❝ ဉာဏ်များသော မယ်ပွေ ❞
( ပုံပြင် )
တရံရောအခါ ရွာတစ်ရွာ၌ ကိုရိုး နှင့် မယ်ပွေ တို့ လင်မယား ရှိကြလေ၏ ။ မယ်ပွေ သည်အလွန် ပျင်းရိသူ ဖြစ်လေ၏ ။ တစ်နေ့သ၌ မယ်ပွေသည် ဗိုင်းငင်နေစဉ် ပျင်းရိလာသည်နှင့် ချည်မျှင်များကို အောက်သို့ ပစ်ချထားခဲ့လေ၏ ။ ချည်မျှင်များ ကြမ်းပေါ်၌ ရှုပ်ထွေးလျက် ရှိသည်ကို လင်ကိုရိုး တွေ့ မြင်ရသော် သူ၏ မယားအား “ ဟေ့ ... ရှင်မ ၊ မင်း ဗိုင်းငင်တာကလည်း ချည်မျှင်တွေ ရှုပ်နေပါကလား ၊ ပြီးစီးအောင် လုပ်မှပေါ့ ” ဟုပြောလေ၏ ။
မယ်ပွေ ကလည်း “ အံမှာ ရှုပ်မှာပေါ့ ၊ ဗိုင်းငင်ဖို့ ရစ်တံမှ မရှိဘဲ ၊ ဘယ်လိုလုပ်ပြီး ရှင်းနိုင် ပါ့မလဲ ၊ ကျုပ်ကို ဗိုင်းငင်စေချင်တာဖြင့် ရစ်တံတစ်ခု အမြန်လုပ်ပေး ၊ ဒါမှ ကျုပ်ကောင်းကောင်း လုပ်နိုင်မယ် ” ဟု ပြန်ပြောလိုက်လေ၏ ။ ကိုရိုး ကလည်း “ အေး ... ဒါဖြင့် မနက်ကျရင် တောထဲကို သွားပြီး သစ်သား ခုတ်မယ် ၊ ခုတ်ပြီးရင် မင်း ဗိုင်းငင်ဖို့ ရစ်တံရစေမှာပေါ့ ” ဟု ပြောလေ၏ ။မယ်ပွေ လည်း ကိုရိုး ရစ်တံ လုပ်ပေးလျှင် ဗိုင်းငင် ရဦးတော့မည်ကို ပျင်းသည်နှင့် အကြံထုတ် နေလေ၏ ။
နောက်တစ်နေ့ မနက်၌ ကိုရိုးသည် သစ်သား ရှာရန် တောထဲသို့ ထွက်လာခဲ့လေ၏ ။ မယ်ပွေ လည်း ကိုရိုး နောက်မှ တိတ်တဆိတ် လိုက်လာခဲ့လေ၏ ။ ကိုရိုး သည် တောထဲတွင် သစ်ပင်ကြီး တစ်ပင်ပေါ်သို့ တက်ကာ ရစ်တံ လုပ်ရန် သစ်ကိုင်း တစ်ကိုင်းကို ခုတ်မည် ပြုလေ၏ ။ မယ်ပွေလည်း ထိုသစ်ပင်ကြီး အောက်ရှိ ချုံပုတ်ထဲ၌ ဝင်၍ ပုန်းနေပြီးလျှင် အသံကို ဖျက်ကာ
“ ရစ်တံ မခုတ်လေနှင့် ၊ ခုတ်ရင် ခုတ်တဲ့လူ သေလိမ့်မယ် ၊ သေလိမ့်မယ် ” “ ချည်ခင် မလုပ်လေနှင့် ၊ လုပ်ရင် လုပ်တဲ့လူ သေလိမ့်မယ် ၊ သေလိမ့်မယ် ” ဟု အော်ပြောလိုက်လေ၏ ။ ကိုရိုးလည်း အသံလာရာသို့ လိုက်၍ ကြည့်ရာ အသံရှင်ကို မတွေ့ရ၍ မခုတ်ဝံ့ဘဲ ရပ်နား နေလိုက်လေ၏ ။ ခဏကြာသောအခါ ကိုရိုးသည် သစ်ကိုင်းကို ခုတ်ရန် ပုဆိန်ဖြင့် ရွယ်လိုက်စဉ်ချုံပုတ်ထဲမှ အသံက ... “ ရစ်တံ မခုတ်လေနှင့် ၊ ခုတ်ရင် ခုတ်တဲ့လူ သေလိမ့်မယ် ၊ သေလိမ့်မယ် ” “ ချည်ခင် မလုပ်လေနှင့် ၊ လုပ်ရင် လုပ်တဲ့လူ သေလိမ့်မယ် ၊ သေလိမ့်မယ် ” ဟု အော်ပြောလိုက်လေ၏ ။ ကိုရိုးလည်း အသံရှင်ကို မမြင်ရသောကြောင့် ကြောက်လန့်လာကာ ရပ်နေလိုက်ပြန်လေ၏ ။ မကြာခင်မှာပင် ကိုရိုးလည်း သစ်ကိုင်းကို ခုတ်ရန် ပုဆိန်ဖြင့် ရွယ်လိုက်ပြန်ရာ ချုံပုတ်ထဲမှ အသံက ... “ ရစ်တံ မခုတ်လေနှင့် ၊ ခုတ်ရင် ခုတ်တဲ့လူ သေလိမ့်မယ် ၊ သေလိမ့်မယ် ” “ ချည်ခင် မလုပ်လေနှင့် ၊ လုပ်ရင် လုပ်တဲ့လူသေလိမ့်မယ် ၊ သေလိမ့်မယ် ” ဟု အော်ပြောလိုက်ပြန်လေ၏ ။ ထို့ကြောင့် ကိုရိုးသည် ရစ်တံလုပ်ရန် သစ်ကိုင်း မခုတ်ဝံ့တော့ဘဲ အိမ်သို့ ပြန်လာခဲ့ရလေ၏ ။ သူသည် အိမ်သို့ ရောက်သောအခါ မယားမယ်ပွေ အား “ ရှင်မ တောထဲမှာ သစ်ကိုင်း မခုတ်ဝံ့တော့ဘူး ၊ အသံ တစ်သံက ငါ့ကို လာပြီး ပြောနေတယ် ၊ ဒါကြောင့် ဗိုင်းငင်ဖို့ ဘယ်လို ကြံရမယ် မသိဘူးကွယ် ” ဟု ပြောလေ၏ ။ မယ်ပွေ ကလည်း သူ့အကြံကို ကိုရိုး မသိ၍ သဘောကျကာ “ ဒါဖြင့် မခက်ပါဘူးတော် ၊ ရှင်က ဟောဟို အထပ်ခိုး ပေါ်မှာ တက်ပြီး ချည်မျှင်တွေကို အောက်ကို ချပေးပါ ၊ ကျုပ်က အောက်က နေပြီး ခွေမယ် ၊ ချည်မျှင်တွေကို အခင်ဖြစ်အောင် လုပ်ကြစို့ ” ဟု ပြောကာ လင်မယား နှစ်ယောက် ချည်ခင် လုပ်နေကြလေ၏ ။ ပြီးသောအခါ ကိုရိုး က “ မယ်ပွေ မနက်ဖြန်ကျရင် ဒီချည်ခင်တွေကို ရေနွေးတည်ပြီး ဆေးဆိုးပေတော့ ၊ ဆေးဆိုးပြီးလျှင် ရက်ကန်း ရက်ရမယ် ” ဟု ခိုင်းလေ၏ ။ မယ်ပွေလည်း ချည်ခင်တွေကို ဆေးဆိုး ပြီးလျှင် ရက်ကန်း ရက်ရမည်ကို ပျင်းသည်နှင့် အကြံထုတ် နေပြန်လေ၏ ။ မနက် လင်းအားကြီး အချိန်သို့ ရောက်သောအခါ မယ်ပွေ သည် စောစွာ ထပြီးလျှင် ရေနွေးအိုး တည်လေ၏ ။ တည်ပြီးသောအခါ ကြိုးခွေ တစ်ခွေကို အိုးထဲသို့ ထည့်ထားခဲ့လေ၏ ။
ထို့နောက် သူ၏ လင် ကိုရိုး ကို သွား၍ နှိုးလေ၏ ။
“ ကိုရိုး ကိုရိုး ၊ ထတော့လေ ၊ ချည်ခင်တွေကို ဆေးဆိုးရဦးမယ် ၊ ကျုပ် ရေနွေးအိုး တည်ပြီး ချည်ခင်တွေကို စိမ်ပစ်ခဲ့တယ် ၊ အဲဒါ တော်က ကြက်မတွန်မီ ထပြီး ဆယ်လိုက်ပါ ၊ မဆယ်ရင် ချည်ခင်တွေဟာ ကြိုးခွေကြီး ဖြစ်သွားလိမ့်မယ် ” ဟု မှာပြီးလျှင် ထွက်သွားလေ၏ ။ ကိုရိုး လည်း ချည်ခင်များ ကြိုးခွေ ဖြစ်မည် စိုး၍ အိပ်ရာမှ ကပျာကယာ ထကာ မီးဖိုဆီသို့ ထွက်လာခဲ့လေ၏ ။ သူသည် ရေနွေးအိုးကို ဖွင့်၍ ကြည့်လိုက်သော အခါအထဲတွင် ချည်ခင်များကို မတွေ့ရဘဲ ကြိုးခွေကြီး တစ်ခွေ ကိုသာ တွေ့ရလေ၏ ။
ထိုသို့ တွေ့ရ၍ ကိုရိုးသည် တစ်ယောက်တည်း “ အင်း ... ငါတော့ ပြောစရာဖြစ်တော့မှာပဲ ၊ ကြက်မတွန်မီ ထလာတာတောင် ချည်ခင်တွေဟာ ကြိုးခွေ ဖြစ်မိအောင် ဖြစ်လိုက်ရသေးတယ် ၊ မယ်ပွေ ပြန်လာလို့ ရှိရင် ငါ့ကို အပြစ်တင်တော့မှာ အမှန်ပဲ ” ဟု ညည်းကာ နေလေ၏ ။ ထိုနေ့မှ စ၍ ကိုရိုးသည် သူ့မယား မယ်ပွေကို ဘယ်တော့မှ ဗိုင်းမငင် ခိုင်းတော့ပေ ။
မယ်ပွေ က မူကား သူ့ အကြံကို ကိုရိုး မသိ၍သာ အလုပ် မလုပ်ရသည်ဟု ဝမ်းသာအားရ ဖြစ်နေလေသတည်း ။
( ဘာသာပြန် )
〇 နုယဉ်
📖 ရှုမဝ မဂ္ဂဇင်း
၁၉၆ဝ ၊ ဩဂုတ်
No comments:
Post a Comment