❝ အလှည့် ❞
( နေနော် )
“ အဲဒီ မောင်းခလုတ်ကို ဆွဲညှစ်လိုက်တာနဲ့ မြားတံဟာ လှစ်ခနဲ ပြေးထွက်ပြီး သားကောင်ရဲ့ ရင်ဝကို စိုက်သွားလိမ့်မယ် ။ မြားမှန်ပြီး ငါးစက္ကန့်အတွင်း သားကောင် ဟာ မြေပေါ်ကို တုံးခနဲ လဲသွားလိမ့်မယ် ။ ဒါပေမဲ့ ကျုပ် လောင်းရဲတယ် ။ မောင်ရင် မလုပ်ရဲဘူး ”
နောက်ဘက်က ထွက်ပေါ်လာတဲ့ စကားသံကြောင့် ကျွန်တော်ဟာ တောစပ်က ယုန်တစ်ကောင်ဆီ လှမ်းချိန်ထားတဲ့ ဒူးလေးကို စိတ်ပျက်လက်ပျက် အောက်ပြန်ချလိုက်မိတယ် ။ တောထဲ ဝင်ခါစမှာပဲ ရုတ်တရက် ဗိုက်နာလာလို့ လက်ထဲကဒူးလေး ကျွန်တော့် ပေးပြီး အန္တရယ်ရှင်းဖို့ ထွက်သွားတဲ့ မုဆိုး ပြန်ရောက်လာတာပါ ။ ကျွန်တော် မုဆိုးဘက် လှည့်ကြည့်လိုက်ရင်း
“ နေပါဦး ၊ ခင်ဗျားက ဘာဖြစ်လို့ ဒီလောက် သေချာနေရတာလဲ ”
“ ဘာဖြစ်လို့လဲဆိုတော့ မောင်ရင်ဟာ အနုပညာသမားမှန်း ကိုယ်သိနေလို့ပေါ့ ”
မုဆိုးဟာ သေချာပေါက်လေသံနဲ့ လှမ်းပြောရင်း ကျွန်တော့်လက်ထဲက ဒူးလေးကို ဖျတ်ခနဲ ဆွဲယူလိုက်တယ် ။ တကယ်တော့ သူ ပြောတာလည်း မမှားပါဘူး ။ ကျွန်တော်ဟာ ပစ်ခတ်လိုစိတ်ကြောင့် ယုန်ကို လှမ်းချိန်လိုက်တာ မဟုတ်ဘဲ ဒူးလေးကို တစ်ခါမှ ကိုင်မကြည့်ဖူးတာကြောင့် သူ့ဆီက ယူပြီး ဟိုချိန် ဒီချိန် လှမ်းချိန်လိုက်တာပါ ။ စောစောတုန်းက ကျွန်တော် ဒူးလေးနဲ့ လှမ်းချိန်တဲ့ ယုန်ကလေးဟာ ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုကြောင့် ထင်ရဲ့ ၊ လှစ်ခနဲ ပြေး ထွက်သွားတယ် ။
မုဆိုးဟာ သူ့ဒူးလေးကို ပခုံးပေါ် ပြန်ထမ်းရင်း ကျွန်တော့်ကို လှမ်းပြောတယ် ။
“ ကဲ .. မောင်ရင် ၊ ဝါးဖြူတောင်အကြောင်း လေ့လာချင်ရင် ကျုပ် နောက်သာ ခပ်သွက်သွက်လိုက် ခဲ့ပေတော့ ”
ကျွန်တော်ဟာ ခြေလှမ်းကျဲကြီးတွေနဲ့ ရှေ့က စတင်ထွက်ခွာသွားတဲ့ သူ့နောက်ကို အမြန် ပြေးလိုက်ရတော့တယ် ။ ဇာတ်လမ်းကတော့ စကတည်းက ယဉ်သကိုလို့ ဆိုရမှာပါ ။ စကားပြော အဆင်မပြေတဲ့ ဒီလူ့ နောက်ကို ဘာဖြစ်လို့များ လိုက်လာခဲ့မိပါလိမ့် ။ ဖြစ်နိုင်တာကတော့ စာရေးဆရာတစ်ယောက်ရဲ့ ဒေသန္တရဗဟုသုတ ရလိုစိတ်က သူ့နောက်လိုက်ဖြစ်အောင် တွန်းပို့လိုက်တာပဲ ဖြစ်မှာပါ ။
လွန်ခဲ့တဲ့ နှစ်နာရီလောက်က ကျွန်တော် စီးလာတဲ့ အဝေးပြေးကား ဝါးဖြူတောင်မှာ ခဏ နားတုန်း သူနဲ့ ကျွန်တော် ထမင်းဆိုင်လေး တစ်ဆိုင်ထဲမှာ စတင် တွေ့ဆုံခဲ့တာပါ ။ ကျွန်တော်ဟာ သဘာဝဝန်းကျင် လေ့လာရေးအတွက် ခရီးထွက်လာတဲ့ အနုပညာသမားတစ်ယောက်ဖြစ်ကြောင်း စကား စလိုက်တယ် ဆိုရင်ပဲ ( ဆိုင်ထဲဝင်လာကတည်းက ကျွန်တော့်ကို အကဲခတ်နေခဲ့တဲ့ ) အဲဒီလူဟာ “ ဒီဒေသကို လေ့လာချင် ရင် ဝါးဖြူတောင်က စပြီး လေ့လာသင့်ကြောင်း ” တရားဟောတော့တာပါပဲ ။ သူ့ အပြောအရ သူဟာ ဝါးဖြူတောင်တစ်ကြောကို ကျွမ်းကျင်သူ ဖြစ်ပြီး တစ်နေကုန် တောလည်မှာမို့ သူနဲ့ လိုက်ခဲ့လျှင် ဝါးဖြူတောင်တောနက်ထဲကို လှည့်လည်လေ့လာပြီးသား ဖြစ်လိမ့်မယ်လို့ ဆိုပါတယ် ။
“ ညအိပ်ဖို့လည်း မပူနဲ့ ။ ကျုပ် အိမ်မှာ အိပ်လို့ ရတယ် ။ နောက်နေ့မှ တခြားမြို့တွေဆီ ခရီးဆက်ပေါ့ ”
ဒီလိုနဲ့ ကျွန်တော်ဟာ ပါလာတဲ့ အိတ်တွေကို ထမင်းဆိုင်လေးထဲ အပ်ပြီး သူ့နောက်ကို လိုက်ဖို့ ဖြစ်လာတာပါ ။ ဒါပေမဲ့ တောနက်နက်ထဲ ရောက်လာတယ်ဆိုရင်ပဲ သူ့အမူအရာတွေက တစ်မျိုး ဖြစ်လာတာမို့ လိုက်လာမိတာ မှားပြီလို့ ကျွန်တော် စတင်တွေးမိလာတယ် ။
“ ဒါနဲ့ စကားမစပ် မောင်ရင့် အရပ်က ငါးပေ ရှစ်လက်မလောက် ရှိမယ် ထင်တယ် ။ ကျုပ် ခန့်မှန်းတာ နီးစပ်ရဲ့လား ”
“ အင်း .. ခုနစ်လက်မခွဲ ဆိုပါတော့ ။ နီးစပ်ပါတယ် ”
“ ကိုယ်အလေးချိန်ကတော့ ကျုပ်လောက်ပဲ မဟုတ်လား ။ ပေါင်တစ်ရာ့သုံးဆယ်သာသာပေါ့ ”
မဆီမဆိုင် စူးစမ်းမှုတွေကို နားမလည်ပေမယ့် ကျွန်တော် အတိုက်အခံ မလုပ်ဘဲ တစ်ရာသုံးဆယ့်ငါးပေါင် ရှိကြောင်း ပြန်ပြောလိုက်တယ် ။ သူက ကျွန်တော့် ကိုယ်လုံးကိုယ်ပေါက်ကို အကဲခတ်သလို လှည့်ကြည့်ရင်း ခေါင်းတညိတ်ညိတ်လုပ်နေတာကြောင့် ..
“ နေပါဦးဗျ ။ အဲဒါတွေ ဘာကြောင့် မေးနေတာလဲ ”
“ အင်း ... ကျုပ် ပုံပြင်တစ်ပုဒ် ပြောပြမယ်လေ ။ အဲဒါဆို မောင်ရင် သဘောပေါက်လာမှာပါ ”
ပုံပြင်ဆိုတဲ့ စကားကြောင့် ကျွန်တော် ဘာမှ ဆက်မမေးတော့ဘဲ သူပြောပြမယ့် အကြောင်းအရာ ကို နားစွင့်လိုက်တယ် ။ ကျွန်တော်ဟာ စာရေးဆရာပီပီ ပုံပြင် ဆိုလို့ စိတ်ဝင်စားသွားတာပါ ။
သူက လမ်းလျှောက်ရပ်လိုက်ပြီး သစ်ပင်ရိပ် တစ်ခုမှာ ဝင်လိုက်တာမို့ ကျွန်တော်လည်း သူ့ရှေ့ မလှမ်းမကမ်း ကျောက်တုံးတစ်ခုပေါ် ဝင်ထိုင်လိုက်တယ် ။ မုဆိုးဟာ စီးကရက်ဘူးကို ထုတ် ၊ တစ်လိပ် မီးညှိပြီး ကျွန်တော့်ကိုလည်း တစ်လိပ်ကမ်းပေးတယ် ။ စီးကရက်ကို အားပါးတရ ဖွာရှိုက်နေတဲ့ သူ့ကို အကဲခတ်လိုက်တော့ သူဟာ အရပ်အမောင်း ကိုယ်လုံး ကိုယ်ပေါက်သာမကဘဲ မျက်နှာပုံပန်းပါ ကျွန်တော်နဲ့ တော်တော်လေး ဆင်တူနေတာကို သတိထားလိုက်မိတယ် ။ ဒါကြောင့်လည်း ကျွန်တော့်ရဲ့ ကိုယ်အလေးချိန်နဲ့ အရပ်အမြင့်ကို သူသိချင်တာ ဖြစ်မယ်လို့ တွေးလိုက်မိတယ် ။
“ ဒီလိုဗျ ။ ကျုပ်ရဲ့ပုံပြင်ကို နားမထောင်ခင် အရင်ဆုံး ကျုပ်အကြောင်းကို ခင်ဗျားသိထားဖို့တော့ လိုလိမ့်မယ် ။ ကျုပ်က တောလိုက်ဝါသနာပါပေမယ့် တကယ် မုဆိုးအစစ်တော့ မဟုတ်ဘူး ။ ကျုပ်ရဲ့ တကယ့် အလုပ်က ဒီဝါးဖြူတောင်နားက ကျောက်တူးဖော်ရေး ကုမ္ပဏီတစ်ခုရဲ့ မန်နေဂျာပါ ”
ဒီတော့မှ ကျွန်တော်ဟာ ခပ်တုံးတုံး တောသား တစ်ယောက်နဲ့ မိတ်ဆွေဖြစ်ရတာမဟုတ်ဘဲ မြို့သားပညာတတ် တစ်ယောက်နဲ့ တွေ့နေရတာပါလား ဆိုတာကို သဘောပေါက်လာတော့တယ် ။ သူက ဆေးလိပ်ငွေ့တွေကို ရှိုက်သွင်းရင်း စကားဆက်လာတယ် ။
“ အင်း .. ကျုပ်ဇာတ်လမ်းကို စိတ်ဝင်စားအောင် စရရင် ကျုပ်ထက် ခုနစ်နှစ်ကျော် ငယ်တဲ့ မိန်းကလေး တစ်ယောက်ကို တမ်းတမ်းစွဲ ဖြစ်ပြီး လက်ထပ် ယူမိတာက စရလိမ့်မယ် ထင်တယ် ။ ကိုယ့်လူလည်း နားလည်မှာပါ ။ လူပျိုကြီး ၊ အပျိုကြီးတွေ ရည်းစား ရပြီ ဆိုရင် နာလန်ထကလေး တစ်ယောက် အသားဟင်း တောင်းသလို အငမ်းမရ ဖြစ်တော့တာ မဟုတ်လား ။ မန္တလေးတက္ကသိုလ် တက်နေတဲ့ မြလေးနွယ် က အစပိုင်းက ကျုပ်ကို သိပ်စိတ်မဝင်စားလှဘူး ။ ဒါပေမဲ့ ကျုပ်က သူ့မိဘတွေကို ကပ်ပေါင်းပြီး အတင်း တောင်းခဲ့တာဆိုတော့ တိုတို ပြောရရင် မြလေးနွယ် နဲ့ ကျုပ် အကြောင်းပါခဲ့တယ် ဆိုပါတော့လေ ”
သူ့ အပြောအရ မိန်းကလေးဟာ သူ့ထက် ငယ်တဲ့ အပြင် မြို့ကြီးပြကြီး မဟုတ်တဲ့ ဝါးဖြူတောင်လို နေရာမျိုးမှာ ခေါ်ထားရတာမို့ မိန်းကလေး ပျော်အောင် အစွမ်းကုန် အလိုလိုက်ခဲ့တယ်လို့ ဆိုတယ် ။ အပေါ်စက် အောက်စက်လို ဇိမ်ခံပစ္စည်းတွေအပြင် သူမ မွေးချင်တဲ့ အိမ်မွေးတိရစ္ဆာန်တွေကိုပါ မညည်းမညူ ဝယ်ပေးခဲ့ပေမယ့် သူမ ဟာ ကျောက်တူးဖော်ရေးစခန်းမှာ မပျော်ဘဲ တစ်လတစ်ခါလောက် မိဘတွေ ရှိရာ မန္တ လေးကို သွားချင်ကြောင်း ပူဆာခဲ့ပါသတဲ့ ။
“ ကိုယ်က ချစ်လို့ ယူထားတာ ဆိုတော့လည်း ခွင့်ပြုရတာပေါ့ဗျာ ။ ဘယ်တတ်နိုင်ပါ့မလဲ ။ ကျုပ် မအားလို့ လိုက်မပို့နိုင်တဲ့အခါ သူတစ်ယောက်တည်း သွားတတ်တယ် ။ နောက်တော့ အစဉ်အလာလို ဖြစ်ပြီး ကျုပ်ကိုတောင် မခေါ်တော့ပါဘူး ။ ကျုပ်ကလည်း သူ စိတ်ပြေလက်ပျောက် သွားပါစေ ၊ စိတ်တိုင်းကျ သုံးပါစေဆို ပြီး ငွေကိုသာ လုံလောက်အောင် ရှာဖွေ ထည့်ပေးလိုက်တယ် ။ သူကလည်း ငွေတွေ ဘယ်က ရသလဲ တစ်ခွန်းမမေးဘဲ စိတ်တိုင်းကျ သုံးတော့တာပဲ ကိုယ့်လူရေ ။ ကျုပ်က လခစားဝန်ထမ်းမို့ မချမ်းသာ ပေမယ့် ကုမ္ပဏီပိုင်ငွေကို လှည့်သုံးလို့ ရနေတာ ဆိုတော့ ဒီလိုပဲ စာရင်းလိမ်ရတာပေါ့ ။ တစ်ခေါက် ၊ နှစ်ခေါက် ကနေ လေးငါးဆယ်ခေါက် ဖြစ်လာတဲ့အခါ ငွေကွာတာက တော်တော် များလာတယ် ။ နောက်ဆုံး ကျုပ် လည်း မတတ်သာတော့ဘဲ မိန်းမကို ဖွင့်ပြောတိုင်ပင် ရတော့တာပဲ ။ ဒီတော့မှ ကျုပ်ထက် ခုနစ်နှစ်ကျော် ငယ်တဲ့ မိန်းမဆီက မထင်မှတ်ဘဲ အကြံကောင်း ဉာဏ်ကောင်းတွေ ထွက်လာတယ်ဗျာ ။ သူက ငွေ ကွာတဲ့ အတူတူ နောက်ထပ် ရသလောက် ထပ်ယူပြီး မန္တလေးမှာ အခန်းတစ်ခန်း ဝယ် ၊ လုပ်ငန်းတစ်ခု ထူထောင် ၊ ပြီးတာနဲ့ ကုမ္ပဏီကနေ ခြေရာဖျောက် ထွက်ပြေးဖို့ အကြံပေးတော့တာပဲ ”
သူက ပြောလက်စ စကားကို ရပ် ၊ ဖင်ကပ်သာသာ စီးကရက်ကို နောက်ဆုံးတစ်ဖွာ ဖွာရှိုက်ပြီး လွှင့်ပစ်လိုက်တယ် ။ သူ့ရဲ့ ပြောဆိုပုံအရ မိန်းမရဲ့ အကြံဉာဏ်ကို လက်ခံတော့မယ်လို့ ယူဆရပါတယ် ။ ကျွန်တော် ထင်တဲ့အတိုင်း သူက ဆက်ပြောလာတယ် ။ သူ့ အပြောအရ သိန်းထောင်ပေါင်းများစွာထဲက ရာဂဏန်းလောက် ထုတ်ယူရတာဟာ သိပ်မခက်ဘူးလို့ ဆိုတယ် ။
အခန်းကို မိန်းမနာမည်နဲ့ သူမ စိတ်ကြိုက် ဝယ်ယူခိုင်းတဲ့အပြင် ကားတစ်စီး ကိုလည်း ဝယ်ယူခဲ့ပါသတဲ့ ။ ဒါ့အပြင် သူမ နာမည်နဲ့ သိန်းငါးဆယ်လောက်ကိုလည်း ဘဏ်ထဲ ထည့်ပေးခဲ့သေးတယ်လို့ ဆိုတယ် ။ သူ တိမ်းရှောင်နေတုန်း မိန်းမသုံးစွဲဖို့လို့ ယူဆရပါတယ် ။ အခုတော့ သူနဲ့ သူ့ဇနီးဟာ လက်ရှိ ဘဝကနေ တိမ်းရှောင်ထွက်ပြေးဖို့ အဆင်သင့် ဖြစ်နေပြီလို့ ပြောလာပါတယ် ။
“ နေပါဦးဗျ ။ ခင်ဗျား ခြေရာဖျောက် ထွက်ပြေးတာကို ကုမ္ပဏီက ဒီတိုင်း ကြည့်နေမှာလား ။ ရဲ မတိုင်တော့ဘူးလား ။ ခင်ဗျား နောက်ကို မလိုက်ကြတော့ဘူးလား ”
ကျွန်တော် မေးလိုက်တော့ သူက မပြုံးချင် ပြုံးချင် ပြုံးရင်း ခေါင်းညိတ်တယ် ။
“ အင်း ... မေးသင့်မေးထိုက်တဲ့ မေးခွန်းပဲ ။ ကျုပ်သာ အသက်ရှင်လျက် ထွက်ပြေးနေရင်တော့ ဘယ်လွတ်ပါ့မလဲ မောင်ရင်ရယ် ။ တစ်ရက်မဟုတ် တစ်ရက် အမိ ခံရမှာပေါ့ ။ ဒါပေမဲ့ ကျုပ် သေသွားရင်တော့ အမှုပိတ်လိုက်ကြမှာ သေချာပါတယ် ။ ကျုပ် မိန်းမ ကိုလည်း နည်းနည်းပါးပါး မေးစမ်းပြီး ပြန်လွှတ် လိုက်ကြမှာပဲ ”
“ ဒါဖြင့် ခင်ဗျားက အသေခံလိုက်မယ်ပေါ့ ဟုတ်လား ”
ကျွန်တော် တအံ့တသြ မေးလိုက်တော့ သူက ခေါင်းကို ခပ်လေးလေး ညိတ်ပြတယ် ။
“ ခင်မောင်ရင် ဆိုတဲ့ ကျုပ် သေမှ ဒီဇာတ်လမ်းက အေးမှာ ဆိုတော့ ကျုပ်သေဖို့ ဆုံးဖြတ်လိုက်တယ် မောင်ရင်ရဲ့ ။ အင်း ... အမှန်အတိုင်း ဝန်ခံရရင်တော့ ကျုပ်မိန်းမရဲ့ အကြံဉာဏ်တွေပါလေ ။ သူ သုံးသပ်ပြလို့သာ ကျုပ် ဒီလို စိတ်ကူးမျိုး စဉ်းစားမိသွားတာပါ ”
“ ဟေ့လူ ခင်ဗျား စိတ်ကော ကောင်းသေးရဲ့လား ”
“ စိတ်မပူပါနဲ့ ကိုယ့်လူရယ် ၊ ကျုပ် စိတ်ကောင်းပါတယ် ။ စိတ်ကောင်းလို့သာ ခင်မောင်ရင် သေဖို့ဆိုတဲ့ စိတ်ကူးမျိုး တွေးမိလာတာပေါ့ဗျာ ။ ဘယ်ပုံဘယ် နည်း သေသင့်သလဲ ဆိုတာကိုပါ တွေးထားပြီးပြီ ။ ကျုပ် သေတဲ့အခါ ကျုပ်အလောင်းက လျှိုတစ်ခုထဲ ကျနေလိမ့်မယ် ။ မျက်နှာကို ဝက်ဝံကုတ်ထားလို့ ရုပ်က မမှတ်မိနိုင်လောက်အောင် ပျက်စီးနေလိမ့်မယ် ။ ဒါပေမဲ့ ကျုပ်အိတ်ထဲက ( အိုင်ဒီ ) ကတ်နဲ့ ကျုပ်ရဲ့ ဒူးလေးကြောင့် ကျုပ်ပဲ ဆိုတာ သိကြလိမ့်မယ် ။ မိန်းမ ကလည်း ကျုပ်အစစ် ဖြစ်ကြောင်း ထောက်ခံလိမ့်မယ် ။ အဲဒီနောက်တော့ လောကကြီးထဲကနေ ခင်မောင်ရင် ကော သူအလွဲသုံးစားလုပ်ထားတဲ့ ကိစ္စပါ ပျောက်ကွယ် သွားလိမ့်မယ် ။ ကျုပ်ရဲ့အစီအစဉ်မှာ အရေးအကြီး ဆုံးအချက်ကတော့ ကျုပ်နဲ့ ကိုယ်လုံးကိုယ်ပေါက်ကော အရပ်အမြင့်ပါ တူတဲ့ အလောင်းတစ်လောင်း ရဖို့ပဲ ”
“ ဗျာ ”
ကျွန်တော်ဟာ သူ ရှင်းပြနေတဲ့ အစီအစဉ်ကို တဖြည်းဖြည်း သဘောပေါက်လာသလို ကျွန်တော် ပါဝင်ပတ်သက်ရမယ့် အနေအထားကိုပါ ခန့်မှန်းမိလာပြီး ဇောချွေးတွေ အလိုလို ပြန်လာတယ် ။
သူဟာ ဒါကြောင့် ထမင်းဆိုင်မှာ စတွေ့ ကတည်းက ကျွန်တော့် တစ်ကိုယ်လုံးကို အကဲခတ်နေခဲ့တာဖြစ်မှာပဲ ။ ကိုယ်အလေးချိန်နဲ့ အရပ်အမြင့်ကို မေးကတည်းက ကျွန်တော် ဘာဖြစ်လို့ မရိပ်မိခဲ့ပါလိမ့် ။ သူက မြားဘူးထဲက စတီးရောင်လက်လက်ထနေတဲ့ မြားတစ်စင်းကို ဒူးလေးမှာ တပ်ဆင်လိုက်ပြီး ရုတ်တရက် ကျွန်တော့်ကို ထိုးချိန်လာတယ် ။
“ ကဲ ... ကျုပ်ရဲ့ ပုံပြင်ကို ခပ်မြန်မြန် အဆုံးသတ်မှပဲ ။ ဒီနဲ့ သိပ်မဝေးတဲ့ နေရာမှာ လျှိုမြင့်မြင့် တစ်ခုရှိတယ် ။ ကျုပ်တို့ အဲဒီကို သွားကြတာပေါ့ ။ ကလန်ကဆန်တော့ မလုပ်နဲ့ ကိုယ့်လူရေ ၊ ကျုပ်က တကယ့် မုဆိုးအစစ် မဟုတ်ပေမယ့် လက်က သိပ်မြန်တယ် ။ နောက်ပြီး ကျုပ် ဒူးလေးက ပြင်းလွန်းလို့ တော်ရုံတန်ရုံ အကွာအဝေးလောက်တော့ ဘယ်သားကောင်မှ ပြေးမလွတ်ဘူး ။ လူလို အသားနူးညံ့တဲ့ သတ္တဝါလောက် ကတော့ ထုတ်ချင်းခတ်ပဲ ”
ခုတော့ သူ ဘာဆက် လုပ်မလဲဆိုတာကို မေးစရာ မလိုလောက်အောင် ရုပ်လုံးပေါ်လာပါပြီ ။ ကျွန်တော်ဟာ ဒူးလေးနဲ့ ချိန်ပြီး သူလမ်းညွှန်တဲ့နေရာဆီကို အချိန်ဆွဲလို့ ခပ်ဖြည်းဖြည်း လျှောက်ရင်း ခေါင်းထဲက အချက်အလက်တွေကို တစ်ခုချင်းစီ ကြည့်နေမိတယ် ။
“ အင်း ... ဗိုက်ထဲက ရစ်ပြီး နာလာပြန်ပြီ ။ ကဲ ... ခပ်သုတ်သုတ်တော့ လျှောက် ကိုယ့်လူရေ ”
သူက ကျွန်တော့် နောက်ကျောကို ဒူးလေးနဲ့ လှမ်းထိုးရင်း ပြောလာတယ် ။ ကျွန်တော်ဟာ စကားအစပ် ရပြီမို့ ရုတ်တရက် လှမ်းမေးလိုက်တယ် ။
“ ဒါနဲ့ စကားမစပ် ၊ ခင်ဗျား ဗိုက်နာတာ ဘယ်နှစ်ရက် ရှိပြီလဲဗျ ”
“ ဘာလဲ မောင်ရင်က မသေခင် ကုသိုလ်ရအောင် ကုပေးသွားချင်လို့လား ။ အင်း ... နှစ်ရက်လောက် ရှိပြီ ထင်ပါရဲ့ ။ မှိုဟင်း စားပြီးကတည်းကပဲ ဆိုပါတော့ ။ မိန်းမက မချက်စဖူး မှိုဟင်းချက်တာနဲ့ ကျုပ်လည်း အားရပါးရ စားလိုက်မိတယ်လေ ”
“ အမှန်တော့ မှိုဟင်းကြောင့် မဟုတ်ပါဘူး ။ ဒါဟာ မိန်းမ အပေါ် ယုံကြည်မှုလွန်တာကြောင့် ဖြစ်ရတာပါ မန်နေဂျာကြီးရဲ့ ”
“ ဘာ ... ဘာပြောတယ် ၊ မိန်းမကို ယုံလို့ ဟုတ် လား ။ ဒါ ... ဘာအဓိပ္ပာယ်လဲ ”
သူ့လေသံက မာဆတ်ဆတ် ဖြစ်လာလို့ ကျွန်တော် သတိထား ကိုင်တွယ်မှ ဖြစ်လိမ့်မယ်လို့ သဘောပေါက်လာတယ် ။ အဲဒီအချိန် လျှိုအစပ်နား ရောက် လာတာမို့ ကျွန်တော် ခြေလှမ်းကို ရပ်လိုက်ပြီး သူ့ ဘက်ကို လှည့်ကြည့်လိုက်တယ် ။ သူ့မျက်နှာက ကျွန်တော့်ဆီက စကား တစ်စုံတစ်ရာကို မျှော်လင့်နေမှန်း သိသာလှပါတယ် ။
“ ခင်ဗျား မြတ်လေးနွယ်ကို ဘာဖြစ်လို့ ဒီလောက် ယုံကြည်ရတာလဲ မန်နေဂျာရဲ့ ။ သူ တစ်လ တစ်ခါ မန္တလေးဆင်းတော့ ဘာဖြစ်လို့ ခင်ဗျား လိုက်မသွားတာလဲ ”
“ မောင်ရင် ပြောပုံက မြလေးနွယ်ကို သိနေသလို မျိုးပါလား ”
သူက တအံ့တသြ ရေရွတ်လာတာမို့ ကျွန်တော် ပြုံးလိုက်မိတယ် ။ ဒါပေမဲ့ သူ့လှုပ်ရှားမှုတွေကိုတော့ ကျွန်တော် တစ်ခုမှ အလစ်မပေးဘဲ စောင့်ကြည့်နေမိတယ် ။ အထူးသဖြင့် သူ့ရဲ့ ညာဘက်လက်ညိုး ကိုပါ ။ အဲဒီ လက်ညှိုးသာ ဖျတ်ခနဲ ကွေးညွှတ်သွားလျှင် ကျွန်တော်ရဲ့ အနာဂတ်ဟာ တစ်စစီ ပျက်စီးသွားနိုင်ပါတယ် ။ ကျွန်တော်ဟာ စကားလုံးတွေကို အထူး ဂရုတစိုက် ရွေးချယ်ပြီး စပြောလိုက်တယ် ။
“ မြလေးနွယ်မှာ ခင်ဗျား မသိတဲ့ ဇာတ်လမ်းတွေ ရှိခဲ့တယ်ဗျ ။ သူ မန်းတက္ကသိုလ်တက်တုန်းက ရည်းစားတစ်ယောက် ရှိခဲ့ဖူးတယ် ။ ကောင်လေးက မအောင်မြင်တဲ့ အနုပညာသမားလေးပါ ။ သူနဲ့ အတူ အိမ်ထောင်တစ်ခုကို မထူထောင်နိုင်မှန်း သေချာသွားတဲ့အခါ မြလေးနွယ်က ခင်ဗျားကို လက်ထပ်ဖို့ လက်ခံခဲ့တာပဲ ”
“ ဒါ ဘာဖြစ်လဲ ၊ ဖြစ်နိုင်လောက်တဲ့ သဘာဝပဲ ။ သူ့မှာ ရည်းစားရှိနိုင်မှန်း ကျုပ် ခန့်မှန်း ထားပြီးသားပါ ”
သူက ဘာမှ မဖြစ်သလိုမျိုး တုံ့ပြန်လာပေမယ့် သူ့မျက်နှာတွေကတော့ ဒေါသကြောင့် နီမြန်းနေမှန်း ကျွန်တော် သတိထားမိလာတယ် ။ အခြေအနေက အတိမ်းအစောင်းမခံတာမို့ အထူးသတိထားပြီး ကျွန်တော် ဆက်ပြောလိုက်တယ် ။
“ ကျောင်းသူဘဝမှာ ရည်းစားထားခဲ့ဖူးတာကို သဘာဝလို့ ဆိုနိုင်ပေမယ့် အိမ်ထောင်သည်ဘဝမှာ ဖောက်ပြန်တာကိုတော့ သဘာဝလို့ သတ်မှတ်လို့ မရတော့ ဘူးလေ ။ မြလေးနွယ် ဟာ ချစ်သူဟောင်း အနုပညာသမားလေးကို တစ်လတစ်ခါ သွားတွေ့ ခဲ့တယ် ။ ငွေကြေးတွေ ဖောဖောသီသီ ထောက်ပံ့ပေးခဲ့တယ် ။ နောက်ဆုံး ချစ်သူနဲ့ အတူနေဖို့ သူ့ချစ်သူကို တိုက်ခန်း တစ်ခန်းနဲ့ ကားတစ်စီးတောင် ဝယ်ယူပေးလာခဲ့တယ် ။ ခင်ဗျား မြလေးနွယ် ဝယ်ထားတဲ့ အခန်းကို တစ်ခါမှ မရောက်ဖူးဘူး မဟုတ်လား ”
“ ဘာကွ ... ဘာပြောတယ် ။ တိုက်ခန်းတစ်ခန်းနဲ့ ကားတစ်စီး ဟုတ်လား ”
သူ့ လေသံက မိုးခြိမ်းသလို ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာတယ် ။
သူဟာ ဒူးလေးကို ဒေါသတကြီး ပင့်မြှောက် လိုက်တာမို့ ကျွန်တော် ကမန်းကတန်း လှမ်းတား လိုက်ရတယ် ။
“ ဟေ့ ... ဟေ့လူ ၊ စိတ်ထိန်းပါ ။ ခင်မောင်ရင် အဖြစ် သေဆုံးရမယ့်အလောင်းမှာ မြားဒဏ်ရာ ပါလို့ မဖြစ်ဘူးလေ ။ ခင်ဗျားရဲ့ လက်ညှိုးကို ကွေးလိုက်တာနဲ့ ခင်ဗျားအစီအစဉ်တွေ အားလုံး ကမောက်ကမ ဖြစ်ကုန်မှာကို ထည့်တွေးစမ်းပါဗျာ ။ မြားဒဏ်ရာ ထုတ်ချင်းခတ်နေတဲ့အလောင်းကို သွေးရိုးသားရိုး သေဆုံးမှု အဖြစ် ဘယ်သူမှ ယုံကြည်မှာ မဟုတ်သလို ခင်မောင်ရင့်အလောင်းအဖြစ်လည်း လက်ခံကြမှာ မဟုတ်ဘူး ”
ကျွန်တော့် စကားကြောင့် သူ ငိုင်သွားပြီး ဒူးလေးကို အောက်ပြန်နှိမ့်လိုက်တယ် ။ ဒါပေမဲ့ လက်တွေက တဆတ်ဆတ် တုန်နေသလို မျက်နှာကလည်း နီမြန်းနေတာမို့ စိတ်ကို ချုပ်တည်းနေရမှန်း သိသာလှပါတယ် ။
“ ကဲ .. ဆက်ပြောပါဦး ၊ မောင်ရင့် ဆီက ကျုပ် အားလုံး သိချင်တယ် ။ ယီးတီးယားတားတော့မ လုပ်နဲ့နော် ။ ကျုပ် သည်းခံမှာ မဟုတ်ဘူး ”
အခြေအနေက တော်သင့်ပြီ ဖြစ်ပေမယ့် ဒီအချိန်ကျမှ ရပ်လို့ မဖြစ်နိုင်တော့တာမို့ ကျွန်တော် ရှေ့ဆက် လိုက်ရတယ် ။
“ မြလေးနွယ်ရဲ့ ရည်ရွယ်ချက်ကတော့ ခင်ဗျားဆီက ငွေတွေ ရသလောက် ညှစ်ယူပြီး သူ့ချစ်သူနဲ့ ရှေ့ခရီး ဆက်ဖို့ပဲ ။ ဒါပေမဲ့ ခင်ဗျားရဲ့ ရန်ကိုလည်း ကြောက် ရတာမို့ တစ်ချက်ခုတ် နှစ်ချက်ပြတ်သဘောနဲ့ ခင်ဗျား ရဲ့ ငွေကွာတဲ့ အမှုကိစ္စလည်း ပိတ် ၊ ခင်ဗျား ရန်လည်း ဝေးအောင် ခင်မောင်ရင့် အလောင်းနဲ့ လက်စသိမ်းဖို့ အကြံကို ကြံစည်လာတာပဲ ။ ဒါကြောင့် ခင်ဗျားနဲ့ အလုံးတူ ၊ အရပ်တူ လူတစ်ယောက်ကို သ,တ်ပြီး အလောင်း အစားထိုးဖို့ ခင်ဗျားကို အကြံပေးလာတာပေါ့ ။ ဒါပေမဲ့ ခင်ဗျား မရိပ်မိတာ တစ်ခုက သူ့ချစ်သူ ကိုလည်း ဝါးဖြူတောင် လာဖို့ ချိန်းဆိုလိုက်ပြီး လျှိုထဲပစ်ချရမယ့်အလောင်းကို ခင်ဗျားရဲ့ တကယ့် အလောင်းအစစ် ဖြစ်ဖို့ ကြံစည်ထားကြတဲ့ ကိစ္စပဲ ”
သူ့ မျက်နှာဟာ ဖွေးခနဲ ဖြစ်သွားပြီး မျက်လုံးတွေက တဖြည်းဖြည်း ပြူးကျယ်လာတယ် ။ လက်တစ်ဖက်က ဝမ်းဗိုက်ဆီကို လှမ်းလိုက်တာမို့ ဗိုက်နာ လာပြန်ပြီလို့ ယူဆရပါတယ် ။
“ နေ .. နေပါဦး ။ အဲဒီလို ဖြစ်အောင် ဘယ်လို ကြံစည်မှာလဲ ။ မောင်ရင် လျှောက်ပြောသမျှကို ကျုပ်က ယုံကြည်မယ် ထင်နေသလား ”
သူက ဟန်လုပ် မေးလာပေမယ့် သူ့မျက်နှာပေါ်က ထိတ်လန့်တုန်လှုပ်မှုတွေကို ကျွန်တော် အတိုင်းသား တွေ့မြင်နေရတယ် ။
“ ယုံတာ မယုံတာကတော့ ခင်ဗျား ကိစ္စပါ ။ သိပ်မကြာခင် သေတော့မယ့် လူတစ်ယောက်ကို အမှန်အတိုင်း ရှင်းပြရမှာက ကျွန်တော့် တာဝန်ပဲ ”
“ ဘာပြောတယ် ကျုပ်က သေရတော့မှာ ဟုတ်လား ”
ကျွန်တော်က နည်းနည်း ညောင်းလာတာမို့ သစ်ငုတ်တစ်ခုပေါ် ဝင်ထိုင်လိုက်ပြီး စီးကရက်တစ်လိပ် မီးညှိလိုက်တယ် ။ စောစောတုန်းကတော့ ခုလို အပြုအမူမျိုး လုပ်ရဲဖို့ မပြောနဲ့ ။ အသက်တောင် ပြင်းပြင်း မရှူရဲတာ အမှန်ပါ ။ ဒါပေမဲ့ အခုအချိန်မှာတော့ ဇာတ်လမ်းအရ ကျွန်တော့်ရဲ့ဇာတ်ကောင်ကို ထိန်းချုပ်လာနိုင်ပြီမို့ ဆေးလိပ်ထိုင်သောက်လိုက်တာပါ ။ သူက စိတ်မရှည်တော့တဲ့ အမူအရာနဲ့ ကျွန်တော့်ကို လှမ်းမေးတယ် ။
“ ဟေ့လူ... ကျုပ် မေးနေတာ ဖြေဦးလေ ။ ကျုပ်ကို ဘာတွေ ကြံစည်ထားတာလဲ ။ ကျုပ်က ဘာကြောင့် သေရမှာလဲ ”
“ မှိုဟင်းပေါ့ဗျာ ၊ မှိုတောက်တာလို့ ထင်ရပေမယ့် တကယ်တော့ အဲဒီ ဟင်းထဲမှာ ခင်ဗျားကို အဆိပ်ခတ်လိုက်တာပါ ။ သစ်စေးတစ်မျိုးကို ချက်ယူတဲ့ ဒေသထွက် အဆိပ်တစ်မျိုးပေါ့ ။ သူ့ရဲ့ ထူးခြားမှုကတော့ မှိုနဲ့ ရောချက်လိုက်တာနဲ့ ကြောက်စရာ ကောင်းတဲ့ အဆိပ် ဖြစ်သွားပြီး အဆိပ်မိတဲ့ လူဟာ ဝမ်းလျှောတော့တာပဲ ။ ဝမ်းတွေ မရပ်မနား သွားပြီ ဆိုရင်တော့ အာရုံကြောတွေ စတင် ပျက်စီးလာပြီ ဆိုတဲ့ အဓိပ္ပာယ်ပဲ ”
သူ့မျက်နှာဟာ ကြောက်စရာကောင်းလောက်အောင် ပျက်ယွင်းသွားပြီး ဗိုက်က ပိုနာလာပုံနဲ့ ခန္ဓာကိုယ်ဟာ ခပ်ကိုင်းကိုင်း ဖြစ်လာတယ် ။ ကျွန်တော်ဟာ အချိန်သိပ်ဆွဲလို့ မဖြစ်တော့မှန်း သဘောပေါက် လာတယ် ။ ဒါကြောင့် ဝတ္ထုတို သဘောအရ အကြို ဇာတ်သိမ်းလို့ ခေါ်တဲ့ ( Pre ending ) ကို စတင်လိုက်ရတယ် ။
“ ခင်ဗျား သိသွားသင့်တဲ့ အချက်တစ်ခု ကျန်သေးတယ်ဗျ ။ အဲဒါကတော့ သူ့ချစ်သူဟာ ခင်ဗျားနဲ့ ကိုယ်လုံးကိုယ်ပေါက်ချင်း ခပ်ဆင်ဆင် တူတယ် ဆိုတာပဲ ။ အလုံးတူ အရပ်တူ လူမျိုးဆိုပါတော့ ”
“ ဘာကွ ”
သူဟာ ဒေါသကြောင့် ကျွန်တော့် ဆီကို တစ်ဟုန်ထိုး ပြေးလာတယ် ။ ဒူးလေးနဲ့ လှမ်းပစ်လို့ ရလျက်နဲ့ မပစ်တာဟာ ကျွန်တော့် ကိုယ်ပေါ်မှာ မြားဒဏ်ရာ သင့်သွားမှာစိုးလို့လား ၊ ဒါမှမဟုတ် ဒူးလေးကို သတိမရနိုင်လောက်အောင် ဒေါသကြီးသွားလို့ လားဆိုတာ သူကိုယ်တိုင် မှသာ ပြောနိုင်မှာပါ ။ ကျွန်တော်ဟာ သူ အဲဒီလို တုံ့ပြန်လာလိမ့်မယ်ဆိုတာ ကြို တွက်ထားတာကြောင့် အချိန်မီရုံကလေး ရှောင်ပေးနိုင်ခဲ့တယ် ။ စ ထိုင်ကတည်းက လျှိုအစပ်နားမှာ တမင် ထိုင်ခဲ့တာကြောင့် ကျွန်တော် ရှောင်ပေးလိုက်တယ် ဆိုရင်ပဲ သူဟာ အရှိန်လွန်ပြီး လျှိုထဲကို ပြုတ်ကျသွားတယ် ။ ဒူးလေးဟာ သစ်ငုတ်နဲ့ တိုက်ပြီး ကျကျန်ခဲ့ပေမယ့် လူကတော့ လျှိုစောင်းအတိုင်း တလိမ့်ခေါက်ကွေး ကျဆင်းသွားလေရဲ့ ။
ဒါပေမဲ့ ကံကောင်းထောက်မစွာ ဟိုးအောက် အထိ ပြုတ်ကျ မသွားဘဲ သစ်ပင်တစ်ပင်ကို လှမ်းဆွဲ လိုက်နိုင်တာကြောင့် အသက်ချမ်းသာရာ ရသွားတယ်လို့ ဆိုရမှာပါ ။ သူဟာ လျှိုစောင်းက တွယ်တက်ဖို့ ကြိုးစားပေမယ့် မအောင်မြင်ပါဘူး ။ ကျွန်တော်က သူ ကျန်ခဲ့တဲ့ ဒူးလေးကို ကောက်ယူလိုက်ပြီး သူ့ကို လှမ်း ပြောလိုက်တယ် ။
“ ဟောဒီ မောင်းခလုတ်ကို ဆွဲညှစ်လိုက်တာ နဲ့ မြားတံဟာ လှစ်ခနဲ ပြေးထွက်ပြီး ခင်ဗျား ရင်ဝကို စိုက်ဝင်သွားလိမ့်မယ် ။ ဒါပေမဲ့ ကျွန်တော် မလုပ်ပါဘူး ။ ခင်ဗျားသာ အင်အားတွေကို ချွေတာပြီး အဲဒီ နေရာမှာ ဆယ့်ငါးမိနစ်လောက် တောင့်ခံနိုင်ရင် အသက်ရှင်မှာပါ ။ လျှိုစောင်းက သိပ် အမတ်ကြီး မဟုတ်လို့ ခင်ဗျား တမင်လှိမ့်မချရင် ဆက်မကျနိုင်တော့ဘူး ။ ကျွန်တော် အခုပဲ အကူအညီတွေ သွားခေါ်လိုက်မယ် ။ ဟုတ်ပြီလား ”
သူက ကျွန်တော့် စကားကို နားမလည်သလိုမျိုး တအံ့တသြ မော့ကြည့်တယ် ။
“ ဟေ့လူ .. မောင်ရင် ရူးနေပြီလား ၊ ကျုပ်က သေတော့မှာဆို .. ”
ကျွန်တော် နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်ပြီး ခေါင်းယမ်း ပြလိုက်တယ် ။
“ ခင်ဗျား မသေပါဘူးလေ ။ အနည်းဆုံး ဒီနေ့တော့ ခင်ဗျား မသေနိုင်ပါဘူး ။ ခင်ဗျား ကိုယ်ထဲမှာလည်း ဘာအဆိပ်မှ မိမနေပါဘူး ။ ကဲ .. ကျွန်တော် ဆယ့်ငါးမိနစ်အတွင်း ပြန်လာခဲ့မယ် ”
တောထဲ ဝင်စက သစ်ခုတ်သမားတွေ တွေ့ခဲ့တဲ့ နေရာဆီ မှန်းပြီး ကျွန်တော် ခပ်သုတ်သုတ် လျှောက်လာခဲ့တယ် ။ လျှိုစောင်းက သိပ်ပြီး မမတ်လှတာမို့ သူသာ အသက်ရှင်လိုစိတ် ရှိရင် တစ်နေကုန် တောင့်ခံနိုင်မှာ သေချာပါတယ် ။ တကယ်တော့ ကျွန်တော်ဟာ လျှို့ဝှက်သည်းဖို ဆန်ဆန် အလှည့်အပတ်နဲ့ ဝတ္ထုတွေ ရေးရတာ ဝါသနာထုံတဲ့ စာရေးဆရာမှန်း မသိခဲ့တာဟာ သူ့အတွက် ကံဆိုးတယ်လို့ ဆိုရမှာပါ ။ ကျွန်တော်ဟာ အသေးအမွှား အချက်အလက် တစ်ခုတလေ သိရုံနဲ့ ဇာတ်လမ်းတစ်ပုဒ် ဖြစ်အောင် လက်တန်းဆင်နိုင်သူပါ ။ အထူးသဖြင့် ထမင်းဆိုင်လေးထဲမှာ ဝမ်းပိတ်ဆေးနဲ့ ပိုးသတ်ဆေးတွေ သူ ထုတ်သောက်တာရယ် ၊ သူ့မိန်းမဟာ သူ့ကိုလက်ထပ်ဖို့ စိတ်မဝင်စားတဲ့ တက္ကသိုလ်ကျောင်းသူဖြစ်ခဲ့ဖူးတာရယ် စတဲ့ အချက်တွေ သိရုံနဲ့ ကျွန်တော်ဟာ သူ့စိတ်ကို တုန်လှုပ်သွားစေမယ့် ဇာတ်လမ်းမျိုး စိတ်ကူးယဉ် ပြောပြနိုင်တဲ့ စာရေးဆရာပါလေ ။
သူ့ကို တောင်စောင်းက ဆွဲတင်ပြီးမှပဲ ကျွန်တော်ဟာ သူ့မိန်းမ နဲ့ တစ်ခါမှ မဆုံဖူးတဲ့အကြောင်း ၊ ကုမ္ပဏီပိုင်ငွေတွေ အလွဲသုံးစားလုပ်မိတဲ့ကိစ္စကို တခြား နည်းလမ်းနဲ့ ဖြေရှင်းသင့်တဲ့အကြောင်း ပြောပြနားချရပါဦးမယ် ။ ။
▢ နေနော်
📖မဟေသီ
၂၀၁၁ ၊ ဖေဖော်ဝါရီလ

No comments:
Post a Comment