Tuesday, November 18, 2025

မာနကြီးသော ဘဲငန်း

 

❝ မာနကြီးသော ဘဲငန်း ❞
           ( ပုံပြင် )

တရံရောအခါ မြစ်တစ်မြစ် ထဲတွင် ဘဲငန်းတစ်ကောင် နှင့် ဖျံတစ်ကောင် တို့သည် အတူ နေထိုင်ကြလေ၏ ။ ဘဲငန်းသည် လှလည်း လှပ၏ ။ သူ၏ မျက်လုံးများဖြင့် ခရီးကွာဝေးသော နေရာကိုလည်း မြင်နိုင်၏ ။ ဖျံ၏ မျက်လုံးများသည်ကား သေးငယ်၍ ကွာဝေးသောနေရာ ကို မမြင်နိုင်ချေ ။ ထို့ကြောင့် ဘဲငန်းသည် အလွန်မာနကြီး၍ ဖျံအပေါ်တွင် အထင်သေး နေလေ၏ ။ သူသည် ဖျံနှင့် သူ မိတ်ဆွေဖွဲ့ရန် မသင့်ဟု ယူဆ၍ ဖျံကို ဂရုမစိုက်ဘဲ နေလေ၏ ။ သူသည် ဖျံ ကို တွေ့တိုင်းတွေ့တိုင်း သူ၏ လှပသော လည်ကို ဆန့်လျက် ဝင့်ကြွားစွာ ပျံသန်းသွားလေ့ရှိလေ၏ ။

တစ်နေ့သ၌ လုံ့လဝီရိယ ရှိသော ဖျံသည် မြစ်ကမ်း အနီးတွင် သစ်ကိုင်းသစ်ခက် ကလေးများဖြင့် အသိုက်သစ် တစ်ခုကို လုပ်နေစဉ် ဘဲငန်းသည် သူ၏ အနားသို့ ဖြည်းညင်းစွာ ရေကူးလာလေ၏ ။ ဖျံသည် ဘဲငန်း ကို မြင်သောအခါ သူ ကိုက်ချီထားသော သစ်ခက်ကလေးများ ကို အောက်သို့ချ၍ ကောင်းမွန်စွာ နှုတ်ဆက်လေ၏ ။

ဖျံသည် ခါတိုင်းကဲ့သို့ပင် ယဉ်ကျေးသိမ်မွေ့စွာနှင့် “ နောင်တော်ဘဲငန်း ၊ ကျန်းမာပါ၏ လော ” ဟု မေးလေ၏ ။

ဘဲငန်းသည် သူ၏ ဦးခေါင်းကို အနည်းငယ် ညိတ်၍ ပြပြီးနောက် “ အို ... အသင်ဖျံ ၊ အသင်သည် ကျွန်ုပ်ကို ယခုမှပင် မြင်လေသလော ၊ သင်၏ မျက်လုံးများသည် ကန်းလျက်နေ ချေပြီ ၊ သင်သည် သင်၏ မျက်လုံးများကြောင့် အနှေးနှင့်အမြန် သေရလိမ့်မည် ။ တစ်စုံတစ် ယောက်သော မုဆိုးသည် သင့်အား လက်ဖြင့် ဖမ်း၍ သူ၏ အိတ်ထဲသို့ ထည့်၍ သွားလိမ့်မည် ”  ဟု ပြန်၍ပြောလေ၏ ။

ဖျံ ။  ။ ” ဟုတ်ပါသည် ၊ သင်၏ မျက်လုံးများသည် ကျွန်ုပ်၏ မျက်လုံးများထက် သာ၍ ကောင်း၍ ကွာဝေးသော နေရာကို မြင်နိုင်ပါသည် ၊ သို့ရာတွင် ဒုတိယမြစ်ကွေ့ ဆီမှ ရေဂယက်ရိုက်သံကို ကြားရသည် ၊ နောင်တော် ဘဲငန်း နားထောင်ပါဦးလော့ ”

ဘဲငန်းသည် သူ၏ မျက်လုံးများကို ပြူး၍ အချိန်အတော်ကြာ နားစိုက်လျက် ထောင်နေလေ၏ ။ ထို့နောက် သူက “ ဘာတစ်ခုမျှ လှုပ်လှုပ်ရွရွ မရှိပါ ၊ ရေဂယက် ရိုက်သံကိုလည်း မကြားပါ ” ဟုဖြေဆိုလေ၏ ။

ဖျံ ။  ။ “ အို ... နားထောင်ပါဦး ၊ ထိုနေရာမှ ရေဂယက် ရိုက်သံ ကြားရပါသည် ”

ဘဲငန်း ။  ။ “ မည်သည့် နေရာမှနည်း ”

ဖျံ ။  ။ “ မြစ်၏ ပထမအကွေ့ ဆီမှ ကြားရပါသည် ”

ဘဲငန်း ။  ။ “ မဟုတ်ပါ ၊ ရေဂယက်ရိုက်သံ မကြားရပါ ၊ သစ်တောထဲ တွင်လည်း မည်သည့်လှုပ်ရှားမှုကိုမျှ မမြင်ရပါ

ဖျံ ။  ။ “ ဂရုစိုက်၍ နားထောင်ဦး ၊ ဟိုဘက် နားမှပင် ရေဂယက်များ ရိုက်လျက်နေပါသည် ”  ဟု အထပ်ထပ် ပြန်၍ ပြောပြကာ တိုက်တွန်းလေ၏ ။

ဘဲငန်း ။  ။ “ သင်သည် မည်သည့် နေရာမှ ထင်သနည်း ”

ဖျံ ။  ။ “ မြစ်၏ ပထမအကွေ့ ဤဘက်မှ ဟု ထင်ပါသည် ”

ဘဲငန်း ။  ။ “ ဘာသံမျှ လုံးဝမကြားရပါ ၊ သင်သည် ကျွန်ုပ်အား ပြက်ရယ်ပြုလို၍ မမှန်သော စကားကို ဆို၍နေချေသည် ”

ဖျံ ။  ။ “ သင်၏ မျက်လုံးများသည် သင့်အတွက် အသုံးဝင်သကဲ့သို့ ကျွန်ုပ်၏ နားများ သည်လည်း ကျွန်ုပ် အတွက် အသုံးကျကြပါသည် ။ ကဲ ... သွားပါဦးမည် နောင်တော်ဘဲငန်း ” ဟု နှုတ်ဆက်ကာ ဖျံသည် ရေထဲသို့ ငုပ်လျှိုး၍ သွားလေသည် ။

ထိုအခါ ဘဲငန်းသည် “ ဖျံကား မျက်စိ ကန်းလျက်ရှိ၏ ။ သူသည် အဓိပ္ပာယ် ကင်းမဲ့သည့် စကားတို့ကို ဆိုဘိ၏ ။ သူ့သည် သူ၏ နားများနှင့် ကျွန်ုပ်၏ မျက်စိတို့ကို နှိုင်းယှဉ်၍ ပြောဆိုသွား၏ ။ မည်မျှ အဓိပ္ပာယ်ကင်းမဲ့သည့် စကားတို့နည်း ” ဟု တွေးတောဆင်ခြင်ကာ ယခင်က ထက်ပင် ဝင့်ကြွားလာလေလေ ၊ သူ၏ လည်သည်လည်း ရှည်၍ လာလေလေ ဖြစ်လေ၏ ။ သူသည် ဤနည်းဖြင့် ဝမ်းမြောက်ရွှင်လန်းစွာနှင့် သူ၏ ပတ်ဝန်းကျင်ကို သူ၏ လည်ကို ဆန့်၍ ကြည့်နေစဉ်အတွင်း မြစ်ကွေ့ဆီမှ လှေငယ် တစ်စင်းနှင့် လာသော မုဆိုးက လေးဖြင့် သူ့ကို ပစ်လိုက်လေ၏ ။ ထိုမုဆိုး ပစ်လိုက်သော မြားသည် ဘဲငန်း၏ လည်တွင် စူးဝင်၍ သွားရာ ဘဲငန်းသည် ရေထဲသို့ကျ၍ သွားလေတော့သတည်း ။

( ဘာသာပြန် )

〇 ဦးလေးကိုကိုကြီး
📖ရှုမဝမဂ္ဂဇင်း
      ၁၉၆၁ ၊ ဩဂုတ်လ

No comments:

Post a Comment