❝ နှောင်ကြိုးမဲ့ ❞
▢ ချောအိမာန် ( မန္တလေး )
ခြံဝင်းကျယ်ကြီးထဲရှိ တိုက်တစ်တိုက်၏ အပေါ်ထပ်ဝရန်တာနှင့် ကပ်လျက် အခန်းတစ်ခန်းထဲတွင် လူငယ်လေးတစ်ဦးသည် အိပ်ရာပေါ်တွင် ပက်လက်အနေအထားရှိလျက် သူ၏ ဘယ်ဘက်လက်တွင် အားဆေး ပုလင်းချိတ်လျက် အပ်မှတစ်ဆင့် ဆေးအရည်များသည် ထိုလူငယ်လေး၏ အကြောတွင်းသို့ စိမ်ဝင်လျက်ရှိသည် ။ သူ၏ အသားရေမှာ ဖြူဖျော့နေပြီး ခန္ဓာကိုယ်မှာ ပိန်ပိန်သွယ်သွယ်လေးသာ နှုတ်ခမ်းမှာ သွေးမရှိတော့သယောင် ဖြူဖပ်နေပြီး မျက်ခုံးတစ်ခုံကတော့ မျက်နှာတစ်ခုလုံးတွင် အပေါ်လွင်ဆုံးနှင့် အထင်ရှားဆုံး နေရာယူလျက် ရှိသည် ။ သူ၏ မျက်လုံးမှာ အရောင်အားဖြင့် ဖျော့တော့နေသော်လည်း အရည်များ လဲ့နေလျက်ရှိသည် ။
သူ၏ မျက်လုံးတစ်စုံသည် မျက်နှာကြက်မှ တစ်ဆင့် နံရံများတွင် ကပ်ထားသော ပိုစတာများဆီသို့ ရောက်ရှိသွားသည် ။ အခန်းထဲတွင် သူ့ အသက်ရွယ်လိုက် ကြိုက်နှစ်သက်တတ်သော နိုင်ငံခြားတေးဘုရင်များ၏ ပိုစတာများ ၊ မော်ဒယ်ချောချော ကောင်မလေးပုံများ ရှိရမည့်အစား နံရံတိုင်း တွင် မိခင်က နို့တိုက်ကျွေးနေသော ကလေးငယ်ပုံနှင့် မိသားစုပျော်ပါးနေပုံများသာ နေရာယူလျက်ရှိနေသည် ။
အခန်းထောင့် တစ်နေရာတွင် အဝတ်ဗီရိုတစ်ခုနှင့် ခုတင်ဘေးတွင် စာကြည့်စားပွဲရှည်ရှည် တစ်လုံးသာ ရှိနေပြီး အခန်းသည် သန့်ရှင်းသပ်ရပ်လို့နေသည် ။
သူသည် သူ၏ အကြည့်ကို ပိုစတာတစ်ခုမှ ရုပ်သိမ်းလိုက်ပြီး ဘယ်ဘက်လက်ဆီမှ ဆေးထိုးအပ်ကို ပလာစတာ မခွာဘဲ ဆွဲထုတ်ပစ်လိုက်သည် ။ သွေးစိမ့်ထွက်လာမှုကို လက်မနှင့် အသာဖိလိုက်ပြီး အိပ်ရာမှ အားယူထကာ မှန်ပြတင်းပေါက်များဆီသို့ တဖြည်းဖြည်း လျှောက်လာခဲ့သည် ။
အပြင်ဘက်တွင် မိုးလေးတဖွဲဖွဲ ရွာနေပြီး မိုးစက်ကလေးများက မှန်ပြတင်းကို ရိုက်ခတ်မှုကြောင့် အသံမြည်လျက်ရှိသည် ။ ပြတင်းတံခါးကို အသာဖွင့်လိုက်ပြီး မိုးစက်ကလေးများက သူ၏ မျက်နှာကို ထိမှန်လာစေရန် အနည်းငယ် ရှေ့ကုန်းလိုက်သည် ။ သူ၏ မျက်လုံးကို မှေးစင်းကာ မှိတ်ထားလိုက်ပြီး ထိုအရသာကို ကျေနပ်ဟန်ရှိသည် ။ သူ၏ နှုတ်ခမ်းတစ်ချက်ကို ပြုံးသည်ဆိုရုံလေး ပြုံးလိုက်သည် ။
ခဏအကြာတွင် မှန်တံခါးကို ဆွဲပိတ်လိုက်ပြီး စာကြည့်စားပွဲသို့ သွား၍ ထိုင်လိုက်သည် ။ ခေတ္တမျှ အသက်ကို မှန်မှန်ရှူရင်း စားပွဲ၏ ညာဘက်အံဆွဲကို လေးတွဲစွာ ဖွင့်၍ စာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်သည် ။ စာရွက်ဖြူဖြူပေါ်တွင် စာလုံးပေါင်းများစွာကို ရေးနေခဲ့ပြီး နောက်ဆုံးတွင် စာလုံးကြီးကြီးတစ်လုံးကို ရေးချလိုက်သည် ။ သူ၏ မျက်လုံးများသည် ပြာလာပြီး ရင်ခုန်မှုနှုန်းသည် နှေးသထက် နှေးလာကာ ခံရခက်လာသည် ။
သူ၏ လက်ထဲမှ ဘောလ်ပင်လေးသည် အောက်သို့ လွတ်ကျသွားခဲ့သည် ။ ထို့အတူ သူ၏ ခန္ဓာကိုယ်သည်လည်း ...
••••• ••••• •••••
သော်ခန့်နိုင်
အသက် ၁၉ နှစ်
ယပ်တောင်မှာ ရေးထိုးထားသည့် စာတန်းလေးကို ကြည့်၍ လူအများ စုတ်တသပ်သပ် ဖြစ်နေကြသည် ။ သနားခြင်း ၊ ကြေကွဲခြင်း ၊ နှမြောခြင်းများ နှင့် အဓိပ္ပာယ်ရသော မျက်လုံးများ ။ ထိုလူငယ်လေး၏ သင်္ဂြိုဟ်မှု အစီအစဉ် ပြီးဆုံးသွားသည့်တိုင် ထိုအိမ်ကြီးတွင် လူအတော်များများက ဝိုင်းဝန်းကူညီလျက်ရှိကြသည် ။
ထိုတိုက်ရှေ့တွင် နောက်ဆုံးပေါ် ကားအမည်းတစ်စီး ထိုးရပ်လိုက်သောကြောင့် လူအတော်များများ၏ မျက်လုံးများသည် ထိုကားဆီသို့ စိတ်ဝင်တစား ရောက်ရှိသွားသည် ။
နောက်ခန်းမှ အသက်လေးဆယ်အရွယ် အမျိုးသမီးသည် ပါတိတ်ဝမ်းဆက်နှင့် ရွှေကိုင်းမျက်မှန်ကို တစ်ချက်ပင့်၍ ခပ်သွက်သွက်ဆင်းလာကာ တိုက်ထဲသို့ ဝင်လာခဲ့သည် ။ ထိုအမျိုးသမီး၏ ခြေလှမ်းများသည် လိုတာထက် ပို၍ မြန်နေပြီး လှပသောနှုတ်ခမ်းသည် အနည်းငယ်တုန်လှုပ်နေသယောင် ထင်ရသည် ။
သူမသည် ဧည့်ခန်းထဲမှ လူများကို ဂရုမစိုက်ဘဲ ပါးခပ်မှ တစ်ခုခုကို ထပ်ခါထပ်ခါ ရေရွတ်လျက်ရှိသည် ။ သူမသည် အခန်းထောင့်တွင် ရပ်နေသော အမျိုးသမီးဆီသို့ ပြေးသွားရင်း ဖက်ပြီး ငိုတော့သည် ။
ထိုအမျိုးသမီးသည် ခဏအကြာတွင် သူမကို ဆိုဖာခုံတွင် ထိုင်စေလိုက်ပြီး သူမ၏ မျက်လုံးများကို စူးစိုက်ကြည့်ကာ ..
“ ညည်းသားကို လွန်ခဲ့တဲ့နာရီဝက်ခန့်ကပဲ သင်္ဂြိုဟ်လို့ ပြီးသွားပြီ ၊ ဘာလဲ သားကို တွေ့ဖို့လာတာလာ ။ အခုမှတော့ သိပ်ထူးတော့မယ် မထင်ပါဘူး ”
ထိုအမျိုးသမီးသည် ပြောပြီး တခြားတစ်နေရာ ထွက်သွားသည် ။ သူမ ကတော့ ဘာမှ မပြောနိုင်ဘဲ ရှိုက်ကြီးတငင် ငိုလျက်ပင် ။
ဧည့်ခန်းမှ လူအားလုံးသည် အခုမှ သူမကို သေဆုံးသူ၏ မိခင်မှန်း သိသွားကြသည် ။ ထူးဆန်းသည်မှာ အားလုံးသော မျက်ဝန်းများသည် တစ်ပုံစံတည်း ဖြစ်နေခဲ့ပြီး အားပေးနှစ်သိမ့်လိုမှုမျက်ဝန်းများ မပါဝင်ခဲ့ချေ ။
ခဏအကြာတွင် ဧည့်သည်အားလုံး ပြန်သွားကြပြီး ထိုအိမ်ကြီးတွင် ထိုအမျိုးသမီးနှင့် သူမသာ ခြောက်ကပ်စွာ ကျန်ရှိခဲ့သည် ။
••••• ••••• •••••
အိပ်ဆေးသောက်ထားသော်လည်း ဘယ်လိုမှ အိပ်၍မပျော်သော ညဉ့်နက်သန်းခေါင်ယံသည် သူမ၏ စိတ်တွေကို နှိုးဆွ၍ ချောက်ချားစေသည် ။ နာရီစက်သံ တချက်ချက်ကလည်း ပုံမှန် ထွက်ပေါ်နေပြီး တစ်ချက်တစ်ချက် ခွေးအူသံများက တိတ်ဆိတ်မှုကို ဖြိုခွင်းသွားလျက်ရှိသည် ။
အိပ်၍ မရမည့်အတူတူ စာအုပ်ဖတ်ရန် စဉ်းစားလိုက်သည် ။ သို့သော် အချည်းနှီးပင် ။ သူမ စိတ်သည် စာအုပ်ထဲတွင် ရှိနေမည် မဟုတ်ပါ ။ ယခုအချိန်တွင် သူမ၏ တစ်ဦးတည်းသောသား သော်ခန့်နိုင် သာ စိတ်အစဉ်ကို စိုးမိုးနေပေလိမ့်မည် ။ သူမ၏ အိပ်မရသော ရက်သည် ဒီနေ့နှင့်ဆို နှစ်ရက် ခန့်ရှိပြီး တစ်ခါတစ်ရံ အိပ်ပျော်နေရင်းမှ သားဟု ကျယ်လောင်စွာ အော်ခေါ်တက်ပြီး သူမသည် အပြင်သို့ ထွက်၍ ရှာတက်သေးသည် ။ သူ၏ သား လိုပဲ နာကျင်စွာ ခံစားနေခဲ့ရသည် ။
••••• ••••• •••••
တတိယမြောက်နေ့တွင် သူမသည် သား၏ အခန်းတွင်းသို့ မဝံ့မရဲ ခြေလှမ်းများဖြင့် ဝင်ရောက်လာခဲ့သည် ။ ပထမဆုံး ကြည့်မိသည်မှာ နံရံက ပိုစတာများ ။ သူမသည် သား၏ အငွေ့အသက်ကို ရှူရှိုက်ရင်း မျက်ရည်လည်လျက်ရှိသည် ။ ခုတင် ဆီသို့ ဖြည်းညင်းစွာ လျှောက်လာရင်း ခေါင်းအုံးကိုယူ၍ အတော်ကြာသည်အထိ ပွေ့ဖက်ထားလိုက်သည် ။ ထို့နောက် သူမသည် စာကြည့်စားပွဲဆီသို့ လျှောက်သွားရင်း ယခုထက်တိုင် ပုံပန်းမပျက် ရှိနေသေးသည့် သားရဲ့စာအုပ်များကို လှန်ကြည့်ဖြစ်သည် ။ ဖတ်စာအုပ်တိုင်း ၏ အချို့နေရာများတွင် ခဲနှင့် အထပ်ထပ် ရေးခြစ်ထားလျက်ရှိသည် ။
သော့တန်းလန်းနှင့် ညာဘက်အံဆွဲကို ဖွင့်ကြည့်လိုက်သည် ။ အပေါ် ဆုံးတွင် ထင်ထားသော ဒိုင်ယာရီစာအုပ်ဟောင်းကို သူမက စိတ်လှုပ်ရှားစွာ ယူကြည့်လိုက်သည် ။
ပထမဦးဆုံး စာမျက်နှာတွင် လက်ရေးဝိုင်းဝိုင်းလေးများဖြင့်
အမေ .. သားရဲ့ ခံစားချက်တချို့ ပြောပြစရာလူ မရှိလို့ ဒီဒိုင်ယာရီထဲပဲ ရေးပါရစေ ...
ငယ်ငယ်တုန်းက ဘဝလေးတွေကို ပြန်လိုချင်တယ် ။ အမေရယ် ၊ ဒေါ်လေးရယ် ၊ ဦးလေးရယ် ၊ သားသူငယ်ချင်းတွေနဲ့ အတူသွား ၊ အတူလာ နဲ့ ပျော်စရာရက်ကလေးတွေကို မေ့မရဘူးအမေ .. ပြန်တွေးကြည့်လိုက်ရင် ငယ်ငယ်တုန်းက အမေ သားကို သိပ်ချစ်ပါတယ် ။ ငယ်ငယ်ကတည်းက အဖေဆိုတာ သိပ်မမြင်ဖူးလိုက်ရတဲ့အတွက် အဖေနဲ့ ပတ်သက်ရင် ခံစားချက် သိပ်မရှိဘူး ။ ဒါပေမဲ့ ငယ်စဉ်ကတည်းက သား နားမှာ ရှိခဲ့တဲ့ အမေကို ပျောက်သွားမှာကို စိတ်ကူးနဲ့တင် ကြောက်ခဲ့တယ် ။ အမေ ရှိရင် သား အားရှိတယ် ၊ သားစာကျက်ရင် ဘေးနားမှာ အမြဲ ထိုင်ပေးနေတတ်တဲ့ အမေ့ကို သား အရမ်း သတိရတယ် ။ ဘယ်တော့ ပြန်လာမှာလဲ အမေ ...
••••• ••••• •••••
အမေနဲ့ သား ခွဲနေရတာ ဘယ်လောက် ကြာပြီလဲ အမေ ပြန်စဉ်းစားကြည့်ရဲ့လား ။ သားကတော့ အမြဲတမ်း ရေတွက်နေခဲ့တယ် ။ သား ခြောက်တန်းနှစ်အရောက်မှာ စီးပွားရေး တော်တော် ကျပ်တည်းလာတယ်နော် ။ အဲဒီ စီးပွားရေး မပြေလည်ခြင်းကပဲ အမေနဲ့ သားကို ခွဲပေးလိုက်သလိုပဲ ။ တရုတ်ပြည်ဘက် ကုန်ကူးပြီး စီးပွားရှာမယ်တဲ့ ။ သားရှေ့ ရေးအတွက်တဲ့ .. အမေနဲ့ မခွဲနိုင်ဘူး ။ ကျောင်းထွက်ချင် ထွက်ရပါစေလို့ ပြောတုန်းက အရမ်းစိတ်ဆိုးခဲ့တယ် ။ သားကို ပညာတတ်ကြီး ဖြစ်စေချင်တာတဲ့ ။ အမေက ဆုံးဖြတ်ပြီးရင် မပျက်တတ်သူမို့ သားကို အဒေါ်ဝမ်းကွဲနဲ့ အပ်ပြီး ထွက်သွားခဲ့တာ အခုချိန်ထိပါပဲ ။
••••• ••••• •••••
အမေ့ကို သားလွမ်းတယ် ။ အမေ့ ဆီက ပုံမှန် ငွေပို့ပေးတယ် ။ သားဆီ စာတော့ ရေးပါတယ် ။ ကျန်းမာရေး ဂရုစိုက်ဖို့ ၊ စာကြိုးစားဖို့ အမေ မအား ကြောင်းလောက်ပဲပါတယ် ။ သား တနင်္ဂနွေနေ့ ဘုရားကျောင်း သွားတိုင်း အမေ ပြန်လာဖို့ပဲ ဆုတောင်းမိတယ် ။ အမေက စာရေးရင် လိပ်စာလည်း ထည့်မရေးပေးဘူး ။
••••• ••••• •••••
ဒီနေ့ အမေ့ကို ပိုသတိရတယ် ။ သား ရှစ်တန်းကို ဂုဏ်ထူးလေးခု နဲ့ အောင်တယ် ။ အမေ့ကို ပြောချင်တာ ဝမ်းမသာဘူးလားဟင် ။ အောင်စာရင်း ကြည့်ပြီး ပြန်လာတော့ သူများအမေတွေလို တွေ့ပြီး ဝမ်းသာအားရ ပြောချင်တယ် ။ အမေ ဖြစ်စေချင်သလို သား ကြိုးစားပါ့မယ် ။
ဒီနှစ် ခရစ္စမတ်နေ့မှာ အမေ့ဆီက ကတ်တစ်ခုရတယ် ။ ထူးထူးခြားခြားပဲ လိပ်စာနဲ့ ဖုန်းနံပါတ်ပါတယ် ။ သား သိပ်ဝမ်းသာတာပဲ ။ ချက်ချင်းပဲ ဖုန်းဆက်ခဲ့တယ် ။ အမေနဲ့ စကားပြောရတယ် ၊ အမေ့ကို သိပ်လွမ်းတယ် ၊ အဆင်ပြေရင် ပြန်လာပါတော့လားဟင်လို့ ပြောတော့ အမေက ငါ့သား တိုက် နဲ့နေရအောင် အမေ ကြိုးစားနေတယ် ။ ခဏလေး စောင့်လိုက်နော်တဲ့ .. အမေ့ရဲ့ ဖြေသိမ့်မှုနဲ့ သားကျေနပ်ခဲ့ရတာ ကြာခဲ့ပြီ ။ သားမှာ အဲဒါတွေ မလိုအပ် ဘူး ။ အမေရှိရင် ပြည့်စုံတယ် ... အမေက ဆုအဖြစ် ဘာလိုချင်သလဲတဲ့ ၊ မြန်မာပြည်ကို ပြန်လာတာပဲ လိုချင်တယ်ဆိုတော့ အမေ့ဘက်က အသံတိတ်သွားခဲ့တယ် ။ နောက်တော့ သား ဆန္ဒတွေ ပြည့်မှာပါတဲ့ ၊ အဲဒီနေ့က ဘယ်နေ့များလဲ ...
••••• ••••• •••••
လိုအပ်ချက် တစ်ခုကို ဖြည့်စွမ်းဖို့ ဘာတွေလိုအပ်သလဲ ။ အမေ သား ဘဝမှာ အလိုအပ်ဆုံး အရာဟာ တစ်ခုတည်းပဲ ။ အဲဒီတစ်ခုက အရာရာကို ပြီးစီးအောင်မြင်စေမှာပါ ။ အမေက သား ဂုဏ်ထူးနဲ့ အောင်လို့ ဆိုင်ကယ် ပို့လိုက်တယ် ။ သားအတွက် အသုံးဝင်မယ့်အရာပါတဲ့ ။
ဘယ်အရာမှ သား လိုအပ်တာထက် ပိုတန်ဖိုးမရှိဘူးအမေ ...
••••• ••••• •••••
အမေ့သားမှာ တိုင်ပင်စရာ ၊ ပြောစရာ ၊ ဝမ်းသာစရာ ၊ ဝမ်းနည်းစရာတွေ တွေ့လာရင် ဘယ်သူ့ကို ဦးတည်ပြီး ပြောရမှန်းမသိဘူ ... အမေ့သား လိုအပ်နေတာတွေကို အမေသိရင် ကောင်းမှာပဲ ..
အမေ့ စာလေးတွေကို သတိရတိုင်း ပြန်ဖတ်နေမိတယ် ...
••••• ••••• •••••
ဒီနေ့ အမေ့ကို ပိုသတိရတယ် ။ သားကျောင်းမှာ ကိုးတန်းအောင်တာ ပထမဆုရတယ် ၊ သူများမိဘတွေ အစုံအလင်နဲ့ လာကြတယ် ။ သား နားမှာ အမေမရှိဘူး ... အမေ့ရဲ့ ပီတိအပြုံးကို သားမြင်ချင်တယ် ။
အမေက လိပ်စာပေးပြီး လိပ်စာထဲက ပါတဲ့ တိုက်ကို ပြောင်းရွှေ့ဖို့ ပြောတယ် ။ သားရယ် ဒေါ်လေးရယ် အိမ်ဖော်တွေပါ တိုက်သစ်ကို ပြောင်းခဲ့ကြတယ် ။ အဲဒီတိုက်က အမေ့မိတ်ဆွေရဲ့ တိုက်တဲ့ ။ နိုင်ငံခြားမှာ အဲဒီ မိတ်ဆွေနဲ့ တွေ့ပြီး ဟိုမှာ ငွေချေ ပြီးပြီတဲ့ ... သိပ်ကောင်းတဲ့ တိုက်လေးပါ အမ ၊ ဒါပေမဲ့ အမေနဲ့ အတူတူ နေရရင် ပိုပျော်စရာ ကောင်းမှာပဲ ...
••••• ••••• •••••
အမေ .. အခုနောက်ပိုင်း စာရေးကျဲသွားတယ် ။ နေကောင်းပါစေလို့ ဘုရားသခင်ဆီမှာ အမြဲဆုတောင်းနေပါတယ် ။ အမေ့ကို စိတ်ပူတယ် ။ နေမကောင်းရင် ဘယ်သူ ပြုစုမလဲဟင် ။ အမေ့ ကို ပြောရဦးမယ် ။ သား ဒီနှစ်ထဲ မှာ ရင်ဘတ် ခဏခဏ အောင့်ပြီး အသက်ရှူ ကျပ်သလိုပဲ ။ မကြာခဏ ဆရာ ဝန်ဆီ သွားတယ် ၊ ဒေါ်လေးကလည်း ဂရုစိုက်ပါတယ် ။ ဒါပေမဲ့ အမေနဲ့ တော့ ဘယ်တူမလဲ ။ ငယ်တုန်းကလို အမေ့ ရင်ခွင်ထဲမှာ သား အိပ်ချင်တယ် ။
••••• ••••• •••••
ဒီနေ့ အမေ့ဆီက ဖုန်းလာတယ် ။ သိပ်ပျော်တယ် ။ ဖုန်းထဲမှာ အမေ့ အသံက တစ်မျိုးပဲ ၊ အမေ နေကောင်းရဲ့လားလို့ မေးတော့ ကောင်းပါတယ် တဲ့ ။ အမေလည်း မကြာခင် ပြန်လာဖြစ်မယ် ထင်တယ်လို့ ပြောတယ် ။ သား အရမ်းဝမ်းသာတယ် ။
ဒီနှစ်မှ ရိုက်ထားတဲ့ သားရဲ့ ဓာတ်ပုံ ပို့ပေးဦးတဲ့ ။ ဩစတြီးယားက မိတ်ဆွေတစ်ယောက်ကို ပြချင်လို့တဲ့ ...
အမေ အမြန်ပြန်လာပါ. ..
သား မျှော်နေမယ် ...
••••• ••••• •••••
ဒီနေ့ သား စီးကရက်ရယ် ၊ အရက်ရယ် သောက်လိုက်တယ် ။ ဒီအတွက် ခွင့်လွှတ်ပါ ။ သူများမိဘတွေက သူတို့ သားတွေကို ဒါတွေမလုပ်ဖို့ တားမြစ်ကြတယ် ။ သားမှာ အဲဒီလို ဆုံးမတားမြစ်မယ့်သူ မရှိဘူး ။ သားကို ဘာဖြစ်လို့ သောက်တာလဲဟင်လို့ မေးလိုက်စမ်းပါ အမေ ... သား ဝေဒနာတွေ ခံစားရတာတွေ ပိုဆိုးလာပါစေ ..
သားရောဂါကို ဥပေက္ခာ ပြုလိုက်တော့မယ် ။ ဒေါ်လေး ခေါ်ပေးမှုကြောင့် မိသားစုဆရာဝန် တစ်ယောက် အိမ်မှာပဲ လာကုပေးတယ် ။ အခုတစ်လော ရင်ဘတ်အောင့်မှုက ပိုဆိုးလာတယ် ။ ဖြစ်ချင်ရာ ဖြစ်ပါစေတော့ ၊ သားဟာ အရေးမပါတဲ့ လူတစ်ယောက်ပဲ ..
••••• ••••• •••••
အမေ့ရဲ့ မေတ္တာတွေကို သားရခဲ့ပါတယ် ။ ဒါပေမဲ့ အဝေးကနေ အလှမ်းကွာနေတဲ့ မေတ္တာကို သား မရချင်ဘူး ...
သား ခံစားချက်ပေါင်းများစွာနဲ့ ရင်ဆိုင်ကျော်ဖြတ်လာတဲ့နေ့တွေ များခဲ့ပြီ ။ ဒီနေ့ဟာ အဆိုးဆုံးပေါ့ ။ အရမ်းဝမ်းနည်းတယ် ၊ အမေဟာ သား ဆီ ပြန်လာဖို့ ကြိုးစားနေတာဆို ၊ သားရောဂါကြောင့် ဒေါ်လေးက အမေ့ ကို မဖြစ်ဖြစ်အောင် ခေါ်မယ်တဲ့ ... သားက မခေါ်ပါနဲ့လို့ ပြောလိုက်တယ် ၊ အမေ စိတ်ပူသွားမှာ စိုးလို့ပါ ။ ပြီးတော့ အမေ့ရဲ့ ပျော်ရွှင်နေရတဲ့ အချိန်လေး ကို စိတ်မညစ်စေချင်ဘူး ..
အမေ ... သား ဘယ်လိုမှ မယုံနိုင်တဲ့ စကားတစ်ခုကို သားသူငယ်ချင်းရဲ့ ဦးလေး ဆီက ကြားခဲ့ရတယ် ။ အမေဟာ အဲဒီ နိုင်ငံမှာ ဒီမြန်မာပြည်က သွားအလုပ်လုပ်နေတဲ့ လူတစ်ယောက်နဲ့ လက်ထပ်လိုက်ပြီး အိမ်ထောင်ကျနေပြီတဲ့ ။ သူက အဲဒီက ပြန်လာတာ မကြာသေးဘူး ။ အမေ့ကို သိတယ် တဲ့ .. ။
သား ဘာလုပ်ရမလဲဟင် ... သား ငိုခဲ့ရတယ် အခုထိပါပဲ ။
အမေ ပြန်လာဖို့ ရည်ရွယ်ချက် မရှိရင်တော့ သားနဲ့ ဝေးရပြီပေါ့ ...
••••• ••••• •••••
အမေ့ဆီ ဖုန်းမခေါ်ဖြစ်ဘူး ။ အမေ ပြောလာမယ့် စကားတွေကို မကြားရဲဘူး ။ သား ဘုရားကျောင်း မတက်နိုင်တော့ဘူး ... အမေ ကတော့ တက်ဖြစ်မယ် ထင်ပါတယ် ၊ အစားလည်း သိပ်စားမဝင်ဘူး ။ ဆရာဝန်က ရောဂါကို အတိအကျ မပြောပါဘူး .. အိပ်ရာထဲမှာပဲ နားခိုင်းတယ် ။ ဆယ်တန်းစာ တွေလည်း မလိုက်နိုင်တော့ဘူး အမေ .. အမေ့ဆီက နောက်ဆုံးရခဲ့တဲ့ စာလေးကိုပဲ ထပ်ခါထပ်ခါ ဖတ်နေမိတယ် ။ စာရဲ့ နောက်ဆုံး မှာ ..
ငါ့သား မျှော်လင့်တဲ့အတိုင်း မိသားစု သိုက်သိုက်ဝန်းဝန်း နေရတော့ မှာပါ ။ အမေ မကြာခင် ပြန်လာတော့မှာတဲ့ ...
••••• ••••• •••••
ဒီနေ့ အမေ့ဆီက ဖုန်းလာတယ် ။ ဒေါ်လေးက သားရောဂါအကြောင်း ပြောပြလိုက်တယ် ။ သားနဲ့ လည်း ပြောဖြစ်ပါတယ် .. အမေ ပြန်လာတော့မယ်တဲ့ ..
အမေ့ကို တွေ့ ရတော့မှာမို့ သားပျော်ပါတယ် ..
••••• ••••• •••••
အမေလည်း မလာသေး ... ။
••••• ••••• •••••
အမေ ပြန်လာတော့လေ ....
••••• ••••• •••••
သား အမေ့ကို တွေ့ချင်ပြီ ...
အမေနဲ့မှ အတူ နေရပါ့မလား ...
••••• ••••• •••••
ဘုရားသခင် ... အမေနဲ့ နောက်ဆုံးတွေ့ ခွင့်ပြုပါ ..
••••• ••••• •••••
ဒီနေ့ အပြင်မှာ မိုးဖွဲဖွဲ ရွာနေတယ် ၊ ဆရာဝန် လာတယ် ။ သားကို ဆေးထိုးတယ် ။ အရင်က သောက်ဆေး သောက်ရတယ် ။ အခု မသောက်ရတော့ဘူး ။ အားဆေးပုလင်း သွင်းရတယ် ။ ဒါတွေ မလိုအပ်တော့ဘူး ထင်တယ် ။ အမေ သားသိတယ် .. ပြတင်းပေါက် အပြင်ကနေ ပက်ဖျန်းတဲ့ မိုးစက်လေးတွေနဲ့အတူ အမေ ရောက်လာရင် သိပ်ကောင်းမှာ ... ။
သား ဆက်မရေးနိုင်တော့ဘူး .. မျက်လုံးတွေ ဝါးလာပြီ အမေ .. ။
လူငယ်လေး၏ ဒိုင်ယာရီသည် ထိုမှာ အဆုံးသတ်သွားသည် ။ သူမသည် ကုန်လှုပ်ချောက်ချားခြင်း ၊ ကြေကွဲခြင်းများနှင့် တဆက်ဆတ်တုန်လျက် ရှိပြီး မျက်ရည်များသည် ဒိုင်ယာရီစာအုပ်တစ်အုပ်လုံးကို ရွှဲစိုလျက်ရှိသည် ။ သား ဟု တတွတ်တွတ် ရေရွတ်ရင်း ကြောင်စီစီမျက်လုံးများဖြင့် နံရံက ပိုစတာများကို ဆွဲဆုတ်လိုက်သည် ။
မျက်နှာပြင် တစ်ခုလုံးကို သူမ၏ ချွန်ထက်သော လက်သည်းများဖြင့် ကုတ်ခြစ်လျက် အပြင်ဝရန်တာမှ တစ်ဆင့် လှေကားအတိုင်း ပြေးဆင်းသွားပြီး သူမထံ ဘယ်တော့မှ ပြန်မလာတော့မည့် သူမ၏ သားကို တကြော်ကြော်အော်ခေါ်ကာ ဒိုင်ယာရီစာအုပ်ကို ပွေ့ဖက်ရင်း လမ်းမကြီး အတိုင်းဆီသို့ ဦးတည်ပြေးလျက် ... ။
▢ ချောအိမာန် ( မန္တလေး )
📖 မေတ္တာရှင် မဂ္ဂဇင်း ( မန္တလေး )
အောက်တိုဘာ ၊ ၁၉၉၇

No comments:
Post a Comment