❝ လွမ်းစရာလေးတွေတော့ ဖြစ်ကုန်ပြီ ❞
▢ မောင်မောက် ( ဥက္ကလာ )
“ ခင်ဗျားတို့ဗျာ ဒီအရွယ်ကြီးရောက်မှ သမီးရည်းစားလို နေကြတာကို ကြည့်ရတာ တော်တော် အောက်တာပဲ ” ဆိုသော သူငယ်ချင်း ဖြစ်သူ၏ စကားကို အကြားမှာ ကိုသိန်းမောင်၏ ရင်ထဲမှာ တော်တော်လေး အောင့်သက်သက်ဖြစ် သွားသည် ။ ခုမှ သူ့အသက်က သုံးဆယ့်လေးနှစ် ရှိသေးတာပဲ ။ လူ့ဘဝဆိုတာ အသက်လေးဆယ်မှ စတယ် ဆိုတာကိုရော သူတစ်ဖက်သားကို ဝေဖန်တဲ့ ငတုံး မသိဘူးလား ။ ကိုယ့်ဘာသာ ကိုယ် ချစ်တာ ဘာဖြစ်လဲလို့ ကိုသိန်းမောင်က ခပ်ဆတ်ဆတ်လေး ပြန်ငေါ့လိုက်သည် ။
“ အိုင်ဆေး ကိုသိန်းမောင် ၊ ခင်ဗျား ဝင်ငွေနဲ့ ခင်ဗျား အသက်အရွယ်နဲ့ အရတော့ အိမ်ထောင်ပြုသင့်နေပြီဗျ ။ ခင်ဗျားမှာ စာရေးတဲ့ အလုပ်ကလည်း တစ်လကို လေးငါးခြောက်ရာ ဝင်တာပဲ ။ ရုံးကလည်း သုံးရာကျော် ရနေတာပဲ ။ ရုံးလုလင်လုပ်တဲ့ ကောင်လေးတွေတောင် သူ့ဝင်ငွေနဲ့ သူ အိမ်ထောင် ပြုနိုင်တာပဲ ။ စီးပွားရေး အဆင်မပြေမှာကို တွေးပြီး အိမ်ထောင် မပြုရင်တော့ ခင်ဗျား ဒီတစ်သက် မလွယ်တော့ဘူး ။ ခုပဲကြည့် ခင်ဗျားလို ခေါင်းရှုပ်ခံ မစဉ်းစားတဲ့ ခင်ဗျား ညီမတွေ ၊ တူတွေတောင် အိမ်ထောင်ကျလို့ တူတွေ ၊ မြေးတွေတောင် ထပ်ရနေပြီ ။ တမလွန်ကို ငှက်ပျောတုံးတော့ ဖက်မကူးပါနဲ့ဗျာ ”
လုပ်ဖော်ကိုင်ဖက် ၊ စာရေးဖက်လည်း ဖြစ်သော ကိုကြည်ဌေး က ဆိုလာပြန်သည် ။ ကိုသိန်းမောင်၏ ဝင်ငွေမှာ တစ်လ တစ်ထောင်ခန့် ရှိသည် မှာ အမှန် ဖြစ်သော်လည်း ခရီး သွားလာရာ၌ အပင်ပန်းနှင့် အချိန်ကုန် မခံတတ်သည့် အတွက် လမ်းစရိတ်က သုံးရာခန့် ကုန်နေသည် ။ လက်ဖက် ရည်ဖိုးက နှစ်ရာ သုံးရာခန့် ရှိသည် ။ အစ်မကြီးတွေကို သုံး ရာခန့် ထောက်ရသည် ။ ကျန်တဲ့ ငွေက ကြုံတဲ့ အခါမှာ ရီဝေရီဝေ ထွေတတ်သည့် ညနေပိုင်းတွေမှာ ပဲ့ပါတတ်သည် ။ သည်တော့လည်း သိပ်ပြီး ပိုပိုလျှံလျှံ မရှိလှ ။ ရပ်ကွက်စာရင်းရှင်းတမ်းများ ၏ လက်ကျန် ရှင်းတမ်းနှယ် ဝင်ငွေနှင့် ထွက်ငွေက သိပ်မကွာလှ ။ ပြီးတော့လည်း သူ့ရှေ့မှာ အိမ်ထောင် ပြုသွားသည့် သူငယ်ချင်းများ၏ အခြေအနေမှာ သိပ်မကောင်းမွန်လှ ။ အဲသည် လူတွေထဲမှာ သူ့လိုပင် ဝင်ငွေ ရှိသူတွေရော ၊ သူ့ထက် ဝင်ငွေနည်းသည့် သူတွေရော ပါဝင်သည် ။
ပြီးတော့ သူ့အိမ်ထောင်ဖက် အဖြစ် ရွေးထားသော သူ့ချစ်သူ မမြလေး ကလည်း အသုံးအစွဲမကြီးသည့် တိုင်အောင် လက်ဖွာသူ ဖြစ်သည် ။ သူ့လစာ လေးရာကျော်မှ ပိုပိုလျှံလျှံ ရယ်လို့ မရှိလှ ။ သည်အထဲမှာ အပျိုကြီး ပီသစွာဖြင့် ညီမက မွေးသော တူကလေးကို အလို အရမ်းလိုက်ထားရာ တူလိမ္မာလေး၏ စရိတ်ကပင်လျှင် တစ်လတစ်လ မနည်းလှ ။
သူထက် စာလျှင်တော့ ကိုသိန်းမောင်တို့က ပတ်ဝန်းကျင်စရိတ် သက်သာသည် ။ သူ့ညီမတွေ ၊ သူ့တူမတွေ ၊ အိမ်ထောင်ဖက်တွေက ပညာမတတ်သည့် တိုင်အောင် ရှာတတ် ဖွေတတ်ကြသည် ။ သူတော့ သူ့အိမ် မှာ နေသော တူ ၊ တူမ ၊ မြေးထီး ၊ မြေးမတွေ အတွက် သိပ်ပူစရာမလို ။ ဒါပေမဲ့ အဲသည် အထဲမှာ တူမလေး မမသင်းကိုတော့ ကိုသိန်းမောင် အချစ်ပိုသည် ။ မနက်အိပ်ရာကထသည်နှင့် “ လေးလေး ပိုက်ဆံပေး ” ဆိုသည့် ငွေတောင်းလွှာကို သီချင်းသံလို ဆိုတတ်ပြီး ညအိပ်ရာ ဝင်ခါနီးတိုင်း “ လေးလေး ဂွတ်တ်နိုက် ” ဆိုသော အသံလေးကို ဘိုကပြားသံဖြင့် ပြောလေ့ရှိသည် ကို ကိုသိန်းမောင် ခံတွင်းတွေ့သည် ။ သည်တော့လည်း သူ့တူမချောလေး တောင်းသမျှ ငွေသည် လျှောခနဲချောမြဲ ။
ကိုသိန်းမောင် နှင့် မမြလေးတို့ တွေ့တိုင်း အချစ်ပြိုင်ရုံတင်မက တူမလေးတွေ အလိမ္မာ ပြိုင်တတ်သည် ။ တဖြည်းဖြည်း သည်ကလေးတွေ၏ နာမည်က မကြာခဏ ပါလာသဖြင့် သူတို့ချင်း သုံးစွဲသည့် အခေါ်အဝေးများပင် တစ်ခါတစ်ရံ ပြောင်းသွားတတ်သည် ။
ကိုသိန်းမောင်က မမြလေးကို “ ကိုလှထွန်းတို့ ဒေါ်လေး ” ဟု ချစ်စနိုး ခေါ်တတ်သကဲ့သို့ မမြလေးကလည်း ကိုသိန်းမောင်ကို “ မမသင်းတို့ လေးလေး ” ဟု မြတ်နိုးစွာ ခေါ်တတ်လေ့ ရှိသည် ။
ပြက္ခဒိန်နှင့် အချိန်သည် လူကို မစောင့်ပေမဲ့ ကိုသိန်းမောင် သည် မမြလေးကို ရုံးတက်သည့် မနက်တိုင်း ကားမှတ်တိုင်မှာ သွားစောင့်လေ့ရှိပါသည် ။ မိုးလေဝသ သဘောကောင်းသည့် နေ့များမှာဖြင့် တော်သေးသည် ။ အသူရာနှင့် သိကြားမင်း စစ်ခင်းသည့် အခါနှင့် ကြုံလျှင်ဖြင့် ကိုသိန်းမောင်၏ ကိုယ်တစ်ပိုင်းလုံးမှာ ကားဂိတ် တည်းခိုရိပ်သာလေးမှာ ခိုနေလျက်နှင့် ရွှဲရွှဲစိုနေတတ်သည် ။
သည် နေ့မနက်လည်း အိမ်က အထွက်မှာ ရာသီဥတု အခြေအနေ ကောင်းနေသဖြင့် ကိုသိန်းမောင် ထီးမယူလာခဲ့ ။ မြို့ထဲကို ရောက်သည်ထိ မိုးက မရွာ ။ ကားဂိတ်မှာ မမြလေး ကို မျှော်တော်ယောင် လုပ်ရသည် မှာ ကားတစ်စီးပြီး တစ်စီး ၊ လည်ပင်း နည်းနည်းစီ ပိုရှည်လာသည် ။ မျှော်သူက အချိန်တန်၍ မလာသော်လည်း မမျှော်သူက အချိန်မတန်ဘဲ ရွာလာသည် ။ ကိုသိန်းမောင် မမြလေးကို ဒေါပွသွားသည် ။ ဘာပြုလို့များ ဒီလောက်တောင် အလိုက်ကန်းဆိုး မသိ နောက်ကျရတာလဲ ။ ကိုသိ န်းမောင်ဒေါသကို ဒတ်ဆန်းကားလေး တစ်စီးပေါ်က သီချင်းသံလေးတစ်ခုက ပညာပေး သွားသည် ။
“ သူလာ လာလာ မလာလာ xxx ကိုယ်က စောင့်ရမှာ xxx ဂျူတီ ချိန်ဟာ ဂျူတီပါ xxx ဝတ္တရား မပျက်ဖို့ပါ ” တဲ့ ။ အဟုတ်သား ။
ကိုသိန်းမောင် လူတစ်ပိုင်း ငါးတစ်ပိုင်းဖြစ်၍ မိုးတိတ်စ ပြုလာတော့မှပင် မမြလေးသည် ကားပေါ်က ဆင်းလာသည် ။ အော်တိုမက်တစ် ခေါက်ထီးကို ဖွင့်ကာ တစ်စုံ တစ်ခုအား ရှာဖွေတွေ့ရှိသွားသည့် မျက်လုံး အစုံကို ပြုံးပြီးသား ဖြစ်သွားသည် ။
“ ဟယ် မမသင်းတို့ လေးလေး မိုးမိနေတယ် ”
“ လှထွန်းတို့ ဒေါ်လေးကမှ အချိန်နဲ့ မလာဘဲ ။ ဒီကို ရောက်ရောက်ချင်း မိုးက မရွာသေးဘူး ။ ခုနမှ ရွာတာ ၊ အဲဒါနဲ့ မိုးမိရော ”
“ သူကလည်း တွေ့မယ်ဖြင့် မကြံသေးဘူး ဆူဖို့ပဲ တတ်တယ် ။ ဒီကလည်း ညကတည်းက သူလာရင် ပေးဖို့ ငါးသလောက် ပေါင်းနေတာ မနက်ကျတော့ နာရီရပ် နေတာကို မသိဘဲ ဇိမ်နဲ့ လုပ်နေတာ ။ ရေဒီယိုအသံ ကြားမှ ကမန်းကတန်း ထပြေးလာရတာ ။ ဒီနာရီစုတ်ကြီးကိုတော့ ရိုက်ခွဲပစ်မှ ပါပဲ ”
သူ့ထက်ပို၍ ဟိုက ဒေါပွပြသဖြင့် ကိုသိန်းမောင် ငြိမ်သွားသည် ။
“ ပေးလေ ၊ သူ လေးနေမှာပေါ့ ” ဆိုကာ ထမင်းဘူး နှစ်ဘူးနှင့် ဝတ္ထုစာအုပ်တစ်အုပ်သာ ပါသော ကြိမ်ဆွဲခြင်းလေးကို ယူလိုက်သည် ။
“ ကဲ လာသွားမယ် ” ဆိုကာ မမြလေး က ထီးကို မိုးပေးသည် ။
“ မဟုတ်တာ ၊ ဒီက စိုပြီးသားပဲ ၊ သူပဲ လုံအောင် ဆောင်း ” လို့ အပြောမှာ “ ဘာလဲ ထီးပိတ်ပြီး နှစ်ယောက်လုံး မိုးရေထဲ သွားပြလိုက်ရမလား ။ လာအခု ထီးအောက်ဝင် ” ဆိုသော မမြလေး၏ ဗီတိုအာဏာကြောင့် ထီးအောက်ကို ဝင်လိုက်ရသည် ။
မမြလေး၏ ဆွဲခြင်းထဲမှ ငြိမ်းကျော်၏ ဝတ္ထုစာအုပ်ကို ကြည့်ကာ ကိုသိန်းမောင် မလုံပြုံး ပြုံးမိသည် ။
“ ဘာလို့ ပြုံးတာလဲ ”
“ ဪ ဒီအပတ် ရေးတဲ့ ဝတ္ထုလေးကို ပိုသဘောကျလို့ ပါ ။ အပျိုကြီးတွေ ၊ လူပျိုကြီးတွေ ဘဝမှာ ခွကျတာလေးတွေကို ရေးထားတာ မဟုတ်လား ”
“ သူကတော့ ပိုကိုပိုပါတယ် ။ စာပိုဒ်တွေရဲ့ အောက်မှာ တားထားလိုက်တဲ့ မျဉ်းကြောင်းတွေ ။ သူချစ်တာကို မြလေး ရင်နှင့် အမျှ ခံစားပြီး သားပဲဟာကို ။ တစ်ခါတလေ မအားတဲ့ အခါမှာ တမင်စိမ်းရက်တယ်လို့ ဆိုပါနဲ့ ကွယ် ”
မမြလေး အသံကိုက ခပ်ချွဲချွဲဆိုတော့ ခုလိုများ စကားလုံး ညင်ညင်သာသာလေးတွေ သုံးလိုက်တိုင်း ကိုသိန်းမောင်၏ ရင်ထဲမှာ မျှော့ကို ဆားနှင့် တို့ သလို လူးလွန့်၍ သွားတတ်သည် ။
“ ဟုတ်ဘူးလေ ။ ကိုယ်ကလည်း ကိုယ်ခံစားရတာကို မြလေး လည်း သိနေပေမဲ့ ပိုပိုပြီး အသည်းထဲမှာ စွဲနေအောင်လို့ ထပ်ဆင့် တင်ပြတဲ့ သဘောပါ ။ ခိုင်မာပြီးသား မြေကြီးခဲကို အင်္ဂတေ ထပ်ကိုင်တဲ့ သဘောပါ မြလေးရယ် ”
“ ဟွန်း သိပ်စကားတတ်တာ ။ မမသင်းရဲ့ လေးလေး ပီသပါရဲ့ ”
စကား တပြောပြောဖြင့် လက်ဖက်ရည်ဆိုင်ကို ရောက်လာသည် ။ ရောက်ရောက်ချင်း လက်ဖက်ရည်ခွက်ကို မမြလေး က ယူကာ ကိုသိန်းမောင် ရှေ့သို့ ချပေးသည် ။
အရင်တုန်းကတော့ ဘဝသံသရာ ဇာတ်ကားထဲက ဇေယျ နှင့် မေသစ် တို့လို သူအရင် ၊ ကိုယ်အရင် လောကွတ် ချော်နေကြသော်လည်း ‘“ ကိုယ့်ထက် ငယ်ပေမဲ့ ယောက်ျားဆိုတာ ရှေ့က ဦးဆောင်တဲ့ သူဆိုတော့ရင် ဦးစားပေးရတယ် ။ သူကရော မြလေး ထက် ဘယ်လောက် ငယ်လို့လဲ ။ နှစ်နှစ် ၊ သုံးနှစ်လောက် ငယ်တာကို သူ့ကိုယ်သူ ဆယ့်ခုနစ်နှစ်သားလေး ကျနေတာပဲ ” ဆိုကတည်းက ကိုသိန်းမောင် တုဏှိဘာဝေ ဆိတ်ဆိတ်နေခဲ့သည် ။ ဒါပေမဲ့ ရေနွေးပူပူကို အေးသွားအောင် မှုတ်ပေးခဲ့သည့် တာဝန်ကိုတော့ မပျက် ။
“ ရော့ သူ့ဖို့ ထမင်းဘူး ယူသွား ။ ငါးသလောက်ပေါင်းနဲ့ ။ သူ့အိမ်ကို ယူသွားပြီး သူ့တူမတော်လေးကို ကျွေးဦးမယ် မဟုတ်လား ။ ပိုထည့်ထားပါတယ် ”
“ အဲဒါကြောင့်မို့လည်း လှထွန်းတို့ အန်တီကို ပိုချစ်ရတာပေါ့ ”
ရေနွေးငွေ့ပေးခြင်း ၊ ထမင်းဟင်း ခွဲဝေစားကြခြင်း ၊ အပြုံးချင်း လဲလှယ်ခြင်း ၊ အကြည့်ချင်း ပြိုင်ခြင်းတို့သည်ပင် သူတို့၏ အချစ် သင်္ကေတ ဖြစ်ခဲ့ကြသည် ။
လက်ဖက်ရည်ဆိုင်က ကောင်လေးတွေကတော့ “ သက်ကြီးရွယ်အိုတွေကို နုပျိုအောင် လုပ်ပေးရမယ့် နှစ်မှာမှ သူတို့ စုံတွဲကို ပိုပြီး မျက်စိ နောက်လာတယ်ဗျာ ။ သိပ်ပြီး ပိုလွန်းအားကြီးတယ် ။ ဒါပေမဲ့ သူတို့ကို ကြည့်ရတာ လမ်းဘေးမှာ တစ်ခါတလေ ခေတ်ဟောင်းကားတွေ ပြန်ကြည့် နေရသလိုပဲ ” ဆိုတာ မကြားတကြား ပြောလေ့ရှိသည် ။
ကိုသိန်းမောင်ကလည်း မကြားတကြား ပြန်ပြောလိုက်ပါသည ။
“ ကိုယ့် ဘာသာကိုယ် ချစ်တာ ဘာဖြစ်လဲ ၊ ဘာဖြစ်လဲ ”
မမြလေး ကပင် စတင်၍ ပြုသော အကြံဖြစ်သည် ။ ကိုသိန်းမောင် ကလည်း ချက်ချင်းပင် သဘောတူသည် ။ ( တစ်ခါမျှလည်း ကန့်ကွက်သည့် လေသံကို မကြားဖူးခဲ့ ။ ) မမြလေးနှင့် ကိုသိန်းမောင်တို့ ရုပ်ရှင်ကြည့်ဖြစ်သည် ။
အပျိုကြီး ၊ လူပျိုကြီးတွေ သမီးရည်းစား ဖြစ်တာ နှစ်နှစ် ၊ သုံးနှစ်ပဲရှိလာပြီ ။ ရုပ်ရှင် ကြည့်တာ ဆန်းသလားဟု အမေး မလောစေလိုပါ ။
သည်တစ်ခါ ကိုသိန်းမောင်တို့ ရုပ်ရှင်ကြည့်ခြင်းမှာ နည်းနည်း ထူးခြားပါသည် ။ သူတစ်ဖက်သားတွေ ၊ သူငယ်ချင်းတွေနှင့် ကြည့်လေ့ ရှိပေမဲ့ ကိုသိန်းမောင်တို့ ကတော့ တူ ၊ တူမလေးတွေ ကို ခေါ်လာကာ ရုပ်ရှင် ကြည့်ကြသည် ။
ကိုသိန်းမောင် နှင့် မမြလေး က အလယ်မှ ထိုင်ကာ ကိုသိန်းမောင် ဘေးတွင် သဇင်သင်း နှင့် မမြလေး ဘေးတွင် တင်လှထွန်း တို့ ထိုင်ကြသည် ။
ကိုသိန်းမောင် က မမြလေး ကို ဖရုံစေ့ အခွံနွှာ၍ ကျွေးသလိုပင် မမြလေး ကလည်း ကိုသိန်းမောင် ကို မရန်းပြား ၊ သရက်ပြားတွေ ခွံ့၍ ပေးသည် ။
မမြလေး၏ ခေါင်းကလေးက ကိုသိန်းမောင် ၏ ပခုံးပေါ်မှာ နွဲ့လျစွာ မှီထားပြီး ကိုသိန်းမောင် ကလည်း မမြလေး၏ လက်တို့ကို ထွက်ပြေးမည် စိုးသည့်အလား တင်းကျပ်စွာ ဆုပ်ကိုင်ထားသည် ။
မမြလေး ရော ၊ ကိုသိန်းမောင် ပါ ပတ်ဝန်းကျင်ကို အတန်ငယ်မျှ မေ့လျော့နေပြီး သူတို့ ကိုယ် သူတို့ အသက်အရွယ် မေ့ကာ သဇင်သင်း တို့ ၊ တင်လှထွန်း တို့ ကိုလည်း မူကြို အရွယ်လေးတွေလို ထင်နေမိခဲ့ကြသည် ။
သဇင်သင်း ရော ၊ တင်လှထွန်း ပါ အခြေခံအဆင့်မြင့်တန်းကို ရောက်နေကြသူများ ဖြစ်၍ ဦးလေးတို့ ၊ အဒေါ်တို့ အစား နည်းနည်းပါးပါးတော့ ရှက်မိသား ။
ဒါပေမဲ့ သူတို့ အချစ်က ဖြူစင်လွန်း ၊ ရိုးသားလွန်းသည့် အချစ် ဖြစ်နေသည့် အတွက် သူတို့ ရင်ထဲမှာ ခွင့်လွှတ်ပြီးသားဖြစ်နေသည် ။
ရုပ်ရှင်ပြီးသည် နှင့် ကိုသိန်းမောင် တို့ ၊ မမြလေး တို့ လူချင်းခွာသည် ။ လက်တွဲဖြုတ်သည် ။ ဣန္ဒြေ ပြန်ဖွဲ့စည်းသည် ။ အမှောင်နှင့် အလင်းကို ခွဲခြား ပြလိုက်သည် ။ လက်ဖက်ရည်ဆိုင်မှာ သူတို့ လေးဦး ဝင်အထိုင်မှာ အလိုက်သိစွာဖြင့် သီချင်းလေး တစ်ခု လူးလွန့်လာသည် ။
“ အဘိုးကြီး ငါ့ကို အဘွားကြီး မင်းက မောင်တွေ ၊ ဘာတွေ ခေါ်ပါဦး ”
အဓိပ္ပာယ်ပါသော ကိုသိန်းမောင်၏ အကြည့်ကြောင့် မမြလေးက စားပွဲအောက်မှ နေ မသိမသာ ကိုသိန်းမောင် ၏ ပေါင်ကို လိမ်ဆွဲလိုက်နေသည် ။
ခုလို သုံးနှစ်သုံးမိုး ချစ်ပင် ပျိုးလာသည့် တိုင်အောင်မှ မမြလေး သည် ကိုသိန်းမောင် ကို မောင် ဟု တစ်ခါမျှ မခေါ်စဖူး ။
မမြလေး နေမကောင်းသဖြင့် သူ့ခွင့်စာကို တင်လှထွန်း နှင့် လူကြုံ ပါးလိုက်သည် ။ ခွင့်စာနှင့် အတူ ပါလာသော စာကို ဖတ်ကာ ကိုသိန်းမောင် မျက်နှာသည် ရုတ်တရက် ညှိုးကျ၍ သွားသည် ။
“ နေပါဦး ဖိုးလှထွန်း ရဲ့ ၊ ဘယ်လိုက ဘယ်လို ဖြစ်တာလဲ ။ မနေ့က အကောင်းပါ ။ အအေးများ သွားသောက်လို့လား မသိဘူး ။ မင်း ဒေါ်လေး က ဂျစ်တစ်တစ်ကွ ။ မတည့်တာလည်း ရှောင်တာ မဟုတ်ဘူး ။ ခု အဖျားကရော ကျရဲ့ လား ။ ဘာဆေးတွေ တိုက်ထားလဲ ”
“ ဦး မေးတာကို ကျွန်တော် ဘယ်ကနေ စဖြေရမှန်း မသိတော့ဘူး ”
“ ဟုတ်သားပဲ ၊ ဆန္ဒ သိပ်စောသွားတယ်ကွာ ။ လာ လက်ဖက်ရည်ဆိုင် သွားရအောင် ။ ဦးလည်း စာပြန်ရေး လိုက်ဦးမယ် ”
ကိုသိန်းမောင်တို့ ရုံးနားက ရွှေပယင်းလက်ဖက်ရည်ဆိုင်မှာ တင်လှထွန်းတို့ အပြတ် ဝါးပစ်လိုက်သည် ။ နက်စ်ကော်ဖီ ၊ ပေါက်စီ ။ အဒေါ် တစ်ယောက်ရှိတာ မျက်နှာတယ် ပွင့်ပါလားဟုလည်း အတွေး ပေါက်မိသေးသည် ။
“ ရော့ ဒီစာလေး ယူသွား ။ ညနေ ရုံးဆင်းမှ လာခဲ့မယ်လို့ ”
စာကို မဖတ်ဘဲ အိတ်ထဲကို ထည့်လိုက်သည် ။ သူတစ်ဖက်သား ၊ ကိုယ်ရေးကိုယ်တာကို သိတတ်ရမည် ။ ဆိုင်က ထွက်ပြီး အိမ်အပြန် ဘတ်စ်ကားပေါ်ရောက်မှ ပင် စာကို တင်လှထွန်း ထုတ်ဖတ်သည် ။
မြလေး
မယုံတောင် မယုံဘူး ။ မနေ့က အကောင်းချည်း ကိုး ။ မြလေး အစား ကိုယ်ပဲ ဖျားချင်လိုက်တာကွယ် ။
အဖျားရှိရင် အစာ မစားတာ ကောင်းတယ် ။ ကိုယ် ညနေရုံးဆင်း ရင် ရွှေလမင်း က စွပ်ဝင်ဝယ်ခဲ့မယ် ။ လေစိမ်းလည်း အတိုက်မခံနဲ့ ဦး ။
သူ့ရဲ့ ကိုယ်ပွား
သိန်းမောင်
တင်လှထွန်းက ကိုသိန်းမောင်၏ စာကို ဖတ်ကာ တစ်ချက် ပြုံးလိုက်သည် ။ မြလေးအစား ကိုယ်ပဲ ဖျားချင်လိုက်တာကွယ်တဲ့ ။ မဖြစ်နိုင်တာဘဲ ။ ဒေါ်လေး ကိုယ်စား ဖျားပေးလို့တော့ ဘယ်ရမလဲ ။ ထမင်းတွေ ၊ ဘာတွေ လာချက်ပေးမယ် ၊ အဝတ်တွေ ၊ ဘာတွေ လာလျှော်ပေးမယ် ဆိုရင်တော့ ဟုတ်သေးရဲ့ ဟု တစ်ကိုယ်တော် ရေရွတ်မိ သေးသည် ။
ပြီးတော့မှ သူ့အိတ်ထဲက ရည်းစားစာလေးကို ထုတ်ကြည့်သည် ။
အိုလီဗာရယ်
နင့်ကို ငါမြင်ရတာ အပြတ်ဖျားသွားတာပဲဟယ် ။ နင် သိပ်မိုက်တာပဲ ။
တို့ ဘော်ဒါတွေထဲမှာ နင့်လို သားနားတာ တစ်ခါမှ မတွေ့ဖူးသေးဘူး ။
ငါ့တော့ နင့်ကို ရေရေလည်လည် ခိုက်နေပြီ ။ ဒီစီမှာ တက်ပြီး နက်ဖြန်ခါ ရုပ်ရှင် ကြည့်ရအောင်ဟယ် ။
ရိုမီယိုလှထွန်း
ကိုသိန်းမောင် ဖုန်းလာတယ် ဟူသော မြို့နယ်မှူး၏ အသံကြောင့် ထိုင်ရာက ထသည် ။ ဆင်စွယ်ရောင် ဖုန်းထဲမှ ခပ်စိမ်းစိမ်း အသံကို ကြားရသည် ။
“ ဪ ဦးသိန်းမောင် ။ ကျွန်မ ဒေါ်မြလေးပါ ”
“ ဟုတ်ကဲ့ ဒေါ်မြလေး အမိန့်ရှိပါ ။ ကျွန်တော်က ဘယ်သူများလဲလို့ ”
နည်းနည်းလေး ပို၍ အငေါ်တူးမိလိုက်သည် ။
“ ကိစ္စကတော့ ဦးသိန်းမောင် သိပြီးရောပေါ့ ”
“ ဟုတ်ကဲ့ ၊ နည်းနည်းပါးပါးတော့ ရိပ်မိသလိုပဲ ”
“ အဲဒါ စကား ခဏလောက် ပြောချင်တယ် ။ လက်ဖက်ရည်ဆိုင်ကို လာခဲ့ပါလား ”
“ စိန်မောင်း ကိုလား ”
“ ဟုတ်ဘူး ။ ကျောက်စိမ်းမြတ် ကို ”
ထိုင်နေကျ လက်ဖက်ရည်ဆိုင်မှာတောင် မမြလေး မထိုင်တော့ ။
ကိုသိန်းမောင် ရုံးပေါ်မှ ဆင်းကာ လက်ဖက်ရည် ဆိုင်ကို သွားသည် ။ ဆိုင်ဝမှ နေ၍ မမြလေး စောင့်နေသည် ။ ပြီးတော့ တူတူ ဆိုင်ထဲသို့ ဝင်သည် ။
မမြလေးကလည်း ကိုသိန်းမောင် ရှေ့ကို လက်ဖက်ရည်ခွက် အရင်ပို့ ပေးရန် သတိမထားမိ ။ ကိုသိန်းမောင် ကလည်း ရေနွေးပူ မှုတ်ပေးရန် သတိမပြုမိ ။
“ ကလေးတွေ ကိစ္စပါ ”
“ ကျွန်တော်က သမီးရှင်ပါ ဒေါ်မြလေးရယ် ”
“ ထွန်းထွန်း ကို ကျွန်မ ဘယ်လောက် ချစ်တယ်ဆိုတာ ”
“ သင်းသင်းကို ကျွန်တော် ချစ်တာ မီပါ့မလားဗျာ ”
လက်ဖက်ရည်ဆိုင်ထဲမှာ အချစ် လာပြိုင်မိသေးသည် ။ ဒါပေမဲ့ အရင်လို သူတို့ ချင်း အချစ်ပြိုင်တာတော့ မဟုတ် ။ အသွင် ကွဲနေသည် ။
“ ကျွန်မ တူကလေးက ဒီနှစ်မှ ဒုတိယနှစ် ဆိုတော့ ကျောင်းပြီးအောင် ဆက်နေစေချင်တယ် ”
“ ရပါတယ် ဒေါ်မြလေး ၊ သူတို့ကိုမှ မတွေ့သေးတာ ။ သူတို့ကို တွေ့ရင် ဒေါ်မြလေးတူကို ပြန်ပို့ပေးမှာပါ ။ ကျွန်တော့် တူမ ကိုလည်း စာမေးပွဲ ပြန်ဖြေခိုင်းရမှာ ပေါ့ ”
“ မဟုတ်ဘူး ၊ မဟုတ်ဘူး ဒီစာ ဖတ်ကြည့်ပါဦး ”
ကိုသိန်းမောင် မမြလေး ထံမှ စာကို ဖတ်ကြည့်ပြီး တော်တော်လေးပင် နေရထိုင်ရ ခက်သွားသည် ။
ချစ်လှစွာသော ဒေါ်လေး
ဒေါ်လေးနဲ့ မတော်ရသေးတဲ့ လေးလေးကိုသိန်းမောင်တို့ရဲ့ မြတ်နိုးကြည်နူးစရာကောင်းတဲ့ အချစ်ကို အားကျပြီး သဇင်သင်းကို ခိုးပြေးသွားပါပြီ ။
အတူတူ မနေဘဲ မနေနိုင်လောက်အောင် ချစ်လို့သာ ခိုးပြေးရပေမဲ့ ကျောင်းကိုတော့ ပြီးအောင် ဆက်တက်ချင်ပါသေးတယ် ။ ထွန်းထွန်းတို့ ပညာရော ၊ အလုပ်ရော ပြည့်စုံမှ ဒေါ်လေးတို့ ကျေးဇူးကို ပြန်ဆပ်နိုင်မှာ မဟုတ်လား ။
ဒေါ်လေးတို့ အရင် အိမ်ထောင်ပြုမိတာကိုလည်း ခွင့်လွှတ်စေချင်ပါတယ် ။ သိပ်စဉ်းစားနေရင် ဒေါ်လေးတို့ လိုပဲ နောက်လူတွေ ဖြတ်ကျော်ခံရမှာ စိုးလို့ပါ ။
ချစ်လေးစားစွာ
ဒေါ်လေးရဲ့ တူလေး
တင်လှထွန်း
“ ဒီကိစ္စမှာ ကျွန်မတို့ နှစ်ယောက်လုံး အဓိက တရားခံလို ဖြစ်နေတယ် ကိုသိန်းမောင် ။ တစ်ခါတလေ သတိမမူတတ်တဲ့ အမှားပဲ ဆိုရမလား ၊ သတ္တိမရှိဘဲ စိတ်ကူးယဉ်ဆန်လွန်းကြတာလား မပြောတတ်တော့ပါဘူး ။ ဒါပေမဲ့ သူတို့ ကိစ္စကိုတော့ ကျွန်မတို့ နှစ်ယောက်လုံး တာဝန်ယူရမှာပဲ မဟုတ်လား ”
“ ဒါပေါ့လေ ၊ ဒီတော့ မမြလေး ဆန္ဒက ”
“ ကလေးတွေကို ကျွန်မပဲ ခေါ်ထားပါရစေ ။ လောလောဆယ် သူတို့ မပြည့်စုံသေးတဲ့ အခြေအနေမှာ ကိုသိန်းမောင်ရဲ့ တူမလေးအတွက် တတ်စွမ်းသမျှ ထောက်ပံ့ပါလို့ ”
“ ဟာ ရပါတယ် မမြလေးရဲ့ တာဝန်ယူရမှာပေါ့ ”
“ သူတို့ ဒီညနေ ကျွန်မတို့ အိမ်ကို ပြန်လာမယ်လို့ စောစောကပဲ ထွန်းထွန်း ဖုန်းဆက်တယ် ။ မိသား ၊ ဖသားပီပီ ဦးသိန်းမောင်တို့ အစ်မများဆီ ဒီညပဲ လာအပ်ဖို့ စီစဉ်လိုက်ပါ ”
“ ကောင်းပါတယ် ၊ ကောင်းပါတယ် ။ အဆင်ပြေသွားတာပေါ့ ”
“ ဒါပါပဲ ကိုသိန်းမောင် ၊ ကျွန်မကို ခွင့်ပြုပါဦး ”
ဟုတ်ကဲ့ ဆိုကာ ထိုင်ရာမှ ရှေ့ဆင့်နောက်ဆင့် ထကြသည် ။ လက်ဖက်ရည်ဖိုးကို အလှည့်နှင့် ပေးနေကျကနေ မပေးစဖူး လုပေးသည် ။
“ ဆရာတို့ လက်ဖက်ရည်တွေ သောက်မသွားကြတော့ဘူးလား ” ဟူသော အလိုက်မသိသည့် စားပွဲထိုး၏ အသံကို မနည်း ဥပေက္ခာပြုကာ ပြန်ခဲ့ကြသည် ။
ဆိုင်ရှေ့ လမ်းမကြီးပေါ်မှာတော့ အနှေးယာဉ်ဆိုက်ကားတွေကို အမြန်ယာဉ်ဒတ်ဆန်း တွေက ရိပ်ခနဲ ၊ ရိပ်ခနဲ ဖြတ်သန်းနေကြသည် ။
မမြလေးတို့ လူကြီးချင်း လာစကားပြောပြီး ပြန် အသွားမှာ ကိုသိန်းမောင် အိပ်၍ မရတော့ ။ တွေ့ရာစာအုပ်ကို ဆွဲအဖတ်မှာ ကိုပြာလောင် ရုပ်ပြစာအုပ်လေးကို ဖတ်မိ သည် ။ သည် စာအုပ်ထဲမှာ ကိုပြာလောင်သည် “ လွမ်းစရာလေးတွေတော့ ဖြစ်ကုန်ပြီ ” ဆိုသည်ကို မကြာခဏ တွေးသည် ။
ဒါပေမဲ့ ကိုပြာလောင့် လွမ်းစရာသည် ပူဆွေးသောကဖြစ်သော လွမ်းစရာနှင့် ဆန့်ကျင်ဘက် ဖြစ်သည် ။ ရယ်မောဖွယ်ရာ ကောင်းသည် ။ ခုလည်း ကိုသိန်းမောင် နှင့် မမြလေး တို့ အဖြစ်က လွမ်းစရာတော့ ကောင်းသား ။ ဒါပေမဲ့ ကိုပြာလောင်၏ လွမ်းစရာလေးလိုပင် ဖြစ်နေသည် ။
သုံးနာရီ အချိန်မှန် ထွက်တတ်သော ဘိုးရင်းဂျက် လေယာဉ်ပျံ၏ စက်နှိုးသံသည် ကိုသိန်းမောင် နားထဲသို့ ပြင်းထန်စွာ ဝင်ရောက်လာသည် ။
▢ မောင်မောက် ၊ ဥက္ကလာ ၊
📖 ပေဖူးလွှာ မဂ္ဂဇင်း
နိုဝင်ဘာလ ၊ ၁၉၈၃ ခုနှစ်
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
ဇွန်လ ၊ ၂၀၀၉ ခုနှစ်

No comments:
Post a Comment