❝ ဘုရင့်အာဏာနှင့် သူ့ပညာ ❞
( ပုံပြင် )
ဟိုးရှေးရှေးတုန်းက ( ကိုးကန့် ) ပြည်ကို အလွန်ရက်စက်ကြမ်းကြုတ်တဲ့ ဘုရင်တပါး အုပ်စိုးသတဲ့ ။ သူ့လက်သုံးစကား ကတော့ “ ရွှေငွေကျောက်သံပတ္တမြားတွေ အပြည့်ထားတဲ့ အိမ်နဲ့ ငါ့နန်းတော်ရှေ့မှာ ရှိတဲ့ ဖန်ခွက်ကြီးနဲ့ ယှဉ်ထားရင် ငါ့ဖန်ခွက်ကြီးက သာပြီး အဖိုးတန် တယ် ” လို့ ပြောလေ့ ရှိသတဲ့ ။ အဲဒီ ဖန်ခွက်ကြီးဟာ အလွန်လှပတဲ့ ဒီဇိုင်းလက်ရာတွေနဲ့ အပြည့်ပဲတဲ့ ။ အဲဒီ ဖန်ခွက်ကြီးကို ရိုးရိုးမျက်စိနဲ့ ကြည့်လို့ မမြင်ရဘူးတဲ့ ။ ( ဟန် ) လူမျိုးတွေလုပ်တဲ့ မှန်ဘီလူးနဲ့ ကြည့်မှပဲ မြင်ရသတဲ့ကွယ် ။ အဲဒီဖန်ခွက်ကြီးကို ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင် လောက်က ( ဟိုလဇ်မ ) ဆိုတဲ့ အရပ်က အလွန် ကျွမ်းကျင်တဲ့ လက်မှုပညာသည် တစ်ယောက်က လုပ်ခဲ့တဲ့ ခွက်ဖြစ်သတဲ့ ။ ဒါပေမယ့် အဲဒီ ခွက်မျိုးကို ဘယ်လို လုပ်ရတယ်ဆိုတဲ့ နည်းကို ဘယ်သူ့ ကိုမှ သင်မပေးခဲ့ဘူးတဲ့ကွယ် ။ အခု ( မဒရီ ) ဘုရင်ကြီး လက်ထက်ကျတော့ ရှားရှားပါးပါး ဖြစ်နေတော့ သိပ်မြတ်နိုးသတဲ့ ။ နန်းရင်ပြင်မှာ အပြာရောင် ရောင်ခြည်တွေ ဖြာထွက်နေတဲ့ ဖန်ခွက်ကြီးကို လက်နက်ကိုင် စစ်သား ( ၁၀၀ ) နဲ့ နေ့ရောညပါ စောင့်စေသတဲ့ ။
ဒါနဲ့ တစ်နေ့ကျတော့ ( မဒရီ ) ဘုရင်ကြီးဟာ စစ်အောင်မြင်ပြီး စစ်မြေက ပြန်လာသတဲ့ ။ နန်းရင်ပြင်ရှေ့ ရောက်တော့ အောင်မြင်ခြင်း အထိမ်းအမှတ်နဲ့ တံပိုးမှုတ်ဖို့ တံပိုးမှုတ်သူ ကို အမိန့်ပေးသတဲ့ ။ တံပိုးမှုတ်သူလည်း ဘုရင့် အမိန့်အတိုင်း တံပိုးကို မိုးပေါ် ထောင်ပြီး စိတ်တက်ကြွဖွယ် မှုတ်သတဲ့ ။ တံပိုးသံဟာ နန်းရင်ပြင်ကို ရိုက်ခတ်ပြီး လှုပ်ခါသွားသတဲ့ ။ အဲဒီလို
လှုပ်ခါသွားတော့ နန်းရင်ပြင်မှာ ထားတဲ့ ( မဒရီ ) ဘုရင် အလွန် တန်ဖိုးထားတဲ့ ဖန်ခွက်ကြီးဟာ မြေကြီးပေါ် လဲသွားပြီး အစိပ်စိပ်အမြွှာမြွှာ ကွဲသွားပါလေရောတဲ့ကွယ် ။ အဲဒီလို ဖန်ခွက်ကြီး ကွဲသွားတာသိတော့ ( မဒရီ ) ဘုရင်ဟာ စိတ်ထိခိုက်ပြီး နန်းတော်ထဲက သုံးရက် မထွက်တော့ဘဲ ဘယ်သူ့ကို မှလည်း အတွေ့ မခံတော့ဘူးတဲ့ ။ လေးရက်မြောက်တဲ့နေ့ ကျတော့ သူ့မြို့တော်မှာ ရှိတဲ့ အလွန်တော်တဲ့ အိုးလုပ်သူတွေကို ရှေ့တော်မှောက် သွင်းပြီး ကွဲသွားတဲ့ ဖန်ခွက်ကြီးကို သူ့ အကောင်းပကတိ ပြန်ဖြစ်အောင် လုပ်ရမယ် ။ ဖန်ကွဲစတွေ ပြန်ဆက်တဲ့ ဆက်ရာလည်း မပေါ် စေရဘူးလို့ အမိန့်ထုတ်သတဲ့ ။ အဲဒီတော့ အိုးလုပ်သူတွေက သူတို့မှာ ဘုရင် ခိုင်းစေသလို ဖန်ခွက်ကြီး ပြန်ကောင်းအောင် လုပ်နိုင်လောက်အောင် ပညာရည် မပြည့်ဝသေးလို့ လုပ်ဆောင် နိုင်မယ် မဟုတ်ပါဘူးလို့ ပြန်လည် လျှောက်ထားကြသတဲ့ ။ ( မဒရီ ) ဘုရင်ကြီးလည်း အဲဒီတော့ အမျက်တော် ထွက်ပြီး “ ငါကိုယ်တော်မြတ်ရဲ့ဖန်ခွက်ကြီးမှာ အက်တဲ့ အကြောင်းတွေ့ရင် မောင်မင်းတို့ကို ကြိုးဆွဲချသ,တ်မယ် ၊ မြန်မြန်ပြီးအောင် လုပ်ရမယ် ၊ ဒါ ငါကိုယ်တော်မြတ်ရဲ့ အမိန့် ပဲ ” လို့ တစ်ချက်လွတ် အမိန့်ပေးပြီး နန်းမဆောင်ထဲ ဝင်သွားသတဲ့ ။ ဒီလို ဘုရင်ကြီးက အမျက်တော်ရှပြီးအမိန့်ရှိတော့ ဘယ်သူမှ ပြန်မလျှောက်တင်ရဲကြတော့ဘူးပေါ့ ။ အစိတ်စိတ် အမြွာမြွာ ကွဲနေတဲ့ ဖန်ကွဲစတွေ ကောက်ပြီး စိတ်ဆင်းဆင်းရဲရဲနဲ့ အိမ်ပြန်ကြရရှာသတဲ့ ။
ညကျတော့လည်း ဖန်ခွက်စတွေကို ဝိုင်းကြည့်ပြီး ဘယ်လိုက စပြီး ဖန်ခွက်ကြီး ဖြစ်အောင် ဆက်ရမယ်ဆိုတာ ဘဲဥအစ ရှာမရသလို ဖြစ်နေကြသတဲ့ ။ မနက် လင်းခါနီးကျတော့ သူတို့ စုဝေး ထိုင်နေတဲ့ နေရာမှာ လူတိုင်းရဲ့ သက်ပြင်းချသံနဲ့ ရှိုက်ငိုသံတွေသာ ကြားရသတဲ့ ။ ဟုတ်တယ်လေ ၊ သူတို့တတွေ မလုပ်နိုင်ရင် ဘုရင်က သ,တ်ပစ်မယ် မဟုတ်လား ။ အဲဒီအချိန်မှာ “ မုတ်ဆိတ်နက်အလီ ” ဆိုတဲ့ အိုးလုပ်သူက မတ်တတ်ရပ်ပြီး “ ကဲ ... ကိုယ့်လူတို့ ၊ တို့ ဒီလို ငိုနေလို့တော့ တို့ကိစ္စ ပြီးမှာ မဟုတ်ဘူး ၊ တို့ငိုနေတဲ့ မျက်ရည်က တို့ဒုက္ခကို ကယ်နိုင်မှာ မဟုတ်ဘူး ၊ ဘုရင် ကတော့ အလွန် ရက်စက်တယ် ၊ ပြောတဲ့အတိုင်း တို့ မလုပ်နိုင်ရင်တော့ သ,တ်မှာအမှန် ပဲ ၊ တစ်ခုတော့ ရှိပါရဲ့ ၊ ဖခင်ကြီး အစ္စမံ တော့ တို့ဒုက္ခကို ကယ်နိုင်ကောင်းပါရဲ့ ၊ သူက အသက် တစ်ရာ ကျော်ပြီ ၊ သောကြောနေ့တိုင်း ဈေးကို လာလာပြီး မြေအိုးမြေခွက်တွေ လာရောင်းတယ် ၊ အိုးအကြောင်း ကောင်းကောင်းနားလည်သူများဟာ သူ့ အိုးတစ်လုံးကို ငွေဒင်္ဂါး ( ၂ဝ ) အောင်စ ပေးပြီး ဝယ်ကြတယ် ၊ ဘာပြုလို့လဲ ဆိုတော့ အလွန် ပူအိုက်တဲ့ ရာသီမှာတောင် သူ့ အိုးထဲ ရေထည့်ပြီး သောက်ရင် တောင်ပေါ်ကျတဲ့ နှင်းရေလို အေးမြနေလို့ပဲ ” လို့ ပြောသတဲ့ ။ “ မုတ်ဆိတ်နက်အလီ ” က ဒီလို ပြောလိုက်တယ် ဆိုရင်ပဲ အိုးလုပ်သူတွေဟာ သူတို့ မြင်းတွေပေါ် ပြေးတက် ကြပြီး ဖခင်ကြီး အစ္စမံ နေတဲ့ ရွာကို စိုင်းပြေးကြသတဲ့ ။ ဟိုရောက်တော့ ဖခင်ကြီး အစ္စမံ က အိုးလုပ်သူတွေကို ကောင်းကောင်းမွန်မွန်ပဲ ဧည့်ခံသတဲ့ ။ သူ့မြေးလည်း ဖြစ် ၊ အလုပ်သင်လည်း ဖြစ်တဲ့ ( ချဖာရ် ) ကို လက်ဖက်ရည် တိုက်စေသတဲ့ ။ အိုးလုပ်သူ တစ်ယောက်ကို လက်ဖက်ရည် ဆယ့်နှစ်ခွက် သောက်ပြီး တာတောင် ဖခင်ကြီး အစ္စမံ ဟာ အိုးလုပ်သူတွေ ယူလာတဲ့ ဖန်ကွဲစတွေကို လက်နဲ့ ကိုင်စမ်းကြည့်နေတုန်းပဲတဲ့ ။ ဒီလိုနဲ့ နောက်ဆုံး နေဝင်ချိန်ကျ တော့မှပဲ “ ဒီအကွဲတွေကို ဘယ်လိုနည်းနဲ့မှ ပြန်ဆက်လို့ရမှာ မဟုတ်ဘူး ” လို့ ခေါင်းရမ်းပြီး ပြောသတဲ့ ။ အိုးလုပ်သူတွေ ကလည်း မျက်ရည် အသွယ်သွယ်ကျပြီး ငိုကြသတဲ့ ။ “ မုတ်ဆိတ်နက်အလီ ” က ငိုပြီး “ အို ... ဖခင်ရယ် ၊ ဖခင်ကြီးမှ မကယ်ရင် ကျွန်တော်တို့ သေဖို့ရာသာ ရှိပါတော့တယ် ” လို့ ပြောသတဲ့ ။ ဒီတော့ ဖခင်ကြီး အစ္စမံ က “ ဟာ ... ဒီလို မဟုတ်သေးပါဘူး ၊ မင်း တို့ မသေရပါဘူး ၊ ကဲ ... ကဲ ရှင်ဘုရင် ဆီသွားပြီး တစ်နှစ် အချိန်ပေးပါလို့ သွားလျှောက်ချေကြ ၊ တစ်နှစ်အတွင်း ဆိုရင်တော့ ဖြစ်အောင် လုပ်ပေးမယ်လို့ ” ပြောသတဲ့ ။ ရှင်ဘုရင် ကလည်း ခွင့်ပေးလိုက်သတဲ့ ။
ဒီလိုနဲ့ တစ်နှစ်ပတ်လုံး ဖခင်ကြီး အစ္စမံ ကို ဘယ်သူမှ မမြင်ရဘူးတဲ့ ။ နေ့နဲ့ညသာ ကူးသွားတယ် ၊ အိမ်ထဲကကို မထွက်ဘူးတဲ့ ၊ အိုးလုပ်သူတွေလည်း ရင်တထိတ်ထိတ်နဲ့ပဲ အချိန် စေ့မှာကို စောင့်နေကြသတဲ့ ။ တစ်နှစ် စေ့တဲ့ မနက်ကျတော့ အိုးလုပ်သူတွေ အားလုံးကို ဖမ်းပြီး ကြိုးဆွဲချသ,တ်ဖို့ အာဏာသားတွေကို အမိန့်ပေးသတဲ့ ။ ဘုရင်က အလွန် ရက်စက်ကြမ်းကြုတ် တော့ သနားတယ် ဆိုတာ သူ့အဖို့ နားမလည်ဘူးပေါ့ ။ ကြိုးဆွဲချသ,တ်မယ် ဆိုတာ လူတွေ သိအောင် တံပိုးတွေ မှုတ်နေပြီ ။ အိုးလုပ်သူတွေအဖို့ သေဖို့ရာက လွတ်ဖို့ လမ်းမမြင်တော့ဘူးပေါ့ ။ အဲဒီအချိန်မှာပဲ ဖခင်ကြီး အစ္စမံ ဟာ သူ့ မြည်းကလေး စီးပြီး သူ့မြေး ( ချဖာရ် ) က အထုပ်တစ်ထုပ်ကို ထမ်းပြီး လာသတဲ့ ။ ဖခင်ကြီး အစ္စမံ ဟာ အလွန် အိုမင်းနေတာကို လူတွေက သတိ ထားမိကြသတဲ့ ။ လက်တွေခြေတွေ တုန်ပြီး မျက်လုံးလည်း ကြည်ကြည်လင်လင် မရှိတော့ဘူးတဲ့ ။ ဖခင်ကြီး အစ္စမံ မြည်းပေါ်က ဆင်းပြီး သူ့ပတ်လေးလယ်က လူတွေကို နှုတ်ဆက်သတဲ့ ။ ပြီးတော့ အသ,တ်ခံရမယ့် အိုးလုပ်သူတွေရဲ့ ဘေးက မြက်ခင်းပေါ်မှာ ထိုင်သတဲ့ ။ ပြီးမှ သူ့မြေး ( ချဖာရ် ) ကို အထုပ် ဖြေစေသတဲ့ ။ အထုပ်ကို ဖြေလိုက်တယ် ဆိုရင်ပဲ ဝိုင်းကြည့်နေကြတဲ့ ပရိသတ်က ဝိုင်းပြီး ဩဘာပေးကြသတဲ့ ။ “ ဟာ ... ဘယ်လောက် အံ့ဩဖို့ကောင်းသလဲ ၊ ဒါဟာ ဘုရင်ကြီးရဲ့ အလွန် အဖိုးထိုက်တဲ့ ဖန်ခွက်ကြီးပဲ ၊ ဟာ ... ဖန်ကွဲစတွေက နေပြီး ကမ္ဘာပေါ်မှာ အလှဆုံး ၊ အဖိုးတန်ဆုံး ဖြစ်လာတာပဲ ” ဟု တစ်ယောက်တစ်ပေါက် ဝိုင်းပြောကြသတဲ့ ။ ဒီတော့ မှ အိုးလုပ်သူတွေဟာ မျက်ရည် အသွယ်သွယ် ကျနေတဲ့ ကြားက ရဲရဲဝံ့ဝံ့ ရယ်ဝံ့ကြသတဲ့ ။ “ မုတ်ဆိတ်နက်အလီ ” က ခွက်ကြီး တစ်ခု ယူပြီး လူပရိသတ် အလယ်မှာ အလှူခံသတဲ့ ။ မိန်းမတွေက သူတို့ ဝတ်ထားတဲ့ ရွှေလက်ကောက်တွေ ၊ ရွှေနားကပ်တွေ ၊ ယောက်ျားတွေက ရွှေဒင်္ဂါးပြားတွေ ၊ ကလေးတွေက သူတို့ ခေါင်းမှာ ဆောင်းထားတဲ့ ပန်းထိုးထားတဲ့ ဦးထုပ်တွေကို ထည့်ကြသတဲ့ ။ ခွက်ကြီးထဲ ရွှေငွေတွေ ပြည့်သွားတဲ့ အချိန်မှာ “ မုတ်ဆိတ်နက်အလီ ” ဟာ ဖခင်ကြီး အစ္စမံရှေ့ မှာ ဒူးထောက်ပြီး ရွှေငွေအပြည့်ပါတဲ့ ခွက်ကြီးကို လက်ခံပါလို့ တောင်းပန်သတဲ့ ။ ဒါပေမယ့် ဖခင်ကြီး အစ္စမံ ဟာ လက်မခံဘဲ ပယ်ချလိုက်သတဲ့ ။ “ ငါ့ရဲ့ လက်နဲ့ ဒီဖန်ခွက်ကြီးကို ပြုလုပ်ပြီး မင်းတို့ရဲ့ အသက်ကို ကယ်ခဲ့ပြီ ။ မင်းတို့ရဲ့ ဇနီးများနဲ့ ကလေးများ အဖို့လည်း ငါဟာ သူတို့ရဲ့ လင်ယောက်ျားများနဲ့ ဖခင်များကို ကယ်ခဲ့ပြီ ။ ဒါဟာ ငါ့အလုပ်ပဲ ။ မင်းတို့ဆီက ဘာလက်ဆောင်မှ မယူလို ” လို့ ပြောသတဲ့ ။ ရက်သတ္တပတ် အတွင်းမှာပဲ ဖခင်ကြီး အစ္စမံ ရဲ့သတင်းဟာ ကိုးကန့် တစ်နယ်လုံးမှာ ကျော်ကြား သွားသတဲ့ ။
ဒီလိုနဲ့ အိုးလုပ်သူတွေက တစ်နေ့ကျတော့ ဖခင်ကြီး အစ္စမံ ဆီကို သွားပြီး ဖန်ခွက် လုပ်တဲ့နည်းကို သင်ပြပေးပါလို့ ဝိုင်းဝန်း ပြောကြသတဲ့ ။ ဒီတော့ ဖခင်ကြီး အစ္စမံ က “ အေး ငါ့မှာ ဘာလျှို့ဝှက်ချက်မှ မရှိပါဘူး ၊ မင်းတို့လိုပဲ မြေကြီးရယ် ၊ သဲရယ် ၊ ရေရယ်ရောပြီး အိုးလုပ် ရောင်းတာပဲ ၊ ဘုရင့် အတွက် အိုးလုပ်နည်းလည်း ဒီနည်းပဲ ၊ လယ်သမား အတွက် အိုးလုပ်လည်း ဒီနည်းပဲ ၊ ဒါပေမယ့် တစ်ခုတော့ ရှိရဲ့ ၊ ငါဟာ အိုးလုပ်တဲ့ အလုပ်ကို အလွန် ခင်မင်တယ် ၊ စူးစူးစိုက်စိုက်နဲ့ ကောင်းသည်ထက် ကောင်းအောင် ကြိုးစားလုပ်တယ် ” လို့ ပြောသတဲ့ ။ ဒီလိုနဲ့ နောက် ဆုံး ဘာစကားမှ မရတော့ အိုးလုပ်သူတွေဟာ ပြန်သွားကြရသတဲ့ ။ သူတို့ စိတ်ထဲမှာ ဖခင်ကြီး “ အစ္စမံ ” ဟာ သူတတ်တဲ့ ပညာကို တပါးသူ ပြရမှာ အလွန် တွန့်တိုတယ်လို့ ခိုးလိုးခုလု ဖြစ်နေကြ သတဲ့ ။ အဲဒီလို ဖြစ်နေတဲ့ အထဲမှာ တစ်နေ့ကျတော့ သူ့မြေး ( ချဖာရ်) ဟာ ဖခင်ကြီး ” အစ္စမံ ” ရှေ့ မှာ ဒူးထောက်ပြီး“ ဘိုးတော်ရယ် ၊ ဘိုးတော်မှာ ဆွေမျိုး ဆိုလို့ ကျွန်တော်နဲ့ ညီမလေး ဆမ်ဟန် သာ ရှိပါတယ် ။ ဒီတော့ ဘိုးတော်လည်း အသက်ကြီးပါပြီ ။ ကျွန်တော့်ကို ပညာအကုန် သင်ပေးခဲ့ပါ ” လို့ တောင်းပန်ရှာသတဲ့ ။ ဒီတော့ ဖခင်ကြီး “ အစ္စမံ ” ဟာ သူ့မြေး ( ချဖာရ် ) ကို အကြာကြီး စိုက်ကြည့် နေပြီး စကားတစ်ခွန်းမှ ပြန်မပြောဘဲ သူ့အလုပ် လုပ်တဲ့ တဲလေးထဲ ဝင်သွားသတဲ့ ။ အဲဒီနေ့က စပြီး ဖခင်ကြီး အစ္စမံအိမ်ဟာ ခြောက်ကပ်ကပ်ကြီး ဖြစ်နေသတဲ့ ။ ( ချဖာရ် ) လည်းစိတ် ဆင်းရဲ ၊ သူ့ညီမလေး ( ဆမ်ဟန် ) လည်း ငိုပေါ့ ။ ဒါနဲ့ သောကြာနေ့ ရောက်တော့ ( ချဖာရ် ) က ထုံးစံ အတိုင်းပဲ သူ့အဘိုးဟာ သူ့ကိုခေါ်ပြီး ဈေးကို သွားမှာပဲလို့ မျှော်လင့်ပြီး စောင့်နေသတဲ့ ။ ဒါပေမယ့် သူ့အဘိုးဟာ သူမျှော်လင့် ထားသလို သူ့ကို မခေါ်ဘဲ တစ်ယောက်တည်း ဈေးရောင်း ထွက်သွားသတဲ့ ။ ဒီတော့ ( ချဖာရ် ) ခမျာ “ အင်း ... ငါ့အဘိုးဟာ ဟိုနေ့က ပညာ သင်ပေးဖို့ ပြောတာနဲ့ ငါ့ကို မယုံတော့ပါလား ” လို့တွေးပြီး စိတ်ဆင်းရဲစွာနဲ့ ထိုင်ပြီး တွေးနေသတဲ့ ။ အဲဒီအချိန်မှာပဲ သူ့ညီမလေး ( ဆမ်ဟန် ) ဟာ သူ့အဘိုး ဈေးသွားတုန်း သူအလုပ်လုပ်တဲ့ တဲလေးထဲမှာ ဝင်ကြည့် ဖို့ရာ ခေါ်သတဲ့ ။ ဒီတော့ ( ချဖာရ် ) က “ ဟာ ... သူ့တဲနား ကပ်တာတောင် မကြိုက်တာ ၊ ဝင်ကြည့်လို့ ဘယ်ဖြစ်မှာလဲ ” လို့ ပြန်ပြောသတဲ့ ။ နောက်ဆုံး ( ဆမ်ဟန် ) က ဇွတ်ဆွဲတာနဲ့ လိုက်သွား သတဲ့ ။ တဲထဲ ရောက်တော့ ထွေထွေထူးထူး ဘာမှ မတွေ့ရဘူးတဲ့ ။ သူ့ညီမလေးက အထုပ်ကြီး တစ်ထုပ် ဆွဲပြီး “ ဟောဒီ အထုပ်ကို အဘိုး ခဏခဏ ကြည့်ကြည့် နေတယ် ၊ ဖွင့်ကြည့်ရအောင် ” ဆိုပြီး ဖွင့်ကြည့် လိုက်ကြသတဲ့ ။ အထုပ်ကို ဖွင့်လိုက်တော့ ( မဒရီ ) ဘုရင်ကြီးရဲ့ ဖန်ခွက်ကြီး အကွဲအစတွေကို အံ့ဩစွာ တွေ့ရသတဲ့ ။ ဒီတော့မှ ( ချဖာရ် ) လည်း အိုးလုပ်သူတွေရဲ့အသက်ကို ကယ်လိုက်တဲ့ ဖန်ခွက်ကြီးဟာ ( မဒရီ ) ဘုရင်ကြီးရဲ့ ဖန်ခွက် အကွဲကို ပြန်ဆက်ပြီး လုပ်တာ မဟုတ်ဘဲ သူ့အဘိုးဟာ သူ့ဟာသူ ( မဒရီ ) ဘုရင်ရဲ့ ဖန်ခွက်ကြီးနဲ့ ထပ်တူထပ်မျှ ဖြစ်အောင် ကိုယ်ပိုင်ဉာဏ်နဲ့ လုပ်ကြောင်း သိသတဲ့ ။ ပြီး အိုးလုပ်တဲ့သူတွေ နည်းတောင်းစဉ်က သူ့အဘိုး ပြောလိုက်တဲ့ စကားကိုလည်း ( ချဖာရ် ) ဟာ အဲဒီတော့မှ သဘောပေါက်သတဲ့ ။ အသက်တစ်ရာ ရှိတဲ့ အဘိုးအိုဟာ သူ့ရဲ့ တုန်ရီချိနဲ့ လှတဲ့ လက်နဲ့ ရှေးနှစ်ပေါင်း တစ်ထောင်လောက်က ” ဟိုလဇ်မ ” အိုးလုပ်သူ လုပ်ခဲ့တဲ့ ဖန်ခွက်ကြီးနဲ့ ထပ်တူထပ်မျှ ဖြစ်အောင် ရက်ပေါင်းများစွာ လုပ်ရတာကို သိမြင်လာသတဲ့ ။ သူ့အဘိုးဟာ ဒီလို ကြိုးကြိုးစားစား လုပ်ခဲ့လို့ ဘာ အကျိုးကျေးဇူး ရှိသလဲလို့ ကြည့်လိုက်ရင် သူ့နှုတ်လုံစွာနဲ့ ဖန်ခွက်ကြီး လုပ်ပေးခဲ့လို့ အိုးလုပ်သူတွေ အသက် ချမ်းသာစေခဲ့တယ် ။ ဘုရင်ကြီးလည်း အမျက်တော် ပြေစေခဲ့တယ် ။ ဒါပဲဖြစ်တယ် ။
ဒါနဲ့ ( ချဖာရ် ) လည်း သူ့အဘိုးဟာ သူ့ကို ဘာလို့ မသင်သလဲလို့ ဆိုတာ နားလည်သွား သတဲ့ ။ ညရောက်တော့ ဘိုးတော် “ အစ္စမံ ” ဟာ ဖုန်တထောင်းထောင်း ထနေတဲ့ကြားက သူ့လှည်းလေး တွန်းပြီး ဈေးက ပြန်လာသတဲ့ ။ ( ချဖာရ် ) စိတ်ထဲမှာ သူ့အဘိုးဟာ မုတ်ဆိတ်မွေး ဖြူဖြူနဲ့ အဘိုးကြီးလို့ မမြင်ဘူးတဲ့ ။ တကယ့် သူရဲကောင်းကြီးလို့ သိမြင်လာသတဲ့ ။ ( ချဖာရ် ) ဟာ ရွာပေါက် ကနေ သူ့အဘိုးရဲ့ လက်ကို နမ်းပြီး ကြိုရှာသတဲ့ ။ ဒီတော့ သူ့အဘိုးက “ ငါ့ရဲ့ မြေးကလေးဟာ လူ့ဘဝမှာ နှစ်ပေါင်းများစွာ နေရဦးမယ် ၊ အဲဒီလို နေတဲ့ အခါမှာ ငါ့မြေးရဲ့ ကိုယ်စွမ်းဉာဏ်စွမ်းတွေ ရှိသလောက် ကြိုးစားမှုဟာ အဘိုးရဲ့ ကျွမ်းကျင်မှုထက် သာပြီး ကျော်ကြားလိမ့်မယ် ” လို့ မျက်ရည်တွေကျပြီး ပြောရှာသတဲ့ကွယ် ။ သူ့အဘိုး ပြောတဲ့ စကားဟာ ကိုယ့်ဒူးကိုယ်ချွန်ပြီး ကြိုးစားချင်စိတ် တဖွားဖွား ပေါ်အောင် ( ချဖာရ် ) စိတ်ထဲမှာ ခံစားရသတဲ့ ။ ( ချဖာရ် ) ၊ အဘိုး ပြောတဲ့ စကားဟာ ဘဝသံသရာမှာ တဝဲလယ်လယ်နဲ့ စုန်ဆန် ကူးနေတဲ့ လူတွေအဖို့ ကိုယ့်ဒူးကိုယ်ချွန်ဖို့ အစဉ် သတိပေးနေတဲ့ သင်ခန်းစာ တစ်ရပ်ပဲပေါ့ကွယ် ။
( ဘာသာပြန် )
〇 အောင်လင်းရီ
📖ရှုမဝ မဂ္ဂဇင်း
၁၉၆၁ ၊မေ
No comments:
Post a Comment