❝ မိန်းကလေး သုံးယောက် ❞
( ပုံပြင် )
တရံရောအခါ တောနက်ထဲရှိ တဲကလေး တစ်တဲ၌ အမယ်အို တစ်ယောက် နေထိုင် လေ၏ ။ အမယ်အို၌ “ ဟေဆူနီ ၊ တော်ဆူနီ နှင့် ပီယိုဆူနီ ” ဟူ၍ သမီးကလေး သုံးယောက်ရှိလေ၏ ။
တစ်နေ့သ၌ အမယ်အိုသည် တောထဲသို့ ထင်းခွေ ထွက်ရန် သူ့သမီးတို့ကို ခေါ်ပြီးလျှင် “ သမီးတို့ အမေ ထင်းခွေ သွားမလို့ အိမ်မှာ တံခါးပိတ်ပြီး နေထိုင်ကြ ၊ ဘယ်သူ လာခေါ်ခေါ် ဖွင့်မပေးလေနှင့် ၊ တောထဲမှာ ကျားကြီးတစ်ကောင်သောင်းကျန်းနေတယ် ၊ သတိရှိကြစေနော် ” ဟုမှာထားခဲ့လေ၏ ။
ညီအစ်မ သုံးယောက်တို့လည်း အိမ်ကလေးကို တံခါးပိတ်ကာ နေရစ်ခဲ့ကြလေ၏ ။ ထိုအခိုက် အမယ်အို ပြောခဲ့သော ကျားကြီးသည် အိမ်ကလေး အနီးသို့ ရောက်လာလေ၏ ။ ကျားကြီးလည်း အမယ်အို အပြင်ဘက်သို့ ထွက်သွားမှန်း သိရ၍ အမယ်အိုယောင် ဆောင်ပြီးလျှင် ...
“ သမီးတို့ အမေ ပြန်လာပြီ ၊ တံခါး ဖွင့်ပေးပါ ” ဟု ခေါ်လိုက်လေ၏ ။ ထိုအခါ အစ်မကြီး ဟေဆူနီ က “ အလို အမေ့အသံလည်း မဟုတ်ဘူး ၊ အမေ့အသံ ဒီလို မအက်ပါဘူး ” ဟု ပြန်ပြောလိုက်ရာကျားကြီးက “ အမေပါပဲကွယ် ၊ အမေ ပြန်လာရာမှာ အလှူတစ်ခုမှာ ဝင်ပြီး သီချင်းဆိုခဲ့ ရလို့ အသံ အက်နေတာပါ ” ဟု ပြန်ပြောလိုက်လေ၏ ။
ထို့နောက် ညီမအကြီး တော်ဆူနီ က “ ဒါဖြင့် အမေ့မျက်စိကို ကြည့်ချင်ပါတယ် ၊ ပြပါ ” ဟုပြောလိုက်လေ၏ ။
ကျားကြီး ကလည်း “ ကောင်းပါပြီ ။ ပြမယ် ” ဟု ဆိုကာ သော့ပေါက်ကလေးမှ သူ၏ မျက်စိကြီးကို ပြလိုက်လေ၏ ။ တော်ဆူနီ ကလည်း ကျားကြီး၏ မျက်စိနီကြီးကို ကြည့်လိုက်ပြီး လျှင် “ အလို ... အမေ့မျက်စိ ကလည်း ဒီလို မဟုတ်ပါဘူး ၊ မျက်စိကြီး ကလည်း နီလို့ပါလား ” ဟု ပြန်ပြောလိုက်လေ၏ ။ ထိုအခါ ကျားကြီးက ရုတ်တရက် “ အို ... ငါ့မျက်စိက နီမှာပေါ့ ၊ လမ်းမှာ ငါ ပြန်လာတုန်းက အဘွားအိမ် ကို ဝင်ခဲ့လို့ အဘွားက ငါ့ကို ငရုပ်ကောင်း အကြိတ်ခိုင်းတယ် ၊ အဲဒါ ငါ့မျက်စိထဲကို ငရုပ်ကောင်းမှုန့်တွေ စင်ဝင်လို့ မျက်စိ နီနေတာပါ ” ဟု ပြန်ပြောလိုက်လေ၏ ။
ထို့နောက် ညီမအငယ် ပီယိုဆူနီ က “ ဒါဖြင့် အမေ့လက်ကို ကြည့်ချင်ပါသေးတယ် ၊ ပြပါ ” ဟု ပြောလိုက်လေ၏ ။ ထိုအခါ ကျားကြီးက သူ၏ အမွေးထူသော လက်ဝါးကြီးကို ပြတင်းပေါက်ကြားမှ နေ၍ ပြလိုက်လေ၏ ။ ကျားကြီး၏ လက်ကို မြင်ရသော ပီယိုဆူနီ ကလည်း “ အလို ဒါ အမေ့လက်မှ မဟုတ်ဘဲ ၊ အမေ့လက် မဟုတ်လို့သာ လက်ကြီးက ဝါနေတာပေါ့ ” ဟု ပြန်ပြော လိုက်လေ၏ ။ ကျားကြီး ကလည်း “ ငါ မင်းတို့အမေ အစစ်ပါကွယ် ၊ လမ်းမှာ ပြန်လာတော့ ဆွေမျိုးတွေ အိမ်ကို ဝင်ခဲ့တယ် ၊ သူတို့က အိမ်ဆောက် နေကြတယ် ၊ အိမ်ဆောက်ရာမှာ ငါက ဝင်ပြီးတော့ ရွံ့တွေ သုတ်ပေးခဲ့ရလို့ ဝါနေတာပါ ” ဟု ညာပြောလိုက်ပြန်လေ၏ ။
ထို့ကြောင့် မိန်းကလေး သုံးယောက်တို့က သူတို့အမေဟု ယုံကြည်၍ တံခါးကိုဖွင့် ပေးလိုက်ကြလေ၏ ။ သူတို့သည် အခန်းထဲသို့ တိုးဝင်လာသော ကျားကြီးကို မြင်ကြသောအခါ ကြောက်အားလန့်အားနှင့် အိမ်ပြင်ဘက်သို့ ထွက်ပြေးကြရလေ၏ ။ သူတို့သည် ကျားကြီး လိုက်လာတော့မည်ကို သိကြ၍ သစ်ပင်ကြီး တစ်ပါ်သို့ တက်ကာ ပုန်းနေကြလေ၏ ။ ကျားကြီးလည်း မိန်းကလေးတို့ကို မမြင်ရသောအခါ အိမ်ပြင်ဘက်သို့ လိုက်၍ ရှာလေ၏ ။ ရှာ၍ မတွေ့ သောအခါ အိမ်ဘေးရှိ ရေကန်ကြီးအနီးသို့ ရောက်သွားလေ၏ ။ ရေကန်ထဲသို့ ငုံ့၍ ကြည့်လိုက် သောအခါ သစ်ပင်ပေါ်သို့ တက်ကာ ပုန်းနေကြသော ညီအစ်မ သုံးယောက်ကို ရေရိပ်ထဲမှာ တွေ့မြင်ရလေ၏ ။ ထိုအခါ ကျားကြီးက “ ဟေ့ ... မိန်းကလေးတို့ ၊ ငါလည်း သစ်ပင်ပေါ်ကို လိုက်တက်ချင်တယ်ကွယ် ၊ ဘယ်လိုလုပ်ပြီး တက်ရမလဲ ” ဟု မေးလိုက်လေ၏ ။ ထိုအခါ အစ်မကြီး ဟေဆူနီ က “ သစ်ပင်ပေါ် တက်ချင်တာဖြင့် ဟောဟို ဆီပုံးထဲက ဆီကို ယူပြီး သစ်ပင်ကို သုတ် လိုက်ပါ ၊ တက်လို့ ရပါလိမ့်မယ် ” ဟု ပြောလိုက်လေ၏ ။ ကျားကြီးလည်း အဟုတ် ထင်မှတ်ကာ ဆီပုံးထဲမှ ဆီကို ယူ၍ သုတ်ကာ တက်လေရာ သစ်ပင်မှာ ချောနေသဖြင့် တက်၍ မရနိုင်တော့ချေ ။
ထို့ကြောင့် ကျားကြီးက နောက်ထပ် “ ဟေ့ ... မိန်းကလေးတို့ ငါလည်း သစ်ပင်ပေါ် တက်ချင်ပါတယ် ၊ ဘယ်လိုလုပ်ပြီး တက်ရမလဲ ၊ ပြောစမ်းပါ ” ဟု မေးလိုက်လေ၏ ။ ထိုအခါ ညီမအကြီး တော်ဆူနီ က သတိမေ့ပြီးလျှင် “ သစ်ပင်ပေါ်ကို တက်လာချင်တာဖြင့် ဟောဟို တဲထဲမှာ ပုဆိန်တစ်ချောင်း ရှိလေရဲ့ ၊ အဲဒါကို ယူပြီး သစ်ပင်ကို ထစ်လိုက်ပါ ၊ တက်နိုင်ပါတယ် ” ဟု ပြော လိုက်လေ၏ ။ ကျားကြီးလည်း ပုဆိန်ကို ယူကာ သစ်ပင်ကို ထစ်လိုက်ရာ တက်၍ ရလေ၏ ။ ထိုသို့ ကျားကြီး တက်လိုက်လာသောအခါ ညီအစ်မ သုံးယောက်တို့က ကောင်းကင်သို့ မော့ကြည့် လျက် “ နတ်မင်းကြီးရယ် ၊ ကယ်တော်မူပါ ၊ ရွှေရေပုံးကြီးကို ပစ်ချလိုက်စမ်းပါ ” ဟု တောင့်တ လိုက်ကြလေ၏ ။ မကြာမီမှာပင် သူတို့ တောင့်တသည့် အတိုင်း ကောင်းကင်မှ ရွှေရေပုံးကြီး တစ်ပုံး ကြိုးဖြင့် ကျလာလေ၏ ။ ညီအစ်မ သုံးယောက်တို့လည်း ရွှေရေပုံးကြီး ထဲသို့ ဝင်လိုက်ကြ သောအခါ ကြိုးက ကောင်းကင်သို့ ဆွဲ၍ မတင် သွားလေ၏ ။
ထိုသို့ ညီအစ်မ သုံးယောက်တို့ ကောင်းကင်သို့ ရောက်သွားသည်ကို မြင်ရသော ကျားကြီးမှာ သူလည်း ကောင်းကင်သို့ လိုက်ချင်သည် ဖြစ်၍ “ နတ်မင်းကြီးရယ် ၊ ကယ်တော်မူပါ ၊ ရွှေရေပုံးကြီးကို ချပေးလိုက်စမ်းပါ ” ဟု တောင့်တလိုက်လေ၏ ။ ရွှေရေပုံးကြီး ကလည်း ပြန် ကျလာလေ၏ ။ ထိုအခါ ကျားကြီးလည်း ရေပုံးကြီးထဲသို့ ဝင်ကာ လိုက်ပါသွားလေ၏ ။ ကျားကြီး ဝင်လိုက် သွားသော ရေပုံးကြိုးမှာ ဆွေးနေ သဖြင့် လမ်းတစ်ဝက်သို့ ရောက်သောအခါ ပြုတ်ကျ ပြီးလျှင် ကျားကြီးသည် လူးခင်းထဲသို့ လိမ့်ကျ သွားလေ၏ ။ ထိုသို့ ကျသွားသောအခါ ကျားကြီး ကိုယ်မှ သွေးများသည် လူးခင်း ထဲတွင် ပျံ့နှံ့ကာ လူးပင်များကို ပေစွန်းစေလေ၏ ။ ထို့ကြောင့် ယနေ့ တိုင်အောင် လူးဆန်များတွင် အနီစက်များ စွန်းနေခြင်း ဖြစ်လေ၏ ။
ကောင်းကင်သို့ ရောက်သွားသော ညီအစ်မ သုံးယောက်တွင် အစ်မကြီး ဟေဆူနီ မှာ နတ်မင်းကြီးက နေ့အချိန် လင်းစေရန် နေမင်းကြီး အဖြစ် တာဝန် ပေးလိုက်လေ၏ ။ ညီမအကြီး တော်ဆူနီ ကိုမူ နတ်မင်းကြီးက ညအချိန် လင်းစေရန် လမင်းကြီး အဖြစ် တာဝန်ချပေးလိုက်လေ၏ ။ ညီမအငယ် ပီယိုဆူနီ ကိုမူ နတ်မင်းကြီးက တော်ဆူနီ အိပ်သည့် အချိန် လရောင် မလင်းနိုင်သည့် အခါ၌ လင်းစေရန် ကြယ်ပွင့်ကလေး အဖြစ် တာဝန်ချပေးလိုက်လေ၏ ။ ထိုနေ့မှ စ၍ ဟေဆူနီ ၊ တော်ဆူနီ နှင့် ပီယိုဆူနီ တို့ ညီအစ်မ သုံးယောက်တို့သည် နေမင်း ၊ လမင်း နှင့် ကြယ် ပွင့်ကလေး အဖြစ် သူတို့ တာဝန်များကို ထမ်းဆောင်နေကြခြင်းသာ ဖြစ်လေသတည်း ။
( ဘာသာပြန် )
⎕ နုယဉ်
📖ရှုမဝ မဂ္ဂဇင်း
၁၉၆၁ ၊ ဖေဖော်ဝါရီ
No comments:
Post a Comment