဝါကို ကြည့်သလို ကြည့်လာ၏ ။
“ မကြိုက်တဲ့ အပြင် အဲသလို မျက်နှာမျိုးကို ငါ အရမ်းကြောက်တယ် ”
“ ဗုဒ္ဓေါ ”
••••• ••••• •••••
လေတိုက် နေသဖြင့် မီးမငြိမ်းသွားအောင် ဆီမီးခွက်ကို သေသေချာချာ အာရုံစိုက်ပြီး ထွန်းညှိနေစဉ် ပခုံးထက်မှ ယောဂီတဘက်က လျှောခနဲ ကျသွားသည် ။ ကမန်းကတန်း ကောက်အယူမှာ တွေ့လိုက်ရသည့် ခြေအစုံကို မျက်စိမလွှဲချင် ဖြစ်သွားသည် ။
ဖွေးသန့်နေသည့် ခြေအစုံကြောင့်လား ။
မှုန်ရီဝိုးတဝါး ဘုရားမီးရောင် အောက်မှာပင် ပန်းသွေးရောင် စွန်းထင်းနေသည့် ခြေသည်းခွံကလေးများကြောင့်လား ... ။
မဟုတ်ပါ ။ ဒါမျိုးတွေ အများကြီး တွေ့ဖူးပါသည် ။ အခု ကြုံတွေ့နေရသည်က တစ်ကြိမ်တစ်ခါမှ မတွေ့ဖူးသေးသော ဖွေးဖွေးဖြူနေသည့် ညာခြေသန်းကလေး၏ ဘေးမှ ခြေပွားသေးသေးကလေး တစ်ခု ။
ခြေပွားပိုင်ရှင်ကို အရေးတယူ မှတ်သားထားဖို့ ဖြည်းဖြည်းချင်း ခေါင်းကို မော့အကြည့် သင့် ကို မမှိတ်မသုန် စိုက်ကြည့်နေသော မျက်ဝန်း တစ်စုံကြောင့် ဒူးတွေ ခွေညွတ်ယိုင်လဲမတတ် ဖြစ်သွားရသည် ။ တိမ်းညွတ်လိုသောဆန္ဒ တစိုးတစိမျှ မရှိဘဲနှင့် စပါးကြီးမြွေတစ်ကောင်၏ အားကြီးစွာ အတင်းအဓမ္မ ညှို့ငင်ဖမ်းစားခြင်းကို ခံနေရသည့် သားကောင်ပမာ လှုပ်ရှားမှုတို့ ကင်းမဲ့သွားရသည် ။
ကြည်နူးသာယာဖွယ် ကောင်းသော ဘုရားဆည်းလည်းသံ တို့သည် လည်းကောင်း ၊ ဆူဆူညံညံ ကျောင်းသားကျောင်းသူတို့၏ အသံတို့ သည် လည်းကောင်း ၊ ထွန်းညှိပူဇော်ထားသော ဆီမီးအလင်းရောင်တို့သည် လည်းကောင်း ၊ မှုန်ဝါးဆိတ်သုဉ်းလျက် အားလုံးနှင့် ဝေးရာ လူသူ ကင်းမဲ့သော ဆာဟာရသဲကန္တာရမှာ နှစ်ယောက်တည်း ရပ်နေသလို ၊ လေတဖြူးဖြူး တိုက်ခတ်နေသော ဧဝရတ်တောင်ထိပ်ဖျားတွင် လေဒ ဏ်ကို အန်တုရင်း သူ့အကြည့်ကို ခံယူနေရသလို ၊ ပင်လယ်ကြမ်းပြင် အောက်တွင် သင့် ကို လွင့်မျောမသွားအောင် စူးရှသော အကြည့်တို့ က ထိန်းချုပ်ထားသလိုလို ထင်ယောင်ဝိုးဝါး ခံစားနေရသည် ။
“ ဟေ့ကောင် ပရိတ်ရွတ်ရဦးမယ်လေ ၊ ဘာရပ်လုပ်နေတာတုံး ”
သူ့အတွက် အလိုက်ကန်းဆိုး မသိ ဆိုးဝါးစွာ လာရောက်ခေါ်ငင်သော သူ့သူငယ်ချင်းကို သင့် များ စွာ ကျေးဇူးတင်မိသည် ။ သို့မဟုတ်လျှင် သူ ကြည့်နေသရွေ့ ဒီတစ်ညရော နောက်ရက်တွေပါ ရက်ပေါင်း အသင်္ချေတိုင် မလှုပ်မယှက် ရပ်တန့်နေမိ မည်ဖြစ်သည် ။ ယက်ကန်ယက်ကန် ပါသွားသော သူ့ကို ငေးကြည့်မနေအားဘဲ ယခုမှ ပဲ ကျိန်စာပြေပျောက်သူပမာ သက်ဝင်လှုပ်ရှားခွင့် ရတော့သည် ။
စိတ်ထဲမှာ တော့ ယူကျုံးမရခြင်း ၊ နှမြောတသခြင်းတို့ကို တစ်ပြိုင်နက် ခံစားနေရသည် ။ ကိုယ်ချစ်မြတ်နိုးမိသော အရာကလေးတစ်ခုကို ကိုယ်မနှစ်မြို့သူက ပိုင်ဆိုင်ထားခြင်းကို မည်သူက စိတ်လက်ချမ်းသာ ရှိချေမည်နည်း ။
အဘယ်ကြောင့် ဆိုသော် သင့် သိပ်ချစ်သော ခြေပွားကလေး၏ အရှင်သခင်သည် သန့် တို့ တွမ် ဟု အမည်ပေးထားသော သင့် မုန်းသော တွမ်ခရုစ်နှင့် တူသူ ဖြစ်နေသောကြောင့်ပင် ။
ချမ်းသာကြီး တန်ဆောင်းသို့ ဝင်၍ ပရိတ်ရွတ်စဉ် အတွေးတို့က ထိန်းချုပ်မရ လွင့်ပျံ့နေသည် ။ ဘောင်းဘီရှည် ပုံစံအမျိုးမျိုး ၊ ဝေါ့ကင်းရှူး ပုံစံအမျိုးမျိုးကို ထည်လဲဝတ်ကာ ဒီဇိုင်းလုပ်နေသူဟု အများက ထင်နေသူသည် တကယ်တော့ သူ့ခြေပွားကလေးကို ဖုံးအုပ်ဖို့ ရည်ရွယ်ချက်နှင့် ဝတ်ဆင်နေခြင်းပါတကား ။
••••• ••••• •••••
“ မိသင့် တွမ်က နင့်ကိုချည်း စိုက်ကြည့်နေပါလား ”
သန့် စကားကြောင့် ခေါင်းပင် မဖော်ရဲတော့ ။
“ ဟုတ်ချင်မှ ဟုတ်မှာပါဟာ ။ ဒီအတန်းထဲမှာ ငါ့ထက် ချောတဲ့ သူတွေ တစ်ပုံကြီး ”
“ ဟုတ်ပါတယ်ဟ ၊ ငါ အကဲခတ်နေတာ ကြာပြီ ။ မနက်က ငါတို့ ကျောင်းလာကတည်းက ငါတို့ကို လိုက်ကြည့်နေပါတယ်လို့ ။ ရတနာပုံ က နင့်ကို လာဆိုက်နေတာကိုး ။ မယုံရင် နင် တစ်ယောက်တည်း အပြင် ထွက်ကြည့် ၊ နင့်ကို လိုက်ကြည့်မှာ သေချာတယ် ”
“ အဲသလိုသာဆို ငါ ချက်ချင်း အသက်ပျောက်သွားနိုင်တယ် ။ သူကြည့်တာ ငါ သေမတတ် ကြောက်လွန်းလို့ ။ ရွှေတိဂုံဘုရားမှာ ဆီမီးပူဇော်ပွဲတုန်းက ငါ အလူးအလဲ ခံလိုက်ရပြီးပြီ ”
“ မိန်းမ ငါ့ကိုလည်း မပြောဘူး ”
“ မပြောချင်တာ မဟုတ်ပါဘူးဟာ ။ စကားမစပ်မိလို့ပါ ။ သူ့မျက်နှာ တွမ်ခရုစ်နဲ့ တကယ်တူလေ ငါ သူ့ကို ကြောက်လေပဲ ။ ငါ စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးတာလေ ၊ သူ့လိုမျိုး စူးရှထက်မြက်တဲ့ မျက်လုံးမျိုးက ပြိုင်ဘက်ကင်းလောက်အောင် ရက်စက်တတ်တယ်တဲ့ ။ နောက်ပြီး အပေါ် ကို ထောင်တက်သွားတဲ့ မျက်ခုံး ။ အဲဒီမျက်ခုံး ရှိသူတွေဟာ တစ်ကိုယ်ကောင်း သိပ်ဆန်တတ်တယ် ။ သူ့မေးရိုးတွေက ယောက်ျားပီသပါတယ် ။ ဒါပေမဲ့ သူ့ရဲ့ ရက်စက်တတ်တဲ့ စိတ်ဓာတ်ကို ခိုင်မာစေလိမ့်မယ် ။ သူ့ နှုတ်ခမ်းပါးပါးကတော့ ပြတ်ပြတ်သားသား ရက်စက်တတ်တာကို ဖော်ပြနေတယ် ။ အရယ်အပြုံးနည်းပေမဲ့ ပြုံးလိုက်ရင်တော့ လောကကို ထီမထင်တဲ့ ခနဲ့ ပြုံး ၊ ရွဲ့ပြုံး ၊ မဲ့ပြုံးတွေပဲ ဖြစ်လာမှာပဲ ။ ချစ်သူတစ်ယောက်အနေနဲ့ သူ့ကို ငါ ဘယ်လိုမှ ရင်ခုန်ကြည့်လို့ မရပါဘူးဟာ ”
“ တော်ပါတော့ ၊ တော်ပါတော့ ... မမရယ် ။ နင့်စကားတွေကို တွမ်ခရုစ် ကြိုက်တဲ့ သူတွေများ ကြားရင် တက်သေလိမ့်မယ် ။ ငါတောင် သူငယ်ချင်းအရင်း ပြောနေလို့ မနည်း သည်းခံ နားထောင်နေတာ ။ ကဲ ... ထ ပရယ်တီကယ်အချိန် နီးပြီ သွားကြစို့ ”
“ နေဦး သူ ရှိသေးလား ”
သန့်က တစ်ချက် ကြည့်လိုက်ပြီး
“ ရှိသေးတယ် ”
“ ငါတော့ သေချင်တာပဲ ။ ဪ .... ဒါနဲ့ ပုဆိုးဝတ်ထားလား ၊ ဘောင်းဘီဝတ်ထား လား ”
“ ပုဆိုး ”
ဒီတစ်ခါတော့ သန့် ပြန်မကြည့်ဘဲ ဖြေသည် ။
“ ဒီလိုဆို သွားမယ် ”
“ နင့်ကို နောက်မှ ပြောပြမယ် ။ သူ့ခြေထောက်ကိုသာ သေသေချာချာကြည့်ထား ”
သင့်တို့ အထွက်မှာ သူ နောက်က လိုက်လာသည် ။
“ ကလေး ”
အနားနားကပ် ခေါ်သည့် သြဇာအပြည့်လွှမ်းသော အသံကြောင့် ကိုယ် ဆတ်ခနဲ တုန်သွားသည် ။ ခြေပွားကလေးဆီ အကြည့်ရောက်စဉ် သူ့ အသံက နားမှာ ပျောက်ကွယ်လုမတတ် ။
“ ကလေးကို ကိုယ် ဘုရားမှာ တွေ့ကတည်းက စွဲလမ်းခဲ့တာ အခုထက်ထိ ။ အဲဒီညက ကလေးရဲ့ ပုံရိပ်ကို ကိုယ့်အာရုံထဲမှာ ထင်ကျန်နေတုန်းပဲ ”
သူ့အသံက မကြားတစ်ချက် ကြားတစ်ချက် ။ အရေးကြီးတာက သိပ်ချစ်ဖို့ ကောင်းတဲ့ ခြေပွားကလေး ။ လမ်းလျှောက်တိုင်း လှုပ်တုတ်လှုပ်တုတ်နှင့် ဘီအိုစီ ရောက် သည် အထိ တစ်ချက်မှ အကြည့်မလွှဲခဲ့ ။ ပုဆိုးဝတ်ခဲ့သည်မို့ အခွင့်သာတုန်း ကြည့်ရတာ ။
လက်တွေ့ခန်းရောက်တော့ မခွဲချင်မခွာချင် ခွဲခဲ့ရသည် ။ သူ့အရှင်သခင်ဆီတော့ တစ်ချက်မှ အကြည့်မရောက်ခဲ့ ။
“ ဒီလောက် မျက်နှာတည်တည်ကြီးနဲ့ ဟယ် ဒီလို ကဗျာဆန်ဆန်စကားတွေ ထွက်လာလိမ့်မယ်လို့ ထင်တောင် မထင်ဘူး ။ ငါသာဆို တစ်ထိုင်တည်း ခေါင်းညိတ်မိမှာပဲ ။ နင် အရမ်းကံကောင်းတာပဲဟယ် ”
“ ဟုတ်တယ် ၊ ငါ ဒီနေ့ အရမ်းကံကောင်းတယ် ။ ငါ့စိတ်ထဲမှာလေ ခြေပွားလေးကို ဆွဲပြီး ကိုင်ကြည့်ချင်လာတယ် ။ သူ ဘာပြောသွားတယ် ဆိုတာတော့ မကြားတစ်ချက် ကြားတစ်ချက်ပါပဲ ”
“ နင်ကတော့ လုပ်ပြီ ။ တွေ့သားပဲ ခြေပွား တိုးလို့တန်းလန်း ။ နင်မို့လို့ ကြံကြံဖန်ဖန်တွေးပြီး ကြိုက်တတ်တယ် ”
••••• ••••• •••••
ကျောင်းတွေပိတ်နေသည့်တိုင် ခြေပွားလေးကို ရံဖန်ရံခါ သတိတရဖြစ်မိ၏ ။ အကြီးတန်းကို ကျောင်းဖွင့်ပြီး စာမေးပွဲစစ်သွား၍ သင့် စိတ်ထဲ လွမ်းသွားမိသည် ။ ကျောင်းဖွင့်လျှင် သူ လမ်းမတော်ကျောင်း ရောက်သွားတော့မည် ။ သူ့ ကိုတော့ မလွမ်းပါ ။ ခြေပွားလေးကိုတော့ သိပ်လွမ်းသည် ။
“ သင့် တွမ်လာတယ် မြန်မြန်လုပ် ”
ကျောင်းစဖွင့်သည့် နေ့တွင် ခမ်းနားနေသော မိန်းကလေး နားနေခန်းထဲမှ ကိုယ်လုံးပေါ် မှန်ရှေ့တွင် ခေါင်းဖြီးနေတုန်း သန့် က ဝမ်းသာအားရ နားနားလာ ကပ်ပြောသည် ။
“ ဟုတ်လား ၊ ဘောင်းဘီနဲ့ လား ပုဆိုးနဲ့ လားဟင် ”
သန့် က အကြောင်းသိစွာ မျက်နှာရှုံ့ မဲ့ရင်း
“ ဘောင်းဘီနဲ့ ”
စိတ်ပျက်လက်ပျက်နှင့် ရေအေးစက်မှ ရေခဲရေတစ်ခွက် ယူသောက် လိုက်မိသည် ။ ရေခဲရေသည် အေးစက်သည်နှင့် အမျှ ရင်ကို ပူလောင်စေပါလား ။
သင့် တုံ့ဆိုင်းတုံ့ဆိုင်း လုပ်နေ၍
“ ကဲ အတန်းထဲ မသွားတော့ဘူးလား ”
“ သွားမှာပါဟာ ”
အပြင်အထွက်မှာ ခုံတန်းကို မှီထိုင်နေသည့် သူ့ကို တွေ့ရသည် ။
“ သူ့ဖိနပ်က ခြေပွားနေရာလေးကို ကွက်ပြီး ဘလိတ်ဓားနဲ့ လှီးပစ်လိုက်ချင်တယ် ”
ခြေပွားလေးကို တွေ့ချင်စိတ်ပြင်းပြစွာနှင့် ပြောတော့ သန့်က မျက်နှာမဲ့သည် ။
••••• ••••• •••••
“ ကျောင်းပိတ်ခါနီးလို့လား မသိဘူး ။ တွမ် တစ်ယောက် ခြေလှမ်းတွေ စိပ်နေတယ် ”
“ ငါ မကြိုက်နိုင်ပါဘူးလို့ ပြောလိုက်ရင် ကောင်းမလားမသိဘူး ။ သူ လည်း စာသင်ချိန် ပျက်တယ် ။ ဒါပေမဲ့လေ ခြေပွားလေးကို မမြင်ရတော့ မှာကိုတော့ ဆွေးသား ”
“ နင်ကလည်း ဟာ ပြန်ကြိုက်လိုက်ပါ ။ နင့်ကို လိုက်နေတာ ဘယ်လောက် ကြာပြီလဲ ။ ဒါလောက် တည်တဲ့ လူကို ”
“ ဒီရုပ်ဒီရည် မရှိရင် ငါ ကြိုက်မိမှာပါ ။ အယ်စီအာ သွားရအောင်ဟာ ”
“ လုပ်ပြီ ၊ ပုဆိုးဝတ်တဲ့ နေ့နဲ့ ဘောင်းဘီဝတ်တဲ့နေ့ မျက်နှာထားချင်းကို မတူဘူး ”
ဒီတစ်ခါတော့ သင့်တို့ နောက်က သူ တိတ်ဆိတ်စွာ လိုက်ပါလာသည် ။ သင့်တို့ လှေကားဆင်းခါနီးတွင် သင့်တို့ ရှေ့ကို ကျော်တက်သွားသည် ။ ခြေပွားလေးကို တစ်နေ့စာ ကြည့်လိုက်ရ၍ ပျော်ရွှင်လွတ်လပ်စွာ လှေကားအတိုင်း ဆင်းလာခဲ့မိသည် ။
“ ကလေး ”
လှေကား ထောင့်ချိုးအရောက် ထွက်ပေါ်လာသောအသံကြောင့် ငေးနေသော သင့်ခြေလှမ်း တုံ့သွားမိသည် ။ သူ့မျက်နှာဝန်း အောက်မှ ပြေးထွက်ချင်သော်လည်း ခြေလှမ်းအစုံတို့ လှုပ်မရတော့ ။ သန့် က အလိုက်ကန်းဆိုးမသိ ဆက်ဆင်းသွားသည် ။ စိတ်အစဉ်ကို ပြန်လည် ထိန်းချုပ်ပြီး ခြေလှမ်းပြင်လိုက်မိသည် ။ သို့သော် နောက်ကျသွားပြီ ။ သူက လှေကားကို ပိတ်ရပ်ထားသည် ။
“ ကလေး ကိုယ့်ကို မတုံ့ပြန်တော့ဘူးလား ။ ကျောင်းပိတ်တဲ့ ရက်တွေပါ ရေတွက်ရင် ကိုယ် တောင်းဆိုထားတာ သုံးနှစ် ကျော်သွားပြီနော် ”
စကားပြောရင်း စိတ်ပါလာ၍လားမသိ သူ့မျက်ဝန်းက ပိုမိုတောက်ပလာသည် ။ ဤတောက်ပမှုက သင့် စိတ်ကို ပို၍ ထိတ်လန့်စေသည် ။ မတုန်မလှုပ် ငြိမ်ကုပ်နေမိသော သင့် ကို သူက အားမရသလို ရှေ့တိုး လာပြီး ဆွဲယမ်းကာ ...
“ကိုယ့်ကို တစ်ခုခု ပြန်ပြောစမ်းပါ ကလေးရယ် ”
ငြင်းဖို့ အားအင်တွေ အစွမ်းကုန်ထုတ်ဖို့ သူ့အကြည့်ကို လွှဲဖို့ ခေါင်းငုံ့မိမှ ခြေပွားကလေးက သင့် ကို ဆွဲဆောင်နေသလို ။
“ကျောင်း .. ကျောင်းပြန်ဖွင့်မှ ... ”
ကျောင်းပြန်ဖွင့်မှ စဉ်းစားပါရစေဟု ပြောချင်သော်လည်း အာစေးမိနေသလို ဆုံးအောင် စကားမဆက်နိုင်တော့ ။
“ ကျောင်းပြန်ဖွင့်မှာ တစ်လကြီးများတောင် ကြာနေဦးမယ် ။ စောင့်ပါမယ်လေ ။ ဝမ်းသာမယ့်အဖြေတော့ ဖြစ်ပါစေနော် ”
သင့် လက်ဖမိုးကို ရွှတ်ခနဲ နမ်းကာ နှစ်ခြိုက်ကျေနပ်စွာပြုံးရင်း ထွက်သွားသည် ။ သူ့ နှုတ်ခမ်းသားနှင့် ထိတွေ့ခဲ့သော နေရာသည် မီးလောင်ခံရသလို ပူလောင်နေသည် ။ နောက်ပြီး သူ့အပြုံးက သင့်ကို အရမ်းနှိပ်စက်သည် ။ သူတစ်ဖက်သားကို တစ်ဖက်သတ် အနိုင်ယူ အလဲထိုးနိုင်လိုက်သူ တစ်ယောက်ရဲ့ ကောက်ကျစ်ဖွယ် ကြောက်စရာအပြုံး ။ နွမ်းလျစွာ ဆင်းလာရင်း သူ့ကို မကျေနပ်သမျှ သန့် ကို ရန်တွေ့ဖို့ ဆုံးဖြတ်လိုက်သည် ။ သန့် ကတော့ အကြောင်းစုံကို သိရင် အရမ်းကျေနပ်သွားမှာပဲ ။ ဒီ လိုဖြစ်အောင်လည်း သူ ရှောင်ထွက်သွားတာ ။
••••• ••••• •••••
မနက်ဖြန်မှ စ၍ အောက်တိုဘာ တစ်လ ကျောင်းပိတ်ရက်ရမည်မို့ အတန်းထဲတွင် လူ သိပ်မရှိ ။ ပထမအချိန် ကတည်းက အတန်း မယူကြ၍ အတန်းလစ်ဖို့ စိတ်ကူးလိုက်သည် ။
“ သန့် ငါ ဟင်နရီဆာဒါးနားကား ကြည့်ချင်လို့ လိုက်ခဲ့ပါဟာ ”
“ နင့်ကားက ရှိသေးလို့လား ”
“ ရှိသေးတယ် ၊ ဘုရင့်နောင်ရုံမှာ ”
“ နင်ဟာလေ အဲဒီကား မကြည့်ရရင် သေတော့မယ့်အတိုင်းပဲ ”
ရုံတင်စကတည်းက ကြည့်ချင်တယ်ဟု တကျည်ကျည် ပူဆာခဲ့သော်လည်း စာမေးပွဲတွေနဲ့မို့ ဘယ်သူ့မှ အဖော်စပ်မရ ။ အခုတော့ ကျောင်းပိတ်၍ သန့် ကို မရရအောင်ခေါ်မည်ဟု စိတ်ပိုင်းဖြတ်လိုက်မိသည် ။
“ နင့် တွမ်ကို ငါ အဖြေပေးလိုက်ရတော့မှာလား ။ ငါ့ကို မသနားဘူးလား ”
“ လိုက်မယ် လိုက်မယ် ၊ စကားမရှည်နဲ့ ။ ဖား မှာ ထားတာ သွားယူပြီးလိုက်မယ် ”
••••• ••••• •••••
အချိန် နည်းနည်း နောက်ကျသွား၍ ရုပ်ရှင်ရုံထဲကို မှောင်ကြီးမည်းကြီးနှင့် ဝင်ရသည် ။ ရုံထဲမှာ လူတစ်ယောက်မှ မရှိ၍ မိန်းလမ်းဘေးက ခုံနှစ်ခုံကို ဝင်ထိုင်လိုက် ကြသည် ။
“ နင့်ကားက လူလည်း မရှိပါလား ”
“ ကြာပြီပဲ ၊ အခုအချိန်ကလည်း ရုပ်ရှင်ကြည့်ချိန်မှ မဟုတ်တာ ။ ရက် ကလည်း ကြားနေ့ကြီး ”
“ ကားကလည်း မကောင်းလိုက်တာ ”
“ ဒါပေမဲ့ မင်းသားမျက်နှာ ကြည့်ရတာနဲ့တင် တန်ပါတယ် ”
“ ထိုင်ရှိခိုးမနေနဲ့ ဦး ။ တော်သေးတာပေါ့ဟယ် ၊ နောက်မှာ အတွဲ နှစ်တွဲသုံးတွဲ ရှိပေလို့ ။ နို့မို့ဆို တစ်ရုံလုံး ငါတို့ နှစ်ယောက်တည်း ”
မျက်စိ ကျင့်သားရလာ၍ သန့် က ပတ်ဝန်းကျင် လေ့လာရေးလုပ်သည် ။
မုန့်ထည့်ထားသည့် ကြွပ်ကြွပ်အိတ်အသစ်ကို ဖွင့်လိုက်စဉ် သတ္တဝါ တစ်ကောင် ပခုံးပေါ်ခုန်တက်ပြီး ကန်ထွက်သွားသလို ခံစားရသည် ။ မုန့်ထည့်သည့် အိတ်နှင့် ဖားထည့်သည့် အိတ် မှားသွားပြီ ။
ကံကောင်းထောက်မစွာ အားလပ်ချိန် မီးထွန်း၍ မိန်းလမ်းမ လှေကားအတိုင်း ခုန်တက်သွားသည့် ဖားကလေးကို လိုက်ဖမ်းမိသည် ။ မမီ မကမ်းလိုက်ရင်း မိန်းလမ်းမထိပ် အပေါ်ဆုံးရောက်မှ အုပ်မိသွားသည် ။ ဖားတက်သည့် ခြေထောက်ကို မမြင်မဖြစ် ဖားကောက်ယူရင်း မြင်မိသွားသည်တွင် ... ။
ဘယ်တော့မှ မမေ့ပျောက်နိုင်သည့် ခြေပွားကလေး ရုတ်တရက် အလန့်တကြား မော့အကြည့်တွင် သူခိုးလူမိသည့် အသွင်နှင့် ချောင်ပိတ်မိနေသည့် တွမ် ဆိုသည့် သူ ။ သူ့ဘေးတွင် ဖားခုန်တက်လာမှာကို စိုးရွံ့ ထိတ်လန့်နေသည့် ၊ သူ့ကို အားကိုးတကြီး ဖက်တွယ်ကာ မျက်နှာအပ်ထားသည့် မိန်းကလေး ။
ပြောလိုက်ချင်သည် ၊ မကြောက်ပါနဲ့ မိန်းကလေးရယ် ။ ဖားကလေးက ဘာမှ မလုပ်နိုင်ပါဘူး ။ မင်း အားကိုးတကြီး ဖက်တွယ်နေတဲ့ သူကသာ မင်း အသည်းကို စားသွားမှာလို့ ။
ခံပြင်းဒေါသတွေ ရင်မှာ ဆူဝေလာသည် ။ အထင်သေးခြင်း ၊ စက်ဆုပ်ရွံရှာခြင်း ၊ အော့နှလုံးနာခြင်း အရိပ်အယောင်တို့ကို သင့် မျက်ဝန်းထဲတွင် သူ အလွယ်တကူ တွေ့ရှိနိုင်ပေမည် ။ သူ့ ထံတွင်တော့ မြတ်နိုးရသော ချစ်သူတစ်ယောက် လက်လွတ်ဆုံး ရှုံးရ၍ နှမြောတသ ကြေကွဲဝမ်းနည်းရမည့် အစား သေချာပေါက် အနိုင်ရရှိမည်ဟု တွက်ဆထားသော ပွဲတစ်ပွဲ လက်လွှတ်လိုက်ရ၍ ကံကြမ္မာကို မချိတင်ကဲ ခံပြင်းဒေါသ ထွက်သည့် အရိပ်အယောင်များသာ ကြီးစိုးနေသည် ။
ပခုံးပေါ် လာတင်သော သန့် လက်ကို ဆွဲပြီး ရုံထဲမှ ပြေးထွက်ခဲ့သည် ။ မည်သို့မည်ပုံ အိမ်ရောက်လာမှန်းပင် မသိတော့ ။
“ နင် ဖားခွဲချင်သေးလား ”
သန့် အမေးကို ခေါင်းခါပြလိုက်မိသည် ။
“ လွမ်းစရာရှိရင် နာစရာနဲ့ ဖြေပေါ့ဟာ ”
“ ခြေပွားကလေးက လွဲလို့ ဘာမှ လွမ်းစရာမရှိဘူး ။ ငါ ဖားမခွဲချင်တာ ဒီဖားကလေးကို ကျေးဇူးတင်လို့ မခွဲချင်တာ ”
ပြောပြောဆိုဆို အိမ်ရှေ့ ပန်းခြံထဲသို့ ဖားကလေးကို လွှတ်ပေးလိုက်မိသည် ။ ခုန်ဆွခုန်ဆွ ထွက်သွားသော ဖားကလေးကို ငေးရင်း ရင်ထဲမှ စကားတို့ကို တစ်လုံးချင်း သန့် ကြားအောင် ပြောချလိုက်မိသည် ။
“ ယောက်ျားလေး တစ်ယောက်ဆီက သိပ်ချစ်တာပဲ ဆိုတဲ့ စကား ကြားရတိုင်း ငါ ဒီအိပ်မက်တွေကို ထိန်းချုပ်လို့ မရအောင် ပြန်ပြန် မက်မိနေမှာပဲ ”
▢ မြနန္ဒာကျော် ၊ ဆေး - ၁ ၊
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
အမှတ် ၄၁
မတ်လ ၊ ၁၉၉၃ ခုနှစ်

No comments:
Post a Comment